အပိုင်း (၂)
ရွှမ်းလွမ်မြို့က နန်းတော်ဟောင်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့်က 'နဂါးနှစ်ကောင် စစ်ပွဲ' အတွင်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသဖြင့် နန်းဆောင်အများစုမှာ လောင်ကျွမ်းသွားခဲ့ပြီပင်။ ကျန်ရှိနေသော အစိတ်အပိုင်း အနည်းငယ်မှာ နောက်ပိုင်းတွင် တော်ဝင်မိသားစု အနောက်ဘက်ဒေသများသို့ လှည့်လည်ရာ၌ တည်းခိုရာ နန်းတော်ဖြစ်လာခဲ့ကာ ဇာမဏီတော်ဝင်နန်းတော်ဟု အမည်တွင်ခဲ့၏။
တဖြည်းဖြည်းနှင့် ရွှမ်းလွမ်မြို့ကို တောင်ဘက်သို့ တိုးချဲ့တည်ဆောက်ခဲ့ကြသဖြင့် မြို့မြောက်ဘက်ရှိ နန်းတော်ဟောင်းမှာ တော်ဝင်မျိုးနွယ်တို့၏ တားမြစ်နယ်မြေ ဖြစ်လာခဲ့ပြီး ပတ်ဝန်းကျင်မှာလည်း တဖြည်းဖြည်း လူဆိတ်ညံလာခဲ့၏။ နန်းတော်ဟောင်း၏ အနောက်တံခါးမှာ အနောက်မြောက်ဘက်ရှိ 'ဝမ့်ဖုန့်ဂိတ်တံခါး' နှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။
ဝမ့်ဖုန့်ဂိတ်တံခါးမှာ မြို့၏ ပင်မတံခါး မဟုတ်သဖြင့် ဖွင့်လှစ်ခဲကာ အဓိကလမ်းမကြီးပေါ်တွင်လည်း ပေါင်းပင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး ပုံမှန်အားဖြင့် လူသူအရောက်အပေါက် နည်းပါးလှ၏။ သို့သော် ယနေ့တွင်မူ မင်းညီမင်းသားတစ်ပါး သွားလာနေသကဲ့သို့ ဝေါယာဉ်များ၊ မြင်းလှည်းများဖြင့် ခမ်းနားထည်ဝါနေခဲ့သည်။
ရှီးကျင်း၏ မြို့စောင့်မင်းသားဖူက ဦးဆောင်၍ ရှီးကျင်းမြို့တော်ဝန် အပါအဝင် ဒေသခံ အရာရှိအပေါင်းတို့သည် အတန်းနှစ်တန်းဖြင့် စီတန်းကာ စည်းစနစ်တကျ မတ်တတ်ရပ်လျက် နန်းတော်၏ အနောက်တံခါးမကြီး အပြင်ဘက်၌ စုဝေးနေကြ၏။
ထိုအချိန်သည် နေဝင်ချိန်ဖြစ်သဖြင့် နေလုံးကြီးမှာ ဘီးလုံးကြီးအလား ကောင်းကင်အထက်က နိမ့်ဆင်းလာနေပြီး ခြောက်ကပ်နေသော ပေါင်းပင်တောကြီးအပေါ် နီရဲစွာ ဖြာကျနေသဖြင့် မွမ်းမံထားသော အခမ်းအနား အသုံးအဆောင်များကို သာ၍ပင် တောက်ပသွားစေခဲ့၏။
ဖူမိသားစု၏ နေ၊ လ၊ ကြယ် တံဆိပ်ပါ ရွှေရောင်အလံများအလယ်တွင် ဧကရာဇ်မင်းအတွက် သီးသန့် အသုံးပြုသော ရွှေနက်ရောင် ထီးဖြူတော်ကြီး ပေါ်ထွက်နေသည်။ ထီးတော်၏ အနက်ရောင် ပိုးထည်ပြင်ပေါ်တွင် ရွှေရောင်နဂါးကြီး ဝေ့ဝဲရစ်ပတ်ထား၏။ ၎င်း၏အကြေးခွံနှင့် နဂါးလက်သည်းများ၏ တိမ်တိုက်များကြား၌ ငုပ်လျှိုးနေသည့် ပုံသဏ္ဌာန်မှာ ကောင်းကင်တစ်ခုလုံးကို ဝါးမျိုပစ်တော့မည့်အလား ခံ့ညားထည်ဝါလှသည်။
