no

Font
Theme

အပိုင်း (၁၇)

"နောက်လအထိတောင် စောင့်စရာ မလိုပါဘူး။ ကြားတာတော့ အခုတလော နန်းတော်ဟောင်းမှာ လူတွေ အများကြီး တိုးလာတယ်ဆို။ အရှင်မင်းမြတ်ကို ကြိုဆိုဖို့ ပြင်ဆင်နေတာလည်း ဖြစ်နိုင်တာပဲ။ ကြားတာတော့ အရှင်မင်းမြတ်က အခု နေရာတိုင်းမှာ လှည့်လည်အပန်းဖြေနေတာဆိုတော့ ဘယ်နေ့ ငါတို့ ရွှမ်းလွမ်မြို့ကို ရောက်လာမလဲ မသိနိုင်ဘူး။"

ခွမ့်ရွှယ်ရှန့်သည် ဖူယိတစ်ယေညက် သူ၏အနောက်တွင် လာရောက် မတ်တတ်ရပ်လိုက်သည်ကို သတိပြုမိလိုက်သည်။

ထိုစဥ် ဘေးနားရှိ စာအုပ်ဆိုင်မှ သူဌေးလျိုက စနောက်လိုဟန်ဖြင့် မေးလေ၏။

"သခင်လေးခွမ့်ရော ဘယ်တော့လောက် မင်္ဂလာဆောင်မှာလဲ။"

ပြောရင်းဖြင့် ဖူယိ၏ မျက်နှာကိုလည်း လှမ်းကြည့်နေခဲ့၏။

အခြားသူတစ်ဦးကလည်း စနောက်လိုက်ပြန်သည်။

"သခင်လေးခွမ့်က မလောပါဘူး။ ဘာပဲဖြစ်ဖြစ် အရှင်မင်းမြတ်ဆီက ရွေးချယ်တာကို ခံရမှာ မဟုတ်တာတော့ သေချာတာပဲဟာ။"

လူအများစုမှာ တဟားဟား ရယ်မောလိုက်ကြရာ ခွမ့်ရွှယ်ရှန့်လည်း ဖူယိ စိတ်မသက်မသာ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် လှည့်၍ သူ့အား ဆိုင်အတွင်းထဲသို့ တွန်းလွှတ်လိုက်၏။ လှည့်လိုက်သည်နှင့် ရင်းနှီးသော အသံတစ်ခုက အော်ဟစ်လိုက်သည်ကို ကြားလိုက်ရတော့သည်။

"ဒါ မင်းရှာထားတဲ့ သခင်လေးလား။"

ခွမ့်ရွှယ်ရှန့်လည်း အမြန် ပြန်လှည့်ကြည့်လိုက်သည်။ ခရမ်းရောင် ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာပွင့်လန်းလှပသော သခင်လေးတစ်ဦးသည် ပစ္စည်းများကို ကိုင်ဆောင်လျက် လျှောက်လှမ်းလာနေသည်အား တွေ့လိုက်ရ၏။

သူဌေးလျိုတို့ကလည်း အလျင်အမြန် ပြုံးရွှင်စွာ နှုတ်ဆက်လိုက်ကြသည်။

"သခင်ကြီးဝမ်၊ မတွေ့တာ ကြာပြီနော်။"

ခွမ့်ရွှယ်ရှန့်လည်း လွန်စွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ပြုံးလျက် ဆိုလိုက်၏။

"မင်း ပြန်ရောက်လာပြီပေါ့။"

သာ့ကျိုးတိုင်းပြည်၏ မြို့ပြလူထုကြားတွင် ငယ်ရွယ်သော အမျိုးသားများကို "သခင်လေး" ဟု အများစုက ခေါ်ဆိုကြပြီး "သခင်ကြီး" ဆိုသည်မှာမူ အဆင့်အတန်းနှင့် ဂုဏ်သရေရှိသော ငယ်ရွယ်သည့် အမျိုးသားများအား ခေါ်ဆိုသော အသုံးအနှုန်း ဖြစ်သည်။

ယခု သူ၏ အရှေ့သို့ ရောက်ရှိနေသော ဤ သခင်ကြီးဝမ်မှာ အလွန်ပင် ဂုဏ်သရေ ရှိလှ၏။

သူ၏ အမည်ရင်းမှာ ဝမ်ပေါပေါဖြစ်သည်။ ခွမ့်ရွှယ်ရှန့်မှာ စတင်တွေ့ရှိစဉ်က သူ့အား ဝမ်ဖောဖောဟု ခေါ်သည်ဟု ထင်မှတ်ခဲ့ရာ ဤသို့ အရပ်မြင့်မား ခံ့ညားသောသူတစ်ဦးအတွက် ဤအမည်မှာ အတော်လေး ချစ်စရာကောင်းနေသည်ဟု စဉ်းစားခဲ့မိ၏။ သို့သော်လည်း နောက်ပိုင်းမှသာ "ပေါ" ဟု ထွက်ရကြောင်း သိရှိခဲ့ရခြင်း ဖြစ်သည်။

ဤစာလုံးမှာ အသံထွက် အမျိုးမျိုး ထွက်နိုင်ရုံမက ခွမ့်ရွှယ်ရှန်သည် "ပေါ"နှင့် အသံထွက်တူသည်များကို မကြာခဏ တွေ့ဖူးသဖြင့် သူ၏ စာများကို တွေ့ရသည့်အခါတိုင်း စာအဆုံးရှိ အမည်ကို "ဝမ်ပေါင်ပေါင်" ဟု ဖတ်မိလေ့ရှိပြန်သည်။

ဝမ်ပေါပေါ၏ ယောက်ဖမှာ ရှီးကျင်းမြို့၏ ဒုတိယအုပ်ချုပ်ရေးမှူး စူးဟွေ ဖြစ်၏။ ရှီးကျင်းမြို့၏ အထက်တန်း အရာရှိကြီးတစ်ဦးဟု ဆိုနိုင်သဖြင့် သူသည် ရွှမ်းလွမ်မြို့အတွင်း၌ ကြောက်ရွံ့စရာမလိုဘဲ ရဲရဲတင်းတင်း သွားလာနိုင်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော ရက်ပိုင်းက ဝမ်ပေါပေါသည် သူ၏ အစ်မဖြစ်သူနှင့်အတူ ဇာတိမြို့သို့ ပြန်သွားခဲ့ရာ ယနေ့မှ ပြန်လည် ရောက်ရှိလာခြင်းပင်။

ဤသခင်ကြီးသည် ဖူယိအား စိုက်ကြည့်၍ အကဲခတ်နေခဲ့၏။

ခွမ့်ရွှယ်ရှန့်က သူ့ကို ဆိုင်အတွင်းသို့ အမြန် ဖိတ်ခေါ်လိုက်ပြီး ဖူယိထံသို့ သွားရောက် မိတ်ဆက်ပေးလိုက်သည်။

"ဒါ ကျွန်တော့်သူငယ်ချင်း၊ ဝမ်ပေါပေါပါ။"

ဖူယိ၏ မျက်နှာပေါ်တွင် အပြုံးရိပ်တို့ မရှိဘဲ နက်မှောင်သော မျက်လုံးများဖြင့်သာ ဝမ်ပေါပေါအား ပြန်လည် စိုက်ကြည့်နေခဲ့သည်။

ထိုအခိုက် ဝမ်ပေါပေါက သုံးသပ်လိုက်၏။

"ရုပ်ရည်တော့ မဆိုးပါဘူး။"

ခွမ့်ရွှယ်ရှန့် :"မင်း နောက်တစ်ခေါက် ထပ်ပြောကြည့်စမ်း။"

ဝမ်ပေါပေါ: "...မဟုတ်ပါဘူး၊ ငါပြောချင်တာက ခွမ့်ရွှယ်ရှန့်၊ ငါက မင်းနောက်နေတာလို့ ထင်နေတာလေ။ တကယ်တမ်းကျတော့ မင်းက ရူယိစံအိမ်မှာ ပန်းဘောလုံး သွားပစ်ပြီး တကယ်ကြီး လူတစ်ယောက် ရှာတွေ့လာတာကိုး!"

ခွမ့်ရွှယ်ရှန့်က ပြုံးလိုက်သည်။

"ငါ့အတွက် ဘာတွေ ယူလာပေးတာလဲ။ လူတောင် လာနေပြီပဲဟာ။ ပစ္စည်းတွေပါ ယူလာပေးနေသေးတယ်။ အားနာစရာကြီး။"

"ငါ့ဇာတိရဲ့ ဒေသထွက်ကုန်တွေပါ။ မင်း အမြဲတမ်း စားချင်တယ်လို့ ပြောနေတာလေ။"

ဝမ်ပေါပေါ၏ မျက်လုံးများမှာ ဖူယိထံသို့သာ စိုက်ကြည့်နေဆဲ ဖြစ်၏။

ချောတာတော့ တကယ် ချောပါပေတယ်၊ ဒါပေမဲ့ ကြည့်ရတာ အတော်လေး ခက်ထန်ယုတ်မာတဲ့ ပုံစံမျိုးပဲ။

နက်မှောင်တဲ့ မျက်လုံးအိမ်တွေက လူကို မျက်နှာသာပေးပေမဲ့ စိတ်ထဲက မပါတဲ့ ပုံစံမျိုးကြီး။

"မင်း ပြန်ရောက်တာ ဘယ်လောက်ကြာပြီလဲ။" ခွမ့်ရွှယ်ရှန့်က မေးလိုက်သည်။

"ခုနကမှ ပြန်ရောက်တာ။ အိမ်တောင် မရောက်သေးဘူး။ ငါ့ကို လာကြိုတဲ့ လိုင်ဖူက မင်းအကြောင်း ပြောပြလို့ လန့်ပြီး မြင်းရထားလုံးပေါ်ကနေ တိုက်ရိုက် ခုန်ဆင်းလာခဲ့တာ။ ငါ့အစ်မကတော့ ရထားပေါ်မှာ စောင့်နေတုန်းပဲ။ မြင်းရထားက ဖြတ်လာလို့ မရဘူး။ ဒီနေ့ မြို့ထဲမှာ မင်္ဂလာဆောင်တဲ့သူတွေ ဘာလို့ ဒီလောက် များနေရတာလဲ။ မင်း စလိုက်လို့ ဖြစ်သွားတာတော့ မဟုတ်ပါဘူးနော်။"

ခွမ့်ရွှယ်ရှန့်က ပြုံးလျက် ပြန်ဖြေလိုက်သည်။

"ငါ့ရဲ့ ဩဇာအာဏာက အဲဒီအဆင့်အထိ မရောက်သေးပါဘူး။"

"……" ဝမ်ပေါပေါမှာ စကားပြောရန် ပြင်လိုက်သော်လည်း တန့်သွား၏။

"ကဲပါ၊ ဒါတွေ မပြောတော့ဘူး။ မနက်ဖြန်ကျရင် ရူယိစံအိမ်မှာ ချိန်းပြီး သေချာ စကားပြောကြတာပေါ့။ ငါ့အစ်မက စောင့်နေတုန်းဆိုတော့ ငါ အရင် သွားနှင့်တော့မယ်။"

ခွမ့်ရွှယ်ရှန့်လည်း သူ့အား အပြင်အထိ လိုက်ပို့ပေးလိုက်သည်။ ဝမ်ပေါပေါသည် တံခါးဝသို့ ရောက်သောအခါ ဖူယိထံသို့ လှည့်ကြည့်လိုက်ပြန်သည်။ အပြင်သို့ ရောက်သည်နှင့် မနေနိုင်စွာ မေးလိုက်၏။

"မင်းဟာက စိတ်ချရရဲ့လား။ ဒီသခင်လေးက ဒေါသကြီးမယ့် ပုံစံမျိုး ဖြစ်နေတယ်။"

ခွမ့်ရွှယ်ရှန့် :"ပေါက်ကရတွေ မပြောနဲ့၊ သူ့ထက် စိတ်ထားကောင်းတဲ့သူမျိုး ငါတောင် မမြင်ဖူးဘူး။"

ပြောရင်းဖြင့် ဖူယိထံသို့ လှည့်ကြည့်လိုက်သည်။ ဖူယိက ငွေကောင်တာကို မှီ၍ မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရ၏။ အလင်းရောင်ကြောင့်လား မသိ၊ သူ၏ နက်မှောင်သော မျက်လုံးအိမ်များကြောင့် ချောမောသော အဆင်းအင်္ဂါမှာ ဖုံးကွယ်သွားခဲ့ရပြီး အခြားလူတစ်ယောက်အဖြစ် လုံးဝ ပြောင်းလဲသွားသည့်အတိုင်း ဖြစ်နေတော့သည်။

သို့သော် ခွမ့်ရွှယ်ရှန့်မှာမူ ဝမ်ပေါပေါ၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသဖြင့် ဘေးနားရှိ ဝူထုန်ပင်အောက်သို့ ရောက်ရှိသွားခဲ့သည်။ ဤအခိုက်၌ ဝမ်ပေါပေါ၏ မျက်နှာအမူအရာမှာ ပိုမို တည်ကြည်သွားချေပြီ။

"ငါ အမှန်တိုင်းပြောနေတာ။ မင်း တကယ် သတ္တိကောင်းလွန်းတယ်။ ဒါနဲ့တင် သူ့ကို ဆိုင်ထဲ အထိ ခေါ်လာတာလား။ သူက ဘယ်လိုလူလဲ၊ ဘာလုပ်တဲ့သူလဲ၊ အိမ်ကရော ဘယ်မှာလဲ။"

ခွမ့်ရွှယ်ရှန့် :"အိမ်မှာတောင် လာနေနေပြီ"

ဝမ်ပေါပေါ : "!!"

"ခဏတည်းနဲ့တော့ အကုန်လုံး ပြောပြလို့ မပြီးနိုင်ဘူး။ မနက်ဖြန်ဆုံမှပဲ အသေးစိတ် ပြောပြတော့မယ်။ မင်းရဲ့ လက်ဆောင်အတွက် ကျေးဇူးပါပဲ။ မနက်ဖြန် ထမင်းဖိုးကို ငါ ဒကာခံပါမယ်။"

ဝမ်ပေါပေါ: "ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် မင်းဆီကနေ ဘယ်ယောက်ျားမှ အမြတ်မထုတ်နိုင်ပါဘူး။ ကြည့်ရတာ သူ့ရဲ့ ယဉ်ကျေးနွဲ့နှောင်းတဲ့ ပုံစံက မင်းရဲ့ လက်သီးတစ်ချက်စာတောင် မရှိလောက်ဘူး။"

ဝူထုန်သစ်ပင်များမှာ စတင် အညှောက်ထွက်တော့မည် ဖြစ်သည်။ နွေဦးမိုးစက်များကြောင့် ကျောက်ပြားလမ်းက မည်းနက်၍ အရောင်လက်နေတော့၏။ ဝမ်ပေါပေါ၏ ခန္ဓာကိုယ်မှာ ဖူယိထက်ပင် ပိုမိုအရပ်မြင့်မားသူ ဖြစ်ရာ ခွမ့်ရွှယ်ရှန့်၏ ဝါးပင်လေးပမာ ပိုမို သွယ်လျ၍ သန့်ရှင်းစင်ကြယ်သော အလှကို ပေါ်လွင်နေစေသည်။

သူတို့နှစ်ဦး စကားပြောနေသည့် ပုံစံမှာ အမှန်တကယ်ပင် ရင်းနှီးလွန်းသူများပမာ။

ခွမ့်ရွှယ်ရှန့်က ဝမ်ပေါပေါအား လိုက်ပို့ပေးခဲ့ပြီးနောက် ဆိုင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။

ဖူယိမှာ ငွေသိမ်းစားပွဲ၏ အနောက်သို့ ရောက်ရှိနေပြီဖြစ်ကာ စားပွဲပေါ်ရှိ ဝမ်ပေါပေါယူဆောင်လာသော ပစ္စည်းများကို ကြည့်ရှုနေသည်။

အမူအရာက နူးညံ့ပြီး စိတ်ချမ်းမြေ့စရာ ဖြစ်နေသဖြင့် ခုနက ခက်ထန်ယုတ်မာသော ဟန်ပန်များမှာ အယောင်ဆောင်မျှသာ ဖြစ်သည့်အတိုင်းပင်။ သူပြန်လာသည်ကို မြင်တွေ့လိုက်ရသောအခါ ပြုံးလျက် မေးလာ၏။

"မင်းကို ပစ္စည်းတွေ အများကြီး ယူလာပေးတာပဲ။ မင်းတို့ဆက်ဆံရေးက ဒီလောက်အထိ ကောင်းတာလား။"

ခွမ့်ရွှယ်ရှန့် :"သူက ရှီးကျင်းမြို့မှာ ကျွန်တော့်ရဲ့ အကောင်းဆုံး သူငယ်ချင်းပဲ။ သူ လွန်ခဲ့တဲ့ ရက်ပိုင်းက ဇာတိကို ပြန်သွားလို့လေ။ မဟုတ်ရင် ခင်ဗျားတို့နှစ်ယောက်ကို စောစောကတည်းက မိတ်ဆက်ပေးပြီးပြီ။"

ဖူယိ :"ကြည့်ရတာ သိပ်ပြီး လမ်းမှန်တဲ့သူ မဟုတ်ဘူးထင်တယ်။"

ခွမ့်ရွှယ်ရှန့်မှာ ခဏမျှ အံ့အားသင့်သွားပြီး တဟားဟား ရယ်မောလိုက်လေသည်။

"သူက သိပ်ပြီး လမ်းမှန်တဲ့သူ မဟုတ်တာတော့ အမှန်ပဲ။"

"မင်းတို့ ဘယ်လို စသိခဲ့ကြတာလဲ။"

ခွမ့်ရွှယ်ရှန့် :"မတိုက်ခိုက်ဖူးရင် မခင်တွယ်ဘူး ဆိုသလိုပါပဲ။"

ဖူယိက ပြုံးလျက် :"ဟုတ်လား။"

ဝမ်ပေါပေါမှာ ကျိုကျိုးမြို့သား ဖြစ်သည်။ ကျိုကျိုးမြို့သည် လန့်တိုင်းပြည်နှင့် မဝေးလှသဖြင့် စားသောက်နေထိုင်ပုံမှာလည်း လန့်တိုင်းပြည်နှင့် များစွာ ဆင်တူရာ အလွန်ပင် ထူးခြားဆန်းပြားလှ၏။ ဝမ်ပေါပေါ ဤတစ်ခေါက် သူ့အတွက် ယူဆောင်လာပေးသော လက်ဆောင်များမှာ ကျိုကျိုးမြို့ထွက် ငါးခြောက်၊ သစ်ကြားသီးပန်ကိတ်၊ ဆန်မုန့်နှင့် ယွိကျန်းပန်းသကြားခဲ တို့ ဖြစ်ကြ၏။

အထူးသဖြင့် ယွိကျန်းပန်းသကြားခဲမှာ ကျိုကျိုးမြို့၏ နာမည်အကျော်ကြားဆုံး ဒေသထွက်ကုန် ဖြစ်သည်။ ယခုအခါ ကျန့်ထိုင်မြို့တော်၌ ခေတ်စားနေသော ပန်းသကြားခဲများမှာလည်း ဤအရာကို တုပပြုလုပ်ထားကြခြင်း ဖြစ်သဖြင့် ပန်းသကြားခဲ လောက၏ ဘိုးဘေးကြီးဟုပင် ဆိုနိုင်သည်။

ခွမ့်ရွှယ်ရှန့် စာရွက်ခေါက်ကို ဖြေလိုက်ရာ ရွှေရောင် သကြားခဲများအတွင်း၌ ရှည်လျားနုနယ်သော ယွိကျန်းပန်းငုံလေးများ ပါဝင်နေသည်အား တွေ့လိုက်ရ၏။

အရောင်လည်း လှ၊ အရသာလည်း စိမ့်ဝင်လှသည်။ စကားအရ ကြားဖူးသည်ထက် ကိုယ်တိုင် မြင်တွေ့ရသည်မှာ အမှန်တကယ်ပင် သာလွန်နေသည်။

ကျိုကျိုးမြို့ရှိ ချမ်းသာသော အိမ်တော်ကြီးများမှာ ယွိကျန်းပန်း သကြားခဲများကို ကိုယ်တိုင် ပြုလုပ်လေ့ရှိကြသည်။ ဝမ်အိမ်တော်မှာမူ ယွိကျန်းပန်း စိုက်ခင်းများကို သီးသန့် စိုက်ပျိုးထားပြီး စိုက်ပျိုးရေးမှသည် ပြုလုပ်သည်အထိ ကိုယ်တိုင် ဆောင်ရွက်ကြခြင်း ဖြစ်သည်။ ရွှမ်းလွမ်မြို့၌ ယွိကျန်းပန်း သကြားခဲ ရောင်းချသူများ ရှိသော်လည်း ဤမျှအထိ အနုစိတ်လှပမှု မရှိပေ။

သူသည် ပန်းကန်ကိုမတင်၍ ဖူယိထံသို့ အရင်ဆုံး ကမ်းပေးလိုက်သည်။

"မြည်းကြည့်ပါဦးလား။"

ဖူယိ :"ကိုယ် အချို မကြိုက်ဘူး။"

ခွမ့်ရွှယ်ရှန့်လည်း ထိုသူသည် အစားအသောက်ပိုင်းတွင် လွန်စွာ ဂျီးများသူဖြစ်ပြီး သူ မကြိုက်သော အရာများကို မြည်းစမ်းကြည့်ရန်ပင် လုံးဝ မလိုလားကြောင်း သတိပြုမိလိုက်၏။

သို့သော် ခွမ့်ရွှယ်ရှန့်ကမူ အချိုစာများကို နှစ်သက်သူ ဖြစ်သည့်အပြင် ဤသည်မှာ သူငယ်ချင်းဖြစ်သူက ဇာတိမှ သီးသန့် ယူဆောင်လာပေးခြင်းလည်း ဖြစ်သောကြောင့် သကြားခဲ နှစ်ခုကို ဆက်တိုက် စားပစ်လိုက်သည်။ သကြားခဲမှာ လွန်စွာ စားကောင်းလှပြီး သင်းပျံ့သော ပန်းရနံ့များ ပြည့်နှက်နေသည်။ သူသည် စားရင်းဖြင့် ဖူယိကိုလည်း ဤသို့သော အချိုစာ၏ ပျော်ရွှင်မှုကို အတူတကွ ခံစားနိုင်ရန် မြှူဆွယ်လိုက်၏။

"ဒီထက် စားကောင်းတဲ့ သကြားခဲ မရှိတော့ဘူး။"

ဖူယိက ရုတ်တရက် :"ဒီလို ပန်းသကြားခဲမျိုးကို ကျန့်ထိုင်မြို့က လူတွေဆို စားရတာတောင် ငြီးငွေ့နေပြီ။ ကျန့်ထိုင်မြို့မှာ ဒီထက် ပိုလှပြီး ပိုစားကောင်းတာတွေ အများကြီး ရှိတယ်။"

ခွမ့်ရွှယ်ရှန့် :"ဒါဆိုရင်တော့ ကျွန်တော်လည်း စမ်းကြည့်ရမှာပေါ့။"

"နောက်ကျရင် မင်းအတွက် ဝယ်ပေးမယ်။" ဖူယိက ရုတ်တရက် စကားလမ်းကြောင်းပြောင်း၍ မေးလိုက်ပြန်သည်။

"မင်းမှာ သူငယ်ချင်းတွေ အများကြီး ရှိတာလား။"

ခွမ့်ရွှယ်ရှန့် :"အရမ်း ရင်းနှီးတာဆိုလို့ ပေါပေါတစ်ယောက်တည်း ရှိတာပါ။"

အရမ်း ရင်းနှီးတာ။

ဖူယိက မည်သည့် စကားမျှ ထပ်မံ မဆိုတော့ဘဲ မျက်လုံးများကို အောက်စိုက်ကာ လက်ထဲမှ စာအုပ်ဖြတ်ဓားဖြင့် လက်အောက်ရှိ ဆေးရောင်စုံ စာရွက်များကို "ဇွိ" ခနဲ အသံမည်အောင် လှီးဖြတ်လိုက်တော့၏။

မွန်းလွဲပိုင်း ရောက်သောအခါ မိုးလည်း လုံးဝ တိတ်သွားခဲ့ပြီဖြစ်ရာ ဧည့်သည်များလည်း အသီးသီး ရောက်ရှိလာခဲ့ကြသည်။ ဖူယိမှာ မျက်နှာသစ် ဖြစ်နေသဖြင့် ဧည့်သည်များ လာရောက်သည့်အခါတိုင်း သူ့အား ဖမ်းဆွဲ၍ ချီးကျူးစကားများ ဆိုကြတော့၏။

ခွမ့်ရွှယ်ရှန့်၏ စိတ်အခြေအနေလေးမှာ လွန်စွာ ကြည်နူးနေခဲ့သည်။

သူ့ကို အကြည်နူးရဆုံးဖြစ်စေသည်မှာ ဖူယိ၏ တုံ့ပြန်မှုပင်။ တစ်ခါတစ်ရံ ဧည့်သည်များက ထိုနေရာ၌ သူ့အား ရုပ်ရည်ချောမောလှကြောင်း ချီးကျူးနေကြသော်လည်း ဖူယိကမူ ဘေးနားတွင် စာအုပ်များကို တိတ်တဆိတ်သာ ထုပ်ပိုးပေးနေခဲ့၏။ အခြားသူများ မည်သို့ပင် ချီးကျူးပါစေ သူကမူ ခပ်အေးအေးပင် ရှိနေခဲ့သည်။

ဤသို့ ခပ်အေးအေး သခင်လေးမျိုးကို အလွန်အမင်း တန်ဖိုးထား မြတ်နိုးပေးရမည်။

ခွမ့်ရွှယ်ရှန့်သည် ဖူယိတစ်ယောက် စာအုပ်ထုပ်ပိုးပုံကို ကြိုးစားလေ့လာနေသည့် ပုံစံလေးမှာလည်း လွန်စွာမှပင် ချစ်စဖွယ်ကောင်းလှသည်ဟု ထင်မြင်မိသည်။

ခွမ့်ရွှယ်ရှန့်နှင့် ဝမ်ပေါပေါတို့က မနက်ဖြန်မှ ထပ်မံဆုံတွေ့ရန် ချိန်းဆိုထားကြခြင်း ဖြစ်၏။ သို့သော် မွန်းလွဲပိုင်း ဆိုင်မသိမ်းသေးမီမှာပင် ဝမ်ပေါပေါတစ်ယောက် မြင်းရထားလုံးစီး၍ အလျင်စလို ရောက်ရှိလာခဲ့ပြန်သည်။

တံခါးဝသို့ ဝင်လာသည်နှင့် သူ့အား အော်ဟစ်လိုက်တော့၏။

"ဟေး...ရွှယ်ရှန့်၊ ပြဿနာတော့တက်ပြီ။ အရှင်မင်းမြတ်က ငါတို့ ရွှမ်းလွမ်းမြို့ထဲကို ရောက်နေတယ်တဲ့!"

ခွမ့်ရွှယ်ရှန့် :"ဟင်?"

"ကြားတာတော့ အရှင် ရောက်နေတာ ရက်အတော်ကြာပြီတဲ့။ မြို့ထဲက အရာရှိတွေ အကုန်သိကြပေမဲ့ အပြင်ကို ပေါက်ကြားအောင် မလုပ်ရဲကြဘူး!"

ခွမ့်ရွှယ်ရှန့် :"အရှင်မင်းမြတ် ကြွလာတာဆိုရင် အကြောင်းမကြားဘဲ နေမှာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်က အမတ်ချုပ်ရှဲ့ ရွှမ်းလွမ်မြို့ကို လာတုန်းကဆို လအတော်ကြာကတည်းက ကြိုတင်ပြီး အားလုံးကို အကြောင်းကြားခဲ့တာလေ၊ သွားမယ့်နေရာတိုင်းကိုလည်း ကြိုရှင်းထားတာ။ ဒါပေမဲ့ အခုတလော အရှင်မင်းမြတ် ဘယ်နေရာမှာ ထွက်ပေါ်လာတယ်ဆိုတာမျိုး ငါ မကြားမိပါဘူး။"

ဝမ်ပေါပေါ: "ကြားတာတော့ သူက ဇာမဏီနန်းတော်ထဲမှာပဲ ဆက်တိုက် အနားယူနေပြီး အပြင်ကို မထွက်ဘူးတဲ့။ အဲဒီစိတ်ရောဂါသည်ကြီးက ရောက်တာနဲ့ မြို့ထဲက အရာရှိတွေကို ဇာမဏီနန်းတော်ထဲ ခေါ်လိုက်ပြီးတော့ အရာရှိတွေကို ပစ်မှတ်လုပ်ပြီး မြားနဲ့ ပစ်ခတ်ခဲ့တာတဲ့။ ငါ့ယောက်ဖဆိုရင် အခုထိ အိမ်ရာပေါ်မှာ လဲနေတုန်းပဲ!"

"!!"

ခွမ့်ရွှယ်ရှန့် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

"မင်းရဲ့ ယောက်ဖက မြားထိပြီး ဒဏ်ရာရသွားတာလား။"

"ဒဏ်ရာရတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက အကြောက်လွန်ပြီး ဖျားသွားတာ။ အရှင်မင်းမြတ်က ဘယ်လို ပစ်တာလဲ သိလား။ လူတွေကို တစ်တန်းတည်း ဒူးထောက်ခိုင်းပြီး ခေါင်းဆောင်းတွေကို ပစ်မှတ်လုပ်ခိုင်းတာ။ ပြီးတော့ သူ့မျက်လုံးကို အဝတ်နဲ့ စည်းပြီး လှမ်းပစ်တာတဲ့!"

ခွမ့်ရွှယ်ရှန့် :"ဒီလောက်အထိ ကြောက်ဖို့ကောင်းတာလား!"

"ငါ့ယောက်ဖဆို အခု အိပ်ရင်တောင် အိပ်မက်ဆိုးတွေ မက်နေတုန်းပဲ။ သူတင်မကဘူး၊ ကြားတာတော့ မြို့ထဲက အရာရှိ အတော်များများ အခု တုန်လှုပ်ချောက်ချားနေကြပြီး တချို့ဆို ဖျားနေကြပြီတဲ့! ငါ့ယောက်ဖက ဒီရက်ပိုင်း အပြင်မထွက်ဖို့ ငါ့ကို မှာထားတယ်။ အရှင်မင်းမြတ် ပြန်ထွက်သွားမှပဲ အကုန်လုပ်တော့တဲ့။ ရွှယ်ရှန့်၊ မင်းလည်း သတိထားဦး။ မင်း လွန်ခဲ့တဲ့ရက်ပိုင်းက ပန်းဘောလုံးပစ်တာ လူတိုင်း သိကုန်ပြီ။ သူ ကြားသွားပြီး မင်းကိုလည်း ပြစ်ဒဏ်ခတ်မှာ စိုးရတယ်။"

"ငါက ဥပဒေနဲ့မညီတဲ့ ကိစ္စတစ်ခုမှ မလုပ်ထားပါဘူးနော်။"

"အဲဒါတော့ ပြောလို့မရဘူးလေ။ ဒီလို အမျိုးသမီး ကြိုက်တတ်တဲ့သူတွေက အမျိုးသားအချင်းချင်း ကြိုက်တဲ့သူတွေကို အမြဲတမ်း အမြင်စောင်းတတ်ကြတာ မင်းအသိပဲ မဟုတ်ဘူးလား။ တစ်ခုခုဖြစ်လို့ သူ့အာရုံစိုက်မှုကို ခံလိုက်ရရင် ဘယ်လိုလုပ်မလဲ။ သူက တရားမျှတမှုအကြောင်း ပြောပြလို့ရမယ့်သူမှ မဟုတ်တာ! အချုပ်ပြောရရင် မြို့ထဲမှာ ရှိနေတာမို့လို့ မင်း သတိထားတာ အမှားမရှိပါဘူး။ သူက လူတွေကို ပစ်မှတ်လုပ်ပြီး ပစ်ခတ်တာနော်!"

ဝမ်ပေါပေါသည် ထို့နောက် အပြင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး ငွေသိမ်းစားပွဲအနောက်ရှိ ဖူယိထံသို့လည်း တစ်ချက်ကြည့်ကာ အသံကို ပိုမို တိုးမြှင့်လိုက်သည်။

"ငါ့ယောက်ဖ ပြောတာ ကြားတာတော့..."

သူ မျက်လုံးထောင့်မှ ခိုးကြည့်လိုက်ရာ ဖူယိက မည်သည့် မျက်နှာအမူအရာမျှ မရှိဘဲ သူတို့အား စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရ၏။

သူ၏ မျက်ခုံးများမှာ ဓားကဲ့သို့ ထက်မြက်လှပြီး မျက်လုံးအိမ်များက နက်မှောင်နေသည်။ ကောင်းကင်မှာ မူလကတည်းက မှောင်မည်းနေသဖြင့် သူ စားပွဲအနောက်၌ မတ်တတ်ရပ်နေစဉ် အလင်းရောင်မှာ ပိုမိုမှောင်မည်းသွားခဲ့ရာ သူ့အား မှောင်မည်းသော နွယ်ပင်များကြားတွင် ခွေခေါက်နေသော အဆိပ်ရှိမြွေတစ်ကောင်ပမာ ဖြစ်သွားစေသည်။

သူ့ခမျာ အကြောင်းပြချက်မရှိပါဘဲ ကြက်သီးမွှေးညင်းများ ထထောင်သွားခဲ့ရသဖြင့် အမြန် မတ်တတ်ရပ်လိုက်သည်။ ထို့နောက် တိတ်တဆိတ် ပြောဆိုနေသော စကားများကို အဆုံးသတ်လိုက်တော့၏။

"ပြောရရင်ကွာ.. ဒီရက်ပိုင်း မင်း သတိထားနေဦး။"

ခွမ့်ရွှယ်ရှန့်လည်း ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်သည်။

"ကောင်းပါပြီ!"

.......

စာရေးသူမှာ ပြောစရာရှိပါတယ်။

အရှင်မင်းမြတ်: ငါ့ဇနီးလေးက ငါ့ကို စိတ်ရောဂါသည်လို့ ပြောတာ ရပေမဲ့၊ တခြားသူတွေကတော့ ပြောလို့ မရဘူးနော်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment