no

Font
Theme

အပိုင်း (၁)

စိမ်းပြာရောင်နွားလှည်း၊ ခရမ်းရောင် အမိုးအကာအောက်ဝယ်...

ခွမ့်ရွှယ်ရှန့်သည် ထိုလှည်းအတွင်း၌ တည်ငြိမ်စွာ ထိုင်နေသည်။

လမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် ပြည်သူအပေါင်းက ဒူးထောက်ရှိခိုးနေကြပြီး ငိုယိုသံများမှာလည်း လမ်းတစ်လျှောက် မစဲနိုင်အောင် ရှိနေ၏။ သို့သော် သူ၏ မျက်ဝန်းများမှာမူ တည်ငြိမ်အေးဆေးလျက် ရှိသည်။ ပါးလွှာပြီး ရိုးရှင်းသော ပဝါစသည် သူ၏ နက်မှောင်သော ဆံပင်များကို ပေါ့ပေါ့ပါးပါး လွှမ်းခြုံပေးထားသည်။ လေထဲတွင် လွင့်နေသော ပိတ်စများမှာ ရေလှိုင်းများကဲ့သို့ လွင့်လူးနေ၏။

သူသည် လူငယ် ဝန်ကြီးချုပ်ဖြစ်ပြီး ထိုခေတ်ကာလ၏ နံပါတ်တစ် ဗျူဟာမှူးဟုလည်း အမွှန်းတင်ခံထားရသည်။ ရှုပ်ထွေးလှသော ခေတ်ဆိုးကြီးတွင် ပျက်စီးတော့မည့် အခြေအနေကို လက်စွမ်းပြကာ ကယ်တင်ခဲ့ပြီး ယိမ်းယိုင်နေသော တိုင်းပြည်ကြီးကိုလည်း အကာအကွယ် ပေးခဲ့သူ ဖြစ်သည်။

ယခုအခါ တိုင်းပြည် အေးချမ်းသာယာသွားပြီဖြစ်ရာ သူသည်လည်း ရာထူးတံဆိပ်တုံးကို စွန့်လွှတ်၍ ဝါးတော၊ ရေတံခွန်နှင့် သဘာဝတောတောင်များဆီသို့ အေးအေးချမ်းချမ်း ထွက်ခွာသွားနိုင်ပြီ ဖြစ်၏။

အလုပ်ပြီးလျှင် အင်္ကျီစကို ခါထုတ်၍ ထွက်သွားသည်။ သူက ဂုဏ်ပုဒ်နှင့် အမည်နာမတို့ကြောင့် မိမိ၏ဆန္ဒကို ထိန်းသိမ်းမထားခဲ့ပေ။ ဟန်ပြသည့်နေရာ၌ အဆုံးစွန်ရောက်နေပြီဖြစ်၍ ပြီးပြည့်စုံလွန်းသည်ဟု ဆိုရမည်။

စိမ်းပြာရောင်နွားလှည်း၏ ခွာသံများမှာ တဒုတ်ဒုတ်ဖြင့် အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ချေပြီ။ နောက်ဆုံးတွင် မြူခိုးနှင့် ရေလွှာကဲ့သို့ ဝါးတားတား လေထုကြားသို့ ရောနှောသွားကာ ရုပ်ပုံလွှာလည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။

ခွမ့်ရွှယ်ရှန့် :"Cut လို့ မအော်သေးဘူးလား။"

စနစ် : "အချစ်ကလေး၊ ဂုဏ်ယူပါတယ်။ နောက်ဆုံးတာဝန်ကို ပြည့်ပြည့်စုံစုံ ပြီးမြောက်သွားခဲ့ပြီမလို့ နောက်ဆုံးတော့ အငြိမ်းစားယူလို့ ရပါပြီ။"

အား.... စောင့်ရလိုက်တာ။ အခုတော့ ဒီနေ့လေးကို ရောက်ခဲ့ပြီ၊ မျှော်လင့်ထားတဲ့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပြီ။

ဒီနေ့ကစပြီး ကျွန်လိုနွားလိုဘဝက လွတ်မြောက်ပြီး သီချင်းတွေ အားရပါးရ ဆိုလို့ရပြီကွ။

စနစ် -:"စာချုပ်အရဆို ဂုဏ်ထူးဆောင် အငြိမ်းစားယူပြီးတဲ့အခါ မင်း အရင်က ဖြတ်သန်းခဲ့ဖူးတဲ့ အပြိုင်ကမ္ဘာတွေထဲက ကြိုက်နှစ်သက်ရာ တစ်ခုကို ရွေးချယ်ပြီး ဘဝသစ် ရယူနိုင်ပါတယ်။ အခုအချိန်မှာ မင်းက စောင်းတီး၊ စစ်တုရင်ကစားပွဲ၊ စာရေး၊ ပန်းချီ အပါအဝင် သိုင်းပညာ ၁၈ မျိုးလုံးကို ပိုင်နိုင်ကျွမ်းကျင်နေပြီမလို့ လက်ဗလာနဲ့ စတင်ပြီး အစကနေ ပြန်စရင်တောင် ဆရာကြီးရာဇဝင်ကို ပြန်ရပြီး စည်းစိမ်ဥစ္စာကို အကန့်အသတ်မရှိ ခံစားရမှာပါ။"

ခွမ့်ရွှယ်ရှန့်: "အမ်ဟမ်"

ခွမ့်ရွှယ်ရှန့်သည် ကမ္ဘာပေါင်းများစွာသို့ ကူးပြောင်းရသော 'ဆရာကြီးစနစ်' သို့ စတင်ရောက်ရှိချိန်မှစ၍ သွေးမြင်လျှင် ခေါင်းမွေးထောင်ကာ ပြေးလွှားတတ်သော အတွေ့အကြုံမရှိသူ ကြက်ပေါက်စလေး ဘဝမှသည် ရာထူးကြီးများ ပိုင်ဆိုင်သည့် သြဇာကြီးမားသော သူရဲကောင်းကြီး ဘဝအထိ ရုန်းကန်ခဲ့ရသည်။

သူသည် ငှက်မွေးယပ်တောင်ကို ကိုင်စွဲကာ ခေါင်းပေါင်းဆောင်းထားသည့် မဟာဗျူဟာမှူး ဖြစ်ခဲ့ဖူးရုံမက ဓားတစ်လက်တည်းဖြင့် အဆောက်အအုံ၏ ဘုံကိုးဆင့်သို့ စွန့်စားထိုးဖောက်ခဲ့သည့် လူသတ်သမားလည်း ဖြစ်ခဲ့ဖူး၏။ ဓားတောင်၊ သွေးပင်လယ်များနှင့် ရှုပ်ထွေးလှသော နန်းတွင်းရေးရာ၊ နိုင်ငံရေး ပဋိပက္ခပေါင်း မြောက်မြားစွာကို စိန်ခေါ်ဖြတ်သန်းခဲ့ဖူးသည်။

သို့ဖြစ်၍ ယခုအခါတွင် သူသည် စာပေဗဟုသုတ ကြွယ်ဝလှပြီး၊ မြားပစ်လျှင်လည်း သစ်ရွက်ကို စိုက်အောင် ပစ်နိုင်သူဖြစ်၏။ စာပေရော သိုင်းပညာသာမက ကဏ္ဍတိုင်းတွင် အောင်မြင်မှုများ ခင်းကျင်းနိုင်သူ ဖြစ်သော်လည်း ဆရာကြီးတစ်ယောက်၏ ဘဝကိုမူ အလွန်ပင် ငြီးငွေ့နေခဲ့ပြီ ဖြစ်သည်။

"ငါ သာမန်လူတစ်ယောက် ဖြစ်တယ်။ အေးအေးဆေးဆေးနဲ့ သာမန်ဘဝလေးကိုပဲ ဖြတ်သန်းချင်တော့တာ။"

စနစ် : "အာ? မင်း စတိုင်ထုတ်နေပြန်ပြီမလား။"

ခွမ့်ရွှယ်ရှန့် :"ထားလိုက်ပါတော့၊ မင်း နားမလည်ပါဘူး။"

စနစ် : "....."

"ငါ့ကို ဘယ်သူမှ လုံးဝမသိနိုင်တဲ့ ကမ္ဘာတစ်ခုမှာ စီစဉ်ပေး။ အဲဒီထဲမှာ ငါ့ကို သာမန်လူတစ်ယောက်အဖြစ် နေထိုင်ခွင့်ပေးရင်ရပြီ။"

"....."

စနစ်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အသံမှာ စက်ရုပ်သံကဲ့သို့ အလိုအလျောက် ပြောင်းလဲသွားလေ၏။

"အငြိမ်းစားဝန်ထမ်းရဲ့ တောင်းဆိုချက်အရ ကမ္ဘာတစ်ခုကို စိစစ်ရွေးချယ်နေပါတယ်။ စနစ်က မင်းအတွက် စံကာတင် ရွေးချယ်ပေးလိုက်တာကတော့ သာ့ကျိုးပါ။"

"နည်းနည်းတော့ ရင်းနှီးနေသလိုပဲ။"

"မင်းကူးပြောင်းခဲ့တဲ့ ပထမဆုံးကမ္ဘာလေ။ စနစ်ရဲ့ သင်တန်းသားအဆင့်နဲ့ အဲဒီထဲမှာ ဇာတ်ပို့အဖြစ် တစ်ခဏလောက် ဝင်သရုပ်ဆောင်ခဲ့ဖူးတယ်။"

သူ စနစ်နှင့် စတင်ထိတွေ့ခဲ့စဉ်က ဖြစ်မည်။ မည့်သည့်ခုနှစ်မှန်း မသိတော့သော်လည်း ခပ်ရေးရေး မှတ်မိသည်မှာ ကြောက်မက်ဖွယ်ရာ “အခန်းကဏ္ဍကြီး” တစ်ခု ဖြစ်ပွားခဲ့သည်ကိုပင်။ နန်းတွင်းပုန်ကန်ခြင်းလော သို့မဟုတ် မည်သည်ဖြစ်မှန်းတော့ မသိတော့ချေ။

မည်သို့ပင်ဆိုစေကာမူ အဓိကဇာတ်လိုက်ကတော့ သူမဟုတ်ခဲ့ပေ။ အမှတ်ရဆုံးအရာမှာ သူ စတင်ကူးပြောင်းသွားသည်နှင့် ကောင်းကင်သို့ ထိုးတက်နေသော မီးနီကြီးများကို တွေ့လိုက်ရခြင်းပင်။ သူ့ဘဝတစ်လျှောက်လုံး ယခင်က ထိုမျှလောက် ရဲရဲနီနေသော မီးပင်လယ်မျိုးကို မမြင်ခဲ့ဖူးချေ။ Animation ထဲက မြင်ကွင်းမျိုးနှင့်တူနေပြီး ယခု ပြန်စဉ်းစားကြည့်လျှင်လည်း မီးက အဘယ့်ကြောင့် ထိုမျှနီရဲနေကြောင်း စဉ်းစားမရ။ ထိုစဉ်ကတော့ မိမိကိုယ်မိမိ ငရဲခန်းသို့ ပို့ဆောင်ခံလိုက်ရပြီဟုပင် ထင်မှတ်ခဲ့မိသေးသည်။

စနစ်က သူ့ကို လူကယ်ခိုင်းခဲ့ရာ သူသည် စိတ်ဓာတ်ကျစွာ အော်ကြီးဟစ်ကျယ် ငိုယိုရင်း နန်းတွင်းသူနန်းတွင်းသား အသွင်ဆောင်ထားသော သင်တန်းသား တစ်သိုက်နှင့်အတူ မီးလောင်ပြင်ထဲတွင် လူလိုက်ကယ်ခဲ့ပြီး နောက်ဆုံး၌ မထင်မှတ်ဘဲ အရည်အချင်းစစ် စာမေးပွဲကို အောင်မြင်သွားခဲ့တော့သည်။

စနစ် :"မင်း အဲဒီကမ္ဘာမှာ နေခဲ့ရတဲ့ အချိန်က အတိုတောင်းဆုံး ဖြစ်သလို၊ နာမည်လည်းမရှိဘူး။ ဒါ့အပြင် အဲဒီကမ္ဘာက မကြာခင်မှာ ဆရာကြီးအဆင့်တွေ အများကြီး ထွက်ပေါ်လာတော့မယ့် ခေတ်ကာလကို ရောက်တော့မှာမလို့ မင်းရဲ့ တောင်းဆိုချက်နဲ့ အရမ်းကို ကိုက်ညီပါတယ်။"

သူသည် လုပ်ဖော်ကိုင်ဖက် စနစ်အပေါ် အပြည့်အဝ ယုံကြည်မှုရှိထားသဖြင့် ခေါင်းညိတ်လိုက်၏။

"ဒါဆိုရင် အိုကေလေ။ အဲဒီကမ္ဘာပဲ ထားလိုက်တော့။"

ခွမ့်ရွှယ်ရှန့် ကူးပြောင်းရောက်ရှိလာပြီးမှ သိလိုက်ရသည်မှာ သူ ကူးပြောင်းလာရသည့် သာ့ကျိုးမင်းဆက်သည် ဤကမ္ဘာတွင် အလယ်ပိုင်းလွင်ပြင်၏ အင်အားအကြီးမားဆုံးနှင့် အတောက်ပဆုံး မင်းဆက်ကြီးပင်။ သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်က သာ့ကျိုး၏ နှစ်ပေါင်း ၃၀၀ နီးပါး တည်တံ့ခဲ့သော မင်းဆက်အရှိန်အဝါမှာ ယခုအချိန်တွင် ကုန်ဆုံးလုနီးပါး ဖြစ်နေချေပြီ။ မင်းမျိုးမင်းနွယ်များက အာဏာလုနေကြပြီး အတွင်းရေး ပဋိပက္ခများက ဆက်တိုက် ဖြစ်ပွားနေသည်။

အထူးသဖြင့် ယခုအချိန်မှာ သွေးချောင်းစီးမည့် “နဂါးသုံးကောင်” ဖမ်းဆီးခြင်းကို တွေ့ကြုံခံစားခဲ့ရသူ လက်ရှိဧကရာဇ်သည် ရက်စက်ကြမ်းကြုတ်သော အုပ်စိုးရှင်တစ်ဦးဖြစ်ပြီး အလွန်တရာ ရက်စက်ကြမ်းကြုတ်ကာ သွေးအေးသော အာဏာရှင်ဆိုးကြီး ဖြစ်သည်။

ကြည့်ရသည်မှာ မင်းဆက်အပြောင်းအလဲ ဖြစ်လာမည့်ကိစ္စက သိပ်မဝေးလောက်တော့ချေ။

ဆရာကြီးများ ပေါ်ထွက်လာမည့်ခေတ်ဟု ခေါ်သော ဤခေတ်ကာလသည် မင်းဆက်ငါးဆက်နှင့် တိုင်းပြည်ဆယ်ခု အာဏာရရန် ပြိုင်ဆိုင်နေသော စစ်ဘုရင်များ၏ ဖရိုဖရဲကမ္ဘာနှင့် ပိုတူလှသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် "ဆရာကြီးစနစ်" ဖြင့် သူ၏အသက်ကို ယခုလေးတင်မှ အဆုံးသတ်ခဲ့သည်။ သူသည် တခြားအရာများ ချို့တဲ့နိုင်သော်လည်း သူ၏ စိတ်အခြေအနေကတော့ သိသိသာသာ တည်ငြိမ်နေ၏။ အတော်အတန် အေးချမ်းသည့် အချိန်ကာလများကို အခွင့်ကောင်းယူပြီး ကျန်ရှိနေသော အဖိုးတန် အခိုက်အတန့်များကို ဆုပ်ကိုင်ထားသင့်သည်ဟု သူ ခံစားရလေသည်။

သူ ဟန်ယဉ်ကျေးမှု စက်ဝန်းတစ်ခုလုံး၏ ကမ္ဘာကြီးအကြောင်းကို အကြမ်းဖျင်း လေ့လာစုံစမ်းကြည့်လိုက်သည်။ ယခုအချိန်တွင် 'သာ့ကျိုး' မင်းဆက်သည် အတိုးတက်ဆုံးနှင့် အင်အားအကြီးမားဆုံး မင်းဆက်ကြီးအဖြစ် ရှိနေဆဲ ဖြစ်ပြီး ဒုတိယမြောက်မှာမူ မြောက်ဘက်တွင် တိုင်းပြည်သစ် ထူထောင်လိုက်သည့် 'သာ့ယွဲ့' မင်းဆက်ဖြစ်ကာ ဟူနှင့် ဟန်လူမျိုးများ ပေါင်းစည်းထားသော နိုင်ငံတစ်ခု ဖြစ်၏။

ထို့ပြင် လန်တိုင်းပြည်နှင့် ထျန်တိုင်းပြည်ကဲ့သို့သော လက်အောက်ခံ တိုင်းပြည်ငယ်လေးများလည်း ရှိကြသည်။ နောက်ဆုံးတွင် ခွမ့်ရွှယ်ရှန့်တစ်ယောက် သာ့ကျိုးက ရွှမ်းလွမ်မြို့၌ အခြေချရန် ရွေးချယ်ခဲ့တော့၏။

ဤသည်မှာ သာ့ရုန်းမင်းဆက်၏ မြို့တော်ဟောင်း ဖြစ်သည်။ သာ့ကျိုးမင်းဆက်၏ ဧကရာဇ်ချန်ကျူသည် တိုင်းပြည်ကို ပေါင်းစည်းလိုက်သောအခါ ရွှမ်းလွမ်မြို့ကို သာ့ကျိုးနယ်မြေထဲသို့ ထည့်သွင်းခဲ့သည်။ မြို့တော်ဟောင်း၏ အခြေခံအုတ်မြစ်သည် မပျက်မစီးဘဲ အနောက်မြို့တော် ရှီကျင်းဟု လူအများသိကြသော သာ့ကျိုး၏ ဒုတိယအကြီးဆုံးမြို့ ဖြစ်လာ၏။

(TN - တရုတ်သမိုင်းမှာ "成祖" ချန်ကျူ ဆိုတာ နာမည်မဟုတ်ဘဲ ဧကရာဇ်မင်းရဲ့ဘွဲ့တော်ပါ)

အရှေ့ဘက်က ကျန့်ထိုင်မြို့နှင့် မျက်နှာချင်းဆိုင် ဖြစ်သည်။

လက်ရှိတွင် အရှေ့ပိုင်းမြို့တော် ကျန့်ထိုင်မြို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် လူသေဆုံးမှုများမှာ ပြင်းထန်နေ၏။ ဧကရာဇ်မင်း လက်လှမ်းမမီသော ရွှမ်းလွမ်မြို့သည် အနည်းဆုံးတော့ ထိခိုက်မှုမရှိဘဲ ၎င်း၏ ခမ်းနားထည်ဝါသော နယ်စပ်အငွေ့အသက်ကို ထိန်းသိမ်းထားသေးသည်။ ပြည်သူများက ချမ်းသာပြီး လူမှုပတ်ဝန်းကျင်ကလည်း ပွင့်လင်းလှသည်။ အလွန်ပင် စီးပွားဖြစ်ထွန်းကာ အသုံးအဖြုန်းကြီးပြီး သာယာယစ်မူးစရာ ကောင်းနေသည့် အချိန်ကာလပင်။

သူသည် မြို့၏ အစည်ကားဆုံးလမ်းဖြစ်သည့် ရွှေကျီးကန်းလမ်းတွင် ဆိုင်ငယ်တစ်ခုဝယ်ခဲ့သည်။ သူ့တွင် အရည်အချင်းများစွာ ရှိသော်လည်း အငြိမ်သက်ဆုံးနှင့် အဆင်ပြေဆုံးအရာကို ရွေးချယ်လိုက်၏။ မိမိကိုယ်တိုင် ရေးသားထားသော စာအုပ်ငယ်များကို သီးသန့် ရောင်းချပြီး စာအုပ်အတွင်းရှိ သရုပ်ဖော်ပုံများကိုပင် ကိုယ်တိုင်ရေးဆွဲဖန်တီးထားခြင်း ဖြစ်သည်။

ရှေးခေတ်လူစစ်စစ်များနှင့် နှိုင်းယှဉ်ပါက သူသည် နှစ်ထောင်ပေါင်းများစွာသော အသိပညာများကို ပိုင်ဆိုင်ထားသောကြောင့် လွှမ်းမိုးနိုင်သော စွမ်းရည်တစ်ခုရှိရာ သဘာဝကျကျ အားသာချက် ရှိလေသည်။ သူ၏ထူးခြားသော ပုံစံကြောင့် ရွှမ်းလွမ်မြို့၌ သူ၏ ဝတ္ထုတိုများသည် လျင်မြန်စွာ အာရုံစိုက်ခံလာခဲ့ရသည်။ ဆိုင်သေးသေးလေးသာ ရှိသော်လည်း ချမ်းသာကြွယ်ဝပြီး အဖွင့်အပိတ်အချိန်များကို စိတ်ကြိုက်ဖန်တီးနိုင်ကာ အလွန်သက်တောင့်သက်သာရှိသော ဘဝကို ပိုင်ဆိုင်နိုင်ခဲ့သည်။

ယခုမူ သူ့တွင် အရာအားလုံးရှိနေပြီဖြစ်သဖြင့် လက်တွဲဖော်ရှာရန် စတင်စီစဉ်တော့၏။

မည်သို့ပင်ဆိုစေကာမူ လူငယ်တစ်ယောက် ဖြစ်သည်နှင့်အမျှ အခြေခံ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကတော့ ရှိစမြဲပင်။

သာမန်လူတစ်ယောက်၏ ဘဝကိုသာ ဖြတ်သန်းချင်တော့သည်ဖြစ်ရာ အချစ်ရေးတွင်လည်း ဟုန်းဟုန်းတောက် ခံစားချက်မျိုးကို မမျှော်လင့်ထားချေ။ စိတ်သဘောထား တိုက်ဆိုင်သည့် သာမန်ချောချောလှလှ ကောင်လေးတစ်ယောက်ကို ရှာကာ အေးဆေးငြိမ်းချမ်းစွာ ဖြတ်သန်းချင်ရုံဖြစ်သည်။

သူ၏ တောင်းဆိုချက်က မမြင့်မားလှပေ။ အစပိုင်း လက်တွဲဖော် ရှာဖွေရာ၌လည်း စိတ်အေးအေးနှင့် ငြိမ်သက်စွာ ရှာဖွေခဲ့၏။

ရှေးခေတ်တွင် မိတ်ဆက်ရန် အက်ပလီကေးရှင်းများ မရှိသော်လည်း ကံကောင်းသည်မှာ သာ့ကျိုးမင်းဆက်၏ လူမှုဓလေ့မှာ အလွန် ပွင့်လင်းပြီး အမျိုးသားအချင်းချင်း မေတ္တာမျှသည့် အလေ့အထမှာလည်း ခေတ်စားနေသဖြင့် ရွှမ်းလွမ်မြို့အတွင်း၌ အမျိုးသားအချင်းချင်း ပျော်ပါးရာ ဂေဟာများလည်း အတော်များများ ရှိသည်။

သို့သော် ရှာဖွေရင်း ရှာဖွေရင်းဖြင့် သူ ပြဿနာတစ်ခုကို တွေ့ရှိလိုက်ရသည်။

သူ 'မမြင့်မားပါဘူး' ဟု ဆိုသော တောင်းဆိုချက်မှာ ရှေးခေတ်ကာလသို့ ရောက်သွားသည့်အခါ အလွန်ပင် တင်းကျပ်လွန်းသော စံနှုန်းတစ်ခု ဖြစ်သွားခဲ့၏။

ရှေးခေတ်တွင် အမျိုးသားအချင်းချင်း သဘောကျခြင်းမှာ ခေတ်သစ်နှင့် မတူဘဲ ရှေးခေတ်က ထိုသို့ပြုလုပ်သူ အများစုမှာ တကယ်တမ်း လိင်တူချစ်သူ စစ်စစ်များ မဟုတ်ကြပေ။ ကျယ်ပြောလှသော လူအုပ်ကြီးထဲတွင် စိတ်သဘောထား တိုက်ဆိုင်သည့် လိင်တူချစ်သူ စစ်စစ်တစ်ယောက်ကို ရှာဖွေရန်မှာပင် အလွန်ခက်ခဲလှ၏။ အမျိုးသားတစ်ယောက်နှင့် တရားဝင် လက်ထပ်ကာ အတူတကွ ပေါင်းသင်းနေထိုင်လိုသည့် လူမျိုးကို ရှာဖွေရန်မှာလည်း ပို၍ပင် ခက်ခဲလွန်းလှသည်။

သူလိုချင်သော အမျိုးသားမှာ ဤရှေးခေတ်တွင်မူ ထူးဆန်းသော သတ္တဝါတစ်ကောင်နှင့် မခြားပေ။ အမျိုးသားအချင်းချင်း အမှန်တကယ် မြတ်မြတ်နိုးနိုး ချစ်တတ်ရမည်ဖြစ်ရုံမက လုံလောက်သော သတ္တိနှင့် ပြတ်သားမှုလည်း ရှိရမည်။

အချိန်အတော်ကြာအောင် တွေးတောနေသော်လည်း ထိုသို့သောလူကို အဘယ်မှာ ရှာရမည်အား မသေချာသေးချေ။

တိုတိုပြောရလျှင် သူ့ဘာသာသူ ဖြည်းညင်းစွာ ရှာဖွေနေရုံဖြင့် မဖြစ်တော့ပေ။

သူ့ထံသို့ လာလိုသော ဆန္ဒတူသူကို လိုအပ်သည်။ အများကြီးတွေးပြီးသည့်နောက် ရဲရင့်သည့် အတွေးတစ်ခုက သူ့ခေါင်းထဲ ရောက်လာ၏။

ခင်ပွန်းတစ်ယောက် ရွေးချယ်ရန်အလို့ငှာ ပန်းဘောလုံး ပစ်မည်။

ဤသည်မှာ တစ်မြို့လုံးကို လောင်ကျွမ်းစေနိုင်လောက်သော မီးတောက်ကြီးပင်။ စည်ကားသိုက်မြိုက်သော မြို့ကြီးထဲတွင် မိမိနှင့် စိတ်တူကိုယ်တူ လူအနည်းငယ်ရှိမှာတော့ သေချာလေ၏။

သူ အလွန်နာမည်ကြီးသွား၍ သူ၏ နေထိုင်မှုဘဝကို ထိခိုက်လာလည်း အရေးမကြီးချေ။ အခြားနေရာကို လွယ်လွယ်ကူကူပင် ပြောင်းသွားနိုင်သည်။ ရှေးခေတ်က သတင်းအချက်အလက်ဏ္ဍာမှာ အကန့်အသတ်ရှိ၏။ ရွှမ်းလွမ်မြို့အပြင်ဘက်သို့ရောက်လျှင် သူ့ကဲ့သို့ သာမန်လူတစ်ယောက်ကို မည်သူက မှတ်မိမည်နည်း။

သူသည် ကမ္ဘာပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ တချို့အရာများက တခြားသူအဖို့ အဓိပ္ပာယ်မဲ့ပြီး ဒေါသထွက်စရာများကဲ့သို့ ဖြစ်နေသော်လည်း သူ့အတွက်တော့ များစွာ အနှောင့်အယှက်မဖြစ်ခဲ့ပေ။

ထို့ကြောင့် ချက်ချင်းပင် သူ၏အစီအစဥ်ကို စတင်အကောင်အထည် ဖော်တော့သည်။

သူထင်ထားသည့်အတိုင်းပင် အပျိုစင် အမျိုးသမီးငယ်များ ပန်းဘောလုံးပစ်၍ ကြင်ယာရွေးချယ်သည့် အလေ့အထမှာ ပြဇာတ်များထဲတွင်သာ ရှိလေ့ရှိ၏။ သို့သော်လည်း ယခုအခါ အမျိုးသားတစ်ဦးက အမျိုးသားတစ်ဦးကို အိမ်ထောင်ဖက်အဖြစ် ရှာဖွေရန် ပန်းဘောလုံးပစ်တော့မည်ဆိုသည့် သတင်းမှာ တစ်လောကလုံးတွင် အဆန်းပြားဆုံး ဖြစ်ရပ်ဆန်းကြီး ဖြစ်သွားခဲ့သည်။

ထို့ကြောင့် ခွမ့်ရွှယ်ရှန့်တစ်ယောက် ရွှမ်းလွမ်မြို့၏ နာမည်ကျော် ရူယိဂေဟာ၌ ပန်းဘောလုံးပစ်၍ ကြင်ယာရွေးချယ်တော့မည်ဆိုသည့် သတင်းမှာ မြို့တစ်မြို့လုံးသို့ မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့တော့သည်။

သတင်းမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသဖြင့် ရွှမ်းလွမ်မြို့၏ နန်းတော်ဟောင်းသို့ အထက်တန်းလွှာတစ်ဦး ရောက်ရှိလာသည့် သတင်းကိုပင် လွှမ်းမိုးဖုံးကွယ်သွားခဲ့၏။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment