အသုံးမဝင်တဲ့ဇာတ်ညွှန်း (၁)
မနက်ခင်း လေးနာရီထိုးပြီဖြစ်၏။ သို့သော် ဟန်တာ နည်းနည်းလေးတောင် မအိပ်ချင်နေပေ။ သူ၏ဖုန်းက ဝင်စတန်၏မက်ဆေ့ချ်ကို ဖွင့်ထားလျက်။ [မနက်ဖြန် ဒူဘိုင်းကိုသွားချင်လား။]
ခင်ဗျားနဲ့အတူခရီးသွားဖို့ ဘာလို့ ကျွန်တော့်ကို လာမေးနေရတာလဲ။ ကမ္ဘာကြီးက ဒီလောက်အကျယ်ကြီးကို ခင်ဗျားနဲ့အတူတူသွားဖို့ တခြားတစ်ယောက်မရှိတော့ဘူးလား။ ခင်ဗျားရဲ့ အသင်းဖော်တွေကရော? ကျွန်တော့်ဦးနှောက်ထဲမှာ ခင်ဗျားနဲ့ စိတ်ကူးနေမိတဲ့မြင်ကွင်းတွေကို ခင်ဗျား သိရဲ့လား။
...သိပ်ကိုစိတ်ပျက်စရာကောင်းတယ်!
ဟန်တာ စီးကရက်တစ်လိပ်ဆွဲထုတ်ရင်း ဟိုတယ်အခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။ ဟန်တာ လမ်းဘေးဓါတ်တိုင်ကို မှီရပ်နေရင်း သူ့လက်ထဲမှာ မီးခြစ်ကိုကိုင်ထား၏။ သူ 'ကလစ်' ဆိုသည့်အသံကို ကြားလိုက်ရသည်နှင့် အလိုလိုပင် ဘေးဘီဝဲယာကိုလှည့်ကြည့်ကာ ဝင်စတန်ပေါ်လာလေမလားဟု မျှော်လင့်နေခဲ့သည်။
သို့သော်လည်း မည်သူမှရှိမနေပေ။ ဟန်တာ ရုတ်တရက်ဆိုသလို စိတ်ပျက်မှုတို့ကို ခံစားလိုက်ရသည်။ သူ ဆေးလိပ်ကို မီးညှိလိုက်သော်လည်း ဝင်စတန်နှင့် ဆေးလိပ်မျှသောက်သည်အား ကျင့်သားရလာကြောင်း သတိပြုမိသွားပြီး ဆေးလိပ်လေးမှာတော့ သူ၏နှုတ်ခမ်းလွှာကြားထဲ မရောက်ခဲ့ရသေးချေ။ ဟန်တာ မျက်လုံးများမှိတ်ကာ ခေါင်းမော့ထားပြီး ဆေးလိပ်အား သူ၏လက်ချောင်းများကြားမှာပဲ ဖြည်းဖြည်းချင်း လောင်ကျွမ်းစေလိုက်၏။
တစ်မှေးမှ မအိပ်ရသေးတာတောင် သူ နည်းနည်းလေးမှ ပင်ပန်းမနေချေ။
"ဟေး၊ မင်းက ဓာတ်တိုင်ယောင်ဆောင်နေတာလား။" ရယ်မြူးသံပါဝင်သော အသံတစ်သံက ထွက်ပေါ်လာ၏။ ဟန်တာ မျက်လုံးများဖွင့်ကြည့်လိုက်ရာ တဘက်တစ်ထည်ကို ပခုံးပေါ်တင်ထားရင်း သူ့ကိုစိုက်ကြည့်နေသည့် အားကစားဝတ်စုံနှင့်အိုဝင့်ကို တွေ့လိုက်ရသည်။
လာပြန်ပြီ ဒီလူပဲ! ဟန်တာ၏ ဗီဇအရ ပထမဆုံးတုံ့ပြန်မှုက ဤနေရာမှ ထွက်သွားရန်ဖြစ်သော်လည်း နောက်တစ်ခေါက်တွေးကြည့်လိုက်သော် ဓာတ်တိုင်က အိုဝင့်အပိုင်မဟုတ်ရာ သူ့အား ဘယ်နေရာမှာရပ်ပါဟု ပြောခွင့်မရှိချေ။
အိုဝင်က သူရပ်နေသည့်ဘေးမှာ ထိုင်ချလိုက်၏။ သူ မနက်စောစောမှာ လေ့ကျင့်ခန်းလုပ်နေတာဖြစ်မည်။ စီနီယာပြိုင်ကားမောင်းသမားအဖြစ် အိုဝင်က ပြင်းထန်သော ကိုယ်ကာယကြံ့ခိုင်ရေးလုပ်ဆောင်မှုများမှတစ်ဆင့် အထွတ်အထိပ်ကို ထိန်းသိမ်းထားသည်။ ထိုရှုထောင့်မှာတော့ သူက မယုံကြည်နိုင်လောက်အောင် စည်းကမ်းတင်းကျပ်လွန်းသည်။ ဟန်တာ လေးစားအားကျသလိုတောင် ခံစားလိုက်ရ၏။
"ငါ့ကို ဆေးလိပ်တစ်လိပ်ပေး။" အိုဝင်က လက်ဟန်ပြလာသည်။ ဟန်တာက တစ်လိပ်ပစ်ပေးလိုက်ရာ အိုဝင်က ဟန်တာ၏မီးခြစ်ကိုပါ ဆွဲလုသွားခဲ့၏။ ဝင်စတန်၏ တည်ငြိမ်သောကြော့ရှင်းမှုနှင့် ကွဲလွဲစွာဖြင့် အိုဝင်၏ဆေးလိပ်သောက်ပုံက အဆင်အခြင်မဲ့သည်။
"ဘာတွေ စိတ်အနှောင့်အယှက်ဖြစ်နေတာလဲ။
"ခင်ဗျားအပူမပါဘူး။"
အိုဝင်က ပြုံးလိုက်ပြီး ဆေးလိပ်ပြာတို့ကို ခါချလိုက်သည်။ "မင်း ဗန်ဝင်စတန့်အကြောင်း တွေးနေတာမလား။"
"ကိုယ့်ဆေးလိပ်ကိုသာ သောက်စမ်းပါ။" ဟန်တာ သူ့ကိုတုံ့ပြန်မိလိုက်သည်အား နောင်တရသွား၏။
"ဟန်တာ... ငါ မင်းအရွယ်တုန်းက ငါ ဘာလိုချင်ခဲ့လဲဆိုတာကို မသိခဲ့ဘူး။"
အိုဝင်၏လေသံထဲမှာ လွမ်းဆွေးမှုအရိပ်အမြွက်တို့ ပါဝင်နေသော်လည်း ဟန်တာကတော့ မယုံကြည်တော့ပေ။ ဒီလူ ဘာတွေကြံစည်နေမလဲဆိုတာ ဘယ်သူသိမှာလဲ။ အကောင်းဆုံးတုံ့ပြန်မှုက တိတ်တိတ်နေလိုက်တာပဲ။
"ငါလိုချင်ခဲ့တဲ့အရာကို ဘယ်သူကမှလည်း သတိမပြုမိသလို နားလည်းမလည်ခဲ့ဘူး။ အဲ့ဒါကြောင့် မင်းကတော့ ကံကောင်းတယ်၊ ဟန်တာ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ မင်းရဲ့ဆန္ဒကို ငါပြောနိုင်တယ်။" အိုဝင်က ပြောလာခဲ့သည်။
ဟန်တာက နှာမှုတ်လိုက်၏။ "အိုး? ကျွန်တော်က ခင်ဗျားကို အမှုန့်ကြိတ်ပစ်ချင်နေတာလေ။ ကျွန်တော် ခင်ဗျားနဲ့ ဆိုင်ရယ်တို့ရဲ့အမှတ်တွေကို ကျော်တက်ချင်တာ။ အဲ့ဒါက မသိသာဘူးလား။"
"မင်းက ဗန်ဝင်စတန့်ကို မင်းရဲ့ဘေးမှာ ထာဝရရှိစေချင်တာ။ သူ မင်းကိုထားခဲ့မှာကို မင်းစိုးရိမ်နေတယ်။" အိုဝင်က ရယ်မောရင်း ပြောလာခဲ့သည်။
ထိုအခိုက်အတန့်၌ ဟန်တာ၏အတွေးများအားလုံး အိုဝင့်ဆီမှာ ဖမ်းဆုပ်ခံလိုက်ရပြီး သူ့အား တခြားဘာကိုမှ မတွေးနိုင်တော့လောက်အောင် ဖြစ်သွားစေခဲ့သည်။ သူ အဲ့လောက်တောင် သိသာနေတာလား။ သူ့အသင်းထဲက ဘယ်သူမှ သတိမပြုမိခဲ့ဘူးလေ!
"တစ်စုံတစ်ယောက်ကို မင်းရဲ့ဘေးမှာ ထာဝရထားနိုင်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းကို မင်းသိလား။"
ထိုမေးခွန်းက ဟန်တာ့အား စိုးရိမ်ပူပန်သွားစေခဲ့သည်။ သူ မသိပေ။ သူ့မှာ တကယ်ပဲ ဘာအစီအစဥ်မှ ရှိမနေချေ။ သူသာသိခဲ့လျှင် သူ့အမေက သူ့ကိုစွန့်ပစ်သွားမှာမဟုတ်သလို သူ၏အဖေကလည်း ထွက်ခွာသွားမှာမဟုတ်ပေ။
"သူ့ကို ဆုပ်ကိုင်ထား၊ ဒီနေရာကနေစပြီးတော့။" အိုဝင်က ထရပ်လာပြီး ဟန်တာ၏ရင်ဘတ်ကို ဖွဖွလေးပုတ်ပြခဲ့သည်။ "မင်း အကောင်းအဆိုးတွေကို ချိန်ဆနေမယ်ဆိုရင် ဘယ်တော့မှ ပထမခြေလှမ်းကို စတင်ရဲမှာမဟုတ်ဘူး။ မင်း တံခါးကိုဖွင့်ဖို့ မကြိုးစားခဲ့ရင် အမြဲတမ်း တံခါးရဲ့အပြင်ဘက်မှာပဲ ရပ်နေရလိမ့်မယ်။"
"ခင်ဗျားအတွက်က ပြောဖို့လွယ်ကူတယ်... ကျွန်တော်က ဘယ်လိုလုပ်ပြီး သူ့ကို ဖမ်းဆုပ်ထားနိုင်မှာလဲ။ ဆိုင်ရယ်ပြောတာမမှားဘူး။ သန်မာတဲ့တစ်စုံတစ်ယောက်ကပဲ ဝင်စတန့်ရဲ့အာရုံကို ဆွဲဆောင်နိုင်လိမ့်မယ်! ကျွန်တော်ကတော့ မဟုတ်ဘူး... ကျွန်တော်က မရင့်ကျက်ဘူး၊ မတည်ငြိမ်ဘူး၊ ခင်ဗျားဆီကနေတောင် ခဏခဏလှည့်စားခံနေရတာ၊ ကျွန်တော်က အရမ်းအယုံလွယ်တယ်! ကျွန်တော့်မှာ သူ့ကိုဆွဲထားဖို့အတွက် ဘာရှိလို့လဲ။"
ဟန်တာ သူပြောလိုက်သည့်အရာများကို သတိပြုမိသွားချိန်၌ နောက်ကျသွားခဲ့လေပြီ။ သို့သော် ဘာဂရုစိုက်ရမည်နည်း။ အဆိုးဆုံးမှ အိုဝင့်ဆီကနေ အစခံရရုံသာ။ အိုဝင်က ထိုအကြောင်းကို ထုတ်ပြောခဲ့လျှင်လည်း သူစနောက်နေတာဟု ငြင်းလို့ရပေ၏။ မည်သို့ပင်ဖြစ်ပါစေ မည်သူကမှ အိုဝင့်ကို မယုံကြည်ကြပေ။
သို့သော် အိုဝင်က မရယ်ခဲ့ချေ။ ထိုအစား သူက ဟန်တာ့ဘက်သို့လှည့်ကာ စူးစမ်းနေ၏။ "မင်း ဝင်စတန့်ကို ဆွဲဆောင်နိုင်စေတဲ့အရာတွေကို တကယ်နားမလည်ဘူးလား။"
မှန်ပေ၏၊ သူ နားမလည်ချေ။ ဝင်စတန်က သူ့ဆီချဥ်းကပ်လာချိန်မှာ သူက အချင်းချင်း၏အပြစ်များကို နားလည်ခြင်းလုပ်ငန်းစဥ်အား ကျော်ချသွားသလို သည်းခံမှုနှင့် စိတ်ရှည်မှုတို့ကိုသာ ပေးစွမ်းခဲ့၏။
"မင်းက မရင့်ကျက်သေးတဲ့အတွက် ကမ္ဘာကြီးကို အပြည့်အဝနားမလည်သေးဘူး။ မင်းက မတည်ငြိမ်တဲ့အတွက် မင်းရဲ့တုံ့ပြန်မှုတွေက စစ်မှန်တယ်။ မင်းက အယုံလွယ်တာကြောင့် ဝင်စတန်က သူ့ရဲ့ခံစားချက်တွေအားလုံးကို မင်းရှေ့မှာ ဖုံးကွယ်ထားနိုင်တယ်။ မင်းက သန်မာတဲ့သူမို့ ဝင်စတန်က ရှေ့ဆက်ဖို့အတွက် အခက်အခဲအားလုံးကိုကျော်လွှားပြီး အနောက်ကနေ မင်းလိုက်တာကိုခံရတဲ့ဂုဏ်ကျက်သရေကို ခံစားနိုင်တယ်။"
အိုဝင်က တည်ငြိမ်သောလေသံဖြင့် ပြောလာပြီး ဟန်တာ့အား မည်သို့တုံ့ပြန်ရမှန်းမသိ ဖြစ်စေခဲ့သည်။
"ဒါပေမဲ့ အမှန်တော့ ငါစောစောကပြောလိုက်တဲ့အရာအားလုံးက ပေါက်ကရတွေချည်းပဲ။" အိုဝင်က ရယ်မောလိုက်၏။
၎င်းအား ကြားလိုက်ရသောအခါ ဟန်တာ စိတ်ပျက်သွားမိသည်။ ဒီတော့ အဲ့ဒီစကားတွေက သူ့ကို နှစ်သိမ့်ဖို့လား၊ ဒါမှမဟုတ် လှောင်ပြောင်ဖို့လား။
"မင်းက အီဗန်ဟန်တာဖြစ်နေတာကြောင့် ဝင်စတန်က ခြွင်းချက်မရှိ သည်းခံပေးတာ။"
ဟန်တာ ဝင်စတန်နှင့် စိတ်ဆိုးခဲ့သည့်အချိန်ကို ရုတ်တရက် အမှတ်ရလိုက်၏။ ဝင်စတန်က ဟန်တာပြောခဲ့သော နာကျင်စရာစကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့တာတောင် သူက ၎င်းတို့နှစ်ယောက်လုံး 'လမ်းခွဲမယ်' ဆိုသည့်စကားအား ဘယ်တော့မှထပ်မပြောဖို့ တောင်းဆိုခဲ့သည်။
"အခု မင်းကို ဆုံးဖြတ်ချက်ဖို့ ဆယ်စက္ကန့်အချိန်ပေးမယ်။ ဝင်စတန့်ကိုရဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးစေချင်လား။ ဒါမှမဟုတ် ငါ ဘာမှမပြောခဲ့ဖူးသလို ဟန်ဆောင်ပေးစေချင်တာလား။" အိုဝင်က သူ၏အားကစားနာရီကိုမြှောက်ကာ အချိန်ကိုပြလာ၏။
ဟန်တာ နေရာမှာတင် အေးခဲသွားသည်။ သူ ဝင်စတန့်ကို လိုချင်နေခဲ့တာလား။ သူ နောက်တစ်ဆင့်ကို တက်ချင်နေခဲ့တာလား။ တကယ့်မေးခွန်းက အိုဝင်၏စကားလုံးများ ယုံကြည်ရသလားဟူ၍မဟုတ်ပေ။ ၎င်းမှာ သူ ဝင်စတန့်ကို ဆွဲထားချင်တာလားဟူ၍ဖြစ်ပေ၏။ အိုဝင် သူ၏လက်ကို ပြန်ချရန်ပြင်လိုက်စဥ် ဟန်တာ အော်ပြောလိုက်သည်။ "သင်ချင်တယ်!
"အိုး... သိပ်ကိုပြတ်သားတာပဲ!" အိုဝင်က မျက်လုံးအပြူးသားနှင့် ပြောလာခဲ့၏။
"ခင်ဗျား ဘာတွေကြံစည်နေလဲမသိပေမဲ့၊ အိုဝင်လောရန့်စ်၊ ခင်ဗျား ဝင်စတန့်ကိုအသုံးချပြီး ကျွန်တော့်ကိုလှည့်စားခဲ့မယ်ဆိုရင် ကျွန်တော် ခင်ဗျားကို ပြေးလမ်းပေါ်မှာခြေမွရုံတင်မကဘူး၊ ခင်ဗျားရဲ့ခေါင်းကိုဖြတ်ပြီး ဆိုင်ရယ့်ကို ဘောလုံးလုပ်ကန်ဖို့ ပေးပစ်လိုက်မယ်လို့ ကျွန်တော့်ကျိန်ပြောရဲတယ်!" ဟန်တာက အိုဝင်၏ကော်လံကိုဆုပ်ကိုင်ကာ သူ၏ အေးစက်ကာ ပြင်းထန်သောအကြည့်က အိုဝင်၏မျက်လုံးများထဲ ထိုးဖောက်လာ၏။
အိုဝင် အံ့အားသင့်သွားခဲ့သည်။ ဟန်တာ၏အမူအရာက အကြောက်အလန့်ကင်းမဲ့နေပြီး သူ့မျက်လုံးများထဲမှ လူသတ်လိုသည့် အရိပ်အမြွက်တို့ကိုတောင် အိုဝင် အာရုံခံလိုက်မိသည်။ ထိုအခိုက်အတန့်၌ ဤလူငယ်လေးသည် အသင်းသေးသေးလေးမှလာခဲ့သော်လည်း F1 လောက၏ အခက်အခဲများကိုရင်ဆိုင်၍ မြင့်တက်လာခဲ့ပြီး ထိပ်တန်းပြိုင်ကားမောင်းသမား၏နေရာကို အဘယ့်ကြောင့်ရရှိခဲ့မှန်း သူ နားလည်လိုက်ပေသည်။ အဘယ့်ကြောင့်ဆိုသော် သူလိုချင်သည့်အရာကို ဆုံးဖြတ်ပြီးသည်နှင့် သူက ရောင့်ရဲခြင်းတို့မရှိတော့ဘဲ ၎င်းအားရရှိရန် မဆုတ်မနစ်ကြိုးစားတော့သည်။
"အိုး... လက်တစ်လော ဝင်စတန်က မင်းကိုဆက်သွယ်လာသေးလား။" အိုဝင်က ဟန်တာ၏လက်ဖမိုးကိုပုတ်ကာ သူ၏ကော်လံကိုလွှတ်ပေးဖို့ အချက်ပြလိုက်၏။
"အားလပ်ရက်မှာ သူနဲ့အတူ ဒူဘိုင်းကိုခရီသွားချင်လားလို့ မေးထားတယ်။"
"ဒါဆို အခုချက်ချင်း သဘောတူလိုက်တော့! ဒူဘိုင်းက အရမ်းမိုက်တာ!" အိုဝင်၏အပြုံးက ဘာမှမရောနှောဘဲ ပကတိဖြူစင်နေသည်။
ဟန်တာ အိုဝင့်ကိုလေ့လာဖို့ ခေါင်းလေးစောင်းငဲ့လိုက်၏။ ထိုလူ၏ပါးစပ်မှထွက်လာသော 'မိုက်တယ်' ဆိုသည်က အခြားသောအဓိပ္ပာယ်များရှိဦးမလားဟု သူ သံသယဝင်မိသည်။
ဆယ်မိနစ်ကြာပြီးနောက် ဝင်စတန် ဟန်တာ့ဆီမှဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
"ဟယ်လို? ဝင်စတန်? ကျွန်တော့်တို့အသင်း မနေ့က သောက်တာများသွားလို့ ခင်ဗျားရဲ့မက်ဆေ့ချ်ကို သတိမထားမိလိုက်ဘူး! ကျွန်တော် US ကို ကြာသပတေးနေ့မှာသွားရမှာ။ ခင်ဗျားကရော?" ဟန်တာ ဝင်စတန်ဘက်ကနေ လက္ခဏာတစ်ခုခုကို အာရုံခံမိမည်စိုး၍ ခုန်ပေါက်နေသောနှလုံးသားကို ထိန်းချုပ်ဖို့ကြိုးစားလိုက်ပြီး သူ၏အသံကို တည်ငြိမ်နေအောင် ကြိုးစားခဲ့ရ၏။
"ကိုယ်လည်း ကြာသပတေးနေ့မှာ သွားရမှာ။ ဒါဆို ဒူဘိုင်းကို အတူတူသွားကြတာပေါ့။ မင်း အရင်က အဲ့ကိုမရောက်ဖူးလောက်သေးဘူး။"
"အတိအကျပဲ! ကျွန်တော် Buri al-Arab မှာတည်းချင်တယ်! ရေပန်းဥယျာဥ်ကိုလည်း သွားလည်ချင်တယ်! ပြီးတော့ သဲကန္တာရတောလည်ခရီး! လေထီခုန်တာ! ပြီးတော့..."
"ကိုယ်တို့မှာ အချိန်လုံလုံလောက်လောက်မရှိဘူးလေ။ အရင်ဆုံး Burj al-Arab ကို ကြိုငှားထားလိုက်မယ်။ နောက်တစ်ရက်မှာ သဲကန္တာရတောလည်ခရီးအတွက် အချိန်ညှိလိုက်မယ်။ လေထီးခုန်တာကိုတော့ အသင်းက ခွင့်ပြုမှာမဟုတ်ပေမဲ့ ကိုယ်တို့ အနားယူပြီးတော့မှ ကိုယ်မင်းကို ခေါ်သွားပေးမယ်ဆိုရင်ရော?"
ဟန်တာ၏နှလုံးသားလေးမှာ ချက်ချင်းဆိုသလို နွေးထွေးသွားခဲ့သည်။ သူက ဝင်စတန်၏ အနားယူပြီးနောက်အစီအစဥ်များထဲမှာ ပါဝင်နေသည်လေ။ "OK!"
"ကိုယ်တို့ ဒူဘိုင်းကနေ နယူးယောက်ကို တိုက်ရိုက်ပျံသန်းကြမယ်။"
"ခင်ဗျားရဲ့အစီအစဥ်က ချောမွေ့နေတာပဲ!" ဟန်တာ အပြုံးလေးဖြင့် ပြောလိုက်သည်။
"မင်းသာ အရှုပ်ထုပ်မလုပ်ခဲ့ရင်ပေါ့။ ကိုယ် ကားတစ်စီးငှားထားတယ်၊ ဒူဘိုင်းကို ကိုယ်တိုင်မောင်းသွားကြမယ်။ မင်း ကားထဲမှာ အိပ်လို့လည်းရသလို သဲကန္တာရရှုခင်းတွေကိုလည်း ခံစားလို့ရတယ်။"
"ဟားဟားဟား၊ ကောင်းတယ်!"
ဖုန်းချပြီးနောက် ဟန်တာ လက်နှစ်ဖက်ခါးထောက်လျက်သားဖြင့် ပြတင်းပေါက်နားမှာ ရပ်နေပြီး မျက်လုံးများမှိတ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ ရလဒ်က မည်သို့ဖြစ်လာပါစေ ရုတ်တရက်ဆိုသလို သူ ထပ်ပြီးကြောက်ရွံ့မနေတော့ပေ။ ဝင်စတန်က ပြောခဲ့ဖူး၏၊ ဘာကိစ္စပဲဖြစ်လာဖြစ်လာ၊ ၎င်းတို့ 'လမ်းခွဲမယ်' ဟု အလွယ်တကူပြောလို့မရချေ။
ဟန်တာ သူလိုချင်တာကို ဆုံးဖြတ်ပြီးပြီဖြစ်၏။ ဤသည်က F1 ထဲမှ ပြိုင်ပွဲတစ်ခုလိုပင်။ မိမိ၏အဆင့်ကို ကာကွယ်ရန်ကြိုးစားသူများက ကျော်တက်ခံရပြီး ပြိုင်ဘက်များကိုဖိနှိပ်ဖို့ အသင့်ဖြစ်နေသူများကသာ အဆုံးသတ်မျဥ်းကို ပထမဆုံးကျော်ဖြတ်သွားနိုင်ကြသည်။
ဆယ်မိနစ်ကြာပြီးနောက် ဟန်တာ ဝင်စတန့်ဆီကနေ မက်ဆေ့ချ်တစ်စောင်ရလိုက်၏။ [ကိုယ် ဟိုတယ်ဝင်ပေါက်မှာ မင်းကိုစောင့်နေမယ်။ အထုပ်အပိုးပြင်ပြီးရင် ဆင်းလာခဲ့လိုက်တော့။]
"အဲ့လောက်တောင်မြန်တယ်?" သူ ဘာကိုမှ မသိမ်းဆည်းရသေးကြောင်း သတိပြုမိရင်း ဟန်တာ ခေါင်းကုတ်လိုက်သည်။
ဝင်စတန့်အား မစောင့်စေချင်၍ ဟန်တာ သူ၏အဝတ်များကို အိတ်ထဲလုံးထည့်ကာ ပခုံးပေါ်ပစ်တင်၍ ဟိုတယ်အပြင်သို့ပြေးထွက်လာခဲ့၏။ ဝင်စတန်က SUV တစ်စီးငှားလာသည်။ ဟန်တာ သူ၏ခရီးဆောင်အိတ်ကို အနောက်ခန်းထဲပစ်ထည့်ကာ ခရီးသည်ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး နေကာမျက်မှန်တပ်လိုက်သည်။
"ခါးပတ်။" ဝင်စတန်က ပြောလာ၏။
"ဟမ်?" ဟန်တာက နေကာမျက်ကာတပ်ကာ အိပ်ပျော်တော့မလိုမျိုး သူ၏ဦးခေါင်းအား ပျင်းရိလေးတွဲစွာ စောင်းငဲ့ထားသည်။
"ထိုင်ခုံခါးပတ်။" ဝင်စတန်က ထပ်ပြီးသတိပေးခဲ့၏။
ဟန်တာက သူ၏ဖုန်းကိုထုတ်ကာ နားကြပ်လိုက်ပြီး သီချင်းနားထောင်ပြင်လိုက်သည်။
ဝင်စတန်က ဟန်တာ့နားသို့ တိုးကပ်ခဲ့ပြီး သူ့ကို ထိုင်ခုံခါးပတ်ပတ်ပေးလာ၏။ သူ နောက်ပြန်ဆုတ်တော့မည့်အချိန်မှာ ဟန်တာက ခပ်ညစ်ညစ်အပြုံးတစ်ခုဖြင့် သူ၏နားထဲ တီးတိုးပြောလိုက်သည်။ "ဟေး၊ ခင်ဗျားရဲ့နားရွက်တွေက အရမ်းလှတယ်လို့ ခင်ဗျားကို တစ်စုံတစ်ယောက်က ပြောခဲ့ဖူးလား။"
ဝင်စတန်တစ်ယောက် နားရွက်များကိုဖုံးဖိကာ သူ့ကို မော့ကြည့်လာစေဖို့ ဟန်တာ အသည်းအသန်မျှော်လင့်နေ၏။ သို့သော် ထိုအစား ဝင်စတန်က သူ့ကိုခါးပတ်ပတ်ပေးပြီးနောက် သူ၏အနေအထားကိုထိန်းညှိကာ ကားစက်နိုးလိုက်ပြီး အမူအရာပြောင်းလဲခြင်းမရှိဘဲ ဟိုတယ်မှ ထွက်ခွာလာခဲ့လေသည်။
ဟမ့်... ဘာကြီးလဲ... အရမ်းစိတ်ပျက်စရာပဲ... သူ ငါ့အနားရောက်လာတိုင်း ငါ့မှာတော့ ရှက်သွားခဲ့ရတာ။ သူကကျ ငါ သူ့နားထဲ တိုးတိုးလေးကပ်ပြောတာတောင် ဘာလို့ ဘာမှမတုံ့ပြန်ရတာလဲ။
အိုဝင် သူ့ကိုသင်ပေးခဲ့အကွက်တွေက အလုပ်လည်းမဖြစ်ဘူး။ 'ဝင်စတန် မင်းကို ရင်ခုန်အောင်လုပ်သလို မင်းလည်း အဲ့လိုပြန်လုပ်လိုက်၊ အဲ့ဒါကို သွားတစ်ချောင်းအတွက် သွားတစ်ချောင်းလို့ခေါ်တယ်။' ဆိုသော အကြံက လုံးဝအလုပ်မဖြစ်ပေ။ ဝင်စတန်လုပ်ခဲ့သမျှ အရှက်ရစရာများမှာ သူ့အနေနှင့် တမင်ရည်ရွယ်တာမဟုတ်သလို ထိုအကြောင်းကို များများစားစားမတွေးမိတာ ဖြစ်နေနိုင်ပေသည်!
ဟန်တာ နေကာမျက်မှန်မှတစ်ဆင့် ဝင်စတန်၏ဘေးတစောင်းပုံရိပ်ကို ကြည့်လိုက်သည်။ ထိုလူကလည်း နေကာမျက်မှန်တပ်ထားပြီး အားစိုက်ထုတ်စရာမလိုဘဲနှင့်တောင် မိမိုက်နေ၏။ သူ့ကိုကြည့်နေရင်း ဟန်တာ စတင်၍ငိုက်မြည်းလာခဲ့သည်။ သူ မသိလိုက်ခင်မှာပင် မျက်လုံးများမှိတ်ကျသွားပြီး ခေါင်းလေးစောင်းငဲ့ကာ ဟောက်သံသေးသေးလေးများတောင် ထွက်ပေါ်လာခဲ့လေ၏။
***
Aurora Novel Translation Team