ခုနကလေးတင် လရောင်သည် ရေတံခွန်အလား။ သို့ရာတွင် မျက်စိတစ်မှိတ်အတွင်း တိမ်ညိုအမှောင်ထုက ဖုံးလွှမ်းသွားပြီး မိုးခြိမ်းသံနဲ့ ကျွင်းချီယွိရဲ့ဒေါသတို့ ရောယှက်ကာ စံအိမ်ခြံဝင်းမှာ ပိုပိုပြီး ဖိစီးဖွယ်ရာကောင်းလာသည်။
စုန့်လီချင်းက ကျောက်လှေကားထစ်အောက်မှာ ရပ်နေပြီး ကျွင်းချီယွီနဲ့ မျက်နှာချင်းဆိုင်လျက် ခဏလောက် ဒီအတိုင်း တိတ်တိတ်ဆိတ်ဆိတ်လေး နေနေသည်။
ကျွင်းချီယွိမှာ သူနောက်ကြောင်းပြန်လှည့်မယ့် အချိန်ကို စောင့်နေပြီး ဟူနွီအာကမူ သူအလှောင်ခံရမယ့် အချိန်ကို စောင့်နေသည်။ ရွှမ်တိတစ်ယောက်တည်းကသာ သူဒီတိုင်းလေး ထွက်သွားပေးဖို့ မျှော်လင့်နေသည်။
“မင်းမလုပ်နိုင်ရင် ဒီသခင့်ရှေ့မှာ မျက်စိစပါးမွေးစူးအောင် နေမနေနဲ့!”
ကျွင်းချီယွိ သူ့ကိုကြည့်နေတဲ့အကြည့်မှာ ရွံစရာခြင်တစ်ကောင်ကို ကြည့်နေသလိုပင်။
“ချီယွိ… မင်းကပြောတဲ့အတိုင်း လုပ်တယ်ဆိုတာ ငါသိတယ်”
စုန့်လီချင်း ထိုစကားလုံးတွေကို ခက်ခက်ခဲခဲ ထုတ်ပြောပြီးတဲ့နောက် လူတိုင်းရဲ့မျက်စိအောက်မှာတင်ပဲ သူပြတ်ပြတ်သားသား ဒူးထောက်ချလိုက်သည်!
သူ့ဒူးက ကျောက်လှေကားနဲ့ ထိမိသွားတဲ့အချိန်မှာ အသံသေးသေးလေးတစ်ခု ထွက်ပေါ်လာလေသည်။
ရွှမ်တိ သူ့ပါးစပ်သူ လက်နဲ့အုပ်ထားပေမယ့် ငိုသံမထွက်အောင်တော့ မထိန်းထားနိုင်ပေ။
“အိမ်ရှေ့စံမိဖုရား! မလုပ်ပါနဲ့…”
ကျွင်းချီယွိလည်း အံ့အားသင့်သွားပြီး မသိစိတ်ကနေ အလိုအလျောက် လက်လှမ်းမိလိုက်ပေမယ့် သူ့လက်က လေထဲမှာပဲ ပြန်ရပ်တန့်သွားသည်။ သူ စုန့်လီချင်းကို စကားနဲ့ပဲအရှက်ခွဲရုံခွဲပြီး မြန်မြန်ထွက်သွားစေချင်ပေမယ့် စုန့်လီချင်းက တကယ်ဒီလိုလုပ်လိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ပေ။
ကျွင်းချီယွိ သူ့ကို ကူညီသင့် မကူညီသင့် ခဏတာ ဝေခွဲရခက်သွားသည်။
စုန့်လီချင်းကို ကူညီလိုက်ရင် သူပိုရောင့်တက်လာလိမ့်မယ်…သူဒီလိုတွေးလိုက်မိတာကြောင့် လက်ပြန်ရုတ်လိုက်သည်။
ဟူနွီအာကမူ သူ့ဆန္ဒအတိုင်း ဖြစ်သွားတာကြောင့် ပျော်သွားပြီး သူ့မျက်နှာပေါ်မှာ ထေ့သလိုငေါ့သလို အမူအရာတွေအပြည့်ပင်။
ရွှမ်တိ အပြေးအလွှားသွားကာ စုန့်လီချင်းဘေးမှာ ဒူးထောက်ထိုင်ချလိုက်သည်။
“အိမ်ရှေ့စံမိဖုရား!”
ရွှမ်တိက သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး
“ကိုယ့်ကိုယ်ကိုယ် ဒီလိုမျိုး နှိမ့်ချလို့ မရပါဘူး။ ဒီခြံဝင်းထဲမှာ အစေခံတွေရော တူရိယာတီးမှုတ်သူတွေရော အဆင့်နိမ့်ကျွန်တွေရော အများကြီးရှိတယ်။ ဒီလိုမျိုး လူရယ်စရာဖြစ်အောင် မလုပ်သင့်ပါဘူး။ မိဖုရားက ချီလင်စံအိမ်တော်ရဲ့ သခင်လေ။ နောက်ဆို သူတို့ကို ဘယ်လို မျက်နှာချင်းဆိုင်မလဲ။ ဒါသာ မြို့တော်တစ်ခုလုံး ပျံ့သွားရင် တစ်လောကလုံး ရယ်စရာဖြစ်သွားလိမ့်မယ်”
ရွှမ်တိက ဒေါသတကြီး ပြောရင်း ပီတိဖြစ်နေတဲ့ ဟူနွီအာကိုပင် ဖောက်ထွက်တော့မတတ် စိုက်ကြည့်လိုက်သေးသည်။
ဟူနွီအာက တခစ်ခစ်ရယ်ရင်း
“မိန်းကလေး၊ မင်းပြောတာ မှားနေတယ်။ အရှင့်သားက အိမ်ရှေ့စံမင်းသားလေ။ သူကတော့ အမတ်ငယ်လေးပဲ။ ဧကရာဇ်ကို အမတ်က ဒူးထောက်တာ ဒီမှာဘယ်လိုလုပ် အလှောင်ခံစရာ ဖြစ်မှာလဲ”
ရွှမ်တိမှာ မယုံနိုင်အောင်ဖြစ်သွားရသည်။
“ဧကရာဇ်က လက်ထပ်ထိမ်းမြားပွဲ ချီးမြှင့်တဲ့ အချိန်တုန်းက သူကအိမ်ရှေ့စံမိဖုရားနဲ့ အိမ်ရှေ့စံမင်းသားတို့ဟာ လက်ထပ်ထိမ်းမြားလိုက်ပြီဆိုကတည်းက သူတို့ရဲ့အဆင့်အတန်းက တန်းတူဖြစ်သွားပြီဆိုပြီး မိန့်ကြားခဲ့တယ်”
စုန့်လီချင်း ရွှမ်တိလက်ကို အသာအယာပုတ်ကာ ဆက်မပြောဖို့ ခြေဟန်လက်ဟန်ပြတဲ့အနေနဲ့ ခေါင်းကိုခပ်ဖြည်းဖြည်း ရမ်းပြလိုက်သည်။
“ရွှမ်တိ၊ အဲဒါက အရှင်မင်းမြတ်ရဲ့ ချီးမွမ်းစကားသက်သက်ပဲ။ ချီယွိနဲ့ငါက…အဲ့အကြောင်းကို ဆက်မပြောနဲ့တော့”
“ဒါပေမယ့်… ဒါပေမယ့် ကိုယ့်ခင်ပွန်းကို မင်္ဂလာဦးညမှာ အခန်းပြန်လိုက်ဖို့အတွက် ဒူးထောက်တောင်းပန်နေစရာ အကြောင်းမရှိဘူးလေ! ဒါက တစ်လောကလုံးမှာ အဓိပ္ပာယ်မရှိဆုံး လုပ်ရပ်ပဲ!”
ရွှမ်တိ တကယ် သည်းမခံနိုင်တော့ဘဲ အိမ်ရှေ့စံမင်းသားအပေါ် မကျေနပ်မှုကို သူပြောလိုက်တဲ့ စကားတွေထဲမှာ ထည့်ပြောရဲသွားသည်။
စုန့်လီချင်း ခေါင်းမော့လိုက်ပြီး ကျွင်းချီယွိကို မျက်လုံးချင်းဆုံကြည့်လိုက်သည်။
“ချီယွိ၊ ငါအကြိမ်တစ်ထောင် ဦးချတောင်းပန်ရင် မင်းငါနဲ့တူတူ အိမ်ပြန်လိုက်ခဲ့မှာလား”
ကျွင်းချီယွိအတွက်တော့ သူ့ကိုစိုက်ကြည့်တတ်တဲ့ စုန့်လီချင်းရဲ့ မျက်လုံးတွေကို အမုန်းဆုံးပင်။ မျက်လုံးတွေက ရိုးသားမှုအပြည့်နဲ့ မေးခွန်းထုတ်နေသလို ထင်ရစေပြီး ထိုအရာကပင် သူ့ကို အပြစ်ရှိစိတ် ခံစားရစေသည်။
“မင်းမှာလည်း မင်းအဆင့်အတန်းနဲ့ မင်းရာထူးရှိတာပဲလေ။ ချီလင်စံအိမ်က မင်းအိမ်မို့လို့လား။ ဗိုလ်ချုပ်စံအိမ်တော်ကမှ မင်းအိမ်လေ! ဒီသခင် အသိအမှတ်မပြုသရွေ့ မင်းကဘယ်တော့မှ ချီလင်စံအိမ်ရဲ့ အရှင်သခင် ဖြစ်လာမှာမဟုတ်ဘူး”
စုန့်လီချင်းရဲ့ နှလုံးသားတစ်ခုလုံး ဓားနဲ့ထိုးခံလိုက်ရသလိုပင်။
ကြောက်လန့်တဲ့ ခံစားချက်တစ်မျိုးက သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။ သူသည် မိဘမဲ့တစ်ဦးအနေနဲ့ ခြေဦးတည့်ရာ လျှောက်သွားခဲ့ရဖူးပြီး တွေ့ရာစားကာ ကြီးပြင်းခဲ့ရဖူးသည်။ ထိုအချိန်တုန်းက သူငယ်ရွယ်သေးတာကြောင့် သိပ်မမှတ်မိပေမယ့် သွားစရာနေရာမရှိတဲ့ စိတ်မလုံခြုံမှုက သူ့ဦးနှောက်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲနေခဲ့သည်။ မွေးစားအဖေ စုန့်ချင်းက သူ့ရဲ့သိတတ်လိမ္မာမှုကြောင့် သူ့ကိုချစ်ပေမယ့် သူ အမှန်တကယ်တော့ ကြောက်ရွံ့နေသေးသည်။
သူထပ်ပြီး ခြေဦးတည့်ရာ သွားရမှာကိုကြောက်သည်။
သူ ဗိုလ်ချုပ်စံအိမ်တော်ကနေ ထွက်လာခဲ့ပြီးပြီဖြစ်သည်။ ချီလင်စံအိမ်တော်က သူ့အိမ်မဟုတ်ရင်… သူ့အိမ်က ဘယ်မှာလဲ။
စုန့်လီခင်း သူ့မျက်လုံးတွေကို နာနာကျင်ကျင် မှိတ်ချလိုက်ပြီး ခေါင်းငုံ့ကာ ကျောက်လှေကားထစ်ပေါ်ကို အရှိန်နဲ့ ဆောင့်ချလိုက်သည်။
“အရှင့်သား၊ မင်္ဂလာပွဲပြီးအောင် လုပ်ဖို့အတွက် ကျေးဇူးပြုပြီး ကျွန်တော်မျိုးရဲ့အခန်းကို ပြန်လိုက်ခဲ့ပါ—”
ကျွင်းချီယွိ ပါးစပ်ပွင့်သွားပြီး သူ့မျက်လုံးတွေလည်း ပြူးကျယ်သွားရသည်။ သူ ဒေါသကြောင့် သူ့တစ်ကိုယ်လုံးတုန်လာပြီး လက်ဆစ်တွေပင် တကျွတ်ကျွတ်နဲ့ မြည်လာခဲ့သည်။
“မင်းငါ့ကို အခက်တွေ့အောင် လုပ်နေတာမလား။”
စုန့်လီချင်းမှာ ဦးတိုက်နေသော်လည်း ကျွင်းချီယွိထံမှ တုံ့ပြန်မှုမရတာကြောင့် အံကြိတ်နေသည်။
“ကောင်းတယ်၊အရမ်းကောင်းတယ်။ မင်းဒူးထောက်ချင်သပဆိုလည်း ထောက်ပေါ့။ ဦးတိုက်ချင်သပဆိုလည်း သဘော။ စုန့်လီချင်း၊ ငါမင်းကိုပြောလိုက်မယ်။ ငါက အတင်းအကြပ် ခြိမ်းခြောက်ခံရတာကို အမုန်းဆုံးပဲ! မင်းလို မိဖုရားတစ်ပါးရလိုက်တာ ငါတကယ်ကံဆိုးတာပဲ! ဟူနွီအာ၊ ငါတို့ဘာသာ အထဲဝင်ရအောင်။ သူ့ကိုတော့ ဒီမှာပဲ သေသေရှင်ရှင် ထားထားလိုက်!”
ကျွင်းချီယွိ စကားအဆုံးတွင် အိမ်ထဲကို ဒေါသတကြီး ပြေးဝင်သွားသည်။ ဟူနွီအာလည်း တံခါးအက်ကြောင်းမှတဆင့် တစ်ချက်ကြည့်လှမ်းကာ နှာခေါင်းရှုံ့လျက် တံခါးကိုပိတ်ပစ်လိုက်သည်။
ဘုန်း—ဘုန်း—ဘုန်း—
စုန့်လီချင်း ကျောက်ပြားပေါ်ကို ပထမဆုံးအကြိမ် ဦးတိုက်လိုက်ရာ ပြင်းထန်လွန်း၍ အသံအကျယ်ကြီး မြည်သွားသည်။
သို့ပေမယ့် ထိုအသံမှာ အိမ်အတွင်းထဲက မြူးကြွကြွ သီချင်းသံတွေနဲ့ ရယ်သံတွေကြားထဲမှာ နစ်မြုပ်သွားခဲ့သည်။
စုန့်လီချင်း အလွန်နာကျင်လှကာ နာကျင်မှုကလည်း ပြင်းထန်လွန်းလှသည်။ သူအခု သူ့ကိုယ်သူနဲ့ ယှဉ်ပြိုင်နေရသည်။ ကျွိချီယွိ တကယ် ရက်စက်နိုင်လိမ့်မယ်လို့ သူမယုံပေ။ သူတို့နှစ်ဦးကြားထဲက ချစ်ခြင်းမေတ္တာအားလုံးကို သူမေ့ပစ်နိုင်လောက်သည်အထိ ကျွင်းချီယွိရဲ့ နှလုံးသားထဲမှာ သူကအရေးမပါဘူးဆိုတာကို သူမယုံပေ။
သို့သော်ငြား ကျွင်းချီယွိမှာ သူ့ကို တစ်ခါမှတောင် ထွက်လာမကြည့်ခဲ့ပေ။ ထို့နောက် စုန့်လီချင်းရဲ့ နာကျင်မှုက တဖြည်းဖြည်း ထုံကျင်လာခဲ့သည်။ တစ်နည်းပြောရရင် သူ့နှလုံးသားက ထုံကျင်လာတာကြောင့် ခန္ဓာကိုယ်ပေါ်က နာကျင်မှုက သိပ်အရေးမကြီးလှတော့ပေ။
ရွှမ်တိရဲ့ အလန့်တကြား အော်လိုက်သံကြားမှ စုန့်လီချင်း သတိပြန်၀င်လာခဲ့သည်။
“သခင်လေး!”
ရွှမ်တိက သူ့ဘေးနား ဒူးထောက်ထိုင်ချလာပြီး သူ့နဖူးကို ကြောက်ကြောက်ရွံ့ရွံ့နဲ့ လက်ညှိုးထိုးပြနေသည်။
ခပ်နွေးနွေးအရည်တစ်စက်က သူ့မျက်လုံးထဲ စိမ့်ဝင်လာခဲ့ကာ စုန့်လီချင်းရဲ့ မျက်လုံးတွေကို သွေးရောင် လွှမ်းသွားစေသည်။ သူမသိစိတ်ကနေ အလိုအလျောက် လက်နဲ့သုတ်မိလိုက်တော့ သူ့နဖူးပေါ်မှာ သွေးထွက်သံယိုဖြစ်နေတဲ့ ဒဏ်ရာကို တွေ့လိုက်ရသည်။
“သခင်လေး၊ ကျွန်မ… ကျွန်မ သုတ်ပေးပါ့မယ်”
ရွှမ်တိ သူ့လက်ကိုင်ပဝါကို ထိတ်ထိတ်ပျာပျာ ထုတ်လိုက်လေသည်။ သူ့လက်ချောင်းတွေက အလွန်ညင်သာပေမယ့် ထိမိလိုက်တဲ့အချိန်မှာ နာတာက နာတာပင်။ စုန့်လီချင်း နာကျင်မှုကြောင့် မျက်မှောင်ကြုတ်နေတာကို မြင်တော့ ရွှမ်တိလည်း မျက်ရည်ကျရသည်။
“အရူးမလေး၊ ဘာလို့ ငိုနေတာလဲ”
စုန့်လီချင်း လက်ကိုင်ပဝါကို လှမ်းယူရင်းပြောလိုက်သည်။
“ငါမနာပါဘူး”
“ဒီလောက်သွေးတွေ အများကြီးထွက်နေတာကို ဘာလို့ မနာရမှာလဲ”
ရွှမ်တိက ငိုသံပါပါဖြင့်
“ပြန်ကြရအောင်ပါ သခင်လေး။ ကျွန်မ သမားတော် သွားခေါ်လိုက်မယ်။ ဒူးမထောက်ပါနဲ့တော့။ ဒီအစေခံက တောင်းပန်နေတာပါ…ကြည့်ပါဦး၊ ညလေက တော်တော်ပြင်းတယ်။ မိုးရွာတော့မယ်နဲ့တူတယ်။ ပြန်ကြရအောင်ပါ”
ခြံဝင်းထဲတွင် သစ်ရွက်ခြောက်များ ဟိုဟိုဒီဒီ လွင့်မျောနေသည်။ စုန့်လီချင်း တခိုက်ခိုက်တုန်လျက်ကန ပြန်ပြောလိုက်သည်။
“ခဏလေးနေပါဦး၊ သုံးရာသုံးဆယ့်ငါးကြိမ်ပဲ ကျန်တော့တယ်…အကြိမ်တစ်ထောင် ဦးတိုက်ပြီးသွားရင် ချီယွိက ငါနဲ့ပြန်လိုက်လာလိမ့်မယ်။ သူကအမြဲတမ်း သူ့စကားသူတည်တယ်”
မိုးခြိမ်းသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ညဘက်မိုးက သည်သည်းမဲမဲ သွန်ကျလာသည်။ မိုးစက်တွေက ကျောက်ပြားပြားပေါ်ကို သည်းထန်စွာ ကျရောက်လာပြီး စုန့်လီချင်းရဲ့ အားနည်းလှတဲ့ ကိုယ်ခန္ဓာ နုနယ်နယ်ကိုပါ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေနိုင်သည်။ သူထပ်ခါတလဲလဲ ဦးတိုက်နေခဲ့ပြီး ထိုမျှော်လင့်ချက်သေးသေးလေးကို ဖက်တွယ်ထားကာ လွှတ်မချနိုင်ဖြစ်နေသည်။
တစ်လလုံးလုံး မိုးခေါင်ခဲ့တဲ့မြို့တော်က ယခုဆို မိုးကြိုးမုန်တိုင်းဒဏ်ကို ခံနေရသည်။
မိုးရေတွေက သူ့မျက်နှာပေါ်ကို အပြင်းအထန် ကျရောက်လာပြီး သွေးထွက်နေတဲ့ ဒဏ်ရာကို စိုရွှဲသွားအောင် လုပ်လိုက်တာကြောင့် သူ သွေးလား၊ ရေလား၊ မိုးရေလား ဒါမှမဟုတ် မျက်ရည်တွေလားဆိုတာတောင် မခွဲခြားနိုင်တော့ပေ။
စုန့်လီချင်းရဲ့ မျက်လုံးတွေက နှစ်ပေါင်းများစွာ ညဘက်၌ မီးထွန်းပြီး စာဖတ်ခဲ့တာကြောင့် ပျက်စီးနေပြီပဲဖြစ်သည်။ သွေးတွေကြောင့် စိတ်လှုပ်ရှားလာအောင် လှုံဆော်ခံလိုက်ရတာကြောင့် သူ့ရောဂါဟောင်းက ပြန်ထလာသည်။
သူ့နှုတ်ခမ်းတွေ တဖြည်းဖြည်း ပိုပိုဖြူဖျော့လာကာ ဦးတိုက်နေတဲ့ အားမှာလည်း နည်းသထက် နည်းလာပြီး သူ့စိတ်တွေလည်း တဖြည်းဖြည်း ဝေဝါးလာရသည်။
“ရွှမ်တိ…”
စုန့်လီချင်ရဲ့အသံက အားနည်းဖျော့တော့နေသည်။
“ဘယ်နှခေါက် ကျန်သေးလဲ”
“တော်ပါတော့! သခင်လေးရဲ့!
ရွှမ်တိရဲ့ ဆံပင်တွေလည်း မိုးရေကြောင့် ရွှဲရွှဲစိုကာ ရှုပ်ပွနေပေမယ့် သူ့ကိုတော့ လက်ကိုင်ပဝါလေးနဲ့ မိုးစက်တွေကို ကာပေးထာတုန်းပင်ဖြစ်သည်။
“ချီယွိရော…”
စုန့်လီချင်း သူ့ပါးစပ်ထောင့်စွန်းကို ဟကာ မေးလိုက်သည်။
“သူရောက်နေပြီလား”
ရွှမ်တိက ခေါင်းခါရင်း
“အိမ်ရှေ့စံက အစကနေအဆုံးထိ တစ်ခါမှ ထွက်မလာခဲ့ပါဘူး”
သူရှုံးများသွားပြီလား…
ကျွင်းချီယွိက သူ့ကိုတစ်ခါမှ မကြိုက်ခဲ့ဖူးဘူးလား၊ ဆံခြည်တစ်မျှင်လေးတောင်မှလေ။
“မင်းငါ့ကို…တစ်ချက်လေးတောင် လာမကြည့်ခဲ့ဘူးလား”
စုန့်လီချင်း အဖြေကို ရှင်းရှင်းလင်းလင်း သိသော်ငြားလည်း ကံကောင်းမှုသေးသေးလေးကိုတော့ မျှော်လင့်နေမိတုန်းပင်။
“ချီယွိ! ငါအကြိမ်တစ်ထောင် ဦးတိုက်ပြီးသွားပြီ”
ကျွင်းချီယွိကြားအောင် စုန့်လီချင်း သူ့ရဲ့အကျယ်ဆုံးအသံကိုသုံး၍ အော်လိုက်လေသည်။
“လူကြီးလူကောင်း တစ်ယောက်ဆိုတာ သူပြောထားတဲ့အတိုင်း လုပ်ရမယ်လေ။ ကျေးဇူးပြုပြီး ငါနဲ့ပြန်လိုက်ခဲ့ပါ…အဟွတ် အဟွတ်”
စုန့်လီချင်း သူ့တစ်ကိုယ်လုံး တုန်ယင်သွားလောက်အောင် အပြင်းအထန် ချောင်းဆိုးနေသည်။
……..
ညအခါ အပြင်ဘက်မှာ မိုးသည်းသည်းထန်ထန် ရွာနေပေမယ့် အိမ်အတွင်းထဲမှာတော့ မီးရောင်တွေနဲ့ နွေးထွေးနေလေသည်။
ကျွင်းချီယွီ စုန့်လီချင်းရဲ့ခေါ်သံကို မကြားချင်လည်း ကြားနေရသည်။ သူဝိုင်တွေ တစ်ခွက်ပြီးတစ်ခွက် သောက်သာသောက်နေပေမယ့် အရသာကား မရှိပေ။ သူအပြင်ဘက်ကို ခဏခဏ လှမ်းကြည့်ရင်း ဂနာမငြိမ်ဖြစ်နေသည်။
အထူးသဖြင့် အိမ်အပြင်ဘက်က လျှပ်စီးလက်သံနဲ့ မိုးခြိမ်းသံတွေကြောင့် သူပိုလို့တောင် စိတ်မပါတော့ပေ။
ဟူနွီအာက ထိုအရာကို သတိထားမိသွားပြီး သူ့လက်မောင်းထဲတိုးဝင်ကာ ညုတုတုအသံဖြင့်
“သခင်၊ အဲဒီစတိုင်ဆိုတာကို မသိတဲ့လူတွေကြောင့် သခင့်ရဲ့အပျော်တွေ ပျက်သွားရပြီ”
ကျွင်းချီယွိ လက်ကျန်၀ိုင်အရက်ကို ပါးစပ်ထဲလောင်းထည့်လိုက်ပြီးနောက် ဟူနွီအာကို မေးလိုက်သည်။
“မင်းရော စုန့်လီချင်းကို စက်ဆုပ်စရာလို့ ထင်လား”
ဟူနွီအာ ဂရုတစိုက် နားထောင်ကာ ကျွင်းချီယွိရဲ့ လက်မောင်းကိုကိုင်လျက် ပြန်ဖြေလိုက်သည်။
“ဟူနွီအာရဲ့အကြိုက်က သခင့်ရဲ့ အကြိုက်အတိုင်းပါပဲ။ သခင်မုန်းတဲ့သူတွေကိုဆို ဟူနွီအာလည်း မုန်းပါတယ်”
ဟူနွီအာရဲ့ ထောက်ခံမှုကို ရလိုက်တော့ ကျွင်းချီယွိ စိတ်သက်သာရာရသွားသည်။ သူ ဟူနွီအာရဲ့ နူးညံ့ကာ နာခံတတ်တဲ့ ပုံစံကိုကြည့်ရင်း သူ့ရဲ့မေးဖျားချွန်ချွန်ကို ဖျစ်ညစ်လိုက်သည်။
“မင်းပဲလိမ္မာပြီး စဉ်းစားဉာဏ်ရှိတယ်။ အခြေအနေနဲ့ အချိန်အခါကိုလည်း သိတတ်သေး”
ဟူနွီအာရဲ့ မျက်နှာအမူအရာက အလွန်ပျော်ရွှင်မြူးတူးလျက်ရှိကာ သူ့တစ်ကိုယ်လုံးကို ကျွင်းချီယွိပေါ်ကို အရိုးမရှိသလို ပျော့တွဲကာ မှီထားသည်။
လျှပ်စီးတစ်ချက်က ဖျက်ခနဲလက်သွားရာ ညကောင်းကင်တစ်ဝက်လောက်က လင်းချင်းသွားပြီး မိုးခြိမ်းသံကလည်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
အပြင်ဘက်မှာမူ ရွှမ်တိက တံခါးခေါက်ကာ သူ့ကိုလာတွေ့ပေးဖို့ တောင်းပန်နေသည်။
“အရှင့်သား! အရှင့်သား! အိမ်ရှေ့စံမိဖုရားက အကြိမ်တစ်ထောင် ဦးတိုက်ပြီးသွားပါပြီ။ အခုဆို သူဒဏ်ရာရနေပြီ။ ကြားပါရဲ့လား အရှင့်သား။ အပြင်မှာ မိုးအရမ်းသည်းနေတာမို့ ဒေါင်ဒေါင်မြည်နေတဲ့ လူတောင်မှ မခံနိုင်ပါဘူး။ သနားညှာတာပေးပါဦးလို့ ကျွန်တော်မျိုးမ တောင်းဆိုပါတယ်…”
ရွှမ်တိရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ အသံက ကျွင်းချီယွီကို အနှောင့်အယှက် ဖြစ်စေသည်။
ဒီလိုအခြေအနေမှာ သူ ဟူနွီအာနဲ့ အီစီကလီတွေလုပ်ဖို့ စိတ်မပါတော့ပေ။ ကျွင်းချီယွိ စူပုတ်ပုတ်နဲ့ ထရပ်လိုက်ပေမယ့် ဟူနွီအာက သူ့လက်မောင်းကို ဆုပ်ကိုင်လာသည်။
“သခင်…”
ဟူနွီအာက ကျွင်းချီယွိကို သနားစဖွယ် ပေကလပ်ပေကပ် မျက်လုံးနဲ့ ကြည့်လိုက်ပြီး
“အပြင်ဘက်က အဲဒီစိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့လူကို အရှင့်သားက ဆက်ပြီးဂရုစိုက်ချင်နေသေးတာလား”
ကျွင်းချီယွိမှာ စိတ်ပူနေတာကြောင့် သူ့ကိုပစ်ပေါက်ပစ်လိုက်သည်။
“သူသာ မင်္ဂလာဦးညမှာ အပြင်ဘက်ကြီး တကယ်သေသွားရင် ဒီကိစ္စကို ဧကရာဇ်က သူ့အဖေမသိအောင် ဖုံးထားပေးမှာတဲ့လား”
ဟူနွီအာက အင်တင်တင်ဖြစ်နေပေမယ့် ကျွင်းချီယွိရဲ့ ကံကြမ္မာကိုတော့ မထိပါးရဲပါချေ။
တံခါးဖွင့်လိုက်တာနဲ့ သည်းကြီးမဲကြီး ရွာနေတဲ့မိုးက ကျွင်းချီယွိရဲ့ ဖိနပ်တွေကို စိုစွတ်သွားစေသည်။ အပြင်ဘက်တွင် ကတ္တရာလို မှောင်မည်းနေပြီး မိုးခြိမ်းသံနှင့် လျှပ်စီးလက်သံများလည်း ကြားနေရသည်။ စုန့်လီချင်းတစ်ယောက်သာ လှေကားအောက်ခြေမှာ ခါးကိုမတ်မတ်ထားလျက် ဒူးထောက်နေတာဖြစ်သည်။ သဘာ၀ကျကျနဲ့ပဲ သူ့ဆံပင်နဲ့ ဝတ်ရုံတွေက လုံးဝကို စိုရွှဲနေပြီဖြစ်သည်။ ကျွင်းချီယွိတစ်ယောက် အမျက်ခြောင်းခြောင်းထွက်သွားသည်။ သူက ဒူးထောက်ဦးတိုက်နေတာတောင်မှ မျက်နှာထားက တော်၀င်ဆန်ဆန် မျက်နှာထားနှင့်ပင်။
“ဒါသေသွားတာ မဟုတ်ဘူးလား”
သူ့အသံကို ကြားလိုက်တော့ စုန့်လီချင်း သတိပြန်လည်လာသည်။
သူခေါင်းမော့ကြည့်လိုက်တော့ သူ့မျက်နှာက ပုလဲလို ဖြူဖွေးနေပြီဖြစ်ပြီး ယခုအခါ သွေးမရှိသလောက်ကို ဖြူဖျော့နေကာ နှုတ်ခမ်းတွေမှာလည်း ပြာနှမ်းနေပြီဖြစ်သည်။ ကျွင်းချီယွိ ရုတ်တရက် လန့်သွားပေမယ့် ဘာမှမပြောဘဲ ခက်ထန်တဲ့ပုံစံနဲ့ ဆက်နေနေသည်။
“ချီယွိ၊ ငါသိသားပဲ…”
စုန့်လီချင်းရဲ့ နှုတ်ခမ်းထောင့်လးမှာ မှိုင်းညှို့ညှို့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“ဘာကိုလဲ”
စုန့်လီချင်းရဲ့ ဖျော့တော့တော့အသံကို လေတွေမိုးတွေက ဖုံးလွှမ်းနေတာကြောင့် ကျွင်းချီယွိ ရှင်းရှင်းလင်းလင်း မကြားရပေ။
“မင်းဒီလောက် ရက်စက်မှာ မဟုတ်ဘူးဆိုတာကို ငါသိတယ်”
စုန့်လီချင်းရဲ့အသံက အနည်းငယ် တုန်နေသည်။
“မင်းနှလုံးသားထဲမှာ ငါရှိတယ်…”
နေရာအများကြီး မဟုတ်ရင်တောင်မှပေါ့။
ထိုအတွေးလေးက စုန့်လီချင်းအား သူရဲ့မဆုတ်မနစ်တဲ့ ဇွဲလုံ့လက အကျိုးရှိသွားပြီလို့ ခံစားမိစေသည်။
ကျင်းချီယွိမှာမူ ခြေထောက်တက်နင်းခံလိုက်ရတဲ့ ကျားလို ဒေါသတကြီး ခုန်ထလာသည်။
“မင်း ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ! ကောင်းပြီလေ၊ မင်းက ဒီသခင်ရဲ့ အပျော်တွေကို ပျက်စီးအောင် လုပ်လိုက်ပြီဆိုမှတော့ မင်းကိုယ်တိုင်ကိုယ်ကျ အစားပြန်ပေးရမယ်”
ကျွင်းချီယွိ မိုးရေထဲကို ခြေလှမ်းအကျဲကြီးများဖြင့် လျှောက်သွားလိုက်ပြီး ကျောက်လှေကားထစ်တွေပေါ် နင်းလိုက်သည်။
စုန့်လီချင်းရဲ့ လည်ပင်းနောက်ဘက်ကို ကျွင်းချီယွိ သူ့လက်တွေနဲ့ ညှစ်လိုက်ပြီး မြေပြင်ပေါ်ကနေ ဆွဲမကာ ပင်မခြံဝင်းဆီ တရွတ်တိုက် ဆွဲခေါ်သွားသည်။
စုန့်လီချင်းတစ်ယောက် အသက်ရှူကြပ်သွားပြီး ကျွင်းချီယွီရဲ့လက်ကို ရေနစ်နေတဲ့လူလို ဆုပ်ကိုင်ကာ သူ့မျက်နှာမှာလည်း နာကျင်နေတဲ့ အမူအရာတွေ အပြည့်ပင်။
ကျွင်းချီယွိကတော့ စုန့်လီချင်း ခံနိုင်ရည်ရှိမရှိကိုတောင် ဂရုမစိုက်ချေ။
ကျွင်းချီယွိမှာ မွေးကတည်းက စွမ်းအားအပြည့်နဲ့ မွေးဖွားလာခဲ့တာဖြစ်ပြီး ငါးနှစ်သားအရွယ်မှာပင် ကျောင်းတော်တစ်ခုလုံး မည်သူကမျှ သူ့ကို ပြန်မချရဲတာကို စုန့်လီချင်း မှတ်မိသွားသည်။ ယခုအခါမှာတော့ ထိုကျွင်းချီယွိလေးက ဂုဏ်သရေကြီးမြတ်ကာ ခန့်ညားထည်ဝါတဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်တာကြောင့် စုန့်လီချင်းအဖို့ ပိုလို့ပင် ခုခံရန် မဖြစ်နိုင်တော့ပေ။
“ချီ…ယွိ…”
သူ လည်ချောင်းထဲကနေ စကားအပြည့်အစုံတောင် ထွက်မလာနိုင်တော့ဘဲ သေလုနီးနီး ဖြစ်နေတဲ့အချိန်မှာ ကျွင်းချီယွိကသူ့ကို အိပ်ရာပေါ် ပစ်ချလိုက်သည်။