no

Font
Theme

စုန့်လီချင်း တစ်လမ်းလုံးတွေးတောရင်းဖြင့် ကျွင်းချီယွိအား ဘာတစ်ခုမှ မဖုံးကွယ်ထားသင့်ဘူးဟု ဆုံးဖြတ်လိုက်သည်။ သင့်လျော်သည့် အချိန်တစ်ခုရောက်လျင် သွေးကုန်ခန်းရောဂါအကြောင်း ကျွင်းချီယွိကို ပြောပြဖို့ သူဆုံးဖြတ်ထားသည်။

“တကယ်လို့ ကိုယ့်မှာ အချိန်သိပ်မကျန်တော့ဘူးဆိုရင် ကျန်နေသေးတဲ့ ရှားရှားပါးပါးအချိန်တွေကို တန်ဖိုးထားသင့်တယ်”

သူဒီလို တွေးလိုက်မိသည်။

သူ့၏ ကျန်ရှိနေသည့် ဘဝတွင် အခြားလူများ၏ သနားတာခံရင်းဖြင့် မဖြတ်သန်းချင်ပေ။

ထို့ကြောင့် သူ ချီလင်အိမ်တော်ကို ပြန်ရောက်သည့်အခါ သူ့မျက်နှာပေါ်ရှိ မှိုင်းညို့မှုတွေသည် ပျောက်ကွယ်သွားပြီး အရင်ကလို အေးချမ်းသည့်မျက်နှာထားနှင့် တံခါးဖွင့်လိုက်သည်။

အခန်းထဲတွင် ဘယ်သူမှ မရှိလောက်ဘူးဟု စုန့်လီချင်း ထင်ထားတာကြောင့် ထိုင်ခုံပေါ်ထိုင်နေသော ကျွင်းချီယွိကို မြင်လိုက်ရသော် သူအံ့သြသွားရသည်။

“ချီယွိ… မင်းကဘာလို့ ဒီမှာ ရှိနေတာလဲ”

“ငါဒီမှာရှိလို့မရဘူးလား”

ကျွင်းချီယွိက ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေသည်။

“မင်းပြန်မရောက်လောက်သေးဘူးလို့ ငါထင်လို့ပါ”

စုန့်လီချင်းသည် အပြုံးလေးနှင့် ပြန်ပြောလိုက်သည်။

“မင်းက များသောအားဖြင့် ညစာစားပြီးမှ ပြန်လာတတ်တာလေ၊ ဒီနေ့ ဧကရာဇ်ဆီကနေ အမိန့်စာတမ်းတွေ အများကြီး မရခဲ့ဘူးလား၊ မင်းရဲ့လက်ထောက်အရာရှိကို အစီရင်ခံစာ မတင်ခိုင်းဘူးပေါ့”

ကျွင်းချီယွိ သူ့ကိုပြန်မဖြေဘဲ အနည်းငယ်စိတ်တိုနေပုံရသည်။

“မင်းက ဘယ်လိုအခွင့်အာဏာနဲ့ ငါ့ကိုစစ်မေးနေရတာလဲ”

“ငါ…စစ်မေးနေတာ မဟုတ်ပါဘူး”

စုန့်လီချင်း လက်လျှော့လိုက်သည်။

“ထားလိုက်တော့၊ နန်းတွင်းရေးတွေက စိတ်ညစ်စရာကောင်းတယ်၊ မင်းမပြောချင်လည်း ရပါတယ်”

ကျွင်းချီယွိက ဖြတ်ပြောလာသည်။

“မင်း ဘယ်သွားနေတာလဲဆိုတာကို ငါသိချင်တယ်၊ နန်းတော်ကနေ ချီလင်အိမ်တော်ကို ပြန်ဖို့က နေ့တစ်၀က်စာလောက် အချိန်ယူရတာလား”

“ငါလား”

စုန့်လီချင်းသည် သူတော်ဝင်ဆေးပေးခန်းကို သွားခြင်းဖြစ်သည့်အကြောင်း ပြောတော့မည်အလုပ်တွင် ကျွင်းချီယွိ၏ အေးစက်စက်မျက်လုံးတွေနှင့် ဆုံလိုက်ရတာကြောင့် ချက်ချင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ကြည့်ရတာ… ပြောဖို့မလိုတော့ဘူးနဲ့ တူတယ်။

ရင်ဖွင့်ချင်စိတ်က လျစ်လျူရှုမှုတွေကြောင့် ပိတ်ဆို့ခံလိုက်ရသည်။

“ငါဘယ်မှမသွားပါဘူး”

စုန့်လီချင်းက ပြုံးပြုံးလေးနဲ့ပဲ ပြန်ပြောလိုက်သည်။

“ဒီရာသီမှာ မြို့တော်ရဲ့ ရှုခင်းတွေက တော်တော်လှတယ်၊ ငါ အချိန်အကြာကြီး မက်မက်မောမော ရှုခင်းကြည့်မိသွားလို့ နောက်ကျသွားတာ”

“ဪ၊ ဟုတ်လား”

ကျွင်းချီယွိက မျက်နှာသေဖြင့် မေးလိုက်သည်။

“ဒါဆို မင်းလက်ထဲက ပစ္စည်းတွေက ဘယ်ကရလာတာလဲ”

“ဒါလား၊ ငါ မင်းကို ပြတော့မလို့ပဲ၊ လျန်ရှန့်လုံကနေ ဝယ်လာတာ”

စုန့်လီချင်းက ရှေ့တိုးပြီး မုန့်ဘူးကို ဖွင့်လိုက်ကာ ဆီးပန်းမွှေးကိတ်တစ်စိတ်ကို ထုတ်လိုက်သည်။

“ဒါဆီးပန်းမွှေးကိတ်လေ ချီယွိ၊ မင်းအရင်က စားရတာကြိုက်တယ်၊ တစ်စိတ်လောက် စားကြည့်ချင်လား”

စုန့်လီချင်းက မုန့်တစ်ခုကို ကျွင်းချီယွိ နှုတ်ခမ်းနား တေ့ပေးလိုက်သည်။

ကျွင်းချီယွိ သူ့ကို ဘေးတိုက်ကြည့်နေပြီး ပါးစပ်မဟတာကြောင့် စုန့်လီချင်း နှုတ်ခမ်းစူသွားရသည်။

“နမ်းကြည့်ကြည့်၊ ဆီးပန်းမွှေးအနံ့က တော်တော်မွှေးတယ်…”

ဖြောင်း–

ကျွင်းချီယွိ၏ ရုတ်တရက် ဝှေ့ရမ်းလိုက်မှုနဲ့အတူ ဆီးပန်းမွှေးကိတ်က ပြုတ်ကျသွားပြီး နှစ်ချက်လောက်လိမ့်သွားကာ အစအနတွေက ကြမ်းပြင်ပေါ် ပြန့်ကြဲသွားသည်။

စုန့်လီချင်း၏လက်မှာ အရိုက်လိုက်ခံရတာကြောင့် နာသွားလေသည်။ ထို့ကြောင့် သူ သူ့လက်ဖမိုးကို ဖုံးလိုက်သည်။ ထိုလက်မှာ ပတ်တီးစည်းထားတာကြောင့် ဒဏ်ရာကနေ သွေးထပ်မထွက်အောင်လို့ပင်။

“မင်းပါးစပ်ထဲ အမှန်တရားဆိုတာရော ရှိသေးရဲ့လား”

ကျွင်းချီယွိက သူ့လက်ကောက်ဝတ်ကို ဆွဲဖမ်းလိုက်သည်။

စုန့်လီချင်း၏ နှလုံးသားရ နစ်မြှုပ်သွားရသည်။ သူ ဘာကြောင့် ဒီလောက် ဒေါသထွက်နေလဲဆိုတာကို မသိပေ။

ကျွင်းချီယွိက ခက်ထန်စွာ ပြောလေသည်။

“ငါမင်းကို နောက်တစ်ကြိမ် အခွင့်အရေးပေးမယ်၊ ဒီဆီးပန်းမွှေးကိတ်ကို မင်းဝယ်လာတာလား”

စုန့်လီချင်း ထိတ်လန့်နေမိသည်။ ကျွင်းချီယွိ၏ ဒေါသက ဘယ်ကအရင်းခံလာမှန်းမသိတာကြောင့် သူ ဒေါသပြေအောင် ဘယ်လိုဖြေလျှော့ပေးရမှန်း မသိပေ။

“ဟုတ်တယ်”

စုန့်လီချင်း ခေါင်းယမ်းမိသွားပြန်သည်။ သူက လိမ်တဲ့နေရာမှာ တကယ်ကို မကျွမ်းကျင်။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။

“မဟုတ်ဘူး၊ ငါ လျန်ရှန့်လုံကို မသွားခဲ့ဘူး”

“အေး၊ အလိမ်အညာတွေချည်းပဲ ပြောနေလိုက်”

ကျွင်းချီယွိက အကြီးအကျယ် စိတ်ပျက်နေပုံရသည်။

“ဟုတ်ပါတယ်လေ၊ မင်းလိမ်တဲ့အခါမှာ စဉ်းစားနေဖို့က လိုသေးတာလား၊ မင်း ဒီနေ့ နန်းတော်မှာ နေ့တစ်၀က်လောက်ကြာအောင် ရှိနေတယ်လို့ တစ်ယောက်ယောက်ကသာ ငါ့ကို မပြောခဲ့ရင် မင်းကဒီလောက် ဂနာမငြိမ်တဲ့သူဆိုတာကို ငါမသိလောက်ဘူး”

တစ်ယောက်ယောက်က သူ့ကို ပြောတယ်ဟုတ်လား။

စုန့်လီချင်းက ချက်ချင်းပဲ တစ်ယောက်ယောက်ကို သတိရလိုက်သည်။ လုံလန်မင်းသား ပေရှင်းရှု။

ဒီလူဟာ တကယ်ပဲ ကောက်ကျစ်စဉ်းလှသည်။ သူ့ကို လာရှုပ်လို့ မရတာနဲ့ပဲ ကျွင်းချီယွိဆီ တကယ်သွားတိုင်လိုက်တယ်ပေါ့။

သူနဲ့ ချီ‌မြောင်နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းကို ညစ်ညစ်ပတ်ပတ်တွေများ ထပ်ပေါင်းပြောခဲ့သေးလား မသိဘူး။

ဒါကြောင့် ကျွင်းချီယွိ ဒီလောက် ဒေါသထွက်နေတာကိုး။

“ငါ ချီမြောင်နဲ့တွေ့ဖို့ တော်ဝင်ဆေးပေးခန်းကို သွားခဲ့တာပါ”

စုန့်လီချင်းက ခေါင်းငုံ့ပြီး ပြောလိုက်သည်။

“ဟိုတလောက…ငါ နေမကောင်းလို့”

“ဘယ်ရောဂါက တစ်နေကုန်ကြာရတာလဲ”

ကျွင်းချီယွိက အေးတိအေးစက်နှင့် ပြန်ပြောလိုက်သည်။

“သေမယ့်ရောဂါလို့တော့ လာမပြောနဲ့နော်”

စုန့်လီချင်း ပါးစပ်ဟလိုက်သည်။ သူ့နှာခေါင်းတစ်ခုလုံးက အချဉ်ဓာတ်တွေ ပြည့်နေပြီး မျက်ရည်တွေ ပြည့်နေပေမယ့် အတင်းပြန်ထိန်းချုပ်လိုက်တာကြောင့် ဘာတစ်လုံးမှ မထွက်လာတော့ပေ။

“အဲဒါ…လေစိမ်းတိုက်ခံရလို့ အအေးမိသွားတာ”

ကျွင်းချီယွိက ဒေါသတကြီး ဖြတ်ပြောလာသည်။

“ချီလင်အိမ်တော် သမားတော်က မင်းအအေးမိတာကို မကုပေးနိုင်လို့လား၊ ချီမြောင့်ဆေးပညာကပဲ ကမ္ဘာပေါ်မှာ အကောင်းဆုံးလား၊ ဒါမှမဟုတ် မင်းသက်သာဖို့က သူ့ကိုတွေ့မှကို ရမှာလား”

“ချီယွိ”

စုန့်လီချင်းက မယုံကြည်နိုင်စွာ မေးလိုက်သည်။

“မင်းဘာတွေ သံသယ၀င်နေတာလဲ၊ ငါနဲ့ ချီမြောင်ကြားမှာ ဘာမသင့်တော်တာများ ရှိနေလို့လဲ”

ကျွင်းချီယွိက ပြန်မေးလာသည်။

“တကယ်လို့ မသင့်တော်တာ မဟုတ်ဘူးဆိုရင် မင်းဘာလို့ အလိမ်အညာတွေပြောပြီး ဖုံးကွယ်နေရတာလဲ ဟမ်”

“မင်း…မင်းလည်း ရှင်းရှင်းလင်းလင်း သိရဲ့သားနဲ့၊ ငါ မင်းတစ်ယောက်တည်းကိုပဲ အမြဲချစ်ခဲ့တယ်ဆိုတာကို”

စုန့်လီချင်း တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။

“ငါလက်ထပ်ထားတာလည်း မင်း၊ ငါ ချစ်တဲ့သူကလည်း မင်းတစ်ယောက်တည်းပဲ၊ ဘာလို့ဒီလို ဟန်ဆောင်စကားတွေပြောပြီး ငါ့ကို အရှက်ခွဲနေရတာလဲ”

သူ စိတ်လှုပ်တရှား ပြန်ပြောနေတာကို မြင်တော့ ကျွင်းချီယွိ၏ မျက်လုံးတွေဟာ စားပွဲပေါ်ရှိ ဆီးပန်းကိတ်မုန့်ပန်းကန်ပေါ် ကျရောက်သွားသည်။

“ဒီဆီးပန်းကိတ်မုန့်က သူမင်းကို ပေးတာဟုတ်တယ်မလား၊ ဒါဆို သူကမင်းအကြိုက်တွေကို သေချာသိနေတယ်ဆိုတာ ရှင်းနေတာပဲ၊ ဒါတောင်မှ မင်းအပေါ် မသင့်တော်တဲ့အတွေးတွေ မရှိဘူးလို့ ငြင်းရဲသေးလား”

“သူ…”

စုန့်လီချင်းက ခဏလောက် တိတ်ဆိတ်သွားပြီး ပြန်ပြောလိုက်သည်။

“သဘောကျခဲ့ရင်တောင်မှ ပြီးသွားပြီ၊ ငါသူ့ကို ရှင်းရှင်းလင်းလင်း ပြောပြီးသွားပြီ၊ သူကရှေ့ဆက်တိုးသင့် မတိုးသင့်ကို မသိတဲ့လူမျိုး မဟုတ်ပါဘူး”

ကျွင်းချီယွိ သူ့လက်ကို လွှင့်ပစ်လိုက်တာကြောင့် စုန့်လီချင်း ခြေချော်ပြီး ယိုင်သွားသည်။

“သူက ရှေ့တိုးသင့်မတိုးသင့်ကို သိတယ်ဟုတ်လား၊ ဟားဟား! ငါ သူ့ကိုသိလာတာ တစ်ရက်နှစ်ရက်တည်းမဟုတ်ဘူး၊ ငါနားလည်သွားပြီ၊ ငါ အနောက်ပိုင်းဒေသမှာ ဒီလောက်နှစ်တွေအကြာကြီး နေခဲ့ရတာ၊ မင်းတို့နှစ်ယောက်က ရန်ဖြစ်ရင်းနဲ့ မိတ်ဆွေတွေဖြစ်သွားကြတယ်ပေါ့၊ မင်းတို့က တကယ် ငယ်ချစ်တွေပဲ၊ သူကမင်းမျက်လုံးထဲမှာ ဒီလောက်ကောင်း၊ ဒီလောက်သဘောထားကြီးတယ်ဆိုရင် မင်းဘာလို့ သူ့ကိုပဲ လက်မထပ်ခဲ့တာလဲ”

စုန့်လီချင်း၏မျက်နှာက နီရဲနေပြီဖြစ်သည်။ သူ ချီနဲ့သွေးတွေ တလိမ့်လိမ့်တက်လာတာပဲ ခံစားနေရပြီး သူ့ရင်ထဲမှာလည်း စိတ်ဆိုးဒေါသတွေက ကျွမ်းထိုးမှောက်ခုံ ဖြစ်နေကာ ဗိုက်ထဲမှာလည်း လေအောင့်သလိုလိုဖြစ်လာသည်။

အန်ချင်စိတ်က ပျို့တက်လာတာကြောင့် စုန့်လီချင်းက မသက်မသာနှင့် သူ့ရင်ဘတ်သူ ဖိထားရသည်။

ကျွင်းချီယွိ သူ့ကို တစ်ချက်ကြည့်ပြီး ဆူလိုက်ကြိမ်းမောင်းလိုက်သည်။

“ပြောစမ်းပါ၊ သနားစရာကောင်းအောင် ဟန်ဆောင်လိုက်ရုံနဲ့ မင်းလွတ်မယ်မထင်နဲ့!”

စုန့်လီချင်းက အန်ချင်စိတ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်။

“ငါ အထင်လွဲခံရမှာ မကြောက်ပါဘူး၊ ငါ…”

“မင်းပြန်လာတုန်းက မင်းမျက်နှာပေါ်မှာရှိနေတဲ့ အပြုံးတွေက မင်းချစ်သူနဲ့တွေ့ခဲ့ရလို့ ပျော်နေတဲ့ အပြုံးတွေကိုး၊ မင်းဆီမှာ အဲလိုအပြုံးမျိုးက မြင်ရခဲတယ်၊ လက်ထပ်ပြီးကတည်းက ငါ့ကိုတောင် ဒီလိုပြုံးပြတာ မရှိသေးဘူးမလား”

ကျွင်းချီယွိ၏ စကားတွေကြောင့် မြှားတစ်စင်းက သူ့ရင်းထဲ ထိုးစိုက်သွားသက့သို့ မူးဝေ‌သွားသည်။

သူ ဘယ်လိုမှ ပျော်မနေ။

သူ ညှို့မှိုင်းမှိုင်းပုံ မပေါက်အောင်လို့ပဲ ပြုံးချင်ခဲ့တာပါ။

“ဆီးပန်းမွှေးကိတ်ဟုတ်လား၊ မင်းဒါကို အိမ်ထိယူလာရဲသေးတယ်ပေါ့၊ မင်းရဲ့ အီစီကလီတွေက ညစ်ပတ်တယ်လို့ ငါထင်တယ်!”

ကျွင်းချီယွိက ပန်းကန်ကို ဝှေ့ယမ်းပြီး စားပွဲပေါ်ကနေ ပစ်ချလိုက်သည်။ ကြွေပန်းကန်က အသံတစ်ချက်မြည်သွားပြီး ဆီးပန်းမွှေးကိတ်တွေလည်း ကြမ်းပြင်ပေါ် ပြုတ်ကျကုန်သည်။

“ချီယွိ၊ မလုပ်ပါနဲ့”

စုန့်လီချင်းမှာ အားအင်ချည့်နဲ့စွာ အော်ဖို့ပဲ အချိန်ရလိုက်သည်။ တားဖို့တော့ အချိန်မရလိုက်ပေ။

သူ့ဒူးတွေ ပျော့ခွေသွားတာကြောင့် ခန်းဆီးကိုပဲ ဆုပ်ကိုင်ထားလိုက်ရသည်။

“နောက်တစ်ခါ မင်း နန်းတော်ထဲဝင်ပြီး ချီမြောင်နဲ့ ထပ်ပတ်သက်ရဲရင် ဒါမှမဟုတ် မင်း ဘယ်သူနဲ့ ဖောက်ပြန်နေလဲဆိုတာကို ငါသိရင်”

စုန့်လီချင်းနားထဲမှာ အသံတွေ ဆူညံသွားပြီး ကျွင်းချီယွိ နောက်ဘာ‌တွေဆက်ပြောလဲဆိုတာကို သူမကြားရတော့။

သူ့လည်ချောင်းထဲမှာ သွေးနံ့ သဲ့သဲ့လေးရနေပြီး တစ်ခုခုက သူ့လည်ချောင်းထဲကို ရောက်လာသလိုမျိုး ခံစားနေရသည်။ ထို့အပြင် ဗိုက်ထဲကလည်း တဆတ်ဆတ်နာနေသည်။

“မင်းကြားလား!”

ကျွင်းချီယွိ စိတ်မရှည်စွာ ခေါင်းလှည့်လိုက်တော့ ခန်းဆီးတစ်ခုလုံးက စုန့်လီချင်းအန်လိုက်သည့် သွေးတွေကြောင့် နီရဲနေတာကို တွေ့လိုက်ရသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment