အပိုင်း (၁၃)
ခွှမ့်ရွှယ်ရှန့်က ပြုံးလျက် သူ၏ ကိုယ်ပေါ်ရှိ မြက်ခြောက်များနှင့် ရွှံ့များကို ပုတ်ခါပေးလိုက်သည်။
ဖူယိမှာမူ တောင်ကုန်းပေါ်တွင် မတ်တပ်ရပ်နေပြီး ခွှမ့်ရွှယ်ရှန့်က ကိုယ်ကို မတ်လိုက်သည်နှင့် လက်ချောင်းကို ကွေး၍ ပြန်လာရန် အချက်ပြလိုက်၏။
နေဝင်ဆည်းဆာမှာ နိမ့်ဆင်းသွားခဲ့ချေပြီ။ သူ၏ ပန်းခက်အနားကွက် လုံးဝ မပါရှိသော ဝတ်ရုံတော်ပေါ်သို့ အလင်းရောင်တို့ ထိုးကျနေသည်။ လရောင်အဆင်းရှိ ဝတ်ရုံမှာ အတန်ငယ် ပါးလွှာလှရာ သူသည် ဤအအေးဒဏ်ကို မည်သို့ ခံနိုင်ရည်ရှိနေသလဲ မသိနိုင်ပေ။ သို့သော် သူက ပိန်ပိန်ပါးပါးနှင့် အရပ်မြင့်မားပြီး လှပချောမောလှရာ တောင်ကုန်းပေါ်တွင် မတ်တတ်ရပ်နေသည့် အမူအရာကပင် လူ့ပြည်မှ မဟုတ်သည့်အလား ထူးခြားပေါ်လွင်နေတော့၏။
သူတို့သည် အိမ်သို့ ပြန်ရောက်သည်အထိ လမ်းတစ်လျှောက် လျှောက်လှမ်းခဲ့ကြရာ အိမ်ရောက်သောအခါ နေရောင်ခြည်များ လုံးဝဥဿုံ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်၏။
နွေဦးရာသီ၏ ညကောင်းကင်ယံမှာ အသန့်ရှင်းဆုံးဖြစ်ပြီး ကြယ်တာရာများတွင်လည်း ကြည်လင်အေးမြသော အလှတရားတစ်မျိုး ပေါ်လွင်နေသည်။
သို့သော် ခွှမ့်ရွှယ်ရှန့်သည် သူ၏ အိမ်နီးနားချင်း ပတ်ဝန်းကျင်မှာ ပုံမှန်နှင့် မတူဘဲ ကွဲပြားနေသည်ကို သတိပြုမိလိုက်၏။
အိမ်တံခါးဝသို့ ရောက်ခါနီးတွင် သူသည် နောက်သို့ယိမ်း၍ ခဏခဏ လှည့်ကြည့်နေခဲ့သည်။
လီချင်းက သတိရှိစွာဖြင့် မေးလိုက်၏။
"သခင်လေး၊ ဘာဖြစ်လို့လဲ။"
"ခံစားရတာ... အရမ်း တိတ်ဆိတ်နေသလိုပဲ။"
လီချင်း :"! !"
သူသည် အပြစ်ရှိသကဲ့သို့ စိတ်မလုံစွာဖြင့် အကြည့်ကို အသာမော့၍ အိမ်နီးချင်း၏ တံခါးကြီးထံသို့ လှမ်းကြည့်လိုက်သည်။
တော်သေးသည်။ တံခါးကြီးမှာ တင်းကျပ်စွာ ပိတ်ထားသဖြင့် မည်သည့်အရာကိုမျှ မမြင်တွေ့ရပေ။
လီချင်းသည် သခင်လေးခွမ့် ရေမိုးချိုး သန့်စင်နေသည့်အချိန်ကို အခွင့်ကောင်းယူ၍ အပြင်သို့ အမြန်ပြေးထွက်သွားကာ အိမ်နီးချင်းအိမ်သို့ ဖျပ်ခနဲ ဝင်ရောက်သွားခဲ့တော့၏။
ခြံဝင်းတစ်ခုလုံးတွင် ကိုယ်ရံတော်များနှင့် နန်းတွင်းအရာရှိများ ပြည့်နှက်နေသော်လည်း အသံဗလံ တစ်စက်မျှ မရှိပေ။
လူ့ပြည်မှ ငရဲခန်းလေးတစ်ခုပမာ တိတ်ဆိတ်ငြိမ်သက်နေသည်။
"အားလုံးပဲ သိပ်ပြီးလည်း မတိတ်ဆိတ်ကြပါနဲ့ဦး။ မနက်ဖြန်ကျရင် အသံလေး ဘာလေး ထွက်အောင် လုပ်လိုက်ဦး။"
သူက မှာကြားပြီးမှ မောကြီးပန်းကြီးဖြင့် ပြန်ပြေးလာခဲ့၏။
ဒီအိမ်မှာ သူသာ မရှိရင် လုံးဝ မဖြစ်ဘူးပဲ!
အရှေ့ဘက် အဆောင်ခန်းထဲတွင် ဖူယိက ခေါင်းမော့၍ သူ့အား ကြည့်လိုက်သည်။
"အရှင်မင်းမြတ်"
လီချင်းသည် အနီးသို့ တိုးကပ်သွားကာ နွေးထွေးသော ကွပ်ပျစ်ဘေးတွင် ကျုံ့ထိုင်လျက်
"အရှင်မင်းမြတ်၊ ကျွန်တော်မျိုး ခံစားရတာတော့ ဒီသခင်လေးခွမ့်က ရိုးသားတဲ့ လူတစ်ယောက်ပါ။ တစ်သက်စာ အတူပေါင်းသင်းသွားမယ့် အမျိုးသားတစ်ယောက်ကို တကယ် ရှာဖွေချင်နေတာလည်း ဖြစ်နိုင်ပါတယ်။"
ဖူယိ :"အဲဒီလိုပုံပါပဲ။"
ပြောရလျှင် စိတ်ဝင်စားစရာ ကောင်းလှသည်။ ပန်းဘောလုံးမြှောက်၍ သတို့သားရွေးခဲ့သော ဤအမျိုးသားမှာ လူကြားသူကြား ကြွားဝါချင်သူ မဟုတ်သကဲ့သို့ ပေါ့ပျက်ပျက် ကြာကူလီလုပ်သူလည်း ဟုတ်မနေပေ။
သူသည် သာမန်လူများနှင့် အနည်းငယ် ကွဲပြားနေရုံမျှသာ ဖြစ်၏။
အမှန်တကယ် ချစ်သူတစ်ဦးကို ရှာဖွေချင်နေသဖြင့် အန္တရာယ်မှန်သမျှကို ဂရုမစိုက်ဘဲ အရာရာကို ပုံအောစွန့်စားဝံ့ခြင်း ဖြစ်လိမ့်မည်။ ဤမျှ နုနယ်ချောမောသော လူတစ်ယောက်က ယင်းကဲသို့သောအလုပ်ကို ပြုလုပ်ဝံ့သည်မှာ သူ၏ သတ္တိကို ချီးကျူးရမည်ပင်။
လီချင်းလည်း ကြားသည်နှင့် ပိုမို နီးကပ်စွာ တိုးကပ်သွားပြီး ဆိုလိုက်သည်။
"ဒါဆို ကျွန်တော်မျိုးတို့ နောက်နှစ်ရက်နေရင် ဒီကနေ ထွက်သွားကြတာ မကောင်းဘူးလား။"
တစ်ဖက်သူသည် လူရိုးလူဖြောင့်တစ်ယောက် ဖြစ်နေ၍ မစနောက်သင့်တော့ပေ။
"သူ အရှင်မင်းမြတ်ကို ကြည့်တဲ့ မျက်လုံးတွေက ဘေးကနေကြည့်နေတဲ့ ကျွန်တော်မျိုးတောင် တကယ်ကို စိတ်လှုပ်ရှားသွားမိတဲ့အထိပါပဲ။"
ဖူယိက မျက်လုံးအောက်စိုက်ကြည့်ကာ :"ဟုတ်လို့လား"
လီချင်းက ခေါင်းကို အရူးအမူး ညိတ်ပြလိုက်ရင်း :"သူ အရှင်မင်းမြတ်ကို ကြည့်တဲ့အချိန်တွေဆို မျက်နှာတွေတောင် ရဲတွတ်နေတာပဲ။ ကျွန်တော်မျိုး လုံးဝ မမှားနိုင်ပါဘူး။ အဲဒီလောက် အေးဆေးတည်ငြိမ်တဲ့ လူတစ်ယောက်ကလေ။"
ဖူယိက လက်ထဲမှ ပုံပြင်စာအုပ်ကို ဘေးချလိုက်ပြီး ခေတ္တငြိမ်သက်နေသည်မှာ ခွှမ့်ရွှယ်ရှန့်၏ မျက်နှာလေး ရဲသွားခဲ့ခြင်းရှိမရှိ ပြန်လည် စဉ်းစားနေသည့်အလားပင်။
လီချင်း ထိုသူ၏ လက်ထဲမှ စာအုပ်ကို လှမ်းကြည့်လိုက်ရာ အမျိုးသားနှစ်ဦး နမ်းရှုပ်နေသော ပုံကို ထင်ရှားစွာ မြင်တွေ့လိုက်ရသည်။
လီချင်း :"! !"
သူသည် ခဏမျှ အံ့အားသင့်သွားပြီး အတော်ကြာအောင် စကားမပြောနိုင်ဘဲ ဖြစ်သွားခဲ့၏။ ထိုစဥ် ဖူယိက ထိုပုံပြင်စာအုပ်ကို ပြန်ကောက်ကိုင်၍ ဆက်ကြည့်နေချေပြီ။
လီချင်း သတိပြန်ဝင်လာပြီး :"အရှင်မင်းမြတ်?"
"သခင်ကြီးလို့ ခေါ်စမ်း!!"
"သခင်ကြီး!"
"ဟိုဟာ……"
လီချင်းက အသံကြားသည်နှင့် ပြာပြာသလဲ အမြန် လှည့်ကြည့်လိုက်၏။
ခွှမ့်ရွှယ်ရှန့်သည် ထူထဲသော ဝတ်ရုံကြီးကို ခြုံထားလျက် တံခါးဝတွင် မတ်တတ်ရပ်နေသည်။
"ဟိုဟာ... ကျွန်တော် ရေချိုးလို့ ပြီးပါပြီ။"
လီချင်းက ထရပ်လိုက်ပြီး ပြုံးပြလိုက်သည်။
"သခင်လေးက ကျွန်တော်တို့ သခင်ကြီးလိုပဲ အသန့်ကြိုက်တယ်နော်။"
ဒီလောက် အေးတဲ့ ရာသီမှာတောင် နေ့တိုင်း ရေချိုးနေတယ်လေ။
"အခု ရေချိုးခန်းထဲမှာ ပူနွေးနေတုန်းပဲ။ ခင်ဗျားတို့ အမြန်သွားချိုးကြလေ။" ခွှမ့်ရွှယ်ရှန့်က ပြောလိုက်သည်။
ဖူယိသည် လီချင်းအား လှည့်ပြောလိုက်၏။
"မင်း အရင်သွားချိုးချေ။"
လီချင်းလည်း ထလိုက်ပြီး လဲလှယ်မည့် အဝတ်အစားများကို ယူဆောင်ကာ ထွက်သွားခဲ့တော့သည်။
ဖူယိက ခွှမ့်ရွှယ်ရှန့်အား မေးလိုက်သည်။
"အေးနေလား။"
"မဆိုးပါဘူး။ စချိုးတုန်းက နည်းနည်း အေးပေမဲ့ ချိုးပြီးသွားတော့ မခံစားရတော့ဘူး။"
"ကိုယ့်ဆီမှာ လက်နွေးအိုးရှိတယ်။ ဒီဘက် လာခဲ့။"
ခွှမ့်ရွှယ်ရှန့်လည်း ဝတ်ရုံကို လွှမ်းခြုံလျက် အတွင်းသို့ ဝင်လာခဲ့၏။
"မနက်ဖြန် မိုးရွာရင်ရွာ ဒါမှမဟုတ် နှင်းကျလိမ့်မယ်။"
ဖူယိသည် လီချင်း ပြင်ဆင်ပေးထားသော လက်နွေးအိုးကို သူ့အား ကမ်းပေးလိုက်ပြီး မိမိကိုယ်တိုင်ကမူ သလွန်ပေါ်တွင် မှီလျက် ခွှမ့်ရွှယ်ရှန့်အား စိုက်ကြည့်နေခဲ့သည်။
ခွှမ့်ရွှယ်ရှန့်က သူ ထို 'ပေါင်လျန်မှတ်တမ်း' ဝတ္ထုတိုကို ကြည့်နေသည်အား တွေ့သွားသည်။
"ဒီတစ်အုပ်တည်းကပဲ နည်းနည်းလွန်ကဲနေတာကို ခင်ဗျားက ဒါကိုပဲ ရွေးဖတ်နေတယ်။"
"လေ့လာချင်လို့ပါ။" ဖူယိက ဆို၏။
ခွှမ့်ရွှယ်ရှန့် ခပ်ဖွဖွလေး ပြုံးလိုက်သည်။
ဖူယိ :"ဘာလို့ ပြုံးတာလဲ။"
"ခင်ဗျားက ထင်ထားသလောက်လည်း ရိုးရိုးအေးအေး မဟုတ်ဘူးလို့ ခံစားရလို့ပါ။"
ဖူယိ၏ နှုတ်ခမ်းထောင့်တွင် ပါးပါးလျော့လျော့ အပြုံးတချို့ ပေါ်ထွက်လာခဲ့သည်။ သူ ပြုံးလိုက်သည့်အခါ ပုံမှန်ထက်ပင် ကြည့်ကောင်းလွန်းနေ၏။
"ကိုယ်ကလည်း ကိုယ့်ကိုယ်ကိုယ် ရိုးရိုးအေးအေးပါလို့ တစ်ခါမှ မပြောခဲ့ပါဘူး။"
ခွှမ့်ရွှယ်ရှန့် စဉ်းစားခန်း ဝင်နေမိသည်။
ဒါက ချစ်ကျွမ်းဝင်မိတဲ့ ရင်ခုန်ကြည်နူးမှုမျိုးလား။
မဟုတ်ရင် ဘာလို့ သူ့ရင်တွေ ဒီလောက်ထိ တဒုန်းဒုန်းခုန်နေရတာလဲ။
ခွှမ့်ရွှယ်ရှန့်သည် ဆံပင်များကို ဦးခေါင်းနောက်ဘက်တွင် လွတ်လပ်စွာ စုစည်းထားသဖြင့် အောက်ဘက်ရှိ ဆံစအချို့မှာ အနည်းငယ် စိုစွတ်နေကာ လည်ပင်းပေါ်သို့ တွဲလောင်းကျဆင်း၍ ကပ်ငြိနေတော့၏။
သူသည် ကျောက်စိမ်းဖြူကဲ့သို့ ဖြူဝင်းသော အသားအရေ၊ သေးသွယ်သည့် မျက်နှာ၊ ရှည်လျားသွယ်လျသော လည်ပင်းတို့အား ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ဖူယိတစ်ယောက် လီချင်း၏ စကားများကို သတိရသွားပြီး ခွှမ့်ရွှယ်ရှန့်အား လူပေါင်း သောင်းသောင်းမကကို ဓားတစ်လက်တည်းဖြင့် ရင်ဆိုင်ရန် ထွက်ခွာလာသည့် အားနည်းသော ရဲဘော်တစ်ဦးနှင့် တူလှသည်ဟု ခံစားလိုက်ရသည်။
"တကယ်လို့ ကိုယ်တို့နှစ်ယောက်က မလိုက်ဖက်ဘူးဆိုရင် မင်း တခြားလူ ဆက်ရှာနေဦးမှာလား။"
ခွှမ့်ရွှယ်ရှန့်မှာ ထိုမေးခွန်းကြောင့် ခဏမျှ အံ့အားသင့်သွားခဲ့ပြီး နှုတ်ခမ်းထောင့်ရှိ အပြုံးများက မှေးမှိန်သွားခဲ့၏။ ထိုလူသည် ဤအချိန်တွင် ချိုသာသော ချစ်စကားများကို ပြောဆိုကြမည့် လူအများစုနှင့် မတူချေ။
ခွှမ့်ရွှယ်ရှန့်က အလွန် ရိုးသားစွာဖြင့် ပြန်ပြောလိုက်သည်။
"ရှာမှာပေါ့။"
ခွှမ့်ရွှယ်ရှန့်က ပြန်မေးလိုက်သည်။
"ခင်ဗျားက.... ကျွန်တော်တို့ မလိုက်ဖက်ဘူးလို့ ထင်လို့လား။"
ဖူယိသည် သူ့အား ပြန်မဖြေခဲ့ပေ။
သူက ခွှမ့်ရွှယ်ရှန့် ထင်ထားသကဲ့သို့ ရိုးရိုးအေးအေး၊ လမ်းမှန်လိုက်သူ မဟုတ်သည်မှာ အမှန်ပင်။ သူ၏ မျက်လုံးများမှာ မည်းမှောင်နေပြီး သေချာ ဂရုစိုက်ကြည့်ပါက အတန်ငယ် ဆန်းပြား၍ ထိတ်လန့်ဖွယ် ကောင်းနေ၏။ ထို ရူပကာလှပသော မျက်နှာပေါ်တွင်လည်း မကောင်းသော ယုတ်မာမှု အရိပ်အယောင်များ ပါရှိနေခဲ့သည်။ ဤအခိုက်တွင် ထိုယုတ်မာမှုများမှာ တဖြည်းဖြည်း ဖြစ်တည်လာသော အပြုံးများကြောင့် ပြန်လည် မှေးမှိန်သွားခဲ့၏။
ဖူယိ: "တကယ်လို့ ကိုယ်သာ မင်းရဲ့ ပန်းလုံးကို မဖမ်းခဲ့ရင် အခုချိန်မှာ ဘာဖြစ်နေမလဲဆိုတာ တွေးတောင် မတွေးရဲဘူး။"
သူသည် ခွှမ့်ရွှယ်ရှန့် ထိုပန်းဘောလုံးကို အခြားအမျိုးသားတစ်ဦးထံ ပစ်ပေးလိုက်သည်ကို စိုက်ကြည့်နေမိလိမ့်မည်။
ခွှမ့်ရွှယ်ရှန့်သည် သူ့အား ကြိုက်နှစ်သက်ကောင်း ကြိုက်နှစ်သက်လိမ့်မည် ဖြစ်သော်ငြား သူ မရှိပါကလည်း ဆက်လက် ရှေ့ဆက်သွားမည် ဖြစ်၏။ ခွှမ့်ရွှယ်ရှန့်အတွက် သူသည်ကား မရှိမဖြစ် မဟုတ်ပေ။
ဤသို့ တွေးလိုက်သောအခါ အလွန်အမင်း မကျေမနပ် ဖြစ်လာမိသည်။
သူကိုယ်တိုင်ကိုက ယုတ်မာဆိုးသွမ်းသောသူ ဖြစ်လေ၏။
သူသည် ဤသို့ပင် အကြောင်းပြချက်မရှိ ဗိုလ်ကျစိုးမိုးတတ်သူ ဖြစ်သည်။
သို့သော် ၎င်းမှာ သူ၏ ပင်ကိုယ်သဘာဝအမှန်ပင်။ အကယ်၍ သူသာ လက်ရှိအချိန်၌ ခွှမ့်ရွှယ်ရှန့်အား မိမိ မည်သူမည်ဝါဖြစ်ကြောင်း ပြောပြလိုက်ပါက ခွှမ့်ရွှယ်ရှန့်တစ်ယောက် မည်သူထက်မဆို ပိုမို လျင်မြန်စွာ ထွက်ပြေးသွားမည်ကို စိုးရိမ်မိသည်။
သူသည် ခွှမ့်ရွှယ်ရှန့်၏ တစ်ခုတည်းသော ရွေးချယ်မှု မဟုတ်ပေ။
သူ့ကို ဖျက်ဆီးပစ်ချင်လိုက်တာ။
ဖျက်ဆီးပစ်လိုက်ရင် ငါ့ဆီမှာပဲ ပုပ်သိုးစိမ့်ဝင်သွားရတော့မှာမို့ တခြားရွေးချယ်စရာ ရှိတော့မှာ မဟုတ်ဘူး။
သူသည် ခွှမ့်ရွှယ်ရှန့်အား စိုက်ကြည့်ရင်း စဉ်းစားနေခဲ့၏။
သို့သော် ခွှမ့်ရွှယ်ရှန့် ထပ်ပြောလာသည်အား ကြားလိုက်ရသည်။
"ကျွန်တော် အဲဒီအချိန်တုန်းက ခင်ဗျားဘက်က သေချာပေါက် ဖမ်းလိမ့်မယ်လို့ ခံစားမိခဲ့တယ်။"
ဖူယိမှာ ခဏမျှ အံ့အားသင့်သွားပြီးမှ နှုတ်ခမ်းထောင့်များ မြင့်တက်သွားခဲ့ကာ သလွန်ပေါ်တွင် ပြန်မှီလိုက်သည်။ မည်းမှောင်နေသော သူငယ်အိမ်များမှာမူ စပျစ်ရည်ကဲ့သို့ စိမ့်ဝင်နိုင်သော စိတ်ခံစားချက်များ ပေါ်လွင်နေ၏။
"မင်း တခြားသူကို ပစ်ပေးခဲ့ရင်တောင် နှစ်ရက်လောက်နေလို့ ကိုယ် စိတ်ပြန်လည်လာရင် မင်းကို လုယူခဲ့မှာပဲ။"
ဤတစ်ကြိမ်မှာမူ ခွှမ့်ရွှယ်ရှန့် ပြုံးရသည့်အလှည့် ဖြစ်သွားခဲ့သည်။
ဖူယိပြောလိုက်သည်မှာ အမှန်တရား ဖြစ်၏။
ပန်းဘောလုံးမြှောက်၍ သတို့သားရွေးသည့်အမှုကို ပြုလုပ်ဝံ့သော ခွှမ့်ရွှယ်ရှန့်က သူ့လက်အတွင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်သည်မှာ သေချာနေပြီးသားဖြစ်သည်။
သို့သော် ခွှမ့်ရွှယ်ရှန့်ကတော့ သူပြောတာကို ယုံကြည်မည် မဟုတ်ပေ။ ခွှမ့်ရွှယ်ရှန့်မှာ သူ့အား နူးညံ့သိမ်မွေ့သော သခင်လေးအဖြစ်သာ သတ်မှတ်ထားဆဲပင်။
သူသည်လည်း ဤသို့သော အခန်းကဏ္ဍကို သေချာစွာ သရုပ်ဆောင်၍ တစ်ဖက်လူ၏ နူးညံ့သောအမျိုးသား ဖြစ်ပေးရမည်။
"ကိုယ် ခုနတုန်းက လေ့လာချင်တယ်လို့ပြောတာ တကယ်ပါ။" သူသည် ခွှမ့်ရွှယ်ရှန့်အား ပြုံးပြရင်း ပြောလိုက်သည်။
"အရင်ကဆို ဒီအရာတွေကို မမြင်ဖူးဘူး။ အခုတော့ မင်းရဲ့ ကျေးဇူးကြောင့် အကုန်လုံး နားလည်သွားပြီ။"
***
Aurora Novel Translation Team