အပိုင်း (၈.၁)
ဒုတိယနေ့ နံနက်စောစောတွင် သခင်နှင့် အစေခံ နှစ်ယောက်စလုံး အပြင်ဘက်မှ အသံဗလံများကြောင့် နိုးလာခဲ့ကြသည်။
အပြင်ဘက်တွင် အလွန်ဆူညံနေ၍တော့ မဟုတ်ပေ။ ဖူယိမှာ မူလကတည်းက တိတ်ဆိတ်ခြင်းကို နှစ်သက်သူဖြစ်ရာ ပုံမှန် နေထိုင်သည့်နေရာတွင် ဖူယိ မနိုးသေးပါက အပြင်ဘက်မှ မည်သူမျှ ချောင်းတစ်ချက်ပင် မဟမ့်ရဲကြ။
လီချင်း အမြန်ပင် ထထိုင်လိုက်ပြီး အင်္ကျီကို ခပ်ပါးပါး ခြုံကာ တံခါးဖွင့်၍ ထွက်လာခဲ့၏။ ခွမ့်ရွှယ်ရှန့်သည် အခန်းတံခါးကို ပိတ်လိုက်ပြီး ထုပ်ပိုးထားသော အထုပ်တစ်ထုပ်ကို ကျော၌ လွယ်ထားကာ အပြင်သို့ ထွက်ခွာတော့မည့် ပုံစံကို တွေ့လိုက်ရသည်။
လီချင်းက အမြန်ပင် ပြုံး၍ နှုတ်ဆက်လိုက်သည်။
"သခင်လေး၊ ဒီလောက် စောစောစီးစီး ထလို့ပါလား၊ အပြင်သွားမလို့လား။"
ခွမ့်ရွှယ်ရှန့်က စိတ်ထဲတွင် 'ဒါက ဘယ်နားက စောလို့လဲ' ဟု တွေးလိုက်မိ၏။
သူသည် ပုံမှန်အားဖြင့် မနက်ခြောက်နာရီဆိုလျှင် ထနေကျဖြစ်ပြီး ယနေ့တွင်မူ ထိုသခင်နှင့် အစေခံနှစ်ယောက်ကို စောင့်ရန်အတွက် ခုနှစ်နာရီမှသာ ထခဲ့ခြင်းဖြစ်သည်။ သူသည် မနက်စာ ချက်ပြုတ်ပြင်ဆင်ပြီး စားသောက်ပြီးသွားသည်အထိ ထိုနှစ်ယောက်ထံမှ အသံဗလံ ဘာမှ မရှိသေးပေ။
"ကျွန်တော် ဆိုင်သွားရတော့မယ်။" ခွမ့်ရွှယ်ရှန့်က ပြောလိုက်၏။
"မနက်စာတွေကို အိုးထဲမှာ နွှေးထားပေးတယ်။ ခဏနေရင် ခင်ဗျားတို့ဘာသာ စားလိုက်ကြတော့နော်။"
သူက ထိုသို့ပြောရင်း ဟနေသော အခန်းတံခါးမှတစ်ဆင့် အထဲသို့ လှမ်းကြည့်လိုက်ရာ အနက်ရောင် စိမ်းမှောင်နေသော ခြင်ထောင်လိုက်ကာများကို မရေမရာ မြင်တွေ့လိုက်ရသည်။
အနက်ရောင်က အလင်းရောင်ကို ကွယ်ပေးနိုင်သဖြင့် အိပ်စက်ရာတွင် အမှန်တကယ် ပိုမိုကောင်းမွန်သည်။ သို့သော် ရှေးခေတ်လူများထဲတွင် အနက်ရောင် လိုက်ကာများကို သုံးစွဲသူ လွန်စွာမှပင် ရှားပါးလှသဖြင့် ရုတ်တရက် ကြည့်လိုက်ပါက ကြောက်စရာကောင်းလှ၏။
လီချင်း: "သခင်ကြီးက မနိုးသေးပါဘူး။"
ခွမ့်ရွှယ်ရှန့် ပြုံးပြလိုက်သည်။
ထိုအချိန်တွင် မနက်ခင်း အလင်းရောင်မှာ သူ၏ မျက်နှာပေါ်သို့ ကောင်းစွာ ကျရောက်နေချေပြီ။ ထိုမျက်နှာမှာ အမှန်တကယ်ပင် ဆန်းကြယ်လှပြီး နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်ဖြစ်ရာ ပြုံးပြလိုက်သောအခါ ရုတ်တရက် တောက်ပသော အလှတရားများ စိမ့်ထွက်လာခဲ့၏။ သူ၏ ဝတ်ဆင်ထားပုံမှာလည်း နွေဦး၏ အငွေ့အသက်များ လွှမ်းမိုးနေကာ ဆံပင်ကို အစိမ်းရောင် ဆံထိုးတစ်ချောင်းဖြင့် စည်းနှောင်ထားသည်။ အစိမ်းရင့်ရောင် ဝါးရွက်ပေါ်တွင် အနက်ကွက်များပါသော ရိုးရှင်းသည့် ဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် တစ်ကိုယ်လုံးတွင် သဘာဝအတိုင်း ပေါ့ပါးသန့်ရှင်းသော အငွေ့အသက်များ ကိန်းဝပ်နေသည်။
သူသည် အလွန်ပင် သိမ်မွေ့သော သခင်လေးတစ်ယောက်ဟု ထင်ရသော်လည်း သာမန်လူများ မလုပ်ဝံ့သော ကိစ္စများကို ပြုလုပ်ဝံ့သူ ဖြစ်၏။ ဥပမာအားဖြင့် ယခုကဲ့သို့ မိမိနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးသော အပြင်လူ နှစ်ယောက်ကို အိမ်တွင် စိတ်အေးလက်အေး စွန့်ပစ်ထားခဲ့ပြီး ထိုသူများက မိမိ၏ အိမ်ကို အကုန်မ'ယူသွားမည်ကိုပင် မစိုးရိမ်ပေ။
အမှန်တော့ ဤအချက်မှာ အရှင်မင်းမြတ်နှင့် အနည်းငယ် တူညီသည်။ သို့သော် အရှင်မင်းမြတ်မှာမူ မိမိစိတ်ကြိုက် ပြုလုပ်ပိုင်ခွင့်ရှိသော ဧကရာဇ်မင်း ဖြစ်ပြီး သခင်လေးခွမ့်မှာမူ လွတ်လပ်ပေါ့ပါး၍ ချုပ်ချယ်မှုမရှိသော လွတ်လပ်သူတစ်ဦး ဖြစ်ကာ ထိုပါးလွှာသော ခန္ဓာကိုယ်ထဲတွင် သတ္တိနှင့် ပြည့်စုံသော သဲအူများ ကိန်းဝပ်နေသည့်အတိုင်းပင်။
လီချင်းက ခွမ့်ရွှယ်ရှန့်ကို အိမ်တံခါးဝအထိ လိုက်ပို့လိုက်သည်။
အပြင်ဘက်တွင် တိတ်ဆိတ်အေးမြနေဆဲ ဖြစ်ပြီး လမ်းကြားထဲတွင်လည်း မည်သူမျှမရှိဘဲ နွေဦးနှင်းမြူများသာ ဖုံးလွှမ်းနေ၏။
မင်္ဂလာကြီးနှင့် မင်္ဂလာလေးတို့မှာ တံတိုင်းပေါ်တွင် နားနေကြပြီး လူ့သဘာဝကို နားလည်နေသည့်အတိုင်း သခင်လေးခွမ့် ထွက်သွားသည်နှင့် တောင်ပံခတ်ကာ ခြံဝင်းအတွင်းသို့ ပျံသန်းဝင်ရောက်လာကြတော့သည်။
လီချင်းလည်း ခွမ့်ရွှယ်ရှန့် ဝေးရာသို့ ထွက်ခွာသွားသည်အထိ စိုက်ကြည့်နေခဲ့၏။
သူတို့မှလွဲ၍ မည်သူမျှ မသိသည်မှာ ဤအနီးနားရှိ အိမ်နီးနားချင်းများ၏ မြင့်မားသော တံတိုင်းများအတွင်း၌ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော စိစစ်လှသည့် စစ်သည်တော်များနှင့် လှံ၊ မြား၊ ဓားများက တောအုပ်သဖွယ် စီရီလျက်ရှိနေကြခြင်း ဖြစ်သည်။ မိန်းမစိုးများမှာလည်း အုပ်စုလိုက် ငြိမ်သက်စွာ လှုပ်ရှားနေကြ၏။
သူ ဝေးရာသို့ ထွက်သွားမှသာ လီချင်းက အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ ပထမဦးစွာ မီးဖိုးချောင်သို့ သွားရောက်ကာ ဒယ်အိုးဖုံးကို မကြည့်လိုက်ရာ အထဲတွင် ရိုးရှင်းသော မနက်စာ နှစ်ပွဲ ရှိနေသည်ကို တွေ့လိုက်ရ၏။
ဤသို့သော မနက်စာမျိုးကို သူကိုယ်တိုင် စားလျှင်ရသော်လည်း အရှင်မင်းကြီးအား ဆက်သရန်မူ မဝံ့ရဲပေ။
အရှင်မင်းမြတ်သည် စားသောက်ရာတွင် အလွန်ဂျီကျ အလိုကြီးသူဖြစ်ရာ ခရီးထွက်သည့်အခါတိုင်း နန်းတွင်းစားဖိုမှူးများကို မပါမဖြစ် ခေါ်ဆောင်လာလေ့ရှိသည်။
ယမန်နေ့ညက အမှောင်ထုကြောင့်လည်းကောင်း၊ ဆီမီးရောင် မှိန်လွန်း၍လည်းကောင်း မီးဖိုချောင်၏ ပြင်ဆင်ထားပုံကို သေချာမမြင်ခဲ့ရပေ။ ယခု သေချာကြည့်လိုက်မှ မီးဖိုချောင်မှာ မကြီးမားလှချေ။ ပစ္စည်းပစ္စယများ များပြားသော်လည်း စနစ်တကျ သပ်သပ်ရပ်ရပ်နှင့် အလွန်သန့်ရှင်းနေသည်ကို တွေ့လိုက်ရ၏။
အမှန်တကယ်ပင် သန့်ရှင်းစင်ကြယ်၍ လုပ်ရည်ကိုင်ရည်ရှိသော သခင်လေးတစ်ယောက်ပင်။
ဖူယိသည် မနေ့က သန်းခေါင်ယံအထိ စာဖတ်ခဲ့သဖြင့် ယနေ့တွင် အလွန်နောက်ကျမှ နိုးလာခဲ့သည်။ လီချင်း အပြင်ဘက်တွင် ခဏမျှ ဆက်လက်စောင့်ဆိုင်းပေးနေပြီး ဖူယိ နိုးလာသည်ကို မြင်မှသာ လက်ခုပ်တီး၍ အခြားသူများကို ဝင်လာရန် အချက်ပြလိုက်တော့သည်။
ထိုအခါ မိန်းမစိုးများသည် ခါးကို ကိုင်းထားကာ တဘက်များနှင့် ရေဇလုံများကို ပွေ့၍ စနစ်တကျ ဝင်ရောက်လာကြ၏။
ဤအခန်းမှာ သေးငယ်သဖြင့် လူများဖြင့် ပြည့်နှက်လုနီးပါး ဖြစ်သွားသည်။ လူတိုင်းက တန်းစီရပ်တည်ကြပြီး အသက်ရှူသံပင် မထွက်ဘဲ ခေါင်းငုံ့လျက် အလှည့်ကျ ဖြည်းဖြည်းချင်း တိုးကပ်သွားကြ၏။ ခြေလှမ်းများကိုမူ ခပ်ဖွဖွသာ နင်းကြသဖြင့် ခါးဆွဲရတနာများမှပင် အသံတစ်စက်မျှ မထွက်ပေ။ လူတစ်ဆယ်ကျော်မျှ ထိုနေရာတွင် ကူးလူးလှုပ်ရှားနေကြသော်လည်း အသံဗလံ အနည်းငယ်မျှပင် ထွက်ပေါ်မလာခဲ့။
သူတို့သည် ခုတင်အပြင်တွင် အဝတ်အစား လဲလှယ်ရန် အခန်းငယ်လေးတစ်ခုဖြစ်အောင် ကာရံလိုက်ကြ၏။ အနီးကပ် မိန်းမစိုးများက အထဲသို့ ဝင်ရောက်၍ ဖူယိအား ရေဖတ်တိုက်ပေးခြင်း၊ မျက်နှာသစ်ပေးခြင်းများ ပြုလုပ်ပေးကြပြီး ရေဇလုံနှင့် ဘီးများကို ဒူးထောက်၍ ဆက်သကြကာ အရှင့်၏ ခန္ဓာကိုယ်ကို လုံးဝမကြည့်ဝံ့ကြပေ။ အခြားသူများမှာမူ အကာများ၏ အပြင်ဘက်တွင် ခေါင်းငုံ့၍ ကျောခိုင်း ရပ်နေကြသည်။
ဖူယိသည် လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး မိန်းမစိုးများ၏ ဝတ်ရုံဝတ်ဆင်ပေးမှုကို ခံယူနေရင်း ဇာမဏီမျက်လုံးများက ပျင်းရိ ငိုက်မြည်းစွာဖြင့် အပြင်သို့ လှမ်းကြည့်လိုက်ရာ အခြား မိန်းမစိုးတစ်ဖွဲ့သည် စားသောက်ဖွယ်ရာ မုန့်ခြင်းများကို ကိုင်ဆောင်ကာ တိတ်ဆိတ်စွာဖြင့် ခြံဝင်းအတွင်းသို့ ဝင်ရောက်လာပြီး ပင်မအဆောင်သို့ ဝင်သွားကြသည်ကို တွေ့လိုက်ရ၏။
လီချင်းသည် ကိုယ်တိုင်ကိုယ်ကျ ဟင်းပွဲများကို ပြင်ဆင်ခင်းကျင်းပေးလိုက်ရာ အိမ်ရှိ စားပွဲငယ်လေးမှာ ပြည့်နှက်သွားတော့သည်။ တစ်ဝက်မှာ နန်းတော်တွင် ပုံမှန်သုံးဆောင်နေကျ ဟင်းပွဲများဖြစ်ပြီး၊ ကျန်တစ်ဝက်မှာမူ ရှီးကျင်း ဒေသထွက် စားသောက်ဖွယ်ရာများ ဖြစ်ကြ၏။
ဘေးအိမ်၏ ခြံဝင်းအတွင်း၌ ဒေသခံအရာရှိများ ဆက်သထားသော နာမည်ကြီး စားဖိုမှူး အများအပြား ရှိနေကြသည်။
သို့သော် အရှင်မင်းမြတ်မှာမူ မည်သည့်အရာကိုမျှ မြိန်ရှက်စွာ သုံးဆောင်သည့် ပုံမပေါ်ပေ။ သခင်လေးခွမ့် မရှိတော့သဖြင့် သူသည် နည်းနည်းမျှပင် ဟန်မဆောင်တော့ဘဲ မျက်နှာတွင် အပြုံးအရိပ်အယောင် လုံးဝမရှိတော့ချေ။ ဟင်းပွဲအချို့ကို ဇွန်းဖြင့် အနည်းငယ် တို့ထိသုံးဆောင်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။
"သူ ထွက်သွားတုန်းက ဟင်းပွဲတွေ မချန်ခဲ့ဘူးလား။"
"ချန်ခဲ့ပါတယ်။ အိုးထဲမှာ ရှိပါသေးတယ်။"
လီချင်းသည် အရှင်မင်းမြတ်၏ မျက်နှာကို သေချာ အကဲခတ်ကြည့်ပြီးနောက် ကိုယ်တိုင်ကိုယ်ကျ မီးဖိုချောင်သို့ သွားရောက်ကာ ခွမ့်ရွှယ်ရှန့် ချန်ထားခဲ့သော မနက်စာများကို သယ်ဆောင်လာခဲ့၏။
ယင်းမှာ သာမန်အတန်ငယ် ပြည့်စုံသော အရပ်သူအရပ်သားများ စားသုံးသည့် မနက်စာမျိုး ဖြစ်ပြီး လွန်စွာမှပင် ရိုးရှင်းလှသည်။ ဆန်ပြုတ်တစ်ခွက်၊ ဟင်းသီးဟင်းရွက်တစ်ပွဲ၊ ကြက်ဥကြော်တစ်ပွဲနှင့် အချဉ်စိမ်ထားသော သခွားသီး ပန်းကန်လုံးငယ်တစ်လုံး ပါဝင်ပြီး သခွားသီးများကို ပိပိရိရိ သပ်သပ်ရပ်ရပ် အရွယ်အစား တူညီသော အချပ်ပါးလေးများ လှီးဖြတ်ကာ ပြင်ဆင်ထားခြင်း ဖြစ်သည်။
ထိုလှီးဖြတ်ထားသည့် ဓားလက်ရာကို ကြည့်ခြင်းအားဖြင့် ဓားစွမ်းရည် လွန်စွာထက်မြက်ပြီး စိတ်ရှည်သည်းခံမှုလည်း လွန်စွာရှိသူ ဖြစ်ကြောင်း သိသာလှသည်။
ခွမ့်ရွှယ်ရှန့်၏ စာအုပ်ဆိုင်ကို ပိုင်ဝေ့ရွှမ်း ခေါ်ပြီး ရွှေကျွန်းသစ်လမ်းမ၏ အတွင်းဘက်ဆုံး စည်တော်စံအိမ်နှင့် နီးကပ်သော နေရာတွင် တည်ရှိသည်။ ရွှေကျီးကန်းလမ်းမသည် ချောင်းယန်တံခါးမှ စတင်ကာ မိုင်ပေါင်းများစွာ ရှည်လျားပြီး စည်တော်စံအိမ်ဘက်သို့ ရောက်သောအခါ တိတ်ဆိတ်ငြိမ်သက်သွားတတ်သည်။ သူသည် ဖြတ်လမ်းမှသွားရန်အတွက် ရွှေကျီးကန်းလမ်းမကြီးအတိုင်း လမ်းလျှောက်ခဲပြီး စည်တော်စံအိမ် အနောက်ဘက်ရှိ လူနေလမ်းကြားမှ ဖြတ်သွားလေ့ရှိ၏။
ထိုဘက်တွင် လမ်းကြားတစ်ခုရှိပြီး ထွက်လာ၍ ဘယ်ဘက်သို့ ကွေ့လိုက်သည်နှင့် ပိုင်ဝေ့ရွှမ်း စာအုပ်ဆိုင်သို့ ရောက်ရှိသည်။ စည်တော်စံအိမ် အနီးဝန်းကျင်တွင် များသောအားဖြင့် စာရေးကိရိယာ ပစ္စည်းများ၊ စာချီကဗျာ ပန်းချီများနှင့် ရှေးဟောင်း ပစ္စည်းမျိုးစုံကို ရောင်းချကြပြီး သူ၏ ပိုင်ဝေ့ရွှမ်း စာအုပ်ဆိုင်မှာမူ ထိုအထဲတွင် ဆိုင်ခန်း အသေးဆုံးဖြစ်ကာ ပေါ်လွင်မှုမရှိဆုံး ဆိုင်လေး ဖြစ်လေသည်။
လက်ရှိအချိန်တွင် မနက်ခင်း အလင်းရောင်မှာ မနက်ခင်း မြူနှင်းများကို လင်းလက်စေသော်လည်း ကျင်းဝူးလမ်းမပေါ်တွင်မူ တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်၏။
ခွမ့်ရွှယ်ရှန့်သည် ရှေးခေတ်၏ နေဝင်ဆည်းဆာနှင့် နံနက်ခင်းအချိန်များကို အလွန်နှစ်သက်လှသည်။ နေဝင်ဆည်းဆာ ရောက်ရှိလာသောအခါ ကောင်းကင်ယံမှာ ဖြည်းဖြည်းချင်း မှောင်မိုက်သွားပြီး တစ်ကမ္ဘာလုံး အိပ်မောကျသွားသကဲ့သို့ ခံစားရကာ ပိုလျှံသော အလင်းရောင်များ မရှိဘဲ ဆူညံသံများပင် ပျောက်ကွယ်သွားတတ်သည်။
ထိုအခိုက်တွင် ကမ္ဘာကြီးတစ်ခုလုံး နှေးကွေးသွားသကဲ့သို့ ဖြစ်သွားကာ အချိန်သည်လည်း စီးဆင်းနေသော မြစ်တစ်စင်းသဖွယ် ဖြစ်သွား၏။ နံနက်ခင်း ရောက်ရှိလာသောအခါတွင်မူ ကောင်းကင်ယံမှာ ဖြည်းဖြည်းချင်း လင်းလက်လာပြီး ကမ္ဘာကြီးကလည်း မျက်လုံးပြန်ဖွင့်လာသည်။ တိတ်ဆိတ်သော လမ်းမပေါ်တွင် လူသူများ တဖြည်းဖြည်း ရှိလာပြီး နောက်ဆုံးတွင် ဆူညံစည်ကားလှသော လောကီလူ့ဘောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ညဉ့်အမှောင်နှင့် နေ့အလင်းရောင်မှာ ဤမျှ ထင်ရှားစွာ ကွဲပြားလှ၏။
သူသည် တစ်ချိန်က နေ့စဉ် ဘာမှမလုပ်ဘဲ ဤသို့ တံခါးဝတွင်ထိုင်ကာ နေထွက်နေဝင်နှင့် လူလှိုင်းတံပိုးများ တက်ဆင်းမှုကို ငေးမောကြည့်ရှုဖူးခဲ့သည်။
သူက အမြဲတစေ တံခါးကို စောစောဖွင့်လေ့ရှိပြီး ပုံမှန်အားဖြင့် ခဏမျှ စောင့်ဆိုင်းပြီးမှသာ ဝယ်သူများ ရောက်ရှိလာလေ့ရှိသည်။ သို့သော် ယနေ့တွင်မူ တံခါးဖွင့်လိုက်သည်နှင့် ဝယ်သူများ ရောက်ရှိလာခဲ့ကြပြီ ဖြစ်၏။
***
Aurora Novel Translation Team
အပိုင်း (၈.၂)
ဝယ်သူများ ဝင်ရောက်လာသည်ကို မြင်သောအခါ သူသည် အမြန်ပင် မတ်တတ်ထရပ်လိုက်ပြီး ပြုံး၍ မေးလိုက်သည်။
"သခင်လေးတို့ ဘာစာအုပ်များ ဝယ်ချင်လို့ပါလဲ။"
ရောက်ရှိလာသူများမှာ အသက်ငယ်ရွယ်သော အမျိုးသားအချို့ ဖြစ်ပြီး အရပ်မြင့်မား၊ ခံ့ညားကာ အလွန်ပင် ထက်မြက်ကြံ့ခိုင်သော ပုံစံရှိကြ၏။
"ကျွန်တော်တို့က အပျင်းပြေ လာကြည့်တာပါ။"
စာအုပ်ဆိုင်မှာ မကြီးမားလှဘဲ ဘယ်ညာ နံရံများတွင် ခြောက်လွှာပါသော စာအုပ်စင် နှစ်ခုစီ ရှိကြသည်။ သူ ရောင်းချသော စာအုပ်များမှာ စုံလင်လှပြီး ရှေးဟောင်း စာအုပ်ဟောင်းအချို့လည်း ပါဝင်သော်လည်း အများစုတော့ မဟုတ်ပေ။ အဓိက ရောင်းချသည်မှာမူ သူကိုယ်တိုင် ရေးသားထားသော ဝတ္ထုတိုများဖြစ်ပြီး ဇာတ်လမ်းမှစ၍ သရုပ်ဖော်ပုံများအထိ သူကိုယ်တိုင် အကုန်လုံး တာဝန်ယူ ပြုလုပ်ထားခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် သူ ရေးသားပြီးပါက ရွှေကျီးကန်း လမ်းမပေါ်ရှိ ပုံနှိပ်တိုက်သို့ ပေးပို့၍ ပုံနှိပ်ထုတ်ဝေစေသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း သူသည် ရွှမ်းလွမ်မြို့တွင် တဖြည်းဖြည်း နာမည်ရလာခဲ့ပြီး စာအုပ်များ အလွန်ရောင်းရလွန်းသဖြင့် မနိုင်မနင်း ဖြစ်လာသောအခါ ယောက်ျားချင်း ချစ်ကြိုက်သည့် ဝတ္ထုတိုများကိုသာ သီးသန့် ရေးသားထုတ်ဝေရန် ပြောင်းလဲလိုက်တော့သည်။ ဤနယ်ပယ်မှာ ဖတ်ရှုသူ နည်းပါးပြီး သီးသန့် အသိုင်းအဝိုင်းရှိသဖြင့် စာအုပ်ထုတ်ဝေမှု ပမာဏမှာ သူ့အတွက် ကွက်တိပင်။
သူသည် ထိုအသိုင်းအဝိုင်းထဲတွင် အလွန်ပင် နာမည်ကြီးလှရာ ယခုအခါ အခြားမြို့များမှ လူများပင် သူ၏ဝတ္ထုတိုများကို ဝယ်ယူရန် ရွှမ်းလွမ်မြို့သို့ သီးသန့် လာရောက်ကြသည်အထိပင်။
ရောက်ရှိလာသော ထိုဝယ်သူများမှာ ဤသို့သော ယောက်ျားချင်း ချစ်ကြိုက်သည့် ဝတ္ထုမျိုးကို ဖတ်ဖူးပုံမရပေ။ တစ်ယောက်က လှန်လှောကြည့်ရှုပြီးနောက် ကျန်သူများကိုပါ အမြန်ခေါ်ယူလိုက်ကြ၏။ ထိုအမျိုးသားကြီးများမှာ ခဏမျှ လှန်လှောကြည့်ပြီးနောက် မည်သည့် ဆွေးနွေးမှုမျှ မပြုလုပ်ဘဲ မျက်လုံးချင်းသာ အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြပြီး မျက်နှာများမှာ လွန်စွာ မသက်မသာ ဖြစ်သွားကြကာ နောက်ဆုံးတွင် တိတ်ဆိတ်စွာပင် ထွက်ခွာသွားကြတော့သည်။
ခွမ့်ရွှယ်ရှန့်ကမူ မိမိ၏ စာအုပ်ဆိုင်သို့ မှားယွင်းဝင်ရောက်လာသော ဒေါင်ဒေါင်မြည် အဖြောင့်အမျိုးသားများဟု ထင်မှတ်လိုက်ပြီး မိမိဆိုင်တံခါးဝတွင် "အဖြောင့်များ ဝင်မလာရ" ဟုပင် ဆိုင်းဘုတ် ချိတ်ဆွဲထားရမလားဟု စဉ်းစားမိသွား၏။
တွေးတောနေစဉ်မှာပင် အရပ်ရှည်ရှည် ခါးသေးသေးနှင့် မြင့်မြတ်လှသော ဧည့်သည်တစ်ဦး ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။
မြင့်မြတ်လှသော ဧည့်သည်ဟု ဆိုရခြင်းမှာ ထိုသူ၏ ဝတ်ဆင်ပြင်ဆင်ထားမှုမှာ လွန်စွာမှ ဆန်းပြားခမ်းနားလွန်းသောကြောင့် ဖြစ်၏။
သူသည် မိုးသောက်ယံပိုးထည် နီရဲရဲဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် ရွှေမြှုပ် ကျောက်သံပတ္တမြား စီခြယ်ထားသော ခါးပတ်ကို ပတ်ထားကာ လည်ပင်းတွင်လည်း ပုလဲများစီရီထားသော ပုလဲလည်ဆွဲကို ဆွဲထား၏။
လည်ပင်းဝတွင် နှင်းကဲ့သို့ ဖြူစင်သော ကော်လံမာကို ဝတ်ဆင်ထားပြီး နဖူးပြင်တွင်မူ အထက်တန်းစား အမျိုးသမီးများ၏ အလှဆင်မှုအတိုင်း ငါးကြေးခွံပုံစံ မိစ္ဆာပန်းကွက်လေးကို ကပ်ထားသည်။ လှုပ်ရှားသွားလာလိုက်သည့်အခါတိုင်း ရတနာများ၏ မြည်သံများ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးတွင် မြင့်မြတ်စွဲမက်ဖွယ်ရာ အငွေ့အသက်များ ဝှေ့ယမ်းနေတော့သည်။
မိုးသောက်ယံပိုးထည်မှာ ရှီးကျင်းတွင် လွန်စွာမှပင် တွေ့ရခဲပြီး လန့်တိုင်းပြည်မှ ထွက်ရှိကာ နံနက်ခင်း တိမ်တောက်ချိန်ကဲ့သို့ ရောင်စုံလင်းလက်နေသောကြောင့် နာမည်ကြီးလှသလို တန်ဖိုးမှာလည်း ရွှေနှင့် ညီမျှသည်။ ထို့ပြင် သူ ဝတ်ဆင်ထားသော ကော်လံမာဆိုသည်မှာ သာ့ကျိုးပြည်၏ အထက်တန်းစားများကြားတွင် ခေတ်စားသော လည်ပင်းမာမာ အနားကော်လာဖြစ်ပြီး လက်သုံးချောင်းမျှ ကျယ်ကာ လည်ချောင်းစေ့ကို ထိကပ်နေသဖြင့် "အမျိုးကောင်းသားတို့ စကားကို ဆင်ဆင်ခြင်ခြင် ပြောဆိုရမည်" ဟု အဓိပ္ပာယ်ရကာ အမူအရာ တည်ငြိမ်စေရန် သုံးစွဲကြခြင်း ဖြစ်သည်။ သာမန် အရပ်သူအရပ်သားများမှာမူ အလုပ်လုပ်ရသည်မှာ မလွယ်ကူသဖြင့် ဤသို့သော ကော်လံမာများကို ဝတ်ဆင်ခဲကြ၏။
ထို့ထက်မက အရှေ့ရှိ ထိုသူ၏ ကော်လာမာပေါ်တွင် နေ၊ လ၊ ကြယ် ပန်းကွက်များ ထုဆစ်ထားသေးသည်။
နေ၊ လ၊ ကြယ်ပန်းကွက်မှာ သာ့ကျိုးမင်းဆက်၏ အုပ်ချုပ်သူ ဖူမျိုးနွယ်စု၏ မင်းမျိုးမင်းနွယ် အိမ်ထောင်စု အမှတ်တံဆိပ် ဖြစ်လေသည်။
ခွမ့်ရွှယ်ရှန့်သည် စားပွဲအနောက်မှ အမြန်ထွက်လာခဲ့ပြီး ခါးကို ကိုင်း၍ အရိုအသေပေးလိုက်၏။
"မင်းသားဖူပါလား။"
မင်းသားဖူ၏ ပါးလွှာသော မျက်ခုံးများမှာ မော့တက်နေပြီး မိစ္ဆာဆန်ဆန် စွဲမက်ဖွယ် ရုပ်ရည်ရှိသည်။
"မင်းက ဒီမင်းသားကို သိတာလား။"
ခွမ့်ရွှယ့်ရှန့်က ပြုံး၍ :"မြို့ထဲမှာ မင်းသားကို မသိတဲ့သူ ရှိလို့လား။"
မင်းသားဖူ၏ ဇာတိမျိုးရိုးမှာ လွန်စွာမှပင် ခမ်းနားထည်ဝါလှ၏။ သူ၏ မွေးသမိခင်နှင့် ယခုအရှင်မင်းမြတ်၏ မွေးမိခင် မိဖုရားခေါင်ကြီး ရှောင်ကျန်းတို့မှာ ဟယ်သုန်း ကျန်းမျိုးနွယ်စုမှ ဆင်းသက်လာကြသူများ ဖြစ်ကြပြီး ဝမ်းကွဲ ညီအစ်မများ ဖြစ်ကြသည်။ သို့သော် မျိုးရိုးမြင့်မားလွန်းသည့်အတွက်ကြောင့်ပင် ထိုညီအစ်မနှစ်ဦးမှ မွေးဖွားလာသော ညီအစ်ကိုနှစ်ယောက်မှာ ငယ်စဉ်ကတည်းက မျိုးရိုးနိမ့်ကျလှသော နန်းကျဧကရာဇ်ဖူဝေ၏ သံသယဝင် ငြိုငြင်မှုကို ခံခဲ့ရသည်။
ကြားသိရသည်မှာ မင်းသားဖူသည် ငယ်စဉ်က ယခုအရှင်မင်းမြတ်နှင့်အတူ ရှော့စောင်ကျွန်းတွင် ချုပ်နှောင်ခံခဲ့ရဖူးသဖြင့် ယခုအရှင်မင်းမြတ် နန်းတက်လာသောအခါ အလွန်တရာ မျက်နှာသာပေးခြင်း ခံရပြီး ရှီးကျင်းမြို့၏ မြို့စောင့်မင်းသား ဖြစ်လာ၏။
သူသည် ထုံးတမ်းစဉ်လာ မင်းမျိုးမင်းနွယ်အုပ်စုမှဖြစ်ပြီး ယခုခေတ် အာဏာပိုင် အမတ်ကြီးချုပ် ရှဲ့ယိကို ဆဲဆိုကြိမ်းမောင်းရသည်အား အလွန်နှစ်သက်သူ ဖြစ်သည်။ သို့သော် အရှင်မင်းမြတ်၏ အကာအကွယ်ပေးမှုကြောင့် အမြဲတစေ ဘေးကင်းလုံခြုံခဲ့သည်။ သူသည် ပညာဗဟုသုတ မရှိသလို သတင်းမွှေးလှသည်လည်း မဟုတ်ပေ။ အမတ်ချုပ်ကြီးရှဲ့ကလည်း သူ့ကို အရေးလုပ်၍ စာရင်းထဲထည့်မထားသဖြင့် သူ၏ စည်းစိမ်ဥစ္စာနှင့် ကြွယ်ဝချမ်းသာမှုကို ပိုမို ပြည့်စုံသွားစေခဲ့သည်။
သူသည် လွန်စွာမှပင် လှပချောမောသော်လည်း မျက်ခုံးများမှာ အထက်သို့ ကော့တက်နေပြီး ထက်မြက်လှသဖြင့် စည်းကျော်၍ မရနိုင်သော ပုံစံမျိုး ဖြစ်၏။ ခွမ့်ရွှယ်ရှန့်သည်လည်း သူနှင့် ပတ်သက်သော သတင်းစကားပေါင်းများစွာကို ကြားဖူးခဲ့သည်။ ဥပမာအားဖြင့် သူ၏အိမ်တော်ရှိ နန်းဆောင်များနှင့် အဆောင်အယောင်များမှာ ဆက်စပ်နေပြီး ဆန်းပြားသော ပန်းမာများ နေရာအနှံ့ ပွင့်လန်းနေသဖြင့် "ထျန်းရှန်းမြို့ငယ်" ဟု တင်စားခေါ်ဝေါ်ကြသည်။
နန်းတော်တည်ရှိရာ ကျန့်ထိုင်မြို့တော်၌ သစ်ပင်ပန်းမန်များက တိမ်တိုက်သဖွယ် ဝေဆာ၍ လေးရာသီစလုံး သင်းပျံ့နေသဖြင့် ထျန်းရှန်းမြို့ဟု ခေါ်ဆိုကြရာ သူ့ဘာသာ ရှီးကျင်းတွင် မြို့တော်အသေးစားလေးတစ်ခု တည်ဆောက်ထားသည့် သဘောဖြစ်၏။ သူသည် အလှပဂေး အစေခံမလေးများကို နှစ်သက်ပြီး ခမ်းနားလှပသော အဝတ်အစားများကို မြတ်နိုးသည်။ အိမ်တော်ရှိ အစေခံမလေးများမှာ တိမ်တိုက်သဖွယ် များပြားလှပြီး အားလုံးက လှပသော အဝတ်အစားများနှင့် တန်ဆာဆင်ထားကြကာ ဆံပင်ကို မြင့်မားစွာ ထုံးဖွဲ့၍ မင်းမျိုးမင်းနွယ်များ၏ အမူအရာကို တုပထားကြသဖြင့် ရှီးကျင်းဒေသခံ မင်းစိုးရာဇာများနှင့် လုံးဝမတူ ကွဲပြားသည်။
သူကိုယ်တိုင်မှာမူ ဟူရွှမ်းအကကို ကရသည်အား နှစ်သက်ပြီး ရှီးကျင်းမြို့သားများက သူ့အား မိန်းမလှလေးတစ်ဦးကဲ့သို့ စွဲမက်ဖွယ်ကောင်း၍ တောက်ပလှသည်ဟု ပြောဆိုကြ၏။ ဧည့်ခံပွဲလုပ်တိုင်း ကရသည်ကို နှစ်သက်ပြီး ကကြိုးဆင်လိုက်သည့်အခါ ရတနာများ၏ မြည်သံများ ဆူညံသွားကာ ပွဲတက်ပရိသတ် တစ်ခုလုံး စွဲမက် ရူးသွပ်သွားစေသည်။
ခြုံပြောရလျှင် ကြွယ်ဝချမ်းသာပြီး မိုက်ရူးရဲဆန်သလို လွန်စွာမှလည်း လှပလွန်းသည့် မင်းသားလေးတစ်ပါးပင်။
ထိုစိတ္တဇဆန်ပြီး စည်းစိမ်ယစ်မူးတတ်သော အရှင်မင်းမြတ်နှင့်လည်း အနည်းငယ် ဆင်တူလှသည်။
သို့သော် ယခုအခါ ထိုမင်းသားလေးက သူ့အား ပြုံးရွှင်စွာဖြင့် အကဲခတ်ကြည့်ရှုရင်း ဆိုလာ၏။
"ဒီမင်းသားက စာအုပ်နည်းနည်း လာဝယ်တာပါ။"
ခွမ့်ရွှယ်ရှန့်သည် ပြဿနာမတက်ချင်သဖြင့် ရုတ်တရက် ရောက်ရှိလာသော ဤပုဂ္ဂိုလ်ကြီးအား လွန်စွာမှပင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံလိုက်သည်။
သို့သော် သူသိထားသလောက်တော့ ဤမင်းသားလေးမှာ ဒေါင်ဒေါင်မြည် အဖြောင့်တစ်ယောက်ဖြစ်၏။
ထို့ကြောင့် မင်းသားဖူအား ဖတ်၍ အဆင်ပြေစေမည့် အနည်းငယ် ရိုးရှင်းသန့်ရှင်းသော ဝတ္ထုတိုအချို့ကို သေချာဂရုစိုက်၍ ညွှန်းဆိုပေးလိုက်သည်။ အနည်းဆုံးတော့ အဖြောင့်မင်းသားလေး၏ အယူအဆများကို ရိုက်ချိုးမပစ်မိစေရန် အမျိုးသားချင်း ချစ်ကြိုက်သည့် သရုပ်ဖော်ပုံများ မပါဝင်သော စာအုပ်များကို ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။
မင်းသားဖူသည် သူ၏ ညွှန်းဆိုပေးမှုကို အမှန်တကယ် လက်ခံကာ မျက်နှာဖုံးက အခမ်းနားဆုံးနှင့် အလှပဆုံးဖြစ်သည့် စာအုပ်ဟောင်း နှစ်အုပ်ကိုလည်း ရွေးချယ်လိုက်၏။ ထိုစာအုပ်များ၏အဖုံးမှာ နူးညံ့သော တိမ်ကွက်များပုံစံ ပန်းထိုးထားပြီး ကြည့်လိုက်ပါက ညီအစ်ကိုသံယောဇဉ်ကဲ့သို့သော နတ်ဒေဝါ မိစ္ဆာပုံပြင်များ ဖြစ်ကြသည်။
ခွမ့်ရွှယ်ရှန့်သည် စာအုပ်များကို သေချာ ထုပ်ပိုးပေးပြီး သူနှင့်ပါလာသော အစေခံအား လက်နှစ်ဖက်ဖြင့် သေချာဆက်သလိုက်၏။
မင်းသားဖူ: "ကြားတာတော့ ဆိုင်ရှင်က လွန်ခဲ့တဲ့ နှစ်ရက်က ရူယိစံအိမ်မှာ မင်္ဂလာဖိတ်ခေါ် ပန်းဘောလုံးပစ်ခဲ့တယ်ဆို။"
ခွမ့်ရွှယ်ရှန့်သည် ဤကိစ္စမှာ မင်းသား၏ နားထဲအထိ ရောက်ရှိသွားမည်ဟု ထင်မထားခဲ့သဖြင့် ပြုံး၍ ဖြေလိုက်၏။
"ဟုတ်ပါတယ်"
မင်းသားဖူက တောက်ပစွာ ပြုံးလိုက်ပြီး သူ၏ အကြည့်များမှာ ခွမ့်ရွှယ်ရှန့်၏ မျက်နှာပေါ်တွင် ဝေ့ဝဲသွားသည်။
"ဆိုင်ရှင်ကတော့ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့သူပဲ။"
ထို့နောက် ဘေးနားရှိ အစေခံအား ခေါင်းလှည့်၍ မှာကြားလိုက်၏။
"ငွေရှင်းလိုက်။"
ခွမ့်ရွှယ်ရှန့်သည် မင်းစိုးရာဇာများကို အလိုက်တသိ ဆက်ဆံတတ်သည့် အတွေ့အကြုံ ကြွယ်ဝသူဖြစ်ရာ စကားထပ်ထည့်ပြောလိုက်သည်။
"မင်းသားက ကျွန်တော်မျိုးရဲ့ဆိုင်လေးကို ကြွရောက်ပေးတာတင်ပဲ ဆိုင်လေးအတွက် မင်္ဂလာရှိနေပါပြီ။ ဒီစာအုပ်နှစ်အုပ်ကို အလိုက်အထိုက်ပဲ ယူဆောင်သွားပါ။ ကြိုက်နှစ်သက်တယ်ဆိုရင် နောက်တစ်ကြိမ်ကျ လူလွှတ်ပြီး အကြောင်းကြားလိုက်ရုံပါပဲ။ ကျွန်တော်မျိုးကိုယ်တိုင် လာရောက်ဆက်သပါ့မယ်။"
မင်းသားဖူက ပြုံး၍ :"ဒါဆိုရင် ဒီမင်းသားက..." သူက ခွမ့်ရွှယ်ရှန့်ကို ကြည့်လိုက်ပြီး :"ဆိုင်ရှင်ခွမ့်က အခုဆို အိမ်ထောင်ပြုထားပြီဆိုတော့ မိသားစုကို လုပ်ကျွေးပြုစုရဦးမှာ မဟုတ်လား။ ဒီမင်းသားကို လုံးဝ အားမနာပါနဲ့။ ဒီမင်းသားက နောက်ဆို မကြာခဏ လာချင်လာမှာ။"
မင်းသားအိမ်တော်မှ ခရမ်းရောင်ဝတ်ရုံဝတ် ကိုယ်ရံတော်များသည် ဓားများကို ကိုင်ဆောင်ကာ အနီရောင် ထမ်းစင်အပြင်ဘက်တွင် စည်းကမ်းထိန်းသိမ်းပေးနေကြသဖြင့် အခြားသူများ၏ စိတ်ဝင်စားမှုနှင့် လာရောက်ကြည့်ရှုမှုကို ပိုမိုဆွဲဆောင်လိုက်သလို ဖြစ်သွားခဲ့သည်။
မင်းသားဖူသည် လူများ၏ ခြံရံမှုဖြင့် နွေးထွေးသော ထမ်းစင်ပေါ်သို့ တက်သွားပြီး ထမ်းစင်အတွင်းသို့ ရောက်ရှိသွားပြီးနောက်တွင်ပင် လိုက်ကာကိုမ'ကာ ပြုံးရွှင်စွာဖြင့် သူ့အား ထပ်မံ ကြည့်ရှုလိုက်သေးသည်။ ထိုထမ်းစင်မှာလည်း လွန်စွာမှပင် သပ်ရပ်လှပပြီး ရွှေရည်စိမ် ထုဆစ်ထားသော ပြတင်းပေါက်များနှင့် ပိုးထည်လိုက်ကာ ပန်းပွားများ ဆွဲချထား၏။
ခွမ့်ရွှယ်ရှန့်သည် ခါးကို ကိုင်း၍ ထိုလူအုပ်ကြီး ဝေးရာသို့ ထွက်ခွာသွားသည်အထိ လိုက်ပို့ပေးလိုက်ရာ ဘေးနားရှိ စာအုပ်ဆိုင် ပိုင်ရှင်များနှင့် အလုပ်သမားအချို့က ချက်ချင်းပင် အနားသို့ တိုးကပ်လာကြတော့သည်။
"မင်းသားက ဘာလို့ ရောက်လာတာလဲ။"
"စာအုပ်လာဝယ်တာပါ။" ခွမ့်ရွှယ်ရှန့်က ပြောလိုက်၏။
"ငါ့မှာတော့ ကြောက်လိုက်ရတာ၊ ဒီလောက် ခမ်းခမ်းနားနားကြီးနဲ့ဆိုတော့ ဆိုင်ကို လာသိမ်းတာများလားလို့ မှတ်ရတယ်။ မင်းသားကလည်း ဒီလိုစာအုပ်မျိုးကို ဖတ်ချင်နေတာလား။"
"မဟုတ်ပါဘူး။"
ခွမ့်ရွှယ်ရှန့်သည် မင်းသားဖူ၏ ဝေးကွာသွားသော အခမ်းအနားကြီးကို ကြည့်ရှုရင်း လက်များကိုယှက်ကာ သာမန် အရပ်သားပုံစံဖြင့် နူးညံ့စွာ ဆိုလိုက်သည်။
"ကျွန်တော်လည်း လန့်သွားတာ။"
~~~
စာရေးသူမှာ ပြောစရာရှိပါတယ်၊
အပျော်ကြိုက်တတ်တဲ့ မင်းသားလေးက 'မရီး'သတင်းကြားလို့ လာရောက်နှုတ်ဆက်သွားတာပါ။
***
Aurora Novel Translation Team