အရှေ့နှင့် အနောက်ရှိ နန်းတွင်းသူ နန်းတွင်းသားများမှာ ပိုးထည် ရောင်စုံဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ ငှက်မွေးယပ်တောင်များနှင့် တပ်ဆင်ထားသော အသုံးအဆောင်များမှာ အလင်းရောင်များ တလက်လက် ထွက်ပေါ်နေသဖြင့် နတ်ဒေဝါများ၏ အခမ်းအနားပွဲလမ်းသဘင်နှယ် ထင်မှတ်ရ၏။
ကြက်သွေးရောင် ကောင်းကင်ကြီးအောက်တွင် ကျီးကန်းတစ်ကောင်သည် စီတန်းထားသော လူအုပ်အထက်တွင် အတောင်ပံခတ်ကာ ပျံသန်းနေသည်။ ရွှေရောင်တောက်နေသော အနက်ရောင်အတောင်ပံများသည် နန်းတော်တံတိုင်းဟောင်းပေါ်သို့ ဆင်းသက်လာသည်။
စီတန်းလှည့်လည်ပွဲသည် ကြီးကျယ်ခမ်းနားသော်လည်း မြေကြီးကို တဆတ်ဆတ် နင်းနေသော ခြေသံများမှလွဲ၍ ချောင်းဆိုးသံတစ်သံမျှ မကြားရပေ။ အလွန်အမင်း တိတ်ဆိတ်နေသည်မှာ ကျောချမ်းဖွယ်ပင် ကောင်းနေ၏။
အားလုံး တညီတညွတ်တည်း ဒူးထောက်ပြီး အသံမထွက်ရဲကြချေ။ ဧကရာဇ်ငယ်သည် တော်ဝင်ရထားလုံးပေါ်၌ အိပ်ပျော်နေပုံရပြီး ပင်ပန်းနေသော မျက်နှာထားဖြင့် ဝေါယာဥ်ပေါ်က သလွန်ကို မှီထားသည်။ အနက်ရောင် ၀တ်ရုံဝတ်ထားသော လူ ၁၂ ယောက်သည် အနှီတော်ဝင်ရထားလုံးကို သယ်ဆောင်ကာ ဒူးထောက်နေသော လူအုပ်ကြားမှ ဖြည်းညင်းစွာ ဖြတ်သွားခဲ့သည်။
ဒူးထောက်နေသော အရာရှိများထဲတွင် အချို့မှာ အေးစက်သော ချွေးများဖြင့် ရွှဲနေပြီဖြစ်သည်။
ဤတော်ဝင်ရထားလုံးသည် ရွှမ်းလွမ်မြို့သို့ မထင်မှတ်ဘဲ ရောက်လာခဲ့ခြင်းပင်။
အရှင်မင်းမြတ်သည် မူလက ဇီးပွင့်များကို ကြည့်ရှုဖို့အတွက် ဟွမ်ကျိုးသို့ သွားရောက်ရန် ရည်ရွယ်ထားခဲ့သည်။
ဟွမ်ကျိုး၏အရာရှိများသည် နှစ်သစ်ကူးမတိုင်မီကတည်းက သူ့ကိုကြိုဆိုရန် ပြင်ဆင်နေခဲ့ကြပြီး အရှင်မင်းမြတ် နှစ်သက်စေရန်အတွက် တောင်တန်းများနှင့် လွင်ပြင်များကို ဇီးပန်းပင်တို့ဖြင့် ဖုံးအုပ်ထားပစ်ရန် ဇီးပန်းဥယျာဉ်များကို အထူးစိုက်ပျိုးထားသည်ဟုပင် ဆိုသည်။ တော်ဝင်မိသားစုမှ မြို့စားမင်းသမီးရှန်းသည် လက်ရှိတွင် ဟွမ်ကျိုး၌ ဇီးပန်းပွင့်များကို ရှုစားနေ၏။
သို့သော် အရှင်မင်းမြတ်သည် ရုတ်တရက်ကြီး လမ်းကြောင်းပြောင်းပြီး ရွှမ်းလွမ်မြို့သို့ ရောက်လာခဲ့သည်။
ရွှေသံချပ်ကာ အစောင့်များထံမှ အကြောင်းကြားစာကို လက်ခံရရှိပြီးကတည်းက ရွှမ်းလွမ်မြို့မှ အရာရှိများအားလုံး ကြောက်ရွံ့တုန်လှုပ်နေကြ၏။
အရှင်မင်းမြတ်သည် ပြုစုခစားရ အလွန်ခက်ခဲသူအဖြစ် နာမည်ကြီးပြီး ဒေါသလည်းကြီးသည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း၌မူ စိတ်အတက်အကျ ပို၍ပင် မြန်လွန်းလာ၏။ သာ့ကျိုးဒေသတွင် စိုးစံစဉ် အရာရှိအချို့ စကားပြော အသံကျယ်လွန်းသဖြင့် ဆူညံသည်ဟုဆိုကာ ထိုသူများကို ရာထူးမှ ထုတ်ပယ်ခဲ့ဖူးကြောင်း ကြားသိခဲ့ရသည်။
ထိုအထဲမှ ကြီးကြပ်ရေးအရာရှိတစ်ဦးမှာ အမတ်ချုပ်ရှဲ့၏ အချစ်ဆုံး တပည့်ရင်း ဖြစ်ပါလျက် ခေါင်းပေါ်မှ အရာရှိခေါင်းဆောင်းကိုပင် မကာကွယ်ပေးနိုင်ခဲ့ပေ။
ထို့ကြောင့် ရွှမ်းလွမ်မြို့မှ အရာရှိများသည် ပို၍ပင် ဂရုတစိုက် စိတ်တိုင်းကျအောင် ပြုစုလုပ်ကျွေးကြ၏။ အရှင်မင်းမြတ်သည် စိတ်လွတ်ကိုယ်လွတ် သုံးစွဲရသည်ကို နှစ်သက်ကာ ယခုကြွချီရာ လမ်းတစ်လျှောက်တွင်လည်း ရွှေ၊ ငွေ၊ ရတနာမျိုးစုံကို စုဆောင်းနေကြောင်း ကြားသိရသဖြင့် အရှင်မင်းမြတ် မမိန့်မီကပင် ရတနာနှင့် ရှေးဟောင်းပစ္စည်း တန်ဖိုးကြီးများကို လှည်းများဖြင့် ဝမ့်ဖုန့်နန်းတော်သို့ ဆက်သခဲ့ကြလေသည်။
ထို့နောက်တွင်တော့ ဒဏ်ရာဗရပွနှင့် အရာရှိများစွာကို လှည်းများဖြင့် ဆက်တိုက်ဆိုသလို အပြင်သို့ တင်ထုတ်လာခဲ့ကြရ၏။
ဇာမဏီနန်းတော် အပြင်ဘက်ရှိ ကွင်းပြင်ကျယ်ထဲတွင် အရှင်မင်းမြတ်နှင့်အတူ မြားပစ်လေ့ကျင့်ရန် အမိန့်တော်အရ ရောက်ရှိနေသည့် အရာရှိ ၁၅ ဦးခန့်သည် မြေကြီးပေါ်တွင် တုန်တုန်ယင်ယင် ဒူးထောက်နေကြရှာသည်။ ခေါင်းပေါ်တွင် ဆောင်းထားရမည့် အရာရှိခေါင်းဆောင်းများမှာမူ မြားများဖြင့် ပစ်ခတ်ခံထားရကာ သူတို့၏ အနောက်ဘက်ရှိ မြားပစ်သစ်သားများပေါ်တွင် ထိုးစိုက်ခံထားရ၏။
မြေပြင်ပေါ်တွင်လည်း ဆွဲခေါ်သွားသည့် သွေးကွက်များ ကျန်ရှိနေသေးသည်။
ရှီးကျင်းမြို့ဝန်သည် နန်းဆောင်အပြင်ဘက်၌ ဝပ်တွားနေရင်း စို့နင့်စွာ လျှောက်ထားနေ၏။
"ကျွန်တော်မျိုးတို့က နန်းတွင်းသူ နန်းတွင်းသားတွေ အရှင်မင်းမြတ် စိတ်တိုင်းကျအောင် ပြုစုရဲ့လားဆိုတာကိုပဲ စုံစမ်းရုံသက်သက်ပါ။ အရှင်မင်းမြတ်ကို ချောင်းမြောင်းစူးစမ်းဖို့ စိတ်ကူး နည်းနည်းမှ မရှိပါဘူး!"
နွေဦးအစမျှသာရှိသေးသဖြင့် ရာသီဥတုမှာ အေးစက်နေဆဲ ဖြစ်သည်။ ဇာမဏီနန်းတော်မှာလည်း ပို၍ပင် ဟာလာဟင်းလင်း ဖြစ်ကာ ခြောက်ကပ်နေသဖြင့် သူ၏အသံမှာ စင်္ကြံအောက်၌ သနားစရာကောင်းလောက်အောင် ပဲ့တင်ထပ်နေတော့သည်။
မကြာမီမှာပင် အတွင်းမှ ဖြူဖြူတုတ်တုတ်နှင့် နန်းတွင်းအရာရှိတစ်ဦး ထွက်လာ၏။
ရှီးကျင်းမြို့ဝန်သည် ထိုသူကို မြင်လိုက်သည်နှင့် ခေါင်းကို ပို၍ပင် ကျယ်လောင်စွာ ဦးတိုက်နေတော့၏။
နန်းတွင်းအရာရှိက သူ့ထံချဉ်းကပ်ပြီး တိုးတိုးလေးပြောသည်။
"လူကြီးမင်းလျို၊ အရှင်မင်းမြတ်က မနက်ဖြန် ဒီအချိန်မှာ သူလေးပစ်တာကို အဖော်ပြုပေးဖို့ အမိန့်ပေးလိုက်ပါတယ်။"
ရှီးကျင်းမြို့ဝန် :"!!!"
ရှီးကျင်းမြို့ဝန်၏ အော်ဟစ်သံများက ချက်ချင်းရပ်တန့်သွားသည်။
အရှင်မင်းမြတ်၏ ငယ်ရွယ်နုပျိုလှသော မျက်နှာက သူ့စိတ်ထဲတွင် ပေါ်လာ၏။
တောက်ပသော အဝတ်အစားများကိုဝတ်ကာ ရွှေသရဖူဆောင်းထားပြီး ကျောက်စိမ်းမျက်နှာလေးရှိသည့် အကြင်သူသည် တကယ်တမ်းတွင်မူ မျက်တောင်မခတ်ဘဲ လူအများကို ကိုက်စားတတ်သော ရက်စက်ကြမ်းကြုတ်သည့် နဂါးကြီးပင်။
ဇာမဏီနန်းတော်သည် နောက်ဆုံးတွင် လုံးဝဥဿုံ တိတ်ဆိတ်သွား၏။
ဇာမဏီနန်းတော်၏ ပင်မခန်းမကို လွန်ခဲ့သည့် နှစ်ရက်က အလှဆင်ခဲ့သော်လည်း နန်းတော်ကိုယ်တိုင်က အိုးဟောင်းနေပြီ ဖြစ်၏။ အဟောင်းနှင့် အသစ်တို့၏ ပေါင်းစပ်မှုမှာ ဆွေးမြည့်မှုကြောင့် သရုပ်ပျက်အလှကဲ့သို့ ဖြစ်နေသည်။ အိပ်ခန်းအတွင်းတွင် အနက်ရောင်နှင့် ရွှေရောင် လေကာသစ်သားမျက်နှာပြင်ကြီးတစ်ခုရှိသည်။
နက်မှောင်လှသော မျက်နှာပြင်ထက်တွင် ရွှေနဂါးတစ်ကောင်သည် တွန့်လိမ်ခွေရစ်လျက် ပျံသန်းနေ၏။ ရွှေရည်စိမ်ထားသကဲ့သို့ ဖောင်းကြွရုပ်လုံးဖြင့် ထုဆစ်ထားသော နဂါးကိုယ်ထည်မှာ ခမ်းနားထည်ဝါသော တောင်တန်းကြီးများအလားပင်။ နဂါးဦးခေါင်းမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး မျက်နှာပြင်ထဲမှ ရုန်းထွက်ကာ ဟိန်းဟောက်တော့မည့်အတိုင်း ထင်မှတ်ရသည်။
ဤအခိုက်တွင် ပြတင်းပေါက်များက ကျယ်ကျယ်ဖွင့်ထားသဖြင့် နံနက်ခင်းအလင်းရောင်သည် လေကာသစ်သားမျက်နှာပြင်ကိုဖြတ်၍ ထိုးကျလာသဖြင့် ၎င်းကို ပို၍ ရွှေရောင်တောက်သွားစေသည်။
အရှင်မင်းမြတ်သည် အနက်ရောင်ပိုးသား၀တ်ရုံကို ၀တ်ဆင်ထား၏။ ဝတ်ရုံ၏မျက်နှာပြင်သည် နေ၊ လနှင့် ကြယ်များကို သရုပ်ဖော်ထားသည့် ရွှေငွေကြိုးများဖြင့် တန်ဆာဆင်ထားပြီး အရောင်နှစ်ရောင်က သူ၏လှုပ်ရှားမှုများနှင့်အတူ တောက်ပြောင်နေသည်။
သို့သော် ၀တ်ရုံသည် တစ်ဝက်ပွင့်နေသောကြောင့် သူ၏ တောင့်တင်းသော ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားတို့ကို ပေါ်လွင်နေစေသည်။ သူ၏ နှင်းဖြူရောင် အောက်ခံအင်္ကျီသည် သန့်ရှင်းသော်လည်း ဟနေသဖြင့် လေဝင်လေထွက်ကောင်းစေ၏။
လက်ရှိ၌ အရှင်မင်းမြတ်မှာ ကျီးကန်းများကို အစာကျွေးနေလေသည်။
ဇာမဏီနန်းတော်ရှိ ကျီးကန်းများသည် ကျန့်ထိုင်ဧကရာဇ်မြို့ရှိ အကောင်ရေထက်ပင် ပိုများသေးသည်။ နန်းဆောင်အတွင်းသို့ ပျံသန်းဝင်ရောက်လာကြစဥ် တောင်ပံခတ်သံများဖြင့် ပြည့်နှက်သွားခဲ့၏။
အရှင်မင်းမြတ်သည် နံနက်စာကိုပင် ကောင်းစွာ မသုံးဆောင်ခဲ့ပေ။ မျက်နှာတော်ပေါ်၌ စိတ်ပျက်အားလျော့နေသော ပျင်းရိငြီးငွေ့မှုများ ဖုံးလွှမ်းနေခဲ့သည်။
ထိုအခိုက် ခပ်ဝဝ လူငယ်အတွင်းရေးအရာရှိသည် အနားသို့ တိုးကပ်လာခဲ့ပြီး အသံတိုးတိုးဖြင့် လျှောက်တင်လာ၏။
"အရှင်မင်းမြတ်၊ နန်းတော်ထဲမှာ ငြီးငွေ့နေတယ်ဆိုရင် မြို့ထဲကို သွားရောက် လှည့်ပတ် ကြည့်ရှုကြမလား။ ကျွန်တော်မျိုး ထူးဆန်းတဲ့ သတင်းတစ်ပုဒ် ကြားလိုက်ရလို့ပါ။ ဒီကလူတွေကတော့ တကယ်ကို ကြောက်စရာကောင်းလွန်းပါတယ်၊ အမျိုးသားတစ်ယောက်က သူ့အတွက် သတို့သားရွေးဖို့ ပန်းဘောလုံး ပစ်မလို့တဲ့!"
ထိုအကြောင်းအရာမှာ ထူးဆန်းလွန်းလှသဖြင့် အရှင်မင်းမြတ်လည်း စုစမ်းချင်စိတ်ဖြင့် မော့ကြည့်လာခဲ့၏။
သူသည် ကြည့်ကောင်းလွန်းလှသဖြင့် သဘောကောင်းလှသည်ဟု ထင်မှတ်မှားစေသော မျက်နှာတစ်ခုရှိသော်လည်း သူ၏ နက်မှောင်သော သူငယ်အိမ်များမှာမူ သာမန်ထက်ပင် ပိုမို အေးစက် နက်ရှိုင်းနေခဲ့သည်။ သူ၏ အနောက်ဘက်မှ ဖောက်ထွက်လာတော့မည့်အလား ရှိနေသော မဟာရွှေနဂါးကြီးမှာ သူ၏ စိတ်ဝိညာဉ်နှင့်ပင် ပိုမို ဆင်တူနေခဲ့၏။
အတွင်းရေးအရာရှိက ဂရုတစိုက်ဖြင့် မေးမြန်းလိုက်သည်။
"ကျွန်တော်မျိုး အရှင်မင်းမြတ်နဲ့အတူ ပျော်စရာသတင်းကို သွားရောက် ကြည့်ရှုပေးရမလား။"
***
Aurora Novel Translation Team