“ငါ…အခုချက်ချင်း…အခုချက်ချင်းသွားပြီး မင်းအတွက် ဆေးစပ်ပေးမယ်၊ သွေးအားကောင်းစေမယ့် အကောင်းဆုံး ဆေးဖက်ဝင်ပစ္စည်းတွေသုံးပြီးစပ်မှာ၊ မပူနဲ့၊ ထိုင်ဆေးပေးခန်းမှာ ကမ္ဘာ့အဖိုးတန်ဆုံး မှော်၀င်ဆေးဝါးရှိတယ်၊ အဲဒါနဲ့ဆို မင်းရောဂါပျောက်မှာ သေချာတယ်၊ ပြီးတော့ ငါ့ဆရာကြီးလည်း ရှိသေးတယ်၊ သူမကုနိုင်တဲ့ ရောဂါဆိုတာ မရှိဘူး၊ အဲတာကြောင့် စိတ်မပူနဲ့”
ချီမြောင်ပြောနေတာတွေသည် စုန့်လီချင်းနားထဲ မကြားတစ်ချက် ကြားတစ်ချက်ပင်။ သူ့ကိုနှစ်သိမ့်ပေးနေတယ် ဆိုတာကိုတော့ သိသည်။
စုန့်လီချင်း နှုတ်ခမ်းထောင့်စွန်းလေးကို တွန့်ကွေးရင်း ပြောလိုက်သည်။
“ဟုတ်ပါပြီ”
ချီမြောင် ထရပ်လိုက်စဥ် ခြေလှမ်းတွေယိုင်သွားရသည်။ သူ သုံးလှမ်းလောက်လှမ်းပြီးမှ ပြန်လှည့်ကြည့်လိုက်သည်။
“သမားတော်ချီ”
စုန့်လီချင်း လှမ်းခေါ်လိုက်သည်နှင့် ချီမြောင်သည် ဥယျာဉ်ထိပ်မှ ပြန်ပြေးလာသည်မှာ ခလုတ်တိုက်မတတ်ပင်။
“ဒီကိစ္စက မင်းနဲ့ငါ့ကြားက လျှို့ဝှက်ချက်နော်၊ ငါ့အတွက် လျှို့ဝှက်ထားပေး၊ တခြားဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့နော်၊ ဟုတ်ပြီလား”
“ဒါပေမယ့်…ဗိုလ်ချုပ်စုန့်ကိုတောင် မပြောတော့ဘူးလား”
ချီမြောင် မေးလိုက်သည်။
စုန့်လီချင်း ခေါင်းခါပြလိုက်ရင်း
“ထားလိုက်ပါတော့၊ မပြောတော့ဘူး၊ ရောဂါပျောက်သွားရင် အကုန်အဆင်ပြေသွားလိမ့်မယ်၊ မပျောက်ရင်တော့ သူတို့ကိုပြောရမှာပေါ့၊ ကမ္ဘာပေါ်မှာ ငါ့ကိုစိတ်ပူမယ့်သူ နှစ်ယောက်တိုးလာတော့မှာပဲ၊ သူတို့က ငါ့ကို ပြုစုပျိုးထောင်ပေးခဲ့ပေမယ့် ငါကတော့ သူတို့ကို ကောင်းကောင်းမဆက်ဆံပေးခဲ့ဘူး၊ စိတ်ပူအောင်ပဲ လုပ်မိနေတယ်”
“အိမ်ရှေ့စံမင်းသားကိုရော၊ သူကမင်းရဲ့ လက်တွဲဖော်လေ၊ သူ့ကိုတောင် မပြောတော့ဘူးပေါ့”
“ကျွင်းချီယွိလား”
စုန့်လီချင်း ဒါကိုမစဉ်းစားမိ။
ကျွင်းချီယွိသာ ဒီအကြောင်းကိုသိလျှင် သူဘယ်လိုတုံ့ပြန်မလဲဆိုတာကို သူပုံမဖော်ကြည့်နိုင်။ သူ့ကို နည်းနည်းလောက်လေး သနားသွားပြီး ပိုပြေပြေလည်လည်များ ဆက်ဆံလိမ့်မလား။ ဒါမှမဟုတ် သူထပ်ပြီး နေမကောင်းချင်ယောင်ဆောင်နေပြန်ပြီလို့များ ထင်နေမလား။ ဒါမှမဟုတ် သူသေမှ ပြန်လွတ်လပ်မှာမလို့ သူသေတာကိုများ ပျော်ပျော်ရွှင်ရွှင် ထိုင်စောင့်နေလိမ့်မလား။
“ငါ ထပ်စဉ်းစားလိုက်ပါဦးမယ်”
စုန့်လီချင်းပြောနိုင်တာ ဒါအကုန်ပင်။
“ကောင်းပြီ”
ချီမြောင်သည် ခေါင်းငြိမ့်သဘောတူလိုက်ကာ မျက်စိအောက်မှ ပျောက်ကွယ်သွားသည်။
ပတ်ဝန်းကျင်သည် တိတ်ဆိတ်ကာ မှုန်မှိုင်းနေသည်။ စုန့်လီချင်းမှာ အခုမှ အရွယ်ကောင်းလေးပဲ ရှိသေးသည်။ သူ့အရည်အချင်းဟာ အကန့်အသတ်ရှိမှန်း သူသိသည်။ သူဘာမှော်ပညာမှမတတ်၊ ရှင်ခြင်းနှင့် သေခြင်းကို မခန့်မှန်းနိုင်။ အချစ်ကိုလည်း နားမလည်သေး။
ဆုံးရှုံးမှုသာ ရှိသည်။
ချီမြောင်က အမြန်ပြန်ရောက်လာသည်။ သူ့လက်တစ်ဖက်မှာ စာရွက်တစ်ရွက်ကိုင်ထားပြီး နောက်တစ်ဖက်မှာတော့ မုန့်ဘူးတစ်ဘူး ကိုင်ထားသည်။
“ဒါက ငါ့ရဲ့အစမ်းဆေးစာ၊ နောက်မှ ဒီထက်ပိုကောင်းတာ ပေးဦးမယ်၊ ဆေးပြင်ပြီးသွားတာနဲ့ မင်းဆီကို ဒီနေ့ပဲပို့ပေးလိုက်မယ်၊ မင်း ဆေးညွှန်းအတိုင်း နေ့တိုင်း ကျိုသောက်ရမယ်နော်၊ ပြီးတော့…အများကြီးရှိသေးတယ်၊ ငါအခုတော့ စဉ်းစားလို့မရသေးဘူး၊ စဉ်းစားမိရင် ပြန်ပြောမယ်”
ချီမြောင်မှာ ရောဂါဖြစ်နေသည့်လူမှာ သူကိုယ်တိုင်လိုမျိုး ပျာယာခတ်နေခဲ့သည်။
“ကျေးဇူးပါပဲ”
စုန့်လီချင်းက စိတ်ရင်းအတိုင်း ပြောလိုက်သည်။ ဒီကမ္ဘာမှာ သူ့မိဘတွေအပြင် သူ့အားဂရုစိုက်ပေးသည့် တခြားသူတစ်ယောက်ရှိနေတာဟာ ကံကောင်းခြင်းဖြစ်သည်။
“လီချင်း၊ မင်းငါ့ကို ယဉ်ကျေးနေဖို့မလိုဘူး၊ မင်းကအမြဲတမ်း အေးတိအေးစက်နဲ့ မြူးမြူးကြွကြွလည်း မရှိဘူး၊ ဘယ်သူ့နဲ့မှလည်း သိပ်မရောဘူး၊ ငါစိတ်မကောင်းဖြစ်ရတယ်”
ချီမြောင် ခေါင်းငုံ့လိုက်ပြီး တစ်ခုခုကို စဉ်းစားမိသွားသည်။
“အိုး၊ ဟုတ်သားပဲ၊ ဒါက ငါမနက်ကဝယ်လာတဲ့ မင်းအကြိုက်ဆုံး ဆီးပန်းမွှေးကိတ်လေ”
သူ အချိုကြိုက်ပေမယ့် တကယ်တမ်းကျတော့ ဆီးပန်းမွှေးကိတ်ကို အကြိုက်ဆုံးရယ်လို့တော့ မဟုတ်။
သူငယ်ငယ်တုန်းက ကျွင်းချီယွီ သူ့အား ကျောင်းလစ်ဖို့ခေါ်သွားသည့်အချိန်မှာ လမ်းပျောက်သွားခဲ့ဖူးသည်။ ကျွင်းချီယွီမှာငိုယိုပြီး အပြစ်ရှိသလိုခံစားရကာ သူ့အတွက် ဆီးပန်းမွှေးကိတ်၀ယ်ကျွေးပြီး တောင်းပန်ခဲ့သည်။ ဘာကြောင့်မှန်းမသိ၊ နတ်ဆိုးငယ်လေးဟာ သူ့ပါးစပ်မှာကပ်နေသည့် ကိတ်မုန့်အစအနလေးတွေကို လျှာနဲ့လျက်ကာ သူ့(စုန့်လီချင်း) ပါးစပ်မှာကပ်နေသည့်မုန့်သည် အချိုဆုံးပဲဟုပြောပြီး သူ့ပါးစပ်မှာလည်း နည်းနည်းကပ်ကြည့်ကာ စုန့်လီချင်းကိုလည်း စမ်းစားကြည့်ဖို့ ပြောခဲ့သည်။
အဲတုန်းက စုန့်လီချင်း ငြင်းခဲ့တာကြောင့် နတ်ဆိုးငယ်လေးမှာ အရမ်းစိတ်ဆိုးသွားပြီး သူ့ပါးစပ်ထဲမှ မုန့်ကိုတောင် လုစားခဲ့သည်။
ထိုအချိန်မှစပြီး စုန့်လီချင်း ဆီးပန်းမွှေးကိတ်ကို အထူးတလည် နှစ်သက်လာခဲ့သည်။
“မင်း မှတ်မိနေသေးတာပဲ၊ လျန်ရှန့်လုံ ကလား၊ သူတို့အိမ်ကလုပ်တာ အကောင်းဆုံးပဲ”
“ဟုတ်တယ်”
ချီမြောင် တစ်ခုထုတ်ပေးလိုက်သည်။
“အရင်ဆုံး မြည်းကြည့်ပါဦး၊ အရင်က အရသာအတိုင်းပဲလားလို့”
ချီမြောင်က ရွှေရောင် ဆီးပန်းမွှေးကိတ်ကို သူ့ပါးစပ်နား တေ့ပေးလာတာကြောင့် စုန့်လီချင်းယူပြီး ပါးစပ်ထဲထည့်လိုက်သည်။ သူ နှစ်ချက်လောက်ဝါးလိုက်ရာ ချိုမြိန်ပြီး အရသာရှိသည်။
“ဆီးပန်းမွှေးကိတ်က အရမ်းမွှေးပြီး စားလို့ကောင်းတယ်”
“တကယ်လား”
ချီမြောင်သည် သူစားနေခြင်းအား ကြည့်ပြီး အရူးအမူးချစ်မိနေသောလေသံဖြင့် ပြောလာခဲ့သည်။
“ငါအမြဲတမ်း ဆီးပန်းရနံ့က မင်းအတိုင်းပဲလို့ တွေးမိခဲ့တာ၊ ထူးကဲပြည့်စုံတယ်၊ ဒါပေမယ့် အလွန်အကဲကြီးလည်း မဟုတ်ပြန်ဘူး၊ ကြော့ရှင်းလှပ ပေမယ့် ထောင်လွှားမှုလည်း မရှိဘူး”
စုန့်လီချင်း ဒီလိုချီးကျူးခံရတာဟာ ရှားသည်။
“မင်းငါ့ကို အရမ်းကောင်းအောင် နှိုင်းနေတာပဲ”
“နည်းနည်းလေးမှ မများဘူး”
ချီမြောင် ပြန်ပက်လိုက်သည်။
စုန့်လီချင်းသည် မုန့်ဘူးအားယူရန် လုပ်လိုက်ပေမယ့် ချီမြောင်မှာ မုန့်ဘူးကို အတင်းကိုင်ထားပြီး လွှတ်မပေးချေ။ သူခေါင်းငုံ့ထားပြီး ပခုံးသားတွေမှာလည်း တုန်ယင်နေကာ ငိုရှိုက်နေလေသည်။
စုန့်လီချင်း သူ့ကြောင့် မိန်းမောနေတာတောင် ပျောက်သွားပြီး သူပါလိုက်ငိုမိတော့မလို ဖြစ်သွားသည်။
“ဟေး၊ ငတုံးကြီး၊ ငါတောင် မငိုတာကို မင်းကဘာလို့ ငိုနေရတာလဲ”
ချီမြောင် ခေါင်းမော့လိုက်သည့်အချိန်မှာ မျက်ရည်တွေက သူ့မျက်နှာပေါ် တသွင်သွင်စီးဆင်းနေခဲ့သည်။
“ငါငိုနေတာ…မခံစားနိုင်လို့၊ ငါထင်ခဲ့တာ၊ ဗိုလ်ချုပ်စုန့် အနောက်မြောက်ဘက်က ပြန်လာရင် မင်းကို လက်ထပ်ဖို့ ဗိုလ်ချုပ်အိမ်တော်ကို လာပြီး ကမ်းလှမ်းချင်ခဲ့တာ၊ ဟင့်…”
ချီမြောင် ဆက်မငိုနိုင်တော့။ အရမ်းလည်း အသည်းအသန်မဖြစ်ချင်။ ဒါကြောင့် လက်နှစ်ဖက်နဲ့ပဲ မျက်ရည်တွေကို သုတ်လိုက်သည်။
“လက်ထပ်ဖို့ လာကမ်းလှမ်းတာဟုတ်လား”
စုန့်လီချင်း အတော်အံ့အားသင့်သွားရသည်။
ချီမြောင်က မရှက်မကြောက်ဘဲ ရဲရဲတင်းတင်း ပြန်ပြောသည်။
“အင်း၊ မင်းအဲကောင်ကို တစ်သက်လုံး ကြိုက်ခဲ့တယ်ဆိုတာ ငါသိတယ်၊ အဲတာကြောင့်ပဲ မင်းကို ဖွင့်မပြောရဲခဲ့တာ၊ ပြီးတော့၊ မင်းကိုရှာဖို့ မင်းအိမ်ကိုလည်း သွားခဲ့သေးတယ်၊ မင်းကအမြဲတမ်း အိမ်စာလုပ်နေတာနဲ့ စာလုပ်နေတာချည်းပဲ၊ မင်းအနှောင့်အယှက်ဖြစ်သွားမှာစိုးလို့၊ နောက်ဆုံးမှာ မင်းလုပ်နိုင်သွားခဲ့တယ်၊ ပြီးတော့ ကျွင်းချီယွီကလည်း ပြန်ရောက်လာတယ်…နောက်ဆုံးတော့ ခြေလှမ်းလေးတစ်လှမ်းမှားသွားတာနဲ့ လွဲသွားတော့တာပါပဲ”
တကယ်တော့ ချီမြောင်ဟာ ကျွင်းချီယွီထက် ဘယ်နေရာမှာမှ မနိမ့်ကျနေ။ ရိုးရိုးရှင်းရှင်းရုပ်ရည်နှင့် ဖြောင့်မတ်မှုရှိသည်။ ဖြောင့်မတ်မှန်ကန်ကာ ခန့်ညားသည်။ တည်ငြိမ်ပြီး ပွင့်လင်းသော စရိုက်ရှိသည်။ လူတိုင်းမျက်စိကျရသည့် လူကြီးလူကောင်းတစ်ယောက်ပင်။
“မင်းနောက်ကျရင် ငါ့ထက် ပိုကောင်းတဲ့လူနဲ့ တွေ့မှာပါ၊ ပြီးတော့ ဆက်ဆံရေးကောင်းကောင်းကိုလည်း ပိုင်ဆိုင်ရမှာပါ”
စုန့်လီချင်း သူ့လက်မောင်းကို ပုတ်လိုက်ပေမယ့် ချီမြောင်ကသူ့ကို တိုက်ရိုက်မကြည့်ရဲသေး။
စုန့်လီချင်း ချက်ချင်းပဲ ဒီထိတ်လန့်နေရတဲ့ စိတ်ခံစားချက်ကို နားလည်သွားရသည်။ ပိုချစ်တဲ့သူက အမြဲတမ်း နှိမ့်ချရတယ်။ အချစ်ခံရတဲ့သူကတော့ ထောင်လွှားမောက်မာဖို့ ယုံကြည်ချက်အပြည့်။
သူနဲ့ ကျွင်းချီယွီကတော့ ဒီလိုမဟုတ်ပါ။
ချီမြောင် ထွက်သွားပြီးနောက်မှာလည်း စုန့်လီချင်း ဥယျာဉ်ငယ်လေးထဲမှာ အချိန်အကြာကြီး တစ်ယောက်တည်းနေနေခဲ့ပြီး လမ်းပျောက်သလို ခံစားနေရသည်။
နန်းတော်မှထွက်ပြီး ချီလင်အိမ်တော်ကို ပြန်ဖို့လုပ်နေတုန်းမှာပဲ ကျောက်ဆောင်ပေါ်ကနေ အဖြူရောင်ပုံရိပ်တစ်ခုက ရုတ်တရက် ခုန်ဆင်းလာသည်။ ထိုလူက လျင်မြန်ဖျတ်လတ်လှကာ သူ့လှုပ်ရှားမှုတွေကလည်း ကျွမ်းကျင်လွတ်လပ်သည်။ ထို့နောက် ထိုလူက သူ့ရှေ့လာရပ်သည်။
“မင်းသားလုံလန်လား”
မနက်စောစောက သူနှင့်တစ်ခါ ဆုံခဲ့သည့်လူဖြစ်သည်။
စုန့်လီချင်းက ဥယျာဉ်ထဲမှာ လာအချိန်ဖြုန်းမည့်လူ မရှိလောက်ဘူးဟု ထင်ခဲ့သော်လည်း ကျောက်ဆောင်ပေါ်မှာ တစ်ယောက်ယောက်က ပုန်းနေလိမ့်မယ်လို့တော့ မမျှော်လင့်မိခဲ့။
“အသင့်လို တိုင်းတစ်ပါးသားတစ်ယောက်က နန်းတော်ထဲမှာ ဒီလိုလျှောက်သွားလို့ရော ရလို့လား”
သူက ပြန်ဖြေသည်။
“အင်ပါယာနန်းတော် ဆေးကုသဆောင်က ဆေးပညာသမိုင်းမှတ်တမ်းတွေကို ကျင်းကော်ဧကရာဇ်က လက်ဆောင်အနေနဲ့ ဖတ်ခွင့်ပြုထားတယ်”
“အသင်က ဒီမှာပုန်းပြီး သူများတွေစကားပြောတာကို ခိုးနားထောင်နေတာလား”
မင်းသားလုံလန်က သူ့လက်ထဲမှ ဆေးစာအုပ်ကို မြှောက်ပြပြီး ပြန်ပြောသည်။
“မင်းမှားနေပြီ၊ ငါကစာဖတ်ဖို့ တိတ်ဆိတ်တဲ့နေရာ ရှာနေတာ၊ တခြားလူတွေကို အားအားယားယား ချောင်းကြည့်ဖို့ အချိန်မရှိဘူး”
စုန့်လီချင်း သင်္ကာမကင်းစွာ မေးလိုက်သည်။
“ဒါဆို ဘာကြားလိုက်သေးလဲ”
“မင်း ငိုလိုက်ရယ်လိုက် လုပ်နေတာရယ်၊ ချစ်ကြောင်းကြိုက်ကြောင်းတွေရယ် ကြားလိုက်တယ်”
“မင်း…”
စုန့်လီချင်း သူ့နဲ့စကားများဖို့ စိတ်မပါပေ။ ဒါကြောင့် သူလှည့်ပဲထွက်သွားလိုက်သည်။
မင်းသားလုံလန်က နောက်မှလိုက်လာပြီး တိုးတိုးလေးပြောသည်။
“မင်းက အိမ်ရှေ့စံမင်းသားရဲ့ အစေအပါးဖြစ်လာပြီဆိုမှတော့ အနည်းဆုံး ကိုယ့်ကိုယ်ကို လုံခြုံအောင်တော့ထားသင့်တယ်၊ မင်းသားတစ်ပါးကို ကပ်တွယ်နေရတာတောင် မလုံလောက်သေးဘူးလား၊ ဒါမှမဟုတ် မင်းကိုက ဂနာမငြိမ်တာလား”
“ငါတို့က ရိုးရိုးသားသားပဲ၊ မင်းတို့လူရိုင်းတွေလို ပွင့်လင်းမြင်သာနေတာ မဟုတ်ဘူး”
စုန့်လီချင်းက သူ့ခြေလှမ်းကို အရှိန်တင်လိုက်သည်။
“ပြီးတော့ မင်းနဲ့ ဘာဆိုင်လို့လဲ”
“မင်းရုပ်ရည်နဲ့ မင်းပုံစံကို ငါမကြိုက်ရုံပါ”
မင်းသားလုံလန်က သူ့နောက်မှ လိုက်လာပြီး
“မင်းမှာ လူမဆန်ပြီး အထက်စီးဆန်ဆန် အထီးကျန်နေတဲ့ မျက်နှာရှိပေမယ့် ယောက်ျားတွေကြားထဲ ယစ်မူးပျော်ပါးနေတယ်၊ ဒီရုပ်ဒီရည်နဲ့ ဝမ်းနည်းစရာပဲ”
စုန့်လီချင်း အရမ်းစိတ်ဆိုးသွားတာကြောင့် ခြေလှမ်းရပ်လိုက်ပြီး သူ့ကိုပြန်ကြည့်လိုက်သည်။
“မင်းကငါ့အကြောင်း ဘာများသေချာသိလို့လဲ”
“ငါမင်းအကြောင်းသိချင်တယ်”
မင်းသားလုံလန်က ပွင့်ပွင့်လင်းလင်း ပြောလာသည်။
“မင်းငါ့ကို အခွင့်အရေးမပေးချင်ဘူးလား၊ မင်း ဘယ်လိုလူမျိုးလဲဆိုတာ ပြောပြလေ”
“မပေးရင်ရော”
စုန့်လီချင်းရဲ့လက်မောင်းအား သူက ဆွဲ ဖမ်းလာသည်။
“အိမ်ရှေ့စံမင်းသားရဲ့ အစေခံက တော်၀င်သမားတော်ငယ်တစ်ယောက်နဲ့ တိတ်တဆိတ် ဆက်သွယ်နေတယ်ဆိုတာကို အိမ်ရှေ့စံမင်းသားသိသွားမှာ မကြောက်ဘူးလား၊ မင်းချစ်သူက မင်းပခုံးပေါ်မှာ ငိုနေတာ ငါမြင်ခဲ့တယ်”
သူ ဒီစကားကို ပြောလိုက်တော့ စုန့်လီချင်း သဘောပေါက်သွားသည်။ စုန့်လီချင်းနဲ့ ချီမြောင့်ကြားက စကားတွေကို သူလုံးဝမကြားခဲ့။ သူတို့ရဲ့အပြုအမူတွေပေါ် အခြေခံပြီး ရမ်းသမ်းမှန်းဆခဲ့တာပဲ။
“မင်းသားလုံလန်က အခုလေးတင် ကျွန်တော့်ကို သင်ပေးခဲ့တယ်မလား၊ ဘယ်လိုလုပ် နောက်ထပ်ယောက်ျားတစ်ယောက်နဲ့ ထပ်ငြိလို့ဖြစ်မှာလဲ”
မင်းသားလုံလန်က စုန့်လီချင်းရဲ့စကားကြောင့် ဆွံ့အသွားပြီး သူ့လက်ကို လွှတ်ပေးလိုက်သည်။
စုန့်လီချင်း သူ့ထံမှ အမြန်ထွက်သွားလိုက်ပြီး သူနောက်မှ အော်ပြောနေသည့်စကားများကိုပဲ နားထောင်နေလိုက်သည်။
“ငါ ကျင်းကော်မြို့တော်မှာ ခြောက်လလောက်နေမှာ၊ ငါအောက်ကိုကြည့်လိုက်တာနဲ့ မင်းနဲ့တွေ့ရမှာ၊ ငါ့ရဲ့တရုတ်နာမည်က ပေရှင်းရှု၊ နောက်တစ်ခါကျ မင်းသားလို့ မခေါ်နဲ့တော့”
“ဦးနှောက်ခြောက်လိုက်တာ…”
စုန့်လီချင်း နေမွန်းတည့်နေပြီဆိုတာကို မြင်တော့ ချီလင်အိမ်တော်ကို အမြန်ပြန်လာခဲ့လိုက်သည်။
ပေရှင်းရှုက မချင့်မရဲ ငေးကြည့်နေသည်။
ပြီးတော့ သူ့နဖူးသူ စိတ်ပျက်လက်ပျက် ပုတ်လိုက်သည်။
“ငါတကယ် စိတ်ရှုပ်နေပြီ၊ ငါကျင်းကော်ကို စာပေလေ့လာဖို့ လာခဲ့တာ၊ ထမ်းဆောင်ရမယ့် တာ၀န်တွေကလည်း အများကြီးပဲ၊ ဒါပေမယ့် အလှလေးကြောင့် အလွယ်တကူ အညှို့ခံလိုက်ရပြီ၊ ရှောင်ရှီတု၊ မင်းလေးက ဘယ်လိုလူမျိုးများလဲ၊ ဒီလူ့ကို နာမည်လေးတောင် မပြောခဲ့ပါလား”
**********