no

Font
Theme

အပိုင်း (၁၂)

ထိုစာမှတ်ကတ်ပြားများမှာ ဝါးပြားများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ပါးလွှာသော အပြားလေးများ ဖြစ်ကြ၏။ စာအုပ်တိုင်းတွင် တစ်ပြားစီ ပါရှိပြီး အပေါ်၌ ဝါးရွက်ကွက်များနှင့် ကဗျာတစ်ကြောင်းစီ ရေးထိုးထားရာ အလွန် သပ်ရပ်လှပသည်။

သူ ယူလိုက်သော ကတ်ပြားနှစ်ချပ်ပေါ်တွင် အသီးသီး ရေးထိုးထားသည်မှာ

[ဓားက ဓားအိမ်ထဲ၊ ပန်းက သေတ္တာထဲ]

[နွေဦးမြစ်ထက်မှာ လသာလို့ ပန်းပေါင်းသောင်းချီ နှင်းအလား လွင့်မျော၏]

စာလုံးလက်ရေးကို ကြည့်ခြင်းအားဖြင့် ပင်မခန်းမထဲရှိ နံရံပေါ်တွင် ချိတ်ဆွဲထားသော "အရှင်လွိယွိ" ၏ ထုထွင်းထားသော အပြိုင်ကဗျာလက်ရေးနှင့် လူတစ်ဦးတည်းဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ ထို "အရှင်လွိယွိ" ဆိုသည်မှာလည်း ဝတ္ထုတိုများပေါ်တွင် ကလောင်အမည် ထိုးထားသည့် နာမည်ပင်။

စီးပွားရေးလုပ်ရာတွင် အရေးကြီးဆုံးမှာ ထူးခြားဆန်းသစ်မှု ရှိရန်ဖြစ်သည်။ ခွမ့်ရွှယ်ရှန့်သည် အခြားသူများနှင့် မတူကွဲပြားစေရန်အတွက် ကတ်ပြားများပေါ်ရှိ ကဗျာများကို ကိုယ်တိုင် ရေးဖွဲ့ထားခြင်းဖြစ်ပြီး စာအုပ်အမှတ်အသား၏ ဟန်ပန်နှင့် ဝတ္ထုတို၏ အငွေ့အသက်ကိုလည်း လိုက်ဖက်ညီအောင် အထူးဂရုစိုက် ပြုလုပ်ထားခဲ့သည်။ စာအုပ်အမှတ်အသား ကတ်ပြားကိုယ်တိုင်မှာ တန်ဖိုးမကြီးသော်လည်း ဤသို့ ပူးတွဲပါရှိသဖြင့် ဝယ်သူများက အလွန်နှစ်သက်ကြရာ ထိုဝတ္ထုတိုများမှာ ပိုမိုဆန်းပြားသွားသည့်အလား ခံစားကြရ၏။

ဖူယိ :"မင်းရဲ့လက်ရေးက အရမ်းလှတာပဲ။"

ခွမ့်ရွှယ်ရှန့်၏ လက်ရေးစတိုင်မှာ လက်ရှိ ခေတ်စားနေသော မည်သည့် ပန်းချီဆရာ၊ စာဆိုများ၏ လက်ရေးနှင့်မျှ မတူပေ။ စာလုံးများအတွင်း ရွှေရောင်ဝင်းပ၍ စာကြောင်းများကြား၌ ကျောက်စိမ်းကဲ့သို့ စိုပြည်သည်။ စုတ်ချက်ရပ်သွားသည့် နေရာများမှာမူ ဓားဖြင့် ထုဆစ်ထားသကဲ့သို့ ထက်မြက်ကာ စာလုံးအကွေးအဆွဲများသည်လည်း လွတ်လပ်စွာ ပျံသန်းနေသော အမူအရာမျိုး ရှိလေ၏။

ထုံးတမ်းစဉ်လာကို ထိန်းသိမ်းရင်း ဆန်းသစ်တီထွင်ထားသည့် စာလုံးမှာ လူနှင့်တူလှသဖြင့် လူကို ပေးသော ခံစားချက်မှာလည်း အလွန် ဆန်းပြားလှသည်။

သူ၏မျက်လုံးထဲ၌လည်း အထူးခြားဆုံး ဖြစ်နေတော့သည်။

ခံစားချက်မှာ နွေဦးရာသီတွင် စိမ်းစိုသော ဝါးတောအုပ်ကို ဖြတ်သန်းသွားစဉ် ရုတ်တရက် နွေဦးမိုးရေစက်များ ပက်ဖျန်းခံလိုက်ရ၍ ရုတ်တရက် သီးသန့်တည်ရှိနေသော ကမ္ဘာသစ်တစ်ခုကို လှမ်းမျှော်ကြည့်ရှုလိုက်ရသည့်အတိုင်းပင်။

သို့သော် ဤသူကို သေချာ ဂရုစိုက်ကြည့်လိုက်ပါက ဖြူဖြူဖွေးဖွေး သန့်သန့်ရှင်းရှင်းနှင့် ရိုးရှင်းလှပသော အဆင်းအင်္ဂါ ရှိနေပြန်သည်။

သူသည် မိမိ၏ အလင်းရောင်ကို တမင်သက်သက် ထိန်းချုပ်ကွယ်ဝှက်ထားသည့်အလားပင်။

ဖူယိသည် စာမှတ်ကတ်ပြားကို ကိုင်ဆောင်ထားရင်း လက်ချောင်းထိပ်ဖြင့် အပေါ်ရှိ ရွှေရည်စိမ် ထုဆစ်ထားသော စာလုံးလေးများကို အသာအယာ ပွတ်သပ်လိုက်သည်။

[ဓားက ဓားအိမ်ထဲ၊ ပန်းက သေတ္တာထဲ]

ခွမ့်ရွှယ်ရှန့်သည် မွန်းလွဲပိုင်းက စားခဲ့ရသော စားသောက်ဖွယ်ရာများကို တစ်ချိန်လုံး သတိရနေခဲ့သည်။ ညနေ ဆိုင်ပိတ်ပြီးနောက် လီချင်းတို့နှင့်အတူ ထိုလမ်းဘေးဆိုင်ခန်းသို့ သွားရောက်၍ ထမင်းစားရန် လမ်းပြခိုင်းလိုက်တော့၏။

အရသာရှိသော အစားအသောက်များကို ဆိုင်မှာပင် ပူပူနွေးနွေး ချက်ချင်း ချက်ပြုတ်ထားသည်အား သွားရောက် စားသောက်ရမှသာ အရသာရှိလိမ့်မည်။

ဤလမ်းဘေးဆိုင်ရှင်မှာ လမ်းမကြီးပေါ်တွင် ဆိုင်မဖွင့်ဘဲ လမ်းကြိုလမ်းကြားလေးတစ်ခုအတွင်း၌သာ ဖွင့်ထားခြင်း ဖြစ်၏။

ဆိုင်မှာ မကြီးမားလှပေ။ နေရာရွေးချယ်မှု မကောင်းသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ရာ ဝယ်သူ သုံးလေးငါးဦးခန့်သာ ရှိပြီး အားလုံးမှာ ခေါင်းငုံ့၍ တိတ်တဆိတ် ထမင်းစားနေကြကာ စကားပင် မပြောကြပေ။

လီချင်းသည် အဝတ်ဖြင့် ခုံတန်းပေါ်ကို အမြန် သုတ်ပေး၍ သူတို့အား ထိုင်ခိုင်းလိုက်သည်။

ခွှမ့်ရွှယ်ရှန့်သည် ဆိုင်ရှင်နှင့် နှုတ်ဆက်လိုက်ပြီး ပြုံးလျက် မေးလိုက်၏။

"သူဌေးရဲ့ လေယူလေသိမ်းကို နားထောင်ရတာ မြို့တော်ဘက်က လာတာလား။"

သူဌေးမှာ အံ့အားသင့်သွားပြီး :"……ဟုတ်ပါတယ်၊ မြို့တော် ပတ်ဝန်းကျင်နားကပါ။"

ခွှမ့်ရွှယ်ရှန့်က ပြုံးလျက် သခင်နှင့် အစေခံနှစ်ဦးကို လှည့်ကြည့်လိုက်ကာ မေးလိုက်သည်။

"ခင်ဗျားတို့ရဲ့ မြို့သားပဲဆိုပါတော့။"

လီချင်းက ပြုံး၍ ပြောလိုက်သည်။

"ရှီးကျင်းနဲ့ မြို့တော်ကြား အကူးအသန်း များတာကိုး၊ ကျွန်တော်တို့ မြို့တော်မှာလည်း ရှီးကျင်းက လာပြီး စီးပွားရေးလုပ်ကြတဲ့သူတွေ အများကြီး ရှိပါတယ်။"

သူဌေး: "ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။"

ဤသည်မှာ အမှန်တရား ဖြစ်၏။ မြို့တော်နှစ်ခုမှာ သာ့ကျိုးမင်းဆက်၏ အစည်ကားဆုံး မြို့ကြီးနှစ်ခု ဖြစ်ကြရာ အကူးအသန်း များပြားသည်မှာ သဘာဝပင်။ ခွှမ့်ရွှယ်ရှန့်သည်လည်း တစ်ဖက်သူမှာ မြို့တော် ပတ်ဝန်းကျင်မှ ဖြစ်သည်ဟု ကြားသိရသဖြင့် ဖူယိနှင့် လီချင်းတို့ကြောင့် အကြောင်းမဲ့ ရင်းနှီးနွေးထွေးမှု ခံစားလိုက်ရပြီး ထိုနေရာ၌ ထိုင်၍ သူဌေးနှင့် စကားစမြည် ပြောဆိုနေခြင်း ဖြစ်လေသည်။

သို့သော် ဤသူဌေးမှာ အလွန်ပင် ရှက်ရွံ့တတ်ပုံရပြီး စကားပြောရာတွင် အနည်းငယ် လန့်နေတတ်၏။

ဆိုင်ခန်းမှာ မထင်မရှား ရှိသော်လည်း ဆိုင်ရှင်တွင် သီးသန့် နည်းစနစ်ကောင်း ပါရှိသည်မှာ ထင်ရှားလှသည်။ ချက်ပြုတ်ထားသော ဟင်းလျာများမှာ အိမ်ချက် သာမန်ဟင်းများသာဖြစ်သော်လည်း အလွန်အမင်း အရသာရှိ၏။

ခွှမ့်ရွှယ်ရှန့်မှာ မနားတမ်း ချီးမွမ်း စကားဆိုနေတော့သည်။

နန်းတွင်းစားဖိုမှူးမှာ အရှင်မင်းမြတ်ကို ခစားလာခဲ့ရသည်မှာ ကြာမြင့်လှပြီဖြစ်ပြီး ဤသို့သော ချီးမွမ်းစကားမျိုးကို မကြားရသည်မှာလည်း ကြာချေပြီ။ ထို့ထက်မက ဤချီးမွမ်းစကားမှာ အရှင်မင်းမြတ်၏ မျက်နှာချင်းဆိုင်က ထွက်ပေါ်လာခြင်း ဖြစ်သည်။

သူသည် ဒုက္ခကုန်၍ သုခလာပြီဖြစ်ကာ နောက်ဆုံးတွင် မိမိကို အသိအမှတ်ပြုမည့်သူ ပေါ်ထွက်လာပြီဆိုသည့် ဝမ်းမြောက်မှုကို ခံစားလိုက်ရ၏။

အကြောင်းမှာ အရှင်မင်းမြတ်အား ခစားရခြင်းသည် ဂုဏ်ယူစရာကိစ္စဖြစ်သော်လည်း အရှင်မင်းမြတ်၏ အစားအသောက်အပေါ် ဂျီကျမှုမှာ လွန်လွန်းသဖြင့် သူ့ကိုယ်သူပင် မကြာခဏ သံသယဝင်မိစေသောကြောင့် ဖြစ်လေသည်။

သူသည် ပုံမှန်အမူအရာကို ပြောင်းလဲလိုက်ပြီး ခွှမ့်ရွှယ်ရှန့်အား ကိုယ်တိုင်ကိုယ်ကျ ရေနွေးငှဲ့ပေးကာ ကြွားဝါချင်စိတ်ကို မထိန်းနိုင်ဘဲ ဖြစ်နေသည်။

"အခုက ရာသီဥတု အေးနေတော့ ပါဝင်ပစ္စည်း နည်းပါးနေလို့ပါ။ သခင်လေးတို့၊ ရာသီဥတု ပိုပူလာတဲ့အချိန်ကျရင် ကျွန်တော် ပိုပြီး ကောင်းအောင် ချက်ပြုတ်ပေးနိုင်ပါတယ်။"

ဒီနေ့ ချက်ထားတာတွေက ဘာတွေလဲ၊ အရသာကောင်းပေမဲ့ အလှအပ လုံးဝမရှိတဲ့ ဟင်းပွဲတွေလေ။

လီချင်းက ပြုံးလျက် ရေနွေးကြမ်းခွက်ကို မော့သောက်လိုက်ရာ ပါးစပ်ထဲ ရောက်မှပင် ဤနန်းတွင်းစားဖိုမှူး အခမဲ့ ပေးထားသော ရေနွေးကြမ်းမှာ အရှင်မင်းမြတ် အနှစ်သက်ဆုံးဖြစ်သည့် မုန်တင်တောင်တန်းထွက် ခရမ်းရောင် လက်ဖက်ညွန့်ဖြင့် စပ်ထားသော ရေနွေးကြမ်းလက်ဖက် ဖြစ်နေသည်ကို သတိပြုမိသွားခဲ့၏။

ခရမ်းရောင်အညွန့်များကို ရှေးဟောင်းလက်ဖက်ပင်များမှ ခူးဆွတ်ထားခြင်းဖြစ်၍ ထွက်ရှိမှု လွန်စွာ နည်းပါးလှသည်။ မုန်တင်ကျောက်ပန်းပွင့်ထက်ပင် ပိုမို စျေးကြီးလှသဖြင့် ရာဇဝင်အရ မင်းမျိုးမင်းနွယ်သုံး ရေနွေးကြမ်း ဖြစ်လာခဲ့သည်။ ထိုအတွက်ကြောင့် အစိုးရသည် လက်ဖက်စိုက်ပျိုး ထုတ်လုပ်ရေးဆိုင်ရာ အထူးအရာရှိပင် သီးသန့် ခန့်အပ်ထားရ၏။

နောက်ပိုင်းတွင် ဤလက်ဖက်မှာ အရှင်မင်းမြတ်၏ အထူးဆုလာဘ် ပေးသနားမှု ဖြစ်လာခဲ့ရာ နှစ်သစ်ကူး ညီလာခံများ၊ ယဇ်ပူဇော်ပွဲများ သို့မဟုတ် ချုံလင်ဧည့်ခံပွဲများတွင် အရှင်မင်းမြတ်က ရေနွေးကြမ်း ပေးသနားမှသာ အမတ်များမှာခမျာ တစ်ငုံမျှ သောက်သုံးခွင့် ရရှိကြခြင်း ဖြစ်သည်။ သောက်သုံးသည့်အခါ အမတ်များသည် ပထမဦးစွာ သုံးကြိမ် ဦးချရပြီး သောက်သုံးပြီးပါကလည်း နောက်ထပ် သုံးကြိမ် ထပ်မံ ဦးချရ၏။

ဤလူတစ်စုသည် ဇာတ်လမ်းကစားခြင်းကိုပင် သူ့ဘက်က သေချာ သင်ပေးနေရသည်။ စကားတစ်ခွန်းမျှ မမှာလိုက်ရုံနှင့် ဤသို့သော အမှားအယွင်း ထွက်ပေါ်လာချေပြီ။

အသေးစိတ် ကိစ္စတွေ... အသေးစိတ် ကိစ္စတွေက အရမ်း အရေးကြီးတယ် မဟုတ်ဘူးလား!

ကံကောင်းသည်မှာ ဤလက်ဖက်က တွေ့ရခဲလှသဖြင့် ဤသခင်လေးခွမ့်လည်း သိရှိလိမ့်မည် မဟုတ်ပေ။ တစ်ငုံမျှ သောက်ပြီးနောက် ပြန်လည် ချထားလိုက်၏။ သို့သော် ထိုမုရှီးပေါင်းခံရည်ကိုမူ ကုန်စင်အောင် သောက်ပစ်သုံးလိုက်သည်။

ကြည့်ရသလောက်ဆိုလျှင် သခင်လေးခွမ့်မှာ အချိုကြိုက်ပုံရ၏။

"မင်း ဒါကို သောက်ရတာ ကြိုက်လို့လား။"

ထိုစဥ် သူတို့၏ အရှင်မင်းမြတ်က မေးလိုက်သည်။

သခင်လေးခွမ့်က ခေါင်းညိတ်ပြလေ၏။

အရှင်မင်းမြတ် :"နောက်ဆို အခွင့်အရေးရရင် မင်းကို မြို့တော်ကို ခေါ်သွားပေးမယ်။ မြို့တော်မှာ ယစ်မူးပန်းဖျော်ရည်ဆိုတာ ရှိတယ်။ ဒါထက် ပိုသောက်လို့ ကောင်းတယ်။"

လီချင်းသည် ဤစကားကို ကြားသောအခါ ရင်ထဲ၌ တင်းကျပ်သွားခဲ့သည်။

ရွှမ်းလွမ်မြို့မှာ တောင်တန်းများ ကာရံထားသော အဝေးတစ်နေရာဟု သတ်မှတ်၍ မရသေးသော်လည်း အရှင်မင်းမြတ်က ဤလူကို မြို့တော်သို့ တကယ် ခေါ်ဆောင်သွားရန် ကြံနေခြင်းလော။

ဒါဆိုရင် နန်းတော်ထဲမှာ ဝုန်းဒိုင်းကျဲ ကသောင်းကနင်း ဖြစ်ကုန်တော့မှာပေါ့!

သူသည် ငွေရှင်းရန်အတွက် မတ်တတ်ထရပ်လိုက်ရာ သခင်လေးခွမ့်က သူ၏အရှေ့သို့ ရောက်ရှိသွားပြီး ဆိုင်ရှင်အား မေးလိုက်ချေပြီ။

"သူဌေး၊ ဒီလက်ဖက်က ဘာလက်ဖက်လဲ။"

လီချင်း၏ ရင်ထဲတွင် နောက်တစ်ကြိမ် တင်းကျပ်သွားပြန်သည်။

နန်းတွင်းစားဖိုမှူးသည်လည်း မိမိ ပေါ့ဆသွားသည်ကို အမှန်ပင် သတိပြုမိသွားခဲ့ရာ၊ ဟန်ဆောင်ပြုံးလျက် ပြန်ပြောလိုက်တော့၏။

"အင်း.. သာမန် လက်ဖက်ပါပဲ။ ကျွန်တော်ကိုယ်တိုင် တောင်ပေါ်တက်ပြီး ခူးလာတာပါ။"

"ကျွန်တော့်အိမ်ကသခင်လေးက သောက်ရတာ အရမ်းကြိုက်လို့လေ။ သူဌေးဆီက နည်းနည်းလောက် ဝယ်လို့ရမလား မသိဘူး။"

နန်းတွင်းစားဖိုမှူးသည် လီချင်းအား ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်ရာ လီချင်းက ခေါင်းညိတ်ပြလိုက်သည်။

ထိုအခါမှ နန်းတွင်းစားဖိုမှူးက ပြုံး၍ ဆို၏။

"ရပါတယ်၊ ရပါတယ်။ သိပ်ကောင်းတဲ့ လက်ဖက်လည်း မဟုတ်ပါဘူး။ အရောင်လေး နည်းနည်း ထူးခြားတာပါပဲ။"

သူသည် စိတ်ထဲတွင် စိုးရိမ်တုန်လှုပ်သွားသဖြင့် အာပေါက်မတတ် စကားများစွာကို ပေါက်ပေါက်ဖောက်သလို ပြောဆိုလိုက်တော့သည်။ တောင်တောထဲတွင် တောကောင်လိုက်ရှာရင်း အမှတ်မထင် ဤသို့သော အရောင်ဆန်းပြားသည့် လက်ဖက်ပင်ကို တွေ့ရှိခဲ့ကြောင်း၊ လက်တည့်စမ်း၍ ခူးဆွတ်လာရာ အရသာလည်း မဆိုးသည်ကို တွေ့ရကြောင်း စသည်ဖြင့် ပြောဆိုနေ၏။ လီချင်းက စကားများလေ အမှားပါလေ ဖြစ်မည်ကို စိုးရိမ်သဖြင့် ချောင်းအကြိမ်ကြိမ် ဟန့်လိုက်ရသည်။

ကံကောင်းသည်မှာ ခွှမ့်ရွှယ်ရှန့်က လက်ဖက်ရည် သောက်ရသည်ကို ဝါသနာမပါလှပေ။ ထိုအကြောင်းကိုလည်း သိပ်ပြီး သိရှိပုံမရပေ။ သူဌေးကလည်း ဟန်ပြအနေဖြင့် အကြွေစေ့ နည်းနည်းမျှသာ တောင်းခံလိုက်ရာ အမှန်ပင် တန်ဖိုးမရှိသော တောလက်ဖက်နှင့် တူသွားတော့၏။

သူတို့၏ အရှင်မင်းမြတ်သည် မတ်တတ်ထရပ်လိုက်စဥ်အခိုက် မျက်နှာပေါ်တွင်မူ အပြုံးအရိပ်အယောင် မရှိတော့ဘဲ ခွှမ့်ရွှယ်ရှန့်အား ဘေးမှ တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။ ခွှမ့်ရွှယ်ရှန့်ကမူ ထိုမုန်တင်ခရမ်းလက်ဖက်ထုတ်လေးကို သေချာသိမ်းဆည်းလိုက်ပြီး ပြုံးပြလိုက်သည်။

ထိုအခါမှ သူတို့အရှင်မင်းမြတ်၏ မျက်နှာပေါ်တွင် အပြုံးအရိပ်အယောင် ပေါ်ထွက်လာပြီး

"မင်းက ဒီလောက်တောင် အသေးစိတ်ဂရုစိုက်တတ်တာပဲ။"

သခင်လေးခွမ့်က ပြုံးရွှင်စွာဖြင့် :"ခင်ဗျား လက်ဖက်ရည်ကုန်အောင် သောက်တာကို တွေ့ရခဲလို့ပါ။ မနေ့က ခင်ဗျားတို့ကို ကြိုဆိုဖို့အတွက် ကျွန်တော် လွိချန်းမင်လက်ဖက်ကို တကူးတက ဝယ်ခဲ့ပေမဲ့ ခင်ဗျားက တစ်ငုံပဲ သောက်ခဲ့တယ်လေ။ ဒီနေ့ ဆိုင်မှာလည်း လောင်ဖုန်းချွမ်းလက်ဖက်ရည် ခတ်ပေးခဲ့သေးတယ်။ ခင်ဗျား ကြိုက်ပုံမရပါဘူး။"

သူသည် ဤသို့ အသေးစိတ်အထိ ဂရုပြုမိခဲ့ခြင်း ဖြစ်သည်။

သူတို့၏ အရှင်မင်းမြတ်ကလည်း ဤသို့ ဂရုစိုက်ခံရမှုကို တော်တော်လေး နှစ်ခြိုက်သဘောကျနေပုံရ၏။

"အင်း။ ဒီလက်ဖက်က သောက်လို့ကောင်းတယ်လို့ ထင်မိတယ်။ တွေ့ရတာလည်း နည်းတာကိုး။"

လီချင်းမှာ မူလက "ကျွန်တော်တို့ သခင်ကြီးက ထူးဆန်းတဲ့ လက်ဖက်မျိုးတွေကိုပဲ သောက်ရတာ ကြိုက်တာပါ" ဆိုသည့် စကားမျိုးဖြင့် အခြေအနေကို ဖုံးဖိရန် ပြင်လိုက်သော်လည်း ပြန်စဉ်းစားကြည့်ရာ တမင်သက်သက် လုပ်ယူထားသလို ဖြစ်နေမည်စိုးသဖြင့် သည်းခံလိုက်ရ၏။

သို့သော် သခင်လေးခွမ့်၏ ဤပြုမူဆောင်ရွက်ချက်က အရှင်မင်းမြတ်အား အလွန်အမင်း စိတ်ကျေနပ်မှု ရရှိစေခဲ့သည်မှာ ထင်ရှားလှသည်။ အရှင်မင်းမြတ်က နူးညံ့စွာဖြင့်ပင် မေးလိုက်သေးသည်။

"ဒါဆိုရင် မင်းရော။ ဘာသောက်ရတာ ကြိုက်လဲ။ ဘာစားရတာ ကြိုက်လဲ။"

သခင်လေးခွမ့်သည် မေးသမျှကို ပွင့်ပွင့်လင်းလင်းပင် ပြန်လည်ဖြေကြားခဲ့သည်။

"ကျွန်တော်က အချိုသောက်ရတာ ကြိုက်တယ်။ ဥပမာဆိုရင် သစ်တော်သီးဟင်းချို၊ ဇီးသီးရေ၊ လိုင်ချီးသီးဖျော်ရည်၊ မုယောသေရည်ချို၊ နောက်ပြီး ခုနက သောက်ခဲ့တဲ့ မုရှီးပေါင်းခံရည်လည်း မဆိုးပါဘူး။ စားစရာကျတော့ အများကြီးပဲ၊ အထူးသီးသန့်ကြိုက်တာမျိုးတော့ မရှိဘူး၊ အရသာရှိရင် ရပြီ။"

အရှင်မင်းမြတ်: "ကိုယ်ကတော့ စားသောက်တဲ့အခါ အရမ်းချေးများတယ်။"

အရှင်မင်းမြတ်ကိုယ်တိုင်လည်း သိသေးသားပဲ!

ခွှမ့်ရွှယ်ရှန့်က ခပ်ဖွဖွ ပြုံးပြီး ဆို၏။

"သတိထားမိပါတယ်။"

အနည်းငယ်သာ စားရုံမက အေးအေးဆေးဆေးလည်း အနုစိတ် ဝါးစားတတ်သေးသည်။ သူ စားသောက်သည့် အမူအရာကို ယဉ်ကျေးသိမ်မွေ့သည်ဟု ပြောရုံဖြင့် မလုံလောက်ပေ။ မျက်ခုံးမွှေးများက ထက်မြက်စူးရှသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ မပြုံးသည့်အခါ ခပ်အေးအေး ချောမောသူတစ်ဦးနှင့် တူပြီး အစားအစာကိုပင် မလိုတလို စားနေသည့်အလား၊ မျက်နှာသာပေးသည့်အနေဖြင့် နှစ်လုတ်ခန့် စားသုံးပေးနေသည့်အတိုင်း ဖြစ်လေသည်။

သူက အရှင်မင်းမြတ်အား မေးလိုက်သည်။

"ခင်ဗျား ပုယဲ့မြို့ကို သွားလည်ဖူးလား။"

အရှင်မင်းမြတ်: "မသွားဖူးဘူး။ ကိုယ် ဒီကိုရောက်ကတည်းက အပြင်ထွက်တာ နည်းတယ်။"

"ဒါဆိုရင် နောက်နေ့ ခင်ဗျားကို သွားလည်ဖို့ ခေါ်သွားပေးမယ်လေ။ ပုယဲ့မြို့က အရမ်း စည်ကားတာ။ အရပ်လေးမျက်နှာလုံးက အစားအသောက် အရသာပေါင်းစုံ ရှိတဲ့အပြင် မြို့တော်မှာပဲရတဲ့ ဟင်းလျာတွေလည်း ရှိတယ်။ ခင်ဗျား ခံတွင်းတွေ့ချင်တွေ့မှာပါ။"

အရှင်မင်းမြတ်၏ မျက်နှာတွင် အပြုံးပန်းများဖြင့် ပြည့်နှက်သွားခဲ့သည်။

"ကောင်းပါပြီ။"

ပေသို့မြစ်ပေါ်ရှိ ခိုင်းယန်တံတားကို ဖြတ်သန်းပြီးနောက် မြို့မြောက်ဘက်ရှိ စွန့်ပစ်ထားသော နန်းတော်ဥယျာဉ်ဟောင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ ဤနေရာတွင် အရှေ့မှ အနောက်သို့ သွယ်တန်းနေသည့် နိမ့်ပါးသော တောင်ကုန်းလေးတစ်ခု ရှိရာ သူတို့၏ အရှင်မင်းမြတ်က ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်ပြီး သခင်လေးခွမ့်အား ပြောလိုက်၏။

"ကိုယ့်ကို လက်ပေး။"

သခင်လေးခွမ့်မှာ ခဏမျှ အံ့အားသင့်သွားခဲ့သည်။

သို့သော်လည်း နှုတ်ခမ်းကို စေ့ထားလျက် လက်ကို ဆန့်ထုတ်ပေးလိုက်၏။

သူတို့၏ အရှင်မင်းမြတ်သည် သခင်လေးခွမ့်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို တွဲခေါ်၍ တောင်ကုန်းမြင့်ပေါ်သို့ တက်သွားခဲ့တော့သည်။

လီချင်းမှာ အသက်ပင် ပြင်းပြင်းမရှူဝံ့ဘဲ အလိုလိုနေရင်း ခြေလှမ်းများကို လျှော့ချလိုက်ရ၏။

ခွှမ့်ရွှယ်ရှန့်သည် ဖူယိ၏ လက်ကို ညင်သာစွာ ပြန်လည်ဆုပ်ကိုင်လိုက်သည်။

အလွန် ထူးဆန်းလှပေ၏။ တစ်ဖက်သူမှာ ရူပကာ လှပဆန်းပြားသူ ဖြစ်သော်လည်း လက်ချောင်းထိပ်များတွင်မူ အသားမာများ ထင်ရှားစွာ ရှိနေသည်။ အထူးသဖြင့် လက်ညှိုးနှင့် လက်မနေရာတို့တွင် ဖြစ်သည်။

သူကိုယ်တိုင်လည်း ယခင်က လက်တွင် ဤသို့ ရှိခဲ့ဖူးသည်။ အဓိကအားဖြင့် လေးမြား ပစ်ခတ်လွန်းခဲ့ခြင်းကြောင့် ဖြစ်ကာ ယခု နှစ်နှစ်ခန့် အေးအေးဆေးဆေး နားနေခဲ့မှသာ အသားအရေက ပျော့ပျောင်းဖြူဝင်းလာခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်သူမှာမူ ဤသို့ သိမ်မွေ့သော ပုံစံရှိသဖြင့် လက်ပေါ်ရှိ အသားမာများမှာ စုတ်တံကို ကိုင်ဆောင်လွန်း၍ ဖြစ်လိမ့်မည်။

ထိုအသားမာများက သူ၏လက်ကို ခပ်ဖွဖွ ပွတ်သပ်သွားသောအခါ၌မူ ယားယံသော ခံစားချက်တို့ပင် ဖြစ်ပေါ်လာလေ၏။

ကံကောင်းသည်မှာ တစ်ဖက်သူက တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သဖြင့် ထိုယားယံနေသော ခံစားချက်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး တင်းကျပ်စွာ ဆုပ်ကိုင်ခံထားရသည့် နွေးထွေးမှုသာ ကျန်ရှိတော့သည်။

တောင်ကုန်းမြင့်ပေါ်မှကြည့်ပါက အဝေးရှိ ဇာမဏီနန်းတော်ကို ကောင်းစွာ မြင်တွေ့နိုင်သည်။ ထိုအတောင်ပံ ကျိုးပဲ့နေသော ဇာမဏီငှက်ရုပ်ထုကြီးမှာ အပျက်အစီးများပေါ်တွင် တစ်ကောင်တည်း ထီးထီးကြီးရှိနေပြီး အမြီးတောင်နေရာ၌သာ နီရဲသော ဆေးရောင်အကွက်များ ကျန်ရှိတော့၏။ ယခုအခါ ထိုရုပ်ထုကြီးပေါ်တွင် ကျီးကန်းအတော်များများ နားခိုနေကြသည်။

နေဝင်ဆည်းဆာအောက်ရှိ နန်းတော်ဟောင်း၏ ကျိုးပဲ့နေသော နံရံများနှင့် တောမြက်ပင်များမှာ ကျယ်ဝန်းလှသော နန်းတော်ကြီးကို ခြောက်ကပ်နေသည့် အငွေ့အသက်တို့အား ဆောင်ကြဉ်းပေးနေသည်။ ဤအခိုက် ခွှမ့်ရွှယ်ရှန့်၏ ရင်ခုန်သံများမှာ ကာလအတန်ကြာမှ ပထမဦးဆုံးအကြိမ်အဖြစ် လျင်မြန်စွာ ခုန်လှုပ်လာခဲ့၏။

ဆရာကြီးစနစ်ထဲတွင် အချိန်အကြာကြီး နေထိုင်ခဲ့ရသဖြင့် နှလုံးသားမှာ ခံစားမှုမရှိဘဲ ထုံထိုင်းသွားခဲ့ချေပြီ။ ဤကာလအတန်ကြာမှ ရရှိလိုက်သော ရင်ခုန်လှုပ်ရှားမှုကြောင့် သူ၏ မွေးညှင်းပေါက်များပင် ပွင့်ထွက်မတတ် ခံစားလိုက်ရသည်။

သူသည် အရာရာကို ကြုံတွေ့ခဲ့ဖူးသော်လည်း ချစ်ကြိုက်ဖူးခြင်း မရှိသေးချေ။

သူတို့ ဤသို့ ပြုမူနေသည်ကို ချစ်ကြိုက်နေကြသည်ဟု သတ်မှတ်၍ ရနိုင်သလော။

ထို့အပြင် တခြားအကြောင်းအရင်းတစ်ခုမှာမူ မိမိကိုယ်တိုင် မတူညီသော အဆင့်မြင့် ဆရာကြီးရာထူး အမျိုးမျိုးကို စိုးစံခဲ့ဖူးသော်လည်း ယခုအခါ၌မူ ဤငယ်ရွယ်လှပသည့် အဖြူထည်သခင်လေး၏ အပြည့်အဝ ဦးဆောင်မှုကို ခံနေရခြင်းကြောင့် ဖြစ်သည်။

သူ၏ မျက်နှာပေါ်တွင် အနည်းငယ် ပူနွေးလာပြီး ကျန်းကျီအား သေသေချာချာ မကြည့်ဝံ့သဖြင့် အကြည့်များကို အဝေးသို့သာ ပို့ထားလိုက်ရ၏။ ဇာမဏီနန်းတော် အပြင်ဘက်၌ တပ်စွဲထားသော စစ်သည်များနှင့် ဝင်ထွက်သွားလာနေသော မြင်းရထားများကို ရေးရေးမျှ မြင်တွေ့နေရကာ နန်းတော်နံရံများပေါ်တွင် စိုက်ထူထားသော အလံတော်များမှာ နီရဲသော နေမင်းအောက်၌ တဖျပ်ဖျပ် လွင့်ပျံနေကြသည်။

ကျီးကန်းများမှာ အုပ်စုလိုက် တအာအာဖြင့် ပျံသန်းသွားကြသည်။ နှစ်ကောင်မှာ သူတို့၏ အရှေ့သို့ပင် ပျံသန်းရောက်ရှိလာပြီး သူတို့အား ဝန်းရံ၍ တစ်ပတ် ပျံသန်းသွားခဲ့၏။ ထိုကျီးကန်းများ၏ အတောင်ပံများမှာ နေဝင်ဆည်းဆာအောက်၌ ရွှေရောင် အဆင်းဖြင့် ဝင်းလက်နေကြသည်။

ယခုအခါ သူ၏ ရင်ခုန်သံများမှာ မြန်ဆန်နေသဖြင့် ပုံမှန်မဟုတ်ဘဲ စကားပိုမို ပြောဆိုရန် ကြိုးစားလိုက်သည်။

"အခုတလော နန်းတော်ဟောင်း အပြင်ဘက်မှာ လူတွေ အများကြီး တိုးလာတယ်။ ဘယ်သူရောက်နေလဲ မသိဘူး။"

ဖူယိက ခေါင်းလှည့်၍ သူ့အား ကြည့်လိုက်သည်။ အလင်းကို ကျောခိုင်းထားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ရာ သူ၏သူငယ်အိမ်မှာ ပိုမို နက်မှောင်နေပြီး ခွမ့်ရွှယ်ရှန့်အား စိုက်ကြည့်ရင်း အသံတိုးတိုးဖြင့် ပြောလိုက်၏။

"အရှင်မင်းမြတ် ဖြစ်လိမ့်မယ်။"

ခွှမ့်ရွှယ်ရှန့် :"ဟင်!"

"ဘာဖြစ်လို့လဲ။ မင်း သူ့ကို အဲဒီလောက် ကြောက်နေတာလား။"

ခွှမ့်ရွှယ်ရှန့် :"သူက ရွှမ်းလွမ်မြို့မှာ နာမည် သိပ်မကောင်းဘူးလေ။"

သူသည် ယခုအခါ ဖူယိနှင့် အတော်အတန် ရင်းနှီးနေပြီဖြစ်ရာ သီးသန့် အခြေအနေလည်း ဖြစ်သဖြင့် အလေးအနက် ဝေဖန်ပြောဆိုလိုက်၏။

"ကြားတာတော့ အဲဒီအရှင်မင်းမြတ်က စိတ်စိတ္တဇဆန်တယ်၊ အပြောင်းအလဲ မြန်တယ်၊ သွေးဆာပြီး ရက်စက်တယ်။ ကုန်ကုန်ပြောရရင် လူကို ဝါးမျိုးစားပစ်မဲ့ နဂါးဆိုးကြီးတဲ့။"

ဖူယိ မျက်ခုံးပင့်လိုက်မိသည်။ တောင်ကုန်းမြင့်ပေါ်ရှိ လေအေးကြောင့် ဆံပင်များမှာ အနည်းငယ် ရှုပ်ပွသွားခဲ့၏။ ဖူယိသည် သူ့အား စိုက်ကြည့်ရင်း ပြုံးရွှင်စွာဖြင့် "အင်း" ဟု တစ်ချက် အသံပြုပြီး ထပ်ပြောလိုက်သည်။

"ဒါဆိုရင် နောက်ဆို သူ့မကောင်းကြောင်း နည်းနည်းပဲ ပြောတော့။ သူကိုယ်တိုင်က သတင်းစကားတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းနေနိုင်တယ်။"

ပြောပြီးသည်နှင့် လီချင်းထံမှ "အားယို့" ဆိုသည့် အသံ ထွက်ပေါ်လာပြီး တောင်ကုန်းမြင့်ပေါ်မှ မတော်တဆ လိမ့်ကျသွားခဲ့တော့၏။

ခွှမ့်ရွှယ်ရှန့်လည်း လက်ကို အမြန် လွှတ်လိုက်ပြီး တောင်ကုန်းအတိုင်း အောက်သို့ ပြေးဆင်းကာ လီချင်းအား တွဲထူပေးလိုက်သည်။

"ကျွန်တော်မျိုး ဘာမှ မဖြစ်ပါဘူး။ ဘာမှ မဖြစ်ပါဘူး။"

လီချင်း၏ မျက်နှာမှာ ရဲရဲနီနေခဲ့၏။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment