no

Font
Theme

အပိုင်း (၁၄)

နွေဦးညသည် ငြိမ်သက်အေးချမ်းလွန်းလှ၏။ တိမ်တိုက်များ မည်းမှောင်စွာ တက်လာပြီးနောက်၌ ကျန်ရှိနေသေးသော လရောင်လေးပင် လုံးဝ မရှိတော့ပေ။ နွေဦး၏ ညဉ့်အအေးဒဏ်က ပိုလာသည့်အပြင် နန်းတော်ဟောင်းမှာလည်း စွန့်ပစ်ခံထားရသဖြင့် ဆိတ်ငြိမ်လွန်းနေသည်။ ယခုအခါ ဇာမဏီနန်းတော် အပြင်ဘက်တွင် ပိုမို မှောင်မည်းနေပြီး တောမြက်ပင်များ၏ တရှဲရှဲ မြည်သံသာ ကြားနေရ၏။

သို့သော် ဇာမဏီနန်းတော် အတွင်း၌မူ မီးရောင်များ လင်းထိန်နေသဖြင့် အမှောင်ကမ္ဘာထဲမှ နတ်ဒေဝါတို့၏ ဂူလိုဏ်ဂူကြီးတစ်ခုပမာ ဖြစ်နေတော့သည်။

လူလေးဦး ထမ်းရသည့် အနက်ရောင် ရွှေမျှင်ထိုးထားသော ရထားလုံးတစ်စီးသည် ဇာမဏီနန်းတော်အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့၏။ ရထားလုံး၏ အောက်ခံမှာ အနက်ရောင် သုတ်လိမ်းထားသောကြောင့် လေးထောင့်စပ်စပ် ခေါင်းတလားလေးတစ်ခုနှင့် တူနေပြီး နက်မှောင်သော ချည်ထည်ပိုးစများက တွဲလောင်းကျဆင်း၍ အတွင်းဘက်ကို ကွယ်ဝှက်ထားပေးသည်။

မင်းသားဖူဖြစ်သည့် ဖူဖော့သည် နန်းတော်မှ ရောက်ရှိလာသော ကျောက်ကျုံးလျန်အား လှည့်ကြည့်လိုက်သည်။ ထိုလူမှာ ခုနကပင် တောက်တောက်ပြောင်ပြောင်ဖြင့် ဗိုလ်ကျစိုးမိုးနေခဲ့သော်လည်း ယခုအခါ၌မူ အခြားသူများနှင့်အတူ မြေပြင်ပေါ်တွင် ကောင်းစွာ ဝပ်တွား ခစားနေရပြီ ဖြစ်၏။

သူသည် အေးစက်စွာ ပြုံးလိုက်ပြီး ဦးခေါင်းညွှတ်၍ အရိုအသေပေးလိုက်ရာ ကိုယ်ပေါ်ရှိ ရွှေရောင်ခါးပတ်တွင် ချိတ်ဆွဲထားသော ကျောက်သံပတ္တမြားများမှာ တချွင်ချွင် သာယာစွာ မြည်ခတ်သွားပြီး မင်းမျိုးမင်းနွယ်တို့၏ ဂုဏ်သိက္ခာကို အပြည့်အဝ ပေါ်လွင်သွားသည်။

လီချင်းတစ်ယောက် ခွမ့်အိမ်၌ နှစ်ရက်မျှ နေထိုင်ခဲ့ပြီးနောက် ရုတ်တရက် ခမ်းနားထည်ဝါသော ဇာမဏီနန်းတော်သို့ ပြန်လည်ရောက်ရှိလာရာ၌ အနည်းငယ် နေသားမကျသကဲ့သို့ ခံစားလိုက်ရသည်။

ဇာမဏီနန်းတော်မှာ မကြီးမားလှသော်လည်း ဒေသဆိုင်ရာ အရာရှိများက အရေးပေါ် အသစ်ပြင်ဆင် မွမ်းမံထားသဖြင့် တစ်ပြင်လုံး ရွှေကျောက်ရတနာများနှင့် ချည်ထည် ပိုးစများဖြင့် ဝင်းလက်နေ၏။ ဇာမဏီနန်းတော်တွင် နန်းတွင်းအမျိုးသမီး မရှိဘဲ နန်းတွင်းအရာရှိများသာ ပြည့်နှက်နေသည်။ သူတို့သည် နက်ပြာရောင်လည်ဝိုင်း လက်ကျဉ်းဝတ်ရုံများကို ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းခါးပတ် စီးနှောင်ထားသည်။ ခေါင်းပေါင်းပေါ်တွင် ပုလဲများ တပ်ဆင်ထားကြကာ မြေပြင်ပေါ်တွင် ဒူးထောက် ခစားနေကြ၏။

သူသည် ကျောက်ကျုံးလျန်အား မြင်တွေ့လိုက်ရသဖြင့် အမြန် အရိုအသေပြုလိုက်၏။

"နန်းတွင်းအရာရှိကျောက် မင်္ဂလာပါ။"

ကျောက်ကျုံးလျန်သည် မူလက စစ်အန်းနန်းတော်၏ နန်းတွင်းအရာရှိ ဖြစ်ခဲ့ပြီး ထိုစဉ်က အရှင်မင်းမြတ် ထီးနန်းစံမြန်းချိန်တွင် အခြေခံ အုတ်မြစ် မခိုင်မာသေးဘဲ သက်တော်လည်း ငယ်ရွယ်သေးသဖြင့် မယ်တော်ဘွားဘွားကြီးက သူ့အား အရှင်မင်းမြတ် ဘေး၌ နန်းတွင်းအရာရှိအဖြစ် စေလွှတ်၍ နန်းတွင်းအစေခံရေးရာဌာနတစ်ခုလုံးကို အုပ်ချုပ်စေခဲ့ခြင်း ဖြစ်၏။

အရှင်မင်းမြတ် ဘေးနားရှိ နန်းတွင်းအရာရှိဟု ဆိုသော်လည်း အမှန်တော့ မယ်တော်ဘွားဘွားကြီး၏ စကားကို ပိုမိုနားထောင်ရပြီး စောင့်ကြည့်ကွပ်ကဲသည့် ပုံစံမျိုး ဖြစ်ရာ အမတ်ချုပ်ရှဲဲ့၏ အုပ်စုဝင်စစ်စစ် ဖြစ်လေသည်။ သို့သော် ဤသူမှာ အကြံအစည် နက်နဲလှသူဖြစ်ပြီး ယခုအခါ အမှောင်ထဲတွင် အရှင်မင်းမြတ်၏ အုပ်စုဘက်သို့ ကူးပြောင်းလာခဲ့ပြီ ဖြစ်သော်လည်း အပေါ်ယံတွင်မူ ဘွားဘွားကြီး၏ လူအဖြစ် ဟန်ဆောင်ထားဆဲ ဖြစ်၍ အရှင်မင်းမြတ် အပြင်ထွက်သည့်အခါတွင်လည်း သူ့အား ခေါ်ဆောင်သွားခြင်း မရှိပေ။

လီချင်းက သူ့အား အရိုအသေပြုပြီးနောက် ဘေးသို့ တိုး၍ ရထားလုံးလိုက်ကာကို မလိုက်ပေးလိုက်သည်။

ရထားလုံးအတွင်းရှိ လူသည် မျက်လုံးကျဉ်းလေးများကို ဖွင့်လှစ်လိုက်ပြီး အမှောင်ရိပ်ထဲတွင် တစ်ဝက်မျှ ကွယ်ဝှက်နေ၏။

ကျောက်ကျုံးလျန်တို့ အုပ်စုလည်း အမြန် ထပ်မံ ဦးချလိုက်ကြသည်။

"အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။"

ဖူယိသည် ရထားလုံးအတွင်းမှ ထွက်ခွာလာခဲ့ပြီး မျက်လုံးများကို အောက်စိုက်၍ ကျောက်ကျုံးလျန်အား တစ်ချက် လှမ်းကြည့်လိုက်၏။

ကျောက်ကျုံးလျန်က မြေပြင်ပေါ်တွင် ဝပ်တွားလျက် ရိုသေကိုင်းရှိုင်းစွာ ဂါဝရပြုလိုက်သည်။

"ကျွန်တော်မျိုး ကျောက်ကျုံးလျန် အရှင်မင်းမြတ်ကို ဂါဝရပြုပါတယ်။"

ဖူယိသည် "အင်း" ဟု တစ်ချက် အသံပြုလိုက်ပြီး ဘေးတွင် မတ်တတ်ရပ်နေသော မင်းသားဖူအား လှည့်ကြည့်လိုက်ကာ မေး၏။

"မင်း စာအုပ်ဆိုင်ကို သွားပြီး ဘာလုပ်တာလဲ။"

မင်းသားဖူက နှုတ်ခမ်းကို ဖြဲ၍ ပြုံးလိုက်ရင်း : "ကျွန်တော်က မရီးကို သွားကြည့်တာပါ။"

ဖူယိသည် အရှေ့သို့ လျှောက်လှမ်းသွားခဲ့ရာ မင်းသားဖူကလည်း ချက်ချင်းပင် နောက်မှ လိုက်ပါလာ၏။

"အစ်ကိုတော်၊ ဒီလိုကိစ္စမျိုး လုပ်တာကို ကျွန်တော့်ကိုတောင် တစ်ခွန်းမှ မပြောဘူးနော်။ အောက်ကလူတွေ ပြောတာကြားမှပဲ သိရတော့တယ်။"

မြေပြင်ပေါ်တွင် ဒူးထောက်ထားဆဲဖြစ်သော ကျောက်ကျုံးလျန်မှာ ကြားလိုက်ရသည်ကို သဘောမပေါက်ဘဲ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်သော်လည်း ထပ်မံ၍ မမေးဝံ့ပေ။

အရှင်မင်းမြတ်သည် ရာဇပလ္လင်ပေါ်တွင် စိုးစံထိုင်ခုံယူလိုက်ပြီးနောက် သူ့အား မေးလိုက်သည်။

"ဘွားတော်ကြီးက မင်းကို ဘာလုပ်ဖို့ လွှတ်လိုက်တာလဲ။"

ကျောက်ကျုံးလျန်ကလည်း အမြန် ပြန်လည် ဖြေကြားလေ၏။

"မိဖုရားခေါင်ကြီး ရွေးချယ်ပွဲက နီးကပ်လာပြီဖြစ်လို့ ဘွားတော်ကြီးက ကျွန်တော်မျိုးကို လွှတ်လိုက်တာပါ။ အရှင်မင်းမြတ်ကို မြို့တော်ဆီ စောစောစီးစီး ပြန်လည်ကြွရောက်တော်မူဖို့ လျှောက်ထားခိုင်းလိုက်ပါတယ်။"

မင်းသားဖူ :"ကျွန်တော်တို့ရဲ့ ဝမ်းကွဲ မင်းသမီးလေးက အရွယ်မရောက်သေးဘူး မဟုတ်ဘူးလား။ အမတ်ချုပ်ရှဲ့က နန်းတော်ထဲ အမြန် ပို့ချင်နေပြီပေါ့။"

ကျောက်ကျုံးလျန်က ပြောလိုက်သည်။

"နောက်လဆိုရင် အရွယ်ရောက်အခမ်းအနား ပြုလုပ်တော့မှာပါ။"

မင်းသားဖူ: "ကြားတာတော့ အရမ်း ချောမောလှပတဲ့ မိန်းမလှလေးဆို?"

ကျောက်ကျုံးလျန်: "အဆင်းအင်္ဂါမှာ မြို့တော်က မင်းမျိုးမင်းနွယ် အမျိုးသမီးတွေထဲမှာ အသာလွန်ဆုံးပါပဲ။ မင်းသား ခုနက မရီးလို့ ပြောတာ ဘာအဓိပ္ပာယ်ပါလဲ။"

မင်းသားဖူက ရယ်မောလျက် ဆိုလိုက်သည်။

"နန်းတွင်းအရာရှိက အခုထိ ဒီကိစ္စကို မသိသေးဘူးလား။ မဖြစ်နိုင်တာ၊ နန်းတော်ဟောင်းထဲက လူတွေ အလုပ်လုပ်တာ မသပ်ရပ်တာပဲ။"

ကျောက်ကျုံးလျန်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားတော့သည်။

သူ အရှင်မင်းမြတ်၏ ဘေးတွင် ထည့်သွင်းထားသော သူလျှိုများမှာ မည်သို့ ကျန်ရှိတော့မည်နည်း။

လမ်းတစ်လျှောက်၌ပင် တစ်စစီ အကုန်လုံး သုတ်သင်ရှင်းလင်းခံလိုက်ရပြီလားဟုပင် စိုးရိမ်မိသွား၏။

"ကျွန်တော်မျိုးလည်း ခုနကမှ ရောက်တာပါ။ ဒီကိစ္စကို အမှန်တကယ် မသိရှိခဲ့ပါဘူး။ အရှင်မင်းမြတ်က တိုင်းပြည်ရဲ့ အထွတ်အထိပ်ဖြစ်တာမလို့ စေ့စပ်ထိမ်းမြားတာကို ကလေးကစားစရာလိုမျိုး မလုပ်သင့်ပါဘူး။ ဒါက..."

ကျောက်ကျုံးလျန် ခေါင်းမော့လိုက်ရာ ဖူယိ၏ နက်မှောင်သော မျက်လုံးများနှင့် ဆုံတွေ့လိုက်ရသည်။ ဖူယိသည် ရာဇပလ္လင်ပေါ်တွင် ခပ်စောင်းစောင်း မှီထိုင်နေပြီး လွန်စွာမှပင် မကျေမနပ် ဖြစ်နေသော အမူအရာမျိုး ရှိနေ၏။ ဤအချိန်သည် အရှင်မင်းမြတ် ကျိန်းစက်အနားယူရမည့် အချိန်ဖြစ်ရာ သူ စိတ်ဆက်နေသည်မှာလည်း ဆန်းလှသည်တော့ မဟုတ်ပေ။

သူ့စိတ်ထဲတွင်သာ ကံဆိုးလှပါသည်ဟု ညည်းတွားလိုက်မိသည်။ သူသည် မူလက မနက်ဖြန်မှသာ အရှင်မင်းမြတ်အား ဖူးမြော်ရန် ကြံရွယ်ထားခဲ့သော်လည်း မြို့အတွင်းသို့ ဝင်ရောက်သည်နှင့် ရှီးကျင်းစစ်သည်တော်များ၏ "ဖိတ်ခေါ်ခြင်း" ကို ခံလိုက်ရခြင်း ဖြစ်သည်။

ယခုအခါ ရှီးကျင်းတစ်ခုလုံးမှာ မင်းသားဖူ၏ ပိုင်နက်နယ်မြေ ဖြစ်နေပြီပင်။

ဤမင်းသားဖူသည်လည်း သူ့အား မျက်နှာသာ လုံးဝ မပေးဘဲ အရှင်မင်းမြတ်၏ အလိုလိုက် အလေးပေးမှုကို အားကိုး၍ ပိုမို ရဲတင်းလာနေ၏။

သူသည် အမြန်ပင် မြေပြင်ပေါ်တွင် ဦးခေါင်းကိုစိုက်ကာ ထပ်မံ ဝပ်တွားလိုက်သည်။

"ကျွန်တော်မျိုးက မယ်တော်ဘွားဘွားကြီးရဲ့ အမိန့်အရ အရှင်မင်းမြတ်ကို လာရောက်ဖူးမြော်ရခြင်းပါ။ အရှင်မင်းမြတ်အနေနဲ့ မြို့တော်ကို စောစော ပြန်လည်ကြွရောက်ဖို့ လျှောက်ထားအပ်ပါတယ်။ မယ်တော်ဘွားဘွားကြီးက အရှင်မင်းမြတ်ကို လွမ်းဆွတ်တမ်းတလွန်းပြီး ကျန်းမာရေး ချို့ယွင်းနေတာ ရက်တော်တော်ကြာနေပါပြီ။"

သူသည် ရင်ဘတ်ထဲမှ မယ်တော်ဘွားဘွားကြီး၏ ကိုယ်တိုင်ရေး ရာဇသဝဏ်လွှာကို အမြန်ထုတ်ယူ၍ လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။

လီချင်းက သွားရောက် ယူဆောင်ကာ ဖူယိ၏ လက်သို့ ဆက်သလိုက်၏။

ဖူယိက စာကို ဖြန့်ကြည့်လိုက်ရာ မင်းသားဖူက ဘေးမှ ဝင်ပြောလေသည်။

"အရှင်မင်းမြတ်ကို စောစော ပြန်လာအောင် လိမ်ညာလှည့်ဖျားတာပဲ ဖြစ်လိမ့်မယ်။"

ဖူယိမှာ စာကို သိမ်းဆည်းလိုက်ပြီး ပြန်မိန့်လိုက်သည်။

"အတွင်းရေးအရာရှိ ရောက်လာပြီဆိုမှတော့ ဒီမှာ ရက်နည်းနည်း ပိုကြာအောင် နေသွားချေ။ တခြားကိစ္စတွေကိုတော့ ဝင်စွက်ဖက်စရာ မလိုဘူး။"

ကျောက်ကျုံးလျန်: "မှန်လှပါ။"

သူသည် စိတ်ဆန္ဒအပြည့်ဖြင့် သစ္စာခံယူထားသော်လည်း အရှင်မင်းမြတ်၏ အပြည့်အဝ ယုံကြည်ထားမှုကို မရရှိသေးပေ။ ယခုအခါတွင်မူ မိမိ၏ သစ္စာစောင့်သိမှုကို အရှင်မင်းမြတ်အား အသိပေးရန် အခွင့်အရေး ရရှိလိုက်ပြီဖြစ်သလို ဤရှီးကျင်းမြို့မှာလည်း ဧကရာဇ်၏ လက်ဝါးအတွင်းသို့ အမှန်တကယ် ရောက်ရှိနေပြီလားဆိုသည်ကို လေ့လာစုံစမ်းနိုင်မည် ဖြစ်၏။

ထို့အပြင် ဤတိတ်တဆိတ် စေ့စပ်ထိမ်းမြားခြင်း ဆိုသည်မှာ ဘာအဓိပ္ပာယ်နည်း။ အရှင်မင်းမြတ်တစ်ယောက် မည်သည့် အမျိုးမြတ်အိမ်တော်၏ သမီးပျိုကို သဘောကျသွားရသနည်း။

ကျောက်ကျုန်းလျန် ထွက်ခွာသွားပြီးနောက်မှ မင်းသားဖူက ပြောလိုက်သည်။

"အစ်ကိုတော် ထိမ်းမြားမင်္ဂလာကိစ္စကြောင့် စိတ်ရှုပ်နေလို့ ပန်းလုံး သွားဖမ်းခဲ့တာလား။ ဒီလိုလုပ်တာက အသုံးမဝင်ပါဘူး။ သခင်လေးခွမ့် အယောက် ၁၀၀ လောက် ရှာလိုက်ရင်တောင် အစ်ကိုတော်ရဲ့ မိဖုရားခေါင်ကြီးနေရာက ရှဲဲ့အိမ်တော်ရဲ့နေရာပဲ ဖြစ်နေဦးမှာ။"

ဖူယိက နှုတ်ခမ်းထောင့်ကို မြှင့်တက်လိုက်သည်။

"ဒါဆိုရင်လည်း သူ့သမီးကို ငါ့ဆီ ထိမ်းမြားပေးရဲ မပေးရဲ ကြည့်တာပေါ့။"

ဖူယိ နန်းတက်ချိန်မှစ၍ သူ၏ မိဖုရားခေါင်ကြီးမှာ အမတ်ချုပ်ရှဲ့၏သမီး၊ သူ့ထက်ပင် အသက်အနည်းငယ် ငယ်ရွယ်သေးသော သမီးငယ်လေး ဖြစ်လာမည်ကို လူတိုင်း သိရှိထားကြ၏။ အကယ်၍ တစ်ဖက်သူသာ အလွန်အမင်း ငယ်ရွယ်လွန်းမနေပါက၊ အမတ်ချုပ်ရှဲ့ကလည်း ခေတ်အဆက်ဆက် မရှိဖူးသော သူတော်ကောင်း အမတ်ကြီးအဖြစ် ဟန်ဆောင်မနေပါက သူ နန်းတက်သည့် ပထမဆုံးနှစ်၌ပင် ရှဲ့အိမ်တော်မှ နောက်ထပ် မိဖုရားခေါင်ကြီးတစ်ပါး ထွက်ပေါ်လာပြီးလောက်ချေပြီ။

သို့သော် အာဏာပိုင်အမတ်၏ သမီးကို မိဖုရားမြှောက်ခဲ့သည့် နောက်ဆုံးသော ဧကရာဇ်မှာ သာရုန်းမင်းဆက်၏ ဧကရာဇ်ချန်မင် ဖြစ်သည်။ သားတော်လေး မွေးဖွားပြီးသည်နှင့် ဧကရာဇ်ချန်မင်မှာ ယောက္ခမဖြစ်သူ၏ လက်ဖြင့် ကောင်းကင်ဘုံသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။

ဖူယိမှာ ဤသို့သော အဖြစ်ဆိုးမျိုးကို မိမိကိုယ်ပေါ်သို့ မည်သို့များ ကျရောက်ခွင့်ပေးမည်နည်း။

သူ ရာဇပလ္လင်ပေါ် စတင်စိုးစံခဲ့သည့် ပထမဆုံးနေ့က အောက်ရှိ အမတ်များမှာ အမတ်ချုပ်ရှဲ့ဆီကိုသာ သွားရောက် အစီရင်ခံခဲ့ကြပြီး သူကမူ ထိုနေရာ၌ တိတ်တဆိတ်ထိုင်ကာ အရုပ်ကလေးတစ်ရုပ်အဖြစ် စိုးစံနေရင်း စိတ်ထဲတွင် ဤကိစ္စများကို ကြံစည်တွေးဆနေခဲ့ခြင်း ဖြစ်၏။

ယခုအခါ ရှဲဲ့အိမ်တော်မှ သမီးပျိုမှာ အရွယ်ရောက်ကြီးပြင်းလာခဲ့ပြီပင်။ သူသည်လည်း အခြားသူ၏ ဩဇာခံ အငယ်တန်း ဧကရာဇ် မဟုတ်တော့ပေ။ မြို့တော်ရှိ မင်းမျိုးမင်းနွယ် အမျိုးသမီးများမှာ သူ၏ အမည်နာမကို ကြားသိရုံဖြင့် မကြောက်ရွံ့ဘဲ ရှိကြလိမ့်မည် မဟုတ်ချေ။

သူ၏ ထိမ်းမြားမင်္ဂလာမှာ မီးထွန်းစင်မြင့်ပေါ်မှ သွေးစက်နီနီများ လွှမ်းမိုးထားသည့်အလား ဖြစ်နေခဲ့၏။ လက်ရှိ မြို့တော်၏ အခြေအနေကဲ့သို့ပင်။

သူ၏ မင်္ဂလာပွဲမှာ တစ်ဖက်ဖက်၏ အာဏာစက်ဖြစ်ကာ နောက်ဆုံး အနိုင်ရရှိမှု၏ ရလဒ် ဖြစ်လာမည်ဖြစ်သလို အစပြုမှုတစ်ခု ဖြစ်လာရန်လည်း သေချာနေသည်။

သူ၏ မိဖုရားခေါင်ကြီးကိုမူ သူကိုယ်တိုင်သာလျှင် ရွေးချယ်ရမည် ဖြစ်၏။

မင်းသားဖူက သူ၏ မျက်လုံးကျဉ်းလေးများ မှေးစင်းထားပြီး နားသီးများ နီရဲနေကာ၊ ပါးပြင်ပေါ်၌ပင် အပူလှိုင်း အရောင်များ ထွက်ပေါ်နေသည်ကို မြင်တွေ့ရသဖြင့် မေးလိုက်သည်။

"အစ်ကိုတော်၊ အခုတလော ဆေး မသောက်တော့ဘူးလား။"

ဖူယိကမူ ခေါင်းကိုစောင်းလျက် ရက်စက်တော့မည့် လေသံဖြင့် ဆိုလိုက်သည်။

"နောက်ဆို သူ့အရှေ့မှာ နည်းနည်းပဲ မျက်နှာပြ။ ငါ့ရဲ့ ကိစ္စကို လာမဖျက်ဆီးနဲ့။"

လီချင်းက အနီးသို့ တိုးကပ်လာပြီး ရွှေရည်စိမ် ဆေးသေတ္တာလေးကို ဆက်သလိုက်၏။ သေတ္တာအတွင်း၌ မည်းမှောင်နေသော ဆေးလုံးများ ပါရှိသည်။ ဖူယိက ဆေးလုံး အတော်များများကို ယူဆောင်၍ ပါးစပ်ထဲသို့ ထည့်ကာ ဝါးစားလိုက်၏။

မင်းသားဖူက အံ့အားသင့်စွာဖြင့် :"အခု အဲဒီလောက်အထိ အများကြီး သောက်ဖို့ လိုနေပြီလား"

ဖူယိ သောက်သုံးနေသော ဤဆေးလုံးကို သူ သိရှိထားသည်။ နန်းတွင်းသမားတော်ကမူ "စိတ်မငြိမ်သက်မှု" ကို သက်သာစေရန်ဟု ပြောဖူး၏။

သောက်သုံးပြီးပါက စိတ်ခံစားချက်များစွာကို တည်ငြိမ်သွားစေသည်။

နန်းတော်အတွင်း၌မူ ဤသည်မှာ အရူးရောဂါကို ကုသသော ဆေးဟု ပြောဆိုကြ၏။

အကြောင်းမှာ သူတို့ အရူးဟု ခေါ်ဆိုကြသော စတုတ္ထမြောက် အစ်ကိုတော်မှာ ထိုစဉ်က ဤဆေးလုံးကို သောက်သုံးခဲ့သောကြောင့် ဖြစ်သည်။

ဖူယိမှာတော့ ဤအကြောင်းအရာကို ပြောဆိုရသည်အား လွန်စွာ မုန်းတီးလှသည်။

မင်းသားဖူက သူ ပြန်လည် မဖြေကြားသည်ကို မြင်တွေ့ရသဖြင့် အခြားကိစ္စကို မေးလိုက်တော့၏။

"အဲဒီခွမ့်ရွှယ်ရှန့်ရဲ့ နောက်ကြောင်းကရော ဘယ်လိုရှိလဲ။"

သူသည် ဖူယိတစ်ယောက် အမျိုးသားတစ်ဦး၏ အိမ်တွင် သွားရောက် ပေါင်းသင်းနေထိုင်ခြင်းကို မည်သို့မျှ မသင့်တော်ဟု မခံစားရပေ။

ဖူယိသာ အစဉ်အလာအတိုင်း မယားမြှောက်၍ သားသမီး မွေးဖွားမှသာလျှင် သူ့ထံတွင် ပြဿနာရှိသည်ဟု ထင်မြင်မိလိမ့်မည်။

သို့သော် ဖူယိသည် စိတ်မတည်ငြိမ်ဘဲ သံသယစိတ် များပြားလှသူဖြစ်ရာ ခွမ့်ရွှယ်ရှန့်၏ အိမ်တွင်းသို့ မည်သို့ ဝင်ရောက်သွားခဲ့သည်ကိုတော့ သူ အမြဲလိုလို ဇဝေဇဝါ ဖြစ်နေခဲ့သည်။

"အစ်ကိုတော် သူ့ကို ယုံကြည်လို့လား။"

ဖူယိမှာ ဤအကြောင်းအရာကိုသာ ပိုမို စိတ်ဝင်စားပုံရပြီး ပြန်ဖြေလာသည်။

"သူက တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment