အပိုင်း (၁၆)
လီချင်းသည် ပင်မခန်းမကြီး၏ အခန်းထဲတွင် မနက်စာများ ပြင်ဆင်ခင်းကျင်းထားပြီ ဖြစ်သည်။ ခွမ့်ရွှယ်ရှန့် ဝင်သွားမှပင် စားပွဲတစ်ခုလုံး ပြည့်နှက်နေသည်ကို သတိပြုမိလိုက်တော့၏။
ခွမ့်ရွှယ်ရှန့် :"...."
လီချင်းမှာ အတန်ငယ် စိတ်မလုံမလဲ ဖြစ်သွားပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။
"သခင်လေး၊ ကျွန်တော်မျိုးရဲ့ လက်ရာကို မြည်းစမ်းကြည့်ပါဦး။"
ခွမ့်ရွှယ်ရှန့်မှာ အံ့အားသင့်စွာဖြင့် :"ဒီလောက်အများကြီး ချက်ထားတာလား!"
"သခင်လေးရဲ့ အကြိုက်ကို မသိသေးလို့ နည်းနည်း ပိုပြင်လိုက်တာပါ။ သခင်လေး ဝဝလင်လင် စားပါ။"
ခွမ့်ရွှယ်ရှန့်က ထိုင်လိုက်ပြီး အတူတကွ မနက်စာစားရန် ဖူယိအား စောင့်ဆိုင်းနေခဲ့သည်။
ခဏအကြာတွင် ဖူယိ ဝင်လာပြီး သူနှင့်မျက်နှာချင်းဆိုင်၌ ထိုင်လိုက်၏။ သူနှင့် လီချင်းက ဖုံးအုပ်ထားသော ပန်းကန်ဖုံးများကို ဖယ်ရှားလိုက်ကြသည်။
ခွမ့်ရွှယ်ရှန့်ဆီက သံသယအဝင် မခံရစေရန်အတွက် မနက်စာ၏ အရောင်၊ ရနံ့နှင့် အရသာကိုသာ ထိန်းသိမ်းထားပြီး ပန်းကန်ပြင်ဆင်ပုံကိုမူ တမင်သက်သက် ရုပ်ပျက်ဆင်းပျက် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ရာ နန်းတွင်းစားဖိုမှူးများခမျာ ပန်းကန်ပြင်စဉ်ကပင် ငိုမဲ့မဲ့ ဖြစ်နေခဲ့ကြရ၏။ ဤမျှ ကြည့်ရဆိုးသော ဟင်းလျာမျိုးကို တစ်ခါမျှ မပြင်ဖူးသဖြင့် မိမိတို့ ဘဝတစ်လျှောက်လုံး၏ ဂုဏ်ယူမှုများ ပြိုကွဲသွားခဲ့ရသည်။ သခင်လေးခွမ့်အား သူတို့၏ ကျွမ်းကျင်မှု ပညာရပ်များကို ထုတ်ပြချင်လှပြီဟုလည်း ဆိုသွားကြ၏။
ခွမ့်ရွှယ်ရှန့်က နှစ်လုတ်မျှ မြည်းစမ်းကြည့်ပြီးနောက် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော လီချင်းထံသို့ လှည့်ကြည့်လိုက်သည်။
"ဘယ်လိုနေလဲ သခင်လေး။"
"ခင်ဗျား ဒါကို ဘယ်လိုများ ချက်ထားတာလဲ။ ဟင်းချက်နည်းကို ကျွန်တော့်ကို ရေးပေးပါဦး!"
လီချင်းက ဟဲဟဲဟူ၍ ရယ်မောလိုက်ပြီး :"ရေးပေးစရာ မလိုပါဘူး။ သခင်လေး ကြိုက်တယ်ဆိုရင် ကျွန်တော်မျိုး ရက်တိုင်း ချက်ပေးပါမယ်။ သခင်လေးကို မဖုံးကွယ်ဘဲ ပြောရရင် ကျွန်တော်မျိုးဆီမှာ သီးသန့် နည်းလမ်းကောင်း ရှိပါတယ်။"
လီချင်းတစ်ယောက် ပေါက်ကရများ စတင် လျှောက်ပြောတော့၏။
"ဟိုးအရင်ကဆိုရင် ကျွန်တော်မျိုးရဲ့ ဒီလက်ရာကြောင့်ပဲ သခင်ကြီးရဲ့ ဘေးမှာ ကျန်ရစ်ခွင့်ရခဲ့တာ။"
ခွမ့်ရွှယ်ရှန့်သည် ဖူယိအား လှည့်ကြည့်လိုက်ပြီး မမေးဘဲ မနေနိုင်တော့ချေ။
"ခင်ဗျား နေ့တိုင်း ဖြတ်သန်းနေရတာက ဒီလိုအမတတွေရဲ့ ဘဝမျိုးလား။"
ဖူယိက ပြုံးလျက် :"နောက်ဆိုရင် မီးဖိုချောင်ကို လီချင်းဆီပဲ အပ်ထားလိုက်ပါ။"
ခွမ့်ရွှယ်ရှန့် :"မဖြစ်ဘူး၊ ကျွန်တော် လေ့လာချင်တယ်။"
သူသည် အရာရာကို ကျွမ်းကျင်သော်လည်း ဟင်းချက်သည့် ကိစ္စတစ်ခု၌သာ မကျွမ်းကျင်ဘဲ လေ့လာနေဆဲ အဆင့်၌သာ ရှိသေး၏။
"မင်း စာအုပ်ဆိုင်ကို စီမံခန့်ခွဲနေရတာနဲ့တင် ပင်ပန်းလှပြီလေ။ လေ့လာမယ်ဆိုရင်လည်း ကိုယ်ကပဲ လေ့လာပါ့မယ်။"
ဖူယိ ပြန်ပြောလိုက်သည်။
လီချင်း :"……"
အရှင်မင်းမြတ်က ဟင်းချက်မယ်တဲ့။ အရှင်ချက်တာကို စားရဲတဲ့သူ ရှိရင်လည်း ချက်ကြည့်လေ!
လီချင်းမှာ အမြန်ပင် ဝင်ပြောလိုက်ရသည်။
"ကျွန်တော်မျိုးကို တစ်ခုခု လုပ်ခွင့်ပေးပါဦး၊။ မဟုတ်ရင် စိတ်ထဲမှာ အသုံးမကျဘူးဆိုပြီး အပြင်ကို ရောင်းစားခံရမှာ ကြောက်နေရပါလိမ့်မယ်!"
ခွမ့်ရွှယ်ရှန့်က အမြန် ခေါင်းယမ်းလိုက်သည်။
"မဖြစ်နိုင်တာ မဖြစ်နိုင်တာ။ ကျွန်တော်က အဲဒီလိုကိစ္စမျိုး မလုပ်ပါဘူး။"
ယနေ့ မနက်စာမှာ စုံလင်လှသော်လည်း ဖူယိကမူ ခေါက်ဆွဲ ပန်းကန်လုံးသေး တစ်လုံးကိုသာ စားခဲ့သည်။ ထိုခေါက်ဆွဲမှာ ရိုးရိုးရှင်းရှင်းပင် ဖြစ်ပြီး ဂျုံခေါက်ဆွဲဖတ်အမျှင်ပေါ်တွင် ပဲငံပြာရည်ကြည် အနည်းငယ် ဆမ်းထားကာ ချဉ်ဖတ်အဖြစ် စိမ်ထားသော ဂျင်းမျှင်လေးများ ဖြူးထားခြင်း ဖြစ်၏။
အခြားဟင်းလျာများကိုမူ သူက အနည်းငယ်ပင် မမြည်းကြည့်ခဲ့ပေ။ စားရလွန်း၍ ငြီးငွေ့နေသည့်အလား။
မနက်စာ စားပြီးသည်နှင့် ဖူယိက သူ့နောက်မှ လိုက်ပါ၍ စာအုပ်ဆိုင်သို့ သွားရောက်ရန် ပြင်လိုက်သည်။
ဖူယိ: "ကိုယ် မင်းလုပ်ကျွေးတာကို အပြည့်အဝ ထိုင်စားပြီး ဘာမှမလုပ်ဘဲ မနေချင်ဘူး။ မင်းဆီမှာ အကူအလုပ်သမား လုပ်ပေးမယ်လေ။"
လီချင်းမှာမူ ထုံထိုင်းသွားခဲ့ပြီဖြစ်ရာ မကြားချင်ယောင်သာ ဆောင်နေတော့သည်။
ခွမ့်ရွှယ်ရှန့်က ထီးကို ဖွင့်လိုက်ရင်း ပြန်ပြောလိုက်သည်။
"မလုပ်ပေးလည်း ကျွန်တော် လုပ်ကျွေးနိုင်တာပဲကို။"
သူသည် ဤသို့သော ကိစ္စများကို အလေးထားသူ မဟုတ်သော်လည်း တစ်ဖက်သားက စိတ်ထဲ တစ်မျိုးထင်သွားမည်ကို စိုးရိမ်မိ၏။ အမျိုးသားအချို့မှာ ယောက်ျားမာန အလွန် ကြီးမားကြပြီး မိန်းမဖြစ်သူ၏ လုပ်ကျွေးမှုကို စားသုံးနေရသော်လည်း ဒေါသများ ပေါက်ကွဲနေတတ်ကြသည်။ ဖူယိထံတွင် ထိုသို့သော ယောက်ျားမာနမျိုး မရှိသည်ကို မြင်တွေ့ရသဖြင့် သူ လွန်စွာ ဝမ်းမြောက်မိလေသည်။
ယောက်ျားမာန မရှိရုံမျှမက၊ လိမ္မာပါးနပ်သော ဇနီးကောင်းတစ်ဦးအဖြစ် ကူညီရန်ပင် အလွန် လိုလားသည့် ပုံစံရှိနေသည်။
"မင်းဆီမှာ အကူအလုပ်သမား လုပ်တာလည်း မင်းလုပ်ကျွေးတာကို ခံယူတာပါပဲ။"
ဖူယိသည် သူ၏ လက်ထဲမှ ထီးကို လှမ်းယူလိုက်ပြီး ပခုံးပေါ်ရှိ ထုပ်ပိုးထားသော အထုပ်ကိုလည်း လွှဲယူကာ မိမိ၏ပခုံးတွင် သိုင်းလွယ်လိုက်၏။
သူသည် ပိန်ပိန်ပါးပါး အရပ်မြင့်မားသူ ဖြစ်ရာ ဤအရာများကို ပြုလုပ်နေသည့်အခါ၌ နူးညံ့ကာ အားကိုးထိုက်သော ကြင်နာမှုတစ်မျိုး အလိုလို ပေါ်လွင်နေသည်။ ခွမ့်ရွှယ်ရှန့် သူ၏ဝတ်ရုံပေါ်ရှိ ရနံ့ကို ရှူမိလိုက်သည့်အခါ မိမိ၏ ရနံ့နှင့် ထပ်တူညီနေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
သေးငယ်သော အရာလေးများကလည်း သူ့အား အလွန်ရင်ခုန်ကြည်နူးစေ၏။ ဤသို့သော နေ့စဉ်လူနေမှုဘဝ၏ နွေးထွေးသော အငွေ့အသက်များကို ခံစားလိုက်ရသဖြင့် စိတ်ထဲတွင် အလွန်အမင်း စိတ်ကျေနပ်သွားခဲ့သည်။
ဤသည်မှာ သူလိုချင်ခဲ့သော ဘဝမျိုးပင်။
လီချင်းသည် သေတ္တာထဲမှ ပစ္စည်းများကို သိမ်းဆည်းရန် ကျန်ရှိနေခဲ့သဖြင့် အိမ်၌ပင် ကျန်ရစ်ခဲ့၏။ သူနှင့် ဖူယိတို့မှာမူ အိမ်ထဲမှ အတူတကွ ထွက်ခွာလာခဲ့ကြသည်။
နွေဦးမိုးစက်များ တဖောက်ဖောက် ကျဆင်းနေသော်လည်း တစ်ဖက်သူနှင့် အတူတကွ လျှောက်လှမ်းနေရသဖြင့် ခွမ့်ရွှယ်ရှန့်မှာ အဝေးမှ ရိုးရိုးအဝတ်အစားများ ဝတ်ဆင်၍ တိတ်တဆိတ် ကာကွယ်ပေးနေကြသော ကိုယ်ရံတော်များကိုပင် သတိမမူမိတော့ပေ။ သို့သော် သူသည် ကောင်းကင်ပေါ်ရှိ ကျီးကန်းများကိုတော့ သတိပြုမိလိုက်၏။ ၎င်းတို့သည် မိုးဖွဲလေးများကြားတွင် သူတို့၏ ဦးခေါင်းထက်၌ ဝဲပျံနေကြသည်။
အခုတလော မြို့ထဲမှာ ကျီးကန်းတွေ ပိုများလာတာများလား။ ရွှမ်းလွမ်မြို့က ကျီးကန်းမြို့တော် ဖြစ်တော့မှာများလား။
ဖူယိက ရုတ်တရက် ဆိုလိုက်သည်။
"ဒီနေ့ ဘာလို့ ဒီလောက်ထိ တိတ်ဆိတ်နေတာလဲ။"
ခွမ့်ရွှယ်ရှန့်ကလည်း ပြန်မေးလိုက်သည်။
"မနေ့ညက ဘာလို့ ကောင်းကောင်း မအိပ်ခဲ့ရတာလဲ။"
သူသည် စကားတစ်ခုအဖြစ် ရမ်းသမ်းမေးလိုက်ခြင်းဖြစ်ရာ ဖူယိဘက်က "မင်းရဲ့ ပုံပြင်စာအုပ်ကို ဖတ်နေလို့ပါ" ဟု ပြန်ဖြေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ခွမ့်ရွှယ်ရှန့်၏ ရင်ခုန်သံမှာ ချက်ချင်းပင် မြန်ဆန်လာခဲ့ရသည်။ ပိုမို နီးကပ်လာသောကြောင့်လား မသိ၊ ကြိုက်နှစ်သက်မိသည့် ရင်ခုန်ကြည်နူးမှု ခံစားချက်များမှာ ပိုမို ထင်ရှားလာခဲ့သည်။ တစ်ဖက်သူက သူ့အား စနောက်မြှူဆွယ်နေသည်ဟု အမြဲခံစားရသော်လည်း ဖူယိ၏ ပုံစံမှာ စနောက်သော ကိစ္စရပ်များကို ပြုလုပ်မည့်သူဟု မထင်ရပေ။
"နောက်ဆို နည်းနည်းပဲ ဖတ်တော့။"
ထို့အပြင် "ဖတ်ခွင့် မပြုတော့ဘူး" ဟုပါ ထပ်မံ ဖြည့်စွက်လိုက်သည်။
ဖူယိ၏ လေသံထဲတွင် နွေဦးမိုးစက်များ၏ အအေးဒဏ် အနည်းငယ် ပါဝင်နေပုံရပြီး အကြည့်များကို သူ၏ ပါးပြင်ပေါ်သို့ အောက်စိုက်ကာ ခဏမျှ ကြည့်ရှုပြီးနောက် ဖြေလာ၏။
"အင်း၊ မဖတ်တော့ပါဘူး"
သူဒီလောက် စကားနားထောင်တာကြီးက တကယ်... မုန်းစရာကြီး။
ဖူယိသည် လမ်းမှန်လိုက်သော သခင်လေးတစ်ပါး ဖြစ်လေသည်။ ဖြူဝင်းသော အသားအရေ၊ သပ်ရပ်သော မျက်နှာသွင်ပြင်တို့ဖြင့် ဟိုးယခင်က အမျိုးသားအချင်းချင်း မည်သို့ ပေါင်းသင်းရမည်ကိုပင် မသိရှိခဲ့သော စက္ကူဖြူလွှာလေးတစ်ချပ်ပမာ ဖြစ်ခဲ့သည်။
တကယ်ကို ဆွဲဆောင်မှု ရှိလွန်း၏။
ခွမ့်ရွှယ်ရှန့်မှာ သူတော့ နောက်နှစ်ရက်အတွင်း ကျန်းကျီအား စားပစ်လိုက်တော့မည်ဟု စဉ်းစားထားလိုက်သည်။
ဖူယိသည် ယနေ့တွင်တော့ ခွမ့်ရွှယ်ရှန့်၏ လက်ကို သွားရောက် မဆုပ်ကိုင်ခဲ့ပေ။
သူ တစ်ညလုံး နှိပ်စက်ညှဥ်းပန်းမှုကို ခံစားခဲ့ရပြီးဖြစ်ရာ ယခုအချိန်အထိလည်း အကြောများက နာကျင်နေသေးသည်ဟု ခံစားနေရဆဲ ဖြစ်၏။
ယခုအခါ ခွမ့်ရွှယ်ရှန့်က သူ့အား မှီကပ်၍ လျှောက်လှမ်းနေပြီး ခေါင်းတစ်ဝက်မျှ ပိုမိုနိမ့်ပါးလေရာ ကိုယ်ပေါ်ရှိ အမွှေးရနံ့မှာ နူးညံ့လှသလို ဆံပင်များကို စိမ်းပြာရောင် ကျောက်စိမ်းဆံထိုးဖြင့် စုစည်းထားပုံကလည်း ပိုမိုပေါ့ပါးသွယ်လျမှုကို ပေါ်လွင်နေစေသည်။
အစောပိုင်း မနက်စာ စားစဉ်ကတည်းက သူသည် ခွမ့်ရွှယ်ရှန့်၏ နှုတ်ခမ်းများကိုသာ ဆက်တိုက် စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ခွမ့်ရွှယ်ရှန့်မှာ အေးဆေးတည်ငြိမ်သော ရုပ်ရည်သွင်ပြင် ရှိသူဖြစ်ပြီး အသားအရေမှာ နှင်းဖတ်ကလေးများ ကျောက်စိမ်းပြားပေါ်သို့ ဖုံးအုပ်ထားသကဲ့သို့ အပြစ်ဆိုဖွယ်မရှိ ဖြူဝင်းနေသည်။ နှုတ်ခမ်းများမှာမူ မက်မွန်ပန်းကဲ့သို့ ရဲရဲနီနေသဖြင့် ထိုရဲရဲနီသော နှုတ်ခမ်းလွှာလေးမှာ သူ၏မျက်နှာပေါ်ရှိ တစ်ခုတည်း တောက်ပသော အရောင်အသွေး ဖြစ်နေ၏။
သူ ခွမ့်ရွှယ်ရှန့်အား မကြည့်ရဲပေ။ အကယ်၍ သူတို့နှစ်ဦးလည်း [နှုတ်ခမ်းနှင့် လျှာတို့ ပေါင်းစပ်၍၊ နွေဦးချည်မျှင်တမျှ နှောင်ကြိုးတွဲ] ခဲ့ကြပါက ခွမ့်ရွှယ်ရှန့်တစ်ယောက် ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်စွာပင် ရှိနေမည်လား သို့မဟုတ် [မီးတောက်များ ကိုယ်ပေါ်သို့ လောင်ကျွမ်းသကဲ့သို့ မထိန်းချုပ်နိုင်ဘဲ ဖြစ်သွားမည်လား] ဆိုသည်ကို မခန့်မှန်းနိုင်တော့ချေ။
ထိုမင်းသားကဲ့သို့ပင် [လူတစ်ယောက်အဖြစ် လုံးဝ ပြောင်းလဲသွားမည်] လား။
မိုးစက်နှင့် မြူများ ဖုံးအုပ်နေသည့် ဤအခိုက်အတန့်က ထို 'ပေါင်လျန်မှတ်တမ်း' ပုံပြင်၏ အဆုံးသတ်ကို သူ့အား ထပ်မံ သတိရသွားစေခဲ့၏။ ဤပုံပြင်တွင် အလွန် စဉ်းစားစရာကောင်းသော အဆုံးသတ်တစ်ခု ရှိနေသည်။
တစ်နေ့သော နံနက်၌ မင်းသားချွမ်းမင်သည် အရိပ်အယောင်ပင် ရှာမရဘဲ ကျောင်းတော်အတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
အချို့မှာ သူ၏ ခမည်းတော်မင်းကြီးက သူ့အား တိတ်တဆိတ် ကွပ်မျက်လိုက်ခြင်းဖြစ်သည်ဟု ပြောဆိုကြ၏။
အချို့ကလည်း သူ့အား ဖာချင်းက ကျောပိုး၍ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ပြောဆိုကြပြန်သည်။
မြင်တွေ့ခဲ့ရသူ၏ အဆိုအရမူ ထိုအချိန်မှာ ညဉ့်သုံးယံအချိန် ဖြစ်ပြီး နွေဦးမြူနှင်းများ ဖုံးလွှမ်းနေစဉ် ဖာချင်းသည် လူတစ်ယောက်ကို ကျောပိုး၍ ထွက်ခွာလာသည်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်၏။ ထိုသူ၏ ကိုယ်ပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်များ၌သာ ခြုံလွှမ်းလေ့ရှိသော ဝင်းလက်သည့် အဝါရောင် သင်္ကန်းတော်ကို ခြုံထားသည်။ နှင်းကဲ့သို့ ဖြူဝင်းသော ခြေဗလာပိုင်ရှင်၏ ဆံနွယ်ရှည်တို့မှာ သင်္ကန်းတော်ပေါ်သို့ ဖရိုဖရဲ ကျဆင်းလျက်ရှိပြီး ဖာချင်း၏ လည်ပင်းကို ဖက်တွယ်ထားသည်။ ဖာချင်းနှင့်အတူ မှောင်မည်းသော ညဉ့်အမှောင်ထုအတွင်းသို့ ပျောက်ကွယ်သွားခဲ့ကြရာ တစ်နိုင်ငံလုံး အနှံ့အပြား လပေါင်းများစွာ ရှာဖွေခဲ့ကြသော်လည်း မည်သည့် သတင်းမျှ မရရှိခဲ့တော့ပေ။
သူတို့သည် ဤသို့ဖြင့် ကျယ်ပြန့်သော နွေဦးညဉ့်နက်ကြီးအတွင်းသို့ တိတ်တဆိတ် ငုပ်လျှိုးပျောက်ကွယ်သွားခဲ့ကြလေသည်။ ပန်းပွင့်များ အသံမထွက်ဘဲ ကြွေလွင့်သွားသကဲ့သို့ ထာဝရ အရိပ်အယောင်ပင် မကျန်ရှိခဲ့။
သူသည် ပုံပြင်ထဲတွင် အတိုင်းအတာတစ်ခုအထိ ခွမ့်ရွှယ်ရှန့်၏ အရိပ်အယောင်များ ပါဝင်နေသည်ဟု ခံစားလိုက်ရ၏။
ထိုရာဂနှင့် အချစ်မောဟတို့ ပြည့်နှက်နေသည့် ပုံပြင်မျိုးတွင် အလွန် ဆန်းကြယ်သော အဆုံးသတ်တစ်ခု ရှိနေခဲ့သည်။ နွေဦး၏ သင်းပျံ့သော မြူနှင်းများကဲ့သို့ ဆွဲဆောင်မှုရှိကာ အမှန်တရား မပြတ်မသားဖြင့် အဆုံးသတ်ထားသည်။
နွေဦးမိုးစက်များမှာ နံနက်ခင်း မြူနှင်းများကြား ရွာသွန်းနေဆဲပင်။ ခွမ့်ရွှယ်ရှန့်တစ်ယောက် ဆိုင်အတွင်းသို့ ဝင်ရောက်ကာ မီးဖိုချောင်ထဲကအိုးလေးကို မီးညှိ၍ ရေနွေးအိုး တည်လိုက်ပြီး ထိုသူ့အတွက် ဝယ်ယူပေးထားသော ခရမ်းရောင်လက်ဖက် ရေနွေးကြမ်းကို ဦးစွာ ဖျော်စပ်လိုက်သည်။
သူသည် အလုပ်လုပ်ရာတွင် သွက်လက်ထက်မြက်ပြီး သူကိုယ်တိုင်လည်း အေးဆေးတည်ငြိမ်၍ ပေါ့ပါးသူ ဖြစ်သောကြောင့် လှုပ်ရှားနေသည့်အခါ တစ်ကိုယ်လုံးတွင် စီးဆင်းနေသော ရေအလား သို့မဟုတ် လွင့်ပျံနေသော တိမ်တိုက်အလား သဘာဝကျလှ၏။ ပါးလွှာသော မိုးမြူများ၊ တပွက်ပွက် ဆူဝေနေသော ရေနွေးငွေ့များကြားတွင် ဖူယိ ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်သည်။
ဤသေးငယ်သော စာအုပ်ဆိုင်လေးမှာ သာမန်မျှသာ ဖြစ်သော်လည်း ခွမ့်ရွှယ်ရှန့်မှာမူ နွေဦးနံနက်ခင်း၌ အေးဆေးတည်ငြိမ်စွာ လှုပ်ရှားနေသောကြောင့် သူ၏အမြင်ထဲတွင် လှပဆန်းပြားသော အဆင်းအင်္ဂါတို့ ပိုမိုပေါ်လွင်လာတော့၏။
ခွမ့်ရွှယ်ရှန့်သည် သူ့အား အမြဲတစေ ထိတ်လန့်အံ့အားသင့်မှုများစွာကို ပေးစွမ်းနေသကဲ့သို့ပင်။
ရူယိစံအိမ်ပေါ်၌ ပထမဆုံး ဆုံတွေ့ခဲ့စဉ်က ဤသို့ ပွဲဆူအောင် လုပ်တတ်သော အမျိုးသားတစ်ဦးမှာ ဤမျှတည်ငြိမ်၍ သန့်ရှင်းစင်ကြယ်သော သခင်လေးတစ်ပါး ဖြစ်နေသည်ကို သူ အံ့အားသင့်ခဲ့ရသည်။
သူ့အား ရူပကာ လှပပြီး ကျောက်စိမ်းကဲ့သို့ စိတ်ထားရှိကာ ပညာတတ်ထူးချွန်သူဟု ထင်မှတ်ထားခဲ့စဉ်၌လည်း အေးဆေးတည်ငြိမ်သည့် လူတစ်ယောက်က ရာဂရဲတင်းသော ပုံပြင်ဝတ္ထုများကို ရေးသားနိုင်သည်ကို ထပ်မံ တွေ့ရှိခဲ့ရပြန်၏။
အကြာကြီး ကြည့်နေမိလေ ထိုသူသည် အတိမ်အနက် မမြင်နိုင်လောက်အောင် နက်နဲလှသည်ဟု ပိုမို ခံစားရလေပင်။ သူ၏ ပုံရိပ်တစ်ခုလုံးကို မြင်တွေ့နိုင်ရန် အနီးသို့ ပိုမို တိုးကပ်သွားချင်အောင် ပြုလုပ်နေတော့သည်။
ယခုအခါ ကိုယ်တစ်ဝက်မျှပင် တိုးဝင်သွားခဲ့ပြီ ဖြစ်၏။
သူသည် ရေပြင်ပေါ်ရှိ မိမိ၏ စွဲလမ်းရူးသွပ်နေသော ရောင်ပြန်ဟပ်မှုကို မြင်တွေ့လိုက်ရသည်။
ယနေ့တွင် မိုးရွာနေသောကြောင့် ဆိုင်သို့ လာရောက်သော ဧည့်သည်များစွာ လျော့နည်းသွားသည်။
လီချင်းလည်း မရှိသဖြင့် စာအုပ်ဆိုင်ထဲတွင် သူတို့နှစ်ဦးတည်းသာ ရှိနေကြသည်။
ခွမ့်ရွှယ်ရှန့်သည် မူလက ယနေ့၌ ဝတ္ထုအသစ်စာအုပ်ကို ရေးသားရန် ပြင်ဆင်ထားခဲ့သော်လည်း ယခုအခါ ဘေးချထားခဲ့ရတော့၏။
အကြောင်းမှာ ဖူယိတစ်ယောက် သူ့အား တစ်ချိန်လုံး စိုက်ကြည့်နေသည်ဟု ခံစားနေရသောကြောင့်ပင်။
ထိုစဉ် အပြင်ဘက်မှ မောင်းသံ၊ ဗုံသံများ ဆူညံစွာ ထွက်ပေါ်လာသဖြင့် ခွမ့်ရွှယ်ရှန့်လည်း အပျော်ကြည့်ရန် စာအုပ်ဆိုင်အပြင်သို့ ထွက်လာခဲ့၏။
ကြည့်လိုက်ရာ အနီးအနားတွင် မင်္ဂလာဆောင်နေကြခြင်း ဖြစ်ပြီး သတို့သားမှာ ခေါင်းတွင် ပန်းများ ပန်ဆင်လျက် မြင်းမြင့်ကြီးကို စီးနင်းလာလေသည်။ အနောက်တွင်မူ ရွှေရည်သုတ်ထားသော မင်္ဂလာဝေါ်ယာဉ်ကြီး ပါရှိနေပြီး လက်ဖွဲ့ပစ္စည်း အထုပ်တစ်ရာကျော်ကို နီရဲသော သုတ်ဆေးများဖြင့် သုတ်ကာ အနီရောင် ပိုးထည်ကြိုးများဖြင့် စီးနှောင်ထားသည်။ ဤခမ်းနားထည်ဝါမှုကို ကြည့်ရုံဖြင့် ချမ်းသာသော အိမ်တော်ကြီးမှ ဖြစ်ကြောင်း သိနိုင်၏။
"ဒီနေ့ မင်္ဂလာဆောင်တဲ့ အိမ်တွေမှ နည်းတာ မဟုတ်ဘူး။"
"ဒါတွေအကုန်လုံး အရှင်မင်းမြတ်ရဲ့ မိဖုရားရွေးပွဲကြောင့် မဟုတ်ဘူးလား။ မြို့ထဲက အရာရှိအိမ်တော်တွေက အမြန် မင်္ဂလာဆောင်ပေးဖို့ ပျာပျာသလဲ ဖြစ်နေကြတာ။ ဒီလထဲမှာ မင်္ဂလာဆောင်ဖို့ ကောင်းတဲ့ရက်က နည်းနည်းလေးပဲ ကျန်တော့တာလေ။ နောက်လကျလို့ မြို့တော်က အမိန့်တော်ကျလာရင် မမီတော့ဘူး။"
***
Aurora Novel Translation Team