no

Font
Theme

အပိုင်း (၇)

ကြည့်ရသလောက်တော့ အရှင်မင်းမြတ်က စိတ်ပါဝင်စားနေသည့်ပုံပင်။

ထားလိုက်ပါတော့၊ အရှင်မင်းမြတ်ကို ကလေးကစားနေသလိုပဲ သဘောထားလိုက်တော့မယ်။

သို့သော် သူ့ထံတွင် သံသယတစ်ခုတော့ ရှိနေဆဲပင်။

"အရှင်မင်းမြတ်၊ တကယ်လို့ ဒီခွမ့်ရွှယ်ရှန့်က အရှင်မင်းမြတ်နဲ့ တစ်ခုတင်တည်း အတူတူအိပ်ဖို့ တောင်းဆိုလာရင် အရှင် ဘယ်လိုလုပ်မှာလဲဟင်။"

ကစားတယ်ဆိုလည်း ကစားတာပဲ ထားပါ။ တကယ်ကြီး အမျိုးသားတစ်ယောက်နဲ့ အတူတူ အိပ်စက်တော့မှာလား။

ဖူယိသည် သူ ထိုသို့ မေးသည်ကို ကြားသောအခါ အချို့သော အခြေအနေများကို စဉ်းစားကြည့်နေသည့်ပုံဖြင့် ဆေးလုံးတစ်လုံးကို ထုတ်ယူစားသုံးလိုက်ပြီး ပြော၏။

"မရစရာအကြောင်း မရှိပါဘူး။"

သူ၏ စကားများသည် အမြဲတစေ စိတ်ရင်းအမှန်ကို ခန့်မှန်းရခက်စေသည်။ မျက်နှာအမူအရာမှာ ပျင်းရိလေးတွဲနေသော်လည်း နက်မှောင်သော သူငယ်အိမ်များကမူ တောက်ပနေ၏။ လီချင်းသည် အရှင်မင်းမြတ် အမှန်တကယ် ဘာကို တွေးတောနေမှန်း မသိသလို အသေးစိတ်လည်း မမေးရဲပေ။ ထို့အပြင် မယ်တော်ကြီးနှင့် အမတ်ချုပ်ရှဲ့တို့သာ သိသွားပါက မည်သို့ဖြစ်သွားမည်အား စဉ်းစားမိပြီး ရင်ထဲတွင် ပြန်လည် စိုးရိမ်ပူပန်လာမိတော့သည်။

မြင့်မြတ်လှသော တော်ဝင်မျိုးနွယ်က သာမန် အရပ်သားတစ်ယောက်ထံတွင် အိမ်ထောင်ပြုဝင်ရောက်သူ လုပ်နေရသည် မဟုတ်ပါလား။

ဖူယိ သောက်လိုက်သော ဆေးလုံးမှာ စိတ်ငြိမ်စေသော အာနိသင်ရှိသဖြင့် ဆေးသောက်ပြီးနောက် ထိုနေရာတွင်ပင် လဲလျောင်းကာ ငေးမောနေခဲ့သည်။ လီချင်းကမူ ဘေးနားတွင် တိတ်တဆိတ် စောင့်ကြပ်ပေးနေသည်။ အတန်ကြာသော် ဖူယိက ရုတ်တရက် ပြန်ထလာပြီး သစ်သားဖိနပ်ကို စီးကာ ပင်မအဆောင်ဆီသို့ ထပ်မံ ထွက်ခွာသွားခဲ့ပြန်၏။

ခွမ့်ရွှယ်ရှန့်သည် ရေမိုးချိုးပြီးရုံသာ ရှိသေးပြီး အတွင်းဝတ်အင်္ကျီကို လဲလှယ်ကာ အိပ်စက်ရန် ပြင်ဆင်နေစဉ် သူ ရောက်လာသည်ကို မြင်လိုက်ရသဖြင့် အမြန်ပင် မတ်တတ်ထရပ်လိုက်သည်။

"မအိပ်သေးဘူးလား။"

သူသည် ထိုပါးလွှာသော ဝတ်ရုံကို ဝတ်ဆင်ထားဆဲပင်။ ခွမ့်ရွှယ့်ရှန့်မှာ ရှောင်လွှဲချင်၍လား သို့မဟုတ် ဘာကြောင့်လဲမသိ၊ မျက်လုံးက သူ့ခန္ဓာကိုယ်ထက်မှ ဝှေ့ယမ်းကြည့်ရှုရင်း တတ်နိုင်သမျှ အထက်သို့သာ ကြည့်နေမိသည်။ ဖူယိက နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲလျက် မေးလာသည်။

"မအိပ်ချင်သေးဘူး၊ မင်း အိပ်တော့မလို့လား။"

ခွမ့်ရွှယ်ရှန့်: "မနက်ဖြန် မနက်စောစော စာအုပ်ဆိုင်သွားရမှာမို့လို့ပါ။"

ဤသည်ကပင် အမှန်ပင်ဖြစ်၏။ သူ၏ နေ့စဉ် အိပ်ချိန်ထချိန်မှာ အလွန်စနစ်ကျလှသည်။

ဖူယိ သူ၏ခုတင်ကို လှမ်းကြည့်လိုက်ရာ ရိုးရိုးရှင်းရှင်း လော့ဟန်ကုတင်ဖြစ်ပြီး မည်သည့် အနုပညာ အလှဆင်ထုဆစ်မှုမျှ မရှိပေ။ စိမ်းပြာရောင်စောင်ကို ပိပိရိရိ ခေါက်ထားပြီး အပေါ်မှ ဝါးရွက်ပုံစံ အနက်ကွက်များမှာ လွန်စွာ ရိုးရှင်းသပ်ရပ်လှသည်။ ခုတင်ခေါင်းရင်းမှာလည်း အခြားသူများနှင့် လုံးဝမတူဘဲ စာအုပ်စင်တစ်ခု ပြုလုပ်ထားပြီး စာအုပ်အလွှာပေါင်းများစွာ တင်ထားသည်ကို တွေ့လိုက်ရ၏။

"ဒါဆိုရင် အချိန်ဖြုန်းဖို့ စာအုပ်တစ်အုပ်လောက် ပေးပါလား။"

ဖူယိက ဆိုလိုက်သည်။

ခွမ့်ရွှယ်ရှန့်: "ဘာစာအုပ်မျိုး ဖတ်ချင်လို့လဲ။"

ဖူယိ နီးနီးကပ်ကပ် တိုးကပ်သွားရာ ခွမ့်ရွှယ်ရှန့်၏ ခန္ဓာကိုယ်မှာ သိသိသာသာ တောင့်တင်းသွားပြီး အနည်းငယ် ဘေးသို့ ရှောင်လွှဲလိုက်သည်ကို သတိထားမိလိုက်သည်။

ဖူယိ၏ အကြည့်များက ခုတင်ခေါင်းရင်းရှိ စာအုပ်စင်ပေါ်သို့ ဝှေ့ယမ်းကြည့်ရှုလိုက်၏။ စာအုပ်စင်ပေါ်ရှိ စာအုပ်များမှာ သူ့ကို အံ့အားသင့်သွားစေခဲ့သည်။ အမျိုးအစား စုံလင်လှပြီး ယခုခေတ် ပညာရှိကြီး ကျောက်စုန်းယင်း၏ 'စုန်းယင်းမှတ်တမ်း' ၊ ဆရာကြီးလျိုသဲဝမ့်၏ 'ဂန္တဝင်လေ့လာမှုရှင်းလင်းချက်' စသည်တို့အပြင်၊ မင်းသားဟွမ် ဖူယဲ့၏ 'ချန်ရှင့်ဆေးကျမ်းပေါင်းချုပ်' ကဲ့သို့သော ခြောက်ကပ်ပြီး စိတ်ပျက်ဖွယ်ကောင်းသည့် ဆေးပညာဆိုင်ရာ ကျမ်းဂန်များ၊ ကျောက်စာပညာဆိုင်ရာ ကျမ်းဂန်ဖြစ်သော 'တိုင်းပြည်သမိုင်း ကျောက်စာရွေးချယ်မှုများ' နှင့် နက္ခတ္တဗေဒဆိုင်ရာ 'သာ့ကျိုးနက္ခတ်မှတ်တမ်း' စသည်တို့ ရှိနေကြသည်။

သို့သော် အများဆုံးမှာမူ ထူးခြားဆန်းပြားသည့် နတ်ဒေဝါ မိစ္ဆာပုံပြင်များ၊ ထူးဆန်းသော မှတ်တမ်းအထွေထွေနှင့် အတန်းလိုက် စီရီထားသော ဒေသန္တရမှတ်တမ်းများ ဖြစ်လေသည်။

သူက တစ်အုပ်ပြီးတစ်အုပ် ကြည့်ရှုသွားသော်လည်း မည်သည့်စာအုပ်ကို ရွေးရမည်ဆိုသည်ကို အလောတကြီး မလုပ်ပေ။ နှစ်ဦးသား၏ ဝတ်ရုံစများမှာ ထိလုနီးပါး ဖြစ်နေပြီး ခွမ့်ရွှယ်ရှန့်၏ ခန္ဓာကိုယ်မှ သင်းပျံ့သော အမွှေးနံ့ကို ထပ်မံရရှိလိုက်ပြန်သည်။ ယခင်ရဖူးသည်ထက် ပိုမိုပြင်းပြပြီး ခန္ဓာကိုယ်၏ အပူရှိန်နှင့်အတူ နွေးထွေးသော ခံစားချက်ကို ပေးစွမ်းနေသဖြင့် စာအုပ်မျက်နှာဖုံးတွင် အနည်းငယ် ကြောက်စရာကောင်းသော 'ရှန့်စံအိမ် ဆန်းကြယ်ပုံပြင်များ' စာအုပ်ကို ယူလိုက်ရင်း မေးကြည့်လိုက်သည်။

"မင်း ဘာအမွှေးနံ့သာ ထွန်းထားတာလဲ။"

သူ ခေါင်းငုံ့လိုက်သောအခါ ခွမ့်ရွှယ်ရှန့်၏ နားရွက်ကို နမ်းရှိုက်မိလုနီးပါး ဖြစ်သွား၏။ ထိုဖြူစွတ်စွတ် နားရွက်လေးမှာ သိသိသာသာပင် နီရဲသွားခဲ့ရာ သူ့အား ကိုက်ဆွဲလိုက်ချင်သော ရာဂစိတ်ကို နှိုးဆွပေးလိုက်သလို ဖြစ်သွားခဲ့သည်။

သူ ခွမ့်ရွှယ့်ရှန့်ကို ပထမဦးဆုံး မြင်တွေ့ခဲ့စဉ်ကတည်းက သူ့ထံတွင် ထူးခြားသော သန့်ရှင်းစင်ကြယ်မှု၊ သာမန်လူများတွင် တွေ့ရခဲသည့် လန်းဆန်းသော သက်ဝင်လှုပ်ရှားမှုတို့ ရှိနေသည်ဟု ခံစားခဲ့ရသည်။

ဤသို့ လန်းဆန်းသန့်ရှင်းပြီး ဖြောင့်မတ်လှပသော အမျိုးသားတစ်ဦးသည် ပန်းဘောလုံးပစ်၍ မင်္ဂလာဖိတ်ခေါ်သည့် ကိစ္စမျိုးကို ပြုလုပ်ဝံ့ခြင်းမှာ အမှန်တကယ်ပင် ဆန်းကြယ်လှ၏။

ခွမ့်ရွှယ်ရှန့်: "ကျွန်တော့်ဘာသာ ဖော်စပ်ထားတဲ့ အမွှေးနံ့သာပါ။"

ဖူယိ :"ကိုယ့်အခန်းထဲမှာကျတော့ ဘာလို့မရှိတာလဲ။"

"အာ?" ခွမ့်ရွှယ်ရှန့် ခေါင်းလှည့်ကြည့်ကာ ပြန်မေးလိုက်သည်။

"ခင်ဗျား လိုချင်လို့လား။"

ဖူယိက ပြန်မဖြေခဲ့ပေ။ ထိုမျက်လုံးတစ်စုံမှာ အလွန်ထူးခြားလှပြီး မျက်ခွံများမှာ စွဲမက်ဖွယ်ကောင်းလောက်အောင် လှပနေသော်လည်း မျက်နက်ဝန်းများမှာမူ ခံစားချက်မရှိသကဲ့သို့ နက်မှောင်လွန်းလှသည်။

ခွမ့်ရွှယ်ရှန့် ထရပ်လိုက်ပြီး :"ကျွန်တော်သွားယူပေးမယ်။"

ဖူယိက မျက်လွှာချကာ ထို 'ရှန့်စံအိမ် ဆန်းကြယ်ပုံပြင်များ' စာအုပ်ကို လှန်လှောကြည့်လိုက်သည်။ အလွန်ဟောင်းနွမ်းနေသော စာအုပ်တစ်အုပ် ဖြစ်ပြီး ဘယ်ကနေ ရရှာလာမှန်းမသိဘဲ စာရွက်များပင် ဝါကျင်နေပြီဖြစ်သည်။

ခွမ့်ရွှယ်ရှန့်သည် နံ့သာတိုင်တစ်စည်းကို သူ့ထံ ပေးလာ၏။

ဖူယိက လှမ်းယူလိုက်ပြီး ပြုံးရွှင်နေသော မျက်နှာဖြင့် ခွမ့်ရွှယ်ရှန့်ကို ကြည့်လိုက်သည်။

ခွမ့်ရွှယ်ရှန့်မှာ သိသိသာသာပင် မသက်မသာ ဖြစ်သွားကာ :"ဒီစာအုပ်က နည်းနည်း ကြောက်စရာကောင်းတယ်။ အိပ်ရာမဝင်ခင် မဖတ်တာ အကောင်းဆုံးပဲ။"

ဖူယိ: "ကိစ္စမရှိပါဘူး။ ကြောက်လာရင် မင်းဆီ လာရှာမှာပေါ့။"

ခွမ့်ရွှယ်ရှန့် ကြောင်အသွားစဉ်မှာပင် ဖူယိက စာအုပ်နှင့် နံ့သာတိုင်ကို ကိုင်ဆောင်ကာ အပြင်သို့ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

နွေဦးညဉ့်ယံမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ခွမ့်ရွှယ်ရှန့်သည် ခုတင်ပေါ်တွင် လဲလျောင်းရင်း အိပ်မပျော်ဘဲ လူးလွန့်နေခဲ့၏။

စိတ်ထဲတွင် ဖူယိ၏ ဝတ်ရုံပါးကို လျှော့တိလျှော့ရဲ ဝတ်ဆင်ထားသည့် ပုံရိပ်က ပေါ်လွင်လာပြီး ပြန်လည်တွေးတောမိသည်နှင့်အမျှ ထိုသူမှာ ယဉ်ကျေးသိမ်မွေ့၍ ကျောက်သံပတ္တမြားကဲ့သို့ ဖြူစင်ထက်မြက်သော အမျိုးကောင်းသားတစ်ဦး ဖြစ်မှန်း ပို၍ပင် ထင်ရှားလာတော့သည်။

စောစောကမှ တစ်ဖက်လူက သူ့အား တမင်သက်သက် စနောက်နေသည်ဟု ထင်မှတ်ခဲ့သော်လည်း အမှန်တော့ မိမိ၏ နှာဘူးစိတ်ဝင်ကာ စိတ်ဂယက်ထပြီး အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူမိခြင်းသာ ဖြစ်လိမ့်မည်ဟု တွေးမိပြန်၏။

သူသည် သက်ပြင်းတစ်ချက်ချလိုက်ရင်း ယခု မိမိ၏ အခြေအနေကို သစ်ခြောက်ပင်မှ ပန်းပွင့်လာသည်ဟု သတ်မှတ်ရမည်လား ဟူ၍ စဉ်းစားနေမိ၏။

ဧကန်စင်စစ် သူ့ကဲ့သို့သောလူမျိုးသည် သရဲသဘက် နတ်ဒေဝါများကို မကြောက်ဘဲ ဤသို့ သိမ်မွေ့ယဉ်ကျေးသော ဒုစရိုက်သမားမျိုးကိုသာ ကြောက်ရွံ့မိသည်။

ဦးနှောက်တစ်ခုလုံးတွင် ဤအကြောင်းအရာများကိုသာ တွေးတောနေမိသဖြင့် ယနေ့ညသည် ပုံမှန်ထက် ပိုမိုတိတ်ဆိတ် ငြိမ်သက်နေကြောင်းကိုလည်း သတိမထားမိလိုက်တော့ပေ။

ညဉ့်စောင့်ကင်းခေါက်သံများပင် လွန်စွာမှပင် ဝေးကွာသွားပြီး တစ်ကမ္ဘာလုံး အမှောင်ထုထဲတွင် ဝါးမျိုခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။

ညဉ့်နက်လှပြီပင်။ လီချင်းသည် နံ့သာတိုင်ကို မီးညှိလိုက်ပြီး လက်ဖြင့် ခပ်ပါးပါး ယက်ခတ်ကာ ရှူရှိုက်ကြည့်လိုက်၏။ ထိုအမွှေးနံ့သာမှာ ဆန်းကြယ်လှပြီး သစ်ပင်ပန်းမန်များကြား ရောက်ရှိနေသကဲ့သို့ဖြစ်ကာ သခင်လေးခွမ့်၏ စရိုက်အတိုင်း လန်းဆန်းသန့်ရှင်းလှသည်။

"ဒီသခင်လေးခွမ့်ကတော့ တကယ်ကြီး ထူးဆန်းတာပဲ။ ကြည့်လိုက်ရင် အရမ်းတက်ကြွပြီး တည်ကြည်ဖြောင့်မတ်ပုံရပေမဲ့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ပန်းဘောလုံးပစ်ပြီး မင်္ဂလာဖိတ်ခေါ်တဲ့ ကိစ္စမျိုးကိုကျ လုပ်ရဲပြန်တယ်။ သူ့နံရံမှာ ချိတ်ထားတဲ့ စာချီကဗျာတွေနဲ့ သုံးထားတဲ့ နံ့သာတိုင်တွေကို ဒီအစေခံကြည့်ရသလောက်တော့ သာမန်ပစ္စည်းတွေ မဟုတ်ဘူး။ သာမန်အိမ်ထောင်စုနဲ့ မတူတာမို့ သူ့ဘိုးဘေးတွေကလည်း တစ်ချိန်က ချမ်းသာကြွယ်ဝခဲ့ဖူးတာ ဖြစ်ရမယ်။"

ခွမ့်ရွှယ်ရှန့်သည် အမှန်တကယ်ပင် ဆန်းကြယ်လှ၏။

မကောင်းသော အကြံအစည် စိတ်ဓာတ်ရှိသူများသည် အခြားသူများ၏ သံသယကို လျှော့ချရန်အတွက် သာမန်လူအဖြစ် ဟန်ဆောင်တတ်ကြသည်။ သို့သော် ခွမ့်ရွှယ်ရှန့်ကမူ ထိုနေရာတွင် ထင်းထင်းကြီး ရပ်တည်နေပြီး ပထမဦးဆုံး ဆုံတွေ့ရုံဖြင့်ပင် သူ့အား အခြားသူများနှင့် မတူကွဲပြားသူဖြစ်ကြောင်း ကြိုတင်သိရှိစေသည်။

အလွန်အမင်း ဆန်းကြယ်လွန်းသောကြောင့် သူ့ရှေ့တွင် ရောက်ရှိနေသည့်အခါ၌ စိတ်အေးချမ်းမှု ခံစားချက်မျိုးကိုပင် ရရှိစေ၏။

ဖူယိသည် မီးရောင်အောက်တွင် မှီရင်း 'ရှန့်စံအိမ် ဆန်းကြယ်ပုံပြင်များ' ကို လှန်လှောဖတ်ရှုနေ၏။ ထိုနက်မှောင်သော သူငယ်အိမ်များတွင် လှုပ်ရှားနေသော မီးတောက်အရိပ်များ ထွက်နေပြီး မိစ္ဆာပူးကပ်ခံထားရသည့်အတိုင်း ပိုမိုနက်ရှိုင်း၍ မှောင်မိုက်နေပုံရသည်။

သူသည် ဤသို့သော ပုံပြင်စာအုပ်မျိုးကို ပထမဦးဆုံးအကြိမ် ဖတ်ရှုခြင်းဖြစ်ပြီး ထူးဆန်းဆန်းပြားသော ပုံပြင်ပေါင်းချုပ်လည်း ဖြစ်နေ၏။ အစပိုင်းတွင် သရဲမအကြောင်းကို ရေးသားထားသည်။

ကြောက်စရာကောင်းသော ကောက်ရိုးရုပ် သရဲတစ်ကောင်သည် လူ၏အရေပြားကို ခြုံယူကာ သန့်ရှင်းစင်ကြယ်သော မိန်းမလှအဖြစ် ဟန်ဆောင်၍ အသက်ငယ်ရွယ်ပြီး ရိုးသားသော စာဆိုတော် သခင်လေးအား မြှူဆွယ်ဖျားယောင်းလေသည်။

သရဲ၊ လူစားသော မိစ္ဆာတို့သည် စိုစွတ်မှောင်မိုက်ပြီး တိတ်ဆိတ်လှသော ညဉ့်ယံ၏ ဆီမီးရောင်အောက်တွင် မိမိတို့၏ အရေပြားကို စုတ်တံဖြင့် တစ်လွှာပြီးတစ်လွှာ သေသေချာချာ ရေးဆွဲနေကြ၏။

လီချင်းသည် ကူရှင်ပေါ်တွင် ထိုင်ကာ ညစောင့်နေပြီး လုပ်စရာမရှိသဖြင့် လက်ကောက်ဝတ်ရှိ ဗုဒ္ဓပုတီးစေ့များကို ချွတ်ယူကာ ခြေချိတ်ထိုင်ရင်း ပုတီးစိတ်နေခဲ့တော့သည်။

သူသည် နေ့စဉ် အိပ်ရာမဝင်မီ ကျမ်းပိုဒ်ကို အကြိမ်အနည်းငယ် ရွတ်ဖတ်လေ့ရှိသည်။

ရွတ်ဖတ်ပြီးနောက် မော့ကြည့်လိုက်ရာ ဖူယိသည် ဆံပင်များကို ဖြန့်ချထားပြီး ခေါင်းကို အနည်းငယ်ငုံ့ကာ စာအုပ်ကို စိတ်ဝင်တစား ဖတ်ရှုနေသည့်ပုံ ပေါ်သည်။

အရှင်မင်းမြတ်၏ ဘေးနားတွင် စည်းစိမ်ခံစားရသည်မှာ ကျင့်သားရနေပြီဖြစ်၍ ဤသို့ ပဲစေ့မျှသာရှိသော ဆီမီးရောင် မှိန်မှိန်အောက်တွင် မနေတတ်တော့ပေ။ ယိမ်းယိုင်လှုပ်ရှားနေသော ဆီမီးရောင်က ဖူယိကိုပါ ညဉ့်အမှောင်ထုထဲသို့ ဖုံးလွှမ်းသွားစေသည်ဟု ခံစားရ၏။ နေ့ခင်းဘက်တွင် ယဉ်ကျေးသိမ်မွေ့သော အရှင်မင်းမြတ်သည် ခန္ဓာကိုယ်ပေါ်ရှိ ဟန်ဆောင်အရေခွံကို ချွတ်ပစ်လိုက်ပြီး သူ၏ ခံ့ညားထက်မြက်လှသော အမှန်တကယ် ပုံရိပ်စစ်ကို ဖော်ထုတ်ပြသနေသည့်အလားပင်။

ဤသည်ကား သူ့ကို လွန်ခဲ့သော နှစ်အနည်းငယ်က ချင်းထိုက်နန်းတော်သို့ စတင်ပြောင်းရွှေ့ခံရစဉ်က အကြောင်းကို ပြန်လည်သတိရစေသည်။ ညဉ်အချိန်ကြီး ကင်းစောင့်နေစဉ် ရုတ်တရက် ကျီးကန်းများ၏ "အ… အ…" ဟု အော်မြည်သံကို ကြားလိုက်ရသဖြင့် လိုက်ကာများကို အမြန်မ၍ နန်းဆောင်အတွင်းသို့ လှမ်းကြည့်လိုက်၏။

ချင်းထိုက်နန်းတော်မှာ အလွန်တရာမှပင် ခမ်းနားထည်ဝါလှပြီး နေ့ခင်းဘက်တွင် ရွှေရောင်ပြောင်ပြောင် လက်နေသော်လည်း ညဉ့်ယံအမှောင်ထု၏ ဖုံးလွှမ်းမှုကို ခံရသောအခါ ထိုရွှေရောင်ဝင်းမှုမှာ မြေအောက်နန်းတော်၏ ကြောက်စရာကောင်းသော ငရဲဆန်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ အေးစက်စက် အမှောင်ထုမှာလည်း ကြက်သီးမွေးညင်း ထစရာကောင်းလှ၏။

မီးရောင်မှိန်မှိန်အောက်ရှိ ရွှေရည်စိမ် အကာအရံအောက်တွင် အနက်ရောင် ကျီးကန်းနှစ်ကောင်က တောင်ပံခတ်လျက် ကြမ်းပြင်ပေါ်သို့ ဆင်းသက်ကာ ကြမ်းပြင်ပေါ်တွင် စီးဆင်းနေသော သွေးနီရဲရဲများကို ထိုးဆိတ်နေသည်ကို သတိထားမိလိုက်သည်။

သူ့ခမျာ အလွန်တရာ အံ့အားသင့်သွားပြီး အမြန်ပင် ဝင်ရောက်သွားခဲ့ရာ အသက်တစ်ဆယ်ကျော်မျှသာ ရှိသေးသော အရှင်မင်းမြတ်သည် ခြေထောက်ဖြင့် ကြမ်းပြင်ပေါ်ရှိ လတ်ဆတ်သော အလောင်းကို လှန်လှောကြည့်ရှုနေသည်ကို တွေ့လိုက်ရ၏။ အနက်ရောင် ဝတ်ရုံစမှာ ညဉ့်အမှောင်ထုနှင့် ပေါင်းစည်းနေပြီး သူ၏ ချောင်းကြည့်မှုကို သတိထားမိလိုက်သောအခါ ဖြည်းညင်းစွာ ခေါင်းလှည့်ကြည့်လာခဲ့သည်။

သူ၏ ဇာမဏီမျက်လုံး ထောင့်စွန်းများတွင် သွေးစများ စွန်းထင်းနေသော်လည်း ထို နက်မှောင်သော သူငယ်အိမ်များထဲတွင်မူ မည်သည့် ခံစားချက်မျှမရှိဘဲ ပျင်းရိလေးတွဲစွာဖြင့် မိန့်လိုက်၏။

"လူခေါ်ပြီး သန့်ရှင်းရေးလုပ်လိုက်။"

သူသည် လက်ကိုမြှောက်၍ ပါးပြင်ပေါ်မှ သွေးစက်ကို သုတ်လိုက်ရာ ဖြူစွပ်နေသော လက်ချောင်းထိပ်တွင် သွေးစက်လေး ကျန်ရစ်ခဲ့ပြီး နှင်းဆီနီရောင်ကဲ့သို့ ပေါ်လွင်နေခဲ့သည်။

လူတိုင်းက ထိုညကို "နန်းတွင်းအာဏာသိမ်းမှု" ဟု ခေါ်ဆိုခဲ့ကြသည်။

ထိုအဖြစ်အပျက်မှာ အရှင်မင်းမြတ်တိုက်ကျုံးအပေါ် သစ္စာစောင့်သိသော နန်းတွင်းအစေခံ အနည်းငယ်က သန်းခေါင်ယံအချိန်၌ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့ကြခြင်း ဖြစ်သည်။

သူတို့သည် အရှင်မင်းမြတ် အိပ်မောကျနေစဉ် ကြိုးဖြင့် လည်ပင်းညှစ် သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြသော်လည်း လူငယ်အရှင်မင်းမြတ်သည် ငယ်စဉ်ကတည်းက အိပ်စက်သည့်အခါ ဓားတစ်ချောင်းကို ခေါင်းအုံးအောက်တွင် အမြဲထည့်ထားတတ်သည်ကိုမူ မသိခဲ့ကြပေ။

ထိုအချိန်ကာလအတွင်း နန်းတွင်း၌ အကြီးအကျယ် ရှင်းလင်းရေးများ ပြုလုပ်ခဲ့သဖြင့် လူအများအပြား သေဆုံးခဲ့ရသည်။ နေ့စဉ် နန်းတော်ကြမ်းပြင်ပေါ်ရှိ သွေးကွက်များကို ဆေးကြောရန် ရေများကို ပုံးနှင့်ချီ၍ လောင်းချခဲ့ရပြီး၊ အော့အန်ချင်စရာကောင်းသည့် သွေးညှီနံ့များမှာ နန်းတွင်းရဟန်းများ၏ မပွင့်တပွင့် ပရိတ်ရွတ်ဖတ်သံများနှင့် ရောထွေးနေကာ ပို၍ပင် ခေါင်းမူရာကောင်းလှ၏။

သို့သော် အရှင်မင်းမြတ်ကမူ ထိုအခြေအနေကို အလွန်နှစ်သက်ပုံရပြီး သူ မွေးမြူထားသော ကျီးကန်းများကို အစာကျွေးရန် မကြာခဏ ခေါ်ယူလေ့ရှိသည်။ သွေးစွန်းနေသော ကြမ်းပြင်ပေါ်သို့ ငှက်စာများ ကြဲဖြန့်ပေးလိုက်ခြင်းမှာ ကျီးကန်းများအတွက်မူ ပိုမိုအရသာရှိသော စားပွဲကြီး ဖြစ်နေတော့သည်။

ထို့ကြောင့် သူသည် အရှင်မင်းမြတ် မွေးမြူထားသော ကျီးကန်းနှစ်ကောင်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။

တစ်ကောင်၏ အမည်မှာ မင်္ဂလာကြီး ဖြစ်ပြီး၊ အခြားတစ်ကောင်မှာ မင်္ဂလာလေး ဖြစ်၏။

နန်းတွင်းအစေခံများ၏ အဆိုအရ ထိုကျီးကန်းများသည် အရှင်မင်းမြတ် ရှော့စောင်ကျွန်းမှ နန်းတော်သို့ ယူဆောင်လာခဲ့သော အချစ်တော်လေးများဖြစ်ပြီး အလွန်ပင် ဉာဏ်ထက်မြက်ကာ ကျီးကန်းအုပ်၏ ခေါင်းဆောင်များ ဖြစ်ကြသည်။ လူတိုင်းက ထိုကျီးကန်းများကို အလွန်ဂရုတစိုက် ပြုစုစောင့်ရှောက်ကြသော်လည်း ကျီးကန်းများသည် အမြဲတစေ နေရာအနှံ့ ပျံသန်းနေတတ်သဖြင့် "မင်္ဂလာနှစ်ပါး ဘယ်ရောက်သွားပြန်ပြီလဲ" ဟု မကြာခဏ မေးလေ့ရှိကြ၏။

ဧကရာဇ်၏ သင်္ချိုင်းမှ ပြောင်းရွှေ့လာသော သူ့ကဲ့သို့ နန်းတွင်းအစေခံတစ်ဦးအတွက်မူ ကျီးကန်းဆိုသည်မှာ အလွန်ပင် မြင်တွေ့နေကျ သတ္တဝါတစ်မျိုး ဖြစ်ပြီး သင်္ချိုင်းတွင် အများဆုံးတွေ့ရသည်မှာလည်း ထိုငှက်မျိုးပင် ဖြစ်သည်။ သို့သော် ဤသို့သော သတ္တဝါမျိုးမှာ လူကို သေခြင်းတရားနှင့် အလွန်လွယ်ကူစွာ ချိတ်ဆက်မိစေသဖြင့် ထိတ်လန့်စရာကောင်းလှ၏။

အရှင်မင်းမြတ်သည် ကျီးကန်းများကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားသည့်အပြင် "မင်္ဂလာ" ဆိုသည့် စကားလုံးဖြင့် အမည်ပေးထားသည်မှာ အမှန်တကယ်ပင် ကြက်သီးမွေးညင်း ထစရာကောင်းလှသည်။

ယခုအခါ သူသည် အရှင်မင်းမြတ်အား လုပ်ကျွေးပြုစုလာသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ရာ အရှင်မင်းမြတ်၏ ပုံမှန်မဟုတ်သော မည်သည့် အပြုအမူကိုမဆို ကျင့်သားရနေပြီဖြစ်သည်။

ခုတင်ပြင်ပတွင် ဟောင်းနွမ်းနေသော ကြေးမုံပြင်တစ်ချပ် ထောင်ထားပြီး ကြေးမုံပြင်ထဲတွင် အရှင်မင်းမြတ်၏ မည်းမှောင်အေးစက်နေသော မျက်နှာက ပေါ်လွင်နေ၏။

သူသည် သူတစ်ပါးကို သံသယမရှိဘဲ ရဲတင်းလွန်းလှသော ထိုသခင်လေးခွမ့်အတွက်သာ ဆုတောင်းပေးနိုင်တော့သည်။

ထိုသခင်လေးခွမ့်တစ်ယောက် မိမိဆွဲဆောင်လိုက်မိသည်မှာ လူစားသော နဂါးဆိုးကြီးတစ်ကောင် ဖြစ်နေမှန်း သိရှိလိမ့်မည် မဟုတ်ပေ။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment