အပိုင်း (၉)
သူ၏စာအုပ်များကို အများအားဖြင့် ဝါသနာတူ စိတ်တူကိုယ်တူ ပရိသတ်များသာ ဝယ်ယူကြခြင်း ဖြစ်သည်။ အမှန်မှာမူ ရှေးခေတ်တွင် စာဖတ်ခြင်းဟူသော ကိစ္စက ချမ်းသာသူများသာ တတ်နိုင်သည့် အခြေအနေမျိုး ဖြစ်၏။
ထို့ကြောင့် သူ၏ ဝယ်သူများထဲတွင် ချမ်းသာသူနှင့် အာဏာရှိသူ အများအပြား ပါဝင်သော်လည်း ထိုသခင်ကြီးများမှာမူ ကိုယ်တိုင်ကိုယ်ကျ စာအုပ် လာရောက်ဝယ်ယူခဲကာ အစေခံများကိုသာ လွှတ်၍ ဝယ်ယူစေခြင်း သို့မဟုတ် စာအုပ်များကို ယူဆောင်စေကာ အိမ်တော်အထိ ကိုယ်တိုင်ကိုယ်ကျ လာရောက် ပို့ပေးစေခြင်တို့သာ ရှိကြသည်။
မင်းသားဖူ ရုတ်တရက် ရောက်ရှိလာခြင်းနှင့် ပတ်သက်၍ လွန်ခဲ့သော နှစ်ရက်က သူ ပန်းဘောလုံးပစ်၍ မင်္ဂလာဖိတ်ခေါ်ခဲ့သည့် ကိစ္စမှာ ရှီးကျင်းမြို့၏ အထက်တန်းစား မင်းစိုးရာဇာ အသိုင်းအဝိုင်းအထိ သတင်းပျံ့နှံ့သွားခဲ့ပြီဟုသာ ဆိုရတော့မည်။
ထိုမင်းသားလေးကို ကြည့်လိုက်သည်နှင့်ပင် ပွဲဆူသည်ကို ကြည့်ရသည်အား အလွန်နှစ်သက်သော စရိုက်မျိုးဖြစ်ကြောင်း ပေါ်လွင်လှ၏။
သူတို့ ခဏတာမျှ စိတ်ဝင်စားရုံသာ ဖြစ်ပါစေဟု မျှော်လင့်ရတော့မည်။
မဟုတ်ပါက သူ အိမ်ပြောင်းရကိန်း ကြုံရပေလိမ့်မည်။
ဤတစ်ကြိမ်တွင် ယောက်ျားယူရန်အတွက် အတော်လေး အနစ်နာခံလိုက်ရသော်လည်း အိမ်က ပျိုတိုင်းကြိုက်သော တောင့်တင်းသန်မာသည့် သခင်လေးကို စဉ်းစားကြည့်လိုက်သောအခါ အရာရာတိုင်းက တန်လေသည်။
ဤအချိန်ဆိုလျှင် ကျန်းကျီတို့လည်း နိုးလောက်ပြီဖြစ်ရာ သူ ချန်ထားခဲ့သော မနက်စာကို ခံတွင်းတွေ့သလားတော့ မသိပေ။
ကျန်းကျီသည် ဒုက္ခဆင်းရဲများကို မကြုံဖူးပုံရပြီး ဆင်းရဲသည့် ဘဝမျိုးကိုလည်း ကျင့်သားရချင်မှ ရလိမ့်မည်ဟု သူ မရေမရာ ခံစားမိနေသည်။
'သူ့ရဲ့ လူနေမှုအဆင့်အတန်းက သာမန် အရပ်သူအရပ်သားတွေထက် သာလွန်နေပေမဲ့လည်းပေါ့။'
သူသည် လွန်ခဲ့သော ရက်အနည်းငယ်က ပန်းဘောလုံးပစ်၍ အိမ်ထောင်ဖက်ဖိတ်ခေါ်သည့် ကိစ္စကြောင့် အလုပ်အများအပြား ကြန့်ကြာခဲ့ရသည်။ သူ၏စီးပွားရေးမှာ စည်ကားလှသော်လည်း ဆိုင်တွင် အလုပ်သမားအကူ မငှားရမ်းထားပေ။ စာအုပ်များကို သေချာ ထုပ်ပိုးပြီးနောက် ဈေးသည်များထံ လွှဲပြောင်းပေးကာ ဝယ်သူများ၏ လက်သို့ အရောက်ပို့ဆောင်ခိုင်းလိုက်သည်။
ရှီးကျင်းမြို့သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လှသဖြင့် ဤသို့သော လုပ်ငန်းဆိုင်ရာ ပို့ဆောင်ပေးသည့် ကုန်တိုက်များနှင့် ဈေးသည်ငယ်များ သီးသန့်ရှိကြ၏။ အထူးသဖြင့် ပုယဲ့မြို့အတွင်း၌ "အစာပို့သူများ" ပင် သီးသန့်ရှိကြရာ ယခုခေတ် ပစ္စည်းပို့သမားလေးများနှင့် လုံးဝမခြားပေ။
သူသည် ဆိုင်တွင် မနက် ၁၁ နာရီခွဲအထိ အလုပ်ရှုပ်နေပြီးနောက် အိမ်ပြန်ရန် ပြင်ဆင်လိုက်တော့သည်။
ယခင်ကမူ မွန်းလွဲစာကို လမ်းတွင်ပင် ရှင်းလင်းလေ့ရှိသော်လည်း ယခုအခါ အိမ်တွင် လူရှိနေပြီဖြစ်ရာ စားသောက်ဖွယ်ရာအချို့ ဝယ်ယူ၍ အိမ်သို့ ယူဆောင်သွားရန် ကြံရွယ်လိုက်၏။
မည်သူ ထင်မှတ်ထားမည်နည်း။ ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် ဖူယိနှင့် လီချင်းတို့ နှစ်ယောက်က အတူတကွ ဝင်ရောက်လာသည်ကို တွေ့လိုက်ရတော့သည်။
လီချင်း၏လက်ထဲတွင် အနက်ရောင် သစ်သားထမင်းချိုင့် တစ်လုံးကိုပင် ဆွဲကိုင်ထား၏။
"ခင်ဗျားတို့ ဘယ်လိုလုပ် ရောက်လာတာလဲ။"
ခွမ့်ရွှယ်ရှန့်မှာ အလွန်ပင် အံ့အားသင့်သွားခဲ့သည်။
"အိမ်မှာ ဘာမှလုပ်စရာ မရှိတာနဲ့ လာကြည့်တာပါ။" ဖူယိက သူ၏ စာအုပ်ဆိုင်ကို အကဲခတ်ကြည့်ရှုရင်း ဆို၏။
"စကားမစပ် မင်းအတွက် နေ့လယ်စာလည်း ယူလာပေးတယ်။"
"အာ" ခွမ့်ရွှယ်ရှန့်မှာ အလွန်ပင် ဝမ်းသာအားရ ဖြစ်သွားရသည်။
"ကျေးဇူးပါပဲ။"
ကြည့်စမ်း၊ အိမ်ထောင်ဖက်တစ်ယောက် ရှာလိုက်တာ တကယ် မဆိုးဘူးပဲ။ ထမင်းစားချိန် ရောက်တဲ့အခါ ကိုယ့်ကို သတိရပေးမဲ့သူ ရှိလာပြီ။
ဒါက သူ တောင့်တခဲ့တဲ့ နွေးထွေးတဲ့ ဘဝလေး မဟုတ်ပါလား။
လီချင်းက ပြုံးလျက် :"သခင်လေးရဲ့ စာအုပ်ဆိုင် ဘယ်နားမှာရှိမှန်း မသိတာနဲ့ လမ်းတစ်လျှောက် စုံစမ်းပြီး လာခဲ့ရတာပါ။ တော်သေးတာပေါ့၊ သခင်လေးက ဒီရွှေကျီးကန်း လမ်းမပေါ်မှာ နာမည်နည်းနည်း ရှိနေလို့။"
ခွမ့်ရွှယ်ရှန့်: "ကျွန်တော်က အခုချိန်ဆို တော်တော် နာမည်ကြီးနေပြီ ထင်တယ်။ ဒီနေ့ မနက်တင် မင်းသားဖူတောင် ရောက်လာသေးတယ်။"
လီချင်း၏ လက်မှာ တုန်ယင်သွားပြီး ထမင်းချိုင့်အဖုံးက ကြမ်းပြင်ပေါ်သို့ လွတ်ကျမလို ဖြစ်သွားခဲ့၏။
"သူက ဘာလာလုပ်တာလဲ။"
ဖူယိက မေးလိုက်သည်။
"စာအုပ်နှစ်အုပ် လာဝယ်တာပါ။"
ခွမ့်ရွှယ်ရှန့်သည် လီချင်းအား ကူညီ၍ စားသောက်ဖွယ်ရာများကို ပြင်ဆင်ထုတ်ယူပေးရင်း ပြန်မေးလိုက်၏။
"ခင်ဗျားတို့ရော စားပြီးကြပြီလား။"
"ကျွန်တော်မျိုးနဲ့ သခင်ကြီးက စားပြီးမှ လာခဲ့တာပါ။" လီချင်းက ဆိုသည်။ "မင်းသားက... ပွဲဆူတာကို လာကြည့်တာ ထင်တယ်နော်"
"အင်း။ ကျွန်တော် ပန်းဘောလုံးပစ်တဲ့ကိစ္စကို သတင်းကြားလို့ လာကြည့်တာ ထင်တယ်၊ ဒီတိုင်း စာအုပ်နှစ်အုပ် ဝယ်ပြီး ထွက်သွားတယ်ဆိုပေမဲ့ ကျွန်တော်ဖြင့် လန့်တောင်လန့်သွားတယ်။"
လီချင်းက ဟန်ဆောင်ပြုံးလိုက်သည်။
ဖူယိကမူ ကောင်တာဘေးသို့ လျှောက်သွားပြီး သူ ထုပ်ပိုးထားသော စာအုပ်အချို့ကို လှမ်းကြည့်လိုက်ရာ ထိုဝတ္ထုတို၏ မျက်နှာဖုံးကို မြင်လိုက်ရသဖြင့် ကြောင်အသွားခဲ့၏။
ခွမ့်ရွှယ်ရှန့်မှာလည်း အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။
အကြောင်းမှာ ထိုကောင်တာပေါ်တွင် တင်ထားသော 'ပေါင်လျန်မှတ်တမ်း' စာအုပ်မှာ သူ ထုတ်ဝေခဲ့သော ဝတ္ထုတိုများထဲတွင် အပွင့်လင်းဆုံး ဖြစ်ပြီး မျက်နှာဖုံးမှာ ပိုမို ရဲတင်းလှ၏။ အသက်ငယ်ရွယ်သော ရဟန်းငယ်တစ်ပါးနှင့် ဆံပင်ရှည်ကာ မိန်းမလှလေးကဲ့သို့ ချောမောသော အမျိုးသားတစ်ဦးတို့၏ ဝတ်ရုံများက လျော့တိလျော့ရဲဖြင့် ကြမ်းပြင်ပေါ်တွင် ပွေ့ဖက်လျက် လဲလျောင်းနေကြသည့် ပုံစံဖြစ်လေသည်။
သူ၏မျက်နှာတစ်ပြင်လုံး ရဲတက်သွားပြီး ထုပ်ပိုးစက္ကူဖြင့် ဖုံးအုပ်ရန် ကြိုးပမ်းလိုက်သော်လည်း ဖူယိက စာအုပ်ကို ယူလိုက်ပြီးဖြစ်သည်။
ခွမ့်ရွှယ်ရှန့်ခမျာ စိတ်ထဲတွင် 'ထားလိုက်တော့၊ သူ့ကို ကွယ်ဝှက်ထားဖို့လည်း မလိုပါဘူး။ အနှေးနဲ့အမြန်တော့ သိရမှာပဲ' ဟုသာ တွေးလိုက်ရ၏။
သူသည် တည်ငြိမ်ဟန်ဆောင်ကာ ဆိုလိုက်သည်။
"ခင်ဗျား မကြည့်တာ ပိုကောင်းမယ်။ အဲ့ဒါက တော်တော်လေး လန့်စရာကောင်းလို့။"
ဖူယိသည် လှန်လှောကြည့်ရှုလိုက်ရာ အထဲရှိ ဆေးရောင်စုံ သရုပ်ဖော်ပုံများကို မြင်တွေ့လိုက်ရ၏။ အမျိုးသားတစ်ဦးက အခြားအမျိုးသားတစ်ဦးကို အဝတ်ဗလာကျင်းလျက် ဖက်ထားပြီး ချစ်တင်းနှောနေကြသည့် ပုံဖြစ်၏။
ဖူယိ၏ မျက်လုံးများမှာ ရုတ်တရက် တည်ငြိမ်သွားပြီး ခဏမျှကြာသော် ပြန်ပြောလာလေသည်။
"သရဲပုံပြင်တွေထက်တော့ ပိုလန့်စရာကောင်းတာ အမှန်ပဲ။"
သူသည် ဤအချိန်တွင် ပြုံးပင်မပြဘဲ ဖီးနစ်မျက်လုံးများကို စောင်း၍ လှန်လှောကြည့်နေ၏။ သူ၏ မျက်တောင်များမှာ ထူထဲ၍ ရှည်လျားလှရာ အမှန်တကယ်ပင် ခံ့ညားလှပသော်လည်း အနည်းငယ် မှိုင်းညှို့ဆန်းကြယ်သည့် အငွေ့အသက်မျိုး ရှိနေသည်။
သူ၏ မျက်ခုံးများမှာ မင်းသားဖူနှင့် အနည်းငယ် ဆင်တူပြီး ထက်မြက်သော ဓားတစ်ချောင်း ဓားအိမ်မှ ထွက်လာသည့်အလား ထူထဲ၍ အထက်သို့ ကော့တက်နေ၏။ သို့သော် မျက်နှာမှာ နူးညံ့လှသဖြင့် အလုံးစုံ ကြည့်လိုက်ပါက အိမ်ထောင်ပြုရန် သင့်တော်သော ရုပ်ရည်မျိုးဖြစ်သည်။ နေ့ခင်းဘက်တွင် ကြည့်ရသည်မှာ ညဘက်ထက်ပင် ပိုမိုခံ့ညားထက်မြက်နေတော့သည်။
"မင်း စားစရာရှိတာ စားပါ။"
ဖူယိက ခေါင်းမော့၍ ပြောလိုက်၏။
ခွမ့်ရွှယ်ရှန့်လည်း ထိုင်၍ ထမင်းဆက်စားတော့သည်။ တော်သေးသည်မှာ လီချင်းက အနားသို့ တိုး၍ လာမကြည့်ဘဲ သူ့အား ဟင်းပွဲများ ပြင်ဆင်ပေးခြင်းကိုသာ အာရုံစိုက်ပေးနေခြင်း ဖြစ်၏။
သူသည် လီချင်းအား သာမန်အိမ်မှ အစေခံများထက် စည်းကမ်း ပိုမိုကြီးမားသည်ဟု ခံစားလိုက်ရသည်။ ပုံမှန်အားဖြင့် သူသည် တစ်ဦးတည်းသော ကျန်ရစ်သည့် အစေခံဖြစ်ရာ သခင်နှင့် အစေခံ နှစ်ယောက်ကြား သံယောဇဉ်မှာ အလွန် ရင်းနှီးသင့်သည်။ သို့သော် သူတို့နှစ်ယောက်ကြားရှိ အဆင့်အတန်း ခွဲခြားမှုမှာ သာမန် သခင်နှင့် အစေခံထက်ပင် ပိုမို ကြီးမားနေ၏။
သို့သော် ခွမ့်ရွှယ်ရှန့်၏ အာရုံမှာ သူ စားသောက်နေသော စားသောက်ဖွယ်ရာများထံသို့ အမြန်ပင် ရောက်ရှိသွားခဲ့သည်။ ဟင်းတစ်ဇွန်းကို အသာအယာ ခတ်စားလိုက်ရုံဖြင့် ချက်ချင်းပင် အံ့ဩမှင်တက်သွားရတော့၏။
ယနေ့ သူတို့ယူဆောင်လာသော စားသောက်ဖွယ်ရာများမှာ အမှန်တကယ်ပင် အလွန်အမင်း အရသာရှိလှသည်။
ဟင်းသီးဟင်းရွက်များ ဖြစ်သော်လည်း စားလိုက်ပါက အသားထက်ပင် ပိုမို မွှေးကြိုင်နေ၏။ ဥပမာအားဖြင့် ထိုပြုတ်ထားသော မုန်လာထုပ်မှာ ကြည့်လိုက်ပါက အရည်ကျဲကျဲလေး ဖြစ်သော်လည်း စားလိုက်ပါက လွန်စွာ ချိုမြိန်အိစိမ့်နေသဖြင့် အသားပြုတ်ရည် တစ်မျိုးမျိုးကို သုံးစွဲထားသလားဟုပင် သံသယဝင်မိသွားသည်။ ထို့ပြင် လက်ဖက်ရည်မွှေး တို့ဟူးပင်။ ဟင်းရည်ကျဲထဲတွင် အနံ့ပြင်းသော လက်ဖက်ခြောက် မွှေးရနံ့များ ပါဝင်နေသဖြင့် လွန်စွာမှ ဆန်းပြားနေသည်။
လီချင်းက တိုးဖျော့သောအသံဖြင့် မေးလိုက်၏။
"သခင်လေး၊ သဘောကျရဲ့လား။"
"တကယ် အရသာရှိတာပဲ။ ခင်ဗျားတို့ ဘယ်ဆိုင်က ဝယ်လာတာလဲ။"
ဒီလောက် အရသာရှိတဲ့ ထမင်းဆိုင်ကို သူ မသိပါလား။
လီချင်း :"... အမ်.."
နန်းတွင်းစားဖိုမှူး လုပ်ထားတာကိုး။
အရှင်မင်းမြတ်သည် အစားအသောက်တွင် အလွန်ဇီဇာကြောင်ကာ အလိုကြီးသူဖြစ်ကြောင်း လူအများသိကြသည်။ ထို့ကြောင့် အရှင်မင်းမြတ်ရောက်ရှိရာ ဒေသတိုင်း၌ ဒေသခံအရာရှိများက အကောင်းဆုံး နာမည်ကြီး စားဖိုမှူးများကို အရှင်မင်းမြတ်ထံ ဆက်သလေ့ရှိကြ၏။ ပိုပိုသာသာ ပြောခြင်းမဟုတ်၊ ယခု သူတို့နှင့်အတူ လိုက်ပါလာသော နန်းတွင်းစားဖိုမှူးများမှာ နာမည်ကြီး စားဖိုမှူးများထဲမှ စားဖိုမှူးများ ဖြစ်ကြရာ သာမန် အရပ်သူအရပ်သား ဆိုင်များမှ မီးဖိုချောင်ဆရာများကို မဆိုနှင့်၊ ခေတ်အဆက်ဆက် နန်းတော်ထဲမှ စားဖိုမှူးများပင် ယှဉ်နိုင်မည် မဟုတ်ပေ။
ဟင်းရည်ကျဲကျဲဖြစ်သော မုန်လာထုပ်ပြုတ်ကို ကြည့်မည်ဆိုလျှင်လည်း တန်ဖိုးကြီးမားမှုမှာ မုန်လာထုပ်၌ မဟုတ်ဘဲ ဟင်းရည်ပေါ်တွင် ဖြစ်၏။ ထိုဟင်းရည် ပြုလုပ်ရန်အတွက်ပင် ပါဝင်ပစ္စည်း အမျိုးအစား ၂၀ ကျော်ကို အသုံးပြုထားပြီး၊ ကြက်သား၊ ပင်လယ်မျှော့၊ ငါးခြောက်ပြားနှင့် အမွှေးအကြိုင်များစွာကို နာရီပေါင်းများစွာ ကြာအောင် စိမ့်နေအောင် ကျိုချက်ထားခြင်းဖြစ်ရာ အဓိက ပေါ်လွင်သည်မှာ
"လတ်ဆတ်ချိုမြိန်မှု" ပင် ဖြစ်သည်။
ထိုကြွပ်ကြွပ်ရွရွ ပုံစံရှိသော ပဲပင်ပေါက် ဟင်းပွဲမှာလည်း ပဲပင်ပေါက် အတံများ၏ အလယ်ကို အပေါက်ဖောက်ကာ ဝက်ပေါင်ခြောက် အသားနှစ်များကို အနည်းငယ်စီ ထည့်သွင်းထားခြင်း ဖြစ်သည်။ ပါဝင်ပစ္စည်းများမှာ အလွန်တန်ဖိုးမကြီးသော်လည်း အချိန်အလွန်ကုန်၏။
အရှင်မင်းမြတ်သည် ယနေ့နံနက်က ခွမ့်ရွှယ့်ရှန့် ပြုလုပ်ထားသော မနက်စာကို အနည်းငယ် ခပ်စိမ်းစိမ်းကြည့်ကာ "သူက ဤသို့သော အစာမျိုးကို စားရသလော" ဟု မျက်နှာပေးမျိုး ပြုလုပ်ခဲ့သဖြင့် မွန်းလွဲပိုင်းတွင် နန်းတွင်းစားဖိုမှူးအား ဟင်းပွဲများ ပြင်ဆင်ချက်ပြုတ်စေ၍ ယူဆောင်လာခိုင်းခဲ့ခြင်း ဖြစ်သည်။
ခွမ့်ရွှယ်ရှန့်ကို သနားကရုဏာ သက်မိ၍လော၊ သို့မဟုတ် သူ့လျှာကို လောကအမြင် ကျယ်သွားစေချင်၍လောတော့ မသိပေ။
သူ တွေဝေ စဉ်းစားနေစဉ်မှာပင် အရှင်မင်းမြတ်က ရုတ်တရက် ဝင်ပြောလိုက်၏။
"လမ်းဘေးက တွေ့တဲ့ဆိုင်တစ်ဆိုင်မှာ ဝယ်လာတာ၊ နာမည်တော့ မမှတ်မိတော့ဘူး။ မင်း စားရတာ ကြိုက်လို့လား။"
ခွမ့်ရွှယ်ရှန့်က ခေါင်းညိတ်လိုက်သည်။
"အရမ်း အရသာရှိတာပဲ။ ဒီလိုဆိုင်မျိုးကို ကျွန်တော် မသိခဲ့တာ အံ့ဩစရာပဲ။ ဒါကို ပူပူနွေးနွေး ချက်ချင်း ချက်ပြုတ်ထားတာဆိုရင် ပိုပြီးတောင် အရသာရှိဦးမှာ။ ညနေကျရင် ကျွန်တော်တို့ ဆိုင်ကို သွားစားကြတာပေါ့။"
ထိုအချိန်တွင် ဝယ်သူတစ်ဦး ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ ထိုသူမှာ လွန်ခဲ့သော အပတ်က ပန်းချီသရုပ်ဖော်ပုံ အချို့ကို မှာယူထားသည့် ပန်းချီဆိုင်၏ ပိုင်ရှင် သူဌေးမစွင်း ဖြစ်၏။
ခွမ့်ရွှယ်ရှန့် အမြန်ပင် မတ်တတ်ထရပ်လိုက်သည်။
"အစ်မကြီးစွင်း။"
ဖူယိကလည်း လီချင်းကို လှမ်းကြည့်လိုက်သည်။
"သိပြီမလား။"
လီချင်း အမြန် ခေါင်းညိတ်လိုက်၏။
သိပါပြီ သိပါပြီ၊ ခဏနေရင် နန်းတွင်းစားဖိုမှူးကို သွားရောက်အကြောင်းကြားပြီး လမ်းဘေးမှာ စားသောက်ဆိုင် သွားဖွင့်ခိုင်းလိုက်ပါ့မယ်။
တစ်ဖက်တွင်တော့ အမျိုးသမီးစွင်းက ပြုံး၍ ဆိုနေသည်။
"သူဌေးခွမ့်က ထမင်းစားနေတာလား။ ကျွန်မ ပန်းချီကားတွေ လာယူတာ။ အကုန် ဆွဲပြီးပြီလား။"
"ဆွဲပြီးပါပြီ။"
ခွမ့်ရွှယ်ရှန့်သည် သူ(မ)၏ ပန်းချီကားများကို အမြန် သွားရောက်ယူဆောင်ပေးလိုက်သည်။ အမျိုးသမီးစွင်း၏ မျက်လုံးများမှာမူ စားပွဲအနောက်ရှိ ဖူယိထံသို့သာ စိုက်ကြည့်နေသည်။
"ဟယ်... သူဌေးခွမ့်၊ ဒီလူက...."
ခွမ့်ရွှယ်ရှန့် ပြန်မဖြေနိုင်သေးမီမှာပင် ဖူယိက သာယာစွာ ပြုံးပြလိုက်လေပြီ။
"ဟုတ်ပါတယ်၊ ကျွန်တော်ပါပဲ။"
ထိုအခါ အမျိုးသမီးစွင်းက တအံ့တဩဖြင့် ချီးမွမ်းလိုက်သည်။
"အိုက်ယိုး၊ သူဌေးခွမ့်ရဲ့ အမြင်ကတော့ အံ့ဩစရာပဲ၊ တကယ်ကို ခံ့ညားလှပတဲ့ သခင်လေးပါလား။"
ထို့နောက် ခွမ့်ရွှယ်ရှန့်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ကာ :"သူဌေးခွမ့်နဲ့ တကယ်ကို လိုက်ဖက်တာပဲ။"
ဖူယိက ပြုံး၍ :"ဟုတ်လား။"
"ဟုတ်တာပေါ့ ဟုတ်တာပေါ့။ မင်းကို အမှန်အတိုင်း ပြောရရင် သူဌေးခွမ့် မင်္ဂလာဖိတ်ခေါ် ပန်းဘောလုံးပစ်မယ်ဆိုတာ ကြားတုန်းက သူ သောက်သောက်လဲ ကမ်းကုန်အောင် လျှောက်လုပ်နေတာပဲ၊ ဘယ်လိုလုပ် ကောင်းမွန်တဲ့ သခင်လေးကို ရှာတွေ့နိုင်မှာလဲလို့ ထင်ခဲ့တာ။"
အမျိုးသမီးစွင်းသည် ဖူယိကို ကြည့်လိုက်ပြီး ထပ်မံ သက်ပြင်းချလိုက်ပြန်သည်။
"သခင်လေးကိုကြည့်ရတာ မြို့ပြင်က လာတဲ့သူနဲ့ တူတယ်နော်။"
"မြို့တော်က လာတာပါ။" ဖူယိက ဆိုသည်။
သူသည် စိတ်ထား နူးညံ့သိမ်မွေ့ပုံရပြီး အမျိုးသမီးစွင်း မေးသမျှကို ဖြေကြားပေးနေ၏။ ထို့ပြင် ရုပ်ရည် ခံ့ညားထက်မြက်ပြီး ယဉ်ကျေးသိမ်မွေ့လှသဖြင့် လူအများ၏ ချစ်ခင်မှုကို လွယ်ကူစွာ ရရှိစေရာ အမျိုးသမီးစွင်းမှာ ခုံတန်းလျားပေါ်တွင် ထိုင်၍ပင် သူ့အား လျှောက်မေးကာ စကားစမြည် ပြောနေတော့သည်။
"ကြားတာတော့ မင်းတို့မြို့တော်ဘက်မှာ အခုတလော သမီးတွေကို လုပြီး အိမ်ထောင်ပြုပေးနေကြတယ်ဆို။ အမှန်ပဲလား။"
ဖူယိ :"ကျွန်တော်က အပြင်ထွက်လာတာ နည်းနည်းကြာပြီဆိုတော့ သေချာ မသိပါဘူး။"
ထိုအခိုက် ခွမ့်ရွှယ်ရှန့်က ဝင်မေးလိုက်သည်။
"ဘာလို့ လုပြီး အိမ်ထောင်ပြုပေးနေကြတာလဲ။"
အမျိုးသမီးစွင်း: "ကြားတာတော့ အရှင်မင်းမြတ်က မောင်းမရွေးချယ်ပွဲ လုပ်တော့မယ်တဲ့။ မြို့တော်တင် မကဘူး၊ အခု ရွှမ်းလွမ်မြို့ထဲမှာတောင် အရာရှိကြီးတချို့က မင်္ဂလာပွဲတွေအတွက် ပြင်ဆင်နေကြပြီ။ အမိန့်တော် တရားဝင် ထွက်လာတာနဲ့ လွတ်လွတ်လပ်လပ် အိမ်ထောင်ပြုလို့ ရတော့မှာ မဟုတ်ဘူးတဲ့။"
ခွမ့်ရွှယ်ရှန့်: "ဒါကြောင့်ကိုး။"
သူသည် ဖူယိကို ချက်ချင်းဆိုသလို ခိုးကြောင်ခိုးဝှက် ချောင်းကြည့်လိုက်ရာ ဖူယိမှာ စိတ်ဝင်တစား နားထောင်နေသည့် ပုံစံရှိနေ၏။ မျက်နှာပေါ်တွင် အပြုံးအရိပ်အယောင် တည်ရှိနေဆဲ ဖြစ်သော်လည်း ကိုယ်ဟန်မူရာမှာမူ ပျင်းရိပျော့ခွေသွားပြီး စားပွဲကို မှီထားသည်အား တွေ့လိုက်ရ၏။
သူတို့၏ အရှင်မင်းမြတ်သည် ပျင်းရိ ငိုက်မြည်းနေချိန်တွင် နွမ်းလျသော အမူအရာကို ပြသလေ့ရှိသည်။ နက်မှောင်လှသော သူ၏ သူငယ်အိမ်များသည် ပြုံးပြလျှင်ပင် နွေးထွေးမသွားသည့်နှယ်။
သို့သော် နှမြောစရာကောင်းသည်မှာ ဆိုင်အတွင်းရှိ ကျန်သူနှစ်ယောက်မှာမူ ဘာမှ မသိရှိကြခြင်း ဖြစ်၏။ ဤရှီးကျင်း မြို့သူမြို့သားများသည် မင်းမျိုးမင်းနွယ် ကိစ္စများကို အလွန် အတင်းပြောချင်ကြသည်ဟု စောစောစီးစီးတည်းက ကြားခဲ့ပြီးသားပင်။ ကျန့်ထိုင်မြို့သားများက ရှီးကျင်းသည် "သစ္စာမဲ့သော အကျင့်တရား မပျောက်သေးပါ" ဟု ပြောဆိုခဲ့ကြသည်မှာ အမှန်ပင် ဖြစ်ပုံရသည်။
အရှင်မင်းမြတ်၏ သတင်းဆိုးများမှာ ဤမျှ ပျံ့နှံ့နေသော်လည်း သူတို့သည် အတင်းပြောသည့်အခါ ကြောက်ရွံ့မှု အနည်းငယ်မျှပင် မရှိကြပေ။ ထိုအမျိုးသမီးစွင်းက အသံကိုပင် ကျယ်ကျယ်လောင်လောင် ပြုလုပ်၍ ဆိုနေသေးသည်။
"သားသမီးအပေါ် စာနာစိတ်ရှိတဲ့သူဆိုရင် ဘယ်သူကများ ကိုယ့်သမီးကို အဲ့လိုအရှင်မင်းမြတ်မျိုးဆီ ပေးစားရဲပါ့မလဲ။"
ခွမ့်ရွှယ်ရှန့်: "ဟုတ်ပ။"
လီချင်း :"……"
သခင်လေးခွမ့်ရယ်... ခင်ဗျား စကားမပြောခင် သေချာ စဉ်းစားပါဦးလို့ ကြိုတင် သတိပေးပါရစေ!
ထိုစဥ် လီချင်းက အမြန်ပင် စကားဖြတ်ပြောလိုက်သည်။
"အရှင်မင်းမြတ်က တစ်ကမ္ဘာလုံးကို အုပ်စိုးထားတဲ့သူဖြစ်ပြီး ငယ်ရွယ် ခံ့ညားလှသူပါ။ ခင်ဗျားတို့ ပြောသလောက်လည်း ကြောက်စရာ မကောင်းပါဘူး။"
"သူက စိတ်ပြောင်းလဲလွယ်တဲ့ ရက်စက်တဲ့ အာဏာရှင်ဆိုးကြီးလို့ လူတိုင်းက ပြောနေကြတာ မဟုတ်ဘူးလား။"
ခွမ့်ရွှယ်ရှန့်က မေးလိုက်သည်။
လီချင်း :"……"
သူ့ခမျာ ခေါင်းနှင့်ကြမ်းပြင် တိုက်ပြီး သေလိုက်ချင်တော့၏။
ထိုခဏ၌ ချက်ချင်းပင် မွေးညင်းပေါက်များ ထထောင်သွားသည်ဟု ခံစားလိုက်ရပြီး အရှင်မင်းမြတ်၏ မျက်နှာကိုပင် လှမ်းမကြည့်ဝံ့တော့ပေ။
သို့သော် အရှင်မင်းမြတ်၏ အသံတွင် ပျော်ရွှင်နေသည့် အရိပ်အယောင်များ ပါဝင်နေသည်ကို ရုတ်တရက် ကြားလိုက်ရ၏။
"မင်းသိထားတာတွေက မနည်းပါလား။"
~~~
စာရေးသူမှာ ပြောစရာရှိပါတယ်။
ဇနီးလေးက သူ့ကို ဆဲဆိုကြိမ်းမောင်းတာကို နားထောင်ရတာ ကြိုက်တဲ့ ထူးထူးဆန်းဆန်း အာဏာရှင်ဆိုးကြီးပါ (≧▽≦)
***
Aurora Novel Translation Team