Chapter 2
စုန့်လီချင်း ဘုမသိဘမသိနဲ့ပဲ အထဲကို၀င်လိုက်သည်။
“စေ့စပ်တာဟုတ်လား၊ ကျွန်တော်မျိုးဘယ်တုန်းက…အရှင့်သားနဲ့ စေ့စပ်ဖူးလို့လဲ”
“ဟန်ဆောင်မနေစမ်းပါနဲ့!”
ကျွင်းချီယွိ သူ့ရဲ့စိတ်ရှုပ်နေတဲ့ မျက်နှာပေါ်မှာ အပြစ်အနာအဆာ တစ်ခုခုရှာဖို့ လုပ်လိုက်သည်။
စုန့်လီချင်းက ခေါင်းခါပြီး
“အရှင့်သားပြောနေတဲ့ စေ့စပ်ပွဲအကြောင်းကို ကျွန်တော်မျိုးတစ်ခါမှ မကြားဖူးဘူး”
ကျွင်းချီယွိရဲ့ စိတ်ရှည်သည်းခံမှုက ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ သူအခု ပညာ့ဗိမာန်ခန်းမရှေ့မှာသာ မဟုတ်ရင် နေရာမှာတင် တိုက်ခိုက်ပြီးနေပြီ။
“ခမည်းတော်က ငါ့ကိုပေကျင်းပြန်ခေါ်ပြီး မင်းကိုငါနဲ့ ထိမ်းမြားပေးဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ တော်၀င်အမိန့်စာအကြောင်း ပြောခဲ့တယ်။ အဲ့လိုဖြစ်လာဖို့ မင်းမြို့တော်မှာ လှုံ့ဆော်ထားတာမဟုတ်လား။ ဧကရာဇ်ကို တွန်းအားပေးဖို့ကျ သတ္တိရှိပြီး ကိုယ့်လုပ်ရပ်ကိုယ် ၀န်ခံဖို့ကျ သတ္တိမရှိဘူးလား။ မင်းဘာလို့ ဘာမှမသိသလို အပြစ်ကင်းချင်ယောင် ဆောင်နေရတာလဲ!”
စုန့်လီချင်းမှာ ဘာမှတောင် ပြန်မငြင်းနိုင်ရှာပေ။ သူဧကရာဇ်ကို နန်းတော်စာမေးပွဲမှာ တစ်ခါတွေ့ဖူးရုံကလွဲပြီး ဧကရာဇ်နဲ့ စကားတောင်မပြောဖူးဘူး။
သူဆွံ့အသွားတာကို မြင်လိုက်ရတော့ ကျွင်းချီယွိက သူလုပ်ခဲ့တာလို့ ထင်သွားသည်။
“ဘာမှပြောစရာ မရှိတော့ဘူးလား။ မင်းဘယ်လိုသတ္တိနဲ့များ ဒီလိုလုပ်ရဲတာလဲတော့ ငါမသိဘူး။ လွန်ခဲ့တဲ့ဆယ်နှစ်က အတန်းဖော်သံယောဇဉ်ကြောင့် မင်းကိုငါက သဘောကျလိမ့်မယ်လို့ ထင်နေတာလား။ အိပ်မက်မက်နေလိုက်!”
စုန့်လီချင်းပါးစပ်ဟလိုက်တော့ ဖော်မပြနိုင်တဲ့ ခါးသီးမှုတွေ ပွင့်အံကျလာသည်။
သူတစ်ချိန်လုံး တန်ဖိုးထားခဲ့ရတဲ့ အမှတ်တရတွေက ကျွင်းချီယွိအတွက်တော့ ဘာတန်ဖိုးမှ မရှိတဲ့ပုံပင်။
“မဟုတ်ပါဘူး၊ ကျွန်တော်မျိုးတကယ် အရှင်မင်းမြတ်ကို လက်ထပ်ပေးဖို့ မပြောခဲ့ပါဘူး။ ကျွန်တော်မျိုးမှာ ဘယ်လိုလုပ် အဲ့လိုအရည်အချင်းမျိုး ရှိမှာ…”
“မင်းကိုယ်မင်းသိရင် ပြီးတာပဲ”
ကျွင်းချီယွိက အေးစက်နေတဲ့လေသံနဲ့ စကားဖြတ်ပြောလိုက်သည်။
“မင်းမလုပ်ခဲ့ဘူးဆိုရင်တော့ ရပြီ။ ခမည်းတော် ဒီကိစ္စကို ပြောလာခဲ့တဲ့အချိန်ကျ မင်းကလေးဘ၀က ချိုမြိန်မှုလေးတွေကို ဆက်ထိန်းသိမ်းထားချင်သေးရင် မင်းငါ့ကိုငြင်းတာ ကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ ဒီနေ့လိုမျိုး လမ်းပေါ်မှာ မျက်နှာပျက်ရုံနဲ့ပြီးသွားမှာ မဟုတ်ဘူးနော်!”
စကားဆုံးသွားတော့ ကျွင်းချီယွိက စုန့်လီချင်းရဲ့ အဖြေကိုတောင် မစောင့်ဘဲ ထွက်သွားခဲ့သည်။
“အရှင့်သား!”
စုန့်လီချင်း သူ့နောက်ကအသံကိုကြည့်လျက် ပြောလိုက်သည်။
“ကျွန်တော်မျိုးနဲ့ လက်ထပ်ရတာကို…ဒီလောက်တောင် စက်ဆုပ်တာလား။ စက်ဆုပ်လွန်းလို့…မြို့တော်ကို ပြန်ရောက်ရောက်ချင်း မေးခွန်းတွေ မမေးရမနေနိုင် ဖြစ်နေတာလား”
“ဟုတ်တယ်”
ကျွင်းချီယွိက ခေါင်းမလှည့်လာဘဲ
“ငါအစက်ဆုပ်ဆုံးအရာက တစ်ယောက်ယောက်က ကောက်ကောက်ကျစ်ကျစ်နဲ့ လက်ထပ်ပွဲလို ကိစ္စမျိုးကိုတောင် အရောင်းအ၀ယ်လိုမျိုး သဘောထားတာပဲ။ ငါ့ကိုစိတ်မပျက်စေနဲ့”
စုန့်လီချင်းရဲ့ အရိပ်ကလေးမှာ စိတ်ဓာတ်ကျသလိုပုံနဲ့ ညှို့မှိုင်းနေပြီး ကြီးမားလှတဲ့ နန်းတော်ကြီးထဲမှာ ထီးထီးတည်းကျန်ရစ်ခဲ့သည်။
မင်းရဲ့စိတ်ထဲမှာ ငါကဒီလိုလူမျိုး ဖြစ်နေခဲ့တာလား။
ဒီလိုမျိုး ဖြစ်နေလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး။
…
အနောက်မြောက်ပိုင်းတပ်ဖွဲ့ရဲ့ မြို့တော်ကို ပြန်ရောက်လာမှုက အဓိကဦးစားပေးဖြစ်ပြီး အိမ်ရှေ့မင်းသားနဲ့ ဗိုလ်ချုပ်တို့နှစ်ယောက် သူတို့ရဲ့တာ၀န်ကို လျှောက်တင်တာကတောင် နှစ်နာရီကြာမြင့်သည်။
အိမ်ရှေ့စံမင်းသားက သူ့ရဲ့လေ့ကျင့်ရေးမှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ဧကရာဇ်က သဘာ၀ကျကျနဲ့ပဲ အလွန်ပျော်နေခဲ့ပြီး နန်းတော်တစ်ခုလုံးလည်း အပျော်တွေနဲ့ ပြည့်နှက်နေသည်။ ဒီလိုအခြေအနေလေးက ဗိုလ်ချုပ်ကို ဆုတော်လာဘ်တော် ချီးမြှင့်ဖို့ပြောလိုက်တဲ့ အချိန်မှာ ရုတ်တရက် လေထုက အေးစက်သွားခဲ့သည်။
ဧကရာဇ်ရွှယ်က အထွတ်မြတ်ဆုံးနေရာမှာ ထိုင်နေပြီး မြင့်မြတ်ခန့်ညားလှတဲ့ နဂါးမျက်နှာ၊ နက်ရှိုင်းလှသောအသံက လူတွေကို ရဲရဲမော့မကြည့်ရဲအောင် ဖြစ်စေသည်။
“စုန့်အိုက်ချင်းက ဒီနှစ်တွေမှာ အနောက်ဘက်ဒေသမှာ အောင်မြင်မှုအကြီးစားတွေ ဆွတ်ခူးနိုင်ခဲ့တယ်။ ဒါတွေကို ငါ့ကိုယ်တော်ရဲ့စိတ်ထဲမှာ အမြဲအမှတ်ရနေခဲ့တယ်။
အရပ်ဘက်နဲ့စစ်ဘက်က မှူးမတ်သေနာပတိတွေအကုန် အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြသည်!
။။။။က နိုင်ငံတော်စတည်ထောင်ကတည်းက နိုင်ငံတော်ရဲ့ ပထမဆုံး မြို့စားမင်းဖြစ်ခဲ့တယ်! ပြီးတော့ မျိုးရိုးအစဉ်အဆက်လည်း ဒီနေရာက မပြောင်းလဲသွားဘူး! ။။။။သာ ဒီမှာရှိနေသရွေ့ စုန့်မိသားစုရဲ့ ဂုဏ်သတင်းက မကျဆင်းတော့ဘူး။ ဒီထက်ပိုမြင့်တဲ့ ရာထူးဂုဏ်ပုဒ်ကို ထပ်စဉ်းစားလို့ မရတော့ဘူး။ ညီလာခံထဲက အရာရှိတွေမှာ မနာလိုရလွန်းလို့ သွားတောင်ကိုက်နေပြီ။
စုန့်ချင်းက ကမန်းကတန်းဒူးထောက်ပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။
ဧကရာဇ်ရွှယ်က သူ့လက်ကိုမြှောက်လျက်
“မင်းငါ့နောက်ကို လိုက်ခဲ့တာ အခုဆိုရင် နှစ်ပေါင်းများစွာကြာခဲ့ပြီ။ မင်းစစ်မြေပြင်မှာပဲမွေးပြီး စစ်မြေပြင်မှာပဲ အဆုံးသတ်သွားလိမ့်မယ်။ မင်းကငါနဲ့ သွေးသားမတော်စပ်ပေမယ့် ငါ့အတွက်တော့ ညီအစ်ကိုရင်းထက် ပိုတယ်။ အတိတ်အတွက်တော့ စိတ်မကောင်းပါဘူး။ မင်းကကိုယ်တော့်အတွက် နိုင်ငံတော်ကို ကာကွယ်ပေးခဲ့တယ်။ ပြီးတော့ မင်းမိသားစုနဲ့ ဆယ်နှစ်တစ်ခါတောင် ဆုံဖို့ခက်တော့ ဒီတစ်ကြိမ်မှာတော့ ကောင်းကောင်းအနားယူ။ ဗိုလ်ချုပ်ရဲ့ တာ၀န်တွေကို လွှတ်ချပြီး မိသားစုနဲ့တူတူ ဖြတ်သန်းပါ”
ညီလာခံတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဧကရာဇ်စကားတွေရဲ့ အဓိကအချက်ကတော့ စုန့်ချင်းရဲ့ စစ်အင်အားကိုရုတ်သိမ်းပြီး တခြားတစ်ယောက်ကို လွှဲပြောင်းပေးရန်ပဲဖြစ်သည်။
စုန့်ချင်းက ဦးညွှတ်ကာ
“ကျွန်တော်မျိုးမှာ ရန်သူတွေကို နှိမ်နင်းတာကလွဲပြီး တခြားလုပ်စရာ မရှိပါဘူး။ စသ်တပ်ကို ဦးဆောင်ခွင့်ပေးတာက ကျွန်တေယ်မျိုးအတွက် အကြီးမားဆုံးသော ကရုဏာပါ…”
စုန့်ချင်းက သူ့ဘ၀တစ်လျှောက်လုံးကို စစ်မြေပြင်မှာ ကုန်ဆုံးခဲ့တာဖြစ်ပြီး ဆက်လက်ပြီးလည်း စစ်မြေပြင်မှာ တိုက်ခိုက်ရင်း ကုန်ဆုံးသွားချင်သည်။
“ဟေး”
ဧကရာဇ်က စကားဖြတ်ပြောလိုက်ပြီူ တစ်ခုခု သတိရသွားသလိုပုံစံနဲ့
“ငါအခုမှ သတိရတယ် မင်းရဲ့စွမ်းရည်က တကယ်အံ့ဩစရာပဲ။ သူက နန်းတော်စာမေးပွဲမှာ ထိပ်ဆုံးအဆင့်နဲ့ အောင်တယ်လေ။ မင်းတို့သားအဖနှစ်ယောက်လုံး စကားတစ်လုံးမှ မပြောရသေးဘူးမလား။ ရှင်းခဲ့ထန်ဟွားကရော ဘယ်မှာလဲ”
စုန့်လီချင်း ညီလာခံခန်းမအဆုံးက ထောင့်နားကနေ ထွက်လာပြီး ခေါင်းငုံ့အရိုအသေပေးလိုက်သည်။
“စုန့်လီချင်း ဧကရာဇ်ကို ခစားပါတယ်”
ဧကရာဇ်ရွှယ်ရဲ့ မျက်နှာပေါ်မှာ ရင်းနှီးဖော်ရွေတဲ့ အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။
“ထပါ၊ တကယ် ချောမောခန့်ညားတာပဲ။ ငါကိုယ်တော်မင်းကို ကလေးကတည်းက သဘောကျခဲ့တာ။ ငါ့မှာ မင်းလိုသားမျိုးရှိတာ တကယ်ကံကောင်းတာပဲ။ ငါကိုယ်တော်တကယ် မနာလိုဖြစ်ရတယ်။ ငါ့ကိုယ်တေယ်ရဲ့ ပုန်ကန်လွန်းတဲ့ သားလေးကတော့ ဓားတွေသေနတ်တွေ ဝှေ့ရမ်းကိုင်တွယ်ရတာကိုပဲ သဘောကျတာ တကယ်၀မ်းနည်းစရာပဲ။ ဒင်းကတကယ့် အရိုင်းအစိုင်းလေး”
ဒါတွေက ဧကရာဇ်ရွှယ်ရဲ့ နှိမ့်ချစကားတွေထက် မပိုပေ။ စုန့်လီချင်း ကပျာကယာ ပြန်ပြောလိုက်သည်။
“အရှင့်သားက ကောင်းကင်ဘုံက ကောင်းချီးပေးခံရတဲ့ ပါရမီရှင်တစ်ဦးပါ။ အလွတ်တရာလဲ ဉာဏ်ကောင်းပြီး အရည်အချင်းကလည်း ကျွန်တော်မျိုးထက် အဆတစ်ရာမက သာပါတယ်”
ဧကရာဇ်ရွှယ်က ကျေနပ်သွားပြီး သူ့မျက်လုံးတွေထဲမှာလည်း ချစ်ခင်မှုတွေ ပြည့်နှက်သွားသည်။
“သူက ဧကရီနဲ့ တအားတူတာ။ ဉာဏ်ကောင်းပေမယ့် ဆော့ပဲဆောပြီး ပညာသင်ဖို့ကျ ဖြုန်းတီးတယ်။ မင်းတို့နှစ်ယောက်က ငယ်ငယ်တုန်းက ငယ်သူငယ်ချင်းတွေဆိုတာ ငါမှတ်မိသေးတယ်။ မင်းတို့ငယ်ငယ်တုန်းကဆို မမေယနိုင်မပန်းနိုင် ဆော့ခဲ့ကြတာလေ…အခုဆိုမင်းတို့တောင် လက်ထပ်ကြတော့မယ်။ အခုအချိန်က မင်းနဲ့ချီယွိကို ထိမ်းမြားပေးဖို့ အကောင်းဆုံးအချိန်ပဲ။ အခုကစပြီး မင်းကငါကိုယ်တော်ရဲ့ မိသားစု၀င် ဖြစ်လာတော့မယ်လေ၊ မကောင်းဘူးလား”
စုန့်လီချင်း အံ့ဩတကြီးနဲ့ ခေါင်းမော့ကြည့်လိုက်တော့ ဘေးနားက ကျွင်းချီယွိရဲ့ ခြိမ်းခြောက်တဲ့အကြည့်ကို သတိထားမိသွားသည်။
ဖြစ်ပျက်သွားတာတွေက မြန်လွန်းလို့ စုန့်လီချင်းမှာ စဉ်းစားချိန်တောင် မရှိလိုက်ပေ။
ဒါကိုကြည့်ပြီး ဧကရာဇ်ရွှယ်က နောက်တစ်ခွန်းထပ်ပြောလိုက်သည်။
“မင်းသာသဘောတူမယ်ဆိုရင် အနာဂတ်မှာ မင်းသားရဲ့ အဖော်ဖြစ်လာလိမ့်မယ်။ ချိယွိနဲ့လည်း နေ့ရောညပါ အတူတူနေနိုင်လိမ့်မယ်။ ဒါပေမယ့် ငါကိုယ်တော်က အောင်သွယ်တော်သက်သက်ပဲ။ မင်းသာသဘာမတူရင် ငါကိုယ်တော်လည်း ၀င်စွက်ဖက်လို့မရဘူး။ မင်းငြင်းရင်လည်း ငါကိုယ်တေယ် စိတ်မဆိုးပါဘူး။ ငါကိုယ်တော်မင်းကို အထွေထွေအုပ်ချုပ်ရေးဌာနမှာ အထွေထွေအတွင်း၀န်အနေနဲ့ ခန့်အပ်မယ်။ မင်းအရာရှိအနေနဲ့ ကိုယ်ပိုင်ရာထူးမှာ လုပ်လို့ရတယ်။ အရာအားလုံးက မင်းရွေးချယ်တဲ့ အပေါ်မှာပဲ”
ရွေးချယ်ရမယ်…
စုန့်လီချင်း ခဏလောက် လက်မခံနိုင်ဖြစ်သွားရသည်။
အာဏာအစစ်အမှန်ကို ဆုပ်ကိုင်ထားတဲ့ အဆင့်ငါး အတွင်း၀န်အရာရှိနဲ့စာရင် မင်းသားရဲ့အစေခံဆိုတာက ရာထူးတက်ဖို့ မျှော်လင့်ချက်မရှိတဲ့ အချည်းနီးအလုပ်ပဲ။ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ။
သူထိမ်းမြားဖို့ လက်ခံလိုက်ပြီး မင်းသားရဲ့အစေခံဖြစ်လာရင် သူ့အနာဂတ်ကြီးက မှုန်ဝါးသွားမှာပဲ။ ဒါပေမယ့် စုန့်မိသားစုကတော့ ဧကရာဇ်နဲ့ ဆွေမျိုးတွေဖြစ်လာပြီး တော်ဝင်မိသားစုနဲ့ ကောင်းခြင်းဆိုးခြင်းတွေကို အတူမျှဝေခံစားလို့ ရလိမ့်မယ်။ ဧကရာဇ်ရွှယ်ကလည်း သူ့ဖခင်ကိုလည်း စိတ်ချလက်ချနဲ့ စစ်အင်အားပေးလိမ့်မယ်။ အကုန်လုံးအတွက် ပျော်စရာကောင်းတဉ့ အခြအနေပဲ။
ဒါပေမယ့်ဒါက ကျွင်းချီယွိရဲ့ အမိန့်ကို့တော့ ချိုးဖောက်သလိုဖြစ်လိမ့်မယ်။
သူသာလက်ထပ်ဖို့ ငြင်းပယ်လိုက်ရင် ဧကရာဇ်ရွှယ်က သူ့အဖေကို ဗိုလ်ချုပ်ရာထူးက ဖယ်ရှားပြီး စစ်အင်အားကိုပြန်သိမ်းကာ စုန့်မိသားစုကိုလည်း တာ့တာပြသွားလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဧကရာဇ်ရွှယ်က အဖေနဲ့သားနှစ်ယာက်စလုံးကို ညီလာခံမှာ တပြိုင်နက်တည်း အရာရှိအနေနဲ့ စိတ်ချလက်ချထားမှာ မဟုတ်ဘူး။
စုန့်လီချင်း ဝေခွဲမရဖြစ်နေလေသည်။
ဒီဆုံးဖြတ်ချက်က သူ့ရဲ့အရာရှိ အလုပ်အကိုင်၊ သူ့အဖေရဲ့ ဘ၀တစ်လျှောက်လုံး မြတ်နိုးခဲ့ရတဲ့ဆန္ဒ၊ စုန့်မိသားစုရဲ့ ဂုဏ်သတင်းနဲ့ နန်းတွင်းရေး အတက်အကျတွေနဲ့ သက်ဆိုင်နေသည်။
ဒါကသူ့ရွေးချယ်မှု မဟုတ်ဘူး။ သူက ။။။ရဲ့ ရွေးချယ်မှုကို ဆုံးဖြတ်ပေးရုံသက်သက်ပဲ။
ဘယ်လမ်းပဲရွေးရွေး အဆုံးသတ်က မကောင်းဘူး။ ဘာမှလည်း ရွေးချယ်စရာမရှိဘူး။
အခုလက်ထပ်ခြင်းက အာဏာပေါင်းစည်းမှု သက်သက်ပဲ။ အချစ်ကတော့ မရှိလည်းဖြစ်တဲ့ အသုံးအဆောင် ပစ္စည်းလိုပဲ။
ကျွင်းချီယွိ ဒီလောက်စက်ဆုပ်နေတာကို မအံ့ဩတော့ဘူး!
သူ့လိုလွတ်လပ်တဲ့ ယောက်ျားတစ်ယောက်က သူ့အိမ်ထောင်ရေးကို တခြားသူတွေက လာခြယ်လှယ်တာ ဘယ်သည်းခံနိုင်ပါ့မလဲ။
ဧကရာဇ်ရဲ့ အာဏာရှေ့ရောက်တော့ ကိုယ့်ရဲ့ကိုယ်ပိုင်ဆန္ဒတွေက ဘာမှအရေးမပါတော့ဘူး။
ကျွင်ူချီယွိရဲ့ ဖိအားပေးတဲ့ အကြည့်တွေကို စုန့်လီချင်း မျက်စိထောင့်ကနေ လှမ်းမြင်လိုက်ရတယ်။
သူတော့ ကျွင်းချီယွိကို စိတ်ပျက်စေတော့မှာပဲ။
စုန့်လီချင်း လုံး၀ကြက်သေသေသွားသလို ခံစားလိုက်ရပြီး ဧကရာဇ်ကို ကျေးဇူးတင်လိုက်သည်။
“ဧကရာဇ်အန်းဟောင်ကို လက်ထပ်ပွဲချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
သေချာပေါက်ပင်၊ သူဒီးကားတွေပြောလိုက်တော့ ကျွင်းချီယွိရဲ့ အကြည့်တွေက ရွံစရာကောင်းတဲ့ အရာတစ်ခုခုကို ကြည့်နေသလိုမျိုး အလွန်အမင်း စက်ဆုပ်နေသည်။
“ဒါပေမယ့်…”
စုန့်လီချင်းရဲ့ အနီရောင်နှုတ်ခမ်းတွေ ဟလာကာ
“ကျွန်တော်မျိုးလက်ထပ်ဖို့ သဘောတူတာက အရှင့်သားကို နှလုံးသားထဲကနေ သဘောကျလေးစားလို့ပါ။ အရှင့်သားနဲ့ လက်ထပ်ပြီး ဘဝတစ်လျှောက်လုံး အတူနေဖို့ ဆန္ဒရှိရုံပါပဲ။ တခြားဘာမှ မမျှော်လင့်ပါဘူး”
အသုံးမ၀င်ပေ။
သူဘယ်လိုပဲ ရှင်းပြရှင်းပြ ကျွင်းချီယွိကတော့ မလှုပ်မယှက်ပင်။ ချစ်ခြင်းစကားတွေ ဘယ်လောက်ပဲ ချိုမြိန်ချိုမြိန် ဒီတစ်ခါမှာတော့ ဖျော့တော့ပြီး စွမ်းအားမရှိသလို ဖြစ်နေသည်။ စုန့်လီချင်းရဲ့ ကြိုးပမ်းမှုတွေက မလိုအပ်သည့် အရာတွေပင်။
ဧကရာဇ်ရွှမ်က အလွန်ကျေနပ်သွားပြီး သူ့အပြုံးက ပိုပိုကြီးလာတယ်။ “မင်းတို့အချင်းချင်း ချစ်ခင်ကြင်နာကြပြီး သူလည်း စိတ်ဝင်စားလာရင်တော့ ပိုကောင်းတာပေါ့။ မင်းလိုကောင်းတဲ့လူကို ဖူးစာရှင်အနေနဲ့ ပိုင်ဆိုင်ခွင့်ရတာ အိမ်ရှေ့စံရဲ့ ကံကောင်းခြင်းပဲ။ စိတ်မပူနဲ့၊ ငါကိုယ်တော် မင်းတို့အတွက် လက်ဆောင်အကြီးကြီးတစ်ခုကို စီစဉ်ပေးမယ်။ မင်းဘယ်တော့မှ မသိမ်ငယ်စေရဘူး…”
“ခဏ!”
ကျွင်းချီယွိ တစ်ယောက်တည်းပဲ ဧကရာဇ်ရွှမ်ကို ဒီလောက်အသံအကျယ်ကြီးနဲ့ ကြားဖြတ်ပြောရဲသည်။
“ခမည်းတော်”
ကျွင်းချီယွိက ပြတ်ပြတ်သားသား ပြောသည်။
“ကျွန်တော် သဘောမတူဘူး”
စုန့်လီချင်း သူ့ကိုကြည့်လိုက်မိသည်။ အံ့ဩသွားခြင်းတော့ မရှိပေ။
ဧကရာဇ်ရွှမ်ရဲ့ မျက်ခွံတွေက အနည်းငယ် လှုပ်ရှားသွားသည်။
“ဘာဖြစ်လို့လဲ”
ကျွင်းချီယွိက ဧကရာဇ်ရွှမ်ကို တိုက်ရိုက်မျက်နှာချင်းဆိုင်ကာ အသံအောင်အောင်ဖြင့်
“စုန့်လီချင်းနဲ့ ကျွန်တော်က ငယ်ငယ်က ကစားဖော်တွေသက်သက်ပဲ။ ပြီးတော့ သူနဲ့ ကျွန်တော်ကြားမှာ… ဘာခံစားချက်မှ မရှဲ့ဘူး။ ရှိခဲ့ရင်တောင် ကျွန်တော်က အဲ့အချိန်တုန်းက ငယ်သေးလို့ပဲ။ အခုဆို မေ့တာတောင်ကြာပြီ”
သူ့စကားလုံးတိုင်းက စုန့်လီချင်းရဲ့ နှလုံးသားကို ဒဏ်ခတ်နေသလိုပင်။
ဧကရာဇ်ရွှမ်က နောက်သလိုလိုနဲ့ ပေါ့ပေါ့ပါးပါးဖြစ်အောင် လုပ်ပြောလေသည်။
“မင်းမွေးကတည်းက သူ့ကိုမလွှတ်တမ်း ဖက်ထားတာကို မေ့သွားတာ ငါနားလည်ပါတယ်။ ဒါကိုထားတော့။ နောက်ပိုင်း မင်းမှတ်မိနိုင်တဲ့ အရွယ်ရောက်တော့ မင်းသူ့ကို အတင်းတွယ်ကပ်ခဲ့တာလေ။ အဝါရောင် ပန်းပွင့်၀တ်စုံ၀တ်ထားတဲ့ ကောင်မလေးဆီကနေ ပန်းဖွားလေးကိုလုယူပြီး သူ့ကိုပေးခဲ့တာတွေရယ်၊ လမ်းတစ်လျှောက်လုံး သတို့သားလို ဟန်ဆောင်ပြီး မင်္ဂလာပွဲလုပ်တာတွေ၊ မြို့တော်အနှံ့ ရယ်စရာတွေ လျှောက်လုပ်ခဲ့တာတွေ မင်းမေ့သွားပြီလား”
ကျွင်းချီယွိက သူ့စကားကို ပြန်ပက်သည်။
“ကလေးတုန်းက လုပ်ခဲ့တဲ့ဟာတွေကို ထည့်တွက်လို့မရဘူးလေ။
အခုဆို အချိန်တွေလည်း ပြောင်းလဲသွားပြီ။ သူကအခုဆို ဘယ်လိုလူမျိုးမှန်းတောင် ကျွန်တော်မသိဘူး။ ကျွန်တော်ဘာသာ ကျွန်တော့်ရဲ့ ဖူးစာဖက်ကို ရှာဖွေပါ့မယ်”
ကလေးတုန်းက ဆော့ခဲ့တာတွေသာ ထည့်တွက်ရရင် ရေလို့တောင်ကုန်မှာမဟုတ်ဘူး…
စုန့်လီချင်းရဲ့ နှလုံးသား အက်ကွဲသွားကာ သူ့ခါးစည်းသူ လက်နဲ့ကာထားလိုက်တယ်။
အစကတော့ သူ့ခန္ဓာကိုယ်ပေါ်မှာ ဘာအဆင်တန်ဆာမှ ဝတ်ဆင်ရတာ မကြိုက်ပေမယ့် ပန်းဖွားလေးကို ရတနာတစ်ခုလို သဘောထားတာကြောင့် သူကျောက်စိမ်းဆွဲပြားနဲ့အတူ ၀တ်ဆင်ခဲ့သည်။
ဘယ်လိုလုပ်များ… မရေနိုင်ရတာလဲ။
ပန်းဖွားလေးသာမက ချစ်ခြင်းမေတ္တာသည်လည်း အိုဟောင်းပြီး အရောင်ဖျော့သွားပြီထင်ပါရဲ့။
ဧကရာဇ်ရွှမ်ရဲ့ လေသံက မာလာခဲ့သည်။
“မင်းအိမ်ထောင်ရေးဟုတ်လား။ မင်းအမှားအမှန်ကိုရော ခွဲခြားနိုင်သေးရဲ့လား။ လီချင်းက မင်းထက်ပိုပြီး အများကြီး အသိတရားရှိတယ်လို့ ငါထင်တယ်။ မင်းအတွက်သူက လုံလောက်တာထက်ကို ပိုနေပြီ။ မင်းကသာ တွယ်တက်ရမယ့်လူ”
ကျွင်းချီယွိက သရော်ပြုံးပြုံးလျက် ခေါင်းမာဆဲပင်။
“သူဒီလောက်တော်နေရင် ဘယ်သူနဲ့ဖြစ်ဖြစ် လက်ထပ်ဖို့ လွယ်လ်လေးပဲလေ။ ကျင်းကော်မှာ သူနဲ့လိုက်ဖက်တဲ့ ယောက်ျားတွေမှ အများကြီ။ ကျွန်တော်က မင်းသားဆိုတော့ သူနဲ့မလိုက်ဘူးလေ!… ဧကရာဇ်က သေချာပြန်သုံးသပ်ပြ အမိန့်ကို ရုတ်သိမ်းပေးဖို့ ကျွန်တော်မျိုး မျှော်လင့်ပါတယ်”
“အရိုင်းအစိုင်းကောင်!”
ထိုအပြစ်တင်စကားတစ်ခွန်းက အရပ်ဘက်နဲ့စစ်ဘက်က အရာရှိတွေ အကုန်လုံးကို အံ့ဩထိတ်လန့်သွားစေသည်။
ဧကရာဇ်ရွှမ်မှာ ဒီသားတစ်ယောက်တည်းပဲရှိတော့ သူ့ကို အမြဲတမ်း လက်ဖဝါးပေါ်မှာ ဥထားပြီး အကြွင်းမဲ့ အလိုလိုက်ထားသည်။ သူ့ကို အနောက်ပိုင်းဒေသကိုတောင် အင်တင်တင်နဲ့ စေလွှတ်ခဲ့ရတာဖြစ်သည်။ ဧကရာဇ်ရွှမ် အိမ်ရှေ့စံမင်းသားကို အခုလောက် ဒေါသထွက်တာ ဒါပထမဆုံးအကြိမ် ဖြစ်လောက်မယ်။
“နှစ်နည်းနည်းလောက် ခက်ခက်ခဲခဲ နေထိုင်ပြီးသွားရင် မင်းရဲ့အထက်စီးဆန်တဲ့ အကျင့်ကို ပြောင်းလဲနိုင်လိမ့်မယ်လို့ ငါထင်ခဲ့တာ။ ငါမင်းကို အရမ်းအလိုလိုက်ခဲ့မိတဲ့ပုံပဲ။ ထိမ်းမြားတဲ့ကိစ္စက မိဘတစ်ယောက်ရဲ့ အမိန့်ဆိုတာထက် ငါဒီနိုင်ငံရဲ့ ဘုရင်လေ။ ငါ့မှာမင်းကို အမိန့်ပေးပိုင်ခွင့် မရှိဘူးလား”
ကျွင်းချီယွိက အထက်စိးဆန်လွန်းပြီး မောက်မာပေမယ့် ဧကရာဇ်ကို စော်ကားမိသလို ဖြစ်သွားတာမို့လို့ ရွေးချယ်ခွင့် မရှိတော့ဘဲ ကိုယ့်ကိုကိုယ် ချုပ်တည်းထားရပေမယ့် သူ့မျက်နှာမှာတော့ ခေါင်းမာမှုတွေနဲ့ ပုန်ကန်လိုမှုတွေအပြည့်ပင်။
“ကောင်းပြီလေ”
ကျွင်းချီယွိက ဒေါသတကြီးနဲ့ ပြန်ပြောလိုက်သည်။
“ကျွန်တော်လက်ထပ်ဖို့ သဘောတူတယ်။ ဒါပေမယ့် အခြေအနေနှစ်ခုတော့ ရှိတယ်။ ဧကရာဇ်သာ သဘောတူရင် ကျွန်တော်ဘာမှ ထပ်အတွန့်တက်စရာ မရှိတော့ဘူး”
“ပြောစမ်း”
ဧကရာဇ်ရွှမ်က သူ့မျက်လုံးတွေကို မသာမယာနဲ့ အောက်ချလိုက်တယ်။ သူ့ဆီမှာနောက်ထပ် ဘယ်လိုလှည့်ကွက်တွေ ရှိသေးလဲဆိုတာ ကြည့်ကြသေးတာပေါ့။
ကျွင်းချီယွိက ချက်ချင်း ပြန်ဖြေသည်။
“ပထမတစ်ချက် ကျွန်တော့်ကို နန်းပြင်မှာ စံအိမ်အကြီးကြီးတစ်လုံးပေး။ ကျွန်တော် အရှေ့နန်းဆောင်မှာနေပြီး သူများထိန်းချုပ်တာ ခံရမှာကို မလိုချင်ဘူး”
ကျွင်းချီယွိက ပုန်ကန်တတ်တဲ့ အရွယမရောက်နေပြီမို့လို့ ဧကရာဇ်ရွှမ်က ဒီလိုအသေးအဖွဲလေးတွေကိုတော့ မျက်စိမှိတ်ပေးထားလိူက်သည်။
“ကောင်းပြီ”
“ဒုတိယတစ်ချက်”
ကျွင်းချီယွိက စုန့်လီချင်းကို တစ်ချက် ကြည့်လိုက်ပြီး
“စုန့်လီချင်းနဲ့ ကျွန်တော့်ရဲ့လက်ထပ်ပွဲကို ကျွန်တော် ဟူနွီအာကို လက်ထပ်ပြီးသည်အထိ ရွှေ့ဆိုင်းထားပေးပါ”
ဧကရာဇ်ရွှမ်က မျက်မှောင်ကြုတ်လိုက်ပြီး
“ဟူနွီအာ?”
“ဟုတ်ပါတယ်”
ကျွင်းချီယွိက ညင်သာစွာပြုံးလျက်
“သူကကျွန်တော် အနောက်ဘက်ဒေသကနေ ခေါ်လာတဲ့ အစေခံလေ။ ကျွန်တော်သူ့ကို အိမ်ရှေ့စံမိဖုရားအနေနဲ့ လက်ထပ်ဖို့ စီစဉ်ထားတယ်။ စုန့်လီချင်းကတော့…ကျွန်တော့်ရဲ့ ကိုယ်လုပ်တော်ဖြစ်ဖို့ပဲ ထိုက်တန်တယ်!”
နန်းတွင်းအရာရှိတွေအကုန် လုံးဝတိတ်ဆိတ်သွားပြီး အသက်ရှူသံတွေတောင် ရပ်သွားသည်။ ညီလာခံ ခန်းမတစ်ခုလုံးက သေခြင်းတရားလို တိတ်ဆိတ်နေတယ်။
ကျွင်းချီယွိက ထန်ဟွားလန်ကို တကယ်ပဲ ဖမ်းဆီးခဲ့တဲ့ ကျွန်တစ်ယောက်ကြောင့် ကိုယ်လုပ်တော် ဖြစ်စေချင်နေတာပဲ!
အိမ်ရှေ့စံက သူ့ရဲ့ဧကရာဇ်ရွှမ်အပေါ် မကျေနပ်ချက်တွေ အကုန်လုံးကို စုန့်လီချင်းဘက်လှည့်ပြီး ကုလားမနိုင် ရခိုင်မဲနေတော့သည်။
မန်ချူးမင်းဆက်ရဲ့ အရာရှိတွေ အားလုံးရဲ့ရှေ့မှာ သူ့ကို အရှက်တကွဲ အကျိုးနည်းအောင် စော်ကားခဲ့သည်။
ဧကရာဇ်ရွှမ်မှာ အလွန်ဒေါသထွက်သွားပြီး သူ့မျက်နှာတစ်ခုလုံး မည်းမှောင်နေလေသည်။ သူစာအုပ်တစ်အုပ်ကို ဆွဲယူပြီး သူ့အားပစ်ပေါက်လိုက်တယ်။
“ဒါက ကမ္ဘာပေါ်က အရယ်ရဆုံး ဟာသပဲ။ မင်းကြည့်ရတာ မှိုင်းတိုက်ခံထားရတဲ့ပုံပဲ…အသုံးမကျတဲ့အကောင်!
စာအုပ်အထူကြီးက ကျွင်းချီယွီရဲ့ နဖူးကိုထိမှန်သွားပြီး ရုတ်တရက်ဆိုသလို ခြစ်ရာထင်သွားသည်။ ကျွင်းချီယွိက စိမ့်ထွက်လာတဲ့သွေးတွေကို သာမန်ကာလျှံကာ သုတ်လိုက်သည်။ သူ့ကြည့်ရတာ လုံး၀ဂရုမစိုက်သည့်ပုံပင်။
“ကျွန်တော့်နှလုံးသားထဲမှာ တန်ဖိုးထားတာမို့လို့ ကျွန်တစ်ယောက်ဖြစ်နေရင်ရော ဘာဖြစ်သေးလဲ။ ကျွန်တော့်ကို အတင်းအဓမ္မ ထိုးပေးရင်တော့ မိုးပေါ်က နတ်သမီးဖြစ်နေရင်တောင် ဘာတန်ဖိုးမှမရှိဘူး။”
ထို့နောက် သူ ဒူးထောက်နေတဲ့ စုန့်လီချင်းဆီ လျှောက်သွားပြီး မတူမတန်စွာနဲ့
“မင်းငါ့ကို သဘောကျတယ်လို့ ပြောခဲ့တယ်မဟုတ်လား။ မင်းသာတကယ်ချစ်ရင် အဆင့်အတန်ဆိုတာကို ဂရုစိုက်မှာ မဟုတ်ဘူးမလား။ အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်လုပ်တော်နေရာ ဆိုရင်ရော မင်းလိုချင်ရဲ့လား စုန့်လီချင်း”
ကျွင်းချီယွိက ထေ့သလိုငေါ့သလိုနဲ့ နှုတ်ခမ်းထာင့်စွန်းကို တွန့်လိုက်သည်။
မျက်လွှာချထားတဲ့ စုန့်လီချင်းက ခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်နှာက သွေးဆုတ်လုနီးနီးပင်။
သူ့နှလုံးသားထဲက နာကျင်မှုက ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားကာ သူ့ကိုဝါးမျိုလျက်ရှိသည်။ သူခံစားရတဲ့ တစ်ခုတည်းသော ခံစားမှုက ရေခဲတမျှ အေးစက်နေတဲ့ သူ့ခန္ဓာကိုယ်နဲ့ သူ့နှလုံးသားပင်။
“ပြန်ဖြေစမ်း!”
ကျွင်းချီယွိက နှာမှုတ်လျက် မေးလိုက်သည်။
“တကယ်လား”
ပေါက်—မျက်ရည်တစ်စက်က ကျောက်စိမ်းအဖြူပေါ် ကျလာခဲ့သည်။
စုန့်လီချင်းမှာ ဒီလိုလွယ်လွယ်နဲ့ မျက်ရည်ကျတတ်တဲ့တတ်တဲ့ အကျင့်မျိုးကို ဖျောက်လို့မရသေးပေ။ သူကလေးတုန်းကဆို ကျွင်းချီယွိက သူ့ကိုငိုအောင်လုပ်ပြီး ပြန်ချော့တတ်သည်။
စုန့်လီချင်း သူ့ပေါင်သူညှစ်ပြီး မျက်ရည်ဆက်မကျမိအောင် ကြိုးစားနေသည်။
ဒီကမ္ဘာပေါ်မှာ တန်ဖိုးမရှိဆုံးက ဘယ်သူမှမလိုချင်တဲ့ သနားစရာမျက်ရည်တွေမှန်း စုန့်လီချင်းသိသည်။ ၀မ်းနည်းဖို့အကောင်းဆုံးကတော့ တုံ့ပြန်ခြင်းမခံရတဲ့ ချစ်ခြင်းမေတ္တာပဲ။
မျက်ရည်တွေကို မြင်လိုက်ရတော့ ကျွင်းချီယွိရဲ့စိတ်က နည်းနည်းလေး ပျော့သွားပေမယ့် သူ့အပြောကိုတော့ မလျှော့သေးပေ။
“မင်းကအခုထိ ဒီအတိုင်းပဲ။ မင်းမကြိုက်တဲ့ဟာဆိုရင် ငိုပြီးရင်းငိုတယ်။ လူတွေမင်းကို သနားလာအောင် လုပ်နေတာမလား။ ငါမှားသွားတာပဲ။ မင်းကအချစ်တွေ၊ သဘောကျတာတွေကျ ပြောနေပြီး ကိုယ်လုပ်တော်ကျ မဖြစ်ချင်ဘူး။ လျှာရိုးမရှိတိုင်း နားထောင်ကောင်းအောင် လျှောက်ပြောနေတယ်။ ပြည့်တန်ဆာတစ်ယောက်လို အမိဖမ်းချင်နေတာပဲ…”
“ဧကရာဇ်။”
အဲဒီအချိန်မှာ ကြမ်းပြင်ပေါ် ဒူးထောက်နေတဲ့ စုန့်ချင်းက
“အစတုန်းက ဘုရင်မင်းမြတ်က ရည်ရွယ်ချက်ကောင်းတွေနဲ့ လက်ထပ်ပွဲကို ပေးသနားခဲ့တာက စုန့်မိသားစုအတွက် ဂုဏ်ယူစရာပါပဲ။ ဒါပေမယ့် လီချင်းမှာ အရည်အချင်းရော အားသာချက်ရော မရှိလို့ အိမ်ရှေ့စံမင်းသားနဲ့ တကယ်မထိုက်တန်ပါဘူး။ ကျွန်တော်မျိုးရဲ့သားက နိမ့်ကျတဲ့မျိုးရိုးက လာတာဆိုပေမယ့် လိုချင်တဲ့သူ မရှိတာတော့ မဟုတ်ပါဘူး။ လူတွေကသူ့ကို ထိခိုက်အောင်လုပ်ပြီး အနိုင်ကျင့်တာခံရမယ်ဆိုရင်တောင် ဒီအဖေအိုကြီးက အသက်ရှင်လျက် ရှိနေသေးတယ်။ သူ့ဆီမှာ ပြန်လာဖို့အိမ်လည်း ရှိသေးတယ်။ သူ့ကိုချစ်ပေးမယ့်သူလည်း ရှိသေးတယ်! ဧကရာဇ်လည်း ဖခင်တစ်ယောက်ဆိုတော့ ထပ်တူခံစားမိမှာပါ…လက်ထက်ပွဲကို ကျေးဇူးပြုပြီး ပြန်ရုတ်သိမ်းပေးပါ။ ဒီအမတ်က ရွေ့ချယ်စရာ မရှိပေမယ့် အမိန့်ကို ဆန့်ကျင်ရပါလိမ့်မယ်။ အပြစ်ဒဏ်အနေနဲ့ စစ်မြေပြင်မှာပဲသေဖို့ ဆန္ဒရှိပါတယ်။ ပေကျင်းကို ဘယ်တော့မှ ပြန်မလာတော့ပါဘူး”
ဘာနေနေ ဒါကသူ့ရဲ့ ရင်သွေးပဲလေ။ စုန့်လီချင်း ဒီလိုစော်ကားခံနေရတာကို သူထိုင်ကြည့်မနေနိုင်ဘူး။
စုန်းလီချင်း မျက်ရည်တွေ စီးကျလာသည်။ သူက မွေးစားသားတစ်ယောက်ဆိုပေမယ့် သားအရင်းထက်တောင် ပိုအချစ်ခံရသည်။ သူဒီကျေးဇူးတွေကို ဘယ်လိုများ ပြန်ဆပ်ရပါ့မလဲ။ ပြန်ဆပ်ဖို့နေနေသာသာ အဲဒါနဲ့ပြောင်းပြန် သူစော်ကားခံခဲ့ရပြီး သူ့အဖေကိုပါ စိတ်မကောင်းဖြစ်အောင် လုပ်မိခဲ့သည်။
“စုန့်ချင်းရဲ့စကားလုံးတွေက လေးနက်တယ်။ ဒီဆိုးသွမ်းတဲ့ကောင်စုတ်က ခဏတာ ပုန်ကန်နေရုံပဲ”
အခုကိစ္စတွေက ဒီအခြေအနေကိုတောင် ရောက်သွားပြီဆိုတော့ ဧကရာဇ်ရွှမ်လည်း ကူကယ်ရာမဲ့နေသည်။ ဒါပေမယ့် သူ့ရဲ့ကတိကြောင့် ကျွင်းချီယွိကိုလည်း လွယ်လွယ်နဲ့ ခြယ်လှယ်လို့မရဘူး။
“ကျွင်းချီယွိ”
ဧကရာဇ်ရွှမ်က သူ့ကို နာမည်တိုက်ရိုက်ခေါ်လိုက်သည်။
“မင်းကသူ့ကို နိမ့်ကျအောင် လုပ်ချင်နေမှတော့ ငါကိုယ်တော်က သူ့ကို မြှင့်တင်ပေးရမှာပေါ့။ ငါကိုယ်တော် လောကကြီးကို ကြေညာမယ်၊ စုန့်လီချင်းရဲ့လက်ထဲကို ရွှေဓားတစ်လက် ထည့်ပေးလိုက်ပြီ။ လက်ထပ်တာကို ထည့်သွင်းမစဉ်းစားဘဲ စုန့်လီချင်းကို အိမ်ရှေ့စံမင်းသားရဲ့ မိဖုရားအဖြစ် တင်မြှောက်မယ်။ သုံးရက်အကြာမှာ မင်္ဂလာပွဲကျင်းပမယ်”
စာရေးသူမှာ ပြောစရာရှိပါတယ်
ဇာတ်လမ်းအသစ်လေးကိုတော့ ဖွင့်လိုက်ပြီ။ အားပေးလိုက်ကြရအောင်ပါ~