no

Font
Theme

တိတ်ဆိတ်နေသော ညဉ့်နက်အချိန်တွင် စုန့်လီချင်းတစ်ယောက် လန့်နိုးလာခဲ့သည်။

သူ့မျက်လုံးများ ဖွင့်လိုက်ပြီး အမှောင်ထုထဲသို့ စိုက်ကြည့်နေမိသည်။ မျက်လုံးအစုံမှာ ဗလာဖြစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ပင်ပန်းနွမ်းနယ်နေလေသည်။ ကျွင်းချီယွိ၏ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမှုကြောင့်သာမက သွေးကုန်ခန်းခြင်းကြောင့် ဖြစ်ပေါ်လာသော အားနည်းမှုကြောင့်လည်းပါသည်။

သူသည် သေရတော့မည်ကို သိပါလျက်နှင့် သေရမည့်အချိန်ကိုမသိ၊ နောက်နှစ်လား သို့မဟုတ် မနက်ဖြန်လား မပြောနိုင်သော မျှော်လင့်ချက်မဲ့သည့် စိတ်ဆင်းရဲမှုတစ်မျိုးကို ခံစားနေရသည်။

သူ ဘာမှမတတ်နိုင်။ သူ့သွေးများ တစ်စိမ့်စိမ့်အေးစက်လာသည်ကို ခံစားရင်းဖြင့် ရောဂါသည် သူ့ခန္ဓာကိုယ်ရှိ ခွန်အားများကို စုပ်ယူကာ သူ့အသက်အား တဖြည်းဖြည်းချင်း လုယူနေသည်ကို ကြည့်နေရုံသာတတ်နိုင်သည်။

သူခေါင်းလှည့်ကြည့်လိုက်သောအခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ကျွင်းချီယွိကို မြင်လိုက်ရသည်။ ထိုအခါ သူ့ရင်ထဲတွင် နွေးထွေးမှုလေးတချို့ကို ခံစားလိုက်ရသည်။

စုန့်လီချင်းသည် သူ့လက်ကိုမြှောက်ကာ ကျွင်းချီယွိ၏ ပါးပြင်ကို မထိတထိ ကိုင်လိုက်မိသည်။ ဤအချိန်၌ သူ့ကိုယ်မှ နွေးထွေးမှုနှင့် နူးညံ့မှုကို ခံစားလိုက်ရသည်။

ကျွင်းချီယွိဆိုသူမှာ အမှန်တကယ်ကို ကောင်းကောင်းရွေးချယ်တတ်သူ ဖြစ်သည်။ ဧကရာဇ်ရွှမ်၏ သူရဲကောင်းဆန်မှုကို ရွေးယူပြီး ဧကရီ၏ နူးညံ့သိမ်မွေ့မှုကို ဆက်ခံရရှိထားသည်။ ယင်းတို့နှစ်ခုကို ပေါင်းစပ်ထားသည့် အကြင်သူမှာ ပြီးပြည့်စုံလွန်းလှသည်။

စုန့်လီချင်း၏ လက်ချောင်းထိပ်များသည် ကျွင်းချီယွိ၏ မျက်ခုံးမွေးများကို ထိမိသွားသည်။ ထူထဲလှပသော မျက်ခုံးမွေးများနှင့် သွယ်လျလျ မျက်တောင်များမှာ သူ့၏ ထက်ရှသည့် မျက်နှာသွင်ပြင်ကို ပိုမိုနူးညံ့စေသည်။

စုန့်လီချင်း ကြည့်လေလေ စိတ်ထဲတွင် ၀မ်းနည်းလာလေလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူအချစ်ရဆုံးသူအား မကြာမီမှာပင် ဆုံးရှုံးရတော့မည်ကို သူသိနေသောကြောင့်ပင်။

စုန့်လီချင်း မျက်လုံးမှိတ်လိုက်ပြီးနောက် ကျွင်းချီယွိ၏ ခါးကိုဖက်၍ ကျွင်းချီယွိ လက်မောင်းကို သူ့ကိုယ်ပေါ်တင်လိုက်သည်မှာ ကျွင်းချီယွိကိုယ်တိုင် သူ့ကိုလာဖက်ထားသလို ထင်ရသည်။

စုန့်လီချင်းသည် ကျွင်းချီယွိ၏ ရင်ခွင်ထဲတွင် ၀င်ပုန်းနေလိုက်သည်။

နွေးထွေးလွန်းလှသည့် ပွေ့ဖက်မှုလေးပင်။

“ချီယွိ…ငါမင်းကို တကယ် တကယ့်ကို ချစ်တာ…”

စုန့်လီချင်းမှာ ခါးလေးကုန်းပြီး ကွေးကွေးလေး နေနေသည်။

“ငါ့ကို မေ့မသွားပါနဲ့နော်…”

“အင်း…”

ကျွင်းချီယွိ တုံ့ပြန်လာသည်။

စုန့်လီချင်း အံ့သြတကြီး ခေါင်းထောင်ကြည့်လိုက်ရာ ကျွင်းချီယွိက အိပ်မက်ယောင်ပြီး ပြောနေခြင်းသာဖြစ်သည်ကို တွေ့လိုက်ရသည်။

“မင်းကတိပေးခဲ့တယ်လို့ပဲ ငါယူဆလိုက်မယ်”

မျက်ရည်များက သူ့မျက်လုံးထောင့်မှ စီးကျလာသည်။ သူ ကျွင်းချီယွိ၏ ၀တ်ရုံကို မစိုစေရန်အတွက် သူ့လက်ဖြင့် ညင်သာစွာ သုတ်လိုက်သည်။

ငါးချက်တီးအချိန်တွင် စုန့်လီချင်း အချိန်မှန်စွာ အိပ်ရာနိုးလာသည်။ သူ ကျွင်းချီယွိရင်ခွင်ထဲမှ ဂရုတစိုက် ထလိုက်ပြီး အိပ်ရာမှ ဆင်းကာ ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများကို ဆေးကြောရန် သွားလိုက်သည်။

သူ ငုံ့ကြည့်လိုက်ရာ သူ့ခြေထောက်နှစ်ချောင်းကြားတွင် သွေးစီး‌ကြောင်းတစ်ကြောင်းကို တွေ့လိုက်ရသည်။ ခြောက်သွေ့နေပြီဖြစ်၍ သန့်ရှင်းရန် အချိန်အနည်းငယ်ယူလိုက်ရသည်။

သူ အဝတ်အစားဝတ်ဆင်ပြီးသည်နှင့် ရှောင်တိက တံခါးကို ညင်သာစွာ ခေါက်လာသည်။

“ဝင်ခဲ့…”

“သခင်လေး…”

ရှောင်တိ နှုတ်ဆက်လိုက်သည်။

“သခင်လေး နိုးပြီလား၊ ဒါအသစ်ချုပ်ထားတဲ့ နန်းတွင်းဝတ်စုံပါ…အာ၊ သခင်လေး…”

ရှောင်တိ၏ အံ့အားသင့်သည့် အသံတိုးတိုးလေးထွက်လာပြီး စုန့်လီချင်းကို စိုးရိမ်တကြီး ကြည့်နေသည်။

“ဘာဖြစ်လို့လဲ…”

စုန့်လီချင်းက သူ့မျက်နှာသူ စမ်းကြည့်လိုက်သည်။

“သခင်လေးပုံစံက တော်တော်ဆိုးနေတယ်”

ရှောင်တိက ပြောလိုက်သည်။

“ကောင်းကောင်း မအိပ်ရဘူးလား။ ကြည့်ပါဦး၊ သခင်လေးအိမ်တော်ကို ရောက်တာ ရက်ပိုင်းပဲရှိသေးတာကို အများကြီး ပိန်ကျသွားတယ်။ အခုကစပြီး အရှင့်သားကို အဝတ်လဲပေးဖို့နဲ့ အစားအသောက် ပြင်တာဆင်တာတွေအတွက် ဒီအစေခံနဲ့ပဲ လွှဲထားလိုက်ပါ။ အဲကိစ္စတွေကို စိုးရိမ်မနေပါနဲ့တော့”

“ငါ အဆင်ပြေပါတယ်၊ ပေးပါ…”

စုန့်လီချင်း ပြုံးလိုက်ပြီး ကျွင်းချီယွိ၏ အဝတ်အစားများကို ယူလိုက်သည်။ ထိုအသစ်ချုပ်ထားသည့်၀တ်ရုံမှာ ရိုးရှင်းသော ရွှေရောင်နဂါးပုံကို ချည်ပန်းထိုးထားသည့် အနီရောင်နန်းတွင်းဝတ်စုံဖြစ်သည်။ သရဖူမှာလည်း ရိုးရှင်းသည့်ပုံစံပင်။

“ရှောင်တိ၊ နောက်တစ်ခါ အ၀တ်အထည်ဌာနကို ပန်းထိုးပုံတွေကို ပိုပြီးခမ်းနားအောင် လုပ်ခိုင်းလိုက်။ အရမ်းရိုးရှင်းဖို့ မလိုဘူး။ ချီယွိက ပန်းပွင့်ရောင်စုံလေးတွေကို ကြိုက်တာ။ ပိုပြီးရုပ်လုံးကြွလေ ကောင်းလေပဲ”

ရှောင်တိ ကတိပေးလိုက်သည်။

“ဟုတ်ကဲ့ပါ…သခင်လေးက ဘယ်လိုသိတာလဲ။ အရှင့်သား ပြောပြတာလား”

“ငါ သိတာပေါ့၊ သူက သန်မာတဲ့သူ၊ အတွင်းစိတ်ကို သိပ်ထုတ်မပြတတ်ဘူး”

ကျွင်းချီယွိ၏ စိတ်နေစိတ်ထားကို စုန့်လီချင်းထက် မည်သူမျှ မသိနိုင်ပေ။ သူမျက်လုံးမှိတ်ထားလျှင်တောင်မှ ကျွင်းချီယွိ၏ မျက်နှာသွင်ပြင်ကို ပုံဖော်နိုင်စွမ်းရှိသည်။

“ဒါဆို ကျွန်မဆေးသွားယူလိုက်မယ်…”

ရှောင်တိက တိုးတိုးလေး ပြောလိုက်သည်။

“မနေ့က သမားတော်ချီ ပို့ပေးတဲ့ဆေးတွေအကုန် ကျွန်မထဲမှာရှိတယ်။ ကျွန်မကိုယ်တိုင်ပြုတ်ထားတာ၊ တခြားဘယ်သူမှ မသိဘူး”

စုန့်လီချင်းက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

“ကောင်းပြီ”

စုန့်လီချင်းသည် အခန်းတွင်းရှိ သစ်သားကုလားထိုင်ပေါ်တွင် ထိုင်ကာ ကျွင်းချီယွိ၏ အိပ်ပျော်နေသော မျက်နှာလေးကို ကြည့်ပြီး နှိုးတောင်မနှိုးရက်ပေ။

မနေ့ညက ကြမ်းပြင်ပေါ်ကျခဲ့သော ဆီးပန်းမွှေးကိတ်များကို ကောက်ယူရှင်းလင်းလိုက်တာဟာ ပို၍ကောင်းမည်ဟု သူတွေးလိုက်သည်။

အပြာရောင်ကြွေပန်းကန်မှာ မပျက်မစီးဘဲ ရှိနေသေးသော်လည်း ဆီးပန်းမွှေးကိတ်များမှာမူ အပိုင်းပိုင်းအစစ ဖြစ်နေလေပြီ။ စုန့်လီချင်း၏ အမြင်အာရုံမှာ သိပ်မကောင်းလှ။ မှိန်မှိန်ဖျော့ဖျော့ ပတ်ဝန်းကျင်တွင် သူကြမ်းပြင်ပေါ်လှဲချလိုက်ပြီး တစ်ခုချင်းစီ ကောက်ယူကာ ဆီးပန်းမွှေးကိတ်များကို စက္ကူအိတ်ထဲ ထည့်နေသည်။

ဘာကြောင့်မှန်းမသိပါဘဲ သူဆီးပန်းမွှေးကိတ်အနံ့ကို ရှူရှိုက်မိသွားပြီး ရုတ်တရက် မြည်းစမ်းချင်စိတ် ပေါ်လာသည်။

ထိုစိတ်ကို သူ မတားဆီးနိုင်တော့။

ညစ်ပတ်နေသည်ကို သူသိသည်။ ဆီူပန်းမွှေးကိတ်၏ အရသာသည်လည်း တစ်ရက်ကြာလျှင် ပြောင်းလဲသွားမည်ကို သူသိသည်။ သို့သော်လည်း သူ ထိုချိုမြိန်မှုကို မြည်းစမ်းချင်နေဆဲ။

စုန့်လီချင်း မုန့်အစလေးတစ်ခုကို ကောက်ယူပြီး ပါးစပ်ထဲထည့်ကာ ဝါးစားလိုက်သည်။

ကလေးတုန်းကလို မချိုမြိန်တော့။

သူဟာ အလွန်ခါးသီးနေလွန်းသောကြောင့် ဆီးပန်းမွှေးကိတ်တောင် အလုပ်မဖြစ်တော့။

“သခင်လေး!”

ရှောင်တိ၏ အော်သံက စုန့်လီချင်းကို သတိပြန်၀င်လာစေခဲ့သည်။ ထို့နောက် မေးစေ့အထိ တွဲလောင်းကျနေသည့် မျက်ရည်စများကို သူတွေ့လိုက်ရသည်။ သူ လက်ဖျံဖြင့် သုတ်လိုက်ရာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“သခင်လေး… ဒီမုန့်ကို တစ်ညလုံးထားပြီး စားလို့မရဘူး။ ရာသီဥတုက မကောင်းဘူး”

ရှောင်တိက ပူပန်စွာ ပြောလိုက်သည်။

“အင်း…ဒီဆေးက တကယ် ငါးညှီနံ့ပြင်းတယ်”

ကိုင်ထားရုံဖြင့်ပင် ငါးညှီနံ့များမှာ သူ့မျက်နှာကို ရိုက်ခတ်လာသည်။ စုန့်လီချင်း မျက်မှောင်ကြုတ်လိုက်သည်။

“သွေးအားကောင်းစေတဲ့ ဆေးတစ်မျိုးထင်ပါရဲ့။ ငါသိတာကတော့ ဒရယ်ချိုနဲ့လုပ်ထားတဲ့ ဆေးပဲရှိတယ်”

ရှောင်တိက ပြောလိုက်သည်။

“သခင်လေး နှာခေါင်းပိတ်ပြီး သောက်ကြည့်မလား။ အဲဒါ ကျွန်မအမေ ကျွန်မကို ဆေးတိုက်တဲ့နည်းလေ”

စုန့်လီချင်း ပန်းကန်လုံးကိုကိုင်ကာ သတ္တိမွေးပြီး တစ်ကျိုက်တည်း မော့ချလိုက်သည်။ ရပ်လိုက်လျှင် မျိုချရခက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

သို့သော် ဆေးက သူ့ဗိုက်ထဲရောက်သွားသောအခါ သွေးစိမ်းတစ်ပန်းကန် သောက်လိုက်ရသကဲ့သို့ ငါးညှီနံ့နံကာ ခါးလည်းခါးသည်။ စုန့်လီချင်း လည်ချောင်းရှင်းသွားပြီး ထွေးခံဆီ အပြေးသွားကာ အကုန်အန်ထုတ်လိုက်သည်။

ထိုလှုပ်ရှားမှုကြောင့် နောက်ဆုံးတွင် ကျွင်းချီယွိ နိုးလာသည်။ သူ မျက်လုံးဖွင့်လိုက်သောအခါ စုန့်လီချင်းကို ရှောင်တိက ကျောပုတ်ပေးနေသည်ကို တွေ့လိုက်ရပြီး မနှစ်မြို့ဖွယ်ရာ အန်သံများမှာလည်း နောက်ကကပ်ပါလာသည်။

“မင်း အန်မယ်ဆိုလည်း အပြင်ထွက်အန်ပါလား။ အခုတော့ ဆေးနံ့တွေ နံစော်နေပြီ၊ ငါ့စိတ်တွေလည်း မနက်ခင်းကတည်းက ပျက်စီးသွားပြီ”

ကျွင်းချီယွိ စားပွဲရှေ့သို့ လျှောက်သွားကာ လက်ဖက်ရည်တစ်ခွက်ယူ၍ သူ့ပါးစပ်ကို ဆေးကြောလိုက်ပြီး စုန့်လီချင်းကို စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်သည်။

စုန့်လီချင်း အန်တာရပ်သွားပြီး ဆေးပေနေတာတွေကို သုတ်ကာ သူ၏ရှက်စရာကောင်းသည့် ပုံစံကို ရှင်းလင်းလိုက်သည်။

“တောင်းပန်ပါတယ်၊ ငါ…နောက်ကျရင် အပြင်ထွက်ပါ့မယ်’

“နောက်ကျရင် ထပ်ပြီးတော့လား”

ကျွင်းချီယွိ သက်ပြင်းချလိုက်သည်။

“မင်း အအေးမိတာက ဘယ်လောက်ကြာမှာမလို့လဲ”

“ပျောက်တော့မှာ၊ ပျောက်တော့မှာ”

စုန့်လီချင်း သူ့ဆီလျှောက်လာပြီး ပြုံးပြုံးလေးပြောလိုက်သည်။

“ချီယွိ၊ နောက်ကျတော့မယ်။ အဝတ်လဲပြီး နန်းတော်ထဲ စောစောသွားကြရအောင်”

ကျွင်းချီယွိသည် သူ၏မနှစ်မြို့မှုများကို သည်းခံပြီး လက်ဆန့်ပေးလိုက်ရာ စုန့်လီချင်းက အဝတ်အစားများကို တစ်ထပ်ပြီးတစ်ထပ် ဝတ်ပေးလာသည်။ ခါးပတ်ပတ်ပေးသည်၊ ကျောက်စိမ်းဆွဲပြား ချည်ပေးသည်၊ နောက်ဆုံးတွင် သရဖူကို ဆောင်းပေးလိုက်သည်။

နှစ်ဦးသား မျက်နှာချင်းဆိုင်သွားရာ စုန့်လီချင်းက သူ့အတွက် ညှိပေးဖို့ ခြေဖျားထောက်လိုက်ရသည်။

ကျွင်းချီယွိသည် အနက်ရောင်အဝတ်အစားများနှင့် အလွန်လိုက်ဖက်သည်။ ထွက်ပြူလာသော နေလုံးကြီးကဲ့သို့ အလွန်အားအင်တက်ကြွလှသည်။

ကျွင်းချီယွိသည် စုန့်လီချင်း၏ မျက်နှာကိုကြည့်လိုက်ပြီး သူ့မေးစေ့ကို ဆွဲကိုင်၍ ဘယ်ညာလှည့်ကြည့်လိုက်သည်။

“နည်းနည်းလေး ဖျားတာနဲ့ သေတော့မယ့်အတိုင်းပဲ။ မျက်နှာကလည်း ဖြူဖျော့ဖျော့နဲ့ ရုပ်ဆိုးချက်”

စုန့်လီချင်းကတော့ တိတ်တိတ်လေးပဲ နေနေသည်။

ကျွင်းချီယွိ သူ့ကို လွှတ်ပေးလိုက်ပြီး ပြောလိုက်သည်။

“သမား‌တော်ပြပြီး ဆေးသောက်နေမယ့်အစား၊ အသားနည်းနည်း ပိုစားတာကမှ ကောင်းဦးမယ်။ မင်းကအစားရွေးတော့ ခန္ဓာကိုယ်က သန်မာမှာမဟုတ်ဘူး”

စုန့်လီချင်း ရင်ထဲတွင် ပျော်ရွှင်စွာ ခုန်ပေါက်သွားသည်။ ထိုစကားများကို ကျွင်းချီယွိ၏ ဂရုစိုက်မှုအဖြစ် သူ မှတ်ယူလိုက်သည်။

“ငါအသားမကြိုက်တာကို မင်းအခုထိ မှတ်မိနေတယ်လား”

စုန့်လီချင်း ငယ်ငယ်တုန်းက ကျောင်းသို့ယူသွားသည့် အစားအသောက်များမှာ အသားနှင့် ဟင်းသီးဟင်းရွက်များသာဖြစ်သည်။ အသားဟင်းများကတော့ ကျွင်းချီယွိ၏ဗိုက်ကို ဖြည့်ပေးရန်အတွက် ဖြစ်သည်။

“မင်းကြိုက်သလိုသာ ယူဆလိုက်”

ကျွင်းချီယွိက သူ၏မထေမဲ့မြင်ပုံစံသို့ ပြန်ရောက်သွားပြီး လျှောက်သွားတော့သည်။ ရှောင်တိ ယူလာသော မနက်စာကိုတောင် တစ်ချက်မှမကြည့်။

စုန့်လီချင်း ကမန်းကတန်း လိုက်သွားလိုက်သည်။

“နန်းတော်တံခါးဝအထိ ငါလိုက်ပို့ပေးမယ်လေ”

“မလိုပါဘူး၊ မင်းက ငါ့မိဘမှ မဟုတ်တာ၊ တခြားအလုပ်တွေသာ လုပ်စမ်းပါ!”

ကျွင်းချီယွိက သူ့ကိုထားခဲ့ပြီး တစ်ယောက်တည်း ထွက်သွားတော့သည်။

စုန့်လီချင်း ကုလားထိုင်ပေါ် ထိုင်ချလိုက်သည်။ ရင်ထဲမှာတော့ လစ်ဟာမှုတွေနှင့်သာ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment