အပိုင်း (၄)
ထိုသူသည် ခဏမျှ ဝေခွဲမရဖြစ်သွားသည့်အလား။ သို့သော်လည်း၊ အဓိပ္ပာယ်ဖော်ရခက်သော အကြည့်များဖြင့် သူ့မျက်နှာကို စူးစိုက်ကြည့်နေရင်းမှ ခပ်သာသာလေး ပြုံးလိုက်၏။
"ကောင်းပြီလေ။"
ကြည့်ရသည်မှာ ထိုသူသည်လည်း သူ့ကို တော်တော်လေး သဘောကျနေပုံရသည်။
သူ့ကိုတောင် မမှိတ်မသုန် စူးစိုက်ကြည့်နေသည် မဟုတ်ပါလား။
သို့ရာတွင် သံသယတစ်ခုတော့ ကျန်နေသေး၏။
ခွမ်ရွှယ်ရှန့်တစ်ယောက် သူ့ကဲ့သို့ ဖြူစင်နုပျို၍ ကြည့်ကောင်းသော လူငယ်လေးကို ကြည့်လိုက်သည်။ အရပ်က သူ့ထက် အများကြီး ပိုမြင့်သော်လည်း သူနှင့် role ချင်း တူမနေရန်လည်း လိုအပ်သည်။
ထို့ကြောင့် သူသည် ချောင်းတစ်ချက်ဟန့်လိုက်ရင်း ထပ်ဖြည့်ပြောလိုက်၏။
"ဒါနဲ့ နောက်တစ်ခုက ကျွန်တော်က... ခင်ပွန်းလိုချင်တာ။ ဇနီး မဟုတ်ဘူး"
ထိုသူသည် ဤစကားကိုတော့ မျှော်လင့်မထားသည့်အလားပင်။
"အမ်?"
မိမိပြောသည့်စကားကို နားမလည်ခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့် ခွမ့်ရွှယ်ရှန့်လည်း ပို၍ ပွင့်ပွင့်လင်းလင်းပင် ပြောချလိုက်သည်။
"ကျွန်တော်က အောက်ကလူ။"
ထိုသူက :"အရင်က အတွေ့အကြုံ ရှိဖူးလို့လား။"
"ဒီလိုကိစ္စမျိုးက ရှိဖူးစရာ မလိုပါဘူး။ ကိုယ့်ဘာသာ အလိုလို သိတာလေ။"
ထိုသူသည် စဉ်းစားတွေးတောနေသည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။
ခွမ့်ရွှယ်ရှန့် ထပ်မေးလိုက်သည်။
"ခင်ဗျားကရော။"
ထိုသူက ပြုံးလျက် :"ကိုယ်လည်း မရှိဖူးပါဘူး။"
ဒါဆိုရင်တော့ ကောင်းသွားပြီ။
သူသည် သန့်ရှင်းသပ်ရပ်မှုကို အလွန်အမင်း သဘောကျသူဖြစ်ရာ မိမိကဲ့သို့ပင် လူပျိုစင်စစ် ဖြစ်သူကိုသာ ရှာချင်ခဲ့ခြင်း ဖြစ်သည်။
သူသည် စနစ်က သူ့အပေါ် မကောင်းဘဲ ဤကဲ့သို့သော ရုန်းရင်းဆန်ခတ် ခေတ်ပျက်ကြီးထဲ၌ ပြန်လည်မွေးဖွားပေးခဲ့သည်ဟု ယခင်က စိတ်ထဲမှ ကျိန်ဆဲခဲ့ဖူးသော်လည်း ယခုအခါ၌မူ ကံကြမ္မာသည် 'သူ့အပေါ် မဆိုးလှပါလား' ဟု တွေးလိုက်မိတော့သည်။
ဘေးနားရှိ ဝဝတုတ်တုတ် အစေခံမှာမူ စကားပြောချင်သော်လည်း မဝံ့မရဲ ဖြစ်နေသည့် အမူအရာဖြင့် ဝင်ပြောလာ၏။
"သခင်ကြီး၊ ဒါက လောလွန်းမနေဘူးလား။ အိမ်မှာဆိုရင်... ကျွန်တော်တို့က တခြားသူတွေရဲ့ အိမ်မှာ ခဏတည်းခိုနေတာဆိုတော့ သီးသန့် အိမ်ဝန်းတစ်ခု အရင် ပြင်ဆင်ရမှာ မဟုတ်ဘူးလား။"
ဤမျှ ငယ်ရွယ်သော သခင်လေးအား တစ်ဖက်သူက သခင်ကြီးဟု လှမ်းခေါ်နေခြင်းမှာလည်း အမှန်ပင် အနည်းငယ် ဆန်းကြယ်လှ၏။
ထိုသူသည် အစေခံအား တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူ့ထံသို့ အကြည့် ပြန်ပို့လိုက်ကာ ပြောလာသည်။
"သတို့သားအဖြစ် အိမ်ထဲလိုက်ဝင်ရင်ရော အဆင်ပြေလား။"
"အာ?!"
ထိုအစေခံမှာမူ လုံးဝ ကြောင်အသွားခဲ့လေသည်။
ခွမ့်ရွှယ်ရှန့်ကတော့ ပြုံးလိုက်ရင်း :"ရတာပေါ့။ ကျွန်တော့်မှာ အိမ်ဝင်းလေး တစ်ခုရှိတယ်။ အတော်လေး ကျယ်ဝန်းပါတယ်။ ခင်ဗျား သဘောတူတယ်ဆိုရင် အချိန်မရွေး ပြောင်းလာလို့ရတယ်။ ကျွန်တော်တို့ ပိုပြီး နီးနီးကပ်ကပ် လေ့လာဖို့အတွက်လည်း အဆင်ပြေတာပေါ့။ အစမ်းနေကြည့်တယ်လို့ပဲ သဘောထားလိုက်ပါ။"
ဤသို့ဆိုလျှင် နှစ်ဦးစလုံးအတွက် ပိုပြီး စိတ်ချရပေသည်။
ထိုသူက ခေါင်းညိတ်လိုက်ပြီး :"ကိုယ် ပြန်ပြီး ပစ္စည်းတွေ သိမ်းဆည်းလိုက်ဦးမယ်။ မင်းရဲ့အိမ်လိပ်စာ ပြောပြပါဦး၊ နောက်ရက်ကျရင် ကိုယ် မင်းအိမ်ကို လာလည်ပါ့မယ်။ ဒါနဲ့ စောစောက ပန်းဘောလုံးလေးကို ကိုယ့်ကို ပေးလို့ရမလား။"
ခွမ့်ရွှယ်ရှန့်မှာ ခဏမျှ မှင်တက်သွားခဲ့သည်။ ထိုသူ၏ ညင်ညင်သာသာလေး ပြုံးနေသော မျက်နှာကို ကြည့်လိုက်ရာ အမှန်ပင် နူးညံ့ပျော့ပျောင်းလွန်းလှ၏။
သူသည် ပန်းဘောလုံးကို ထိုသူ့ထံ ပေးလိုက်ပြီး မိမိ၏ အိမ်လိပ်စာကိုပါ ပြောပြလိုက်၏။ ထိုသူအား နှုတ်ဆက်လိုက်ပို့ပြီးနောက် အိမ်မက် မက်နေရသကဲ့သို့ ခံစားချက်မျိုး ကျန်ရှိနေဆဲဖြစ်ကာ တစ်နေရာရာ၌ တကယ် မဟုတ်သလိုမျိုး ခံစားနေရ၏။
ယင်းမှာ ထိုသူသည် သူ၏ ကြင်ယာဖက်အပေါ် ထားရှိသည့် စိတ်ကူးအိပ်မက် မှန်သမျှကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခဲ့၍ ဖြစ်လိမ့်မည်။
ရုပ်ရည်၊ စိတ်နေစိတ်ထားအပြင် မိသားစု နောက်ခံအထိပင်။
ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်သဖြင့် စာပေ တတ်မြောက်လိမ့်မည်။ သင့်တော်သော ဗဟုသုတ အရည်အသွေး ရှိဖို့ဆိုသည်မှာလည်း အလွန် အရေးကြီးလှ၏။
ရုပ်ရည်ဆိုလျှင်လည်း သူ့အကြိုက် ဖြစ်၏။ ထိုမျက်နှာမှာ ခံ့ညားလှပသော်လည်း အလွန်အမင်း မိန်းမဆန်မနေချေ။ စိတ်သဘောထားမှာ နူးညံ့သိမ်မွေ့သော်လည်း ပျော့ညံ့သည့် ပုံစံမရှိရာ ကြည့်လေလေ ပို၍ သဘောကျမိလေလေပင်။
သူသည် ယခုချက်ချင်း လက်ထပ်၍ ယနေ့ပင် အိပ်ရာဝင်ပွဲ ပြုလုပ်နိုင်သည်အထိ အမှန်တကယ် ကျေနပ်နေခဲ့ခြင်း ဖြစ်သည်။
ဒါက ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား။
ရှေးခေတ်ကလူများ၌ ချစ်သူရည်းစား၊ သမီးရည်းစား ထားရမည်ဟူသည့် အယူအဆမျိုး ရှိဖို့မှာ ခဲယဉ်းလှသည်။ ထို့အပြင် သူတို့နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသား အမျိုးသားများ မဟုတ်ပါလား။
ဤရလဒ်မှာ မျှော်လင့်မထားဘဲ သူ့အား အလွန်တရာ ကျေနပ်သွားစေခဲ့သဖြင့် ခွမ့်ရွှယ်ရှန့်သည် ရူယိစံအိမ်ပိုင်ရှင်၏ ဂုဏ်ပြုစကားများကို လက်ခံအပြီး စံအိမ်အတွင်းမှ ထွက်လာခဲ့သည်။ စံအိမ်က ထွက်လာသည့် အချိန်ထိတိုင်အောင် မိုးပေါ်ပျံနေရသကဲ့သို့ ပေါ့ပါးနေခဲ့၏။
ရူယိစံအိမ်မှာ သူ၏ စာအုပ်ဆိုင်နှင့် အနည်းငယ် ဝေးကွာသည်။ ယနေ့တွင် သူ စိတ်လက်ပေါ့ပါး ရွှင်လန်းနေသဖြင့် အပြန်လမ်း၌ 'စုန်းလောင်ချွန်း' သေရည်တစ်အိုးပင် ဝယ်ယူခဲ့သေးသည်။
သူသည် အရက်ဆိုင်မှ ထွက်လာပြီးနောက် မြစ်ကမ်းအတိုင်း လမ်းလျှောက်ပြန်ရန် ရွေးချယ်လိုက်၏။ ရွှမ်းလွမ်မြို့မှာ ဇာမဏီငှက်များ ကပြကခုန်ခဲ့သည်ကို အစွဲပြု၍ အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ ရှေးမင်းဆက်ဖြစ်သော သာရုန်း၏ အရှင်မင်းမြတ်သည် ဤနေရာ၌ ခုနှစ်ရောင်ခြယ် မင်းဧကရာဇ် ငှက်နှစ်ကောင် မိုးကောင်းကင်ထက်၌ ကခုန်နေသည်ကို မြင်တွေ့ခဲ့ရပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နိမိတ်ကောင်းအဖြစ် ယူဆကာ ဤနေရာ၌ မြို့တော်တည်ထောင်၍ ရွှမ်းလွမ်မြို့ဟု အမည်ပေးခဲ့သည်ဟု အဆိုရှိခဲ့ဖူး၏။
ရွှမ်းလွမ်မြို့ ရှိ အရာအားလုံးနီးပါးမှာ ဇာမဏီငှက်ကို အဓိက အကြောင်းအရာ ပြုထားကြသည်။ အရှေ့ဘက်၌ ဇာမဏီတောင် ရှိသလို မြို့တစ်မြို့လုံး၌လည်း ဝူထုန်သစ်ပင်များကို စိုက်ပျိုးထားကြ၏။ ဤရာသီဥတု၌ ဝူထုန်သစ်ပင်များမှာ ခြောက်ကပ် တိတ်ဆိတ်နေဆဲ ဖြစ်ရာ ဤလမ်းမကြီးအား ပိုမို တိတ်ဆိတ်ငြိမ်သက်သွားစေသည်။
သို့သော် လမ်းလျှောက်၍ သိပ်ဝေးဝေး မရောက်သေးမီမှာပင် သူသည် လူအချို့၏ လမ်းပိတ်တားဆီးခြင်းကို ခံလိုက်ရတော့၏။
ထိုလူမိုက်လူရမ်းကားများကို သူ တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း မှတ်မိလိုက်သည်။
လွန်ခဲ့သော ရက်ပိုင်းများအတွင်းက ထိုသူများသည် ရူယိစံအိမ်အောက်၌ နေ့စဉ်ရက်ဆက် လာရောက် ဆူညံအော်ဟစ်ကြပြီး ရိုင်းစိုင်းသော စကားများကို မရပ်မနား ပြောဆိုနေကြသူများ ဖြစ်၏။
ထိုအချိန်၌ ထိုသူအချို့သည် သူ့အား ပြုံးစိစိဖြင့် ကြည့်ရင်း ပြောလာသည်။
"ညီလေး၊ မင်းရွေးထားတဲ့ကောင်က အပြင်ပန်းပဲ လှပြီး အသုံးမကျတဲ့ကောင်ပါ။ ကြည့်လို့တော့ ကောင်းပါရဲ့၊ ဒါပေမဲ့ သုံးလို့မှ မရတာ။ ငါတို့ညီအစ်ကိုတွေကို စဉ်းစားပေးပါဦးလား။"
ခွမ့်ရွှယ်ရှန့်သည် သာမန်မျှ ပြုံးလိုက်ပြီး သူတို့ကို ဂရုမစိုက်ဘဲ ဘေးသို့ ရှောင်လွှဲကာ ဆက်လက် လျှောက်လှမ်းသွားခဲ့၏။
သို့သော် ထိုလူအချို့က လက်ကို ဆန့်ထုတ်၍ သူ၏လမ်းကို ပိတ်တားလိုက်ပြီး၊ ခေါင်းကို စောင်းလျက် ဆက်ပြောလာသည်။
"သေရည်တောင် ဝယ်လာသေးတာပဲ။ ငါတို့ ညီအစ်ကိုတွေကလည်း သေရည်သောက်ရတာ ကြိုက်တယ်။ အတူတူ သောက်ရင်း ပျော်ပါးလိုက်ကြရင် မကောင်းဘူးလား။"
ခွမ့်ရွှယ်ရှန့်သည် သစ်ပင်အောက်၌ မတ်တတ်ရပ်နေခဲ့၏။ သူသည် ခန္ဓာကိုယ် သွယ်လျပြီး သခင်လေးတစ်ဦးကဲ့သို့ပင်။ လက်ဝါးခန့်မျှသာ ရှိသော မေးရိုးကျဉ်းကျဉ်းလေးသည် မျက်နှာလေးထက်၌ ဆင်မြန်းထားကာ အသားအရေကလည်း တင်းရင်းလှပသည်။ အစိမ်းရောင်ဝတ်ရုံရှည်က သူ၏ နှင်းကဲ့သို့ ဖြူစင်သန့်ရှင်းသော အသားအရေကို ပိုမို ထင်ရှားပေါ်လွင်စေ၏။
စိမ်းစိုသော ဝါးပင်ကဲ့သို့ ကျောရိုးရှိပြီး ပန်းတစ်ပွင့်ပမာ ရုပ်ရည်ရှိသူဖြစ်ရာ ကြည့်လေလေ ပို၍ ရင်ခုန်စွဲမက်ဖွယ် ကောင်းလေလေပင်။
သူသည် ထိုအချိန်၌ အနောက်သို့ ခေါင်းလှည့်၍ တစ်ချက် ကြည့်လိုက်၏။ ၎င်းမှာ ကြောက်ရွံ့သွားသဖြင့် ဖြတ်သန်းသွားလာနေသော လမ်းသွားလမ်းလာများကို ရှာဖွေ အကူအညီတောင်းခံချင်သည့်ပုံစံမျိုး ပေါ်နေသည်။ ဤလှုပ်ရှားမှုလေးက သူ့အား ပိုမို နူးညံ့ပျော့ပျောင်း၍ လှပတင့်တယ်သွားစေရာ ကြည့်နေသူတို့၏ ရင်ထဲ၌ ယားယံလာစေသည်။ ထိုသူတို့သည် မအောင့်အီးနိုင်တော့ဘဲ ရှေ့သို့ တိုး၍ ဆွဲလားရမ်းကားရင်း ပြောလိုက်လေ၏။
"ကြည့်မနေနဲ့တော့၊ ဘယ်သူမှမရှိဘူး။ လူရှိရင်တောင် မင်းကို လာကယ်ရဲမှာ မဟုတ်ဘူး။"
"အခြေအနေကို နားလည်စမ်းပါ၊ ငါတို့ညီအစ်ကိုတွေနဲ့ ငြိမ်ငြိမ်လေး လိုက်ခဲ့။ မဟုတ်ရင် ဒီမှာတင်ပဲ မင်းကို အပြတ်ရှင်းလိုက်မယ်။ မင်းလည်း ဒီလမ်းမကြီးပေါ်မှာ လူတွေ မြင်သွားတာကို မလိုလားပါဘူး ဟုတ်တယ်မလား။"
ခွမ့်ရွှယ်ရှန့်သည် မျက်နှာထက်ရှိ အပြုံးများကို ရုပ်သိမ်းလိုက်ပြီး အင်္ကျီလက်နှစ်ဖက်ကို ခေါက်တင်လိုက်ရင်း မေးလိုက်သည်။
"လူတွေ မြင်သွားတာကို မလိုလားတာတော့ အမှန်ပဲ။ မင်းတို့ တစ်ယောက်ချင်းစီ လာမှာလား။ ဒါမှမဟုတ် အတူတူ လာမှာလား။"
"အမယ်လေး၊ အတူတူ လာမလားတဲ့။ ဒီသခင်လေးရဲ့ အကြိုက်က တော်တော်လေး..."
စကားမဆုံးသေးမီမှာပင် အစိမ်းရောင် ဝတ်ရုံစ လွင့်ပျံသွားသည်ကိုသာ မြင်လိုက်ရပြီး ထိုလူမှာ တစ်ချက်တည်း ကန်ထုတ်ခံလိုက်ရကာ လွင့်ထွက်သွားတော့၏။
"မအေဘေးပဲ! ညီအစ်ကိုတို့၊ တက်ကြ!"
ကျန်ရှိသော သုံးယောက်မှာ ထိုအခြေအနေကို မြင်သည်နှင့် ချက်ချင်းပင် အတူတကွ ဝိုင်းဝန်း တိုက်ခိုက်လာကြတော့၏။ ခွမ့်ရွှယ်ရှန့်သည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ခေါင်းဆောင်လုပ်သူ၏ ထိုးနှက်လိုက်သော လက်သီးကို ရှောင်ကွင်းလိုက်ကာ လက်ကောက်ဝတ်ဖြင့် ထိုသူ၏ လက်မောင်းကို တွန်းထုတ်လိုက်သည်။ ထိုလူမှာ နံရံပေါ်သို့ ဝုန်းခနဲ ရိုက်ခတ်မိသွား၏။
ထို့နောက် သူသည် ထိုအားကို လှည့်ပတ် အသုံးပြု၍ အစိမ်းရောင် ဝတ်ရုံရှည်ကို ဖလပ်ခနဲ လှည့်ပတ်လိုက်ရင်း ခြေဖျားဖြင့် ခေါင်းဆောင်လုပ်သူ၏ လည်ချောင်းကို ကန်ထည့်လိုက်သည်။ တစ်ဖန် အရှိန်ပြန်ယူ၍ လှည့်ပတ်ရင်း ဘယ်ဘက်ဒူးဆစ်ဖြင့် ဒုတိယမြောက်လူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ကို တိုက်ခိုက်လိုက်ပြန်သည်။ ထိုလှုပ်ရှားမှုများမှာ လေပြည်ထဲစီးမျောနေသကဲ့သို့ ပေါ့ပါးသွက်လက်လှ၏။
အစိမ်းရောင်အရိပ်ကလေးသည် ရိပ်ခနဲ လှုပ်ရှားမှုများဖြင့် အထက်အောက် ကျဆင်းသွားပြီးနောက် သုံးယောက်စလုံး တစ်ယောက်ပြီးတစ်ယောက် ငိုကြွေးအော်ဟစ်ရင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားကြသည်။
သူသည် ဝတ်ရုံစများကို သိမ်းဆည်း၍ မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။ လူသုံးယောက်ကို လှဲသိပ်ပြီးသည့်တိုင်အောင် အသက်ရှူသံပင် မပြောင်းလဲသွားပေ။ မျက်လွှာချလျက် လက်အင်္ကျီစများကိုပင် သေချာပြန်လည် ပြုပြင်လိုက်သေး၏။
ဤနေရာမှာ လမ်းမကြီးနှင့် နီးကပ်စွာ တည်ရှိနေပြီး အနောက်ဘက်၌ မြို့တစ်မြို့လုံးကို ဖြတ်သန်းစီးဆင်းနေသည့် ပေသောမြစ်ရှိကာ ရေစီးသံမှာ အနည်းငယ် မြန်ဆန်၍ တရှဲရှဲ စီးဆင်းနေသည်။ သို့သော် ထိုရေစီးသံများသည်ပင် ထိုအမျိုးသားများ၏ နာကျင်စွာ ညည်းတွားအော်ဟစ်သံများကို ဖုံးကွယ်မပေးနိုင်ခဲ့ပေ။
လမ်းကြားဝမှ ပေါက်စီရောင်းသော ဆိုင်ရှင်သည် အသံများလာရာဘက်သို့ စူးစမ်းလိုစိတ်ဖြင့် အထဲသို့ လှမ်းကြည့်လိုက်ရာ အစိမ်းရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားသော သခင်လေးတစ်ဦး လမ်းကြားထဲမှ ထွက်လာသည်အား တွေ့လိုက်ရ၏။
အမှန်တကယ်ပင် သပ်ရပ်လှသော သခင်လေးတစ်ဦး ဖြစ်သည်။ ဆံပင်များကိုပင် အမှိုက်တစ်စမျှ မရှိအောင် သေချာ ဖြီးသင်ထားပြီး အလွန်အမင်း နူးညံ့ပျော့ပျောင်းသော ပုံစံရှိသည်။ ထိုသခင်လေးသည် သူ့အား အသာအယာ ပြုံးပြ၍ အေးဆေးငြိမ်းချမ်းစွာဖြင့် ထွက်ခွာသွားခဲ့၏။
ဆိုင်ရှင်သည် ထိုအော်ဟစ်ညည်းတွားသံများကို ကြားနေရဆဲ ဖြစ်သဖြင့် အထဲသို့ ထပ်မံ လှမ်းကြည့်လိုက်ရာ အမျိုးသားတချို့ မြေပြင်ပေါ်၌ စည်းစနစ်မရှိ ဖရိုဖရဲ လဲကျနေကြသည်ကိုသာ တွေ့လိုက်ရလေသည်။ သေချာကြည့်လိုက်သောအခါ ထိုသူများမှာ သူတို့ကဲ့သို့ စီးပွားရေးသမား အသေးစားလေးများကို ခဏခဏ လာရောက် နှောင့်ယှက်တတ်သော လူမိုက်များ ဖြစ်နေသည်။
ခုနက အစိမ်းရောင်ဝတ်ရုံနဲ့ သခင်လေးကတော့ ဒီအတိုင်း လမ်းကြုံဖြတ်သွားတာပဲ ဖြစ်လောက်ပါတယ်နော်?
......
စာရေးသူမှာ ပြောစရာရှိပါတယ်။
သာ့ကျိုးသမိုင်းမှတ်တမ်း အရ [ထျန်းဖူ စတုတ္ထနှစ်၊ နွေဦးအစပိုင်း၌ ဧကရာဇ်မင်းမြတ်သည် မြို့တော်ဟောင်း၏ ရွှေကျီးကန်းလမ်းရှိ ရူယိစံအိမ်၌ မိဖုရားခေါင်ကြီးအား စတင် တွေ့ဆုံခဲ့လေသည်။]
***
Aurora Novel Translation Team