no

Font
Theme

အပိုင်း (၁၀)

အမျိုးသမီးစွင်းက ဆက်ပြောနေသည်။

"ဒါကို မသိတဲ့သူ ဘယ်သူ ရှိမှာလဲ။ ပြောရရင် တကယ်ကို အကုသိုလ်ပဲ။ အခုလို လုပြီး အိမ်ထောင်ပြုပေးနေကြပေမဲ့ မင်းတို့နှစ်ယောက်လို နတ်ဖတ်သလို လိုက်ဖက်တဲ့ ကံကောင်းမှုမျိုး ရကြတဲ့သူကျတော့ ဘယ်နှစ်ယောက်များ ရှိမှာမလို့လဲ။"

ခွမ့်ရွှယ်ရှန့်လည်း စိတ်ထဲတွင် အလွန်အမင်း အတိတ်နိမိတ်မကောင်းတော့သကဲ့သို့ ခံစားလိုက်ရသည်။

ယခုအရှင်မင်းမြတ်နှင့် ပတ်သက်၍ သူသည် သတင်းစကားပေါင်းများစွာ ကြားဖူးခဲ့သည်။

စကားလုံး လေးလုံးဖြင့် အကျဉ်းချုံးရလျှင်တော့ 'နာမည်ပျက်သည်' ဟူ၍ ဖြစ်၏။

သာ့ကျိုးပြည် တည်ထောင်စကတည်းက စည်းကျော်လွန်ကဲသော ဧကရာဇ်မင်းများ ထွက်ပေါ်ခဲ့ဖူးခြင်း မရှိပေ။ သို့သော် လောကတွင် နှစ်ပေါင်း ထောင်သောင်းတိုင်အောင် တည်တံ့သော မင်းဆက်ဆိုသည်မှာ မရှိသဖြင့် သာ့ကျိုးသည်လည်း ထိုနည်းတူစွာပင် ဖြစ်၏။ ကံကြမ္မာ ရောက်ရှိလာသည့်အတွက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ကာ ဧကရာဇ်ရှန့်ကျုံးလက်ထက်သို့ ရောက်သောအခါ ရုတ်တရက်ပင် ယိမ်းယိုင် ပျက်စီးလာခဲ့သည်။

ဧကရာဇ်ရှန့်ကျုံးသည် ငယ်စဉ်က အတန်ငယ် ထက်မြက်ရဲရင့်သူဖြစ်ပြီး သာ့ကျိုးပြည်သည်လည်း ပြည်သူများ ကြွယ်ဝချမ်းသာ၍ သာယာဝပြောခဲ့သည်။ ဤအတိုင်းသာ ဆက်သွားပါက သူသည်လည်း အမျှော်အမြင်ရှိသော မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်လာနိုင်၏။ သို့သော် သနားစဖွယ်ကောင်းသည်မှာ သူသည် အသက်ရှည်လွန်းခဲ့ပြီး အသက်ကြီးလာသောအခါ မသေဆေး ကြိုချက်ခြင်းနှင့် ဆေးလုံးများ မှီဝဲခြင်းတို့တွင် စွဲလမ်းနှစ်သက်လာကာ ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း ယိုယွင်းလာခဲ့သလို စရိုက်သဘာဝမှာလည်း ပိုမို၍ စိတ်ဆတ်လွန်ကဲကာ သံသယများပြားလာခဲ့သည်။

ရှန့်ကျုံးသည် အစပိုင်းတွင် ဟယ်သုန်း ကျန်းမျိုးနွယ်စုမှ အမျိုးသမီးတစ်ဦးကို သိမ်းပိုက်ခဲ့သည်။ ဟယ်သုန်း ကျန်းမျိုးနွယ်စုနှင့် ယခု မယ်တော်ဘွားဘွား၏ မိခင်အိမ်တော်ဖြစ်သော ကျန့်ထိုင်မြို့ရှိ ရှဲ့မိသားစုတို့မှာ သာ့ကျိုးပြည်တွင် အထင်ရှားဆုံးသော မိဖုရားခေါင်ကြီး မွေးထုတ်ပေးရာ မျိုးနွယ်စုကြီး နှစ်ခုဖြစ်ကြ၏။

ထိုအိမ်ထောင်စုနှစ်ခုမှာ မင်းဆက်တစ်ခုလုံးတွင် မိဖုရားခေါင်ကြီးနေရာများကို အလှည့်ကျ တာဝန်ယူခဲ့ကြရာ သာ့ကျိုးတစ်ခေတ်လုံးတွင် အခမ်းနားဆုံးသော မင်းမျိုးမင်းနွယ် အိမ်ထောင်စုကြီးနှစ်ခု ဖြစ်လာခဲ့ကြ၏။ သို့သော် မိဖုရားခေါင်ကြီးတွင် သားသမီး မရှိခဲ့ရာ နန်းလျာမင်းသား မရှိသဖြင့် မင်းသားများထဲတွင် ဂုဏ်သတင်းအမွှေးဆုံးဖြစ်သော စတုတ္ထမင်းသား ဖူဝေအား အိမ်ရှေ့စံအဖြစ် ပေးအပ်ခဲ့သည်။

ထိုစတုတ္ထမင်းသား၏ မွေးမိခင်မှာ မူလက လွန်စွာမှပင် နိမ့်ကျသူဖြစ်ပြီး အဝတ်လျှော်သော နန်းတွင်းအစေခံမလေးတစ်ဦး ဖြစ်၏။ သို့သော် စတုတ္ထမင်းသားမှာ ဉာဏ်ထက်မြက်ပြီး လုပ်ရည်ကိုင်ရည်ရှိသလို ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်သဖြင့် အစပိုင်းတွင် မျက်နှာသာပေးခြင်း ခံခဲ့ရသည်။ တစ်ဖက်တွင်မူ ရှန့်ကျုံးသည် သက်တော်ကြီးရင့်လာသောအခါ စရိုက်သဘာဝက ဒေါသကြီး၍ သံသယများပြားလာခဲ့၏။

စတုတ္ထမင်းသားသည် အိမ်ရှေ့စံ ဖြစ်လာခဲ့သော်လည်း ဧကရာဇ်၏ ချစ်ခင်မြတ်နိုးမှုကို မရခဲ့ပေ။ ဧကရာဇ်သည် အိမ်ရှေ့စံအား သစ္စာမရှိသူဟု မကြာခဏ သံသယဝင်လာခဲ့ကာ သူ၏ မွေးရာပါ မျိုးရိုးနိမ့်ကျမှုကိုပါ စတင်ရွံရှာလာခဲ့တော့သည်။ သူတို့ သားအမိကို ချင်းထိုက်နန်းတော်သို့ ခေါ်ယူ၍ မကြာခဏ ကြိမ်းမောင်းလေ့ရှိ၏။ ကြားသိရသည်မှာ စတုတ္ထမင်းသားနှင့် သူ၏ မွေးမိခင်တို့ခမျာ အချင်းချင်းပွေ့ဖက်၍ အော်ဟစ်ငိုကြွေးကြပြီး "အရှေ့နန်းတော်ကို မဝင်လိုတော့ပါ" ဟုပင် မကြာခဏ ပြောဆိုခဲ့ကြသည်ဟု ဆိုသည်။

စတုတ္ထမင်းသားမှာ အိမ်ရှေ့စံအဖြစ် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တာဝန်ထမ်းဆောင်နေရစဉ်မှာပင် သူ့ကို အပြီးတိုင် ပြိုလဲသွားစေမည့် နောက်ဆုံး ရိုက်ခတ်မှုနှင့် ကြုံတွေ့ခဲ့ရတော့၏။

သူ အိမ်ရှေ့စံဖြစ်ပြီး မကြာမီမှာပင် မိဖုရားခေါင်ကြီးသာ့ကျန်း ကွယ်လွန်သွားခဲ့သည်။ မိသားစု အသိုင်းအဝိုင်း၏ ဂုဏ်သိက္ခာအတွက် ကွယ်လွန်ခါနီးတွင် အခြားဟယ်သုန်း ကျန်းမျိုးနွယ်စုဝင် အမျိုးသမီးတစ်ဦးကို နန်းတော်အတွင်းသို့ ဝင်ရောက်ရန် တောင်းဆိုခဲ့သည်။ ထိုအချိန်က လူများက သူ(မ)အား မိဖုရားရှောင်ကျန်းဟု ခေါ်ဆိုခဲ့ကြသည်။

ထိုမိဖုရားရှောင်ကျန်းမှာ သာ့ကျိုးမင်းဆက် နှစ်ပေါင်း နှစ်ရာကျော်အတွင်း မျိုးရိုးဇာတိ အမြင့်မားဆုံးသော မိဖုရားခေါင်ကြီး ဖြစ်၏။ သူ(မ)၏ အဘွားမှာ မင်းသမီးဖြစ်ပြီး မွေးမိခင်မှာလည်း မင်းသမီးဖြစ်ကာ ဖခင်မှာ အမတ်ကြီး ဖြစ်သည်။ သူ(မ)၏ ခမည်းတော်ဘက်မှ ဟယ်သုန်း ကျန်းမျိုးနွယ်စုမှာ စစ်သူကြီးများနှင့် ဝန်ကြီးချုပ်များ ဆက်တိုက် ထွက်ပေါ်ခဲ့သည့် မင်းမျိုးမင်းနွယ် အိမ်ထောင်စုကြီး ဖြစ်ပြီး သူ(မ)ကိုယ်တိုင်မှာမူ "ရုပ်ရည်အဆင်းအင်္ဂါ နန်းတွင်း၌ ထိပ်ဆုံး" ဟု တင်စားခံရသူ ဖြစ်သည်။

ဤသို့ အဘက်ဘက်မှ ပြည့်စုံလွန်းသော မိဖုရားရှောင်ကျန်းသည် နန်းတော်သို့ ဝင်ရောက်ပြီး တစ်နှစ်အကြာတွင် ဧကရာဇ်ရှန့်ကျုံး မျှော်လင့်တောင့်တနေခဲ့သော တရားဝင် နန်းလျာမင်းသားစစ်စစ်ကို မွေးဖွားပေးခဲ့တော့သည်။

ထိုတရားဝင်မင်းသား၏ သွေးနှောမှုမှာ လွန်စွာမှပင် မြင့်မြတ်လှပေ၏။ ထို့ပြင် မိဖုရားရှောင်ကျန်းမှာလည်း ငယ်ရွယ်၍ လှပသူဖြစ်ရာ သားအမိနှစ်ဦးစလုံးမှာ ဧကရာဇ်ရှန့်ကျုံး၏ အထူးချစ်ခင်မြတ်နိုးမှုကို ရရှိခဲ့ကြသည်။

အမှန်တရားအတိုင်းဆိုရလျှင် အိမ်ရှေ့စံမှာ အရွယ်ရောက်ပြီဖြစ်ရုံမက အုပ်ချုပ်ရေးကိစ္စများကိုပင် တာဝန်ယူနေပြီဖြစ်ရာ ကြီးမားသော အမှားအယွင်းမျိုး မရှိပေ။ တရားဝင် မင်းသားငယ်မှာမူ ငယ်ရွယ်လွန်းသဖြင့် တာဝန်ကြီးကို မထမ်းဆောင်နိုင်သေးပေ။ သို့သော် သာ့ကျိုးမင်းဆက်တွင် အမြဲတစေ တရားဝင်နန်းလျာရှိပါက တရားဝင်နန်းလျာကို တင်မြှောက်ပြီး တရားဝင်နန်းလျာမရှိမှသာ အကြီးဆုံးမင်းသားကို တင်မြှောက်သည့် ထုံးတမ်းစဉ်လာ ရှိခဲ့ရာ စတုတ္ထမင်းသားမှာ တရားဝင်နန်းလျာလည်း မဟုတ်သလို အကြီးဆုံးမင်းသားလည်း မဟုတ်ပေ။

သူ့အထက်တွင် ကိုယ်လုပ်တော်မှ မွေးသော အကြီးဆုံးမင်းသားရှိပြီး အောက်တွင် တရားဝင် မင်းသားငယ်လေး ရှိနေသည့်အပြင် ပိုမို၍ သံယောဇဉ် နည်းပါးကာ သံသယများ၍ စိတ္တဇဆန်လာသော ခမည်းတော်ဧကရာဇ်လည်း ရှိနေသဖြင့် စတုတ္ထမင်းသား၏ အိမ်ရှေ့စံဘဝမှာ မည်မျှ ခက်ခဲကြောင်း သိနိုင်သည်။ ထို့ထက်မက ရှန့်ကျုံးကိုယ်တိုင်ကလည်း တွေဝေ ဒွိဟဖြစ်နေခဲ့ပြီး အိမ်ရှေ့စံကို လဲလှယ်ရန် စိတ်ကူးပေါင်းများစွာ စဉ်းစားခဲ့ဖူးကာ ရင်ခွင်ပိုက်အရွယ် တရားဝင် မင်းသားငယ်လေးကို ပွေ့ဖက်၍ပင် ညီလာခံ တက်ခဲ့ဖူး၏။ နောက်ဆုံးတွင် အကောင်အထည် မဖော်ဖြစ်ခဲ့သော်လည်း ဤသည်မှာပင် ညီအစ်ကိုချင်း သတ်ဖြတ်ကြမည့် ဘေးဒုက္ခ၏ အမြစ်ကို စိုက်ထူလိုက်ခြင်း ဖြစ်တော့သည်။

အရေးကြီးဆုံးမှာမူ သာ့ကျိုးမင်းဆက်တွင် ဧကရာဇ်ရှန့်ကျုံး လက်ထက်မှစ၍ မိဖုရားဘက်မှ အမျိုးအဆွေများသည် အာဏာစွက်ဖက်ခဲ့ကြပြီး အမတ်ချုပ်ရာထူးများကို ကျန်း နှင့် ရှဲ့ မျိုးနွယ်စုနှစ်ခုမှ အများစု တာဝန်ယူခဲ့ကြသည်။ ထိုအချိန်က အမတ်ချုပ်ကျန်းဟန်မှာ မိဖုရားရှောင်ကျန်း၏ ဝမ်းကွဲအစ်ကို ဖြစ်ရာ ငယ်ရွယ်သော တရားဝင် မင်းသားငယ်လေး ထီးနန်းဆက်ခံသည်ကို သဘာဝအတိုင်း ပိုမို ထောက်ခံခဲ့၏။

မိဖုရားရှောင်ကျန်းခမျာ ဤသို့သော ပြုမူဆောင်ရွက်မှုများကို မတားဆီးနိုင်ခဲ့ပေ။ သူ(မ)သည် ချိုးလင်နန်းတော်တွင် ဘယ်သူမှမသိအောင် မကြာခဏ ငိုကြွေးလေ့ရှိပြီး ကြီးမားသော ဘေးဒုက္ခကြီး ရောက်ရှိတော့မည်ဟု ပွင့်လင်းစွာ ပြောဆိုခဲ့သည်ဟု ဆို၏။

ဧကရာဇ်ရှန့်ကျုံး ကွယ်လွန်သည်နှင့် တစ်ပြိုင်နက် သွေးချောင်းစီးစေသော ညီအစ်ကို မောင်နှမချင်း သတ်ဖြတ်သည့် ဘေးဒုက္ခဆိုးကြီး စတင်ဖြစ်ပေါ်လာခဲ့ပြီး သာ့ကျိုး မင်းဆက်သည်လည်း သွေးဆာလှသော "နဂါးသုံးကောင် ထီးနန်းလုပွဲ" နှင့် ကြုံတွေ့ခဲ့ရတော့သည်။

အမှန်မှာ စတုတ္ထမင်းသားသည် နန်းမတက်မီကတည်းက စိတ်ကျန်းမာရေး ချို့ယွင်းသည့် လက္ခဏာများ စတင်ပြသနေခဲ့ပြီ ဖြစ်သည်။ မတတ်နိုင်ပေ။ ရှန့်ကျုံး သက်ရှိထင်ရှား ရှိစဉ်ကတည်းက သူသည် ကြောက်ရွံ့တုန်လှုပ်စွာ ရှင်သန်ခဲ့ရသဖြင့် စိတ်ဖိစီးမှု လွန်စွာ ကြီးမားခဲ့သောကြောင့် ဖြစ်လိမ့်မည်။

သူသည် ပုံမှန်ဖြစ်နေချိန်တွင် ယဉ်ကျေးသိမ်မွေ့ပြီး နန်းတွင်းသူ နန်းတွင်းသားများကိုပင် ကြင်နာယုယစွာ ဆက်ဆံလေ့ရှိသော်လည်း ပုံမှန်မဟုတ်ချိန်တွင်မူ အခြားသူတစ်ဦးကဲ့သို့ ပြောင်းလဲသွားကာ နံရံကိုကြည့်၍ တစ်ယောက်တည်း စကားပြောခြင်း၊ သေရည်ကြူး၍ ဆေးဝါးများ သုံးစွဲခြင်း၊ မိဖုရားနှင့် မောင်းမမိဿံများကို ရိုက်နှက်သတ်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိသည်။

သူ့တွင် မိဖုရားမောင်းမများ အများအပြား ရှိသော်လည်း သားသမီး မထွန်းကားခဲ့ပေ။ သူကိုယ်တိုင်၏ အမျိုးသားနေရာက ချို့ယွင်းနေခြင်းကြောင့်လည်း ဖြစ်လိမ့်မည်။ ထီးနန်းဆက်ခံမည့်သူ မရှိသဖြင့် ထီးနန်းစည်းစိမ်မှာ ပိုမို၍ စိုးရိမ်ထိတ်လန့်စရာ ဖြစ်လာခဲ့ရာ သူသည် တစ်ဖက်တွင် မောင်းမမိဿံများကို တိုးချဲ့သိမ်းပိုက်ပြီး အခြားတစ်ဖက်တွင်မူ မိမိ၏ ညီအစ်ကိုများကို စတင်ရှင်းလင်းတော့၏။

သို့သော် သူသည် လွန်စွာမှပင် စိတ်မမှန်သူဖြစ်ပြီး အရာရာကို လိုချင်သည့် အမျိုးအစားထဲတွင် ပါဝင်ရာ ခြိမ်းခြောက်မှုများကို အမြစ်ဖြတ်ချင်သလို အခြားသူများက သူ့အား ညီအစ်ကိုရင်းချာများကို ရက်စက်စွာ သတ်ဖြတ်သည်ဟု ပြောဆိုသည်ကိုလည်း မခံချင်ပေ။ ထို့ကြောင့် သူသည် နှစ်အတော်ကြာ အကွက်ချစီမံခဲ့ပြီး အစပိုင်းတွင် မျက်နှာသာ မရကြသော ဒုတိယ၊ ပဉ္စမ၊ ဆဋ္ဌမမြောက် ညီအစ်ကိုများကို စတင်သတ်ဖြတ်ခဲ့ကာ တရားဝင် မင်းသားငယ်လေးဖြစ်သော ညီတော်ကိုပါ ပိတ်လှောင်ချုပ်နှောင်ထားခဲ့သည်။

ထို့နောက် မိဖုရားရှောင်ကျန်းနှင့် သားတော်တို့ မှီခိုရာ ဟယ်သုန်း ကျန်းမျိုးနွယ်စုကို တဖြည်းဖြည်း မနားတမ်း သုတ်သင်ရှင်းလင်းခဲ့၏။ နောက်ဆုံး အရာရာကို အပြီးသတ် ရှင်းလင်းပြီးခါနီးတွင် နယ်မြေအာဏာ လျှော့ချသည့် အကြောင်းပြချက်ဖြင့် အကြီးဆုံး မင်းသားကြီးကို တိုက်ခိုက်ရန် ပြင်ဆင်တော့သည်။

အကြီးဆုံးမင်းသားကြီး ဖူဟွမ့်မှာ ထိုအချိန်က မိမိ၏ နယ်မြေတွင် အရှက်တကွဲ အပျက်တစီးဖြင့် သေကံမရောက် နေထိုင်ခဲ့ရသည်မှာ နှစ်အတော်ကြာပြီပင်။ ကျောင်းတော်တွင်ပင် နှစ်ပေါင်းများစွာ သီတင်းသုံးကာ သာသနာ့ဘောင်သို့ ဝင်ရောက်တော့မည့်အတိုင်း ဖြစ်နေခဲ့သည်။ သို့သော် မည်သို့ပင်ဆိုစေ သေရမည်မှာ သေချာနေသဖြင့် သူသည် ကျင့်ကြံရာ ကျင်းချန်ကျောင်းတော်တွင် စစ်သည်အင်အား စတင်စုစည်း၍ "ကျင်းချန်ဘုံကျောင်း အဓိကရုဏ်း" ကို စတင်ဖန်တီးခဲ့တော့သည်။

ကြားသိရသလောက်ဆိုလျှင် ကျင်းချန်ဘုံကျောင်းတွင် စစ်မှန်သော ရဟန်းသံဃာများဟူ၍ မရှိချေ။ အားလုံးမှာ သူ မွေးမြူထားသော ကိုယ်ရံတော်စစ်သည်များ သာလျှင် ဖြစ်ကြသည်ဟု ဆို၏။

သူ ပုန်ကန်မှုလုပ်နေစဉ်တစ်လျှောက်လုံး သူ၏ခမည်းတော် ဧကရာဇ်ရှန့်ကျုံးသည် ဘဝနိဂုံးချုပ်ခါနီး၌ အိမ်ရှေ့စံကို ပယ်ဖျက်၍ သားကြီးဖြစ်သူ သူ့အား ဧကရာဇ်အဖြစ် တင်မြှောက်ရန် ကြံရွယ်ခဲ့ကြောင်း၊ စတုတ္ထမင်းသားက ဤအကြောင်းကို သိရှိသွားပြီးနောက် မီးရှို့၍ ခမည်းတော်ကို ကောက်ကျစ်စွာ သတ်ဖြတ်ခဲ့ကြောင်း ကြေညာခဲ့သည်။

အချုပ်ဆိုရသော် စတုတ္ထမင်းသားသည် တရားဝင်နန်းလျာမဟုတ်သလို သားကြီးလည်း မဟုတ်ဘဲ ဖခင်ကို သတ်ဖြတ်သည့် ယုတ်မာသော အပြုအမူဖြင့် ထီးနန်းကို လုယူခဲ့သဖြင့် မတရားသော နန်းလုသမားသာ ဖြစ်၏။ ထို့ကြောင့် သူသည် ကောင်းကင်ဘုံ၏ကိုယ်စား တရားမျှတမှုကို ဖော်ဆောင်၍ မမှန်မကန်ဖြစ်ရပ်များကို ပြန်လည်တည့်မတ်ပေးမည်ဟု ကြွေးကြော်ခဲ့သည်။

စတုတ္ထမင်းသားမှာ စိတ်ကျန်းမာရေး ချို့ယွင်းနေသည့်အပြင် သားလည်း မမွေးဖွားနိုင်ခဲ့သဖြင့် လူထု၏ ကြည်ညိုထောက်ခံမှုကို ကြာမြင့်စွာကပင် ဆုံးရှုံးခဲ့ရပြီးသား ဖြစ်သည်။ သားကြီးဖြစ်သူသည် မြို့တော်အထိ အတားအဆီးမရှိ တိုက်ခိုက်လာနိုင်ခဲ့ကာ သူ့အား အောင်မြင်စွာ ဖြုတ်ချနိုင်ခဲ့၏။

စတုတ္ထမင်းသားသည် ရာထူးမှ ဖြုတ်ချခံရပြီးနောက် ပထမတွင် ရှော့စောင်ကျွန်းသို့ နယ်နှင်ဒဏ်ပေးခံရကာ နောက်ပိုင်းတွင် သေဒဏ်ပေးခြင်း ခံခဲ့ရသည်။

သားကြီးဖြစ်သူသည် နန်းကျဧကရာဇ်က တရားဝင်နန်းလျာ မဟုတ်မှုနှင့် သားကြီးမဟုတ်မှုကို အကြောင်းပြ၍ နန်းလုစစ်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်ရာ သူ အာဏာရလာပြီးနောက် တရားဝင်နန်းလျာဖြစ်သူ ဖူယိမှာ မလွဲမသွေ သေဒဏ်ကျရောက်ရမည်ဖြစ်၏။ သို့သော် သားကြီးဖြစ်သူသည် ဧကရာဇ်အဖြစ် ခုနစ်လမျှသာ စိုးစံရသေးစဉ်မှာပင် မရေမရာ ဆန်းကြယ်စွာဖြင့် ရုတ်တရက် နတ်ရွာစံကွယ်လွန်သွားခဲ့ပြီး ဘွဲ့တော်ကို တိုက်ကျုံးဟု ပေးအပ်ခဲ့ကြသည်။

ထိုအချိန်တွင် အမတ်ချုပ်ရှဲ့သည် မယ်တော်ဘွားဘွားကြီး၏ အမိန့်တော်ဖြင့် ရှော့စောင်ကျွန်းတွင် ငယ်စဉ်ကတည်းက ပိတ်လှောင်ခံထားရသော ဖူယိအား တိတ်တဆိတ် သွားရောက်ခေါ်ဆောင်ခဲ့သည်။ ကြားသိရသည်မှာ ဧကရာဇ်တိုက်ကျုံး၏ ရုပ်ကလာပ်ရှေ့ ငိုကြွေးပူဆွေးနေစဉ်အတွင်း မင်းညီမင်းသားနှင့် အမတ်ပေါင်းစုံ၏ ရှေ့မှောက်၌ပင် အမတ်ချုပ်ရှဲ့ကိုယ်တိုင်က ငိုကြွေးနေသော ဖူယိ၏ ပခုံးပေါ်သို့ နဂါးဝတ်ရုံတော်ကို ခြုံလွှမ်းပေးခဲ့သည်ဟု ဆို၏။

ဤသို့ဖြင့် ယခုဧကရာဇ်မင်းသည် ဧကရာဇ်ရှန့်ကျုံး၏ တရားဝင်နန်းလျာ ဧကရာဇ်အဖြစ် ထီးနန်းကို ဆက်ခံခဲ့တော့သည်။

အမှန်ပင် ဗျိုင်းနှင့် ခရုတို့ တိုက်ခိုက်ကြရာတွင် အသက် ၁၀ နှစ်ကျော်အရွယ် ကလေးငယ်က အကျိုးအမြတ်ကို အလိုက်သင့် ရရှိသွားခြင်း ဖြစ်လေ၏။

သို့သော် အသက် ၁၀ နှစ်ကျော်အရွယ်ဖြင့် ဤမျှ ရှုပ်ထွေးလှသော နိုင်ငံရေး အခြေအနေကြားတွင် ထီးနန်းတက်နိုင်ခဲ့သော ဧကရာဇ်ငယ်မှာ သာမန်လူမဟုတ်နိုင်ချေ။

သူနှင့်ပတ်သက်သော သတင်းစကားများမှာ လွန်စွာမှပင် များပြားလှသော်လည်း အများစုမှာ ကောင်းမွန်သော စကားများ မဟုတ်ကြပေ။

တစ်မျိုးမှာမူ သူ၏ ကောက်ကျစ်ရက်စက်မှုနှင့် ပတ်သက်သော သတင်းများဖြစ်ကြ၏။

ဥပမာအားဖြင့် ထိုမင်းသားငယ်သည် မြို့တော်ရှိ ချုံဟွာဘုံကျောင်းတွင် မျက်နှာနှစ်ဖက်ပါ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို နှစ်စဉ်မပြတ် ပူဇော်ထားသည်ဟု ဆိုကြသည်။ ထိုရုပ်ပွားတော်၏ အရှေ့ဘက်မျက်နှာမှာ နူးညံ့ကရုဏာကြီးမားသော အမူအရာရှိသော်လည်း အနောက်ဘက်မျက်နှာမှာမူ ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းသော လော်ရှား ရုပ်သွင်ဖြစ်၏။

သူသည် ရှော့စောင်ကျွန်းမှ စတင်ထွက်ခွာလာစဉ်က ခန္ဓာကိုယ် သေးသွယ်ပိန်ပါးပြီး လွန်စွာမှပင် သိမ်မွေ့လိမ္မာလှသည်။ ထိုမျက်နှာနှစ်ဖက်ပါ ဗုဒ္ဓရုပ်ပွားတော်၏ မာယာတန်ခိုးဖြင့် လူအများ၏ စိတ်ကို လှည့်ဖြား၍ ဝက်ဟန်ဆောင်ကာ ကျားကို ဝါးမျိုခဲ့ရင်း အမတ်ချုပ်ရှဲ့အပါအဝင် အမတ်ဟောင်းကြီးများ၏ ထောက်ခံမှုကို ရယူကာ ထီးနန်းကို စိုးစံနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် အနှီဧကရာဇ်မင်းသည် ထီးနန်းတက်ပြီး မကြာမီမှာပင် သူ၏ ရက်စက်ကြမ်းကြုတ်သော သဘာဝအမှန်ကို ပေါ်လွင်စေခဲ့တော့၏။

သူသည် ရာဇပုလ္လင်ပေါ် ထိုင်လိုက်သည်နှင့် ပထမဦးစွာ ဧကရာဇ်တိုက်ကျုံး၏ ရင်သွေးအားလုံးကို ကွပ်မျက်ခဲ့သည်။ ထို့နောက် နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော အမှုဟောင်းများကို ပြန်လည်ဖော်ထုတ်ကာ ယခင်က သူတို့သားအမိနှင့် မိခင်ဘက်မှ ကျန်းမျိုးနွယ်စုအား မကောင်းကြံရာတွင် ပါဝင်ခဲ့သူ အားလုံးကို သေဒဏ်ပေးခဲ့သည်။ ကွယ်လွန်ပြီးသူများကိုပင် ရုပ်ကလာပ်ကို ခေါင်းတလားထဲမှ တူးဖော်၍ ရိုက်နှက်ဖျက်ဆီးခဲ့၏။

သူသည် ရာထူးမှ ဖြုတ်ချခံရသော ဧကရာဇ်မင်း၏ ရုပ်ကလာပ်ကိုပင် ပြန်လည်တူးဖော်စေပြီး ဆူးချုံများဖြင့် ခေါင်းတလားပြုလုပ်၍ ပြန်လည်မြှုပ်နှံစေခဲ့သည်။ ထိုအမှုတွင် ပါဝင်ပတ်သက်၍ ကွပ်မျက်ခံရသူများမှာ ရေတွက်၍ပင် မရနိုင်ပေ။ ဖမ်းဆီးခံရသူများဆိုလျှင် လွန်စွာ များပြားလွန်းသဖြင့် ကျန့်ထိုင်မြို့တော်ရှိ အကျဉ်းထောင်များ၌ပင် မဆံ့ခဲ့ချေ။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment