အပိုင်း (၃)
ဤသည်မှာ ခွမ့်ရွှယ်ရှန့်၏ မင်္ဂလာပန်းဘောလုံး ပစ်ပေါက်၍ သတို့သား ရွေးချယ်ပွဲ ပြုလုပ်သည့် တတိယမြောက်နေ့ ဖြစ်ပေသည်။
ရူယိစံအိမ်အောက်ခြေသို့ လာရောက်၍ အပြိုင်အဆိုင် စာရင်းပေးကြသူ မြောက်မြားစွာ ရှိသော်လည်း မျက်စိကျစရာ တစ်ယောက်မျှ ပါမလာခဲ့ပေ။ ထို့အပြင် အနိုင်ကျင့် ဗိုလ်ကျတတ်သော လူမိုက်အချို့ကိုပါ ဆွဲဆောင်မိသွားခဲ့သေးသည်။ ထိုသူတို့သည် နေ့စဉ်မပြတ် အောက်ဘက်၌ ပြုံးစိစိဖြင့် ရိုင်းစိုင်းစွာ အော်ဟစ် ကြွေးကြော်နေကြတော့၏။
ရူယိစံအိမ်၏ စံအိမ်ပိုင်ရှင်သည် ရိုသေ ပျူငှာစွာဖြင့် သူ၏ တံခါးကို ဖွင့်လှစ်ပေးလိုက်ပြီး အခြားသူများကဲ့သို့ လွန်လွန်ကဲကဲ မရွေးချယ်ရန် တားဆီးပြောဆိုခြင်း မပြုဘဲနှင့် ပြုံးရွှင်သော မျက်နှာဖြင့် ပြောလာသည်။
"သခင်လေး စိတ်မလောပါနဲ့၊ လာရောက် ကြည့်ရှုတဲ့သူတွေက ပိုပိုများပြားလာပါပြီ။ ဖြည်းဖြည်းချင်း ရွေးချယ်လို့ ရပါတယ်။ သခင်လေးရဲ့ ဒီလိုရုပ်ရည်မျိုးနဲ့ စိတ်တိုင်းကျမယ့်လူကို ရှာမတွေ့မှာ စိုးရိမ်နေစရာ လိုလို့လား။"
ခွမ့်ရွှယ်ရှန့်သည် အသာအယာ ပြုံးလိုက်ပြီး မင်္ဂလာပန်းဘောလုံးကို ကိုင်ဆောင်ကာ လက်ရန်းဘေးသို့ ထွက်ခွာလာခဲ့၏။
သူ ထွက်ပေါ်လာသည်နှင့် အပြင်ဘက်ရှိ အသံများမှာ စက္ကန့်ပိုင်းအတွင်း တိတ်ဆိတ် ငြိမ်သက်သွားကုန်သည်။
အမှန်တကယ်ပင် ရှေးယခင်ခေတ်ကဖြစ်စေ သို့မဟုတ် ယခုခေတ် ဖြစ်စေ၊ အမျိုးသားဖြစ်စေ သို့မဟုတ် အမျိုးသမီး ဖြစ်စေ၊ ရုပ်ရည်ချောမောလှပမှုသည် ကြီးမားလှသော ဆွဲဆောင်မှု လက်နက်ကြီးတစ်ခု ဖြစ်နေလေ၏။
သူသည် ခန္ဓာကိုယ်တစ်ခုလုံးဖြင့် ကူးပြောင်း ရောက်ရှိလာသူ ဖြစ်ပြီး ဝတ်စားဆင်ယင်မှုမှာ ရှေးခေတ် လူများနှင့် အတူတူပင် ဖြစ်သော်လည်း ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အသွင်အပြင်မှာမူ ရှေးခေတ်လူများနှင့် အနည်းငယ် ကွဲပြားနေခဲ့၏။ သူ၏ ထူးခြားဆန်းပြားသော စရိုက်နှင့် ပေါင်းစပ်လိုက်သောအခါ တစ်ကိုယ်လုံး၌ လွန်စွာ ထူးခြားသည့် အငွေ့အသက်များ ပေါ်ထွက်နေခဲ့သည်။
ဤထူးခြားမှုမျိုးကို လူတိုင်း ကြိုက်နှစ်သက်ချင်မှ ကြိုက်နှစ်သက်လိမ့်မည်။ သို့သော်လည်း ချောမောလှပသော မျက်နှာမှာမူ မည်သည့်ခေတ်တွင်မဆို တန်ဖိုးရှိသော အရာပင်။
ရူယိစံအိမ်ပိုင်ရှင်အနေဖြင့် သူ၏ မင်္ဂလာပန်းဘောလုံးကို အပြင်သို့ ပစ်ပေါက်မသွားစေချင်သည်မှာလည်း မဆန်းပေ။ အပြင်ဘက်ရှိ ဈေးတန်းကြီးများ၌ လူအုပ်ကြီးမှာ ပြည့်နှက်ကျပ်ညပ်နေပြီး ရထားလုံးများ အချင်းချင်း တိုက်မိရုံမက လူအများမှာလည်း ပခုံးချင်း ပွတ်တိုက်နေရသည်အထိ စည်ကားနေသည်။ ရူယိစံအိမ် စတင်ဖွင့်လှစ်စဉ်က အထူးလျှော့ဈေး ပြုလုပ်ခဲ့သည့် အချိန်တုန်းကပင် ဤမျှလောက် စည်ကားသိုက်မြိုက်ခဲ့ခြင်း မရှိခဲ့ပေ။
အမှန်မှာမူ ပထမနေ့ကဆိုလျှင် ဤမျှလောက်အထိ မများပြားသေးချေ။ ထိုစဉ်က အနီးအနားရှိ အရပ်သူ၊ အရပ်သားများက အပျော်အပါး လာရောက်ကြည့်ရှုကြခြင်းသာ ဖြစ်သည်။
ဒုတိယနေ့၌မူ လူအုပ်ကြီးမှာ သိသိသာသာ ပိုမိုကျပ်ညပ် စည်ကားလာ၏။ မည်သို့ပင်ဆိုစေ သူကဲ့သို့ လှပချောမောသူမှာ အလွန်တရာ ရှားပါးလှသည် မဟုတ်ပါလား။
ယနေ့၌မူ လူပင်လယ်ကြီးအလား စည်ကားသိုက်မြိုက်နေခဲ့ပြီး ဈေးသည်သေးသေးလေးများပင် လာရောက်၍ ရောင်းချကြသည်အထိ ဖြစ်လာလေပြီ။
သူ၏ သတင်းအစအနနှင့် နာမည်မှာ လုံးဝ ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီ ဖြစ်မည်။
သို့သော်လည်း စိတ်ပျက်စရာကောင်းသည်မှာ အောက်သို့ ငေးကြည့်လိုက်သောအခါ ယမန်နေ့က တွေ့မြင်ခဲ့ရသော ရင်းနှီးပြီးသား မသမာသူ မျက်နှာဟောင်းများပင် ဖြစ်နေဆဲ ဖြစ်၏။
ရှေးခေတ်ကာလ၌ အမျိုးသားအချင်းချင်း မေတ္တာမျှသည့် ကိစ္စကို ဗြောင်ကျကျ ထုတ်ဖော်လုပ်ဆောင်ခြင်းမှာ အခြေခံအားဖြင့် မင်းမျိုးမင်းနွယ်နှင့် အထက်တန်းစား လူတန်းစားများကသာ လက်ဝါးကြီးအုပ်ထားခဲ့ကြသည်။ သို့မဟုတ်ပါကလည်း ပျော်ပွဲရွှင်ပွဲနယ်ပယ်၌ ကျင်လည်ကျက်စားနေသော လူမိုက်များကြား၌သာ ဖြစ်တတ်ကြ၏။
သူ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
သို့သော်လည်း သူ၏ သဘောအရ ဤမင်္ဂလာပန်းဘောလုံးကို မဖြစ်မနေ ပစ်ပေါက်ရမည်ဟု မဆိုလိုပေ။ အဓိက ရည်ရွယ်ချက်မှာ 'ကြင်ဖော်ရှာခြင်း' ဟူသည့်အချက်အား ကြော်ငြာခြင်းပင် ဖြစ်၏။ နောင်တစ်ချိန်၌ စိတ်တူကိုယ်တူ ပုဂ္ဂိုလ်များ တံခါးဝသို့ လာရောက် ရှာဖွေလျှင်လည်း ရနိုင်သည်။
သူသည် ပြုံးရွှင်သော မျက်နှာလေးဖြင့် ပတ်ဝန်းကျင်ကို တစ်ပတ်ဝှေ့ယမ်းကြည့်ရှုလိုက်ပြီး ပြန်လည် လှည့်ထွက်သွားရန် ပြင်ဆင်လိုက်စဉ်၌ပင် ရုတ်တရက် အောက်ဘက်ရှိ ရူးသွပ်နေကြသော သောင်းကျန်းသူ အမျိုးသားများကြား၌ ငယ်ရွယ်၍ ချောမောလှပသော အမျိုးသားတစ်ဦးကို တွေ့လိုက်သည်။
ထိုအမျိုးသားမှာ အသက် ၂၀ ကျော်မျှသာ ရှိသေးပြီး လူအုပ်ကြီး၏ အစွန်းဘက်၌ ရပ်တန့်နေခဲ့၏။ လက်ကျဉ်းသော အဝိုင်းလည်ပင်းပုံစံ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး ဝတ်ရုံထက်၌ မည်သည့်ပန်းထိုး အဆင်တန်ဆာမျှ မရှိသလို တစ်ကိုယ်လုံး၌လည်း မည်သည့် တန်ဆာပလာမျှ ဆင်မြန်းထားခြင်း မရှိသည့်တိုင်အောင် ကျီးအုပ်ကြီး၏ကြားထဲမှ ဗျိုင်းဖြူအလား ထိုးထွက်၍ လှပနေခဲ့သည်။
ခေါင်းအစခြေအဆုံးအထိ သူ၏ သဘောကျမှုကို အပြည့်အဝ ရရှိသွားခဲ့ရာ ခွမ့်ရွှယ်ရှန့်တစ်ယောက် ရင်ခုန်သံများပင် တစ်ခဏတာမျှ ရပ်တန့်သွားခဲ့ရ၏။
သူသည် ထိုသူထံသို့ ပြုံးပြလိုက်မိရာ ထိုသူကလည်း ရှက်ရွံ့တုန်လှုပ်ခြင်း မရှိဘဲ သူ၏ အကြည့်ကို တည့်တည့်မတ်မတ် ပြန်လည် စူးစိုက်ကြည့်ရှုလာခဲ့သည်။
ထိုသူက မိမိအား စိတ်ဝင်စားစွာ စူးစိုက်ကြည့်နေသည်ပုံအရ တစ်ဖက်ကလည်း အနည်းငယ် စိတ်ဝင်စားမှု ရှိနေပုံပင်။
ခွမ့်ရွှယ်ရှန့် စိတ်လှုပ်ရှားသွားခဲ့ပြီး လက်ထဲရှိ မင်္ဂလာပန်းဘောလုံးကို ပင့်မြှောက်လိုက်၏။
လူအုပ်ကြီးမှာ ရုတ်ခြည်းဆိုသလို ပွက်လောရိုက်သွားခဲ့သော်လည်း ထိုသူ၏ အကြည့်မှာ ရှောင်ကွင်းသွားခြင်း မရှိသည်ကို တွေ့ရသဖြင့် ဤသည်မှာ ၇၀၊ ၈၀ ရာခိုင်နှုန်းခန့် စိတ်ဝင်စားမှု ရှိနေပြီဟု ယူဆလိုက်၏။
ထို့ကြောင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး မင်္ဂလာပန်းဘောလုံးကို ထိုသူထံသို့ ပစ်ပေါက်လိုက်တော့သည်။
သူ၏ ရုတ်တရက် ပစ်ပေါက်လိုက်မှုကြောင့် လူအုပ်ကြီးထဲမှ အံ့ဩတုန်လှုပ်သံများ ထွက်ပေါ်လာခဲ့သည်။ ထိုသူသည်လည်း ခဏမျှ မှင်တက်သွားခဲ့ဟန် တူသော်လည်း လက်ကို အလိုက်သင့် ဆန့်ထုတ်လိုက်ကာ မင်္ဂလာပန်းဘောလုံးကို လွယ်လင့်တကူ ဖမ်းဆုပ်လိုက်ပြီး နှုတ်ခမ်းထောင့်ကို ကွေးညွှတ်၍ ပြုံးလိုက်၏။
စက္ကန့်ပိုင်းအတွင်း အဆောက်အအုံအောက်ဘက်၌ လူသံများ ဆူညံပွက်လောရိုက်သွားခဲ့တော့သည်။ ဒေါသထွက်၍ အော်ဟစ်သူများ၊ နှမြောတသဖြစ်ကာ ခြေဆောင့်သူများ ရှိကြသလို၊ အများစုမှာမူ အပျော်အပါး လာရောက်ကြည့်ရှုကြသော အရပ်သူ၊ အရပ်သားများလည်း ရှိကြသည်။ ဤအခြေအနေကို တွေ့မြင်လိုက်ရချိန်၌ အားလုံးက ဝမ်းသာအားရ ကြွေးကြော်လိုက်ကြသည်။
"ဒီမင်္ဂလာပန်းဘောလုံးကို နောက်ဆုံးတော့ ပစ်ပေါက်လိုက်ပြီဟေ့!"
"အရမ်းချောမောလှပတဲ့ သခင်လေးပဲ၊ သူဌေးခွမ့်ကတော့ အမြင်တွေ စူးရှလိုက်တာ!"
ရူယိစံအိမ်၏ ပိုင်ရှင်သည် လက်ရန်းပေါ်သို့ မှီလိုက်ပြီး အသံကုန် အော်ဟစ်၍ အလုပ်သမားများကို ညွှန်ကြားလိုက်သည်။
"အဲဒီသခင်လေးကို မြန်မြန် သွားဖိတ်ခေါ်လိုက်ကြစမ်း!"
ခွမ့်ရွှယ်ရှန့်မှာမူ ယခုအချိန်၌ အနည်းငယ် စိတ်လှုပ်ရှား၍ စိုးရိမ်လာခဲ့၏။
ယခုအခါ အောက်ဘက်ရှိ လူအုပ်ကြီးမှာလည်း ရှုပ်ထွေးပွက်လောရိုက်နေချေပြီ။ ထိုချောမောလှပသော သခင်လေးမှာ ရူယိစံအိမ်၏ အလုပ်သမားများ ခြံရံထားမှုဖြင့် လူအုပ်ကြီးကို ထိုးဖောက် ကျော်လွှားလာခဲ့သည်။
စံအိမ်ပိုင်ရှင်သည် ပြတင်းပေါက်ကို ပိတ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် သီးသန့်အခန်း အပြင်သို့ ထွက်ကာ လှေကားဘက်သို့ လှမ်းကြည့်လိုက်သည်။ မကြာမီပင် အလုပ်သမားများက လူနှစ်ဦးကို အထက်သို့ ဦးဆောင် ခေါ်ဆောင်လာသည်ကို တွေ့ရှိလိုက်ရ၏။
ရှေ့ဆုံးမှ လာသူမှာ မင်္ဂလာပန်းဘောလုံးကို ဖမ်းယူလိုက်သော အသက်ငယ်ရွယ်သည့် သခင်လေး ဖြစ်ပြီး သူ၏ နောက်ဘက်၌မူ ဝဝတုတ်တုတ် အမျိုးသားတစ်ဦး လိုက်ပါလာခဲ့၏။ ထိုသူ၏ မျက်နှာမှာ ဖြူစင်၍ မုတ်ဆိတ်မွေး မရှိပေ။ စကားမပြောမီ ကတည်းက ပြုံးရွှင်သော မျက်နှာထား ရှိနေသဖြင့် ကြည့်လိုက်သည်နှင့် ရိုးသားဖြောင့်မတ်သူဟု သိသာလှရာ ထိုချောမောသော သခင်လေး၏ အစေခံ ဖြစ်ပုံရလေသည်။
ယခုတစ်ကြိမ်တွင် ခွမ့်ရွှယ်ရှန့်သည် တစ်ဖက်လူကို အနီးကပ်ကြည့်နိုင်ခဲ့သည်။
စောစောက လူအုပ်ကြီးထဲ၌ ရှိနေစဉ်ကတည်းက အလွန်တရာ အရပ်မြင့်မှန်း သိသာလှ၏။ ယခု အနီးကပ် ကြည့်ရှုလိုက်သောအခါ သူ့ထက် ခေါင်းတစ်လုံးနီးပါးပင် ပိုမို မြင့်မားနေခဲ့သည်။ ငယ်ရွယ်၍ ဖြူစင်ကာ၊ ပိန်ပါးသွယ်လျသော အရိုးတည်ဆောက်ပုံရှိသည့် မျက်နှာပေါ်၌ အထက်သို့ အနည်းငယ် ကော့တက်နေသော ဇာမဏီမျက်လုံးတစ်စုံ ရှိနေခဲ့သည်။ ဤသို့သော မျက်လုံးမျိုးသည် ခံ့ညားထည်ဝါမှုနှင့် ဆွဲဆောင်မှု ရှိသင့်သော်လည်း မည်းနက်လှသော သူငယ်အိမ်များကြောင့် အေးဆေးတည်ငြိမ်မှုက လွှမ်းမိုးထားခဲ့၏။
ထိုသူငယ်အိမ်များမှာ လွန်စွာထူးခြားပြီး သာမန်လူများထက် ပိုမို နက်မှောင်၍ ပိုမို ကြီးမားနေခဲ့ဟန်ရှိသည်။
နှာခေါင်းထိပ်၌လည်း မှည့်နက်ကလေးတစ်လုံး ရှိနေခဲ့သေး၏။
စကားလုံး တစ်လုံးတည်းနှင့် ပြောရလျှင် 'ချော' သည်။ စကားလုံးနှစ်လုံးဖြင့် ပြောရလျှင် 'လွန်စွာချော' လှ၏။
ထို့ပြင် အလွန်တရာ ထူးခြားဆန်းပြားသော ခံ့ညားမှုမျိုး ဖြစ်ရာ ခေတ်သစ်ကာလ၌သာ ဆိုပါက ပြင်ဆင်မွမ်းမံလိုက်ရုံဖြင့် အနုပညာလောကသို့ တိုက်ရိုက် ဝင်ရောက်နိုင်သည့် အဆင့်ပင်။
တစ်ကိုယ်လုံး၏ အသွင်အပြင်မှာ အနည်းငယ် နူးညံ့သိမ်မွေ့ပုံ ရသော်လည်း ရိုးရှင်းတည်ငြိမ်ခြင်းသည်သာ ထိုသူ၏ အမှန်တရား ဖြစ်လေသည်။ ခွမ့်ရွှယ်ရှန့်ကိုယ်တိုင်သည်လည်း ပြင်းထန်လွန်းသော အချစ်မီးတောက်များကို မလိုချင်ပေ။ ခန္ဓာကိုယ်က ခံနိုင်ရည် ရှိလျှင်ပင် စိတ်ဓာတ်ရေးရာအရ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
ခြုံပြောရလျှင် ကြည့်လေလေ ပိုမို ကျေနပ်လေလေ ဖြစ်နေသည်။
"သခင်လေး၊ အထဲကို ကြွပါ။"
စံအိမ်ပိုင်ရှင်သည် အင်မတန်ပြုံးရွှင်နေသော မျက်နှာဖြင့် ပြောလာသည်။
"နှစ်ယောက်သား ဖြည်းဖြည်းချင်း စကားပြောကြပါ။ ကိစ္စရှိရင် အချိန်မရွေး ခေါ်လိုက်လို့ရပါတယ်။"
ပြောဆိုရင်းဖြင့် အခန်းတံခါးကို ပိတ်လိုက်ပြီး အင်္ကျီစကို အသာအယာ မ'လိုက်ကာ အနားသို့ တိုးကပ်၍ လျှို့ဝှက်စွာ ချောင်းနားထောင်လိုက်တော့၏။
အလုပ်သမား အချို့သည်လည်း ထိုအခြေအနေကို တွေ့မြင်လိုက်ရသဖြင့် အားလုံး တံခါးတွင် ကပ်၍ နားထောင်ကြတော့၏။
"သခင်လေး ထိုင်ပါဦး။"
ခွမ့်ရွှယ်ရှန့်သည် တတ်နိုင်သမျှ သဘာဝကျကျ ပြုမူလိုက်ပြီး :"သခင်လေးရဲ့ နာမည်ကို မေးပါရစေ။"
ထိုသူသည် ခဏမျှ တိတ်ဆိတ်သွားခဲ့ကာ :"ကျန်းကျီပါ။"
"လေသံကို နားထောင်ကြည့်ရတာ ဒီဒေသခံတော့ မဟုတ်ဘူးနဲ့ တူတယ်နော်။"
"ကိုယ်က မြို့တော်ကလာတာ။"
"ဒီမင်္ဂလာပန်းဘောလုံးက ဘာအတွက်လဲဆိုတာ ခင်ဗျား သိတယ်မလား။"
မသိဘဲနှင့်တော့ ဤပွဲကို အပျော်လာကြည့်မည် မဟုတ်ပေ။
သို့သော်လည်း သူ သေချာအောင် မေးမြန်းချင်နေဆဲ ဖြစ်၏။
ထိုသူ၏ အကြည့်များကမူ သူ့အား တည့်တည့်မတ်မတ် စူးစိုက်ကြည့်နေလေသည်။
"သိတာပေါ့။"
သူ၏ သူငယ်အိမ်မှာ အလွန်တရာ နက်မှောင်လှပြီး အဖြူရောင်ထက် အနက်ရောင်က ပိုမိုများပြားနေသဖြင့် ပြုံးပြလိုက်လျှင်ပင် အပြုံးက မျက်ဝန်းအောက်ခြေအထိ မရောက်သွားသကဲ့သို့ ထင်ရ၏။ သို့သော် လေသံမှာမူ အလွန်တရာ နူးညံ့ပျော့ပြောင်းလှသည်။
"မင်း ကိုယ့်ဆီကို သီးသန့် ပစ်ပေးလိုက်တာလား။"
"ဟုတ်တယ်။"
ခွမ့်ရွှယ်ရှန့် ဖြေလိုက်သောအခါ ထိုသူ၏ နှုတ်ခမ်းထောင့်များက ကွေးညွှတ်သွားခဲ့ပြီး ခပ်သာသာမျှ ပေါ်ထွက်လာသော အပြုံးရေးရေးလေးကို ဖော်ပြလိုက်၏။
ထိုသူ၏ သွားများမှာ အမှန်ပင် ကြည့်ကောင်းလှသည်။ ဖြူစင်သန့်ရှင်း၍ ညီညာစိစေ့နေရာ ရှေးခေတ်လူများတွင် ဤမျှ ကောင်းမွန်သော သွားအလှ ရှိခဲလှသဖြင့် မွေးရာပါ မျိုးရိုးဗီဇ ကောင်းမွန်လွန်း၍သာ ဖြစ်ရမည်။
ခွမ့်ရွှယ်ရှန့်တစ်ယောက် ဤသို့သော ရင်ခုန်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်မျိုးကို မခံစားရသည်မှာ မည်မျှကြာခဲ့ပြီနည်း။ မိမိကိုယ်မိမိ ကြာမြင့်စွာကပင် ရေကန်နက်ကြီးထဲမှ ရေခဲတုံးကြီးသဖွယ် ဖြစ်နေခဲ့ပြီး ရင်ခုန်လှုပ်ရှားခြင်း ဆိုသည်မှာ ဘာမှန်းမသိတော့သယောင် ထင်မှတ်ထားခဲ့သော်လည်း ယခုအချိန်၌မူ အရည်ပျော်ကျတော့မည့်အလား လှုပ်ရှားသွားခဲ့၏။
ပန်းဘောလုံးပစ်၍ ချက်ချင်း လက်ထပ်ရမည့်ပွဲ ဖြစ်သည်နှင့်အညီ သူသည် မိမိ၏ အခြေအနေများကို တိုက်ရိုက်ပင် ထုတ်ဖော်ပြောကြားလိုက်သည်။ နာမည်၊ နေရပ်လိပ်စာနှင့် မည်သည့်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်တို့ပါ ပါဝင်သည်။
သူတို့နှစ်ဦးသည် လက်ရှိ၌ စေ့စပ်ပွဲ လုပ်နေကြသည်နှင့် တူသည်ဟုပင် သူ့စိတ်ထဲ၌ တွေးမိလေသည်။ ထိုသို့တွေ့ဆုံရာတွင် ရုပ်ရည်အပြင် အရေးအကြီးဆုံးမှာ နောက်ခံ အခြေအနေဖြစ်သဖြင့် မိမိ၌ အိမ်နှင့် ဆိုင်ခန်းများ ရှိကြောင်းကိုပါ အထူးတလည် ထည့်သွင်းပြောပြလိုက်၏။
"ကျွန်တော်ကတော့ ပုံမှန်အားဖြင့် စာအုပ်ဆိုင်မှာ စာအုပ်ရောင်းပြီး ဝမ်းစာရှာတာပါ။ သခင်လေးကရော ဘာအလုပ်လုပ်တာလဲ။"
"အမြဲတမ်း အိမ်မှာပဲ နေတာပါ။ ဘာမှတော့ သီးသန့် မလုပ်ပါဘူး။"
သူ့ဘေးနားရှိ ဝဝတုတ်တုတ် အစေခံမှာမူ စိတ်မသက်မသာ ဖြစ်နေသည့်နှယ်။
"သခင်ကြီး..."
ခွမ့်ရွှယ်ရှန့်ခမျာ ခဏမျှ မှင်သက်သွားခဲ့ရ၏။
သခင်ကြီး?
ထိုသူသည် မိမိ၏ အံ့အားသင့်မှုကို ရိပ်မိသွားသည့်အလား ရှင်းပြလာသည်။
"အိမ်က မိဘနှစ်ပါးစလုံး ကွယ်လွန်သွားကြပြီမို့ ကိုယ်က အိမ်ထောင်ဦးစီး ဖြစ်နေတာပါ။"
အိမ်ထောင်ဦးစီးတဲ့။
ဒါဆိုရင် ပိုတောင် ကောင်းသွားပြီ။
သူသည် မူလက လက်ထပ်ခြင်း ဆိုသည့်အရာမှာ လူနှစ်ယောက်တည်း၏ ကိစ္စမဟုတ်ကြောင်း တွေးထားခဲ့သည်။ ရှေးခေတ်က လူကြီးမိဘများဆိုပါက အမျိုးသားချင်း လက်ထပ်သည့်ကိစ္စကို သဘောတူရန် အတော်လေး ခက်ခဲလိမ့်မည်။ မိဘဘိုးဘွားများ၏ ကောင်းချီးမင်္ဂလာမပါသည့် အိမ်ထောင်ရေးသည် နှစ်ဦးသဘောတူ ချစ်ခင်ကြလျှင်ပင် ဒုက္ခရောက်လိမ့်မည်။
သူတို့နှစ်ဦးသည် အပြန်အလှန် ကိုယ်ရေးအချက်အလက်များကို ဆက်လက် ဆွေးနွေးကြရာ ထိုသူသည်လည်း မေးသမျှကို မခြွင်းမချန် ပြန်လည်ဖြေကြားပေး၏။ သူသည်ကား အသက် ၂၀ အရွယ်ဖြစ်ပြီး မြို့တော်မှ ရွှမ်းလွမ်မြို့သို့ အလည်အပတ် လာရောက်ခြင်းဖြစ်သည်။
သူ၏ မိသားစုမှာ အမျိုးအနွယ်ကြီး ဖြစ်သော်လည်း ဟယ်သုန်းက ကျန်းမျိုးနွယ်ကဲ့သို့ ခေတ်အဆက်ဆက် ဩဇာကြီးမားသည့် မျိုးရိုးကြီး မဟုတ်ဘဲ ကျန့်ထိုင်ဒေသခံမျှသာ ဖြစ်သည်။ မိသားစု စီးပွားရေးမှာလည်း "သင့်တင့်ရုံ" မျှသာ ရှိသည်ဟု ဆို၏။ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားကြပြီဖြစ်သလို ဇနီးမယား သို့မဟုတ် စေ့စပ်ထားသူလည်း မရှိဘဲ တစ်ကောင်ကြွက်ပင်။
သူ့ကဲ့သို့ပင် ဆွေမျိုးမရှိ၊ ဆက်နွယ်သူမရှိ၊ မချမ်းသာ မဆင်းရဲချေ။ ဤသည်မှာ အမှန်တကယ် ကောင်းကင်ဘုံက ချပေးသော ရေစက်ပင်တည်း။
စနစ်က သူ့အတွက် သီးသန့် ဖန်တီးပေးထားသလားဟုပင် သံသယဝင်မိတော့၏။
သူသည်လည်း မဆိုင်းမတွ ရှက်ရွံ့မနေဘဲ ပြောလိုက်သည်။
"ကျွန်တော်ကတော့ ခင်ဗျားကို တော်တော်သဘောကျတယ်။ ခင်ဗျားကလည်း ကျွန်တော့ကို သဘောကျတယ်ဆိုရင် ကျွန်တော်တို့ နောက်ပိုင်း... ပိုပြီး နီးနီးကပ်ကပ် လေ့လာကြည့်ကြမလား။"
ရှေးခေတ်၏ထုံးစံမှာ သဘောကျလျှင် တိုက်ရိုက် မင်္ဂလာဆောင်ရန်သာ ပြောကြသဖြင့် သံယောဇဉ် မွေးထုတ်ရန်ကား ခဲယဉ်းလှသည်ဟု သူတွေးမိ၏။ အမှန်တော့ သူလည်း တိုက်ရိုက် လက်ထပ်လိုက်၍ ရသော်လည်း ဤသခင်လေးမှာ ငယ်ရွယ်နုပျိုပြီး ရုပ်ရည်မှာလည်း လွန်စွာ တည်ကြည်ဖြောင့်မတ်လှရာ အစီအစဉ်များ မြန်လွန်းသွားပါက ထိုသူ လန့်သွားမည်ကို စိုးရိမ်မိသည်။ ကုန်ကုန်ပြောရလျှင် လူတိုင်းက သူ့ကဲ့သို့ စည်းလွတ်ဘောင်လွတ် ရဲတင်းကြသည် မဟုတ်ချေ။
နောက်ဆုံး၌မူ သူက ဖြည့်စွက်ပြောလိုက်၏။
"တကယ်လို့ နှစ်ယောက်စလုံး အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့... မင်္ဂလာဆောင်ကြမလား။"
***
Aurora Novel Translation Team