ဧကရာဇ်ရွှမ်က အိမ်ရှေ့စံ ကျွင်းချီယွိနဲ့ အိမ်ရှေ့စံမိဖုရား စုန့်လီချင်းတို့အတွက် နန်းပြင်က ချီလင်အိမ်တော်ကို မင်္ဂလာနေအိမ်အဖြစ် ပေးသနားခဲ့ပြီး အကြီးကျယ်ဆုံးသော မင်္ဂလာပွဲကို စီစဉ်ပေးခဲ့သည်။
စုန့်လီချင်းက မင်္ဂလာ၀တ်စုံကို ၀တ်ဆင်ကာ သရဖူဆောင်ထားလျက် အိမ်တော်တံခါးဝမှာ ဖခင်ဖြစ်သူကို နှုတ်ဆက်နေသည်။
စုန့်ချင်းက မျက်နှာမသာမယာနဲ့ အချိန်အတော်ကြာ မှာစရာရှိတာတွေ မှာကြားနေသည်။
စုန့်လီချင်းကပြုံးလျက် နှစ်သိမ့်ပေးလိုက်သည်။
“အဖေ စိတ်မပူပါနဲ့။ အဖေလည်း စစ်တပ်ကို ဆက်ဦးဆောင်ပြီး ရန်သူတွေကို နှိမ်နင်းလို့ရပြီလေ။ အရှင်မင်းကြီးလည်း ဘာမှစိုးရိမ်စရာ မလိုတော့ဘူး။ လူတိုင်းလူတိုင်းလည်း ပျော်နေကြတယ်လေ”
“သားရောပျော်ရဲ့လား”
စုန့်လီချင်းက ထိုမေးခွန်းကြောင့် ကြောင်သွားပြီး
“ကျွန်တော်…ကျွန်တော် အိမ်ရှေ့စံမင်းသားကို သဘောကျပါတယ်။ အဲဒါကြောင့် ကျွန်တော်လည်း… အရမ်းပျော်ရပါတယ်!”
သူ့မျက်နှာပေါ်က အတင်းလုပ်ယူပြီး ပြုံးထားရတဲ့ အပြုံးကို စုန့်ချင်း ဘယ်လိုလုပ်မမြင်ဘဲ ရှိပါ့မလဲ။
“ဒါပေမယ့် အိမ်ရှေ့စံက သားကို လောဘကြီးပြီး လှည့်စားတတ်တဲ့သူလို့ ထင်နေတာ။ ပြီးတော့ သားကိုလည်း အငြှိုးထားနေတယ်။ အနာဂတ်ကျရင်…”
နည်းနည်းလောက်များ နာကျင်တာ သက်သာသွားမလားဆိုတဲ့စိတ်နဲ့ စုန့်လီချင်း အသက်ပြင်းပြင်းရှူလိုက်သည်။
“အရှင့်သားကို ထောင်ပေါင်းများစွာသောလူတွေက ချစ်ခင်လေးစားကြတယ်။ သူက အနောက်ဘက်ဒေသမှာ နှစ်ပေါင်းများစွာ နေခဲ့ရတော့ သူ့စိတ်နေစိတ်ထားက နည်းနည်းအထက်စီးဆန်နေရုံပါပဲ။ ငယ်လည်းငယ်သေးတော့ ရိုင်းနေတာပါ။ စိတ်ရင်းလေးကတော့ မဆိုးရှာပါဘူး။ ကျွန်တော်တို့ လက်ထပ်ပြီးသွားရင် ကျွန်တော်သူ့ကို လိမ္မာလာအောင် ပြုပြင်ပေးလိုက်ပါ့မယ်။ တစ်နေ့နေ့ကျရင်တော့ သူအမှားအမှန်၊ အကောင်းအဆိုးနဲ့ ကျွန်တော့်ရဲ့ စိတ်ရင်းအမှန်ကို နားလည်လာမှာပါ”
စုန့်လီချင်းက သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက ကြေးမုံမှန်ကွဲတစ်ချပ်လို ပြန်လည်ပေါင်းစည်းနိုင်မှာပါဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ပန်းနီရောင်မြင်းပေါ်ကို တက်လိုက်သည်။
စုန့်ချင်းရဲ့ စကားသံတွေက မင်္ဂလာစည်သံ၊ ဗုံသံမောင်းသံ၊ မီးရှူးမီးပန်းသံတွေနဲ့ မိုးခြိမ်းသံတွေကြားထဲမှာ ပျောက်ကွယ်သွားသည်။
“သားက ကလေးကတည်းက အခုလို စဉ်းစားဆင်ခြင်ဉာဏ်ရှိခဲ့တာ။ အဖေ ဘယ်တုန်းကမှ သားအတွက် စိတ်မပူခဲ့ရဘူး။ ဒါပေမယ့်သားက တအားစဉ်းစားဆင်ခြင်လွန်းတယ်။ တခြားသူတွေအတွက်ပဲ အမြဲရှင်သန်ခဲ့ပြီး ကိုယ့်အတွက်ကိုကျ ဘယ်တော့မှ မစဉ်းစားဘူး။ ကလေး၊ မင်းက ငါတို့အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့ပေမယ့် မင်းကိုယ်မင်းအတွက်ကျတော့ အကြွေးတင်နေတယ်…”
…
သူတို့နှစ်ယောက်အတူတူ အထွတ်အမြတ်ထားရတဲ့ ခန်းမဆောင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် အရိုအသေ ပေးလိုက်ကြပြီး မှူးမတ်တွေအကုန်လုံးကလည်း ဦးညွှတ်အရိုအသေ ပေးကြလေသည်။
ရွှေရောင်စာလိပ်ပေါ်က ဘွဲ့ထူးနဲ့ မင်္ဂလာဖယောင်းတိုင်တွေက ပျော်ရွှင်တာထက်ကို ကျော်လွန်ပြီး ပျော်ရွှင်ကြည့်နူးစရာ ကောင်းသင့်ပေမယ့် စုန့်လီချင်းကတော့ နှလုံးအိမ်ထဲမှာ ညှို့မှိုင်းမှုတွေနဲ့ ညဉ့်နက်သည်အထိ စိုးရိမ်ကြောင့်ကြစွာ စောင့်ဆိုင်းနေခဲ့ရသည်။
အချိန်တွသာ တရွေ့ရွေ့ ကုန်ဆုံးသွားပေမယ့် ကျွင်းချီယွိကတော့ ပေါ်မလာခဲ့ပေ။
စုန့်လီချင်း တံခါးကိုဖွင့်လိုက်တော့ အစေခံမလေးတစ်ယောက်က တံခါးနားမှာ အသင့်စောင့်နေသည်။
“အိမ်ရှေ့စံမိဖုရား၊ တစ်ခုခုလိုအပ်ရင် ဒီအစေခံကို ပြောပါ”
စုန့်လီချင်းက
“အိမ်ရှေ့စံ ဘယ်မှာရှိလဲဆိုတာ မင်းသိလား။ ငါသွားရှာမလို့”
အစေခံမလေးက တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပြန်ဖြေလေသည်။
“အရှင့်သားက ရှင်းလဲ့စံအိမ်တော်မှာပါ။”
ရှင်းလဲ့စံအိမ်တော်က ချီလင်အိမ်တော်ရဲ့ ဘယ်နေရာမှာရှိမှန်း စုန့်လီချင်း မသိပေ။
“ကောင်းပြီ။ ငါသူ့ကို သွားရှာလိုက်မယ်။”
“အိမ်ရှေ့စံမိဖုရား!”
အစေခံမလေးက အပြေးတစ်ပိုင်နဲ့လိုက်လာကာ ပြောလေသည်။
“အရှင့်သားက ဧည့်သည်တွေကို နှုတ်ဆက်ပြီးသွားရင် သူ့အခန်းသူ ပြန်လာမှာပါ။ အိမ်ရှေ့စံမိဖုရားလည်း ပင်ပန်းနေလောက်ရောပေါ့…”
စုန်းလီချင်းက ခေါင်းလှည့်ကာ အစေခံမလေးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အံ့ဩနေတဲ့ပုံစံနဲ့ မေးလိုက်သည်။
“ဘာလို့ ငါ့ကိုတားရတာလဲ”
“ကျွန်မ……”
အစေခံမလေးက အထစ်ထစ်အငေါ့ငေါ့နဲ့ အကြောင်းပြချက်တွေလည်း မပေးနိုင်တော့တာကြောင့် သူ့ကို ရှင်းလဲ့စံအိမ်တော်ဆီ ခေါ်သွားရုံသာရှိတော့သည်။
ထိုနေရာက လင်းချင်းနေကာ တံခါးပေါ်မှာလည်း “အချိန်ရှိခိုက် လုံ့လစိုက်” ဆိုတဲ့ စကားလုံးတွေကို ရေးထွင်းထားတဲ့ ကမ္ပည်းပြားတစ်ခု ရှိလေသည်။ အမွှေးရနံ့တွေက တစ်ရစ်ဝဲဝဲ သင်းပျံ့နေပေမယ့် တခြားဧည့်သည်တွေတော့ မရှိပေ။
စုန့်လီချင်း သူ့နှာခေါင်းသူ အုပ်မိသွားသည်။ သူဒီလို ပြင်းရှရှအနံတွေကို မကြိုက်ပေ။
အခန်းထဲကနေ သိပ်မရင်းနှီးတဲ့ တေးသံတွေ ထွက်ပေါ်လာခဲ့သည်။ စုန့်လီချင်း တစ်ခါမှ မကြားဖူးတဲ့ တူရိယာသံတစ်ခုပင်။
ဖယောင်းတိုင်အရောင်က ပြတင်းပေါက်ပေါ်မှာ လူနှစ်ယောက်ရဲ့ ပုံရိပ်တွေကို ထင်ဟပ်စေသည်။ သူတို့နှစ်ယောက်ထဲမှာ တစ်ယောက်က လှလှပပ ကခုန်နေပြီး ကျန်တစ်ယောက်မှာ နောက်တစ်ယောက်ရဲ့ ခါးကိုဖက်ကာ ဝိုင်သောက်လျက် ကျီစားပျော်ရွှင်နေတဲ့ အသံတွေကို ကြားနေရသည်။
ထိုရယ်သံက ကျွင်းချီယွိဆီကလာမှန်း စုန့်လီချင်းသိတာကြောင့် သူပြတင်းပေါက်ခြားနေတာတောင် အလွန်ရှက်သွားရသည်။ အတွင်းထဲမှာ ဘယ်လိုမျိုး ရှက်စရာကောင်းတဲ့ မြင်ကွင်းတွေရှိနေမှန်း သူတွေးတောင်မတွေးရဲပေ။
“အိမ်ရှေ့စံက ငါ့ကို ဟန့်တားခိုင်းထားတာလား”
စုန့်လီချင်းက သာမန်ကာလျှံကာ မေးလိုက်သည်။
အစေခံမလေးက ဒူးထောက်ချလိုက်ကာ မဝံ့မရဲဖြင့်
“မဟုတ်ရပါဘူး။ အိမ်ရှေ့စံမင်းသားက မိဖုရားသွားချင်တဲ့နေရာကို သွားလို့ရကြောင်းနဲ့ မိဖုရားကို မတားဖို့ ကျွန်တော်မျိုးမတို့ကို မှာခဲ့ပါတယ်…ဒီအစေခံတွေကပဲ ကိုယ့်သဘောနဲ့ကို တားခဲ့တာပါ။ မင်္ဂလာဦးညမှာ အရှင့်သားက အနောက်ဘက်ဒေသက မှင်စာကောင်နဲ့ ပျော်ပါးနေတာကြောင့် ဒီအစေခံတွေက အိမ်ရှေ့စံမိဖုရား မပျော်ရွှင်မှာစိုးလို့ပါ။ သူတို့ကို မမြင်ရရင် စိတ်မဆင်းရဲရတော့ဘူးလို့ တွေးမိပြီး…”
စုန့်လီချင်း ဒီရှင်းလဲ့စံအိမ်တော်က သူ့နာမည်နဲ့သူ တကယ်လိုက်တယ်ဆိုပြီး သူ့ဘာသာ တွေးနေမိသည်။ စာလုံးလေးလုံးက ရွဲ့စောင်းနေကာ သိက္ခာမရှိပေ။ ကျွင်းချီယွိရေးထားတာပဲ ဖြစ်ရမယ်။
“မင်းကငါ့ကို စဉ်းစားပေးတတ်တာပဲ”
စုန့်လီချင်း သူ့ကိုလက်ကမ်းပေးလိုက်ကာ
“ထပါဦး၊ မင်းနာမည်က ဘယ်သူလဲ”
အစေခံမလေးက ပြန်ဖြေသည်။
“ရွှမ်တိပါ”
“ရွှမ်တိ၊ ကျေးဇူးပါပဲ။ ခဏနေကျ မင်းအပြင်ဘက်မှာစောင့်နေ၊ ဘယ်သူ့ကိုမှ အနားမကပ်ခိုင်းနဲ့”
စုန့်လီချင်းက ထပ်ပေါင်းပြောလိုက်သည်။
“အရှင့်သား ဒီနေ့လုပ်ခဲ့တဲ့ကိစ္စကို အပြင်ကို မပေါက်ကြားအောင် လျှို့ဝှက်ထားပေးပါ။ အထူးသဖြင့် အရှင်မင်းကြီးနားထဲ မရောက်စေနဲ့၊ နားလည်ပြီလား”
“ဘာလို့လဲ”
ရွှမ်တိက နားမလည်နိုင်တဲ့ အမူအရာနဲ့
“အရှင့်သားရဲ့လုပ်ရပ်က မှားနေတယ်လေ…”
“အိမ်ရှေ့စံမင်းသားရဲ့ နာမည်ဂုဏ်သတင်းက အရမ်းအရေးကြီးတယ်။ သူက အိမ်ရှေ့စံ၊ အနာဂတ်မှာ လောကကြိးရဲ့ အရှင်သခင်ဖြစ်လာမယ့်သူ။ ဒီလိုရယ်ဖွယ်ကောင်းပြီး မိုက်မဲတဲ့ အစွန်းအထင်းမျိုး ကျန်ရစ်လို့မဖြစ်ဘူး”
စုန့်လီချင်း ရှင်းပြပြီးတဲ့နောက်မှာ သူတံခါးကို တွန်းဖွင့်လိုက်သည်။
အခန်းတွင်းက တေးသီချင်းသံတွေနဲ့ ကခုန်နေတာတွေက ရုတ်ခြည်းရပ်သွားပြီး လူအုပ်ကြီးက စုန့်လီချင်းကို ဝိုင်းကြည့်နေသည်။ သူ့ပုံစံက မဖိတ်ခေါ်ထားတဲ့နေရာကို မပျော်မရွှင်နဲ့ ရောက်လာတဲ့ ဧည့်သည်လိုပင်။
စုန့်လီချင်း ပတ်ပတ်လည်ကို တစ်ပတ်လှည့်ကြည့်လိုက်တော့ အများစုက ဂီတပညာရှင်တွေသာဖြစ်ပြီး ဟူချင်နဲ့ တခြားအနောက်တိုင်း တူရိယာတွေကို တီးခတ်နေကြသည်။ အလယ်ဗဟိုက မီးရောင်အောက်မှာ တစ်ယောက်တည်း လှလှပပနဲ့ ကခုန်နေသူကတော့ စုန့်လီချင်း နန်းပြင်မှာ မြင်ခဲ့ရတဲ့ ကျွင်းချီယွိခေါ်လာတဲ့ ဟူနွီအာပင်ဖြစ်သည်။
ဟူနွီအာရဲ့ အသားအရည်က ညိုတိုတိုအရောင်ဖြစ်ပြီး ဆံပင်တွေ မျက်ခုံးမွှေးတွေက အဝါရောင်ဘက် သမ်းကာ မျက်လုံးအိမ်ကတော့ ခရမ်းရောင်ပဲဖြစ်သည်။ တိုင်းတစ်ပါးကလာတာကြောင့် သူ့ပုံစံက တစ်မူထူးခြားဆန်းပြားနေသည်။ မိတ်ကပ်ကို ခပ်ထူထူလိမ်းထားပြီး မျက်လုံးခပ်ကြီးကြီးနဲ့ ခပ်ရှည်ရှည် မျက်ခုံးတန်းတွေရှိသည်။ ကျောက်မျက်ရတနာတွေနဲ့ အရောင်အသွေးစုံလင်လှတဲ့ ကချေသည်၀တ်စုံကို ၀တ်ဆင်ထားပြီး သူ့နောက်ကျော၊ ပခုံးသားတွေ၊ ဗိုက်သားတွေနဲ့ ပေါင်တံတွေကို လှစ်ဟပြထားသည်။ ပန်းချီကားထဲကလိုမျိုး စွဲမက်ဖွယ်ကောင်းတဲ့ အနောက်တိုင်းသား ရုပ်ရည်သွင်ပြင်မျိုးပင်။ ဒါကြောင့် ရွှမ်တိက သူ့ကို “မှင်စာကောင်”လို့ အထင်တသေးနဲ့ ခေါ်တာ မဆန်းတော့ဘူး။
ဟူနွီအာက စုန့်လီချင်းကို မြင်တဲ့အချိန်မှာ မကြောက်တဲ့အပြင် ညှို့အားပြင်းတဲ့ မျက်လုံးတွေနဲ့ ရန်စသလိုကြည့်ပြီး အရိုအသေတောင် ပေးလာခဲ့သည်။
“အိမ်ရှေ့စံမိဖုရား”
စုန့်လီချင်းက သူ့ကိုလျစ်လျူရှုလိုက်ပြီး ကျွင်းချီယွိဆီပဲ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
အခုလက်ရှိမှာ ကျွင်းချီယွိက ကျားအရေခွံဖုံးထားတဲ့ သလွန်ပေါ် လှဲလျောင်းနေလေသည်။ မင်္ဂလာဝတ်စုံက သူ့ကိုယ်ပေါ်မှာပဲ ရှိနေသေးပြီး လျော့တိလျော့ရဲ ဖြစ်နေသည်။ သူ့မျက်နှာပေါ်က အိပ်ချင်မူးတူးပုံစံကို ကြည့်ခြင်းအားဖြင့် သူနှောင့်ယှက်ခံလိုက်ရမှန်း သိနိုင်သည်။
“အိမ်ရှေ့စံမိဖုရား…”
ကျွင်းချီယွိက ထိုဂုဏ်ပုဒ်ကို ရယ်စရာတစ်ခုလို လှောင်ပြောင်လိုက်ပြီး သဘောတကျ ရယ်မောနေသည်။
“မင်းရောက်လာတာ အချိန်ကိုက်ပဲ။ မင်းဒီအရှင်သခင်အတွက် ကပေး၊ ဟူနွီအာ ကသလိုမျိုး။ အိုး၊ ဒီမှာ ကချေသည်ဝတ်စုံတစ်စုံ ရှိနေပါ့လား။ မင်းနဲ့ဆို အရမ်းလိုက်မှာပဲ”
ကျွင်းချီယွိက အရမ်းဖော်လွန်းလို့ ၀တ်စုံလို့တောင် ခေါ်လို့မရတဲ့ ကချေသည်၀တ်စုံတစ်စုံကို လက်ညှိုးထိုးပြလာတော့ စုန့်လီချင်းရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက လျော့ရဲသွားသည်။
“ကျွန်တော်မျိုး မကတတ်ဘူး”
ကျွင်းချီယွိက ရယ်လျက်
“ကိစ္စမရှိဘူး။ ငါဟူနွီအာကို သင်ခိုင်းလိုက်မယ်”
ဟူနွီအာက နူးညံ့ညင်သာစွာနဲ့
“သခင့် အမိန့်အတိုင်းပါပဲ”
ထို့နောက် သူချက်ချင်း လက်တွေ့သရုပ်ပြလိုက်သည်။ သူ့တင်ပါးတွေကို ခါရမ်းလိုက်တဲ့အချိန်မှာ ကချေသည်၀တ်စုံပေါ်က ကျောက်မျက်ရတနာတွေက တစ်ခုနဲ့တစ်ခု တိုက်မိသွားပြီး တချွင်ချွင်သံတွေ မြည်လာသည်မှာ အလွန်ညှို့ယူဖမ်းစားနိုင်သည်။
စုန့်လီချင်းရဲ့မျက်နှာက ပိုပိုတောင့်တင်းလာပြီး ခါးမတ်ကာ
“ကျွန်တော်မျိုးက အရှင့်သားကို သင်ကြားပေးဖို့ ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ရွေးချယ်ခြင်း ခံထားရတဲ့ ရှင်းခဲ့ထန်ဟွားပါ။ ဒါ့အပြင် ရုံးတော်မှာလည်း မှတ်တမ်းဝင်တဲ့ တရား၀င် အရာရှိပါ။ ဒီလို ပေါ်ပေါ်ထင်ထင် ဟူအကတွေကို သင်မှာမဟုတ်ပါဘူး”
ဟူနွီအာက တခစ်ခစ်ရယ်ကာ ကျွင်းချီယွိနား နှစ်လှမ်းသုံးလှမ်း လျှောက်သွားကာ ဒူးထောက်ချလိုက်သည်။
“သခင်၊ အိမ်ရှေ့စံမိဖုရားတဖြစ်လဲ သခင့်အစေခံရဲ့ တရား၀င်ရာထူးက ဘာများလဲ”
“ဒီလိုပါပဲ…”
ကျွင်းချီယွိက စုန့်လီချင်းကို စိုက်ကြည့်ရင်း ပြက်ရယ်ပြုသလိုလိုနဲ့
“ဘာတန်ဖိုးမှမရှိတဲ့ အဆင့်နိမ့်တဲ့ အဆင့်ခုနစ်ရာထူးလေးပဲကို။ မနက်ခင်းညီလာခံတက်ဖို့တောင် အဆင့်မရှိဘူး။ မင်းလေသံကိုနားထောင်ပြီး ငါက ပထမအဆင့်ရာထူးတောင် ခန့်အပ်ခံထားရတယ် ထင်နေတာ”
“ဘာနေနေ အကုန်လုံးက အရှင်သခင်ကို အဖော်ပြုပေးပြီး အလုပ်အကျွေးပြုရတာပဲ။ ဟူနွီအာနဲ့ ဘာမှမကွာပါဘူး”
သူတို့နှစ်ယောက်သား အတူတကွ ခပ်သောသော ရယ်မောလိုက်ကြသည်။
စုန့်လီချင်းမှာ အသက်ရှူသံတွေတောင် မှားကုန်ပြီး သူတို့လှောင်ပြောင်သရော်နေတာကို ထိုနေရာမှာပဲ အတောင့်လိုက် ခံနေရသည်။
“ဟေး စုန့်လီချင်း၊ မင်းဆက်သင်ချင်သေးလား။ သခင့်ကို ကျေနပ်အောင်လုပ်ပေးဖို့ သင်လိုက်လေ ဟမ်”
ကျွင်းချီယွိက ပြောရင်းဆိုရင်း သူ့ခြေထောက်ကို မြှောက်လိုက်ပြီး စုန့်လီချင်းရဲ့ မင်္ဂလာ၀တ်စုံ အစွန်းဖျားကို ကပြက်ချော်အမူအရာဖြင့် ပင့်မလိုက်သည်။
စုန့်လီချင်းက ခြေတစ်လှမ်းနောက်ဆုတ်ကာ ရှောင်လိုက်ပြီး တည်ကြည်လေးနက်တဲ့ အသံနဲ့ အခိုင်အမာ ပြောလိုက်သည်။
“ကျွန်တော်မျိုး ဒီလိုအရှက်မရှိ ညစ်ညမ်းတဲ့ဟာတွေကို ယောကျ်ားတွေကို ကျေနပ်အောင်လုပ်ပေးဖို့ တစ်ခုတည်းနဲ့ ဘယ်တော့မှသင်မှာ မဟုတ်ဘူး”
“ဟမ့်”
ကျွင်းချီယွိက စိတ်ဆိုးနေပြီဖြစ်ကာ ယိုင်တိယိုင်တိုင်နဲ့ မတ်တပ်ထရပ်လိုက်သည်။ အရက်နံ့တွေက ပြင်းလွန်းလို့ စုန့်လီချင်း မျက်လုံးတောင်ဖွင့်လို့ မရပေ။
သူ စုန့်လီချင်ရဲ့ မေးစေ့ကို ညှစ်လိုက်တာကြောင့် စုန့်လီချင်းခဗျာ မျက်နှာမော့ပြီး သူ့ကိုပြန်ကြည့်ရုံသာ ရှိတော့သည်။
“ဟူနွီအာက တခြားသူတွေထက် နိမ့်ကျပြီး မင်းကတော့ အမြင့်မြတ်ဆုံးလို့ ထင်နေတာလား”
“ကျွန်တော်မျိုး မဟုတ်ရပါဘူး”
စုန့်လီချင်းက ခေါင်းခါပြီး ဆက်ပြောသည်။
“ဒါပေမယ့် ကျွန်တော်မျိုးက ကျွင်းမိသားစုရဲ့ မျိုးရိုးစဉ်ဆက် တော်၀င်မှတ်တမ်းဝင်တဲ့ အိမ်ရှေ့စံမိဖုရားပါ။ ဒါ့အပြင် အရှင့်သားနဲ့ ကျန်တဲ့ဘဝသက်တမ်းတစ်လျှောက်လုံး အတူနေမယ့် ကြင်ရာတော်ပါ… ချီယွိ၊ မိုးချုပ်နေပြီ။ တ၀ကြီးဆော့ပြီးပြီမလား။ ကျွန်တော်နဲ့ ပြန်လိုက်ခဲ့ပါတော့”
နောက်ဆုံးတစ်ဝက်နား စုန့်လီချင်းက သူ့လေသံကို နူးညံ့ပျော့ပျောင်းအောင် နှိမ့်လိုက်ပုံမှာ အသနားခံလုနီးနီး ဖြစ်နေသည်။
ဧကရာဇ်နဲ့ ဧကရီကလွဲပြီး ဘယ်သူကမှ ကျွင်းချီယွိကို ချစ်ခင်ယုယစွာနဲ့ “ချီယွိ” လို့ မခေါ်ခဲ့ဖူးပေ။ ကျွင်းချီယွိက ထိုအဝေါ်အဝေါ်ကို ခဏလောက် အသားမကျသေးဘဲရှိနေသည်။ အကြောင်းမှာ ထိုအခေါ်က ချစ်ခင်ကြင်နာမှုတွေရဲ့ ပြယုဂ် အရင်းနှီးဆုံးလူတွေသာ ခေါ်လို့ရတဲ့ အခေါ်အဝေါ် ဖြစ်သောကြောင့်ဖြစ်သည်။
“မင်းကို ဘုရင်ကိုယ်တိုင် ရွေးချယ်ထားတော့ရော ဘာဖြစ်သေးလဲ။ မင်းကိုယ်မင်းကြည့်စမ်း၊ ပျင်းစရာကောင်းလိုက်တာ။ စာကြမ်းပိုးတွေရဲ့ စာအုပ်အနံ့နဲ့ပဲ ပြည့်နေတာ။ ဟူနွီအာလို ဗဟုသုတတွေနဲ့ နားလည်ပေးနိုင်မှုတွေ မင်းမှာရှိလား။ သူ့ခြေဖျားကို တစ်၀က်တောင်မမီဘူး။ မင်းက ချောင်ထိုးခံထားရတဲ့ အိမ်ရှေ့စံမိဖုရားပဲ ဖြစ်မှာပဲ”
စုန့်လီချင်းရဲ့ မျက်လုံးတွေထဲမှာ မျက်ရည်တွေနဲ့ ပြည့်နေပြီး သူ့ရဲ့ မျက်နှာကြည်ကြည်လေးကို သနားစရာကောင်းသည့် ပုံစံပေါက်စေသည်။
ကျွင်းချီယွိရဲ့ လက်ချောင်းတွေက နူးညံ့သွားပြီး သူ့ကိုမသိစိတ်ကနေ လွှတ်ပေးမိလိုက်သည်။
စုန်းလီချင်းက အသက်ရှူမွန်းနေတဲ့လေသံနဲ့ တောင်းပန်လိုက်သည်။
“ဒီနေ့က ကျွန်တော်တို့ရဲ့ မင်္ဂလာဦးညလေ။ အခန်းပြန်ပြီး တစ်ညတာကို ကောင်းကောင်းဖြတ်သန်းကြရအောင်ပါ”
စုန့်လီချင်းက ကျွင်းချီယွိရဲ့ မင်္ဂလာဝတ်စုံကို သပ်သပ်ရပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးလိုက်ပြီး ကော်လံကို ပြန်တည့်ပေးလိုက်သည်။
ကျွင်းချီယွိ ရုတ်တရက် စိတ်ညစ်သွားရသည်။ ဒီနေ့က သူ့ဘဝမှာ အရမ်းပျော်ဖို့ကောင်းတဲ့ အခိုက်အတန့်ဖြစ်သင့်တာကို။
ဟူနွီအာက သူမူးရူးပြီး အဝတ်အစားတွေ ဖရိုဖရဲဖြစ်သည်အထိ ကစားပေးနိုင်သည်။ စုန့်လီချင်းကတော့ သူအမူးပြေပြီး အဝတ်အစားတွေကို ပြန်သတိရအောင် လုပ်ပေးနိုင်တဲ့သူဖြစ်သည်။ ကျွင်းချီယွိ ရုတ်တရက် ဒါလည်း တော်တော်ကောင်းတာပဲလို့ ခံစားလိုက်ရသည်…
ဒါပေမယ့် ဒီလို နာခံတတ်တဲ့မျက်နှာက ဟန်ဆောင်ထားတာသက်သက်ပဲလို့ တွေးမိလိုက်တာနဲ့ သူစက်ဆုပ်သွားရသည်။ သူအလျှော့ပေးလို့ မဖြစ်ဘူး။ မဟုတ်ရင် သူ့တစ်သက်လုံး တခြားသူတွေရဲ့ အကြပ်ကိုင်မှုနဲ့ ထိန်းချုပ်မှုတွေကိုပဲ ခံရတော့မှာ!
“မင်းက မင်္ဂလာခန်းဝင်ချင်ရုံပဲမလား… ငါဘယ်မှာ လုပ်ရမလဲ”
စုန့်လီချင်း ရုတ်တရက် ကျွင်းချီယွိတွန်းတာကို ခံလိုက်ရတော့ ဟန်ချက်ပျက်ပြီး ကြမ်းပြင်ပေါ်ကို နောက်ပြန်လဲကျသွားသည်။ ကြမ်းပြင်နဲ့ သူ့တံတောင်ဆစ်နဲ့ ရိုက်မိသွားသည်မှာ အချိန်အတော်ကြာသည်အထိ ထုံကျင်နေခဲ့သည်။
ကျွင်းချီယွိက အရပ်ရှည်ပြီး ကိုယ်ခန္ဓာတောင့်တာကြောင့် သူ့ကိုဖိချကာ ခန္ဓာကိုယ်အောက်မှာ ချုပ်ထားလိုက်သည်။