no

Font
Theme

အပိုင်း (၆)

ခွမ့်ရွှယ်ရှန့်သည် မီးအိမ်ကို အထက်သို့ အနည်းငယ်မြှောက်လိုက်ရာ အလင်းရောင်ဝိုင်းလေးက ထိုမျက်နှာကို လင်းလက်သွားစေခဲ့၏။

နူးညံ့လှသော မေးရိုးလိုင်း၊ နှာခေါင်းထိပ်မှ မှဲ့လေး၊ ထက်မြက်သူပမာ လှပလွန်းသော ဓားကဲ့သို့ မျက်ဝန်းနှင့် သူ၏ သင်္ကေတတစ်ခုဖြစ်သော ရွှန်းလင်းနေသည့် မျက်ဝန်းနက်ကြီးများကို တွေ့လိုက်ရသည်။

ဤမျက်နှာကို သဲသဲကွဲကွဲ မြင်လိုက်ရမှသာ သူ၏ ရင်ထဲ၌ အလင်းရောင်တို့ လင်းလက်သွားခဲ့တော့၏။

သူ့ရှေ့မှ ကျန်းကျီမှာ နွေဦးမြစ်ပြင်ရှိ ပန်းနှင့် လရောင်ကဲ့သို့ အလွန်တရာ အေးချမ်းလှပနေလေသည်။

သူ သတိပြန်ဝင်လာပြီး "ဝင်ပါ၊ ဝင်ပါ" ဟု ကမန်းကတန်း ဖိတ်ခေါ်လိုက်၏။

သူသည် ယနေ့တွင် လရောင်ဖြူရောင် ဝတ်ရုံသစ်တစ်ထည်ကို အထူးတလည် လဲလှယ်ဝတ်ဆင်ထားခဲ့သည်။ ဝတ်ရုံပေါ်တွင်မူ စိမ်းပြာရောင် ဝါးရွက်ခက် ဒီဇိုင်းများ ရှိနေ၏။ ညဉ့်ယံလေအေးနှင့် မီးအိမ်အလင်းရောင်က အသာအယာ ပေါင်းစပ်သွားသောအခါ တံခါးဝတွင် ဘေးစောင်းရပ်နေသော သူ၏ ခန္ဓာကိုယ်မှာ ပိုမို၍ အေးတိအေးစက်ဖြင့် သွယ်လျပါးလွှာနေပုံပေါ်သွားသည်။

လက်ထဲက ရွှေဝါရောင် စက္ကူမီးအိမ်ပေါ်တွင် စက္ကူအနီဖြင့် ညှပ်ထားသော ပန်းပုံစံလေးများ ကပ်ထားသဖြင့် မင်္ဂလာအငွေ့အသက်နှင့် နွေးထွေးမှုကို ဖန်တီးရန် အထူးတလည် ကပ်ထားခြင်းဖြစ်ကြောင်း သိသာလှ၏။

ဖူယိသည် ထိုမီးအိမ်ကို စိုက်ကြည့်ရင်း အိမ်ဝိုင်းအတွင်းသို့ ဝင်ရောက်လာခဲ့၏။ လေထဲတွင် မွှေးကြိုင်လှသော ရနံ့သင်းသင်းလေး ပါဝင်နေပြီး အလွန်ပင် လန်းဆန်းလှသော်လည်း အဘယ်ရနံ့မျိုးဖြစ်သည်ကို မသိနိုင်ပေ။ ခွမ့်ရွှယ်ရှန့်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းကိုမူ သေချာနေခဲ့၏။ မီးအိမ်မှတစ်ဆင့် အထက်သို့ မော့ကြည့်လိုက်ရာ ခွမ့်ရွှယ်ရှန့်၏ သွယ်လျဖြူစင်လှသော လည်တိုင်လေးကို တွေ့လိုက်ရသည်။

အိမ်ဝိုင်းမှာ မကြီးမားသော်လည်း အလွန်ပင် သန့်ရှင်းသပ်ရပ်လှသည်။ အိမ်ဝိုင်းအတွင်း နံရံကပ်၍ စိုက်ပျိုးထားသော စိမ်းပြာရောင် ဝါးရုံတန်းမှလွဲ၍ ပန်းမွှေးပင်တစ်ပင်သာ ရှိ၏။ ဤရာသီတွင် သစ်ရွက်များ မရှိတော့ဘဲ ပန်းငုံများ ဖူးဝေနေသည့် သစ်ခက်များသာ ရှိနေပြီး ယခုအခါ ၎င်းအပေါ်တွင်လည်း မီးအိမ်သေးသေးလေး တစ်လုံး ချိတ်ဆွဲထားခဲ့၏။ ခွမ့်ရွှယ်ရှန့်သည် "မင်္ဂလာ" ဟူသော စာတမ်းပါ မီးနီများကို ချိတ်ဆွဲရန် ရှက်နေသော်လည်း မင်္ဂလာအငွေ့အသက် ဖန်တီးချင်သဖြင့် ထိုမီးအိမ်လေးပေါ်တွင် ပန်းပွင့်နှစ်ပွင့် ပေါင်းစည်းနေသော စက္ကူကိုညှပ်၍ ကပ်ထားခြင်း ဖြစ်နိုင်သည်။

အဓိကအခန်းအတွင်းသို့ ဝင်လိုက်သောအခါ စားပွဲတစ်လုံးလုံး ပြည့်နှက်နေသော ဟင်းပွဲများကို တွေ့လိုက်ရလေသည်။

"ခင်ဗျားတို့ ဒီလောက်နောက်ကျမှ ရောက်လာမယ်လို့ မထင်ထားဘူး၊ တချို့ဟင်းပွဲတွေ အေးသွားမှာ စိုးတာနဲ့ မီးဖိုချောင်ထဲမှာ နွေးထားတယ်။"

ခွမ့်ရွှယ်ရှန့်က ပြောလိုက်၏။

"ခင်ဗျားတို့ အရင်ထိုင်ကြပါ။"

လီချင်းသည် လက်ထဲမှ ထုပ်ပိုးထားသော အထုပ်ကို ကမန်းကတန်း ချလိုက်ပြီး ဆိုလာသည်။

"ကျွန်တော် ကူညီပေးပါရစေ။"

သူတို့နှစ်ဦးသည် အဓိကအခန်း၏ ညာဘက်ရှိ ဘေးခန်းသို့ ထွက်သွားကြ၏။ ဖူယိသည် အခန်းအတွင်း၌ ရပ်လျက် လေ့လာကြည့်ရှုနေခဲ့ရာ အခန်းတွင်းမှာ အိမ်ဝိုင်းကဲ့သို့ပင် ရိုးရှင်း သန့်ရှင်းလှပြီး ပရိဘောဂ အနည်းငယ်သာ ရှိသည်။ အခြေခံအကျဆုံး အရာတချို့သာ ရှိသော်လည်း အဓိက ဧည့်ခန်း၏ စားပွဲပေါ်ရှိ ပန်းအိုးထဲတွင်မူ ဖူးပွင့်စ ပန်းရောင် ဆီးနှင်းပန်းနှစ်ခက် ထိုးထားသည်ကို တွေ့လိုက်ရ၏။

မကြာမီတွင် လီချင်းသည် ပူနွေးသော ဟင်းပွဲများကို ကိုင်ဆောင်၍ ပြန်လည် ရောက်ရှိလာခဲ့သည်။ ဖူယိတစ်ယောက် အဓိကဧည့်ခန်းတွင် ချိတ်ဆွဲထားသော ပန်းချီကားကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ထိုပန်းချီကားမှာ အဘယ်သူ ရေးဆွဲထားသည်ကိုတော့ မသိရပေ။ ငါးကြင်းကလေးများ ဝါးရိပ်အောက်တွင် ကူးခတ်ကစားနေသည့် ပုံစံဖြစ်ပြီး အေးချမ်း သာယာသော အငွေ့အသက်ကို ဆောင်ကျဥ်းနေ၏။ ပန်းချီ ရေးဆွဲဟန်မှာ လက်ရှိ ခေတ်စားနေသော စတိုင်နှင့် အနည်းငယ် ကွဲပြားနေသော်လည်း ပန်းချီ လက်ရာမှာ ထိပ်တန်းအဆင့် ဖြစ်ကြောင်း သိသာလှသည်။

မည်သည့်ပန်းချီဆရာကြီး၏ လက်ရာဖြစ်သည်ကို မသိရသကဲ့သို့ စာတမ်း သို့မဟုတ် လက်မှတ် ရေးထိုးထားခြင်း မရှိပေ။ ဘယ်ညာ နှစ်ဖက်တွင် ကဗျာတစ်ပိုဒ်စီ ရေးသားထား၏။ 'စိမ်းလန်းသော ဝါးပင်လေးများ ခပ်ကျဲကျဲ တည်ရှိနေပြီး၊ ရေထဲမှ ငါးကလေးများမှာလည်း တွတ်တိုး မြည်တွန်နေကြလေ၏' ဟူ၍ ဖြစ်သည်။

လီချင်းမှာမူ ပန်းချီကားကို ခံစားကြည့်ရှုရန် စိတ်မပါဘဲ အပြင်ဘက်သို့ တိုတိုးတိတ်တိတ် ချောင်းကြည့်လိုက်ပြီး ရင်ဘတ်ထဲမှ ပိုးပုဝါ အထုပ်လေးတစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းကို ဖြန့်လိုက်သောအခါ အဆိပ်စစ်ဆေးသည့် ငွေအပ်တစ်ချောင်း ပေါ်ထွက်လာသည်။

သူသည် စားပွဲပေါ်ရှိ ဟင်းပွဲအားလုံးကို အဆိပ်စစ်အပ်ဖြင့် ချက်ချင်း စစ်ဆေးလိုက်တော့၏။

အရှင်မင်းမြတ်၏ အစားအသောက် အားလုံးကို အထူးသတိထားရမည် ဖြစ်ရုံမက လက်ရှိနေရာမှာ စိမ်းသက်သော အိမ်တစ်အိမိဖြစ်နေသဖြင့် အရှင်မင်းမြတ်ကဲ့သို့ သတ္တိမကြီးရဲပေ။

ဟင်းပွဲများတွင် အဆိပ် မရှိသည်ကို တွေ့လိုက်ရ၏။

သူ ငွေအပ်ကို ပြန်လည် သိမ်းဆည်းလိုက်ချိန်မှာပင် ခွမ့်ရွှယ်ရှန့်က ပူပူနွေးနွေး ဟင်းပွဲများကို ကိုင်ဆောင်၍ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

သူသည် ပူနွေးသော လက်သုတ်ပဝါကို ဖူယိထံသို့ ဆက်သလိုက်၏။ ဖူယိက ၎င်းကို ယူလိုက်ပြီး လက်ကိုသုတ်ရင်း မေးမြန်းလေသည်။

"ဒါ ဘယ်ပန်းချီဆရာကြီးရဲ့ လက်ရာလဲ။"

ခွမ့်ရွှယ်ရှန့် :"အာ? သြော်... ဘယ်ပန်းချီဆရာကြီးမှ မဟုတ်ပါဘူး။"

လီချင်းသည် ထိုအခါမှသာ နံရံပေါ်ရှိ စာနှင့် ပန်းချီကားကို သေချာ ကြည့်လိုက်တော့၏။ သူသည် နန်းတွင်း၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူ ဖြစ်ရာ ပန်းချီဆရာကြီးများ၏ လက်ရာ အများအပြားကို မြင်တွေ့ခဲ့ဖူးသဖြင့် ယခု နံရံပေါ်ရှိ စာနှင့် ပန်းချီကို ကြည့်၍ အံ့အားသင့်သွားရ၏။ ပန်းချီကားကို အသာထားဦး၊ ထိုစာရေးဟန်မှာ အလွန်ပင် ထူးခြားဆန်းသစ်ပြီး အနုပညာ အလှတရားနှင့် ပြည့်စုံလွန်းနေသည်။ သူ ပိုမို သေချာစွာ ကြည့်ရှုလိုသော်လည်း ခွမ့်ရွှယ့်ရှန့်၏ အသံကို ကြားလိုက်ရသည်။

"မကြည့်ပါနဲ့တော့၊ အရင် ထမင်းစားရအောင်၊ ခဏနေရင် ပြန်အေးသွားဦးမယ်။"

လီချင်းသည် ကမန်းကတန်း တက်လာပြီး ဟင်းပွဲများကို ပြင်ဆင်ပေးလိုက်၏။ ခွမ့်ရွှယ်ရှန့်က သူ့အား အံ့အားသင့်သည့် အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ရှင်းပြပေးလိုက်သည်။

"ကျွန်တော်တို့အိမ်မှာ ထမင်းစားရင် ကျွန်တော်ကပဲ အမြဲ ပြုစုလုပ်ကိုင်ပေးနေကျပါ။ သခင်လေးအနေနဲ့ ကျေးဇူးပြုပြီး မတားပါနဲ့။"

ခွမ့်ရွှယ်ရှန့်က ဖူယိကို လှမ်းကြည့်လိုက်၏။

ဖူယိက ထိုင်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် ဆိုသည်။

"မင်း မကြိုက်ရင် နောက်ကျ သူ့ကို ပြင်ခိုင်းလိုက်ပေါ့။"

"မဟုတ်တာ၊ မဟုတ်တာ။"

ရောက်လာသည်က မကြာသေးသဖြင့် ခွမ့်ရွှယ်ရှန့်ကလည်း တစ်ဖက်လူကို သူ့အကြိုက်အတိုင်း လိုက်လုပ်ခိုင်းရန် မလိုလား၍ စကားလမ်းကြောင်း လွှဲလိုက်၏။

"ဒါတွေက ခင်ဗျားတို့ မနေ့က ပို့ပေးထားတဲ့ ပန်းကန်နဲ့ နေ့စဥ်သုံး ပစ္စည်းတွေလေ။"

ဖူယိက ပြုံး၍ :"မင်းက တော်တော်လေး တွေးပေးတတ်တာပဲ။ ကိုယ်က သုံးနေကျ ပစ္စည်းတွေကိုပဲ ပိုကြိုက်တာ။"

ယနေ့၏ ဟင်းပွဲနှင့် အရက်များကို ခွမ့်ရွှယ်ရှန့်က ရွှမ်းလွမ်မြို့၏ နာမည်ကြီး စားသောက်ဆိုင်မှ ဝယ်ယူထားခြင်းဖြစ်ရာ သဘာဝအတိုင်း အလွန်ကောင်းမွန်လှ၏။ ဟင်းပွဲများမှာ ထိပ်တန်းဖြစ်ပြီး အရက်မှာလည်း နာမည်ကြီးအရက် ဖြစ်၏။

နှမြောစရာကောင်းသည်မှာ တစ်ဖက်လူက အရက် မသောက်ခြင်းပင်။

လီချင်း :"ကျွန်တော်တို့ သခင်ကြီးက ဘယ်တော့မှ အရက် မသောက်ပါဘူး။"

လိမ္မာလိုက်တာ...

သူ တစ်ဖက်လူကို လှမ်းကြည့်လိုက်ရာ တစ်ဖက်လူကလည်း သူ့ကို အပြုံးလေးဖြင့် ပြန်ကြည့်နေသည်။

"မင်း သောက်စရာရှိတာ သောက်ပါ။ ကိုယ်မင်းကို ငှဲ့ပေးမယ်။"

ထိုသူက ပြောပြောဆိုဆိုဖြင့် အရက်အိုးကို မ'ယူလိုက်ပြီး သူ့အတွက် ငှဲ့ပေးလာ၏။

ယနေ့မှာ မင်္ဂလာရှိသော ရက်ကောင်းရက်မြတ် ဖြစ်သဖြင့် ခွမ့်ရွှယ်ရှန့်လည်း အရက်ကို ဆက်တိုက် ခွက်ပေါင်းများစွာ သောက်ပစ်လိုက်သည်။

သူ၏အရက်ခံနိုင်ရည်မှာ အသင့်အတင့်သာ ရှိသော်လည်း အရက်သောက်လျှင် မျက်နှာ နီမြန်းလွယ်သူ ဖြစ်သောကြောင့် နှစ်ခွက်မျှ သောက်ပြီးချိန်တွင်ပင် မျက်နှာတစ်ခုလုံး နီရဲသွားခဲ့တော့၏။ ခန္ဓာကိုယ်ထဲ နွေးထွေးလာသည်နှင့်အမျှ ကျန်ရှိနေသော စိတ်လှုပ်ရှားမှုလေးများမှာလည်း အရက်၏ အပူရှိန်နှင့်အတူ ပျောက်ကွယ်သွားသည်။

အရှေ့မှ ဖူယိကို ပြန်လည် ကြည့်ရှုလိုက်သောအခါ ထိုသူ၏ ယောကျ်ားပီသသော အလှတရားမှာ ပိုမို ဆွဲဆောင်မှုရှိနေပြီး သူ့စိတ်တိုင်းကျ ဖြစ်နေသည်ဟု ပိုမို ခံစားလိုက်ရတော့၏။

လူတိုင်းတွင် မိမိတို့၏ သီးသန့် အလှအပ စံနှုန်းများ ရှိကြသည်။ ဤကမ္ဘာပေါ်တွင် ရုပ်ဖြောင့်သူများစွာ ရှိနိုင်သော်လည်း သူ၏နှလုံးသားကို ကွက်တိ ထိမှန်စေသူမှာမူ အလွန်ပင် ရှားပါးလှ၏။ သူသည် အနည်းငယ် သန့်ပြန့်သပ်ရပ်၍ တည်ကြည်သော ရုပ်ရည်မျိုးကို နှစ်သက်သူပင်။ ထိုရုပ်ရည်မျိုးမှာ ငယ်စဉ်ကတည်းက ကျောင်းသားကောင်း၊ ကလေးကောင်း ဖြစ်ပြီး ကြီးပြင်းလာပါကလည်း ယောကျ်ားကောင်း ဖြစ်လာမည့် ရုပ်ရည်မျိုး ဖြစ်သည်။

ယခု သူ့ရှေ့မှ မျက်နှာမှာ အလွန်ပင် လိမ္မာယဉ်ကျေးပြီး တည်ကြည် ခံ့ညားသော ရုပ်ဖြောင့်အမျိုးသား လက္ခဏာမျိုး ဖြစ်လေ၏။ မပြုံးသည့်အခါ အနည်းငယ် အေးစက်နေသကဲ့သို့ ထင်ရသော်လည်း ပြုံးပြလိုက်သောအခါတွင်လည်း မီးခိုးရောင်တိမ်တိုက်ကြားမှ ကျောက်စိမ်းကဲ့သို့ နူးညံ့ အေးမြလှသည်။ သဘာဝအတိုင်း မေတ္တာအငွေ့အသက် ပါဝင်နေသော မျက်ဝန်းတစ်စုံနှင့် နှာခေါင်းထိပ်မှ မှဲ့လေးတို့ ပေါင်းစပ်လိုက်သောအခါ သူ့စိတ်တိုင်းကျနှင့် သူအကြိုက်ဆုံး ရုပ်ရည်မျိုး ဖြစ်သွားတော့၏။

တစ်ဖက်လူမှာ ဤမျှ လိမ္မာတည်ကြည်နေသဖြင့် သူ့ရင်ထဲတွင် သနားကရုဏာ မေတ္တာဓာတ်များ ပေါ်ပေါက်လာရပြီး ဤသို့ သပ်ရပ် စည်းကမ်းရှိသော သတို့သားမျိုးကို မိမိအနေဖြင့် ပိုမိုတန်ဖိုးထား မြတ်နိုးရမည်ဟု တွေးတောနေခဲ့သည်။

လူဆိုသည်မှာ မိမိတွင် လိုအပ်နေသော အရာကို ပိုမို လိုချင်တတ်ကြစမြဲပင်။ သူသည် လှိုင်းလေထန်သော ဘဝများကို ကာလရှည်ကြာ ဖြတ်သန်းခဲ့ရသဖြင့် သာမန်လူတို့၏ အေးချမ်း ရိုးရှင်းသော ဘဝကို ပိုမို လိုချင်နေခဲ့ခြင်း ဖြစ်၏။ မိမိကိုယ်တိုင် ကမ္ဘာပေါင်းများစွာသို့ ကူးပြောင်း ရောက်ရှိခဲ့ဖူး၍ လောကဓံ အသီးသီးကို ကြုံတွေ့ခဲ့ဖူးသဖြင့် ယခုကဲ့သို့ ရိုးရှင်း သန့်ရှင်းလှသော သာမန် အမျိုးသားလေးကိုမူ ပို၍ သဘောကျ စွဲလမ်းသွားမိသည်။

တစ်ဖက်လူမှာ ထမင်းစားလျှင်လည်း အလွန်ပင် ယဉ်ကျေး သပ်ရပ်လှပြီး နည်းနည်းစီ ဖြည်းဖြည်းချင်း စားသဖြင့် စားသောက်နိုင်စွမ်း အလွန် နည်းပါးပုံရ၏။

ဆက်ကြည့်၍ မဖြစ်တော့ပေ။ ဆက်ကြည့်နေလျှင် ဤသန့်စင်ရိုးသားသူလေးကို တစ်လုတ်တည်း ဝါးမျိုးပစ်ချင်စိတ်များ ပေါက်လာတော့မည်။

ထမင်းစားပြီးနောက် သူသည် ၎င်းတို့အား အရှေ့ဘက်အဆောင်သို့ ခေါ်ဆောင်သွားခဲ့သည်။

"တောင်ဘက်ရော မြောက်ဘက်ရော နှစ်ခန်းလုံးမှာ အိပ်လို့ရတယ်။ ဒါပေမဲ့ လီချင်းကတော့ နည်းနည်း ပြန်သိမ်းဆည်းရမယ်ထင်တယ်။"

ထိုအခါ သန့်ရှင်းစင်ကြယ်ပြီး ချောမောသော သခင်လေးက မေးလာသည်။

"ကိုယ်လည်း ဒီမှာပဲ အိပ်ရမှာလား။"

ခွမ့်ရွှယ်ရှန့်: "အာ?"

လီချင်း :"သခင်ကြီး!"

ခွမ့်ရွှယ်ရှန့်၏ မျက်နှာမှာ သေရည်အရှိန်ကြောင့် နီရဲနေပြီး တစ်ဖက်လူ သူ့အား ပြုံးစိစိဖြင့် ကြည့်နေသည်ကို မြင်သောအခါ ခဏမျှ ရင်ခုန်သွားရသည်။

"...ခင်ဗျား သဘောပါပဲ။"

တစ်ဖက်လူ၏ နက်မှောင်သော သူငယ်အိမ်များက သူ့မျက်နှာကို ဝှေ့ယမ်းကြည့်ရှုသွားသည်။

လီချင်းက အမြန်ပင် ဝင်ပြောလိုက်၏။

"သခင်ကြီး၊ သခင်လေးခွမ့်နဲ့ အရင်ဆုံး သေချာရင်းနှီးအောင် လုပ်ပါဦးလား။ ဘဝတစ်သက်တာ ကိစ္စကို ချက်ချင်းကြီး စည်းလွတ်ဘောင်လွတ် မလုပ်သင့်ပါဘူး။"

ထို့နောက် ခွမ့်ရွှယ်ရှန့်ကို ကြည့်ကာ ထပ်ပြောသည်။

"သခင်လေးခွမ့်အနေနဲ့လည်း ရာသက်ပန် ပေါင်းသင်းဆက်ဆံဖို့၊ သာမန် အမျိုးသား အမျိုးသမီးတွေလို တရားဝင် ဇနီးမောင်နှံ ဖြစ်ဖို့ဆိုရင် ထိမ်းမြားမင်္ဂလာပြုပြီးမှ အတူအိပ်ချင်မှာပေါ့။ မဟုတ်ဘူးလား။"

ခွမ့်ရွှယ်ရှန့်သည် စိတ်လှုပ်ရှားလွန်း၍ စိုးရိမ်တကြီး ဖြစ်နေသော လီချင်း၏ မျက်လုံးများကို ကြည့်ပြီး မိမိကိုယ်ကိုယ် နှာဘူးတစ်ယောက်အဖြစ် ပုံမသွင်းနိုင်တော့ဘဲ ပြောလိုက်ရတော့သည်။

"ဟုတ်ပါတယ်။ အချိန်တွေအများကြီး ကျန်သေးတာပဲ။ တစ်ခဏလေးနဲ့ လောစရာမလိုပါဘူး။"

သူသည် ထိုသခင်နှင့် အစေခံနှစ်ယောက်၏ ရှေ့တွင် အမျိုးကောင်းသား ပုံရိပ်ကို တည်ဆောက်ချင်နေမိသည် မဟုတ်ပါလား။

"ရေမိုးချိုးဖို့က အရှေ့ဘက် ဘေးခန်းမှာ ရှိပါတယ်။ အနောက်ဘက် ဘေးခန်းကတော့ မီးဖိုချောင်ပါ။ အနောက်ဘက်အဆောင်ကိုတော့ အခု ပစ္စည်းသိုလှောင်ရုံ လုပ်ထားတယ်။ ခဏတဖြုတ် မသုံးသေးတဲ့ ပစ္စည်းတွေရှိလို့ နေရာရှုပ်တယ်ထင်ရင် အနောက်ဘက်အဆောင်ကို ရွှေ့ထားလို့ရတယ်။ အကြမ်းဖျင်းကတော့ ဒီလောက်ပါပဲ။ နောက်ထပ် လိုအပ်တာရှိရင်လည်း အားမနာဘဲ ပြောလို့ရပါတယ်။"

သူသည် ၎င်းတို့၏ ပစ္စည်းများကို လျှောက်မကိုင်ရဲသဖြင့် အရှေ့ဘက်အဆောင်ကို အမြန်ရှင်းလင်းရန် လိုအပ်သည်။ ထိုသို့ပြောပြီးသည်နှင့် မိမိ၏ ပင်မအဆောင်သို့ ပြန်သွားခဲ့တော့၏။

သူသည် မိမိ၏ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိပြီး တစ်ဖက်လူကို ပင်မအဆောင်ထဲသို့ ထပ်မံခေါ်ယူလိုက်မိလုနီးနီး ဖြစ်သွားခဲ့သည်။

ယနေ့တွင် သူ အတန်ငယ် ရင်ခုန်စိတ်လှုပ်ရှားနေ၏။ ရှေ့လတွင် ထုတ်ဝေမည့် ဝတ္ထုအသစ်ကိုရေးရန် စာရေးခုံတွင် ထိုင်ရေးလိုက်မှပင် စိတ်အေးသွားတော့သည်။ ဘယ်လောက်ကြာသွားမှန်းမသိ အပြင်ဘက်တွင် အသံဗလံ လုံးဝမရှိတော့သည့် အခါမှ ပင်မအဆောင်မှ ထွက်လာခဲ့၏။ အရှေ့ဘက်အဆောင်သို့ လှမ်းကြည့်လိုက်ရာ ပြတင်းပေါက်မှ နွေးထွေးသော အလင်းရောင်မှိန်မှိန်လေး လင်းလက်နေသည်ကို တွေ့လိုက်ရသည်။

ရှေးခေတ်၏ ညဉ့်ယံသည် အလွန်မှောင်မိုက်လှပြီး လမသာသောအခါမျိုးတွင် ကမ္ဘာတစ်ခုလုံး၌ အလင်းရောင်ကို လုံးဝ ရှာမတွေ့နိုင်သလိုမျိုး ဖြစ်တတ်သည်။ သူသည် ဤခြံဝင်း၏ မှောင်မိုက်နေကျပုံစံကို ကျင့်သားရနေပြီဖြစ်သော်လည်း ယခုအခါ အရှေ့ဘက်အဆောင်၏ လင်းလက်နေသော ပြတင်းပေါက်ကို မြင်တွေ့ရသည်မှာ စိတ်ထဲတွင် ဆန်းကြယ်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

သူ ရေမိုးချိုးပြီး အိပ်ရာဝင်ရန် ရေချိုးခန်းဆီသို့ ဦးတည်လျှောက်သွားခဲ့၏။

သို့သော် ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် အထဲတွင် ဆီမီးခွက်တစ်ခု လင်းလက်နေသည်ကို တွေ့လိုက်ရသည်။ လီချင်းသည် ခါးကို ကိုင်းထားပြီး လက်ထဲတွင် တဘက်ကို ကိုင်ထားကာ ဘေးနားရှိ ဖူယိကတော့ အဝတ်အစား ဝတ်ဆင်နေသည်။

သခင်နှင့် အစေခံ နှစ်ယောက်စလုံး တံခါးပွင့်သံကြားသဖြင့် သူ့ထံ လှည့်ကြည့်လိုက်ကြ၏။

ခွမ့်ရွှယ်ရှန့်လည်း အမြန်ပင် နောက်သို့ ဆုတ်လိုက်ပြီး :"တောင်းပန်းပါတယ်"

ခဏအကြာတွင် လီချင်းက တံခါးဖွင့်၍ ထွက်လာခဲ့သည်။

ခွမ့်ရွှယ်ရှန့်လည်း နောက်တစ်ကြိမ် တောင်းပန်လိုက်သည်။

"အားနာလိုက်တာ၊ ခင်ဗျားတို့ အထဲမှာရှိမှန်း မသိလို့ပါ။"

သူသည် အမှန်တကယ်ပင် အသံဗလံ ဘာတစ်ခုမှ မကြားခဲ့ရပေ။

"ကိုယ်လည်း ချိုးလို့ ပြီးပါပြီ။"

ဖူယိသည်လည်း အထဲမှ ထွက်လာခဲ့သည်။ သူသည် ပါးလွှာသော ဝတ်ရုံတစ်ထည်ကိုသာ ဝတ်ဆင်ထားသဖြင့် ရင်ဘတ်တစ်ဝက်မှာ ပေါ်လွင်နေ၏။ အရပ်မြင့်မားပြီး သစ်သားဖိနပ်ကိုပါ ဝတ်ဆင်ထားသဖြင့် ခေါင်းမှာ တံခါးဘောင်ကိုပင် ထိလုနီးပါး ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်တွင် စိုစွတ်သော အငွေ့အသက်များ ရှိနေပြီး အတွင်း၌ ဘာမှဝတ်ဆင်ထားခြင်း မရှိပေ။ အပြင်ဘက်မှ လေအေးတိုက်ခတ်လိုက်သောအခါ ထိုကျယ်ပြန့်သော ဝတ်ရုံမှာ ခန္ဓာကိုယ်နှင့် ကပ်ပါသွားတော့သည်။

လွန်စွာ ပြီးပြည့်စုံသော သခင်လေးတစ်ယောက်ပင်။

ပခုံးကျယ်၍ တင်ပါးကျဉ်းကာ၊ ခါးသေးပြီး ခြေတံ ရှည်လျား၏။ ပါးလွှာသော ဝတ်ရုံမှာ ကျစ်လျစ်သော ကြွက်သားများပေါ်တွင် ကပ်နေပြီး ပေါ်လွင်နေသော နံဘေးကြွက်သားလိုင်းနှင့်အတူ အောက်ဘက်သို့ တောင်တန်းကြီးသဖွယ် မို့မောက်ထင်းထွက်နေသည့် ခန့်မှန်းရခက်သော ပုံသဏ္ဌာန်ကြီးကိုလည်း မသိမသာ မြင်တွေ့နေရသည်။

တကယ်ကိုပဲ... လူဆိုတာ အပြင်ပန်းသဏ္ဌာန်နဲ့ အကဲဖြတ်လို့ မရဘူးပဲ။

ချစ်သူရည်းစား ရှာရင် ပိန်ပိန်ပါးပါး လူတွေကိုပဲ ရှာရမယ်။

သူ့တွင် သူငယ်ချင်းတစ်ယောက်ရှိသည်။ ထိုသူခမျာ မင်္ဂလာမဆောင်ခင်က မစစ်ဆေးကြည့်ခဲ့မိပေ။ မင်္ဂလာဦးညမှသာ အမျိုးသားဖြစ်သူကို ကိုင်ကြည့်လိုက်ပြီး စိတ်ဓာတ်များစွာ အကုန်ပြိုလဲခဲ့ရဖူးသည်။ ထို့ကြောင့် မင်္ဂလာမဆောင်ခင်၌ အတူမအိပ်လျှင်ပင် မင်္ဂလာမဆောင်ခင် နံပါတ်တစ်အနေဖြင့် သေချာစစ်ဆေးရမည်ဟု သူ့ကို ထပ်ခါတလဲလဲ မှာကြားခဲ့ဖူးသည်။

သူကတော့ ရုပ်လေးတစ်ခုတည်းကိုသာ ကြည့်ခဲ့သူဖြစ်သည်။ ယခုမှသာ သူငယ်ချင်းပြောခဲ့သည့် စကားများက အဖိုးတန်ရွှေစကားများ ဖြစ်ကြောင်း တွေးမိတော့သည်။

သူ ထိုစဥ်က နားမထောင်ခဲ့ခြင်းအတွက် မိမိကိုယ်ကိုယ် ပူပန်ရတော့မည့်ကိန်း ဆိုက်နေချေပြီ။

ခွမ့်ရွှယ်ရှန့်တစ်ယောက် ယနေ့တွင် မိမိကိုယ်ကိုယ် အမျိုးကောင်းသားအဖြစ် ထိန်းသိမ်းနိုင်ခဲ့၍ ကံကောင်းသွားသည်ဟု ရင်ထဲတွင် ကျေးဇူးတင်မိတော့၏။

မဟုတ်ဘဲ မင်္ဂလာဦးညရောက်မှ 'ခင်ဗျားဟာက ကြီးလွန်းလို့ ကျွန်တော်ခဏလောက် စိတ်ပြင်ဆင်ရဦးမယ်' ဟုသာ ရုတ်တရက် သွားပြောမိလျှင် စိတ်ပျက်စရာကြီး ဖြစ်သွားလိမ့်မည်။

လီချင်းသည် ရေချိုးခန်းထဲသို့ နောက်တစ်ကြိမ် ဝင်သွားပြီး သန့်ရှင်းရေးလုပ်ကာ လဲလှယ်ထားသော အဝတ်အစားများကို ပွေ့ဖက်၍ ထွက်လာခဲ့သည်။

"သခင်လေး၊ ဒီအစေခံ ကူညီပေးရမလား။"

"မလိုပါဘူး မလိုပါဘူး။"

ခွမ့်ရွှယ်ရှန့် အမြန်ပင် တံခါးပိတ်လိုက်သည်။ သို့မှသာ ရေချိုးခန်းထဲတွင် ရေငွေ့တစ်စက်မျှ မရှိကြောင်း သတိထားမိလိုက်သည်။

ရေပုံးထဲမှ ရေနွေးများမှာလည်း ပြည့်နေဆဲပင်။

'သူတို့တွေ ရေအေးနဲ့ ချိုးသွားတာတော့ မဟုတ်ပါဘူးနော်'

ဤသို့သော ရာသီဥတုမျိုး၌ ရေအေးနှင့် ရေမိုးချိုးမည့်သူ ရှိမည်မဟုတ်ကြောင်း စဉ်းစားမိသွား၏။

လီချင်းက အပြင်ဘက်မှ ထပ်မေးပြန်သည်။

"သခင်လေး၊ ဒီအစေခံ အလုပ်အကျွေးပြုတာကို တကယ်မလိုတာလား။"

"မလိုပါဘူး!"

လီချင်းသည် ခဏမျှ ရပ်စောင့်နေပြီးမှ အရှေ့ဘက်အဆောင်သို့ ပြန်လာခဲ့သည်။

ခုတင်ကိုမူ သူ ခင်းကျင်းပြီးသွားပြီဖြစ်၏။ အိပ်ရာခင်းနှင့် ခြင်ထောင်လိုက်ကာများကိုတော့ သူတို့လူများကို ညတွင်းချင်း အမြန်ချုပ်လုပ်ခိုင်းထားခြင်းဖြစ်သည်။ အထည်သားမှာ အကောင်းစား ဖြစ်ရမည်ဖြစ်သလို ရိုးရိုးရှင်းရှင်းဖြစ်ရမည်၊ ပေါ်လွင်မှုမရှိစေရပေ။ မည်သို့ပင်ဆိုစေကာမူ အရှင်မင်းမြတ်ဖြစ်သည့်အားလျော်စွာ သုံးဆောင်သမျှ အရာရာတိုင်းမှာ အကောင်းဆုံးများသာ ဖြစ်ရမည်။ ထို့အပြင် ဖူယိကလည်း အလွန်အမင်း အလိုကြီး၍ ဇီဇာကြောင်သူ မဟုတ်ပါလား။

ယမန်နေ့ကပင် တောက်ပလှသော မီးရောင်များဖြင့် လင်းလက်နေသည့် နန်းတော်ထဲတွင် ရှိနေခဲ့သော်လည်း ယနေ့တွင်မူ ဤမျှ ကျဉ်းမြောင်းစုတ်ချာလှသော အဆောင်ခန်းထဲတွင် အိပ်စက်ရတော့မည်ကို တွေးမိသွား၏။ အပြာရောင် သလဲကြွေ ဆီမီးခွက်ထဲတွင် မုန်ညင်းဆီကို သုံးထားပြီး မီးတောက်မှာ ပဲစေ့မျှသာရှိကာ မီးခိုးပြာပါးပါးလေးများ ထွက်နေသည်။ ကြွယ်ဝချမ်းသာသော အိမ်ထောင်စုများမှာမူ ယခုအခါ ပျားဖယောင်း သို့မဟုတ် ပိုးဖယောင်းများကို သုံးကြပြီဖြစ်ရာ အလင်းရောင်မှာ ဤသည်ထက် ပိုမိုတောက်ပပြီး အနံ့အသက်မှာလည်း ပိုမိုပါးလွှာသည်။

ဤသည်ကလည်း ဆန်းတော့မဆန်းပေ။ ဖယောင်းတိုင်၏ ဈေးနှုန်းမှာ ရက်ပေါင်းများစွာ စားသောက်နိုင်သော ဆန်စပါးဖိုးနှင့် ညီမျှသဖြင့် အထက်တန်းစား မိသားစုများ သို့မဟုတ် ဘုန်းကြီးကျောင်းများမှသာ သုံးစွဲနိုင်ကြသည်။ နှစ်ထပ်ပါသော ဆီချွေတာသည့် မီးခွက်မျိုးကို မသုံးသည်မှာပင် တော်သေးသည်။

သူ ငယ်စဉ်ဘဝ၌ မိသားစု ဆင်းရဲဒုက္ခရောက်ခဲ့စဉ်က အိမ်တွင် ဆီချွေတာသည့် မီးခွက်များကိုသာ သုံးခဲ့ရ၏။ ထိုကြွေမီးခွက်တွင် နှစ်ထပ်ပါဝင်ပြီး ရေထည့်ထားခြင်းဖြင့် ဆီ၏ အပူချိန်ကို လျှော့ချပေးသော်လည်း မီးတောက်မှာ ဤသည်ထက်ပင် ပိုမိုမှောင်မိုက်နေတတ်သည်။

"ဒီနေရာက တကယ်ကို ရိုးရှင်းလွန်းလှတယ်။" သူက ဆိုလိုက်၏။

"အရှင်မင်းမြတ် အိပ်စက်ရတာ ကျင့်သားမရမှာကိုပဲ စိုးရိမ်မိတယ်။"

ဖူယိက ခြေထောက်တစ်ဖက်ကို ကွေးထားပြီး သလွန်ပေါ်တွင် ခပ်စောင်းစောင်း မှီရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ ပြောလိုက်၏။

"ဒီလိုအိမ်မျိုးမှာ မနေရတာ တော်တော်လေး ကြာခဲ့ပြီ။ စိတ်ဝင်စားဖို့ကောင်းသားပဲ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment