ကျွင်းချီယွိရဲ့ ပေါ့ပေါ့ပါးပါး စကားလုံးတွေက စုန့်လီချင်းရဲ့သိက္ခာကို အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲပစ်လိုက်တာများ အစအနတောင် မကျန်တော့ပေ။
သူဆယ်နှစ်တာ ကာလပတ်လုံး ကြိုးစားခဲ့တာက နာမည်ကောင်းရလာဖို့အတွက်သာ ဖြစ်သည်။ ဒါမှသာ သူနဲ့ သူ့ဖေဖေလေးတို့ လှောင်ပြောင်ခံရတာတွေ၊ စွပ်စွဲခံရတာတွေကနေ လွတ်မြောက်နိုင်မှာဖြစ်သည်။ သူနန်းတွင်းအရာရှိ ဖြစ်ချင်ခဲ့တာက လစာတွေ၊ အခွင့်ထူးတွေကြောင့် မဟုတ်ဘဲ သူ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက်သာ ဖြစ်သည်။
သို့သော်လည်း ထိုအကာအကွယ် ချပ်၀တ်တန်ဆာကို ကျွင်းချီယွိက ရက်ရက်စက်စက် ထိုးဖောက်ပစ်ခဲ့ပြီး အသက်ပင်ပျောက်လုနီးနီး ဖြစ်စေခဲ့သည်။
“ချီယွိ၊ မင်းလည်း ရှင်းရှင်းလင်းလင်းသိတာပဲ…ငါ့အဖေက တစ်စုံတစ်ယောက်ရဲ့ ပယောဂကြောင့် မိသားစုတစ်ခုလုံး အဖျက်ဆီးခံခဲ့ရတာမို့လို့ ယန်ဟွားလျူလမ်းထဲမှာနေဖို့ ဖိအားပေးခံခဲ့ရတာလေ။ ငါငယ်ငယ်ကတည်းက လူတွေခနဲ့တာ၊ ဆဲဆိုတာတွေ ခံခဲ့ရတာကို မင်းလည်းသေချာသိရဲ့သားနဲ့။ နောက်ပြီး ငါ့ကိုလည်း မင်းကာကွယ်ပေးခဲ့ဖူးတယ်လေ…”
ကျွင်းချီယွိကတော့ ထိုလူတွေနဲ့ မတူလောက်ဘူးလို့ စုန့်လီချင်း ထင်ခဲ့ပေမယ့် သူကပဲ လူတွေရဲ့နှလုံးသားကို ဘယ်လိုအပြင်းထန်ဆုံး ထိုးနှက်ရမလဲဆိုတာကို သိရှိထားသူ ဖြစ်နေသည်။ သူ့အားနည်းချက်နဲ့ နာကျင်မှုကိုသိတာတောင်မှ ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းလေးနဲ့တင် ထက်ရှရှဓားတွေလို ရက်ရက်စက်စက် ထိုးနှက်နိုင်သူဖြစ်သည်။
ကျွင်းချီယွိရဲ့မျက်ခွံတွေ ဆတ်ခနဲတွန့်သွားသည်။
“မင်းတောင် ကိုယ့်ဆန္ဒမပါဘဲ ဖြစ်လာရတာက ဘယ်လိုခံစားရလဲဆိုတာကို သိရင် ဟူနွီအာကိုရော နိမ့်ကျတဲ့ကျွန်လို့ မင်းခေါ်သင့်လား”
စုန့်လီချင်း သူနှုတ်ခမ်းကို တင်းတင်းစေ့ပစ်လိုက်သည်။ သူပြောခဲ့တာတွေ အကုန်လုံးက အချည်းနှီးဖြစ်သွားသလို ခံစားနေရသည်။
“သခင်”
ဟူနွီအာက ကျွင်းချီယွိရဲ့ အကျီလက်ကိုဆွဲလိုက်ရင်း တိုးတိုးလေးရှိုက်ငိုသည်။
“အိမ်ရှေ့စံမိဖုရားကို အပြစ်မတင်ပါနဲ့။ ဟူနွီအာ ဘာမှမဖြစ်ပါဘူး”
“ငါ့ခမည်းတော်က အမြဲတမ်း တရားမျှတခဲ့တယ်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း။ မင်းဒီပါးတစ်ချက်အတွက် ပြန်ယူပြီးသွားရင် မျှတသွားလိမ့်မယ်”
ကျွင်းချီယွိက စုန့်လီချင်းကိုကြည့်ရင်း ပြောလိုက်သည်။
ဟူနွီအာ မျက်လုံးပြူးသွားသည်။
“ဒါ…ဒါ မကောင်းဘူးမလား။ ကျွန်တစ်ယောက်က သခင်ကိုပြန်ရိုက်စရာ ဘာအကြောင်းမှမရှိဘူး။ ဒါကအဆင့်အတန်းအရ မသင့်တော်ပါဘူး”
“မင်းကသခင်ရှေ့မှာသာ ကျွန်ပေမယ့် တခြားလူရဲ့ ကျွန်မဟုတ်ဘူး။ ဒီသခင်ရဲ့ကျွန်ကို ဘယ်သူကမှ လာစော်ကားလို့ မရဘူး။ သွားရိုက်စမ်း!”
ကျွင်းချီယွိက တင်းတင်းကြပ်ကြပ် အမိန့်ပေးလိုက်သည်။
ဟူနွီအာ လှည့်ထွက်ကာ စုန့်လီချင်းရှေ့ကို လျှောက်သွားလိုက်သည်။
စုန့်လီချင်းရဲ့ မျက်လုံးတွေမှာ အသိစိတ်ပျောက်ဆုံးနေသည်။ သူ့ဂုဏ်သိက္ခာက “ပြည့်တန်ဆာရဲ့သား” ဆိုတဲ့စကားကြောင့် ပျက်စီးသွားခဲ့ပြီပင်။
“အိမ်ရှေ့စံမိဖုရား၊ ဟူနွီအာက ရုပ်ရည်သွင်ပြင်နဲ့ အဆင့်အတန်းအရ ကိုယ့်ကိုယ်ကိုယ် ရှက်မိပါတယ်။ ဘာလို့ကျွန်တော်က မိဖုရားရဲ့မျက်နှာကို ခိုးယူမှာ စိုးရိမ်နေရတာလဲ။ အိမ်ရှေ့စံမင်းသားမှာ ခွန်အားတွေ အများကြီးရှိပါတယ်။ ကျွန်တော်က…မိဖုရားရဲ့ ပင်ပန်းနွမ်းနယ်မှုဒဏ်ကို အတူတူ မျှဝေခံစားပေးရုံပါပဲ”
စကားဆုံးသွားတဲ့အချိန်မှာ ဟူနွီအာက သူ့လက်ကိုအားကုန်လွှဲပြီး ရိုက်ချလိုက်သည်။ ထိုပါးရိုက်ချက်က ဘယ်လာက်ပြင်းလဲဆိုတာကို သူသာသိသည်။ ဖြောင်းခနဲ တိုပြတ်ပြတ်အသံတစ်ခု ထွက်ပေါ်လာပြီးတဲ့နောက်မှာ ဟူနွီအာရဲ့လက်က နာကျင်မှုဖြင့် ထုံကျင်သွားခဲ့သည်။
“စိုးရွံ့ပါတယ်၊ အိမ်ရှေ့စံမိဖုရား”
ဟူနွီအာက သူ့လက်သူ ပွတ်သပ်နေသည်။
စုန့်လီချင်း သူ့မျက်နှာကိုဘေးဘက် စောင်းလိုက်သည်။ သူ့နားထဲတွင် တဝီဝီမြည်နေပြီး အချိန်အတော်ကြာသည်အထိ အသိစိတ်မ၀င်လာခဲ့ပေ။
သူမျက်လုံးမှိတ်လိုက်တဲ့အချိန်မှာ မူးနောက်သလို ခံစားနေရတာကြောင့် သူ့စိတ်ကိုလျှော့ချဖို့ ဆယ်ကြိမ်လောက် အသက်၀၀ရှူလိုက်သည်။
သူ့မျက်နှာပေါ်မှာ သွေးနီရောင် လက်ဝါးရာတွေ ရှိနေကာ ခြစ်ရာတွေကလည်း သိသာထင်ရှားနေသည်။ ထိုခြစ်ရာတွေမှာ ဟူနွီအာသူ့ကို ရိုက်ခဲ့တဲ့အချိန်တုန်းက သူ့လက်သည်းတွေကို လျှို့လျှို့ဝှက်ဝှက် သုံးခဲ့တာကြောင့် အရာထင်သွားခြင်းပင်။
သေချာကြည့်လိုက်ရင် ဟူနွီအာရဲ့လက်သည်းတွေမှာ သွေးစွန်းနေတာကို တွေ့ရလိမ့်မည်။
စုန့်လီချင်း ဒီတစ်ကြိမ်မှာတော့ မျက်ရည်မကျခဲ့ပေ။ သူ့မျက်ရည်တွေက ကျွင်းချီယွိတစ်ယောက်တည်း အတွက်သာဖြစ်သည်။ ဟူနွီအာနဲ့ မတန်ပေ။
စုန့်လီချင်း ရဲရဲနီနေတဲ့ သူမျက်လုံးတွေကို ဖွင့်လိုက်သည်။ သူ့မျက်နှာပေါ်မှာ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းတွေ မရှိဘဲ ကြည်လင်အေးစက်နေကာ အရိုက်ခံလိုက်ရသူက သူမဟုတ်သလိုပင်။
သူအငိုရပ်သွားတာကို မြင်တော့ ကျွင်းချီယွိရဲ့ နှလုံးသားထဲမှာ ရှင်းမပြနိုင်တဲ့ ထူးထူးဆန်းဆန်း ခံစားချက်တစ်မျိုး ဝင်လာသည်။
စုန့်လီချင်းမှာ အရင်ကဆို စုန့်လီချင်းက အားအနည်းဆုံးသူဖြစ်ပြီး အလွယ်တကူ မျက်ရည်ကျတတ်တာကို သူသိသည်။ အခုလို အရှက်ခွဲခံရပြီးမှတော့ နောက်ဆုံးကျန်တဲ့ ဂုဏ်သိက္ခာ အပိုင်းအစလေးကို ထိန်းသိမ်းဖို့အတွက် ငိုစရာမလိုတော့လို့များလား။
စုန့်လီချင်း အက်ကွဲနေသောလေသံဖြင့် ပြောလိုက်သည်။
“မင်းငါ့ကိုတစ်ခုခု ပြန်ပေးပေးလို့ ရမလား”
“ဟင်”
ဟူနွီအာက သူအရိုက်ခံရတာ ဒါမှမဟုတ် အပြစ်တင်ဆဲဆိုတာ ခံရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် ပန်းဖွားလေးအတွက် တောင်းဆိုလိမ့်မယ်လို့တော့ မမျှော်လင့်ထားပေ။
“မင်းသူ့ဆီက ဘာယူထားတာလဲ”
ကျွင်းချီယွိ မေးလိုက်သည်။
ဟူနွီအာက သူ့အင်္ကျီလက်ထဲကနေ ကျောက်စိမ်းဆွဲပြားကို ချက်ချင်းထုတ်ပေးလိုက်သည်။
“သခင်၊ အိမ်ရှေ့စံမိဖုရားက ဒါကို မနေ့ညက ရှန်းလဲ့စံအိမ်မှာ ကျန်ခဲ့တာပါ။ ကျွန်တော်ဒါကို ဒီနေ့တွေ့တော့ အိမ်ရှေ့စံမိဖုရားရဲ့ ခြံ၀င်းကို ပို့ပေးမလို့လုပ်ပေမယ့် အိမ်ရှေ့စံမိဖုရားက ခြေတစ်လှမ်းစောသွားပြီး ကျွန်တော့်ကို အပြစ်တင်ဆုံးမခဲ့တာပါ”
ကျွင်းချီယွိ ကျောက်စိမ်းဆွဲပြားကို သူ့လက်ထဲ ယူလိုက်သည်။
“ငါ့ကိုပြန်ပေး!”
စုန့်လီချင်းရဲ့ အသံက ရုတ်တရက်ဆိုသလို မြင့်တက်သွားပေမယ့် အားမရှိသလို တိမ်ဝင်နေသည်။
ကျွင်းချီယွိ ရုတ်ခြည်း ဒေါသထွက်သွားသည်။ စုန့်လီချင်းက သူ့ကို အော်ရဲတယ်ပေါ့။
“ယူသွားလိုက်! ပြီးရင် ဒီသခင်ရဲ့ မျက်စိရှေ့ကနေ ထွက်သွား! ဒီနေ့ မင်း ခမည်းတော်ဧကရာဇ်ကို သွားတွေ့ပြီး ဂါရ၀ပြုလိုက်။ ငါထင်တယ်၊ မင်းသက်ညှာပေးခံရမှာပါ”
ကျွင်းချီယွိက သာမန်ကာလျှံကာလေး ပစ်ချလိုက်တာပေမယ့် သူ့ခွန်အားက သူများတွေထက် အဆပေါင်းများစွာပိုသည်။ စုန့်လီချင်း အချိန်မီ မရှောင်လိုက်နိုင်တာကြောင့် နဖူးကိုထိမိသွားကာ ချက်ချင်း ဖူးယောင်လာသည်။
စုန့်လီချင်းမှာ ထိုနေရာတစ်ခုတည်းတင် နာကျင်နေတာမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးကပါ ထုံကျဉ်နေသည်။ သို့ပေမယ့် သူ့နှလုံးသားထဲက ဒဏ်ရာနဲ့ယှဉ်ရင်တော့ ဒီခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက ဘာဟုတ်သေးလို့လဲ။
သူမြေကြီးပေါ်က ကျောက်စိမ်းဆွဲပြားကို ကောက်ယူလိုက်သည်။ ပန်းပွားလေးက အကောင်းပကတိအတိုင်း ရှိနေသေးသည်။ ဖုန်တွေပေနေရုံက လွဲလို့ပေါ့။
စုန့်လီချင်း ဖုန်ခါလိုက်ပေမယ့် ပန်းဖွားလေးမှာ ညစ်ပတ်နေသလိုထင်ရကာ အရောင်မွဲခြောက်လျက်ရှိပြီး အစွန်းအထင်းတွေကလည်း အပြည့်ပင်။
စုန့်လီချင်းက ပန်းဖွားလေးကို နှလုံးသားနဲ့အနီးဆုံး ရင်ဘတ်တစ်နေရာမှာ ဝှက်လိုက်ပြီး ဘာတစ်ခွန်းမှမပြောဘဲ ရှန်းလဲ့စံအိမ်ကနေ ထွက်လာခဲ့သည်။
“စုန့်…”
ကျွင်းချီယွိ မသိစိတ်ကနေ သူ့ကိုတားချင်နေပေမယ့် သူ့ကိုဘာလို့ လှမ်းခေါ်မိလိုက်မှန်းတော့ သူကိုယ်သူလည်း မသိချေ။ ဖြစ်နိုင်တာက စုန့်လီချင်းထွက်သွားတဲ့အချိန်မှာ သူ့ကိုလှည့်တောင်မကြည့်တာကြောင့် စိတ်မသက်မသာ ဖြစ်သွားတာဖြစ်မည်။
ကျွင်းချီယွိ နားမလည်နိုင်တော့ပေ။
စုန့်လီချင်းက လွယ်ကူပြီး အားနည်းတယ်လို့ ပြောကြပေမယ့် သူကြောက်စိတ်၀င်လာတဲ့အချိန်မှာ ပစ္စည်းဟောင်းလေးတစ်ခုကို ဖက်တွယ်ထားပြီး လွှတ်ချပစ်ဖို့ ငြင်းဆန်နေသည်။
“ဘယ်သူက ဒီလိုအစုတ်အပဲ့ကို ဂရုစိုက်နေလို့လဲ”
ကျွင်းချီယွိ ဒေါသတကြီး ပြောလိုက်သည်။
“ဟူနွီအာ၊ မင်းကဒီဟာကို ကြိုက်လို့လား”
ဟူနွီအာ မျက်လုံးလှန်လိုက်သည်။ သူ့စိတ်ထဲမှာတော့ အဖြေက ရှိနေပြီးသားပင်။
“ဟူနွီအာမှာ အိမ်ရှေ့စံမိဖုရားရဲ့ အဖိုးတန်ပစ္စည်းတွေကို ပိုင်ဆိုင်ဖို့ ကောင်းချီးမရှိပါဘူး”
ကျွင်းချီယွိက မတူမတန်သလို မဲ့ပြုံးပြုံးလျက် ပြန်ပြောသည်။
“သခင်က မနက်ဖြန်မင်းအတွက် သေတ္တာတစ်လုံး ဝယ်ပေးမယ်။ မင်းကြိုက်သလိုကစား၊ ပြီးတော့ ရွှေတွေကျောက်စိမ်းတွေနဲ့ စီခြယ်ထားတဲ့ ရတနာတွေကိုရော ၀ယ်လိုက်”
“သခင်…”
ဟူနွီအာကသူ့ကို ချစ်မြတ်နိုးစွာကြည့်နေပြီး မျက်ရည်တွေထဲမှာလည်း ရိုသေလေးစားမှုတွေ အပြည့်ပင်။
ကျွင်းချီယွိက အကြံဉာဏ်အသစ်တစ်ခုကို ချင့်ချင့်ချိန်ချိန်တွေးဆရင်း ပြောလိုက်သည်
“သခင်ကသာ မင်းကို အရံကိုယ်လုပ်တော်အဖြစ် တင်မြှောက်လိုက်ရင် သူမင်းကို အကြောင်းမဲ့ အနိုင်ကျင့်ရဲတော့မှာ မဟုတ်ဘူး”
“အဲ့လိုလုပ်လို့ မဖြစ်ပါဘူး၊ မဖြစ်ပါဘူး။ ဟူနွီအာက အိမ်ရှေ့စံမင်းသားဘေးမှာ နေရသရွေ့ လက်ကျန်ဘဝတစ်လျှောက်လုံးကို ကျွန်အနေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မှာပါ”
ဟူနွီအာက လွန်စွာသတိရှိသည်။
အရံကိုယ်လုပ်တော်ဆိုတာ ဘယ်လောက်ပဲ မြင့်မြတ်နေပါစေ၊ ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်တဲ့ အိမ်ရှေ့စံမင်းသားထက်တော့ မြင့်မြတ်နိုင်ပါ့မလား။ အဆင့်နိမ့်တာချင်းအတူတူ ဒီအတုအယောက်ဆန်တဲ့ နာမည်ဂုဏ်သတင်းက ကျွင်းချီယွိရဲ့ သိတတ်လိမ္မာတယ်ဆိုတဲ့ ချီးကျူးစကားလောက် အရေးမကြီးဘူး။
အိမ်ရှေ့စံမင်သားရဲ့ နှလုံးသားကသာ သူ့ဘက်မှာရှိနေရင် ဘာမှနစ်နာစရာ မရှိဘူး။
“အင်း”
ကျွင်းချီယွိ ပြန်ဖြေလိုက်ရုံနဲ့တင် ဟူနွီအာက သူစိတ်မကြည်တာကို သတိထားမိလိုက်သည်။
“ဘာဖြစ်လို့လဲဟင်။ အခုလေးတင် ဖြစ်ခဲ့တဲ့ဟာကို စိုးရိမ်နေတုန်းပဲလား။ ဟူနွီအာက သခင်စိတ်သက်သာအောင် လုပ်ပေးဖို့ ဆန္ဒရှိပါတယ်”
ဟူနွီအာက ပြောရင်းဆိုရင်း ကျွင်းချီယွိရဲ့ကိုယ်ပေါ် မှီချလိုက်သည်။ ဘာလို့ စိတ်သက်သာရာရစေရတာလဲဆိုတာ သူမ နားမလည်ဘူး။
သို့ပေမယ့် ကျွင်းချီယွိက တွန်းဖယ်ပစ်လိုက်ပြီး ဟူနွီအာရဲ့ လက်ကောက်ဝတ်ကို လက်ပြန်ဖမ်းဆွဲလိုက်သည်။
“နောက်ကျ ဒီသခင်ရှေ့မှာ လှည့်ကွက်တွေ လာထုတ်မသုံးနဲ့၊ နားလည်လား”
ဟူနွီအာက ကြောက်လန့်တကြား ပြန်ပြောသည်။
“ဟူနွီအာ ဘာမှားမှန်းမသိပါဘူး၊ အပြစ်ပေးပါသခင်။”
“စုန့်လီချင်းမြှောက်လိုက်တာက သူ့ညာလက်လေ။ ဘယ်လိုလုပ်သူက မင်းရဲ့ညာဘက်ပါးကို ရိုက်လို့ရမှာလဲ”
ကျွင်းချီယွိက သူ့လက်ချောင်းတွေကို အားနဲ့ဖိလိုက်တာကြောင့် ဟူနွီအာ နာသွားပြီး ချွေးစေးတွေပြန်လာသည်။
“သခင်…ဟူနွီအာ မှားမှန်းသိပါပြီ”
အခုအချိန်မှာ ခံပြောတာက အကောင်းဆုံးမဟုတ်ဘူးဆိုတာကို သူသိသည်။
“ဟမ့်”
ကျွင်းချီယွိ သူ့ကိုလွှတ်ချကာ ထိုင်ချလိုက်ပြီး ရင်ထဲက တောက်လောင်နေတဲ့ အပူမီးကို ငြှိမ်းသတ်ဖို့အတွက် လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။
ဟူနွီအာက ချက်ချင်းဆိုသလို မြေကြီးပေါ် ဒူးထောက်ချလိုက်ပြီး သူ့ဒူးခေါင်းကို ခပ်ဖွဖွထုနေသည်။
ကျွင်းချီယွိက စိတ်အပြောင်းအလဲမြန်သူပင်။ သူပျော်နေတဲ့အချိန်မှာ လက်ဖဝါးထဲ ပွေ့ပိုက်ထားတတ်ပေမယ့် သူစိတ်မပျော်တဲ့အချိန်မှာတော့ သူ့ကိုသတ်ပစ်တာ ဒါမှမဟုတ် စွန့်ပစ်တာမျိုး လုပ်မယ့်သူဆိုတာ ဟူနွီအာ သိသည်။ နောက်ဆုံးကျတော့ သူက ကျွင်းချီယွိရဲ့ ကစားစရာသက်သက်ပဲဆိုတာကို သူ့ကိုယ်သူသိသည်။
“ဒါပေမယ့်…သူ့အဖေရဲ့နောက်ခံကို အားကိုးပြီး စုန့်လီချင်းက တံခါးပေါက်ကနေ ဝင်လာတာနဲ့ ပြဿနာရှာရဲတယ်။ သူ့လိုမျက်နှာနှစ်ဖက်နဲ့ အာဏာမက်တဲ့လူမျိုးကို ဒီလိုရိုက်လိုက်တာ မမှားဘူး!”
ကျွင်းချီယွိက တိုးတိုးလေး ရေရွတ်နေသည်။
“သူ့ကို ရက်အနည်းငယ်လောက် ဆက်စောင့်ကြည့်ကြတာပေါ့။ တကယ်လို့ သူမခံနိုင်တော့ရင် သူ့ဘက်ကနေအရင် သူ့အဖေနဲ့ လာစေ့စပ်ညှိနှိုင်းလိမ့်မယ်”