no

Font
Theme

မင်းသူ့ကိုရအောင် ငါကူညီပေးနိုင်တယ် (၂)

လေလံပွဲ အဆုံးသတ်သွားသောအခါ ပါတီက ကခုန်ခြင်းအဆင့်သို့ ပြောင်းရွှေ့သွားရာ ဧည့်သည်တော်တော်များများမှာ မိမိတို့၏ အမျိုးသမီးပါတနာများနှင့်အတူ အကကြမ်းပြင်ထက် စတင်ကခုန်နေကြပြီး ဟန်တာ့အား အားကျသလိုခံစားရစေခဲ့သည်။ သူသိလောက်မည့် အမျိုးသမီးတစ်ယောက်ယောက်ကို အလိုလိုရှာဖွေနေမိပြီး နောက်ဆုံး၌ အော်ဒရေဝီလ်ဆန့်ကို တွေ့လိုက်ရ၏။ သူ သူ(မ)ဆီသွားကာ ဖိတ်ခေါ်ရန်ပြင်လိုက်ချိန် အရှေ့အလယ်ပိုင်းရေနံသူဌေးကြီးတစ်ဦးက ရောက်လာပြီး အော်ဒရေ့အား အတူကဖို့ဖိတ်ခေါ်ကာ အကကြမ်းပြင်ဆီထွက်ခွာသွားခဲ့ကြလေသည်။

မားကပ်စ်က ဟန်တာ့အား စပွန်ဆာတချို့နှင့် စကားပြောစေချင်နေ၏။ ဟန်တာ သက်ပြင်းချလိုက်မိသည်။ သူ့ရဲ့အချိုပွဲလေးစားရင်း တေးဂီတတွေကို အေးအေးဆေးဆေးခံစားလို့မရဘူးလား။

သူ မားကပ်စ်၏မြင်ကွင်းထဲကနေ လစ်ထွက်လာခဲ့ပြီး ဆိုဒါနှင့် စားကောင်းမည့်ပုံပေါ်သော ဘာမှန်းမသိသည့်မုန့်တစ်ခုကိုယူကာ ခန်းမထဲကနေ ထွက်လာခဲ့လိုက်သည်။ Emirates Palace က နေရာကျယ်ဝန်းသောကြောင့် သူ လှည့်ပတ်သွားလို့ရနိုင်သလို မားကပ်စ်က သူ့ကို လိုက်ရှာနေလျှင်လည်း သူ လမ်းပျောက်သွားသည်ဟု ပြောလို့ရပေ၏။

ရွှေရောင်တဖိန့်ဖိန့်တောက်ပနေသော လျှောက်လမ်းတစ်လျှောက် ထူးခြားသော အာရေဗျလက်မှုပစ္စည်းများကို ပြသထားသည့် ဗီရိုကြီးများရှိသည်။ ဟန်တာ လမ်းလျှောက်ကာ ၎င်းတို့ကိုကြည့်ရှုနေရင်း သူ၏ဖုန်းက ရုတ်တရက်မြည်လာ၏။

"ဘယ်မှာလဲ။" ဖုန်း၏အခြားတစ်ဖက်မှ ဝင်စတန်၏အသံက ထွက်ပေါ်လာခဲ့သည်။

ဟန်တာ၏ တည်ငြိမ်နေသောစိတ်များမှာ ချက်ချင်းထကြွလာကြ၏။ ဝင်စတန်က သူ ခန်းမထဲမှာမရှိတော့တာကိုသိပြီး နေရာတိုင်းလိုက်ရှာနေခဲ့တာလား။

"ကျွန်တော်က... ဟိုတယ်ရဲ့ အနောက်ဘက်လျှောက်လမ်းမှာ။"

"ကိုယ် လာခဲ့မယ်။"

ဟန်တာ သူ၏နှာခေါင်းကို ပွတ်သပ်လိုက်သည်။ ဤနေရာ၌ အခြားမည်သူမှရှိမနေရာ သူ၏သတ္တိများက ကြီးထွားလာခဲ့၏။ "ခင်ဗျား ကျွန်တော့်အတွက် အဖော်အချွတ်ကပြဖို့ လာမလို့လား။"

"မင်းကြည့်ချင်ရင်ပေါ့။" ဝင်စတန်၏လေသံက အရင်ကထက်တောင် ပျော့ပျောင်းသွားပြီး ဟန်တာ၏နှလုံးသားလေးကို ဖြတ်တိုက်သွားသော လေနုအေးလေးနှယ်။ ဟန်တာ သူ၏နှလုံးသားက ယားယံလာသလိုခံစားလိုက်ရသော်လည်း ၎င်းအား မည်ကဲ့သို့ကိုင်တွယ်ရမှန်း မသိခဲ့ပေ။

"ခင်ဗျားရဲ့အတွင်းခံကိုရော ချွတ်ဖို့လိုတယ်နော်။" ဟန်တာ ထပ်ပြောလိုက်သည်။

"ရေပူစမ်းမှာ မင်း ကိုယ့်ကိုဆုပ်ကိုင်ခဲ့တဲ့အချိန်ကတည်းက အဲ့ဒါကို ကြည့်ချင်နေခဲ့တာမလား။" ဟန်တာ၏လေသံထဲမှာ ရွှင်မြှူးရိပ်တို့လည်း ပါဝင်နေသည်။

ဒီလူက အရှက်တရားဆိုတာကို ဘယ်တော့မှသိမှာမဟုတ်ဘူး!

ထိုစဥ် ခြေသံများ ကြားလိုက်ရပြီး ဟန်တာ သူ့ဆီကိုလာနေသော ဝင်စတန်၏အရိပ်ကို တွေ့လိုက်ရသည်။ သူ ပြုံးလိုက်ပြီး ဗီရိုတစ်ခုနောက်မှာ ဝင်ပုန်းလိုက်၏။

ဝင်စတန်က ဟန်တာကိုရှာမတွေ့သဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး ဟန်တာ့၏နံပါတ်ကို ခေါ်ဆိုလိုက်သော်လည်း စက်ပိတ်ထားပါသည်ဟုသာ ကြားလိုက်ရသည်။

ဝင်စတန်က ရပ်တန့်လိုက်ပြီး မကျယ်သော်လည်း လျှောက်လမ်းတစ်ဝက်လောက်ထိ ကြားနိုင်လောက်သောအသံဖြင့် ပြောလာခဲ့သည်။ "ဟန်တာ၊ မင်း ကိုယ့်ကို တမင်ပုန်းနေတာ ကိုယ်သိတယ်။ ဒီနေ့ညကို အလဟဿဖြစ်မသွားစေချင်ရင် အခု ထွက်လာခဲ့တော့။"

ဟန်တာက ပြုံးနေဆဲပင်။ ဝင်စတန်က တစ်ညလုံး အဖော်အချွတ်အကကို တင်ဆက်ပြလိမ့်ဟု ဟန်တာ မမျှော်လင့်ထားပေ။ ဝင်စတန်၏လေသံက တည်ငြိမ်နေသော်လည်း သူ၏အမူအရာကနေ သူစိတ်မရှည်ဖြစ်နေမှန်း ဟန်တာ သိပေ၏။ ဟန်တာ ထွက်လာတော့မည့်အချိန် ဝင်စတန့်ကို တစ်စုံတစ်ယောက်က အော်ခေါ်လာသည့်အသံအား ရုတ်တရက် ကြားလိုက်ရသည်။ "အဲ့ဒါ မင်းရဲ့အသံဖြစ်မယ်လို့ ငါထင်သားပဲ။ ဝင်စတန် ဒီကိုလာပြီး ကူညီပေးပါဦး..."

ထိုသူက အိုဝင်ဖြစ်ပြီး အရက်မူးနေသောတစ်စုံတစ်ယောက်ကို ကူတွဲထားရပုံပင်။

ဝင်စတန်က တိတ်ဆိတ်သွား၏။

"အမ်း... မင်း ဘယ်သူ့ကို စကားပြောနေတာလဲ။" အိုဝင်ပေါ်မှီထားသည့် အရက်မူးနေသူက မျက်လုံးများပြူးကျယ်လာ၏။

"ဝင်စတန်။" အိုဝင်က သက်ပြင်းချလိုက်သည်။

ဗီရိုနားမှာရပ်နေသောဟန်တာက ထိုသူတို့မှာ အိုဝင်နှင့် ဆိုင်ရယ်ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ၎င်းတို့က ပုံမှန်ဆို မတည့်ကြပေ။ ယခု အဘယ့်ကြောင့် အတူတူရှိနေရသနည်း။

"ဝင်စတန်... အဲ့ဒီလူယုတ်မာဝင်စတန်..." ဆိုင်ရယ်က ရုတ်တရက် အိုဝင်ဆီကနေ ပြေးထွက်လာပြီး ဝင်စတန့်ဆီပြေးလာခဲ့သော်လည်း ဝင်စတန်က ဘေးသို့ခြေလှမ်းကာ ရှောင်တိမ်းလိုက်သည်။

"သူမူးနေတယ်။" ဝင်စတန်က အေးစက်စွာပြောလိုက်ပြီး စောစောတုန်းက ဟန်တာ့ကိုခေါ်သည့်အသံနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းပင်။

"အဲ့ဒါကြောင့် မင်းကို အကူအညီတောင်းနေတာပေါ့။" အိုဝင်က သက်ပြင်းချရင်း ဆိုင်ရယ်ကို ထိန်းထားပေးလိုက်၏။

"မကူညီနိုင်ဘူး။"

ဝင်စတန်က လှည့်ထွက်သွားရာ ဆိုင်ရယ်က မမျှော်လင့်စွာဖြင့် ရှေ့သို့ပြေးလာပြီး ဝင်စတန့်ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ကာ သူ၏ကျောပြင်ထက် မျက်နှာအပ်ထားလိုက်သည်။ "မသွားပါနဲ့... ငါ့ကို မထားခဲ့ပါနဲ့... ငါ မင်းကို တကယ်ချစ်တာပါ..."

ဟန်တာ သူ့နားမှာ ဗုံးကြဲခံလိုက်ရသလို သူ၏နားထဲ ကျယ်လောင်စွာမြည်ဟည်းသွား၏။ ဆိုင်ရယ် ဘာပြောလိုက်တာ?

"ခင်ဗျား မူးနေပြီ။" ဝင်စတန်က ဆိုင်ရယ်၏လက်ကို ဖယ်ရှားဖို့ကြိုးစားလိုက်သော်လည်း အရက်မူးနေသောဆိုင်ရယ်က အံ့အားသင့်စရာကောင်းလောက်အောင် သန်မာလွန်းလှသည်။ ဝင်စတန် မျက်မှောင်ကြုတ်ကာ အိုဝင့်ကိုကြည့်လိုက်၏။ "ခင်ဗျား ဒီတိုင်းလွှတ်ထားတော့မှာလား။"

အိုဝင်က လက်ဖြန့်ကာ ပခုံးတွန့်ပြလာ၏။ "ငါ့အပေါ်တွယ်ကပ်နေတာထက်စာရင် မင်းဆီကပ်နေတာက ပိုကောင်းတာပေါ့။"

"ငါ အရက်မူးနေပေမဲ့... မင်းကို မှတ်မိနေပါသေးတယ်... ငါ မင်းကိုချစ်တယ်... ငါ မင်းကိုတကယ်ချစ်တာပါ... ငါ မင်းနဲ့ အမြဲတမ်းယှဥ်ပြိုင်ခဲ့တာက ဘာလို့လဲဆိုတော့... မင်း ငါ့ကို သတိထားမိလာအောင်လို့လေ..." ဆိုင်ရယ်၏အသံက မကျေနပ်ချက်တို့နှင့် ပြည့်နှက်နေ၏။

ဟန်တာ လုံးဝကြောင်အမ်းသွားသည်။ ဒါဆို... ဒါက အရက်မူးပြီးပေါက်ကရပြောတာမဟုတ်ဘဲ ဖွင့်ဟဝန်ခံနေတာပေါ့? ဆိုင်ရယ်က ဝင်စတန့်ကို ချစ်နေခဲ့တာလား။

"ငါ ကွာရှင်းလိုက်ပြီ... ငါက မင်းနဲ့ပဲအတူရှိချင်တာ... ကျေးဇူးပြုပြီး ငါ့ကိုလှည့်ကြည့်ပေးပါ... တခြားသူတွေနဲ့ အတူမရှိပါနဲ့..."

ဟန်တာ ပို၍အံ့အားသင့်သွားခဲ့၏။ ဆိုင်ရယ်ရဲ့ အရင်အိမ်ထောင်ရေးကျရှုံးမှုတွေက ဝင်စတန့်ရဲ့အာရုံစိုက်မှုကို ရဖို့အတွက်ပဲလား။ သောက်ကျိုးနည်း! သူ့ကြောင့်နဲ့တောင် ကွာရှင်းခဲ့တာ? အဲ့ထက်ပိုပြီး ကလေးဆန်တာမျိုး ရှိနိုင်သေးရဲ့လား။

"လွှတ်။" ဝင်စတန်၏အသံက ချောက်နက်ထဲထိကို ကျဆင်းသွား၏။

"ဒီလိုမလုပ်ပါနဲ့... ဆိုင်ရယ်က အရက်မူးပြီး မင်းနာမည်ကိုပဲအော်ခေါ်နေတာ။ အစတုန်းကတော့ မင်းကို မကျေနပ်လို့ ဒေါသထွက်နေတယ်ပဲထင်တာ၊ ဒါပေမဲ့ သူက ဖွင့်ပြောချင်နေခဲ့တာကိုး! နားထောင်ရုံနဲ့တင် ငါ့မှာ စိတ်မကောင်းဖြစ်မိတယ်!" အိုဝင်က စာနာမှုအပြည့်ဖြင့် ပြောလာခဲ့သည်။

ဟန်တာ၏စိတ်ထဲမှာ တုန်ယင်နေဆဲပင်။ ဒါကြီးက အံ့သြထိတ်လန့်စရာကောင်းလွန်းတယ်! ဆိုင်ရယ်က ဝင်စတန့်ကို ကြိုက်နေတာတဲ့!

"မင်း သန်မာတဲ့ယောက်ျားတွေကို ကြိုက်တယ်ဆိုတာ ငါသိတယ်... မင်းက အော်ဒရေဝီလ်ဆန့်လိုလူမျိုးကို ဘယ်တုန်းကမှ သဘောမကျခဲ့ဖူးဘူး... အဲ့လို ဟန်ဆောင်မှုအပြည့်နဲ့ အမျိုးသမီးတွေကို မကြိုက်ဘဲ... မင်းရဲ့မျက်လုံးထဲမှာ သန်မာတဲ့..."

"အဲ့ဒါ ခင်ဗျားကိစ္စမဟုတ်ဘူး။ ကျေးဇူးပြုပြီး အခုချက်ချင်းဖယ်လိုက်ပါ။"

ဝင်စတန်က ဆိုင်ရယ်ကိုငြင်းပယ်ရန် သူ၏တည်ငြိမ်အေးစက်သောလေသံကို အသုံးပြုလိုက်သော်လည်း ထိုအခိုက်အတန့်၌ ဟန်တာ၏နှလုံးသားမှာ ထိုးဖောက်ခံရသလို နာကျင်မှုကိုခံစားလိုက်ရသည်။

ဝင်စတန်က သန်မာမှုကိုတန်ဖိုးထားသည်မှာ သံသယမရှိပေ။ ဆိုင်ရယ် သို့မဟုတ် အိုဝင်တို့က ဝင်စတန်နှင့်ယှဥ်လို့ရလောက်အောင် သန်မာသော်လည်း ဟန်တာကတော့ ထိုသို့မဟုတ်ပေ။ သူက ဝင်စတန့်နောက်ကနေသာ လိုက်နိုင်ခဲ့ပြီး အဝေးကနေသာ သူ့ကိုကြည့်နေနိုင်ခဲ့သလို ကလေးတစ်ယောက်လိုသာ ဂရုစိုက်ခံခဲ့ရသည်။

သူ၏နှလုံးသားက ရေခဲနှင့်ဖုံးလွှမ်းခံလိုက်ရသလိုနှယ်။

နောက်ဆုံးတွင် ဝင်စတန်က အားဖြင့်တွန်းထုတ်လိုက်ပြီး ဆိုင်ရယ်အား အိုဝင့်ပေါ်သို့ယိုင်ကျသွားစေခဲ့သည်။

"ဟေး! ဝင်စတန်!" အိုဝင်က မြေပြင်ပေါ်လဲကျသွားပြီး ဆိုင်ရယ်က သူ့ပေါ်ကနေ ပိကျလာလေ၏။

ဝင်စတန်က ရှေ့သို့ ဆက်လျှောက်ပြီး ခေါင်းလှည့်ကြည့်လိုက်ရာ ဟန်တာ့ကို တွေ့သွားခဲ့သည်။

"ဒီတော့ ဒီနေရာမှာပုန်းနေတာပေါ့။" ဝင်စတန်က သူ့ဆီကို လျှောက်လာနေ၏။

ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ဟန်တာ နံရံထဲကို ပျော်ဝင်သွားချင်နေခဲ့သည်။ "ဟားဟား... ကျွန်တော်သာ ပုန်းမနေရင် ဆိုင်ရယ်ဖွင့်ပြောတာကို ဘယ်လိုလုပ်ပြီး မြင်နိုင်တော့မှာလဲ!" ဟန်တာက ဝင်စတန်၏ကံဆိုးမှုကို တမင်ဟားတိုက်နေသလို ကြိုးစားလိုက်၏။

"တကယ်လား။" ဝင်စတန်က ဗီရိုဘေးကို လက်ထောက်လိုက်သည်။ ဟန်တာက အခြားတစ်ဖက်ကနေ လစ်ထွက်ရန်ပြင်လိုက်သည်နှင့် ဟန်တာက အခြားလက်တစ်ဖက်ကို ပါ နံရံပေါ် ထောက်လိုက်ပြီး ဟန်တာ့အား သူနှင့်နံရံကြားမှာ ချောင်ပိတ်ထားခဲ့သည်။ ၎င်းတို့က အလွန်နီးကပ်နေသဖြင့် ဟန်တာ ဝင်စတန်၏အသက်ရှူသံကိုတောင် ခံစားမိနေ၏။ ဝင်စတန်က သူ၏မျက်နှာကိုစောင်းလိုက်ရာ ဟန်တာ၏အမူအရာကို သေချာကြည့်နေသလိုထင်ရသော်လည်း ၎င်းမှာ သူ့ကိုနမ်းတော့မလိုမျိုးနှင့် ပို၍တူနေသည်။

"အင်း။" ဟန်တာက ခိုင်ခိုင်မာမာပြန်ပြောလိုက်သည်။

"ဆိုင်ရယ်က တကယ်အရက်မူးနေတာမဟုတ်ဘူး။ သူ့ရဲ့အရက်ခံနိုင်ရည်က မြင့်တယ်။" ဝင်စတန်က ပြောလာ၏။

"ဘာ?" ဟန်တာ၏အသံက ကျယ်သွားပြီး ဆိုင်ရယ်ကို လှမ်းကြည့်လိုက်သည်။

အိုဝင်က သက်ပြင်းချကာ ထရပ်လိုက်ပြီး ကြမ်းပြင်ထက် ကြောင်အမ်းစွာထိုင်နေသော ဆိုင်ရယ့်ကို ကန်လိုက်၏။ "ထတော့။ ငါတို့ကိုမိသွားပြီ။"

"သေလိုက်ပါတော့ကွာ! ငါသရုပ်ဆောင်တာ မကောင်းဘူးလား။" ဆိုင်ရယ်က ညည်းတွားရင်း တွန့်ဆုတ်စွာဖြင့် ထရပ်လိုက်သည်။

"ခင်ဗျားတို့ ကျွန်တော့်ကို လှည့်စားချင်ရင် ပထမဆုံးတွေ့ဆုံမှုမှာကတည်းက အစပျိုးသင့်တယ်။" ဝင်စတန်က ပြောလိုက်သည်။

"သေစမ်း! အဲ့ဒီဝန်ခံမှုက လုံးဝသောက်ကျိုးနည်းကို အလဟဿဖြစ်သွားပြီ! သောက်ရမ်းရွံစရာကောင်းတယ်။ ငါ့မှာ ကြက်သီးတွေကိုထနေတာပဲ!" ဆိုင်ရယ်က အိုဝင့်ကို စိုက်ကြည့်လိုက်သည်။ "မင်းရဲ့ တုံးအတဲ့အကြံအစည်က အလကားပဲ!"

"ဘာကို အလကားပဲလဲ။ အနည်းဆုံးတော့ မင်းကို အော်ဂလီဆန်အောင် လုပ်နိုင်ခဲ့တယ်လေ။" အိုဝင်က ပခုံးတွန့်ပြလိုက်သည်။

"ငါ မင်းကိုချစ်တယ်၊ ငါ မင်းကိုတကယ်ချစ်တယ်။ ငါ မင်းနဲ့ အမြဲတမ်းယှဥ်ပြိုင်ခဲ့တာက ဘာလို့လဲဆိုတော့ မင်း ငါ့ကို သတိထားမိလာအောင်လို့။" ဝင်စတန်က ဟန်တာ့ကိုကြည့်ကာ ဆိုင်ရယ်၏ဝန်ခံချက်တို့ကို သူ၏ထူးခြားသောလေသံဖြင့် ပြောလာခဲ့၏။ ဆိုင်ရယ်၏အသံက ထိန်းချုပ်မှုနှင့် ခုခံမှုတို့ပါဝင်နေသော်လည်း ဝင်စတန်၏အသံမှာတော့ လိုလားမှုတို့ကို သယ်ဆောင်ထားသည်။ ထိုအခိုက်အတန့်၌ ဟန်တာ၏နှလုံးသားမှာ ခုန်ပေါက်လာခဲ့၏။

ဝင်စတန်က ခေါင်းငုံ့ကာ ဟန်တာ့ကိုကြည့်နေပြီးနောက် ဆိုင်ရယ့်ကိုလှည့်ကြည့်လိုက်သည်။ "ဒီဝန်ခံချက်က ကျွန်တော့်ကို စနောက်သလိုဟန်ဆောင်ရင်း အိုဝင်လောရန့်စ်ကို ရည်ရွယ်ပြီးပြောနေတာလို့ ထင်ခဲ့တာ။"

ဟန်တာ၏နှလုံးသားလေးမှာ နစ်မြုပ်သွားပြီး ရုတ်တရက် စိတ်ပျက်မှုတို့ကို ခံစားလိုက်ရသည်။

(ဟန်တာက သူ့ကိုပြောတယ်လို့ထင်နေတာပါ။)

"ဘာ... ဘာတွေပြောနေတာလဲ! အဲ့ဒီစကားတွေက အိုဝင်စီစဥ်ထားတာတွေ! ငါသာ မင်းကို အော်ဂလီဆန်တဲ့တစ်ခုခုကို ဝန်ခံလိုက်မယ်ဆိုရင် မင်းရဲ့တုံ့ပြန်မှုကို မြင်နိုင်လိမ့်မယ်လို့ သူကပြောခဲ့တာ! မင်း ငါ့ကိုတွေ့တိုင်း ထွက်ပြေးချင်အောင်လုပ်နိုင်မယ်လို့ ထင်နေခဲ့တာ!" ဆိုင်ရယ်က အော်ပြောလိုက်၏။

အိုဝင်က အိတ်ကပ်ထဲလက်ထည့်ထားရင်း မျက်နှာကြီးကမည်းသည်းနေ၏။ "မင်း အဲ့ဒါကို လျှို့ဝှက်ထားလိုက်လို့မရဘူးလား။"

"အရေးကြီးဆုံးက ဒါက အစကတည်းကမဖြစ်နိုင်တဲ့အရာပဲလေ! ဒီရေခဲတုံးမျက်နှာက ငါတို့အားလုံးကို မြင်နေပြီးသားကွ! မင်းက သရုပ်ဆောင်ကောင်းတယ်မလား၊ ဘာလို့ မင်းကိုယ်တိုင် ဝန်မခံခဲ့ရတာလဲ။"

"သူက ငါ့ရဲ့ပုံစံမဟုတ်တာကို ဝင်စတန်က သိတယ်လေ။ ငါသာ ဂေးဆိုရင် ဟန်တာ့ကိုပဲ ရွေးလိုက်မှာပေါ့။ သူကမှ ပိုပြီးချစ်စရာကောင်းသေးတယ်!"

"ဘာ! ကျွန်တော် ဂေးဖြစ်ခဲ့ရင်တောင် ခင်ဗျားကို ရွေးမှာမဟုတ်ဘူး" ရုတ်တရက်ဆိုသလို ဟန်တာ ဝင်စတန်၏လက်မောင်းများကြားနေ ထွက်လာနိုင်ခဲ့ပြီး အိုဝင့်ဆီကို ချီတက်လိုက်သည်။ "ပြီးတော့ 'ပိုပြီးချစ်စရာကောင်းတယ်' ဆိုတာ ဘာသဘောလဲ။"

ထိုအခိုက် အိုဝင်က ဟန်တာ၏နားရွက်နား တိုးကပ်လာပြီး သူတစ်ယောက်တည်းကြားနိုင်စေရန် တီးတိုးပြောလာ၏။ "ဆိုင်ရယ်ရဲ့ဝန်ခံမှုက စနောက်မှုတစ်ခုဆိုပေမဲ့ အဲ့လိုဝန်ခံချက်မျိုးတွေက အနာဂတ်မှာ ဆက်ရှိလာနိုင်တယ်။ ဝင်စတန်က တစ်ယောက်၊ နှစ်ယောက်၊ သုံးလေးယောက်လောက်ကို ငြင်းခဲ့ရင်တောင်... နောက်ဆုံးမှာ သူလက်ခံလိုက်မဲ့အချိန်ကို ရောက်လာမှာပဲ။"

ထိုအခိုက်အတန့်၌ ဟန်တာ၏အသက်ရှူသံက သူ၏လည်ချောင်းထဲမှာတစ်ဆို့သွားပြီး သူ့ခန္ဓာကိုယ်ထဲမှ ဆဲလ်တိုင်းက နာကျင်လာခဲ့သည်။ သူ မှင်တက်စွာရပ်နေမိပြီး သူ၏ခြေလက်များကို မည်သို့လှုပ်ရှားရမှန်း မသိတော့ချေ။

ထို့နောက် အိုဝင်က ပြန်မတ်ကာ ဆိုင်ရယ်ဆီ ပြန်လျှောက်သွားလိုက်ပြီး လက်ဖြန့်ပေးလိုက်သည်။

"ဟမ့်!" ဆိုင်ရယ်က သူ့အိတ်ကပ်ထဲမှ ချက်လက်မှတ်ကို ထုတ်ယူလိုက်ပြီး အိုဝင်၏လက်ထဲ ရိုက်ချပေးလိုက်၏။ "တစ်နေ့နေ့မှာ မင်း ပိုက်ဆံနဲ့ အရိုက်ခံရပြီး သေရလိမ့်မယ်!"

"ဘယ်လိုတောင် ကြည်နူးစရာကောင်းတဲ့ သေခြင်းတရားလဲ။"

ဆိုင်ရယ်၏ဝန်ခံချက်က နှစ်ဦးသား၏ အလောင်းအစားတစ်ခုပင်။

"ဟန်တာ။" ဝင်စတန်၏အသံက တိုးလျနေ၏။ သူ ဟန်တာ၏လက်မောင်းကို ဆုပ်ကိုင်ကာ သူ့ဆီကိုဆွဲခေါ်လိုက်သည်။ "အိုဝင်က ဘာပြောသွားတာလဲ။"

"ဘာမှမဟုတ်ပါဘူး။ ဒီည FIA ပါတီက သူ့အတွက် ပျင်းစရာကောင်းနေတာထင်တယ်။" ဟန်တာက ကြိုးစား၍ပြုံးလိုက်၏။

ထိုစဥ် အိုဝင်က ဆိုင်ရယ့်ကိုပခုံးဖက်ကာ ထွက်လာခဲ့သည်။ ဆိုင်ရယ်က သူ၏လက်ကို စိတ်အနှောင့်အယှက်ဖြစ်စွာ ဖယ်ချလိုက်သည်။ "ခွေးကောင်! မင်းက နှစ်တိုင်း ဒီလှည့်ကွက်တစ်ခုတည်းကိုပဲ ကစားနေတာ။ တခြားလူတွေက အဲ့ဒါကိုသတိမပြုမိဘူးလို့ ထင်နေတာလား။"

"အဲ့ဒါကြောင့် မင်းနဲ့ နေရာပြောင်းလိုက်တာလေ! ငါတို့ လူသစ်တွေကို ဘယ်ချိန်လောက်မှရနိုင်မလဲဆိုတာကို ဘယ်သူသိမှာလဲ။"

"မင်း ငါ့ကိုအရူးလုပ်ဖို့ကြိုးစားနေတာလား။"

"တကယ်တော့... မင်း စောစောက ဝင်စတန့်ကိုဖွင့်ပြောခဲ့တာကို ငါမှတ်တမ်းတင်ထားတယ်!"

"ဘာ!"

__

စာရေးသူမှာ ပြောစရာရှိပါတယ်:

ကြက်ဥကြော်နေရင်း:

ဟန်တာ: ကျွန်တော် ဒီဘောပင်ကိုလိုချင်တယ်!

ဝင်စတန်: သေချာလား။

ဟန်တာ: ဒါပေါ့!

ဝင်စတန်: ကိုယ့်မှာ နောက်တစ်ခုရှိသေးတယ်။ အဲ့ဒါကိုယူဖို့ ကိုယ်နဲ့လိုက်ခဲ့လိုက်။

ဟန်တာ: ဟုတ်ပြီ... ဟေး! ဘောပင်ပေးမှာကို ဘာလို့ ကျွန်တော့်အင်္ကျီကို လာချွတ်နေတာလဲ!

ဝင်စတန်: မင်း မလိုချင်ဘူးလား။

ဟန်တာ: ဘောပင်ပေးမှာကို ဘာလို့ ကျွန်တော့်ဘောင်းဘီကို ချွတ်နေတာလဲ!

ဝင်စတန်: မင်း မလိုချင်ဘူးလား။

ဟန်တာ: ဘောပင်ပေးမှာကို ဘာလို့ ကျွန်တော့်အတွင်းခံကို ချွတ်နေရတာလဲ! အခုလွှတ်!

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment