နန်းတော်တံခါး ပိတ်တော့မည့်ဆဲဆဲမှာ စုန့်လီချင်းသည် အချိန်အကြာကြီး ငေးမောနေခဲ့သည့် သူ့အကြည့်တွေကို ပြန်ရုပ်လိုက်ပြီး လှည့်ထွက်ရန်ပြင်လိုက်ချိန် လူတစ်ယောက်နှင့် တိုက်မိသွားသည်။
ထိုလူက အင့်ခနဲ ဖြစ်သွားပြီး ခါးကအဆင်တန်ဆာက မြေကြီးပေါ် ပြုတ်ကျသွားခဲ့သည်။
တစ်ယောက်နှင့်တစ်ယာက် တိုက်မိသွားသည့်အချိန်မှာ စုန့်လီချင်းရဲ့ လက်ဖမိုးက အစွန်းနဲ့ ရှမိသွားသည်။
“တောင်းပန်ပါတယ်”
စုန့်လီချင်းက ခေါင်းငုံ့တောင်းပန်လိုက်ပြီး အဆင်တန်ဆာကို ကောက်ယူကာ လက်နှစ်ဖက်နှင့် ပြန်ပေးလိုက်သည်။
“ဘယ်ခွေးက မျက်စိမပါတာလဲ၊ နန်းတော်ရှေ့မဟုတ်တာ ကံကောင်းပေလို့ပေါ့၊ မဟုတ်ရင် မင်းအရိုအသေတန်မှုနဲ့ အပြစ်ပေးခံနေရလောက်ပြီ”
ထိုလူက ဒေါသတကြီး ကျိန်ဆဲရင်း မြေကြီးပေါ်ကထရပ်လိုက်ပြီး သူ၏အနက်ရောင်ခေါင်းဆောင်းကို ပြန်ကောက်ဆောင်းလိုက်သည်။
စုန့်လီချင်း သေချာကြည့်လိုက်တော့မှ သူနဲ့တစ်တန်းထဲ တူတူတက်ခဲ့တဲ့ ပထမနဲ့ ဒုတိယဆုရ ကျန်ရှီနှစ်ဦးထဲက တစ်ဦးဖြစ်မှန်း သိလိုက်ရသည်။ ပထမဆုရပညာရှင်ကျောင်းသားက စုန့်လီချင်းထက် အသက်နည်းနည်းပိုကြီးသည်။
“အိုး…မျက်စိမပါတာ ဘယ်သူများပါလိမ့်လို့ ထန်ဟွားလန် ဖြစ်နေတာကိုး”
ကျွမ်းယွမ်လန်က စုန့်လီချင်းမှန်း သိလိုက်ရတော့ ဒေါသနည်းနည်းပြေသွားပြီး ပြုံးလိုက်လေသည်။ သို့ပေမယ့် ထိုအပြုံးမှာ လှောင်ပြောင်လိုမှုက ပိုများနေခဲ့သည်။
“အစ်ကိုကြီး”
ဒုတိယဆုရကျောင်းသားက အမှားပြင်ပေးလိုက်သည်။
“သူကအခုဆို အိမ်ရှေ့စံမိဖုရား ဖြစ်နေပြီလေ၊ အမြင့်ကိုပျံတက်ပြီး ဇာမဏီဌက်ဖြစ်သွားပြီ၊ ကျွန်တော်တို့နှစ်ယောက်နဲ့ မတူတော့ဘူး”
“ဟုတ်သားပဲ”
ပထမဆုရကျောင်းသားက ဟန်ဆောင်ပန်ဆောင် အရိုအသေပေးသလို လုပ်လိုက်သည်။
“အိမ်ရှေ့စံမိဖုရားကို ဂါရဝပြုပါတယ်”
“နှုတ်ခွန်းဆက်ပါတယ် အမတ်မင်းတို့”
စုန့်လီချင်းကလည်း ကိုယ်ဟန်အမူအရာကို သေချာထိန်းပြီး ဂါရဝပြန်ပြုလိုက်သည်။ ဒီနှစ်ယောက်က ဧကရာဇ်ဆီကနေ အဆင့်ငါးရာထူးကို ချီးမြှင့်ခြင်းခံခဲ့ရသည့် ညီလာခံတွင်းက မင်းမှုထမ်းအသစ်တွေဖြစ်သည်။ သူတို့က အထက်စီးဆန်ဆန် ပြုမူလေ့ရှိပြီး တခြားသူတွေကို အထင်သေးတတ်သည်ကလည်း ပုံမှန်ပင်။
စုန့်လီချင်းမှာ သူတို့နဲ့ပြိုင်ချင်စိတ် မရှိပေ။
“အမတ်မင်းတို့ နန်းတွင်းရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေလောက်မှာပဲ၊ ကျွန်တော် အမတ်မင်းတို့ရဲ့အချိန်ကို မဖြုန်းပါတော့ဘူး”
“ဟေး!”
ပထမဆုရကျောင်းသားက သူ့ကိုတားလာသည်။
“ထန်ဟွားလန်…အိုး မှားလို့၊ အိမ်ရှေ့စံမိဖုရား၊ ကျွန်တော်တို့က မင်းမှုထမ်းစာရင်းတစ်ခုတည်းမှာ အတူတူ ပါခဲ့ဖူးတယ်လေ၊ မတွေ့ရတာလည်း ရက်အနည်းငယ် ကြာသွားပြီမို့လို့ စကားလေးဘာလေး ပြောချင်ပါသေးတယ်၊ အိမ်ရှေ့စံမိဖုရား ဖြစ်သွားတာနဲ့ပဲ ကျွန်တော်တို့လို သာမန် အဆင့်ငါးအရာရှိလေးတွေကို အထင်သေးတာလား”
“အခုဆို အိမ်ရှေ့စံမိဖုရားက အဖိုးတန်ပြီးရင်း တန်နေပြီကို၊ ဘာလို့ ကျွန်တော်တို့ကို စိမ်းကားနေရတာလဲ”
ဒုတိယဆုရကျောင်းသားကလည်း မီးစာထပ်ထည့်လိုက်သည်။
စုန့်လီချင်း ဒီလူနှစ်ယောက်နှင့် လုံးဝမရင်းနှီးပါ။ ရာထူးခန့်အပ်ခံရသည့်နေ့မှာ တစ်ကြိမ်ဆုံဖူးသည်မှလွဲ၍ ဘယ်တုန်းကမှ သူတို့နှင့် ပြောဆိုမဆက်ဆံဖူးပေ။
“အမတ်မင်းတို့ နှစ်ယောက်လုံး ပျော်ရွှင်နေပုံထောက်ရင် အလုပ်အသစ်က အဆင်ပြေတယ်ထင်ပါရဲ့၊ အမတ်မင်းတို့နှစ်ဦးလုံး နောင်အနာဂတ်မှာ အရာရာချောမွေ့ပြီး မင်းမှုထမ်းဘဝမှာ တိုးတက်အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”
စုန့်လီချင်းက ပေါ့ပေါ့ပါးပါး ဂုဏ်ပြုစကား ပြောလိုက်သည်။
သူ့ဘဝရဲ့ တစ်၀က်စာလောက်ကို စာအုပ်တွေနဲ့ပဲ အချိန်ကုန်ဆုံးခဲ့ရတာကြောင့် စကားအရာနှင့် မြှောက်ပင့်ပြောဆိုရာတို့တွင် မကျွမ်းကျင်လှပေ။
ပထမဆုရကျောင်းသားက ရယ်မောလိုက်သည်။ ထို့နောက် သူ့မျက်နှာပေါ် ပူပန်မှုတချို့ပေါ်လာပြီး မေးလိုက်သည်။
“အိမ်ရှေ့စံမိဖုရားက နေမကောင်းဘူးလား၊ ဘာလို့ဒီလောက် မျက်တွင်းတွေချောင်ပြီး ပိန်ပန်းနွမ်းနယ်နေရတာလဲ”
စုန့်လီချင်းက အပြုံးတစ်ပွင့်ကို အတင်းလုပ်ယူရင်း ပြန်ပြောလိုက်သည်။
“လေစိမ်းတိုက်ခံရပြီး အအေးမိသွားတာပါ၊ အမတ်မင်းတို့ စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်”
ဒုတိယဆုရကျောင်းသားက ပထမဆုရကျောင်းသားကို မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောလိုက်သည်။
“ရှင်ဘုရင်ကို အဖော်ပြုပေးရတာက ကျားတစ်ကောင်နဲ့ အတူတူနေနေရသလိုပဲ၊ အဲဒီလိုပဲ အိမ်ရှေ့စံမင်းသားကို ပြုစုရတာလည်း ဘယ်လွယ်ပါ့မလဲ”
“ကျွတ်”
ပထမဆုရကျောင်းသားက စိတ်မကောင်းဖြစ်ဟန်ဆောင်လိုက်သည်။
“ရွှေရောင်စာရင်း ထုတ်ပြန်ခဲ့တဲ့နေ့ကဆို အရည်အချင်းရော ရုပ်ရည်ရော ပြည့်စုံတဲ့ ထန်ဟွားလန်က အရမ်းရေပန်းစားခဲ့တာ၊ အဲဒီအခမ်းအနားက ကျွန်တော်တို့ နှစ်ယောက်အပေါ်ပါ လွှမ်းမိုးသွားသေးတယ်၊ ကျွန်တော်ထွက်သွားတာ သုံးရက်ပဲရှိသေးတာကို ဒီလိုတွေတောင် ဖြစ်သွားပြီလား၊ တကယ့်ကို လေးစားစရာပဲ ဟားဟားဟား”
ပထမဆုရကျောင်းသားက ကောင်းကင်ဘက်ကို လက်အုပ်ချီပြီး မြင့်မြတ်တဲ့ မျက်နှာအမူအရာနှင့် ဆိုလိုက်သည်။
“ကျွန်တော်မျိုးက နှစ်ပေါင်းနှစ်ဆယ်ကြာ ပညာကိုကြိုးစားလေ့လာခဲ့ပြီး ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုကြောင့် ရာထူးတစ်ခုကို ရခဲ့ပါတယ်၊ နောင်အနာဂတ်မှာ ဧကရာဇ်မင်းကို ကျွန်တော်မျိုးရဲ့ အစွမ်းအစနဲ့ ကျေးဇူးဆပ်မှာပါ”
ဒုတိယဆုရကျောင်းသားက စုန့်လီချင်းရဲ့ ပခုံးကိုပုတ်ရင်း ပြောလိုက်သည်။
“အိမ်ရှေ့စံမိဖုရားလည်း မစိုးရိမ်ပါနဲ့၊ အိမ်ရှေ့စံကိုသာ ကောင်းကောင်းပြုစုပေးနိုင်ရင် နောင်အနာဂတ်မှာ အဆုံးမရှိတဲ့ ဂုဏ်သရေနဲ့ ချမ်းသာကြွယ်၀မှုတွေကို ခံစားရမှာပါ”
သူတို့နှစ်ယောက် သူ့ကိုတားရတဲ့ အကြောင်းရင်းက သူ့ကိုပြက်ရယ်ပြုဖို့ သက်သက်သာဖြစ်ကြောင်းနဲ့ စာပေပညာရှင်တစ်ယောက်အနေနဲ့ သူတို့ရဲ့ သာလွန်မှုကို ပြသဖို့အတွက်သာဖြစ်ကြောင်း သိလိုက်ရသည်။
“ကျွန်တော်က အိမ်ရှေ့စံမင်းသားရဲ့ မိဖုရားအပြင် မင်းသားရဲ့ အမှုထမ်းတစ်ဦးလို့လည်း ပြောလို့ရပါတယ်၊ ကျွန်တော်ကလည်း နန်းတွင်းက အရာရှိပါ၊ အမတ်မင်းတို့နှစ်ဦးက ပညာရှိသူတော်စင်တို့ရဲ့ စာပေတွေနဲ့ ရင်းနှီးကျွမ်း၀င်ပြီးသားဖြစ်တာမို့ အထက်ဖားအောက်ဖိတတ်တဲ့ လူမျိုးတွေ မဟုတ်လောက်ပါဘူး”
ဒီစကားတွေက နှိမ့်ချသည်လည်းမဟုတ်၊ အထက်စီးဆန်သည်လည်းမဟုတ်၊ ကိုယ့်ရာထူးနဲ့ သူတစ်ပါးကို ဖိနှိပ်သည်လည်း မဟုတ်၊ ကိုယ့်ကိုယ်ကိုယ် လျှော့တွက်သည်လည်း မဟုတ်တာကြောင့် တစ်ချိန်တည်းမှာပင် ပညာရှင်နှစ်ယောက်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဘာပြန်ပြောရမှန်း မသိတော့။
“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့”
ပထမဆုရကျောင်းသားက အရင်ခေါင်းညိမ့်လာပြီး ပြောလေသည်။
“နောင်များမှာ အိမ်ရှေ့စံမင်းသားရှေ့ စကားကောင်းလေးတွေပြောပေးဖို့ အိမ်ရှေ့စံမိဖုရားကို တောင်းဆိုပါရစေ၊ ကျွန်တော်တို့ နှစ်ယောက်စလုံးက မိဖုရားအပေါ်ပဲ မှီခိုနေတာပါ”
ထိုစကားလုံးတွေက ရိုးသားမှုမရှိပေမယ့် သူတို့ပြက်ရယ်ပြုတာ ရပ်သွားတာကြောင့် စုန့်လီချင်း ကျေနပ်ပါသည်။
“နန်းတော်တံခါးက ပိတ်တော့မှာ၊ အမတ်မင်းတို့ မဝင်ကြဘူးလား”
သူ့ဘေးနားကနေ အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက ကြည်လင်ပြတ်သားပေမယ့် လေယူလေသိမ်းကိုတော့ နားလည်ရခက်သည်။
စုန့်လီချင်း ခေါင်းလှည့်ကြည့်လိုက်တော့ ထူးထူးခြားခြား ဝတ်စားဆင်ယင်ထားသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။
ထိုလူကသူ့ထက် အသက်နည်းနည်းပိုကြီးပေမယ့် မေးစေ့တစ်ဝိုက် အစိမ်းရောင် မုတ်ဆိတ်မွေးတွေ ပြည့်နေပြီး ဆံပင်ကလည်း ထူထဲလှသည်။ မျက်ခုံးတန်းတွေက မင်နက်လို နက်မှောင်နေပြီး မျက်တောင်တွေက ကောက်ကွေးနေကာ မြစိမ်းရောင် မျက်ဆံတွေက နေရောင်အောက်မှာ လက်နေသည်။ နှာတံမြင့်ကာ နှာခမ်းပါးသည်။ ရုပ်ရည်ချောမောကာ ဆွဲဆောင်မှုရှိပြီး မျက်နှာအစိတ်အပိုင်းတွေက ထင်ရှားပြတ်သားသည်။ ဒီပုံစံက… ဟူနွီအာနှင့် တစ်နည်းနည်း ဆင်တူနေသည်။
သူ့ကိုကြည့်လိုက်တော့ ဟန်လူမျိုးတွေ ဝတ်ဆင်တဲ့ အဖြူရောင်ဝတ်ရုံကို ဝတ်ထားပေမယ့် ခါးစည်းကြိုးမှာ စိမ်းပြာရောင်ကျောက်မျက်တစ်လုံး ပါရှိပြီး ထုံးထားသော ဆံပင်ထက်တွင် အဖြူရောင်သရဖူကို ဆောင်းထားသည်။ အလယ်ပိုင်းလွင်ပြင်ကလူတွေက အကြောင်းမရှိဘဲ ခေါင်းပေါ်ကို အဖြူရောင်၀တ်ဆင်လေ့မရှိ။ သူ့သရဖူအလယ်က ကြီးမားလှသည့် ပတ္တမြားတစ်လုံးကလည်း တန်ဖိုးကြီးလောက်မည့်ပုံ ပေါ်သည်။
သူ့က လူရိုင်းအမျိုးအနွယ်တစ်မျိုး ဖြစ်ရမယ်လို့ စုန့်လီချင်း ခန့်မှန်းလိုက်ပေမယ့် ထိုသူရဲ့ လမ်းလျှောက်ပုံ ဟန်အမူအရာတွေက ရည်မွန်ပြီး လူရိုင်းတွေလို ရိုင်းစိုင်းခြင်းမျိုး လုံး၀မရှိပေ။
ပထမဆုရကျောင်းသားက ဦးစွာဂါရဝပြုလိုက်သည်။ ဒီတစ်ကြိမ်မှာတော့ ဟန်ဆောင်ခြင်းမျိုးမရှိဘဲ သူ့ရဲ့ကျောကုန်းက ကျက်ပြီးသားပုစွန်လို ကွေးနေသည်။
“မင်းသားလုံလန်ကို တွေ့ဆုံပါတယ်”
ဒုတိယဆုရကျောင်းသားကလည်း သူ့နောက်ကနေ သူ့လိုလိုက်လုပ်သည်။
“မင်းတို့ငါ့ကို မှတ်မိတယ်လား၊ ငါမင်းတို့နန်းတော်ထဲ၀င်ပြီး အရှင်မင်းကြီးနဲ့ မတွေ့ရသေးဘူး”
“တမြန်မနေ့က မင်းသားလုံလန်ကို လက်ခံတွေ့ဆုံဖို့ တာ၀န်ပေးခံရတဲ့သူက ရိုးရာဓလေ့ဆိုင်ရာဌာနက သမားတော်ရှကွမ်းဆိုပေမယ့် ကျွန်တော်မျိုးက အခုမှ နန်းတွင်း၀င်တာဆိုတော့ ရိုးရာဓလေ့ဆိုင်ရာဌာနရဲ့ ဝန်မင်းက ကျွန်တော်မျိုးကို ဂရုစိုက်ပေးတဲ့အနေနဲ့ ရှကွမ်းဆီကနေ တာ၀န်လွှဲပေးခဲ့တာပါ”
ပထမဆုရကျောင်းသားက မျက်နှာချိုသွေးသလို အပြုံးနဲ့ ပြုံးပြလိုက်ပြီး သူ့ရဲ့ရည်ရွယ်ချက်ကောင်းတွေကို ဖုံးကွယ်ဖို့ အားမထုတ်ခဲ့ပေ။
“ဪ”
မင်းသားလုံလန်က အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သွားပြီး သူရော ဒုတိယဆုရကျောင်းသားရော အတူတူ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် နှုတ်ဆိတ်နေသည့် စုန့်လီချင်းထံ အကြည့်ရောက်သွားသည်။
“ဒါဆို ဒါက”
“ဒါကမင်းသားရဲ့”
ကျွမ်းယွမ်က လက်ဦးမှုယူပြီး မိတ်ဆက်ပေးဖို့ လုပ်လိုက်သည်။
“မင်းသားစာဖတ်နေတုန်း စောင့်ပေးရတဲ့သူပါ”
စုန့်လီချင်း ကြားဖြတ်ပြောလိုက်ပြီး ခေါင်းကိုခပ်ဖြည်းဖြည်း ညိမ့်ပြလိုက်သည်။
သူ့ကိုယ်သူ ဒီလိုမိတ်ဆက်ပေးရတာကို သူပိုနှစ်သက်သည်။
“မင်းသားရဲ့အဖော်ဆိုတာ… မင်းသားရဲ့ စာဖတ်ဖော်လား”
မင်းသားလုံလန်က ရယ်မောသည်။
“ကျင်းကော်မင်းသားက စာဖတ်တဲ့အချိန်ဆို…ဘေးနားမှာ အလှလေးက အဖော်ပြုပေးဖို့ လိုအပ်တယ်လား”
သူများတွေကသူ့ကို “အလှလေး” လို့ခေါ်တာကို မကြိုက်ပါ။ ရွံတောင်ရွံမိသေးသည်။
ပထမဆုရမင်းသားက မင်းသားလုံလန်ရဲ့နားထဲ တစ်ခုခု တိုးတိုးလေးကပ်ပြောလိုက်သည်။
စုန့်လီချင်းအပေါ်ကြည့်လိုက်တဲ့ မင်းသားလုံလန်ရဲ့ အကြည့်တွေက လေးစားနေရာကနေ စိတ်ပျက်သလိုဖြစ်သွားပြီး အထင်သေးသည့်အကြည့် ဖြစ်သွားသည်။
“မင်းတို့အလယ်ပိုင်းလွင်ပြင်က လူတွေဆီမှာ ဒီလိုဇာတ်လမ်းတွေ ရှိတယ်ဆိုတာ ငါသိတယ်၊ ဒါပေမယ့်…ဂုဏ်သရေရှိတဲ့ လူတစ်ယောက်က သူ့ရဲ့ရုပ်ရည်ကို အားကိုးပြီး သခင်နှစ်သက်အောင် လုပ်တယ်၊ ယောက်ျားတစ်ယောက်ရဲ့ အချစ်တော်ဖြစ်တာက တကယ် လေးစားမှုနဲ့ မတန်ဘူး”
သိမ်မွေ့ပြီး တည့်တိုးဆန်သည်။
တကယ်တော့ သူပြောတာမှန်သည်။ စာသင်ကျောင်းသားတွေကို ပြုစုစောင့်ရှောက်တာက အရှင်သခင်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ပြုစုစောင့်ရှောက်ခြင်းပဲလို့ မှတ်တမ်းတင်ထားခံရပြီး စာပေပညာရှင်တွေကတော့ စိတ်ကူးယဉ်ဆန်သည်ဟု ယူဆကြသည်။
စုန့်လီချင်းက လူမျိုးခြားတစ်ယောက်ကို စိတ်အနှောင့်အယှက်အဖြစ်ခံပြီး ရှင်းပြမနေပါ။ ဒီလူက မြင်ဖူးတွေ့ဖူးရုံလောက် ဆက်ဆံရေးနဲ့ပဲ ပြီးသွားလောက်မှာပါလေ။
“သွားကြရအောင်ပါ၊ အချိန်နီးနေပြီ၊ မင်းသားလုံလန်ကို အရင်သွားဖို့ ဖိတ်ပါတယ်”
ပထမနဲ့ ဒုတိယဆုရကျောင်းသားက ဘေးတစ်ဖက်တစ်ချက်စီမှာ နေရာယူလိုက်ပြီး မင်းသားလုံလန်ကို ဦးစွာသွားစေသည်။
“အမတ်မင်းတို့၊ ခဏလေးပါ”
လူတချို့ နန်းတော်ဂိတ်ပေါက်ဆီ ရည်ရည်မွန်မွန် လျှောက်သွားနေကြသည်။ စုန့်လီချင်း မျက်စိမှိတ်ပြီး စိတ်သက်သာရာရသွားဟန် သက်ပြင်းတစ်ချက်ချလိုက်သည်။
မင်းသားလုံလန်က ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ပြီးမှ ရပ်သွားကာ နောက်ပြန်လှည့်ကြည့်လိုက်သည်။
“သူကရော ငါတို့နဲ့အတူ မလိုက်ဘူးလား”
ပထမဆုရကျောင်းသားက ကမန်းကတန်း ရှင်းပြလိုက်သည်။
“မင်းသားရဲ့ အစေအပါးအဆင့်က နံနက်ခင်းညီလာခံကို တက်ရောက်ဖို့ အရည်အချင်း မပြည့်မီသေးပါဘူး”
“ငါနားလည်ပြီ”
မင်းသားလုံလန်က ခေတ္တရပ်ပြီး အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်သည်။
“မင်းအချိန်ရရင် သမားတေယ်ဆီ သွားပြသင့်တယ်နော်”
“စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
စုန့်လီချင်း ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေလိုက်သည်။
“လေစိမ်းတိုက်ခံရလို့ အအေးမိတာက ရက်အနည်းငယ်ကြာရင် သူ့ဘာသာသူ ပျောက်သွားမှာပါ”
ဘယ်လိုလုပ်များ လူတိုင်းက သူ့ရဲ့နေမကောင်းနေတဲ့ မျက်နှာကို မြင်ကြတာပါလိမ့်။ အမာရွတ်တွေ ဖြူဖျော့ဖျော့ပုံစံကိုဖုံးဖို့ ပေါင်ဒါသေချာသုံးခဲ့တဲ့ဟာကို။
“လေစိမ်းတိုက်ခံရတာကို ပြောချင်တာမဟုတ်ဘူး”
မင်းသားလုံလန်က စုန့်လီချင်း၏ လက်ဖမိုးကို လက်ညှိုးထိုးပြလာသည်။ စုန့်လီချင်း ငုံ့ကြည့်လိုက်တော့ ခုနကခြစ်မိတာ သိပ်မပြင်းထန်ပေမယ့် အခုတော့ သွေးတွေစိမ့်ထွက်နေသည်ကို တွေ့လိုက်ရသည်။
စုန့်လီချင်း ထူးဆန်းသလို ခံစားနေရသည်။ အသွားက သိပ်မထက်တဲ့အပြင် အရေပြားအပေါ်ယံလောက်ပဲ ခြစ်မိတာကို ဘာလို့သွေးထွက်နေရတာလဲ။ သွေးခြေဥတာမျိုးလည်း မရှိဘူး။ အကျီလက်တွေတောင် သွေးတွေစွန်းကုန်ပြီ။
သူမေးမယ်ပြင်နေတုန်းမှာပဲ မင်းသားလုံလန်က အပြုံးတစ်ပွင့်နှင့်အတူ ထွက်ခွာသွားပြီပဲ ဖြစ်သည်။
*******************