no

Font
Theme

အပိုင်း (၅.၁)

ခွမ့်ရွှယ်ရှန့်သည် အိမ်သို့ ပြန်ရောက်သည်နှင့် သူ၏ ခြံဝင်းလေးကို ချက်ချင်းပင် ပြန်လည် သန့်ရှင်းသပ်ရပ်သွားအောင် ပြင်ဆင်လိုက်တော့သည်။

သူ၏ ခြံဝင်းမှာ မြို့အနောက်ဘက်၌ ရှိပြီး၊ လူစည်ကားသော နေရာ မဟုတ်သည့်အပြင် ရွှမ်းလွမ်မြို့၏ အဓိက စီးပွားရေးဇုန် နှစ်ခုဖြစ်သော 'ပုယဲ့မြို့' ၊ 'ရွှေကျီးကန်း လမ်းမကြီး' တို့နှင့် အတော်လေး ကွာဝေးလှ၏။ အားနည်းချက်မှာ အနည်းငယ် ခေါင်သော်လည်း အားသာချက်မှာ ပတ်ဝန်းကျင် တိတ်ဆိတ်ငြိမ်သက်ပြီး အိမ်စျေးနှုန်းလည်း သက်သာခြင်းပင်။

သူသည် ရွှေပြား ၁၀ ကျော်မျှ အကုန်အကျခံ၍ စတုဂံပုံအိမ်ဝန်းလေးတစ်ခုကို ဝယ်ယူထားခဲ့သည်။ အနောက်ဘက် အဆောင်ခန်းကို စတိုခန်းအဖြစ် အသုံးပြုထားပြီး ဖြစ်သဖြင့် အရှေ့ဘက် အဆောင်ခန်းကို သန့်ရှင်းရေး လုပ်လိုက်၏။

ပန်းဘောလုံး ပစ်မြှောက်၍ အိမ်ထောင်ဖက် ရှာဖွေခဲ့ပြီးပြီဖြစ်၍ ရှေးခေတ်လူများကဲ့သို့ မမြင်ဖူးဘဲ ထိမ်းမြားမင်္ဂလာပြုရမည်ကိုလည်း စိတ်ပြင်ဆင်ထားပြီးသား ဖြစ်၏။

အရာအားလုံး ပြင်ဆင်ပြီးစီးသွားသည့်အခါ နေလည်း တောင်စောင်းသို့ ဝင်စပြုနေလေပြီ။ နေ့လယ်က ကြုံတွေ့ခဲ့ရသည်များကို ပြန်လည် တွေးတောမိသောအခါ အိမ်မက်မက်နေသည်ဟုပင် ပိုမို ခံစားလိုက်ရပြီး၊ ကျန်းကျီဆိုသည့် ချောမောလှပသော သခင်လေးသည် ကတိအတိုင်း ရောက်ရှိလာမလား၊ မည်သည့်အချိန်မှ ရောက်လာမည်နည်းဟု မတွေးဘဲ မနေနိုင်ပေ။

ထို့ပြင် အကယ်၍ တစ်ဖက်လူ၌ မကောင်းသော စိတ်ဓာတ်ရှိပြီး အကျင့်စာရိတ္တ မကောင်းပါက မည်သို့ပြုလုပ်ရမည်နည်းဟုလည်း တွေးမိပြန်၏။ တစ်ဝကြီး တွေးတောပြီးသည့်အခါမှ တစ်ဖက်လူက မိမိပိုင်နက်ထဲသို့ လာရောက်ရမည်ဖြစ်ပြီး မိမိက တစ်ဖက်လူအိမ်သို့ သွားရမည် မဟုတ်သဖြင့် မည်သို့ပင် စဉ်းစားနေပါစေ စိုးရိမ်ပူပန်ရမည်မှာ တစ်ဖက်လူသာ ဖြစ်သင့်သည်ဟု ပြန်တွေးမိလိုက်၏။

'စိုးရိမ်လွန်းလို့ နောင်တများ ရသွားပြီလားမသိဘူး'

သူ စဉ်းစားနေစဉ်မှာပင် အပြင်ဘက်မှ တံခါးခေါက်သံကို ရုတ်တရက် ကြားလိုက်ရ၏။

သူသည် အမြန်ပင် သွားရောက်၍ တံခါးဖွင့်ပေးလိုက်ရာ နေ့လယ်က ကျန်းကျီ၏ဘေးနားတွင် အတူရှိနေခဲ့သော ဝဝတုတ်တုတ်နှင့် ငယ်ရွယ်သော အစေခံလေးကို တွေ့လိုက်ရသည်။

"သခင်လေး မင်္ဂလာပါ။"

တစ်ဖက်လူက ပြုံးပြုံးရွှင်ရွှင်ဖြင့် အရိုအသေ ပေးလာ၏။

ခွမ့်ရွှယ်ရှန့်မှာ အလွန်အမင်း အံ့ဩသွားရသလို ဝမ်းသာအားရလည်း ဖြစ်သွားခဲ့သည်။ သူ၏အနောက်ဘက်သို့ လှမ်းကြည့်လိုက်သော်လည်း လှည်းတစ်စီးစာ ပစ္စည်းများကိုသာ မြင်တွေ့ရလေသည်။

"ကျွန်တော်တို့ သခင်ကြီးက ဒီနေ့ ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ကို သွားရောက် စီမံစရာ ရှိနေလို့ တင်တောင်းလက်ဆောင်တွေနဲ့ နေ့စဉ်သုံး ပစ္စည်းတချို့ကို အရင်ဆုံး ပို့ဆောင်ပေးဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ။"

ခွမ့်ရွှယ်ရှန့် : "……"

တစ်ဖက်လူက ဤကဲ့သို့ တင်တောင်းလက်ဆောင်များ ပို့ဆောင်ပေးလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

ထိုသူသည် ပစ္စည်းများထက် မူဝါဒနှင့် ထုံးတမ်းစဉ်လာကို လိုက်နာတတ်သော လူကြီးလူကောင်းတစ်ဦးပင် ဖြစ်လေသည်။

တင်တောင်းလက်ဆောင် ပမာဏ မည်မျှရှိသည်ဆိုသည်မှာ ဒုတိယအချက်သာ ဖြစ်ပြီး အဓိကကျသည်မှာ ဤသို့ လေးလေးနက်နက်ဖြင့် တန်ဖိုးထား ဆောင်ရွက်ပေးသည့် စေတနာသာ။

နေ့စဉ်သုံး ပစ္စည်းများကိုပါ တစ်ပါတည်း ပို့ဆောင်ပေးလာသဖြင့် ပိုမို၍ပင် သစ္စာရှိလှသည်ဟု ထင်မှတ်ရ၏။ ယင်းမှာ သူကိုယ်တိုင် ရှက်ရွှံ့မိသွားသည်အထိပင်။

"အထဲကိုကြွပါ။"

ခွမ့်ရွှယ်ရှန့်လည်း တံခါးမကြီးကို ဖွင့်ပေးလိုက်သည်။

"သခင်လေးက အားနာနေပါပြီ။ နောက်ကျရင် ကျွန်တော့်ကို လီချင်းလို့ပဲ ခေါ်လည်းရပါတယ်။"

လီချင်းက ပြောပြောဆိုဆိုဖြင့် လှည်းပေါ်ရှိ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ချရန် လှည်းမောင်းသမားအား ခိုင်းစေလိုက်တော့၏။

တစ်ဖက်လူသည် သူ၏ပိုင်ဆိုင်မှု အားလုံးကို ပြောင်းရွှေ့သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။ အိပ်စက်ရာတွင် သုံးသော စောင်းခြုံ၊ ခေါင်းအုံး၊ ဖျာများ ပါဝင်သလို၊ စားသောက်ရာတွင် သုံးသော ခွက်၊ ပန်းကန်၊ ဇလုံများလည်း ပါဝင်ရာ၊ အထုပ်လိုက်၊ သေတ္တာလိုက်နှင့် အရှေ့ဘက် အဆောင်ခန်းတစ်ခုလုံးပင် ပြည့်ကျပ်မတတ် ဖြစ်သွား၏။

လီချင်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် ဆိုလာသည်။

"ကျွန်တော်တို့သခင်ကြီးက ဒီလို နေ့စဉ်သုံး ပစ္စည်းတွေမှာတော့ အတော်လေး ဂျီးများတတ်တာမို့ သခင်လေး စိတ်မရှိပါနဲ့နော်။"

ခွမ့်ရွှယ်ရှန့်မှာ ဤသို့ဖြစ်ခြင်းက အလွန်ပင် သဘာဝကျလှသည်ဟု စဉ်းစားလိုက်၏။ မည်သို့ပင်ဆိုစေကာမူ ချမ်းသာသော အသိုင်းအဝိုင်းမှ သခင်လေးတစ်ဦး ဖြစ်ခဲ့ဖူးသူပင်။ ယခုအခါ ဆင်းရဲနွမ်းပါးသွားပြီ ဖြစ်သော်လည်း နေထိုင်မှု အလေ့အထကိုမူ ချက်ချင်း ပြောင်းလဲရန် ခက်ခဲလိမ့်မည်။ ထို့ပြင် ယခုအခါ သူသည် ဤဘက်သို့ ပြောင်းရွှေ့နေထိုင်ရတော့မည်ဖြစ်၍ အိမ်သုံးပစ္စည်းများကိုပါ တစ်ပါတည်း သယ်ဆောင်လာသည်က သဘာဝကျလှပြီး ထိုအရာများက သူ၏ပိုင်ဆိုင်မှု အများစု ဖြစ်လိမ့်မည်။

သူ ထိုပစ္စည်းများကို ကြည့်လိုက်သည်။ အလွန်ပင် ရိုးရှင်းပြီး ထူးထူးခြားခြား တန်ဖိုးကြီးမားသော ပစ္စည်းမျိုး မပါဝင်သည်ကို တွေ့ရ၏။ ဥပမာအားဖြင့် ထိုစောင်အချို့ ဆိုလျှင် မျက်နှာပြင်မှာ ပိုးချည်နှင့် ဂွမ်းချည် ရောယှက် ရက်လုပ်ထားသော အထည်မျိုး ဖြစ်နေသည်။ သူ ဖတ်ဖူးသော 'ရှီးကျင်းပြည်တွင်း' ထဲတွင် အလတ်တန်းစား မိသားစုများ၏ ဆောင်းရာသီစောင်မှာ ပိုး ၃ ပုံ၊ ဂွမ်း ၇ ပုံ ရောယှက်ထားတတ်သည်ဟု ပါရှိ၏။ သို့ရာတွင် ထိုအရာများက အနှီသခင်လေး သုံးစွဲနေသော စောင်နှစ်ထည်ကိုပင် မမှီပေ။

ထို့နောက် တစ်ဖက်လူ သယ်ဆောင်လာသော အင်္ကျီများကို ကြည့်လိုက်ရာ အထည်သားက ကောင်းမွန်သော်လည်း ပန်းထိုးပုံစံများ လုံးဝမပါသလောက်ပင်။ သာ့ကျိုး၏ ချမ်းသာသော လူအများမှာ ဝတ်စားဆင်ယင်ရာတွင် "အပြင်ဘက် အထည်သား လှပတောက်ပြောင်မှု" ကို အဓိကထားကြပြီး၊ ရှုပ်ထွေးဆန်းပြားသော ပန်းထိုးအဆင်တန်ဆာများကို အလှအပအဖြစ် သတ်မှတ်ကြသည်။ ပန်းထိုးအဆင်တန်ဆာ တန်ဖိုးထားမှုကို အထည်သားထက်ပင် ပိုမို ဂရုစိုက်ကြ၏။

သူသည် မြို့ထဲမှ အချမ်းသာဆုံး ချန်မိသားစုဆီသို့ ကုန်ပစ္စည်း သွားရောက်ပို့ဆောင်စဉ်က ချန်မိသားစု၏ သခင်လေးကို တွေ့ဖူးခဲ့သည်။ ထိုသူသည် ရွှေချည်ထိုး ပန်းထိုးနွေဦးဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းနှင့် ရွှေတန်ဆာများ ဆွဲချိတ်ထားသဖြင့် နေရောင်အောက်တွင် တစ်ကိုယ်လုံး လင်းလက်တောက်ပြောင်နေကာ ကြည့်လိုက်သည်နှင့် နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။

သို့သော် သူသည် ဆရာကြီးဘဝကို ငြီးငွေ့နေပြီ ဖြစ်သဖြင့် သာမန် တောက်ပြောင်လှပမှုအဖြစ်သာ မြင်ခဲ့ခြင်း ဖြစ်၏။ အမှန်တကယ် စိတ်နှလုံးလှုပ်ရှား ထိတ်လန့်သွားခဲ့ရသည်မှာမူ သူ ပထမဆုံးအကြိမ် ကူးပြောင်းလာစဉ်က ဖြစ်၏။ ထိုစဉ်က သူသည် စနစ်၏ သင်တန်းသား အလုပ်သင်လေးမျှသာ ဖြစ်ရာ လောကအမြင် အတွေ့အကြုံ မရှိခဲ့ပေ။ မီးလျှံများ မိုးထိမတတ် တောက်လောင်နေချိန်၌ သူ ကယ်တင်ခဲ့သော ကျောက်သံပတ္တာမြား ဝတ်ဆင်ထားသည့် နန်းတွင်းအပျိုတော်များကို မဆိုနှင့်၊ အံ့ဩမှင်တက်ဖွယ် အကောင်းဆုံးမှာ ကလေးငယ်အား ပတ်ခြုံထားသည့် ဝတ်ရုံစလေး ဖြစ်၏။

မီးရောင်အောက်တွင် ရွှေချည်ငွေချည်များဖြင့် ရက်လုပ်ထားသော ထိုအဆင်တန်ဆာများမှာ လင်းလက်တောက်ပြောင်နေပြီး တောက်ပမှုမှာ တိမ်လွှာများကဲ့သို့ စီးဆင်းလှုပ်ရှားနေရာ ပြတိုက်ထဲ၌သာ ရှေးဟောင်းဝတ်ရုံများကို မြင်ဖူးခဲ့သည့် ခေတ်သစ်လူငယ် ရုံးဝန်ထမ်းတစ်ယောက်ဖြစ်သော သူ့ကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။

ယခု သခင်လေးကျန်း၏ နေ့စဉ်သုံး ပစ္စည်းများမှာမူ ကြည့်ရသည်မှာ ထည်ဝါသော်လည်း သုံးဖြုန်းကြွားဝါမှု မရှိပေ။ ၎င်းမှာ ယခင်က ချမ်းသာကြွယ်ဝခဲ့ဖူးပြီး ယခုအခါ မွဲတေဆင်းရဲသွားခဲ့သည့် အခြေအနေနှင့် အလွန်ပင် ကိုက်ညီလှ၏။

လီချင်းသည် ပစ္စည်းများကို ချပြီးသည့်အခါ ခြံဝန်းကို အကဲခတ်ကြည့်လိုက်ပြီးနောက် ထပ်ပြောလာသည်။

"ဒါဆို ကျွန်တော်မျိုး အရင်ပြန်လိုက်ပါဦးမယ်။ မနက်ဖြန် ညနေစောင်းကျရင် ကျွန်တော်တို့သခင်ကြီး ရောက်လာပါလိမ့်မယ်။"

ခွမ့်ရွှယ်ရှန့်: "အခုမှ စတွေ့ဖူးတာကို ခင်ဗျားတို့သခင်ကြီးက ကျွန်တော့်ကို အခုလို ယုံကြည်ပေးတာ တကယ် အံ့ဩစရာပဲ။"

လီချင်းက ပြုံးရွှင်စွာဖြင့် ပြန်ဖြေသည်။

"ကျွန်တော်တို့သခင်ကြီးက အမြဲတမ်း စိတ်အလိုကျ ပေါ့ပေါ့ပါးပါး နေတတ်တဲ့သူပါ။ သခင်လေးကလည်း စိတ်အလိုကျ ပေါ့ပေါ့ပါးပါး နေတတ်သူမို့လို့ ပန်းဘောလုံး ပစ်မြှောက်ပြီး အိမ်ထောင်ဖက်ရှာတာ မဟုတ်ဘူးလား။ ဒါ့အပြင် သခင်လေးရဲ့ အိမ်ကလည်း ဒီမှာပဲ ရှိနေတာဆိုတော့ ထွက်ပြေးသွားလို့မှ မရတာ။"

ဒါလည်း ဟုတ်တာပါပဲ၊ ဘုန်းကြီးက ပြေးလို့ရပေမဲ့ ဘုန်းကြီးကျောင်းက ပြေးလို့မရဘူးလေ။

လီချင်းက ထပ်မံ၍ :"ဒီနေ့ သခင်ကြီးက ကျွန်တော့်ကို အိမ်သုံးပစ္စည်းတချို့ လာပို့ခိုင်းတာကလည်း သခင်လေး စိတ်အေးသွားအောင် လုပ်ပေးတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အပြင်က လာတဲ့သူတွေဆိုတော့ နောက်ကြောင်းရာဇဝင် မသိရဘဲ သခင်လေး စိုးရိမ်မှာ စိုးလို့ပါ။"

သူသည် အမှန်တကယ်ပင် သူနှင့် ကိုက်ညီသော ထူးဆန်းသည့် အခြားသူတစ်ယောက်ကို ရှာတွေ့ခဲ့ပြီဖြစ်၏။ ထိုစဉ် ရင်ထဲ၌ ကြောက်ရွံ့မနေသည့်အပြင် ပို၍ပင် စိတ်လှုပ်ရှား တက်ကြွလာခဲ့တော့သည်။

ထူးဆန်းသည့်သူက ထူးဆန်းသည့်သူကိုပဲ ရှာရမည် မဟုတ်ပါလော။

အလိုလိုသိစိတ်က သူ့အား 'ဒီလူပဲ ဖြစ်လိမ့်မယ်' ဟု သတင်းပေးနေသကဲ့သို့ပင်။

ခွမ့်ရွှယ်ရှန့်သည် လီချင်းအား တံခါးဝအထိ လိုက်ပို့လိုက်ပြီး မြင်းလှည်း လုံးဝ ကွယ်ပျောက်သွားမှ တံခါးပိတ်၍ ပြန်ဝင်လာခဲ့၏။ အရှေ့ဘက် အဆောင်ခန်းထဲသို့ လမ်းလျှောက်သွားရင်း ကြမ်းပြင်ထက် ချထားသော ထိုပစ္စည်းများကို ကြည့်လိုက်မှသာ ရင်ထဲ၌ လက်တွေ့ဆန်သော ခံစားချက် ရှိလာခဲ့တော့၏။ အိမ်ထောင်ဖက်ရှာဖွေသည့် လှောင်ရယ်စရာ ကြံစည်မှုကြီးမှ ဤကဲ့သို့သော ရလဒ်မျိုး ရရှိလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ မမျှော်လင့်ဘဲ ရရှိလိုက်သော ဝမ်းသာစရာကိစ္စကြီးပင်။

တစ်ဖက်လူက ဤပစ္စည်းများကို ပို့ဆောင်ပေးလိုက်ခြင်းကြောင့် သူ၏ နောက်ဆုံး သံသယများမှာလည်း လုံးဝ ကင်းစင်သွားခဲ့၏။ ထို့နောက် တောင်းရမ်းသည့် လက်ဆောင်အချို့ကို ပြန်လည် ကြည့်ရှုလိုက်သည်။ အလွန်အမင်း အဖိုးတန်လှသည် မဟုတ်သော်လည်း ပန်းရေနွေးကြမ်း၊ သစ်သီးဝလံ အပါအဝင် ရှိသင့်ရှိထိုက်သည့် ပစ္စည်းအမျိုးအမည် အားလုံး စုံလင်လှသည်အား တွေ့လိုက်ရသည်။ ထို့အပြင် ရွှေတုံးတစ်တုံးနှင့် ကျောက်စိမ်း ရူယိတစ်ချောင်းတို့လည်း ပါဝင်နေသေး၏။

ဤသည်မှာ သာ့ကျိုးခေတ်၏ မင်္ဂလာတောင်းရမ်းသည့် လက်ဆောင်များတွင် မရှိမဖြစ် ပါဝင်ရသည့် အရာနှစ်ခုဖြစ်ပြီး "အမြဲတမ်း စိတ်တိုင်းကျ သာယာဝပြောပါစေ" ဟူ၍ အဓိပ္ပာယ်ရလေသည်။ သာမန် ဆင်းရဲသား အိမ်ထောင်စုများမှာမူ ဤမျှ အဖိုးတန်သော မင်္ဂလာလက်ဆောင်များကို မပေးနိုင်ကြသဖြင့် ရွှေတုံးနှင့် ရူယိပုံသဏ္ဌာန် ပြုလုပ်ထားသော မုန့်များကိုသာ အစားထိုး အသုံးပြုကြလေ့ရှိ၏။

ယခုမူ ကျန်းကျီက ရွှေတုံး အစစ်နှင့် ကျောက်စိမ်းရူယိ အစစ်တို့ကို ပို့ဆောင်ပေးခဲ့ရာ အမှန်တကယ်ပင် အလွန်အမင်း လေးလေးနက်နက် တန်ဖိုးထားကြောင်း ပြသလိုက်ခြင်းပင်။

သူသည် မူလက ထိုမျှအထိ မျှော်လင့်ချက်ကြီး မထားရှိခဲ့ချေ။ ယခုအခါတွင်မူ မမျှော်လင့်ဘဲ အလေးထားဂရုစိုက်ခြင်း ခံလိုက်ရရာ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ ထို့အပြင် ထိုသခင်လေးကျန်းကို ကြည့်ရသည်မှာ သိမ်မွေ့ယဉ်ကျေးသော စာသင်သားပုံစံရှိသော်လည်း လှည့်စားခြင်း မရှိဘဲ ပွင့်လင်းရိုးသားသော ပညာရှိတစ်ဦး၏ စိတ်ဓာတ်မျိုး ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

***

Aurora Novel Translation Team

အပိုင်း (၅.၂)

နေဝင်ချိန်ရောက်သောအခါ တိမ်တိုက်များက မိုးမှောင်ကျလာကာ ကောင်းကင်ယံမှာ ချက်ချင်းပင် မှောင်မိုက်သွားခဲ့၏။ ဤနေရာမှာ လူနေထိုင်မှု အတန်အသင့်ရှိသော လူနေရပ်ကွက် ဖြစ်သော်လည်း စည်ကားသိုက်မြိုက်သော မြို့လယ်ခေါင်က စီးပွားရေးဧရိယာကဲ့သို့ မဟုတ်ပေ။ သို့တင်မက နွေဦးကာလမှာ အေးစိမ့်နေဆဲ ဖြစ်သဖြင့် မှောင်ရီပျိုးစအချိန် ရောက်သည်နှင့်တစ်ပြိုင်နက် တစ်ပြင်လုံး အေးစက်တိတ်ဆိတ်သွားခဲ့ရ၏။

လီချင်းသည် မြင်းလှည်းကို စီးနင်းကာ သတိကြီးစွာဖြင့် ပြန်ကွေ့လာခဲ့ပြီး ခွမ့်ရွှယ်ရှန့်၏ အိမ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အိမ်တံခါးကြီး ပိတ်ထားသည်ကို မြင်လိုက်ရသည်နှင့် ခိုးကြောင်ခိုးဝှက်ဖြင့် ဘေးအိမ်၏ တံခါးကို ခေါက်လိုက်တော့၏။

ဘေးအိမ်တွင် နေထိုင်သူများမှာ မင်္ဂလာဦး ဇနီးမောင်နှံနှစ်ဦး ဖြစ်ကြပြီး ကုန်သည်များလည်း ဖြစ်ကြရာ၊ မိုးမှောင်ကျခါနီးတွင် တံခါးလာခေါက်သူ ရှိနေသည်ကို မြင်လျှင် အလွန် သတိကြီးစွာဖြင့် ကြည့်လာကြ၏။

လီချင်းသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် လာရောက်ရသည့် အကြောင်းအရင်းကို ရှင်းပြလိုက်သည်။

"နှောင့်ယှက်မိတာ တကယ်ပဲ အားနာပါတယ်။ ဒီလိုပါ၊ ကျွန်တော်တို့သခင်က လူကြီးမင်းတို့ရဲ့ အိမ်ကို သဘောကျသွားလို့ ရောင်းချပေးဖို့ ဆန္ဒရှိမရှိ မေးမြန်းချင်ပါတယ်။"

တစ်ဖက်ကလူသည် သူ့ကို ရူးနေသည်ဟု ထင်မှတ်ကာ ငြင်းဆိုလိုက်၏။

"မရောင်းဘူး၊ မရောင်းဘူး!"

လီချင်း လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်။ အစေခံလူငယ်လေးတစ်ဦးက သစ်သားဗန်းတစ်ခုကို အမှောင်ထဲမှ ယူဆောင်လာသည်အား တွေ့လိုက်ရ၏။

"ရွှေတုံး ၁၀၀ "

တစ်ဖက်လူ: "...."

ရွှေတုံး ၁၀၀ ဆိုသည်မှာ ရွှေကျီးကန်းလမ်းမကြီး သို့မဟုတ် ပုယဲ့မြို့၌ စားသောက်ဆိုင် အဆောက်အအုံ ကြီးတစ်ခုကို ဝယ်ယူလျှင်ပင် ပိုလျှံနေသေး၏။

လီချင်းသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် မိမိ၏ နောက်မှ လူအား မိတ်ဆက်ပေးလိုက်၏ -

"ဒီပုဂ္ဂိုလ်က မြို့မြောက်ပိုင်း အိမ်ခြံမြေ ငှားရမ်းရောင်းဝယ်ရေးကို တာဝန်ယူထားတဲ့ ပွဲစားသခင်ကြီး ကျန်းရှင်ရန်ပါ။ လူကြီးမင်းတို့ သဘောတူတယ်ဆိုရင် ကျွန်တော်တို့ အခုချက်ချင်းပဲ စာချုပ်ချုပ်ဆိုပြီး လက်မှတ်ရေးထိုးနိုင်ပါတယ်။"

~~~

ခွမ့်ရွှယ်ရှန့်သည် ညစာစားပြီးနောက် ရေချိုးခန်းကို တစ်ခေါက် ပြန်လည် သန့်ရှင်းရေး ပြုလုပ်လိုက်၏။

သူ ရှေးခေတ်ကို အကြိုက်ဆုံး အချက်မှာ ဤကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ခြင်းပင်။ အထူးသဖြင့် ရာသီဥတု အေးစက်သော အချိန်မျိုး၌ ညဉ့်နက်သွားပါက မည်သူမျှ လာရောက် နှောင့်ယှက်ခြင်း မရှိတော့ပေ။

သူသည် စောစီးစွာ ရေမိုးချိုးသန့်စင်ပြီးသည်နှင့် စောင်ခြုံထဲ လဲလျောင်းကာ စာဖတ်နေခဲ့၏။ သို့သော် ယနေ့တွင် စိတ်လှုပ်ရှား ဝမ်းသာလွန်းသဖြင့် စာပင် စိတ်ထဲမဝင်ဘဲ ခေါင်းထဲတွင် ကျန်းကျီ၏ မျက်နှာသာ ပြန်လည် ပေါ်ထွက်နေခဲ့၏။

မိုးလင်းခါနီးအချိန်၌ ဘရိုကိတ်ဝတ်ရုံရှည် ဝတ်ဆင်ထားသော နန်းတွင်းအမတ်အရာရှိများသည် တန်းစီလျက် နံဘေးက အိမ်ထဲသို့ အလျင်အမြန် ဝင်ရောက်သွားကြလေသည်။

ထို့နောက် သံချပ်ကာနက် ဝတ်ဆင်ထားသော ကာကွယ်ရေးရဲမက်အုပ်စုကြီးမှာလည်း အနောက်ဘက်နှင့် ညာဘက်ရှိ အိမ်များထဲသို့ တန်းစီ၍ ဝင်ရောက်သွားကြ၏။

အဝတ်အစားချင်း ပွတ်တိုက်သံနှင့် သံချပ်ကာချင်း ထိရိုက်သံများမှာ ညမှောင်မှောင်အောက်တွင် တိုးဝှေ့ဝင်ရောက်လာကြပြီး မိစ္ဆာနဂါးကြီး၏ စံအိမ်သစ် တစ်ခုအဖြစ် ပုံဖော်လိုက်ကြတော့သည်။

မကြာမီ မိုးလင်းစပြုလာချိန်၌ တိမ်တိုက်များမှာ အပြာနက်ရောင် ပြောင်းလဲသွား၏။ နန်းတော်ဘက်သို့ ကြည့်လိုက်ပါက မြို့တစ်ခုလုံးကို လွှမ်းမိုးအုပ်မိုးလာသော ခံ့ညားထည်ဝါသည့် နဂါးကြီးတစ်ကောင်နှင့် တူလှပေ၏။ တိမ်တိုက်များ၏ ပုံသဏ္ဌာန်မှာ အလွန်ဆန်းကြယ်လှပြီး မိစ္ဆာဆန်ဆန် ဆွဲဆောင်မှုရှိသော အလှတရားတစ်ခုပမာ ဖြစ်ပေါ်စေလျက် ရှိသည်။

လီချင်း သမ်းဝေရင်း ဘေးဘီဝဲယာက အိမ်များကို ထပ်မံ လှည့်လည် စစ်ဆေးကြည့်လိုက်၏။ ညတစ်ညလုံး အလုပ်ရှုပ်ခဲ့ကြပြီးနောက် ယခုအခါတွင်မူ အားလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပြီပင်။

ဤနေရာမှာ အမှန်တကယ်ပင် အလွန် ဆိတ်ငြိမ်လှသည်။ အဝေးမှပင် ပြိုပျက်နေသော ဇာမဏီနန်းတော်၏ အဆောက်အအုံများနှင့် အပြင်ဘက်ရှိ တောင်ပံတစ်ဖက် ကျိုးပဲ့နေသော ဇာမဏီရုပ်ထုကြီးကို မြင်တွေ့နိုင်၏။ မိုးမလင်းတလင်း အချိန်၌ အလွန်ပင် အေးစက်ခြောက်ကပ်လှသည်။ လီချင်း စဉ်းစားမိသည်မှာ သူတို့အနေဖြင့် ဤမျှအထိ အစုံအလင် သတိထား ကာကွယ်နေရန် လိုအပ်မည် မဟုတ်ဟုဖြစ်သည်။

အကြောင်းမှာ စကားဖြင့် ထုတ်ပြောလျှင်ပင် မည်သူမျှ ယုံကြည်ကြမည် မဟုတ်သောကြောင့် ဖြစ်၏။ ရူးသွပ်မှု ဆိုလျှင်ပင် အကန့်အသတ် ရှိသင့်သည်မဟုတ်လော။ သို့သော် သူတို့၏ အရှင်မင်းမြတ်မှာ မည်သည့် စိတ်ကူးပေါ်နေသည်မသိ "စိတ်ဝင်စားစရာ ကောင်းသည်" ဆိုသည့် အကြောင်းအရင်း တစ်ခုတည်းဖြင့် ဤနေရာသို့ လာရောက်ကာ အမျိုးသားတစ်ဦးနှင့် အတူတကွ ပေါင်းသင်း နေထိုင်တော့မည် ဖြစ်သည်။

'စိတ်ဝင်စားစရာပဲ' ဆိုသည်မှာ လွန်ခဲ့သောနှစ်ရက်က သူတို့ ရူယိစံအိမ်သို့ ပထမဆုံးအကြိမ် ပွဲကြည့်ရန် သွားရောက်ခဲ့စဉ်က အနှီသခင်လေးခွမ့်နှင့် ပတ်သက်၍ အရှင်မင်းမြတ် ထုတ်ဖော်ပြောဆိုခဲ့သော သုံးသပ်ချက် ဖြစ်၏။

ထိုစဉ်က သူတို့သည် မျက်နှာချင်းဆိုင်ရှိ စားသောက်ဆိုင်ပေါ်တွင် ရပ်တန့်ကာ ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်ခဲ့ကြခြင်း ဖြစ်ပြီး အခန်းထဲ၌ ယင်းချီတို့ကဲ့သို့သော အရှင့်၏ ကိုယ်ရံတော်အချို့လည်း ရှိနေခဲ့ကြ၏။ ထိုစဉ်က သူသည်လည်း သတို့သား ရွေးချယ်နေသော ဤခွမ့်ရွှယ်ရှန့်မှာ အလွန် စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မြင်ခဲ့မိသည်။

မူလက သူ့အား အာရုံစိုက်ခံချင်ရုံသက်သက်ဖြင့် လူကြားထဲ ရူးသွပ်နေသည့် အမျိုးသားကြိုက်သူ ပေါ့ပျက်ပျက် လူငယ်လေးတစ်ဦးဟု ထင်မှတ်ထားခဲ့သော်လည်း အမှန်တကယ်တွင်မူ လူကိုယ်တိုင်မှာ နှင်းကဲ့သို့ ဖြူစင်သန့်ရှင်းကာ အေးစက်တည်ငြိမ်ပြီး အလွန်ပင် ချောမောလှပသူ ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ထို့အပြင် ပန်းဘောလုံးပစ်ပေါက်၍ သတို့သားရွေးချယ်သည့် ဤလုပ်ရပ်မှာလည်း အမှန်ပင် စိတ်ဝင်စားစရာကောင်းသည်ဟု ခေါ်ဆိုနိုင်၏။

သို့သော်လည်း ဒုတိယမြောက်နေ့တွင် အရှင်မင်းမြတ်က ထပ်မံသွားရောက်ရန် ပြုလုပ်သည့်အခါ အရှင်၏ စိတ်ထဲရှိ "စိတ်ဝင်စားစရာ" ဆိုသည်မှာ "နည်းနည်းပါးပါး" မကတော့ကြောင်း သူ သတိထားမိခဲ့သင့်ခဲ့သည်။

အရှင်မင်းမြတ်မှာ မည်သည့် အမူအရာမျှ မပြဘဲ ထိုသို့ပင် လူအုပ်ကြီးကို ကျော်လွန်၍ အေးစက်စွာ စိုက်ကြည့်နေခဲ့၏။ ထိုပန်းဘောလုံးကို သူ့ထံသို့ ဦးတည် ပစ်ပေါက်လိုက်သည့် ခဏ၌ပင် အရှင့်အနေဖြင့် ခွမ့်ရွှယ်ရှန့်၏အိမ်ဝင်းလေးထဲသို့ ဝင်ရောက်ရန် ရေစက်ပါလာခဲ့ပြီ ဖြစ်၏။

သူသည် သူ၏အစ်ကိုဖြစ်သူကြောင့်သာ အရှင်မင်းမြတ်၏ ဘေးနားတွင် ခစားရန် ပြောင်းရွှေ့ခံခဲ့ရခြင်းပင်။ သူ့အစ်ကိုဖြစ်သူ လီပိုင်မှာ ယခင်က အရှင်မင်းမြတ်၏ အနီးကပ်ကိုယ်ရံတော် ဖြစ်ခဲ့ဖူးသည်။ ထိုစဉ်က နဂါးပတ်ခန်းမက ရုတ်ရုတ်သဲသဲ ဖြစ်ရပ်အတွင်း၌ အရှင်မင်းမြတ်ဘေးနားရှိ နန်းတွင်းသူ နန်းတွင်းသား အများစုမှာ သေဆုံးခဲ့ကြရ၏။

နောက်ပိုင်း အရှင်မင်းမြတ် နန်းတက်လာသောအခါ သူ့အား ဧကရာဇ်သင်္ချိုင်းဂူမှ ပြန်ခေါ်၍ နန်းတွင်းရေးရာ အရာရှိအဖြစ် ပြောင်းရွှေ့ခန့်အပ်ထားခဲ့သည်။ အရှင်မင်းမြတ်သည် သူ့ကို အပြည့်အဝ ယုံကြည်မှု ရှိသော်လည်း ရင်ဖွင့်တိုင်ပင်လေ့ မရှိပေ။ အရှင် မည်သို့ တွေးတောနေသည်ကို သူ မသိနိုင်သလို တားမြစ်ဖျောင်းဖျနိုင်သည့် အစွမ်းလည်း မရှိသဖြင့် ယခုအခါ အမိန့်အတိုင်းသာ လိုက်နာဆောင်ရွက်ရတော့၏။

အရှင်မင်းမြတ် တိုင်းခန်းလှည့်လည် စေလွှတ်လျှင်ပင် အရာရာ အစုံအလင် ကြိုတင်ပြင်ဆင်မှု ရှိရမည်။ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အခြေခံအားဖြင့် ရက်အနည်းငယ် ကြိုတင်၍ အကဲခတ် စစ်ဆေးရလေ့ရှိ၏။ သို့သော ယခုအခါ အရှင်မင်းမြတ်က လူပေါင်းစုံ ရောထွေးနေသော ဤ အရပ်သား လူနေရပ်ကွက်ထဲ၌ လာရောက် နေထိုင်တော့မည် မဟုတ်ပါလော။

သူတို့ ထည့်သွင်းစဉ်းစားရမည်မှာ အရှင်မင်းမြတ်၏ ဘေးအန္တရာယ် ကင်းရှင်းရေး စိုးရိမ်မှုတစ်ခုတည်း မဟုတ်ပေ။

ပိုပြောသည်ဟု မဆိုနိုင်ဘဲ ဘေးပတ်ဝန်းကျင်ရှိ ကြက်နှင့် ခွေးများကိုပင် သူတို့က အကုန်ရှင်းထုတ်ပစ်ခဲ့ကြ၏။

အကြောင်းမှာ အရှင်မင်းမြတ် ကျိန်းစက် အိပ်စက်ရန်အတွက် အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်ရန် လိုအပ်သောကြောင့် ဖြစ်လေသည်။

သူ့ကို နှောင့်ယှက်မိပါက အကျိုးဆက်မှာ အလွန်တရာ ကြီးမားလိမ့်မည်။

နောက်တစ်နေ့ နံနက်စောစောတွင် ခွမ့်ရွှယ်ရှန့်သည် စောစောထလိုက်ပြီး ရွှေကျီးကန်းလမ်းမကြီးသို့ ခဏသွား၍ လွန်ခဲ့သော ရက်အနည်းငယ်က ဝယ်သူများ ကြိုတင် မှာယူထားသော ဝတ္ထုစာအုပ်များကို သွားရောက် ပို့ဆောင်ပေးခဲ့၏။

သူ သတို့သား ရှာဖွေသည့် ကိစ္စအား လူတိုင်း မသိကြဟု ဆိုစေကာမူ အနည်းဆုံးတော့ သူ၏ ဆိုင်ပတ်ဝန်းကျင်ရှိ ဆိုင်ပိုင်ရှင်များနှင့် အလုပ်သမားများ အားလုံး သိသွားကြပြီ ဖြစ်ရာ သူ့ကို မြင်သည်နှင့် နောက်ပြောင် ကျီစယ်ကြတော့၏။

"သူဌေးခွမ့်၊ သတို့သားသစ်ကို ငါတို့ကို ပြဖို့ ဘယ်တော့ ခေါ်လာမှာလဲ။"

"ငါတို့ကို မင်္ဂလာမုန့် ပေးမစားတော့ဘူးလား။"

မင်္ဂလာသတင်းနှင့် ကြုံတွေ့ရချိန်တွင် စိတ်အခြေအနေက ရွှင်လန်းလာရာ ခွမ့်ရွှယ်ရှန့်လည်း မုန့်ဝယ်ကာ ဝေငှပေးခဲ့၏။ ထိုလူမှာ ယနေ့တွင် သူ၏အိမ်သို့ ဝင်ရောက်လာတော့မည် ဖြစ်သဖြင့် မွန်းလွဲပိုင်းတွင် ဆိုင်ကို စောစောပိတ်လိုက်ပြီး စားသောက်ဆိုင်ကြီးသို့ သွား၍ ဟင်းပွဲနှင့် အရက်အချို့ကို ဝယ်ယူခဲ့သည်။ ထိုသူ သူ့အိမ်သို့ ရောက်ရှိလာသည့်အနေဖြင့် ကျွေးရမည့် ပထမဆုံး ထမင်းတစ်နပ်ဖြစ်သောကြောင့် အလွန်တရာ အလေးထားပြီး မြိန်ရှက်ကာ စုံလင်လှပနေစေရန် ဖန်တီးထားချင်သည်။

အိမ်သို့ ပြန်ရောက်သောအခါ ရိုးရှင်းသော စွပ်ပြုတ်တစ်ခွက်ကို ချက်ပြုတ်လိုက်ပြီး ထိုသူ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့၏။ သူသည် အိမ်ဝိုင်းအတွင်း ဟိုဟိုဒီဒီ လမ်းလျှောက်နေခဲ့သည်။ စစ်သူကြီးလုပ်စဥ်က ရန်သူ့တပ်၏ ဝိုင်းရံခြင်း ခံရစဉ်ကပင်လျှင် ယခုလောက် စိတ်မလှုပ်ရှားခဲ့ဖူးပေ။

သူသည် ကောင်းကင်ကြီး မှောင်မိုက်သွားသည့် အချိန်အထိ စောင့်ဆိုင်းနေခဲ့ပြီးမှ တံခါးခေါက်သံကို ကြားလိုက်ရ၏။

"လာပါပြီ!"

တံခါးကို အပြေးအလွှား သွားဖွင့်လိုက်ရာ တံခါးပွင့်သွားသည်နှင့် အပြင်ဘက်တွင် အနက်ရောင် မြင်းလှည်းတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။

ရှေးခေတ်တွင် ညဘက်ရောက်သွားပါက တစ်ကမ္ဘာလုံး မှောင်မိုက်သွားခဲ့သည်။ ဤမှောင်မိုက်မှုမှာ ခေတ်သစ်လူသားများ စိတ်ကူးယဉ်နိုင်သည်ထက် အဆပေါင်းများစွာ ပိုမိုနက်ရှိုင်းလှပြီး အလင်းရောင် မရှိရုံမျှမက အသံများပင်လျှင် ညမှောင်မှောင်အောက်တွင် ဝါးမျိုခြင်း ခံလိုက်ရသကဲ့သို့ တိတ်ဆိတ် ငြိမ်သက်သွားတတ်၏။ အရာရာတိုင်း ပျောက်ကွယ်၍ အကန့်အသတ်မရှိ အမှောင်ထုကြီးသာ လွှမ်းမိုးထားသည်။

ကောင်းကင်ယံတွင် သစ်ရွက်လွှာကဲ့သို့ လခြမ်းကွေးလေး တစ်ခုသာ ရှိနေ၏။ လီချင်း၏ လက်ထဲတွင် စက္ကူမီးအိမ်လေးတစ်လုံး ကိုင်ထားသည့်တိုင် သုံးလှမ်းစာမျှသာ လင်းလက်နေသည်။ ၎င်းက လေအေးထဲတွင် လှုပ်ခါနေသည်မှာ မိစ္ဆာမီးအိမ်လေး တစ်လုံးနှင့်ပင် တူနေခဲ့၏။ ကျန်းကျီမှာမူ သူ၏ ဘေးနားတွင် ရပ်နေခဲ့ကာ အရပ်ရှည်ပြီး ပိန်ပါးလှသည်။ မျက်ဝန်းများက မည်းနက်နေပြီး ဤညအချိန်တွင် ကြည့်လိုက်ပါက ခံ့ညားထက်မြက်လွန်း၍ စိမ့်ခနဲ တုန်သွားလောက်သည်အထိ ကြောက်စရာ ကောင်းနေခဲ့၏။

ဘယ်နေရာမှ ပျံသန်းလာသည်မသိသော ကျီးကန်းတစ်ကောင်သည် ထိုအချိန်တွင် "အ...အ" ဟု နှစ်ချက် အော်ဟစ်လိုက်ပြီး သူ၏ အိမ်ခေါင်မိုးစွန်းပေါ်သို့ ဝဲပျံကာ နားလိုက်သည်။

ထိုသူက ပြုံးလျက် ဆိုလာလေသည်။

"ကိုယ် ရောက်လာပြီ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment