စုန့်လီချင်းတစ်ယောက် လက်ရန်းဘေး တိတ်တဆိတ်ထိုင်နေရင်း သူ့လက်ဖမိုးကိုသူ ကြည့်နေသည်။
နန်းပြင်ကနေ ချီလင်အိမ်တော်ကို ပြန်ရောက်သည်မှာ ဆယ့်ငါးမိနစ်အနည်းဆုံး ရှိပြီဖြစ်သော်လည်း ထိုခြစ်ရာသေးသေးလေးက အခုချိန်ထိ သွေးမတိတ်သေးတာကြောင့် စုန့်လီချင်း သောကရောက်နေရသည်။
အခုချိန်ထိ သွေးတစိမ့်စိမ့်ထွက်နေသေးသည့် ဒဏ်ရာကိုကြည့်ရင်း ကျွင်းချီယွိနှင့် အကြမ်းပတမ်း စပ်ယှက်မှုအပြီးတွင်လည်း သွေးအမြောက်အမြား ဆုံးရှုံးခဲ့သည်ကို စုန့်လီချင်း သတိရသွားသည်။ သူအဲဒီအချိန်တုန်းကတော့ ဘာမှသိပ်များများစားစားမတွေးမိခဲ့။ ကျွင်းချီယွိဟာက တော်တော်ကြီးလွန်းလို့သာဟု ထင်ခဲ့မိသည်။
သူ့ခန္ဓာကိုယ်နဲ့ အရိုးတွေက သိပ်မသန်မာပေမယ့် အလတ်ကြီးရှိတုန်းပါ။ ဘာလို့ အသားကျတော့ ထိရှမိလိုက်တာနဲ့ သွေးထွက်တာမရပ်တာပါလိမ့်။
ဒါက မင်းသားလုံလန်ပြောသလို ရောဂါတစ်ခုခုများလား။
ကျွင်းချီယွီ ညီလာခံကပြန်လာရန် အချိန်နည်းနည်းလိုသေးတာကြောင့် စုန့်လီချင်း တော်၀င်ဆေးပေးခန်းဆီ ထွက်လာခဲ့လိုက်သည်။
နန်းတော်ထဲဝင်ပြီးသည့်အချိန်မှာ သူဘယ်သွားသွား ဘယ်သူမှလာမတားကြချေ။
အလွန်ဆုံးအနေနဖြင့် အစောင့်များက အနည်းငယ်သာစစ်ဆေးပြီး သွားခွင့်ပေးလေသည်။
ဒါဟာစုန့်လီချင်းအတွက် အိမ်ရှေ့စံမိဖုရားဖြစ်ရခြင်း၏ တစ်ခုတည်းသော အကျိုးခံစားခွင့်ဖြစ်သည်။
သူထိုင်ယွမ်ဆေးပေးခန်းနှင့် စိမ်းနေသည့်အတွက် အချိန်အတော်အတန်ရှာလိုက်ရသည်။
နောက်ဆုံးတွင် သူနှင့်ရင်းနီးသည့် မျက်နှာတစ်ခုကို ပြတင်းပေါက်အောက်က စားပွဲတစ်ခုတွင် တွေ့လိုက်ရသည်။
“သမားတော်ချီ…သမားတော်ချီ”
စုန့်လီချင်း တခြားသောနန်းတွင်းသမားတော်များ ဆေးထုတ်ပေးနေသည်နှင့် ဆေးစာရေးပေးနေသည်ကို အသံကျယ်ကျယ်နှင့် မနှောင့်ယှက်ချင်တာကြောင့် နှစ်ခါမျှအော်လိုက်သည်။
ချီမြောင်ကချက်ချင်း ခေါင်းမော့လာပြီး စုန့်လီချင်းကို ပြတင်းပေါက်အပြင်ဘက်တွင် မြင်လိုက်သည့်အခိုက် ငြိမ်သက်ပျင်းရိနေသော မျက်လုံးများမှာ ချက်ချင်းလက်ငင်း အရောင်လက်လာလေသည်။
“မျက်ရည်အိတ်လေး”
သူလှမ်းပြောပြီး ချက်ချင်းအပြင်ကိုပြေးထွက်၍ စုန့်လီချင်းကိုလှမ်းကိုင်လိုက်ကာ မြူးတူးစွာဖြင့် လက်ဆွဲခါလေသည်။
“မင်းထိုင်ထိုင်ဆေးပေးခန်းလာပြီး ငါ့ကိုလာတွေ့ဖို့ ဘယ်လိုလုပ် အချိန်ရသွားတာလဲ၊ ငါလည်း ချီလင်အိမ်တော်ကို လာမလို့စဉ်းစားသေးတယ်၊ လာတဲ့အချိန် မင်းနဲ့မတွေ့ရမှာစိုးလို့”
စုန့်လီချင်း အနည်းငယ်ဆွဲခါခံရပြီးနောက် အားနည်းကာ ခေါင်းမူးလာလေသည်။
စုန့်လီချင်းရဲ့မျက်နှာက ဖြူဖျော့နေပြီး မျက်လုံးတွေဟာလည်း အနက်နှင့်အပြာရောင်ဖြစ်နေသည်ကို တွေ့လိုက်ရသောချီမြောင်သည် ချက်ချင်းလက်ငင်းပင် အူမြူးတာရပ်သွားလေသည်။
“မင်းဘာဖြစ်နေတာလဲ၊ နေမကောင်းဘူးလား၊ ငါသွေးခုန်နှုန်းစမ်းပေးမယ်”
ပြောရင်းဆိုရင်း သူ စုန့်လီချင်းရဲ့လက်ကို လှမ်းကိုင်ဖို့လုပ်လိုက်ပေမယ့် စုန့်လီချင်းက မသိစိတ်ကနေ ရှောင်လိုက်မိသည်။ ချီမြောင်က ခဏလောက်အံ့ဩသွားပြီး သူ့လက်ကိုဖြည်းဖြည်းချင်း ပြန်ရုတ်လိုက်သည်။
“ဆောရီးပါ၊ မင်းကအခု မင်းသားရဲ့လူဖြစ်နေပြီဆိုတာကို ငါမေ့သွားလို့”
“ရပါတယ် ဘာမှမဖြစ်ဘူး”
စုန့်လီချင်း ဘေးဘီဝဲယာကို လှမ်းကြည့်ရင်းပြောလိုက်သည်။
“ငါမင်းကိုလာတွေ့တာ ဒါပေမယ့် ဒီထက်ပိုတိတ်ဆိတ်မယ့် နေရာရှိသေးလား”
“ကောင်းပြီလေ ငါနဲ့လိုက်ခဲ့”
ချီမြောင်က ကော်ရစ်ဒါနှစ်ခုကိုဖြတ်ပြီး နန်းတော်ဥယျာဉ်ထဲ ခေါ်သွားလေသည်။ ထိုနေရာက လူသိနည်းပြီး တိတ်ဆိတ်သည်။ ကျောက်တုံးလေးတွေပေါ်မှာလည်း စိမ်းစိမ်းစိုစိုအပင်လေးတွေ ပေါက်ရောက်နေကာ သန့်ရှင်းရေးလာလုပ်သည့် မိန်းကလေးမှလွဲ၍ ဘယ်သူမှမရှိပေ။
စုန့်လီချင်းနဲ့ချီမြောင်က မျက်နှာခြင်းဆိုင်ထိုင်လိုက်ကြသည်။
“အရှင်….အိမ်ရှေ့စံမိဖုရား”
ချီမြောင်က ခေါင်းကုတ်ရင်း ပြောလိုက်သည်။
“ငါမင်းကိုအဲလိုခေါ်ရတာ ကျင့်သားမရသေးဘူး”
“ငါ့နာမည်ပဲခေါ်ပါ”
“မျက်ရည်အိတ်လေးလို့လား”
ချီမြောင်က ကိုးရို့ကားရားနိုင်စွာ စနောက်လိုက်ပေမယ့် စုန့်လီချင်းကတော့ စိတ်သက်သာရာရသွားသလို ခံစားလိုက်ရပြီး ရယ်မောလိုက်သည်။
စုန့်လီချင်းကလည်း နောက်ပြောင်သလို ပြန်ပြောလိုက်သည်။
“မင်းလည်းအခု လူရည်လည်လာပြီပဲ၊ ပြီးတော့ နန်းတွင်းသမားတော်တွေထဲမှာ မင်းအငယ်ဆုံး၊ မင်းရဲ့အနာဂတ်ကတော့ တောက်ပနေရောပဲ၊ မင်းကိုငတုံးလို့ ခေါ်လို့မရတော့ဘူးပေါ့”
“ရပါတယ်၊ ငါ့အဖိုးနဲ့ ငါ့ဆရာဆို ငါဉာဏ်တုံးလို့ ခဏခဏဆူနေကျ၊ အဲတာကြောင့် ငါစာပေမလေ့လာဘဲ ဆေးပညာပဲ ပြောင်းသင်ခဲ့တာလေ၊ ငါ့အဖိုးကလည်း သမားတော်ပျန်ရဲ့ လက်အောက်မှာသင်ယူဖို့ ယုံကြည်ခဲ့လို့လည်း ပါတာပေါ့၊ ဆရာက အမြဲတမ်းငါ့ကိုဆို လူတွေကို သေအောင်တွန်းပို့ခိုင်းနေတာ၊ မင်းသူ့ဆီကနေ သင်လာတယ်လို့တော့ မပြောနဲ့နော် ဟားဟား”
ချီမြောင်က ရယ်နေခဲ့သည်။
သူ၏ဝိုင်းဝန်းသောမျက်လုံးများဟာ အနည်းငယ်ကျုံ့သွားပြီး မျက်ခုံးမွှေး တိုတိုထူထူများက အောက်ဘက်သို့ ကွေးကျသွားသောကြောင့် သူ၏ပုံစုံကိုပိုရိုးရှင်း၍ ပိုရိုးသားဟန်ပေါက်စေသည်။
“မင်းရဲ့သွေးခုန်နှုန်းကို စမ်းကြည့်ရအောင်လေ”
“ကောင်းတာပေါ့”
ချီမြောင်က စုန့်လီချင်း၏ လက်ကောက်ဝတ်ကို ဆွဲယူလိုက်ပြီး သွေးခုန်နှုန်းကို သေချာနားထောင်နေလေသည်။။
ချီမြောင်က စုန့်လီချင်းထက် တစ်နှစ်ကြီးသည်။ သူကလူအိုကြီး ရှန့်ရှု၏မြေးဖြစ်ပြီး စုန့်လီချင်းနှင့် တစ်ကျောင်းတည်းတူတူတက်ခဲ့တာ ဖြစ်သည်။ သူ့အရပ်ကြီးနဲ့ စုန့်လီချင်းကို အနိုင်ကျင့်ကာ သူ့မုန့်တွေကို လုစားလေ့ရှိသူဖြစ်သည်။ နောက်ကျတော့ ကျွင်းချီယွိဆီမှ ပြန်အရိုက်ခံရတာကြောင့် တရားရုံးတော်တွင် သွားတိုင်ကြားရာ ကျွင်းချီယွိမှာ တင်ပါးကို သစ်သားပြားနှင့်ရိုက်တာ ခံလိုက်ရသည်။ စုန့်လီချင်းကိုလည်း သန့်စင်ခန်းဆီ ခေါ်သွားပြီး သူ့တင်ပါးကို ဆေးလိမ်းပေးခိုင်းခဲ့သည်။
ထိုနာမည်ပြောင်နှစ်ခုဖြစ်သည့် “မျက်ရည်အိတ်လေး” နှင့် “ငတုံးကောင်ကြီး” ဆိုတာ ကျွင်းချီယွိက စုန့်လီချင်းအား အမြဲတမ်းငိုနေတာကြောင့် ပေးခဲ့သည့် နာမည်ပြောင်များဖြစ်သည်။
နောက်ပိုင်း သူတို့ကြီးပြင်းလာပြီး စဉ်းစားတတ်လာသည့်အချိန်မှာ သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးမှာ ပို၍နီးစပ်လာလေသည်။
လောကကြီးဟာ မတည်မြဲပါလားဆိုပြီး စုန့်လီချင်း ရုတ်တရက် ခံစားလိုက်ရသည်။ သူ့ကိုအနိုင်ကျင့်ခဲ့သည့်သူတွေက သူနှင့်ပိုအဆင်ပြေလာပြီး သူ့ကိုကာကွယ်ပေးခဲ့သည့်သူတွေကတော့ ရန်သူတွေဖြစ်လာခဲ့သည်။
ထိုအရာကိုတွေးမိသွားတော့ စုန့်လီချင်း၏ မျက်လုံးတွေက မှိန်ကျသွားခဲ့သည်။
ခဏအကြာမှာ ချီမြောင်က သူ၏လက်ချောင်းများကို စိတ်အေးသွားဟန်ဖြင့် လွှတ်ပေးလိုက်သည်။
“အအေးနည်းနည်းမိနေတာရယ်၊ အလုပ်တွေဖိလုပ်တာရယ်၊ စိတ်ပင်ပန်းတာတွေရယ်ကြောင့်ဖြစ်နေတာ၊ မင်းကောင်းကောင်းအနားယူသင့်တယ်၊ ပြီးရင် ငါမင်းအတွက် ဆေးစာရေးပေးလိုက်မယ်၊ ငါကိုယ်တိုင်ဆေးတွေရွေးပြီး ချီလင်အိမ်တော်ကို ပို့လိုက်မယ်”
“ကောင်းပြီ ကျေးဇူးပဲနော်”
စုန့်လီချင်း ခဏကြာသည်အထိ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသော်လည်း ချီမြောင်အားမေးရန် ဆုံးဖြတ်လိုက်သည်။
“သမားတော်ချီ၊ ငါဒီနေ့ မင်းဆီလာတာ အအေးမိလို့မဟုတ်ဘူး၊ တခြားကိစ္စတစ်ခုကြောင့်”
စုန့်လီချင်း သူ၏လက်ဖမိုးမှ ခြစ်ရာလေးအား ညွှန်ပြလိုက်သည်။ ခြစ်ရာက တစ်နာရီကျော်ကျော် နှစ်နာရီလောက် ကြာပြီဖြစ်တာကြောင့် သွေးခြောက်သွားပြီး သွေးခဲလေးတွေလို ဖြစ်နေကာ သွေးယိုစိမ့်မှုမျိုးတော့ မရှိတော့ပေ။
“ငါ ခါးကအဆင်တန်ဆာနဲ့ ခြစ်မိသွားတာကို သွေးမတိတ်တော့ဘူး၊ ဒါကဘယ်လို ရောဂါမျိုးလဲ”
“သွေးမတိတ်တော့တာလား”
ချီမြောင်တစ်ယောက် မျက်မှောင်ကြုတ်မိသွားရသည်။
“တခြားလက္ခဏာတွေရော ရှိသေးလား၊ သွေးရောဂါအများစုက ပေါ့လို့မရဘူး၊ နောက်ထပ် ထူးခြားတာမှန်သမျှ ငါ့ကိုပြောပြ”
စုန့်လီချင်းက ပြောဖို့ရှက်နေသည်။
“ပြီးတော့…ဟိုဟာ…ဆက်ဆံပြီးရင်လည်း သွေးအမြဲတမ်းထွက်တယ်”
စုန့်လီချင်းက သူအခုရက်ပိုင်း ကြိုကြားကြိုကြား ခံစားရတဲ့ ထူးထူးခြားခြား မသက်မသာဝေဒနာတွေကို အသေးစိတ် ပြောပြခဲ့သည်။
ဒါကိုကြားပြီးတော့ ချီမြောင်က အသက်ပြင်းပြင်းရှူလိုက်ကာ သူ့မျက်နှာကလည်း တည်သွားလေသည်။
“တကယ်တော့ သွေးခဲတဲ့ရောဂါက သိပ်များများစားစား မရှိပေမယ့် ပေါ့လို့တော့မရဘူး၊ မင်းပြောပုံအရ ဖြစ်နိုင်တာ…ဖြစ်နိုင်တာက…”
သူ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေတာကို စုန့်လီချင်းမြင်တော့ ပြုံးပြရင်းပြောလိုက်သည်။
“ဘာမှမစိုးရိမ်နဲ့ ပြောသာပြော၊ မင်းငါ့ကို တမင်သက်သက်ဖုံးထားတာ ငါသိတယ်”
“သွေးကုန်ခန်းခြင်း”
ချီမြောင့်နှုတ်ကနေ ထိုစကားလုံးလေးလုံးကို ထုတ်ပြောလာသည်။
စုန့်လီချင်းက ခေါင်းညိမ့်သည်။
“ငါတစ်ခါမှ မကြားဖူးဘူး”
“ငါလည်းသိပ်မတွေ့ဖူးဘူး၊ ငါ့ဆရာပြောပြတာ တစ်ခါပဲကြားဖူးတာ၊ သူလည်းအဲရောဂါကို ထဲထဲ၀င်၀င် မရှင်းပြနိုင်ဘူးတဲ့၊ အဲရောဂါအတွက်လည်း ဆေးဝါးသီအိုရီကလည်း လုံး၀မရှိသေးဘူးလို့ပြောတယ်၊ လူက တဖြည်းဖြည်း တဖြည်းဖြည်းချင်း အားနည်းသထက်နည်းလာပြီး မတော်တဆ တိုက်မိတာတောင် သွေးထွက်လာမှာတဲ့၊ အဲမှာတင် မပြီးသေးဘူး နောက်ဆုံးကျတော့ သွေးတွေကုန်ပြီး…သေသွားမှာတဲ့”
ချီမြောင် စကားပြောနေစဉ်တွင် သူ စုန့်လီချင်း၏ တဖြည်းဖြည်း ငြိမ်သက်လာသော အမူအရာများကို တိတ်တဆိတ် ကြည့်နေခဲ့သည်။
စုန့်လီချင်း၏ နှုတ်ခမ်းများက ပွင့်ဟလာသည်။
“ဒါဆို…ကုသဖို့နည်းလမ်းရော ရှိလား”
“ဆေးကျောက်ခဲအပ်စိုက်ကုထုံး…မှော်ဆေးဝါးနဲ့ ကုတာဖြစ်ဖြစ်၊ အံ့ဖွယ်ဖြစ်ရပ်မျိုး ဖြစ်လာတာပဲဖြစ်ဖြစ် အဲနှစ်ခုကလွဲပြီး တခြားနည်းလမ်း မရှိလောက်မှာကို ငါကြောက်မိတယ်…”
ချီမြောင်ကပြောရင်းပြောရင်း စကားပိုပိုထစ်လာပြီး နဖူးတွင်လည်း ချွေးစေးတွေ ပြန်လာလေသည်။
စုန့်လီချင်းက စိတ်ဓာတ်ကျစဖွယ် အပြုံးတစ်ခုကို အတင်းလုပ်ယူကာ မေးလိုက်သည်။
“ဒါဆို ကုမရတဲ့ရောဂါပေါ့”
“မဟုတ်ဘူး မဟုတ်ဘူးရယ်၊ ငါ့ဆရာပြောဖူးတယ်၊ ဒီလိုသွေးဆုတ်ယုတ်လာတဲ့ လူနာတွေက သူ့အလိုလို ပြန်ကောင်းလာတာလည်း ရှိတယ်တဲ့၊ အများကြီး မစိုးရိမ်ပါနဲ့…”
“လူအယောက်တစ်သန်းမှာ တစ်ယောက်မလား”
ချီမြောင်ကပြန်မဖြေ။ သူ့ကိုယ်သူလည်း လိမ်ညာမနေချင်တော့တာကို စုန့်လီချင်းသိသည်။
သူ့နှလုံးသားထဲ ခေါင်းလောင်းသံက မြည်ဟည်းနေပြီး စိတ်အစဉ်မှာလည်း ယောက်ယက်ခတ်နေသည်။
အပြင်ပန်းတွင် တည်ငြိမ်နေဟန်ဆောင်နေသော်လည်း အနည်းငယ်တုန်ယင်နေသော လက်ချောင်းလေးများကိုတော့ ဖုံးကွယ်၍မရပေ။
အချိန်ခဏလောက် စုန့်လီချင်း ဘာမှမတွေးနိုင်တော့။
သူကအခုမှ အရွယ်ကောင်းလေးပဲ ရှိသေးတာကို ဘာလို့ဒီလိုရောဂါမျိုး ဖြစ်ရတာလဲ။ သူ့နာမည်က အခုမှ ရွှေရောင်မှတ်တမ်း၀င်ရုံရှိသေးသည်။ ပူပူနွေးနွေး လက်ထပ်ပြီးခါစပဲရှိသေးသည်။ အခုတော့ ကျင်းကော်ထျန်းရှဆိုတာ ဘယ်လိုဘယ်ပုံမှန်း ကြည့်ချိန်မရှိတော့။ ကျွင်းချီယွိ၏ နှလုံးသားကိုလည်း သိမ်းပိုက်ရန်လည်း အချိန်မရှိတော့ပေ။ သူတို့ဘ၀မှာ လက်ချင်းတွဲပြီး လျှောက်လှမ်းဖို့ ခရီးအရှည်ကြီး ကျန်သေးသည်ဟုသာ သူထင်ထားခဲ့သည်။
သူသာသေသွားရင် သူ့ကိုကြိုးကြိုးစားစား ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူ့မိဘတွေကရော ဘယ်လိုဖြစ်သွားမှာလဲ။
စုန့်လီချင်း၏ နှလုံးသားထဲတွင် တိမ်မဲကြီးတစ်ခုက ဖိထားသလို လေးနေလေသည်။ သူ့နာမည်သည်လည်း ရှင်ခြင်းနှင့်သေခြင်း၏ အရှင်သခင်ယန်၏ စာအုပ်ထဲတွင် ရေးထွင်းပြီးသား ဖြစ်နေလေပြီ။
သူသေရမှာကို မကြောက်ပေ။ သူသေသည်အထိ ကျွင်းချီယွိ ပြန်မချစ်မှာကိုသာ ကြောက်မိသည်။
စာရေးသူမှာ ပြောစရာရှိပါတယ်:
သွေးဥမွှာနည်းရောဂါဆိုတာက ရှေးခေတ်တုန်းက ကုမရတဲ့ရောဂါတစ်ခုပါ။