အကြိမ်ပေါင်းများစွာ တိုးချဲ့မှုများ ပြုလုပ်ပြီးသည့်နောက် ကျင်းကော်နန်းတော်သည် မင်းဆက်တစ်လျှောက်၌ အကြီးမားဆုံးနန်းတော် ဖြစ်လာခဲ့သည်။ ခမ်းနားထည်ဝါလှသော အဆောက်အအုံများ၊ နဂါးရုပ်ထုများနှင့် ဆေးခြယ်မှုန်းထားသော နန်းဆောင်များက စိမ်းလန်းစိုပြေတောက်ပလျက်ရှိပြီး ထိုခေတ်အချိန်ကာလ၏ သာယာဝပြောမှုကို ဖော်ညွှန်းနေသည်။
မြင်းကောင်းရှစ်ကောင်ပါသော ရထားလုံးနှင့် ကျွင်းချီယွိ နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ရထားလုံး၏ အပြင်ဘက်သည် ခမ်းနားလှပပြီး အတွင်းဘက်မှာမူ ပို၍ပင် ခမ်းနားထည်ဝါလှသည်။
ကျွင်းချီယွိသည် အနောက်ဆောင်ထဲရှိ ရီဟွားဆောင်ဆီ တန်းတန်းမတ်မတ် ၀င်သွားလိုက်သည်။ အပြင်ဘက်တွင် အစောင့်များမှာ ငါးလှမ်းလျှင်တစ်ဦးနှုန်းဖြင့် ရှိနေပြီး နန်းဆောင်အတွင်းခန်းတွင်မူ နန်းတွင်းအစေခံ အယောက်နှစ်ဆယ်ကျော် ရှိသည်။
ပလ္လင်ပေါ်တွင်ထိုင်နေသည့်သူမှာ နိုင်ငံ့ဦးသျှောင် အရှင်သခင်ဖြစ်သည့် ရွှမ်တိကျွင်းရွှမ်ရှောင်းပင်ဖြစ်လေသည်။ သူကိုယ်တိုင်၌ပင် ချစ်ခင်ဖွယ်ရာ သူရဲကောင်းဆန်ဆန် ရုပ်ရည်မျိုး ပိုင်ဆိုင်ထားကာ လောကအရှင်သခင်၏ ခန့်ညားမှုမှာ ပြောဖွယ်ရာမရှိချေ။
ဘယ်ဘက်တွင် ထိုင်နေသောသူမှာ သမိုင်းတွင် ရှေ့ဆောင်နမူနာဖြစ်သည့် ကျင်းကော်ဧကရီ ရှန်းယွီဖြစ်သည်။ သူသည် သက်တော်လေးဆယ်နီးပါး ရှိနေပြီဖြစ်သော်လည်း သက်တော်နှစ်ဆယ်တုန်းကနှင့် မခြားနားလှပေ။ ကြိုးကြိုးစားစားနှင့် အဖိုးတန်ဆုံးအရာများကို ထိန်းသိမ်းထားခဲ့သောကြောင့် နှစ်ကာလ၏ ရိုက်ခတ်မှုများက သူ့အပေါ် ထင်ကျန်ရစ်ခြင်းမရှိပေ။
ငယ်စဉ်ကတည်းကပင် ရှန်းယွီဟာ တိုင်ပြည်နှင့် နိုင်ငံတော်၏ အလှတရားကို ပိုင်ဆိုင်ခဲ့သူဖြစ်သည်။ ဧကရာဇ်ရွှမ်ဟာ အရင်မင်းဆက်ကို ဖြုတ်ချခဲ့ပြီး ဘုရင်ဖြစ်လာခဲ့တာဆိုပြီး အပြင်လူတွေဆီကနေ ကောလဟာလများ ပြန့်နေသည်။
“ခမည်းတော်ကို လာတွေ့ပါတယ်”
ကျွင်းချီယွိ ယဉ်ယဉ်ကျေးကျေး အရိုအသေပြုလိုက်သော်လည်း သူ၏လေသံမှာ ပေါ့ပေါ့တန်တန်နှင့် ဟက်ဟက်ပက်ပက်မရှိလှ။
ဆန့်ကျင်ဘက်အားဖြင့်မူ ဧကရီရှန်းယွီကို မြင်သည်နှင့် သူ၏မျက်ခုံးများနှင့် ဖီးနစ်မျက်လုံးများက တစ်ပြိုင်နက်တည်း လှုပ်ရှားသွားပြီး ပြုံးရွှင်သွားသည်။
ကျွင်းချီယွီသည် ဧကရီ့အား လေးလေးစားစား ဦးညွှတ်ဂါရဝပြုလိုက်သည်။
“ပါပါး ဒီရက်ပိုင်း အဆင်ပြေရဲ့လား ၊ သားကိုရော လွမ်းနေရဲ့လား”
ပေါ့ပေါ့ပါးပါးနှင့် တရင်းတနှီး လေသံသည် ဧကရာဇ်ရွှမ်ကို ပြောဆိုဆက်ဆံစဉ်ကနှင့် လုံးဝကွဲပြားခြားနားလှသည်။
ခမည်းတော်ဟာ ဧကရာဇ်ခမည်းတော်ဖြစ်ပြီး ပါပါးကတော့ ပါပါးပဲဖြစ်သည်။ ကျွင်းချီယွိ သွေးနီးဆွေမျိုးနှင့် သွေးဝေးဆွေမျိုးကိုတော့ ခွဲခြားသိမြင်နိုင်ပါသေးသည်။
“အရင်ဆုံး ကလေးဆန်တာလေးတွေ ရပ်လိုက်ပါဦး”
ဧကရီရှန်းယွီက စိတ်လှုပ်ရှားမှုကို ထိန်းလိုက်ပြီး မေးမြန်းသည်။
“ကြင်စဦးဇနီးမောင်နှံက လူကြီးသူမတွေကို လာရောက်တွေ့ဆုံရမယ့်နေ့မှာ မင်းရဲ့မိဖုရားက ဘယ်မှာလဲ ၊ မင်းတို့ဘာလို့ အတူတူမလာတာလဲ”
စုန့်လီချင်းအကြောင်း ပြောလိုက်တော့ ကျွင်းချီယွိ နှုတ်ခမ်းဆူသွားသည်။
“သူ့ကို နန်းတွင်း၀င်ဖို့ ပြောထားပေမယ့် သူကအခုထိ အိပ်နေတုန်းပဲရှိသေးတယ်”
“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ ၊ လီချင်း.. အဲ့ကလေးက ဒီလောက်လေးတောင် ယဉ်ကျေးမှုနားမလည်ဘူးလား”
ရှန်းယွီက ညင်သာစွာ ဆူသည်။
“မနေ့ညက မိုးရေထဲမှာ သူဖျားသွားလို့ ကျွန်တော်သူ့ကို အိမ်မှာပဲ အနားယူခိုင်းပြီး ဟိုဟိုဒီဒီမသွားဖို့ ပြောထားတာ”
ရှန်းယွီ မျက်မှောင်ကြုတ်သွားသည်။ သူသံသယ၀င်နေတာ ထင်ရှားပေမယ့် ဆက်ပြီးစကားအစ်ဖို့က မလွယ်တော့။
“ဒါဆို ဒါကို သူ့ဆီပြန်ယူသွားပြီး အားပြန်ပြည့်လာအောင် ကောင်းကောင်းအနားယူခိုင်းလိုက် ၊ ငါတို့ဘာမှ အပြစ်မတင်ပါဘူး”
ရှန်းယွီမှာ အတွင်းထဲတွင် ဖောင်းကြွနေသော အနီရောင်စာအိတ်တစ်လုံးကို ပြင်ဆင်ထားသည်။ ကျွင်းချီယွိက အတွင်းထဲဘာပါလဲဆိုတာကို ဖွင့်တောင်မကြည့်ဘဲ သူ့လက်ဖျားထဲ သာမန်ကာလျှံကာ ထိုးထည့်လိုက်သည်။
“တန်ဖိုးကြီးတဲ့ဟာ မဟုတ်ဘူး ၊ မင်္ဂလာလက်ဆောင်ပေးတာ ၊ မင်းတို့နှစ်ယောက် နောင်အနာဂတ်မှာ လိုက်ဖက်ညီညီနဲ့ အတူတူ အသက်ကြီးတဲ့အထိ ပေါင်းရဖို့ မျှော်လင့်တယ်”
“အင်း”
ကျွင်းချီယွိ အပြင်ပန်းမှာ ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်ပေမယ့် စိတ်ထဲတွင်တော့ လှောင်ပြောင်နေသည်။
စုန့်လီချင်းသာ နှစ်၀က်လောက်ထိ အသက်ရှင်နိုင်ရင် သူ့ကို ဒူပေဒဏ်ပေခံတဲ့သူလို့ သတ်မှတ်ရလိမ့်မယ်။
“ဘာမှမရှိတော့ရင် သားတော် အရင်သွားနှင့်တော့မယ်နော် ပါပါး ၊ နောက်မှ နယ်စပ်မှာ ဒီနှစ်တွေအတွင်း သားတော်ကြုံတွေ့ ခဲ့ရတာတွေကို လာပြောပြမယ်”
“နေဦး”
ရှန်းယွီ သူ့ကိုခေါ်လိုက်သည်။
“ဘာလို့ အလျင်လိုနေတာလဲ ၊ မင်းခမည်းတော်နဲ့ စကားတစ်ခွန်းမှတောင် မပြောရသေးဘူးလေ”
ဧကရာဇ်ရွှမ်က ချစ်သာချစ်ပေမယ့် မတတ်သာတာကြောင့် ပြုံးလိုက်ရသလို အပြုံးမျိုးနဲ့ ပြုံးလာသည်။
“ဟမ့် ကိုယ်သူ့ကို မသိဘူး ၊ ပြီးတော့ သူကကိုယ့်ကို အခုထိ လက်ထပ်ပွဲကြောင့် စိတ်ဆိုးနေတုန်းပဲ”
ကျွင်းချီယွိသည် နှိမ့်ချသည်လည်းမဟုတ် အရိုအသေတန်သည်လည်း မဟုတ်စွာပြန်ပြောလာ၏။
“မလုပ်ရဲပါဘူး”
“ဘာမလုပ်ရဲရမှာလဲ ၊ မင်းက အနောက်ပိုင်းဒေသမှာ အတောင်စုံလာခဲ့ပြီလေ”
ဧကရာဇ်ရွှမ်က သူ့ကိုဂရုမစိုက်သော်လည်း အလေးအနက်ပြောသည်။
“ချီယွိ၊ ငါမင်းကိုဘာလို့ စုန့်လီချင်းနဲ့လက်ထပ်ဖို့ အတင်းအကြပ် တိုက်တွန်းခဲ့လဲဆိုတာ မင်းသိလား”
ကျွင်းချီယွိက မျက်နှာသေဖြင့်
“နိုင်ငံရေးလက်ထပ်ပွဲတစ်ခုထက် မပိုဘူးလေ ၊ ပေါင်းစည်းဖို့ နည်းလမ်းပဲဟာကို”
“မင်းသိရင် ရပြီ”
ကျွင်းချီယွိ မကျေနပ်သေးဘဲ ပြောသည်။
“ကျွန်တော်တစ်ခါမှ မစဉ်းစားမိခဲ့ဖူးဘူး ၊ ခမည်းတော်က ငယ်ငယ်လေးကတည်းက တန်ခိုးအာဏာကြီးမားခဲ့တယ် ၊ ကျန်းပေဘုရင်ကနေ ကျင်းကော်ဧကရာဇ် ဖြစ်လာတဲ့အထိ သားတော်မြင်ဖူးတာထက် ပိုများတဲ့လူတွေကို တိုက်ခိုက်သတ်ဖြတ်ခဲ့တယ် ၊ ဘာလို့ အသက်ကြီးလာမှ ကိုယ့်အောင်မြင်မှုတွေကို ကြောက်နေရတာလဲ ၊ ဒါက ရေမြေ့သခင်တစ်ပါးအတွက် အသေးအဖွဲကိစ္စလေးပဲ မဟုတ်လား ၊ ဧကရာဇ်ဗျူဟာတွေ သုံးဖို့လိုလို့လား”
ဧကရာဇ်ရွှမ်က အသက်ကြီးလာပြီဆိုတဲ့ စကားကိုကြားတော့ နဖူးက သွေးကြောတွေ ထောင်ထလာပြီး ထမလို့လုပ်လိုက်ပေမယ့် ဧကရီက ဖိချလိုက်သည်။
“သားအဖနှစ်ယောက် စကားကောင်းကောင်းပြောပါ့မယ်လို့ သဘောတူထားတယ်နော်”
ရှန်းယွီ သတိပေးလိုက်သည်။
ဧကရာဇ်ရွှမ်က ဒေါသကို ချုပ်ထိန်းကာ ချက်ကျလက်ကျ ပြောပြသည်။
“စုန့်ချင်းရဲ့ အောင်မြင်မှုတွေနဲ့သာဆိုရင် ငါနဲ့ သူ့ကြားက နှစ်ပေါင်းများစွာ ဧကရာဇ်နဲ့ အမတ်ဆက်ဆံရေးအရ အကောင်းဆုံးရလဒ်က အကောင်းဆုံးရလဒ်ပဲ ၊ လောကကို တိုက်ခိုက်တာက တိုက်စစ်နဲ့ အင်အားအပေါ် မူတည်တယ် ၊ ဒါပေမယ့် နိုင်ငံကို အုပ်ချုပ်တာကတော့ မတူဘူး ၊ မင်းကအခုထိ မရင့်ကျက်သေးဘူး ၊ ငါမင်းကို ဒီဟာတွေ ပြောပြနေတယ်ဆိုတာ အကြောင်းပြချက် ပေးနေတာမဟုတ်ဘူး ၊ ဒါပေမယ့် အနှေးနဲ့အမြန် မင်းလောကကြီးကို အုပ်စိုးပြီး သင်ယူရမယ့် အချိန်ရောက်လာမှာပဲ”
ကျွင်းချီယွိ အေးစက်စက်နိုင်စွာ ပြန်ပြောလိုက်သည်။
“ဟုတ်တယ်၊ ကျွန်တော်တစ်ယောက်တည်းပဲ စွန့်လွှတ်အနစ်နာခံလိုက်ရတာ”
ဧကရာဇ်ရွှမ်က ပြန်မေးလာသည်။
“ဘာတွေများ စွန့်လွှတ်အနစ်နာခံလိုက်ရလို့လဲ”
“လွတ်လပ်မှု”
ကျွင်းချီယွိ ခဏရပ်ပြီး ဆက်ပြောသည်။
“ပျော်ရွှင်မှု”
ဧကရာဇ်ရွှမ် နောက်တစ်ကြိမ်ပြန်၍ ဒေါသထွက်လာပြန်သည်။ အခုချိန်သာ လွန်ခဲ့တဲ့ အစောပိုင်းနှစ်တွေဆိုလျှင် သူ့ဒေါသကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။
“ဘယ်ဟာက အကောင်းမှန်းအဆိုးမှန်း မင်းဘာသိလို့လဲ ၊ မင်းအဲဒီနေ့က အမတ်တွေရှေ့ သူ့ကို အရှက်ခွဲခဲ့တာတောင် သူသည်းခံခဲ့တယ်ဆိုတာက မင်းထက်သူကပိုပြီး စိတ်သဘောထား ကြီးမားတယ်ဆိုတာ ပြနေတာပဲ”
ဧကရာဇ်ရွှမ် အပြစ်တင်ဆူပူလိုက်သည်။
“မှားတာမှန်တာရယ်က သီးခြားသတ်မှတ်ထားတာ မဟုတ်ဘူး”
ကျွင်းချီယွိက ပြန်ပြောရန် ပြင်လိုက်သော်လည်း ရှန်းယွီ၏ စိုးရိမ်တကြီး မျက်လုံးများကို မြင်သောအခါ လွန်ကဲလှသည့် စကားလုံးတွေကို ပြန်မျိုချလိုက်ရသည်။
သူတစ်ခွန်းတည်းပဲ ပြန်ပက်လိုက်သည်။
“ခမည်းတော်ရဲ့ သင်ကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ်”
ဧကရာဇ်ရွှမ်က ဒေါသသက်ပြင်းတစ်ခုကို ချလိုက်ကာ ပြောသည်။
“ကောင်းပြီ၊ မင်းကအခု ထိမ်းမြားပြီးပြီဆိုတော့ သူ့ကို ကောင်းကောင်းဆက်ဆံရမယ် ၊ သူ့ရဲ့နှလုံးသား အေးခဲသွားတဲ့အထိ မလုပ်မိစေနဲ့ ၊ မဟုတ်ရင် နောင်တရလိမ့်မယ်”
ရှန်းယွီက ထပ်လောင်းပြောလိုက်သည်။
“မင်းခမည်းတော်က အတိတ်တုန်းက သင်ခန်းစာပဲလေ”
“ဟမ်… အာ”
ဧကရာဇ်ရွှမ် ခဏတာ ကြောင်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
“မင်းပါပါးပြောတာ မှန်တယ်”
“အိုး၊ လိုက်နာပါ့မယ်”
ကျွင်းချီယွိကတော့ လုံးဝဂရုမစိုက်ဘဲ မထီမဲ့မြင်သာ ပြန်ပြောလေသည်။
“ဒါပေမယ့် တစ်နေ့ကျ သူက မိဖုရား မလုပ်ချင်တော့ပါဘူး ဆိုရင်တော့ ကျွန်တော့်ကို အပြစ်မတင်ဘူးမလား”
“မင်း…”
ဆူညံပူညံ စကားတချို့ ပြောဆိုပြီးနောက် ကျွင်းချီယွိလည်း ယီဟွားဆောင်မှ လွတ်မြောက်သွားခဲ့သည်။
သူငယ်စဉ်ကတည်းက လောကကို အုပ်စိုးခဲ့တဲ့ ဝူတင်း၊ မြင့်မြတ်လှတဲ့ ဧကရာဇ်ရွှမ်ကို အလေးစားဆုံး ဖြစ်ခဲ့သော်လည်း သူ အနောက်ပိုင်းဒေကကနေ ပြန်လာတဲ့ အချိန်မှာတော့ သားအဖနှစ်ယောက်ကြား သဘောထားကွဲလွဲမှုများ ပိုများလာပြီး အတူတူ စကားပြောလို့ မရနိုင်တော့ပဲ နေရာတိုင်း၌ ကွဲပြားမှုများ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။
…
နေဝင်ချိန်ရောက်သောအခါမှာ ချီလင်စံအိမ်တော်၏ အုတ်ကြွပ်များက ရွှေရောင်တောက်ပနေသည်။
စုန့်လီချင်းက ပြတင်းပေါက်ဘေးထိုင်နေရင်း နေလုံးကြီးတဖြည်းဖြည်း ၀င်သွားကာ အခန်းထဲ မှောင်မိုက်လာသည်ကို ကြည့်ပြီး မျက်လွှာချလျက် စိတ်ပျက်အားငယ်နေသည်။
“အာ!”
တံခါးတွန်းဖွင့်ပြီး မီးလာထွန်းသည့် ရှောင်တိမှာ လန့်သွားရသည်။
“သခင်လေး! ၊ သခင်လေးမလား ၊ ဘာလို့ အစေခံတွေကို အိမ်ထဲမီးမထွန်းခိုင်းရတာလဲ ဟင် ၊ ဒီနေ့ နန်းတော်ထဲမှာ အရှင်နှစ်ပါးကို သွားတွေ့ရမှာ မဟုတ်ဘူးလား ၊ သခင်လေး မသွားဘူးလား”
“ငါ…ငါဒီနေ့ ပင်ပန်းနေလို့”
စုန့်လီချင်း ဖုံးကွယ်ထားချင်မိသည်။
စုန့်လီချင်းပြောစရာမလိုဘဲ ရှောင်တိက အခန်းထဲရှိ ဖယောင်းတိုင်နီကို ထွန်းလိုက်သည့်အချိန်မှာ သူ့မျက်နှာပေါ်ရှိ ဒဏ်ရာကို မြင်လိုက်ရသည်။ မနေ့ညက ဦးတိုက်ခဲ့သည့် ဒဏ်ရာအပြင် ခြစ်ရာအနည်းငယ်နှင့် ပွန်းပဲ့ရာများလည်း ရှိနေသည်။
“သခင်လေး! ဘယ်လိုလုပ်ပြီး ဒီဒဏ်ရာတွေ ရလာရတာလဲ ၊ အရှင့်သား၊ အရှင့်သားလုပ်တာလား”
ရှောင်တိ အလွန်ဒေါသထွက်သွားသည်။
“မဟုတ်သေးဘူး ဒီလိုတွေသာ ဆက်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ ၊ သခင်လေး နန်းတွင်း၀င်ပြီး တိုင်တန်းမှဖြစ်တော့မယ် ၊ သွားပြီး ဧကရာဇ်နဲ့ ဧကရီကို သခင်လေးအတွက် အဆုံးအဖြတ်ပေးခိုင်းလိုက်”
“ရှောင်တိ”
စုန့်လီချင်းက သူမလက်ကို ဆွဲကိုင်လိုက်ရင်း
“ထားလိုက်ပါတော့”
“ထားလိုက်ရမယ်ဟုတ်လား ၊ သခင်လေးသာ ဘာမှမပြောရင် အရှင့်သားက ပိုစည်းကမ်းမဲ့လာပြီး ပိုဆိုးလာလိမ့်မယ်”
စုန့်လီချင်းက ဖယောင်းတိုင်မီးကိုကြည့်ရင်း တိတ်တဆိတ် သက်ပြင်းချသည်။
“ဧကရာဇ်နဲ့ ဧကရီက နာမည်အရသာ ငါ့ရဲ့ဆွေမျိုးတွေဆိုပေမယ့် သူတို့က ချီယွိရဲ့ မိဘတွေလေ ၊ သူတို့ ဘယ်သူ့ဘက်က ရပ်တည်မယ်ထင်လဲ ၊ ပြီးတော့ ဒီလိုအသေးအဖွဲ ကိစ္စလေးကိုတောင် နန်းတွင်း၀င်ပြီး တိုင်နေရင် သူတို့ငါ့ကို ဘယ်လိုထင်မလဲ”
“ဒါပေမယ့် အရှင့်သားက တကယ်ပဲ…တကယ်ပဲ လွန်လွန်းတယ်”
ရှောင်တိက မကျေနပ်စွာဖြစ် နေလေသည်။
“သူလွန်တာက အဆင်ပြေတယ် ၊ ဘာလို့လဲဆိုတော့ သူကမင်းသားပဲလေ ၊ နောက်ကျရင် အကြီးမြင့်ဆုံး အရှင်သခင်ဖြစ်လာမှာ ၊ ဒါပေမယ့် ငါကတော့မဟုတ်ဘူး ၊ ငါသာ စိတ်ကြီး၀င်ပြီး ဇွတ်တရွတ်နိုင်တဲ့ ကလေးလိုမျိုးလုပ်နေရင် အဆုံးမရှိ ရန်ဖြစ်နေရတာနဲ့ နှစ်ယောက်စလုံး ပိုပိုပြီး ဝေးကွာသွားလိမ့်မယ် ၊ ကွဲဖို့နေ့ကလည်း လက်တစ်ကမ်းအကွာမှာ ရောက်နေပြီ”
စကားဆုံးသောအခါ စုန့်လီချင်းက ရှောင်တိ၏ လက်ဖျားကို ပုတ်ပေးလိုက်သည်။
“မင်းဒီနေ့ယူလာတဲ့ ဆေးကဘယ်မှာလဲ ၊ ငါ့ကိုနည်းနည်း လိမ်းပေးပါလား ၊ ဒီလိုပုံစံနဲ့ဆို လူတွေနဲ့တောင် မတွေ့ရဲဘူး”
စုန့်လီချင်း သူ့ကိုယ်သူ ဟာသလုပ်လိုက်သည်။
သို့သော် သူ၏ အတင်းအကြပ်ပြုံးနေသော မျက်နှာနှင့် ဖြူဖျော့ဖျော့ မျက်နှာကို ကြည့်ရင်း ရှောင်တိ အလွန်ပင် စိတ်မကောင်းဖြစ်ရသည်။
“ဟုတ်ကဲ့ပါ”
ရှောင်တိ အမိန့်အတိုင်း နာခံလိုက်သည်။
“ဒါကို နန်းတွင်းသမားတော်ဌာနကနေ ရခဲ့တာ ၊ သမားတော်ပျန်ရဲ့ ဆေးညွှန်းလို့ ကြားမိတယ်”
“ဒါဆို ကောင်းလောက်မှာပေါ့”
ဆေးလိမ်းပြီးနောက် စုန့်လီချင်း၏ ပူလောင်နေသော ဒဏ်ရာမှာ နောက်ဆုံးတွင် အနည်းငယ် အေးမြလာသည်။
ဘုန်း!!
တံခါးကို အားရပါးရ ကန်ဖွင့်ပြီး ကျွင်းချီယွိ၀င်လာတဲ့အခါမှာ လေပြင်းတစ်ချက်က ဖယောင်းတိုင်မီးလျှံများကို တုန်ခါသွားစေခဲ့သည်။