အပိုင်း (၁၁)
စုပေါင်း၍ အစုလိုက်အပြုံလိုက် ခေါင်းဖြတ်ကွပ်မျက်သည့်နေ့တွင် ကျန့်ထိုင်မြို့တော်တစ်ခွင်လုံးရှိ လေထုထဲ၌ သွေးညှီနံ့များ ဖုံးလွှမ်းနေခဲ့တော့သည်။
အခြားသော သတင်းစကားတစ်မျိုးမှာမူ သူ၏ စည်းစိမ်ယစ်မူး၍ ဖြုန်းတီးကြွားဝါမှုနှင့် ပတ်သက်နေ၏။
ဥပမာ သူ ထီးနန်းတက်သည့်နှစ်တွင် မွေးမိခင်၏ အုတ်ဂူသို့ သွားရောက်ကန်တော့ခဲ့သည်။ မိဖုရားရှောင်ကျန်းသည် မီးထွန်းပွဲတော်တွင် ကွယ်လွန်ခဲ့ခြင်းကြောင့် ထိုနေ့တွင် အလျား၊ အနံ၊ အမြင့် ကိုးတောင်ကိုးထွာရှိသော ကြီးမားလှသည့် မီးပုံးလှည်းတော်ကြီးကို ပြုလုပ်စေခဲ့သည်။ ထိုလှည်းတော်ကို ကတ္တီပါ ပိုးထည်များဖြင့် လွှမ်းခြုံ၍ ရွှေငွေကျောက်သံပတ္တမြားများဖြင့် စီခြယ်ထားကာ၊ မီးတိုင်များပေါ်တွင် ထာဝရမီးအိမ်ပေါင်း ၉၉၉၉ လုံး ထွန်းညှိထားခဲ့သည်။
မီးပုံးလှည်းတော်မှာ ကြီးမားလွန်းသဖြင့် သူသည် ထိုအတွက်ကြောင့် မြို့တော်တံခါးကိုပင် ဖြိုဖျက်ခဲ့ရ၏။ ပိုးထည်အဆင်တန်ဆာများ ဝတ်ဆင်ထားသော နန်းတွင်းသူနန်းတွင်းသား ထောင်ပေါင်းများစွာသည် မီးပုံးလှည်းတော်ကို ဝိုင်းရံ၍ ကခုန်သီဆိုကာ မိဖုရားကြီး၏ အုတ်ဂူတော်ရှေ့၌ မီးထွန်းပွဲတော်ပြုလုပ်၍ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကို ဖန်တီးပြသခဲ့ကြသည်။ မီးပုံးလှည်းတော်၏ လင်းလက်တောက်ပမှုမှာ မိုင်ပေါင်းများစွာ အကွာအဝေးမှပင် ထင်ရှားစွာ မြင်တွေ့နိုင်ခဲ့၏။
ထို့အပြင် သူသည် အဆောက်အအုံများကို တိုးချဲ့ဆောက်လုပ်ခြင်း၊ နယ်စားများနှင့် မင်းမျိုးမင်းနွယ် အိမ်ထောင်စုများကို ပဏ္ဏာဆက်သခိုင်းခြင်းတို့ကို နှစ်သက်ပြီး ဆန်းပြားသော သစ်ပင်ပန်းမန်များနှင့် ရွှေငွေကျောက်သံပတ္တမြားများကို ရထားများဖြင့် နန်းတော်အတွင်းသို့ သယ်ဆောင်စေခဲ့သည်ဟု ဆိုကြ၏။ သူသည် အမတ်များ၏ အိမ်သို့ လှည့်လည်သွားရောက်ရသည်ကိုလည်း နှစ်သက်ပြီး သူတစ်ပါး၏ ဇနီးမယား သို့မဟုတ် သမီးပျိုများကို သဘောကျပါက အပိုင်စီးလေ့ရှိကာ စိတ်ကျေနပ်ပါက ရာထူးတိုးမြှင့်ပေးပြီး စိတ်မကျေနပ်ပါက လက်ဝှေ့ယမ်းရုံမျှဖြင့် မိသားစုတစ်စုလုံးကို နယ်နှင်ဒဏ် ပေးလိုက်သည်။
သို့တင်မကသေး တောလိုက်ထွက်ခြင်းကို အထူးသီးသန့် နှစ်သက်သေး၏။ အကြောင်းမရှိဘဲ လူအများကို ဒုက္ခပေးကာ တောတောင်များအတွင်းသို့ တောလိုက်ထွက်လေ့ရှိသည်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ကြောက်စရာကောင်းသော သားရဲတိရစ္ဆာန်များကို နှစ်သက်သဖြင့် လူများကို အချိန်ကုန်၊ လူပင်ပန်းခံစေကာ ဝက်ဝံ၊ ကျား၊ လင်းတနှင့် သစ်ကုလားအုတ်များကို မြို့တော်သို့ သယ်ဆောင်စေခဲ့၏။
အကယ်၍ ခဏတာမျှပင် သူ့စိတ်တိုင်းကျမဖြစ်ပါက တာဝန်ရှိသူများကို သားရဲအရေခွံ ခြုံလွှမ်းစေပြီး လူကိုပင် သားကောင်အဖြစ် ပြုလုပ်၍ အမဲလိုက်ထွက်လေ့ရှိသည်။
သူ မွေးဖွားစအချိန်တွင် ဧရာမကျီးကန်းကြီးများသည် ချိုးလင်နန်းတော်အပေါ်သို့ နားခိုနေခဲ့ပြီး မည်သို့မျှ မောင်းထုတ်၍ မရခဲ့သဖြင့် သူသည် မွေးကတည်းက မင်္ဂလာမရှိသော အမူအရာ ပါရှိလာသည်ဟုပင် သတင်းစကားများ ထွက်ပေါ်ခဲ့ဖူး၏။
ယခုအခါ တိုင်းရေးပြည်ရာများကို စိတ်မဝင်စားတော့ဘဲ မြို့တော်တွင် နေရသည်ကို ငြီးငွေ့လာသဖြင့် ပြည်နယ်အသီးသီးသို့ လှည့်လည်၍ ရေမြေတောတောင်များဆီ အပျော်ခရီး ထွက်နေသည်ဟု ကြားသိရသည်။ မယ်တော်ဘွားဘွားကြီး၏ မောင်တော်၊ ယခု အမတ်ချုပ်ဖြစ်သူ ရှဲ့ယိက တိုင်းပြည်အုပ်ချုပ်ရေးကို ကြိုးစားထိန်းသိမ်းပေးနေ၍သာ တိုင်းပြည်ကြီး ရုန်းရင်းဆန်ခတ် မဖြစ်ရခြင်းပင်။
ထိုသတင်းစကားများထဲတွင် အမှန်နှင့် အမှား ရောထွေးနေပြီး ကြားဖူးနားဝ များပြားလာသောအခါ ခွမ့်ရွှယ်ရှန့်အဖို့ အနောက်တိုင်း ရုပ်ရှင်များထဲမှ နဂါးဆိုးကြီးကိုပင် သတိရသွားတော့၏။
ထိုအာဏာရှင်ကြီးက လူသားများကို ဝါးမျိုစားသုံးရသည်ကို နှစ်သက်ပြီး ရွှေချောင်းများဖြင့် လင်းလက်တောက်ပသော အသိုက်အမြုံကို ဆောက်လုပ်ရသည်အား နှစ်သက်သူဖြစ်သည်။
အမျိုးသမီးစွင်း : "ကြားတာတော့ အရှင်မင်းမြတ်က အခု ဟွမ်ကျိုးမှာ မက်မွန်ပွင့်တွေ သွားကြည့်နေတယ်တဲ့။ ဟွမ်ကျိုးက မြင့်မြတ်တဲ့ သမီးပျိုလေးတွေတော့ ဒုက္ခရောက်ကြရတော့မှာပဲ။"
……တော်တော် နှာဘူးကျတဲ့ နဂါးဆိုးကြီးပါလား!
ရက်စက်ကြမ်းကြုတ်သည်၊ ရာဂထန်သည်၊ အတ္တဆန္ဒအတိုင်း ပျော်ပါးမှုကိုသာ ဦးစားပေး၏။ ဤဧကရာဇ်ငယ်မှာ မင်းဆိုးမင်းညစ်တစ်ပါး၏ ချို့ယွင်းချက် မှန်သမျှကို အကုန်အစင် စုစည်းထားသကဲ့သို့ပင် ဖြစ်နေတော့သည်။
ဖူယိ :"ဒီတော့ ရှီးကျင်း မြို့သူမြို့သားတွေက အရှင်မင်းမြတ်ကို အဲ့လိုမြင်ကြတာကိုး။"
အမျိုးသမီးစွင်း: "မင်းတို့ မြို့သူမြို့သားတွေကျတော့ ဒီလို မမြင်ကြဘူးလား။"
ဖူယိက ပြုံးလျက် ပြန်ပြော၏။
"ကျွန်တော်တို့ မြို့သားတွေက ခင်ဗျားတို့ ရှီးကျင်းသားတွေလို စကားကို ရဲရဲဝံ့ဝံ့ မပြောရဲကြပါဘူး။"
အမျိုးသမီးစွင်းသည် ထိုစကားကို ကြားသောအခါ ရှီးကျင်း မြို့သူမြို့သားတို့၏ သာလွန်မှု စိတ်ဓာတ်လေး ရုတ်တရက် ပေါ်ထွက်လာသည်။
"တို့ရှီးကျင်းသားတွေက ရှိတာကို ရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောတတ်ကြတဲ့ ပွင့်လင်းသူတွေလေ။ မင်းတို့ မြို့သားတွေလို မဟုတ်ဘူး။ တစ်ယောက်ချင်းစီက သိမ်မွေ့ အေးဆေးလွန်းကြတယ်။"
ခွမ့်ရွှယ်ရှန့်သည် ထိုစကားကို ကြားသောအခါ ဖူယိကို လှမ်းကြည့်လိုက်၏။ ဖူယိ၏ ကိုယ်ပေါ်တွင် သူ၏ နေ့စဉ်ဘဝ၌ တွေ့ရခဲသော အငွေ့အသက်တစ်မျိုး အမှန်ပင် ရှိနေသည်ဟု ခံစားလိုက်ရသည်။ ယခု အမျိုးသမီးစွင်း ပြောပြသည်ကို ကြားလိုက်ရသဖြင့် သူသည် တစ်ဖက်လူအား ပိုမို၍ပင် စာပေတတ်မြောက် ယဉ်ကျေးသူ၊ ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့သူဟု ခံစားလိုက်ရတော့၏။
အထူးသဖြင့် ရာဂထန်၍ ရက်စက်လှသော ဧကရာဇ်အကြောင်း စကားဝိုင်း ပြီးဆုံးသွားချိန်တွင် နှစ်ဦးနှစ်ဖက် နှိုင်းယှဉ်လိုက်ပါက အာဏာရှင်ဆိုးကြီးမှာ နဂါးဆိုးကြီးနှင့် ပိုမို တူညီသွားပြီး၊ မျက်နှာချင်းဆိုင်မှ ရူပကာ လှပသော သခင်လေးမှာမူ အပြစ်ကင်းစင် လှပသော အဖြူရောင် ပန်းကလေးတစ်ပွင့်သဖွယ် ဖြစ်လာသည်။
လီချင်းခမျာ ဘေးမှ နားထောင်ရင်း အသက်ပင် ပြင်းပြင်း မရှူဝံ့ပေ။ သူသည် သဘာဝအတိုင်း ကြောက်ရွံ့တတ်သူဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တစ်ဦးလည်း ဖြစ်သဖြင့် ကရုဏာတရား ပွားများသူ ဖြစ်ရာ ဤအမျိုးသမီးစွင်းနှင့် ခွမ့်ရွှယ်ရှန့်တို့ အရှင်မင်းမြတ်၏ အမျက်ဒေါသကို သွားရောက် ထိပါးမိမည်ကိုသာ စိုးရိမ်နေမိ၏။
ဒါတွေက ဘာတွေ လျှောက်ပြောနေကြတာလဲလို့။
ကံကောင်းသည်မှာ အမျိုးသမီးစွင်းသည် တစ်ယောက်တည်း လာခဲ့ခြင်း မဟုတ်ပေ။ သူ(မ)၏ ခင်ပွန်းဖြစ်သူက ပစ္စည်းများ ဝယ်ယူပြီးနောက် သူ(မ)အား လာရောက် ခေါ်ဆောင်သဖြင့် အမျိုးသမီးစွင်းမှာ သက်ပြင်းချရင်း ထွက်ခွာသွားခဲ့တော့၏။
သို့မှသာ လီချင်းလည်း သက်ပြင်းတစ်ချက် အသာချနိုင်သွားသည်။ သူ၏ ကျောပြင်တွင် ချွေးများဖြင့် စိုရွှဲနေခဲ့ချေပြီ။
သို့သော် အရှင်မင်းမြတ်ကို လှမ်းကြည့်လိုက်ရာ အတင်းပြောရသည်အား မဝသေးသည့် အမူအရာဖြင့် အမျိုးသမီးစွင်းအား ပြုံးရွှင်စွာ လိုက်ပို့ပေးနေသည်ကို တွေ့ရ၏။
ထားလိုက်ပါတော့။
အရှင်မင်းမြတ်၏ စိတ်သဘောထားကို သူ မခန့်မှန်းချင်တော့ပေ။ မည်သို့ပင် ခန့်မှန်းခန့်မှန်း နားလည်နိုင်မည်လည်း မဟုတ်၍ပင်။
သူသည် ထမင်းချိုင့်ကို သိမ်းဆည်းလိုက်သည်။
"ဒါဆိုရင် ကျွန်တော်မျိုး အိမ်ကို ခဏ ပြန်လိုက်ပါဦးမယ်။"
လီချင်းသည် တံခါးအပြင်သို့ ထွက်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ ထိုသေးငယ်သော စာအုပ်ဆိုင်လေးအတွင်း၌ ခွမ့်ရွှယ်ရှန့်နှင့် ဖူယိတို့နှစ်ဦး ရပ်နေကြသည်ကို မြင်တွေ့လိုက်ရ၏။
မူလက ခွမ့်ရွှယ်ရှန့်တစ်ယောက် ရဲတင်းစွာ ပြောဆိုမည်ကို စိုးရိမ်ခဲ့သော်လည်း ယခု နောက်သို့ လှည့်ကြည့်လိုက်သောအခါ အမျိုးသမီးစွင်း ခုနက ပြောခဲ့သော မြှောက်ပင့်စကားများကို ပြန်လည် သတိရသွားခဲ့သည်။
ထိုစကားများက မြှောက်ပင့်ပြောဆိုခြင်း မဟုတ်သည်မှာတော့ အမှန်ပင်။
အရှင်မင်းမြတ်နှင့် ခွမ့်ရွှယ်ရှန့်တို့မှာ အမှန်တကယ်ပင် ကျောက်စိမ်းနှင့် သစ်ပင်ကဲ့သို့ လွန်စွာမှ တင့်တယ်လိုက်ဖက်လှ၏။
သို့သော် သူ အခွင့်အခါရှာ၍ အပြင်ထွက်လာခြင်းမှာ ထမင်းချိုင့်ကို အိမ်သို့ ပြန်ယူဆောင်ရန် တစ်ခုတည်းအတွက် မဟုတ်ချေ။ သူသည် နန်းတွင်းစားဖိုမှူးအား လမ်းဆုံတွင် ဆိုင်ခန်းတစ်ခု သွားရောက်ဖွင့်လှစ်ရန် ချက်ချင်း မှာကြားလိုက်တော့သည်။
နန်းတွင်းစားဖိုမှူး :"ကျွန်တော်မျိုးက အရှင်မင်းမြတ်ကိုပဲ ခစားရတာပါ။"
"အရှင်မင်းမြတ်က သခင်လေးခွမ့်နဲ့အတူ လာစားလိမ့်မယ်။"
နန်းတွင်းစားဖိုမှူး :"ဒီသခင်လေးခွမ့်ဆိုတဲ့သူက ဘယ်က နတ်ဘုရားမို့လို့ အရှင်မင်းမြတ်ကို ဒီလောက်အထိ ရူးသွပ်မိန်းမောစေပြီး လူတစ်အုပ်လုံးကပါ အိမ်ထောင်ပြုတမ်း ကစားပေးနေရတာလဲ!"
လီချင်း :"အင်း... သူက အရှင်မင်းမြတ်ရဲ့ ရှေ့မှာတင် အရှင်မင်းမြတ်က အာဏာရှင်ဆိုးကြီးပါလို့ တိုက်ရိုက်ပြောနိုင်ရုံမကဘူး၊ အရှင်မင်းမြတ်ကပါ ဝင်ရောက်ဆွေးနွေးပေးနိုင်တဲ့အထိပါပဲ။"
နန်းတွင်းစားဖိုမှူးများ: "……??!!"
~~~
စာအုပ်ဆိုင်အတွင်း၌မူ ခွမ့်ရွှယ်ရှန့်သည် မိမိကိုယ်က ပူရှိန်းလာသည်ဟု ခံစားလိုက်ရသည်။
အကြောင်းမှာ ဖူယိသည် သူ၏ ဝတ္ထုတိုများကို ဖတ်ရသည်အား စွဲလမ်းသွားသည့်ပုံရပြီး လက်ထဲမှ စာအုပ်ကို လှန်လှောဖတ်ရှုပြီးနောက် စာအုပ်စင်ဘက်သို့ သွားရောက်ကြည့်ရှုနေပြန်သောကြောင့် ဖြစ်သည်။
စာအုပ်ဆိုင်အတွင်း ဤခဏ၌ သူတို့နှစ်ဦးတည်းသာ ရှိနေသောအခါတွင် အခြားသော ဝယ်သူများ ဝင်ရောက်မလာကြတော့ပေ။
ခွမ့်ရွှယ်ရှန့်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပွင့်ပွင့်လင်းလင်း ပြောပြလိုက်၏။
"ဒီစာအုပ်တွေအကုန်လုံးက ကျွန်တော်ကိုယ်တိုင် ရေးသားပြုစုထားတာပါ။"
အကုန်လုံးကို တိုက်ရိုက် ဝန်ခံလိုက်တာပဲ ကောင်းပါတယ်လေ။
ဖူယိသည် စာအုပ်စင်ရှေ့တွင် ရပ်တန့်ကာ သူ့ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။ နှာခေါင်းပေါ်ရှိ မှဲ့နက်ကလေးကြောင့် သူ၏ မြင့်မားသော နှာတံနှင့် ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော အသားအရေမှာ ပိုမို ထင်ရှားပေါ်လွင်နေ၏။ သူသည် အရပ်မြင့်မားပြီး လက်တံရှည်လျားလှသဖြင့် ဝတ္ထုတိုစာအုပ်ကို ပေါ့ပါးစွာ ကိုင်ဆောင်ထားနိုင်သည်။
"ပန်းချီပုံတွေကိုလည်း မင်းကိုယ်တိုင် ဆွဲထားတာလား။"
ခွမ့်ရွှယ်ရှန့်မှာ မျက်နှာအနည်းငယ် ပူနွေးသွားခဲ့သော်လည်း ခေါင်းညိတ်ပြလိုက်၏။
ဖူယိသည် ဆက်လက် လှန်လှောမကြည့်တော့ဘဲ ဝတ္ထုတိုကို မူလနေရာသို့ ပြန်လည် ထည့်သွင်းလိုက်သည်။
ခွမ့်ရွှယ်ရှန့်၏ ဝတ္ထုတိုများမှာ အမှန်တော့ သာမန် ပုံပြင်ဝတ္ထုများသာ ဖြစ်သည်။ အနည်းငယ် ရဲတင်းရုပ်ကြွသော အရောင်အသွေး ပါရှိသော်လည်း ရူပါနိမ့်၍ လှည့်ဖြားသော ညစ်ညမ်းစာအုပ်မျိုး မဟုတ်ပေ။ သာ့ကျိုးမင်းဆက်တွင် ညစ်ညမ်းစာအုပ်ဟု ခေါ်သော ပုံပြင်ဝတ္ထုတိုတစ်မျိုး ရေပန်းစားလျက်ရှိရာ ထိုစာအုပ်များမှာ ကာမရာဂပန်းချီများ၏ စာသားပုံစံဖြစ်ပြီး တစ်အုပ်လုံးတွင် ချစ်တင်းနှောသည့် ကိစ္စများကိုသာ ရေးသားထားသဖြင့် ထိုအမည် ရရှိခဲ့ခြင်း ဖြစ်သည်။
ခွမ့်ရွှယ်ရှန့်၏ ဝတ္ထုတိုများမှာမူ ဇာတ်လမ်းကို အဓိကထားထားသဖြင့် ဖတ်ရသည်မှာ စိတ်ဝင်စားဖွယ်ကောင်းပြီး စာပေအတတ်ပညာ ကြွယ်ဝလှ၏။ သို့သော် ပါဝင်သော သရုပ်ဖော်ပုံများမှာမူ လွန်စွာရဲတင်းသည်။ သူ ဆွဲထားသော ပန်းချီပုံများမှာ လက်ရှိခေတ် ပန်းချီဆရာများ၏ နည်းစနစ်များနှင့် မတူဘဲ ပိုမို သက်ဝင်လှုပ်ရှားနေသည်။ အချို့သော ချစ်တင်းနှောနေကြသည့် အမျိုးသားများ၏ ပုံမှာ မျက်ရည်နှင့် တံတွေးများ စီးကျနေသည့် ပုံများဖြစ်ရာ သူသာ ထပ်မံကြည့်ရှုပါက ရာဂစိတ်ထကြွတော့မည်အတိုင်းပင်။
သူသည် ယခုအခါ မီးရှို့ထားသော သံပူတုံးကဲ့သို့ ထိုနေရာတွင် မတ်တတ်ရပ်နေရပြီး တင်းမာလွန်းသဖြင့် နာပင် နာကျင်လာမိသည်။ သို့တင်မက မည်းမှောင်နေသော စိတ်ခံစားချက်များ ပျံ့နှံ့လာခဲ့ရာ အပြုံးကိုပင် ဟန်ဆောင်ရန် ခက်ခဲသွားခဲ့ပြီး ခွမ့်ရွှယ်ရှန့် စာအုပ်ထုပ်ပိုးနေသည်ကိုသာ မှိုင်းညှို့စွာ ကြည့်နေမိတော့သည်။
ဆိုင်အတွင်းရှိ စာအုပ်ထုပ်ပိုးသည့် စက္ကူများမှာ ဝါးရွက်ကွက်ပါရှိသော အစိမ်းရောင်စက္ကူများ ဖြစ်၏။ စက္ကူမှာ တောက်ပြောင်မှုရှိရာ ဤသို့သော ဆေးရောင်စက္ကူများက စျေးနည်းမည် မဟုတ်ပေ။ သူ စာအုပ်ထုပ်ပိုးသည်ကို ကြည့်ရသည်မှာလည်း ခံစား၍ကောင်းသော ခံစားချက်တစ်မျိုးပင်။ အမူအရာမှာ သူကိုယ်တိုင်ကဲ့သို့ပင် သွက်လက်လှပြီး စက္ကူကို ခေါက်လိုက်၊ အထပ်ထပ် ပြုလုပ်လိုက်သည့် လက်အရှိန်မှာ အလွန် လျင်မြန်ကာ ပေါ့ပါးလှပနေတော့သည်။
သူ ထုပ်ပိုးထားသော စာအုပ်များမှာလည်း သန့်ရှင်းသပ်ရပ်သော အလှတရားတစ်မျိုး ရှိနေ၏။
သူသည် ကြည့်လိုက်ပါက အလွန်ပင် သန့်ရှင်းသပ်ရပ်၍ ထက်မြက်သွက်လက်ပုံရပြီး ဖြူဝင်းသန့်စင်သော မျက်နှာလေးမှာလည်း သဘာဝအတိုင်း အပြစ်ဆိုဖွယ်မရှိအောင် အလှကြီး လှနေလေသည်။
သူ၏ကိုယ်ပေါ်တွင် မိခင်တစ်ဦးကဲ့သို့သော နူးညံ့ပျော့ပျောင်းသည့် အလင်းရောင်တန်းတစ်ခု ပါရှိနေသည့်အလားပင်။ အခြားသူများ မည်သို့ပင် ပြုမူပါစေ၊ မည်မျှပင် ယုတ်မာဆိုးသွမ်းပါစေ သူ၏ကရုဏာနှင့် ငြိမ်းအေးပေးနိုင်မည်ဟု ထင်မှတ်ရသည်။
အကြာကြီး စိုက်ကြည့်လိုက်သောအခါ ထိုမည်းမှောင်နေသော စိတ်ခံစားချက်များမှာလည်း လုံးဝဥဿုံ လွင့်ပျောက်သွားခဲ့ပြီး သန့်ရှင်းသပ်ရပ်မှုမှ ဆောင်ကြဉ်းပေးသော လန်းဆန်းဝမ်းမြောက်သည့် ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာခဲ့တော့၏။ ယင်းမှာ တံခါးအပြင်ဘက်မှ တိုက်ခတ်လာသော လေညင်းကလေးကဲ့သို့ပင်။ နွေဦးရာသီ၏ မွန်းလွဲပိုင်း လေညင်းမှာ လွန်စွာမှပင် အေးချမ်းလှသည်။
ထိုအခိုက် ခွမ့်ရွှယ်ရှန့်သည် ခေါင်းမော့၍ သူ့အား ကြည့်လိုက်ရင်း ရုတ်တရက် အသာလေး ပြုံးပြလာ၏။
သူ့ရင်ထဲတွင် အတန်ငယ် လှုပ်ရှားသွားခဲ့ပြီး ထူးဆန်းသော ရင်ခုန်လှုပ်ရှားမှုတစ်မျိုး ဖြစ်ပေါ်လာကာ မမေးဘဲ မနေနိုင်ခဲ့။
"ဘာလို့ ပြုံးတာလဲ။"
ခွမ့်ရွှယ်ရှန့် : "ခင်ဗျား အဲဒီစာအုပ်တွေကို ကြည့်ပြီးရင် လန့်ပြီး ထွက်ပြေးသွားလိမ့်မယ်လို့ ထင်နေတာ။"
ဖူယိသည် စားပွဲကိုမှီထားရင်း ခွမ့်ရွှယ်ရှန့်၏ ကိုယ်ပေါ်သို့ အကြည့်များ ကျရောက်နေခဲ့သည်။ ခွမ့်ရွှယ်ရှန့် ဝတ်ဆင်ထားသော ဝတ်ရုံမှာ အရောင်အသွေး ပါရှိသော်လည်း ချည်သား အမျိုးအစားနှင့် လက်ရာမှာမူ ရိုးရှင်းလှပြီး သေချာ ပြင်ဆင်ဝတ်ဆင်ထားခြင်း မဟုတ်ပေ။ သို့သော် ကြည့်မဝနိုင်အောင် လှပသော အမူအရာကလေးကလည်း ရှိနေသေးသည်။
ထိုအခိုက်၌ သူ့သွားများထဲတွင် ဖော်ပြ၍မရသော စိတ်များ ထကြွလာပြီး တစ်ဖက်လူ၏အသွေးအသားကို အနည်းငယ် လွှမ်းမိုးစုပ်ယူလိုသော ဆန္ဒများလည်း ပေါ်ထွက်လာသည်။ သို့သော် သူ့အသံကို နူးညံ့စွာ ပြုလုပ်၍ မေးလိုက်သေး၏။
"ကိုယ်က မင်းရဲ့စိတ်ထဲမှာ အဲဒီလောက်အထိ အပြစ်ကင်းစင်နေတာလား။"
ခွမ့်ရွှယ်ရှန့်သည် နှုတ်ခမ်းကို စေ့ထားကာ ပြုံးစိစိ အမူအရာသာ လုပ်ထားခဲ့ပြီး သူ့အား ပြန်လည် မဖြေကြားခဲ့ပေ။
ဖူယိမှာတော့ ခွမ့်ရွှယ်ရှန့်၏ နီရဲနေသော နားသီးလေးကို စိုက်ကြည့်ရင်း လက်ထဲရှိ စာမှတ်ကတ်ပြားလေးကို အားထည့်၍ ပွတ်သပ်နေမိတော့သည်။
......
စာရေးသူမှာ ပြောစရာရှိပါတယ်။
အာဏာရှင်ဆိုးကြီး : ဇနီးလေးက ငါ့ကို တော်တော်လေး အထင်လွဲနေတာပဲ။
***
Aurora Novel Translation Team