no

Font
Theme

သုံးရက်အကြာတွင် ဧကရာဇ်ရွှမ်သည် ရုတ်တရက် ကုန်းကုန်းများကို ချီလင်အိမ်တော်သို့ စေလွှတ်၍ စုန့်လီချင်းအား ဆင့်ခေါ်လေ၏။

စုန့်လီချင်း အရိုအသေပေးပြီး ကျေးဇူး‌တင်လိုက်သော်လည်း စိတ်ထဲတွင်မူ ပဟေဠိဖြစ်နေမိ၏။

“ဧကရာဇ်က ရုတ်တရက်ကြီး ကျွန်တော့်ကို ဘာလို့တွေ့ချင်လဲဆိုတာကို ကုန်းကုန်းသိလားဟင်”

ကုန်းကုန်းက ပြောဖို့တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် ပြောလာခဲ့သည်။

“ဧကရာဇ်က အိမ်ရှေ့စံမင်းသားကို တစ်မနက်ခင်းလုံး ဆူပူနေတာကိုပဲ ဒီ‌အစေခံသိပါတယ်၊ နန်းတော်ထဲ၀င်ရင် ပိုသတိထားသင့်ပါတယ် အိမ်ရှေ့စံမိဖုရား…”

“ကျေးဇူးတင်ပါတယ် ကုန်းကုန်း”

စုန့်လီချင်းသည် ရှောင်တိအား တစ်ချက်ကြည့်လိုက်ရာ ရှောင်တိမှာ ကုန်းကုန်းကို ငွေတစ်စ ပေးလိုက်သည်။

ကုန်းကုန်းသည် စိတ်ရင်းဖြင့် ကြောက်ကြောက်လန့်လန့် ပြောရှာသည်။

“ဒီ…ဒီအစေခံက အမိန့်တော်ကို သယ်လာပေးရုံပါပဲ၊ ဘယ်လိုလုပ် အိမ်ရှေ့စံမိဖုရားဆီကငွေကို ယူဝံ့ပါ့မလဲ”

“ကုန်းကုန်းက အလုပ်ကြိုးစားတယ်၊ ရာသီဥတုကလည်း ပူပြင်းပြီး ခြောက်သွေ့နေတော့ လည်ပင်းမခြောက်အောင် လက်ဖက်ရည်တစ်ခွက်လောက် ဝယ်သောက်လိုက်ပါ”

“အဲ!”

စုန့်လီချင်း၏ လေသံမှာ ရိုးသားပြီး အိမ်ရှေ့စံမိဖုရား၏ ဟန်ပန်ကို မလှစ်ဟထားသောကြောင့် ကုန်းကုန်းသည် ရိုသေစွာပြုံးပြ၍ ပျော်ပျော်ရွှင်ရွှင် လက်ခံလိုက်သည်။

စုန့်လီချင်းသည် စိမ်းပြာရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားကာ သရဖူဆောင်းပြီးမှသာ ကုန်းကုန်းနှင့်အတူ နန်းတော်ထဲသို့ ဝင်ခဲ့သည်။

သူ၏ တရားဝင်ဝတ်စုံကိုမြင်ပြီး ကုန်းကုန်းမှာ ချီးကျူးမဆုံး ဖြစ်နေလေသည်။

“အိမ်ရှေ့စံမိဖုရား ရှကျစ်ယွဲ့ယန်ကို တွေ့လိုက်တော့မှပဲ အလှတရားဆိုတာဘာလဲ သိတော့တယ်”

“ကုန်းကုန်းက ချီးမွမ်းလွန်းနေပါပြီ”

စုန့်လီချင်းသည် ပြုံး၍ ယီဟွားခန်းမသို့ မရောက်မချင်း ရထားလုံးပေါ်တွင် ထိုင်လိုက်သွားလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း နန်းတော်ထဲတွင် ဧကရာဇ်ရွှမ်နှင့် ကျွင်းချီယွိတို့ သားအဖနှစ်ယောက်သာ ရှိနေသည်။ ဧကရာဇ်ရွှမ်မှာ နဂါးပလ္လင်ပေါ်တွင် ခန့်ညားစွာထိုင်နေပြီး ကျွင်းချီယွိသည် စုန့်လီချင်းကို မြင်လိုက်သောအခါ သတိပေးသည့်သဘောဖြင့် မသိမသာ စိုက်ကြည့်နေသည်။

“ဧကရာဇ်ကို တွေ့ဆုံပါတယ်”

စုန့်လီချင်း ဦးညွှတ်ဂါရဝပြုချိန်တွင် သူ၏ကျောပြင်ဟာ ဖြောင့်တန်းနေပြီး ဂုဏ်သိက္ခာရှိသော အသွင်ကို ဆောင်နေ၏။

“အင်း”

ဧကရာဇ်ရွှမ်၏ အသံသည် နက်ရှိုင်းလေးနက်လှသည်။

“စုန့်လီချင်း၊ မင်းကိုယ်မင်း အပြစ်ရှိတယ်လို့ ထင်သလား”

လေသံက ကြမ်းတမ်းခြင်းမရှိ ဧကရာဇ်ရွှမ်မှာလည်း ဒေါသထွက်ခြင်း၊ အထက်စီးဆန်ဆန်ပြုမူခြင်း မရှိသော်လည်း စုန့်လီချင်း၏ စိတ်နှလုံးမှာမူ ခဏတာမျှ တိမ်၀င်သွားပြီး ကြမ်းပြင်ပေါ်သို့ ၀ပ်ဆင်းချလိုက်သည်။

“ကျွန်တော်မျိုး… ကျွန်တော်မျိုး မင်္ဂလာပွဲနေ့ကတည်းက ဖျားနေတာမို့ နန်းတော်ထဲကို အဖျားရောဂါ သယ်မလာဝံ့ခဲ့ပါဘူး၊ ဒါကြောင့် အရှင်နှစ်ပါးကို ဂါရဝလာမပြုနိုင်ခဲ့တာပါ၊ ကျွန်တော်မျိုး အပြစ်ရှိကြောင်း ဝန်ခံပြီး အပြစ်ဒဏ်ခံယူဖို့ ဆန္ဒရှိပါတယ်”

“မင်းရဲ့ပေါ့ဆမှုကို ငါပြောနေတာမဟုတ်ဘူး”

ဧကရာဇ်ရွှမ်က စဉ်းစားဟန်ဖြင့် တွေးတွေးဆဆပြောလိုက်သည်။

“အိမ်ရှေ့စံမင်းသားက သုံးရက်ဆက်တိုက် နံနက်ခင်းညီလာခံ မတက်တာကို မင်းသိသလား”

စုန့်လီချင်း ခေါင်းမော့လိုက်စဥ် မျက်စိထောင့်မှ ကျွင်းချီယွိ၏ ပုန်ကန်လိုသော မျက်နှာကို မြင်လိုက်ရသည်။

သူ ကျွင်းချီယွိကို နေ့တိုင်း မနက်ငါးနာရီမထိုးခင်အမှီ ရေချိုးအဝတ်အစားလဲပေး၍ ရထားလုံးပေါ် ပို့ပေးခဲ့တာပဲမဟုတ်လား။

ကျွင်းချီယွိက ညီလာခံမတက်ဘူးဆိုရင် ဘယ်ကိုသွားတာလဲ။

“ကျွန်တော်မျိုး… မသိပါဘူး”

ဧကရာဇ်ရွှမ် နှာမှုတ်လိုက်ပြီး ပြောလာခဲ့သည်။

“သူ ချင်လျန်အပျော်အိမ်နဲ့ ကျင်းလျန်အပျော်အိမ်ကို နေ့တိုင်းသွားတယ်၊ အဲဒီမှာ မီးရှူးမီးပန်းပွဲတွေရှိတော့ သူအနှစ်သက်ဆုံးကျွန်ကို ခေါ်သွားပြီး ပြတယ်၊ ပျော်ပါးတယ်၊ မင်းမသိဘူးလား”

“ကျွန်တော်မျိုး……”

စုန့်လီချင်းအနေဖြင့် ဒီလိုအရာများကို သိရှိရန် နည်းလမ်းမရှိပေ။ ကျွင်းချီယွိက နေ့တိုင်းသူအပြင်သွားလျှင် သူနောက်သို့လိုက်ခွင့်မပြုသလို ချီလင်အိမ်တော်တစ်ခုလုံးကလည်း ကျွင်းချီယွိ လူတွေပဲမို့လို့ သူ့ဆီဘယ်လိုလုပ် သတင်းရောက်ပါ့မလဲ။

ဧကရာဇ်ရွှမ် သက်ပြင်းချလိုက်သည်။

“မင်းက အိမ်ရှေ့စံမိဖုရားလေ၊ အဲဒီရာထူးကို ယူထားတယ်ဆိုရင် အိမ်ရှေ့စံမင်းသားကို ကူညီရမယ် သူ့ကို တစ်နေကုန် အချိန်ဖြုန်းခိုင်းလို့မဖြစ်ဘူး၊ ဒါပေမယ့် မင်းက သူ့ရဲ့နေ့စဉ်သွားလာလှုပ်ရှားမှုတွေကိုတောင် မသိဘူး သူက အပြင်ထွက်ပျော်ပါးတဲ့ အချိန်တွေမှာဆိုရင် အရမ်းရိုင်းစိုင်းတယ်၊ ဒါတွေကိုလည်း ငါကမင်းကို ပြောပြနေရတယ် မင်းစိတ်ကိုရော အိမ်ရှေ့စံအပေါ် ထားရဲ့လား”

စုန့်လီချင်း သူ၏နှုတ်ခမ်းကို ဖိကိုက်ကာ ဆူပူကြိမ်းမောင်းခြင်းကို နာခံလိုက်သည်။

“နောက်ဆိုရင် ကျွန်တော်မျိုးရဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်၊ အိမ်ရှေ့စံကို ကူညီစောင့်ရှောက်ပေးပြီး အိမ်ရှေ့စံရဲ့ ဂုဏ်သတင်းကို မထိခိုက်စေရပါဘူး”

ဧကရာဇ်ရွှမ် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော စုန့်လီချင်းကို ကြည့်လိုက်ရာ ပါးပါးလျလျလေးဖြင့် ပုံလျက်သား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကျွင်းချီယွိက ခေါင်းမာသူဖြစ်ကြောင်း၊ စုန့်လီချင်းရဲ့ နှိမ့်ချနာခံတတ်တဲ့ စိတ်နဲ့ဆိုရင် ကျွင်းချီယွိကို ထိန်းချုပ်နိုင်မှာဟုတ်ကြောင်း သူ့စိတ်ထဲတွင် သိနေတာကြောင့် ဆက်ပြီး အပြစ်မတင်တော့ပေ။

“ကောင်းပြီ၊ မင်းထပါ အိမ်ရှေ့စံက မာနကြီးပြီး ပျော်ပါးတတ်တယ်၊ မင်းသူ့ကို အများကြီးသည်းခံရမှာပဲ မင်းတစ်ခုခု မကျေနပ်တာရှိရင် ငါ့ကိုပြေလို့ရတယ်၊ ငါမင်းအတွက် ဆုံးဖြတ်ပေးမယ်”

စုန့်လီချင်း ထလိုက်သည့်အချိန်တွင် သွေးအားနည်းပြီး မူးနောက်နောက် ဖြစ်နေသော်လည်း သူ့ဂုဏ်သိက္ခာကို အထိခိုက်မခံနိုင်တာကြောင့် မတ်မတ်ရပ်လိုက်သည်။

“ကျွန်တော်မျိုးက အိမ်ရှေ့စံထက် နှစ်နှစ်ပိုကြီးပါတယ်၊ အိမ်ရှေ့စံကို ဂရုစိုက်ရမှာ ကျွန်တော်မျိုးရဲ့ တာဝန်ပါ၊ ကျွန်တော်မျိုး မကျေနပ်တာ မရှိပါဘူး”

“ပြောရရင် မင်းက ငါကိုယ်တိုင် ရွေးချယ်ထားတဲ့ အိမ်ရှေ့စံရဲ့ အခြွေအရံပဲ ကျွင်းချီယွိက နန်းတော်ပြန်ရောက်ပြီးနောက်ပိုင်း စာတစ်လုံးတောင် မဖတ်ဘူး၊ ပြည်ထောင်အားလုံးရဲ့ စားသောက်ဧည့်ခံပွဲပြီးရင် သူ့ကို ယဉ်ကျေးရည်မွန်လာအောင် ကျောင်းတော်ကိုလွှတ်မယ်၊ မင်းလည်း သူ့နဲ့အတူ လေ့လာလို့ရတယ် သူနဲ့အနီးကပ်နေ”

ဧကရာဇ်ရွှမ်၏ စကားဆုံးသည်နှင့် ကျွင်းချီယွိမျက်နှာမှာ မပျော်မရွှင်ဖြစ်သွားသည်။

“ခမည်းတော်! ကျွန်တော်က သုံးနှစ်သားမဟုတ်တော့ဘူး၊ ကျွန်တော် အဖော်မလိုဘူး သူ ကျွန်တော့်ဘေးနားမှာရှိနေရင် လမ်းပိတ်နေရုံပဲရှိမှာ”

ဧကရာဇ်ရွှမ်က မျက်နှာမသာမယာဖြစ်သွားပြီး ကျွင်းချီယွိအား အော်လိုက်သည်။

“မင်းကို ထိန်းချုပ်ဖို့ တစ်ယောက်ယောက် လိုကို လိုလို့ပဲ! သူက နောင်အနာဂတ်မှာ မင်းနဲ့အတူ ပလ္လင်ပေါ်ကို လိုက်ပါပြီး ကမ္ဘာလောကကို အတူတကွ ပေါင်းစည်းမယ့်သူပဲ၊ မင်း သူနဲ့တောင် အနီးကပ်မနေဘူးဆိုရင် မင်းအနှစ်သက်ဆုံး ကျွန်နဲ့အတူတူ နေပြီးတော့ ကိုယ့်အရှက်ကို ခွဲချင်နေတာလား”

ကျွင်းချီယွိက ဘာမှပြန်မပြောသော်လည်း တစ်ဖက်သို့ ခေါင်းလှည့်သွားပြီးနောက် ပို၍ပင် ပုန်ကန်သော အမူအရာဖြစ်သွားသည်။

စုန့်လီချင်းမှာမူ ဧကရာဇ်ရွှမ်၏ ရည်ရွယ်ချက်ကို သိသည်။ ပြောရလျှင် သူတို့နှစ်‌ယောက်၏ အချစ်က ကျောင်းတော်မှ စတင်ပေါက်ဖွားလာသောကြောင့် သူတို့ ယခင်လို ပြန်လည်ချင်ခင်လာအောင် အခွင့်အလမ်း ဖန်တီးပေးခြင်းဖြစ်သည်။

သို့သော် ကျွင်းချီယွိမှာ အသိအမှတ်မပြုဘဲ ကန့်လန့်တိုက်နေသည်ကတော့ ကံဆိုးလှသည်။

“လီချင်း၊ မင်းတို့ စုန့်မိသားစုရဲ့ သူရဲကောင်းနှစ်ဦးစလုံးက ငါ့အတွက် နန်းတွင်းမှာ အမှုထမ်းနေတာကို ငါအရမ်း ဝမ်းသာတယ်”

ဒါက ခုနကမျက်နှာဖြတ်ရိုက်တာအတွက် ပြန်‌နှစ်သိမ့်တဲ့ အချိုလေးပဲ။ ဘုရင့်အတွက်တော့ အကျိုးအမြတ်အတွက်ပြောတဲ့ ယဉ်ယဉ်ကျေးကျေး စကားလေးပေါ့။

“ကျေးဇူးတင်ပါတယ် အရှင်လုံအန်း”

“ဒါနဲ့ မင်းလည်း ကျွင်းချီယွိနဲ့အတူ ပြည်ထောင်ပေါင်းစုံပွဲတော်ကို တက်ရမယ်၊ သူက အမြဲတမ်း အထက်စီးဆန်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရမှန်းမသိဘူး၊ မင်းသူ့ကို သတိပေးရမယ်”

ဧကရာဇ်က စုန့်လီချင်းကို နောက်ထပ်အမိန့်တစ်ခု ထပ်မံပေးအပ်ခဲ့သည်။

ထို့နောက် ကျွင်းချီယွိသည် စုန့်လီချင်းကို နှစ်ရက်တိတိ ပစ်ပယ်ထားခဲ့ပြီး ညဘက်တွင်တောင် အပြင်ထွက်ကာ ပျော်ပါးနေသည်။ စုန့်လီချင်းမှာ စိတ်ဓာတ်ကျနေသော်လည်း အိပ်ရာပေါ်တွင် နားနေနိုင်ခဲ့ပြီဖြစ်ပြီး နောက်ဆုံးတော့ အနည်းငယ် ပြန်လည်ကျန်းမာလာကာ မျက်နှာအသွေးအရောင်လည်း ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်သည်။

ဝမ်ကော်ပွဲတော်နေ့တွင် သူသည် သာမန်နန်းတွင်းဝတ်စုံကိုသာ ဝတ်ဆင်ထားခဲ့သော်လည်း သူတံခါးဖွင့်လိုက်တော့ ကျွင်းချီယွိနှင့် ဟူနွီအာတို့က ဝတ်စားပြင်ဆင်ပြီးနေပြီဖြစ်ပြီး ရထားလုံးပေါ်တက်ရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။

ဟူနွီအာက ကျင်းကော်ပြည်မကြီး၏ ဝတ်စုံများကို ပြောင်းလဲဝတ်ဆင်ထားသည်။ သို့သော် တင့်တယ်လှပသော ဝတ်ရုံတစ်ခုလုံးကို လျော့တိလျော့ရဲ ဝတ်ဆင်ထားရာ ညှပ်ရိုးများပေါ်နေပြီး ဦးခေါင်းပေါ်ရှိ ရွှေ၊ ငွေ၊ ပုလဲနှင့် မြရတနာများကလည်း မျက်စိကျိန်းစရာကောင်းလှသည်။

စုန့်လီချင်းသည် ချဉ်းကပ်ကာ မေးလိုက်သည်။

“ချီယွိ၊ သူရော လိုက်မှာလား”

ဟူနွီအာက ကျွင်းချီယွိမဖြေခင် နူးညံ့သိမ်မွေ့သောလေသံဖြင့် ပြန်ဖြေလာသည်။

“သခင်က ကျွန်တော့်ကို ပျော်စရာတွေပြမယ်လို့ ကတိပေးထားတယ်၊ ဒီနေ့ ပြည်ထောင်ပေါင်းစုံက နန်းတော်ကို လာကြမှာဆိုတော့ ဟူနွီအာလည်း ကမ္ဘာကြီးကို မြင်ချင်တယ်၊ အိမ်ရှေ့စံမိဖုရားက ခွင့်မပြုဘူးလား”

“လိုက်မလိုက်က သူဆုံးဖြတ်ရမှာ”

ကျွင်းချီယွိက အေးစက်စက်ပြောကာ ဟူနွီအာကို ရထားလုံးထဲ ခေါ်သွားသည်။

နန်းတော်ကိုသွားသည့် လမ်းတစ်လျှောက်လုံး ကျွင်းချီယွိက စုန့်လီချင်းကို ဘာတစ်ခွန်းမှ မပြောဘဲ ဟူနွီအာကိုပဲ လျှောက်ပတ်ခေါ်သွားရာ ဟူနူအာသည်လည်း တစ်ချိန်လုံး ကလူ၏သို့မြှူ၏သို့ အပြုံးမျိုးဖြင့် ပြုံးနေခဲ့သည်။ စုန့်လီချင်းသည် အနောက်မှ တိတ်တိတ်ကလေးသာ လိုက်သွားလိုက်သည်။

ဝမ်ကော်ပွဲတော်ကို ညီလာခံခန်းမတွင် ကျင်းပသည်။ ကျင်းကော်၏ လူမျိုးအင်အားမှာ ကြီးမားလှ၍ လောကကို လှုပ်ခတ်စေသည်။ လက်အောက်ခံနိုင်ငံများအားလုံး နန်းတော်သို့ လာရောက်ကြသည်။ သံတမန်များသည်လည်း ပွဲတော်၌ နေရာယူထားကြသည်။ ရွှေခွက်ဝိုင်ခွက်များနှင့် ကျောက်စိမ်းဟင်းလျာများက အဆိုအကများနောက်တွင် လိုက်ပါလာသည်။

စုန့်လီချင်းနှင့် ကျွင်းချီယွိတို့သည် စားပွဲတစ်ခုတည်းတွင် ထိုင်ရပြီး ဟူနွီအာကတော့ စားပွဲဘေးတွင်သာ ထိုင်ခွင့်ရကာ ခစားနေရသည်။

သို့သော် ကျွင်းချီယွိသည် စုန့်လီချင်းနှင့် တမင်တကာ ဝေးဝေးနေနေပြီး ဟူနွီအာနှင့် တိုးတိုးတိတ်တိတ် စကားပြောနေသည်။ သူတို့နှစ်‌ယောက်မှာ ပျော်ပျော်ရွှင်ရွှင် စကားစမြည် ပြောနေကြပြီး ဟူနွီအာကို အလိုလိုက်သည့်အနေဖြင့် သူ့ခွက်ထဲကဝိုင်ကိုပင် သောက်ခွင့်ပေးထားရာ သူတို့နှစ်ဦးမှာ ချစ်သူစုံတွဲကဲ့သို့ ဖြစ်နေကြသည်။

စုန့်လီချင်းမှာ ဘယ်တုန်းကမှ အရက်မသောက်ခဲ့သော်လည်း ယခုအခါတွင်တော့ ဖန်ခွက်ထဲရှိဝိုင်ကို တစ်ကျိုက်တည်းမော့ချလိုက်ရာ လည်ချောင်းနာသွားသောကြောင့် ပါးစပ်အုပ်၍ ချောင်းဆိုးလိုက်သည်။ ထိုစဉ် တခြားတစ်ဖက်မှ စူးစမ်းသော အကြည့်ကို ခံစားလိုက်ရသည်။

ပေရှင်းရှု၏ ထိုင်ခုံမှာ ကျွင်းချီယွိ၏ မျက်နှာချင်းဆိုင်တည့်တည့်တွင် ရှိသည်။

သူက မင်းသားတစ်ပါးဖြစ်ပြီး ပြည်ထောင်အသီးသီးမှ သံတမန်များကြားတွင် မြင့်မားသော အဆင့်အတန်းရှိရာ အိမ်ရှေ့စံမင်းသားနှင့် မျက်နှာချင်းဆိုင်တွင် နေရာချထားခံရသည်။

ပေရှင်းရှု၏အကြည့်မှာ ပြင်းထန်ပြီး စုန့်လီချင်းကို ရဲရဲတင်းတင်း စူးစိုက်ကြည့်နေသည်မှာ အရာအားလုံးကို သူ့မျက်လုံးထဲ ထည့်သွင်းလိုဟန်ပင်။

စုန့်လီချင်းသည် မသက်မသာ ခေါင်းညိတ်လိုက်ပြီး ပေရှင်းရှု၏ စိတ်အားထက်သန်လှသည့် အကြည့်ကို ရှောင်ဖယ်လိုက်သည်။

ပေရှင်းရှုသည် သူအကြည့်လွှဲလိုက်ခြင်းကို ဂရုမစိုက်ဘဲ ပြုံးပြုံးလေး ခွက်မြှောက်လိုက်သည်။

“အိမ်ရှေ့စံမင်းသားက တကယ်လှပတဲ့သူကို ပိုင်ဆိုင်ထားတာပဲ၊ ကျွန်တော်တကယ် မနာလိုဖြစ်ရပါတယ် ဟားဟား”

ကျွင်းချီယွိက ယဉ်ကျေးသမှုဖြင့် သူနှင့်အတူ တစ်ခွက်သောက်လိုက်သည်။

သူ ဟူနူအာ၏ မေးစေ့ကို ထပ်မံကျီစယ်လိုက်ပြီး ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ကျွန်က အနောက်ပိုင်းဒေသမှာဆိုရင် တစ်သောင်းမှာတစ်ယောက်မရှိတဲ့ အလှလေးလေ၊ ရောင်ရင်းပေ၊ ကောင်းကောင်းပျော်ကြရအောင်ပါ”

“ဟုတ်တာပေါ့၊ အိမ်ရှေ့စံက အရမ်းကံကောင်းတာပဲ”

ပေရှင်းရှု ပြုံးလိုက်သည်။ သူရည်ညွှန်းသော အလှလေးဆိုသည်မှာ ထိုတစ်ယောက်မဟုတ်။

သူ စားပွဲသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် စုန့်လီချင်းတို့ သုံးဦးကို သူလေ့လာကြည့်ရှုလိုက်သည်။ ကျွင်းချီယွိနှင့် ဟူနွီအာတို့နှစ်ယောက်သားမှာ ပျော်ပျော်ရွှင်ရွှင် စကားပြောနေသည်ကို တွေ့ရသဖြင့် သူသည် အလွန်အံ့သြမိသည်။

သို့သော် စုန့်လီချင်း၏ မျက်လုံးများတွင်တော့ ညှိုးငယ်မှုများ ပြည့်နှက်နေပြီး ဘေးတစ်ဖက်တွင် ထိုင်နေသော သူ၏ အထီးကျန်ပြီး ပင်ပန်းနွမ်းနယ်နေသော ပုံစံလေးက သူ့နှလုံးသားထဲ သနားကြင်နာစိတ်များ ယိုဖိတ်လာ‌စေခဲ့သည်။

ချစ်ကြင်နာလိုစိတ်များကလည်း ထိန်းမနိုင်သိမ်းမရ ပေါက်ဖွားလာခဲ့သည်။

တစ်ချိန်တည်းမှာပင် အလွန်အမင်း မနာလိုလည်းဖြစ်မိသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment