no

Font
Theme

အမြင်အာရုံသက်ရောက်မှု (၂)

ဝင်စတန်၏အမူအရာက ဘာကိုမှပြသမနေသော်လည်း ဟန်တာ စိတ်ပျက်သွားမိ၏။ အော်ဒရေဝီလ်ဆန်က အမြဲလိုလို သူ့ဆီကိုချဥ်းကပ်ပြီး တူညီသောအကြောင်းအရာများ ဆွေးနွေးခဲ့လျှင်တောင် ၎င်းက 'ဘာမှမဟုတ်ဘူး' ဖြစ်နေဆဲပဲလား။

ထို့ပြင် သူက သူ(မ)ကိုတောင် ပွေ့ဖက်ထားခဲ့သည်...

ထိုစဥ် အော်ဒရေက ဓာတ်လှေကားထဲဝင်သွားပြီး သူ(မ)ကိုယ်သူ(မ) ပွေ့ဖက်ကာ သက်ပြင်းချလိုက်သည်။ ယနေ့ သူ(မ)သည် ဝင်စတန်နှင့် 'အမှတ်မထင်ဆုံတွေ့ရန်' ဤစားသောက်ဆိုင်သို့ တကူးတက မနက်စာလာစားခဲ့၏။ ဒီနေ့၏ဝင်စတန်က မီဒီယာများကို မျက်နှာချင်းဆိုင်ခဲ့သောဝင်စတန်နှင့် လုံးဝကွဲပြားနေသည်။ သူက သတင်းစာဖတ်နေပြီး စာရွက်များကို လှန်နေစဥ် သူ၏မျက်ခုံးများကလည်း ပျောင်းပျောင်းနေ၏။ ရံဖန်ရံခါ စားသောက်ဆိုင်ဝင်ပေါက်ကို တမျှော်မျှော်နှင့် ကြည့်နေပုံက တစ်စုံတစ်ယောက်အား စောင့်နေသလိုပင်။

သူ(မ)က ဒေါက်ဖိနပ်ကို တမင်စီးလာပြီး သူ့ကိုဖြတ်လျှောက်သွားချိန်၌ ခြေချင်းဝတ်လိမ်သွားသလိုဟန်ဆောင်ကာ သူ့ဘက်သို့လဲကျသွား၍ သူ၏ရင်ခွင်ထဲသို့ အောင်မြင်စွာသက်ဆင်းနိုင်ခဲ့သည်။ သူ၏လက်မောင်းများက သန်မာပြီး သူ(မ)အား ယောက်ျားဆန်သော ခွန်အားတစ်ခုနှင့် လုံခြုံသောခံစားမှုတို့ကို ပေးစွမ်းနေ၏။ သို့သော် သူ၏ ရေခဲတမျှအေးစက်နေသောအသံ ထွက်ပေါ်လာသောအခါ သူ(မ)မျှော်လင့်ထားသလိုဖြစ်မလာကြောင်း အော်ဒရေသိလိုက်ရ၏။

"ဟန်တာ ခင်ဗျားကို ထိန်းပွေ့ပေးထားအောင် ဒီလှည့်ကွက်ကို သုံးခဲ့တာလား။"

"ငါ..."

ဝင်စတန်၏ ပွင့်လင်းသောစကားလုံးများက အော်ဒရေ့အား ဆွံအသွားစေခဲ့သည်။

"အပြင်ပိုင်းမှာ ဟန်တာက ကလေးဆန်တယ်လို့ထင်ရပေမဲ့ တကယ်တော့ သူက လူကြီးလူကောင်းဆန်တဲ့သူတစ်ယောက်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့လိုမဟုတ်ဘူး။" ဝင်စတန်က တွန့်ဆုတ်မှုမရှိဘဲ သူ(မ)ကို တွန်းထုတ်လိုက်၏။ "ဟန်တာ့အပေါ်မှာ အသုံးချခဲ့တဲ့ လှည့်ကွက်တွေကိုသုံးပြီး ကျွန်တော့်ဆီချဥ်းကပ်မလာနဲ့။ ခင်ဗျားက အတွေ့အကြုံရှိတဲ့ သတင်းထောင်တစ်ယောက်ပါ၊ ခင်ဗျားရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို ထိန်းသိမ်းသင့်တယ်။"

အော်ဒရေ၏မျက်နှာမှာ နီရဲနေတော့သည်။ "ငါ တောင်းပန်ပါတယ်။"

သူ(မ)က ထွက်ပြေးသွားသလိုမျိုး အမြန်ပြေးထွက်လာခဲ့သည်။ တံခါးနားမှာရှိနေသော ဟန်တာ့ကိုမြင်လိုက်ရသောအခါ သူ(မ) ရှက်ရွံ့သွားခဲ့ရသည်။

အနည်းငယ် စိတ်ဓာတ်ကျနေသော်လည်း ဝင်စတန်က သူ၏စပါကတီထဲကနေ ဂျာမန်ဝက်အူချောင်းကိုယူကာ သူ့ရှေ့မှာချပေးလာသည့်အတွက် ဟန်တာ၏စိတ်အခြေအနေက တောက်ပလာ၏။ သူက Abu Dhabi ရှိ Emirates Palace မှာကျင်းပမည့် ပါတီအကြောင်းကို စိတ်အားထက်သန်စွာ ပြောဆိုနေခဲ့သည်။

"အဲ့ဒီဟိုတယ်ကို နိုင်ငံ့အကြီးအကဲတွေက မကြာခဏ အသုံးပြုတတ်တယ်လို့ ကျွန်တော်ကြားတယ်! အဲ့ဒါက သိပ်ကိုမခမ်းနားလွန်းဘူးလား။" ဟန်တာက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

"ဟိုတယ်က နည်းနည်းကြီးတယ်၊ လမ်းမပျောက်စေနဲ့။" ဝင်စတန်က အသီးဖျော်ရည်ကို တစ်ငုံသောက်လိုက်သည်။

"ဘယ်လိုလုပ်ပြီး လမ်းပျောက်ရမှာလဲ!"

ဝင်စတန်၏နှုတ်ခမ်းလွှာက ဖန်ခွက်၏နှုတ်ခမ်းဝကိုထိကာ အအေးများက သူ့ပါးစပ်ထောင့်ကနေ ယိုဖိတ်လာသောအခါ ဟန်တာ၏နှလုံးသားမှာ စည်းချက်လွဲသွားရသည်။

"ဘာတွေကြည့်နေတာလဲ။" ဝင်စတန်က မေးလာ၏။

"ဘာ-ဘာမှမဟုတ်ပါဘူး... ခင်ဗျား ဘာအအေးသောက်နေတာလဲလို့ စဥ်းစားနေတာ။" ဟန်တာက ဆင်ခြေတစ်ခုကို အမြန်ရှာလိုက်သည်။

သူ ဝင်စတန့်ကိုကြည့်နေရသည်အား ပို၍သဘောကျလာကြောင်း ဟန်တာ သတိပြုမိခဲ့သည်။ ကမ္ဘာပေါ်၌ ပို၍နုနယ်သော အသွင်အပြင်များနှင့် ပို၍ကျက်သရေရှိကာ ပို၍ဆွဲဆောင်နိုင်သော အမျိုးသမီးများစွာရှိသော်လည်း ဝင်စတန်၏ ထူးခြားသောအရှိန်အဝါက အမြဲတမ်း သူ့ကိုဆွဲဆောင်ထားခဲ့သည်။

ဟန်တာ စပါကတီစားရန် အလျင်အမြန်ခေါင်းငုံ့လိုက်သည်နှင့် သူ့အရှေ့မှာထိုင်နေသောလူက သူ၏အအေးခွက်ကို ရုတ်တရက် အနားသို့တိုးကပ်ပေးလာပြီး မနက်ခင်းနေခြည်နွေးလို သိမ်မွေ့နူးညံ့သောလေသံဖြင့် ပြောလာ၏။ "မြည်းကြည့်ပြီး ဘာအရသာလဲဆိုတာ ခန့်မှန်းကြည့်။"

လှပသွယ်လျသော သူ၏လက်ချောင်းများက ဖန်ခွက်ကိုကိုင်ထားပြီး သူ၏ ကြော့ရှင်းသောလက်ကောက်ဝတ်လှုပ်ရှားမှုတို့က ဟန်တာ့အား ၎င်းတို့ကို ဆုပ်ကိုင်ထားချင်စိတ်တို့ ဖြစ်ပေါ်လာစေခဲ့သည်။ ဝင်စတန်က အခြားလက်တစ်ဖက်နှင့် မေးထောက်ထားပြီး ပြုံးမနေသော်လည်း ဟန်တာ နွေးထွေမှုကိုခံစားလိုက်ရသည်။ ဟန်တာက ပါးစပ်ဟကာ ဖန်ခွက်၏နှုတ်ခမ်းဝနှင့် ထိတွေ့လိုက်သည်။ ဝင်စတန်က သူ၏လက်ကို အနည်းငယ်ဆန့်ထုတ်ကာ ဟန်တာ၏ပါးစပ်ထဲသို့ အအေးများစီးဝင်သွားစေရန်အလို့ငှာ အအေးခွက်ကို စောင်းပေးလိုက်သည်။

အရသာက ချိုချိုချဥ်ချဥ်နှင့် ဟန်တာ ၎င်းအားပြန်လွှတ်ပေးလိုက်ဖို့ကို တွန့်ဆုတ်နေခဲ့၏။

"ဘာဖျော်ရည်လို့ထင်လဲ။" ဝင်စတန်အသံက ထွက်ပေါ်လာသည်။

"အမ်... ကျွန်တော် မခန့်မှန်းနိုင်ဘူး။" ဟန်တာ ပန်းသီးအရသာကို ခံစားမိလိုက်သော်လည်း တမင်ထုတ်မပြောခြင်းပင်။

ဝင်စတန်က ပျော့ပျောင်းစွာရယ်မောခဲ့သည်။ "မင်းက အရသာမခံတတ်ဘူးပဲ။"

"မဟုတ်ပါဘူး! အသီးဖျော်ရည်တွေအားလုံးက ချိုချဥ်အရသာတွေချည်းပဲကို။ နောက်တစ်ငုံလောက် ပေးသောက်ကြည့်!"

ဝင်စတန်က သူ့ဘာသာသူ နောက်တစ်ငုံသောက်လိုက်ရာ ဟန်တာက သူ၏နှုတ်ခမ်းထောင့်များကို ငေးမောကြည့်နေမိရင်း သူ၏အတွေးများက ဖျော်ရည်အဖြစ်ပြောင်းလဲသွားပြီး ဝင်စတန်၏နှုတ်ခမ်းလွှာကြားနေ စီးဝင်ကာ သူ၏လျှာပေါ်မှာ ရစ်သီနေသလို ခံစားလိုက်ရသည်။

"ဟုတ်ပါပြီ။" ဝင်စတန်က စိတ်ရှည်စွာဖြင့် သူ၏လက်ကို နောက်ထပ်တစ်ဖန် ဆန့်ထုတ်ပေးလာရာ ဟန်တာ သူ့အနားသို့ တိုးကပ်သွားလိုက်သည်။ ဖန်ခွက်ကို သူ့ဘာသာသူ ယူလိုက်လို့ရသော်လည်း ဝင်စတန်ကိုယ်တိုင် သူ့ကိုခွံ့ပေးလာစေရန် သူ၏လက်များအား ခက်ရင်းနှင့်ဓါးကိုကိုင်ထားရင်း အလုပ်ပေးထားလိုက်၏။

"အခု အရသာခံနိုင်ပြီလား။" ဝင်စတန်က မေးလာသည်။

"ပန်းသီးဖျော်ရည်! ပြီးတော့ သင်္ဘောသီးလည်းပါတယ်!" ဟန်တာက ထိုသို့ပြောကာ နှုတ်ခမ်းသပ်လိုက်သည်။

ပြီးတော့ ခင်ဗျားနဲ့တူတဲ့အရသာလည်းရတယ်။

"ဖြစ်နိုင်ပါတယ်။ ကိုယ်က သင်္ဘောသီးသိပ်မကြိုက်ဘူး။" ဝင်စတန်က ပြောလာ၏။

"ဒါဆို ကျွန်တော့်ကို ပေးသောက်လိုက်တော့။"

"မင်း အအေးသောက်ချင်လို့လား။" ဝင်စတန်က မေးလာခဲ့၏။

"ဘာလို့သောက်လို့မရရမှာလဲ။" ဟန်တာက ပြန်ပြောလိုက်သည်။

သူက ဖန်ခွက်ကို လိုချင်ရုံပဲ။

"ကိုယ် မင်းအတွက် နောက်တစ်ခွက်မှာပေးမယ်။"

"ခင်ဗျား ကျွန်တော့်အတွက် ဘာမှာပေးမှာလဲ။"

ကျွန်တော် နောက်တစ်ခွက်မလိုချင်ဘူး။ ခင်ဗျားဟာပဲလိုချင်တာလို့!

ဝင်စတန်က လက်မြှောက်လိုက်ရာ စားပွဲထိုးက ချဥ်းကပ်လာခဲ့သည်။ "ချယ်ရီဖျော်ရည်တစ်ခွက်ပေးပါ။"

"ဘာလို့ ချယ်ရီဖျော်ရည်လဲ။" ဟန်တာက စိတ်မကျေနပ်သလို ခံစားလိုက်ရသည်။

"'ချယ်ရီ' က 'cherish' နဲ့ အသံထွက်တူတယ်လို့ မထင်ဘူးလား။" ဝင်စတန်က ပြောလာ၏။

(TN/ချဲရစ်ရှ် - မြတ်နိုးတန်ဖိုးထားတာပါ။)

ဟန်တာတစ်ယောက် သူ၏နှလုံးသားအား ဝင်စတန်၏ လက်ချောင်းလှလှလေးများဖြင့် ဆုပ်ကိုင်ခံရသလို ခံစားလိုက်ရသည်။

"ကျွန်တော်က... ကျွန်တော်က မိန်းကလေးမှမဟုတ်တာ! ဘာကို မြတ်နိုးစရာရှိလို့လဲ!" ဟန်တာက တစ်စုံတစ်ခုကို ဖုံးကွယ်ချင်နေသလိုမျိုး အော်ပြောလိုက်သည်။

"ကိုယ်တို့ရဲ့ပစ္စုပ္ပန်ကို မြတ်နိုးတန်ဖိုးထားဖို့။ ကိုယ် တစ်စုံတစ်ယောက်အတွက် ချယ်ရီဖျော်ရည်မှာပေးဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ။ အဲ့ဒါကြောင့်..." ဝင်စတန်က ဟန်တာ၏မျက်လုံးထဲကို တည့်တည့်စိုက်ကြည့်လာသည်။ "မင်း တခြားတစ်ယောက်ယောက်အတွက် ချယ်ရီဖျော်ရည်မှာပေးတာကိုသာ ကိုယ်တွေ့ခဲ့မယ်ဆိုရင်..."

"အဲ့လိုဆို....?" ဟန်တာ မွန်ထရီရယ်မှာတုန်းက သူ ဘား၏အပြင်ဘက်မှာ အမျိုးသမီးတစ်ယောက်နှင့် ဆေးလိပ်သောက်ခဲ့ချိန်ကို သတိရမိသွားပြီး ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူက သူ(မ)နှင့်ပရောပရည်လုပ်ရန် ဝင်စတန်၏အမူအရာတို့ကို တုပခဲ့သော်လည်း ဝင်စတန့်ဆီမှာ အဖမ်းခံခဲ့ရ၏။ ဝင်စတန်က ဘာမှမပြောခဲ့သော်လည်း သူ ထိုကိစ္စနှင့်ပတ်သက်၍ အရှက်ရနေခဲ့သည်။

"မင်းကိုကိုင်တွယ်ဖို့ ကိုယ့်မှာ နည်းလမ်းရှိပြီးသား။"

"ကျွန်တော့်ကို ဘယ်လိုကိုင်တွယ်မှာလဲ။"

"ဒါဆို မင်းသိရအောင်လို့ စမ်းကြည့်လိုက်မလား။"

"... ထားလိုက်ပါတော့..." ဟန်တာ နောက်ပြန်ဆုတ်လိုက်၏။

"ဒီညအတွက် ဝတ်စုံပြင်ပြီးပြီလား။" ဝင်စတန်က ပေါ့ပေါ့ပါးပါး မေးလာခဲ့သည်။

"PR မန်နေဂျာ စီစဥ်ထားတယ်။ သူတို့က ကျွန်တော့်ဆံပင်ကိုလည်း တစ်ခုခုလုပ်ဦးမယ်ထင်တယ်။"

"ဝမ်းနည်းစရာပဲ။"

"ဘာကိုဝမ်းနည်းတာလဲ?"

"သူတို့က မင်းရဲ့ဆံပင်အတွက် သေချာပေါက် ဂျယ်သုံးလိမ့်မယ်။"

"...ဒါပေမဲ့ ရေနဲ့ပဲဆိုရင်လည်း မရဘူးမလား။ ကျွန်တော့်ဆံပင် ပုံပျက်သွားမှာပေါ့။" ဟန်တာက သူ၏ရှေ့ဆံပင်များကို ထိကြည့်လိုက်၏။ သူ ဆံပင်မညှပ်တာကြာပြီဖြစ်၍ ဆံပင်များက ရှည်လာလေပြီ။ "ဟေး၊ ခင်ဗျား မှတ်မိသေးလား။ ဖယ်ရာရီပရဟိတပွဲမှာ ခင်ဗျား ကျွန်တော့်ဆံပင်ကို ပုံသွင်းပေးခဲ့ဖူးတယ်!"

"အင်း၊ ကိုယ်မှတ်မိတယ်။ မင်းရဲ့ဆံပင်က အရမ်းနူးညံ့တယ်။"

"တကယ်?" ဟန်တာက သူ၏ဆံပင်များကို ဆွဲယူကြည့်လိုက်သည်။ "ကျွန်တော် buzz cut ညှပ်မလားလို့ စဥ်းစားနေတာ။"

"အခုအတိုင်းက အဆင်ပြေပါတယ်။ တိုလွန်းသွားရင် ကိုယ့်လက်တွေကို လာထိုးနေလိမ့်မယ်။"

ဟန်တာက ရယ်မောလိုက်၏။ "ခင်ဗျားလက်တွေကို လာထိုးမယ်? ကြည့်ရတာ ခင်ဗျားက ကျွန်တော့်ခေါင်းကို နေ့တိုင်း ပွတ်သပ်ချင်နေတဲ့ပုံပဲ။"

ဝင်စတန်က ပြန်မဖြေခဲ့ချေ။

ဟန်တာက မျက်စပစ်ကာ သူ့အနားသို့တိုးကပ်သွား၏။ "ခင်ဗျားရဲ့ အဖော်အချွတ်အကကို မမေ့လိုက်နဲ့ဦး!"

ဟန်တာ ဝင်စတန့်၏မျက်နှာပေါ်မှ အမူအရာတချို့ကိုမြင်တွေ့ရရန် မျှော်လင့်ထားသော်လည်း အံ့အားသင့်စရာမှာ ဝင်စတန်၏အမူအရာက လုံးဝပြောင်းလဲမသွားခဲ့ချေ။

"ကိုယ်မမေ့ပါဘူး။"

"ဒါပဲလား။ ခင်ဗျား နည်းနည်းလေးတောင် ရှက်မသွားဘူးလား။" ဟန်တာက စိတ်ပျက်သွားလေ၏။

ဝင်စတန်က ဟန်တာ့လိုပင် အနားသို့ တိုးကပ်လာခဲ့သည်။ "ကိုယ် အရှက်ရသွားမယ်ဆိုရင် ကိုယ်ရှုံးတာပေါ့။"

စပါကတီများ ပလုတ်ပလောင်းသွတ်သွင်းထားသော ဟန်တာက မော့ကြည့်လိုက်သောအခါ နှုတ်ခမ်းလွှာပေါ်မှာ အပြုံးခပ်ရေးရေးနှင့်ဝင်စတန့်ကို တွေ့လိုက်ရ၏။

မနက်စာစားပြီးနောက် ဟန်တာနှင့် သူ၏အဖွဲ့က Yas Marina မှထွက်ကာ Emirates Palace ဟိုတယ်ဆီ ဦးတည်ခဲ့ကြသည်။ ၎င်းက အာရေဗျပင်လယ်ကွေ့မှာတည်ဆောက်ထားသော ကြယ်ရှစ်ပွင့်ဟိုတစ်တစ်လုံးဖြစ်ပြီး တုနှိုင်းမရသော ဇိမ်ခံမှုများကို ထောက်ပံ့ပေးထားသည့် အတွင်းပိုင်အပြင်အဆင်များနှင့်အတူ ကီလိုမီတာရှည်လျားသော သီးသန့်ကမ်းခြေတစ်ခုဖြစ်သည်။

ဟန်တာတစ်ယောက် မျက်လုံးများကန်းပြီဟုတောင် ခံစားလိုက်ရသည်။

ဟိုတယ်ရောက်သော် PR မန်နေဂျာက သူ၏ဝတ်စုံကို စမ်းဝတ်ကြည့်ဖို့ ဟန်တာ့ကိုပြောလာသည်။ မားကပ်ကမူ မိတ်ကပ်ဆရာကိုတောင် ငှားထားလေ၏။

"ကျွန်တော့်မှာ တင်းတိပ်လေးနည်းနည်းပဲရှိတာပါ... ဒါကြီးက တကယ်လိုအပ်လို့လား။" သူတို့က သူ့မျက်နှာပေါ်မှာ ပေါင်ဒါတစ်လွှာလုံးဖုံးပေးဖို့ စီစဥ်ထားကြတာလား။

"ဟန်တာ! ငါ့ရဲ့ဟန်တာလေး! မင်းက အခု လက်ရွေးစင်ပြိုင်ကားမောင်းသမားတစ်ယောက်ဆိုတာကို မမှတ်မိဘူးလား။" မားကပ်စ်က သူ့ကိုရှင်းပြလာ၏။

"... ကျွန်တော်က အမြဲတမ်း ထိပ်တန်းပြိုင်ကားမောင်းသမားပဲလေ၊ ဘယ်တော့မှပြောင်းလဲမသွားဘူး။" ဟန်တာက ပခုံးတွန့်ပြလိုက်သည်။

"အေး၊ လွန်ခဲ့တဲ့လေးလလောက်တုန်းကတော့ အောက်ကနေရေရင် 'ထိပ်ဆုံး'ပဲ။ မင်းရဲ့နာမည်ကို ဦးဆောင်သူစာရင်းထဲမှာတောင် ရှာလို့မတွေ့နိုင်ခဲ့ဘူး! ဒါပေမဲ့ အခု မင်းက ဝင်စတန်တို့၊ ဆိုင်ရယ်တို့နဲ့တောင် ယှဥ်ပြိုင်နိုင်တဲ့ ပြိုင်ကားမောင်းသမားတစ်ယောက်ဖြစ်လာပြီကွ! အရေးကြီးဆုံးကဘာလဲသိလား၊ မင်းရဲ့အသက်က နှစ်ဆယ်တောင်မပြည့်သေးတာပဲ! အဲ့ဒါကြောင့် မင်းရဲ့ပုံရိပ်ကို အာရုံစိုက်ဖို့လိုတယ်!"

ဟန်တာ၏မျက်လုံးများက တောက်ပလာခဲ့သည်။ "အခု ကျွန်တော်က ဝင်စတန်တို့၊ ဆိုင်ရယ်တို့နဲ့ ယှဥ်ပြိုင်နိုင်တဲ့ ပြိုင်ကားမောင်းသမားတစ်ယောက်ပဲ!"

"ဟုတ်တယ်! ဒီပွဲကို FIA က စီစဥ်ကျင်းပတာ။ F1 စပွန်ဆာတွေ အများကြီးရှိနေလိမ့်မယ်! သူတို့တွေကို မင်းရဲ့အကောင်းဆုံးပုံရိပ်ကို ပြဖို့လိုအပ်တယ်!"

ဟန်တာက မားကပ်စ်၏စကားကို မကြားသလိုဟန်ဆောင်ကာ ဆက်လက်ညည်းတွားလိုက်သည်။ "ကျွန်တော်က အခုဆို ဝင်စတန်တို့၊ ဆိုင်ရယ်တို့နဲ့ ယှဥ်ပြိုင်နိုင်တဲ့ ပြိုင်ကားမောင်းသမားတစ်ယောက်ဖြစ်နေတာတောင် ကျွန်တော့်ရဲ့နှစ်စဥ်လစာက ယူရို ၂၅၀၀၀၀ ပဲရှိသေးတယ်!"

မားကပ်စ်က သူ၏မျက်လုံးများကိုဖုံးဖိကာ သက်ပြင်းချလိုက်သည်။ "ဟန်တာ! ငါတို့ Abu Dhabi ပြိုင်ပွဲမတိုင်ခင်က ထပ်လောင်းသဘောတူညီချက်တစ်ခုမှာ လက်မှတ်ထိုးခဲ့ကြတယ်! အခု ကော်မရှင်ခနှုတ်လိုက်ရင် မင်းရဲ့နှစ်စဥ်လစာက ၂.၅ သန်းရှိနေပြီ!"

"အိုး! တကယ်လား။" ဟန်တာက ရယ်မောလိုက်သည်။

နောက်ထပ်ပြိုင်ပွဲကို US မှာကျင်းပမည်ဖြစ်ရာ သူ သူ့အဖေ၏အိမ်ကို ပြန်သွားဝယ်နိုင်တော့မည်။

ထိုအခိုက်အတန့်၌ လက်ထောက်ကရောက်လာပြီး ဟန်တာ့ကို သူ၏တီရှပ်အားချွတ်ရန်နှင့် အထူးပြုလုပ်ထားသောရှပ်အင်္ကျီ၊ ညနေခင်းအနောက်တိုင်းဝတ်စုံတို့ကို လဲဝတ်ရန် ပြောလာခဲ့သည်။ ဟန်တာ မှန်ရှေ့ကို လျှောက်လာပြီး သူ့ကိုယ်သူမြင်လိုက်ရသောအခါ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။ "ငါက အရမ်းချောတာပဲ..."

"ဒါပေါ့ မင်းက အရမ်းချောတယ်! ပရိသတ်တွေက မင်းအတွက် ဝဘ်ဆိုက်တစ်ခုတောင် ဖန်တီးထားတာကို မင်းသိလား။ ဒါနဲ့ အော်ဒရေဝီလ်ဆန်ရဲ့အင်တာဗျူးက ဒီနေ့ည TV မှာလွှင့်မှာနော်။ ငါ နမူနာအပိုင်းကို ကြည့်လိုက်ရတယ်၊ မင်းက အရမ်းကိုချစ်စရာကောင်းနေတာ! အမျိုးသမီးထုကြီးကတော့ မင်းကိုသဘောကျလာကြတော့မှာ ငါမြင်ယောင်နေပြီ!"

"နမူနာဗီဒီယိုထွက်ပြီပေါ့။ အဲ့ဒါက ဒီညလွှင့်မှာပဲ! ကျွန်တော် အဲ့ဒါကြည့်ဖို့ ဒီမှာပဲနေလို့မရဘူးလား။"

"မရဘူး!" မားကပ်စ်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

"ကျွန်တော် ညစာစားပွဲတွေကို မုန်းတယ်... ကျေးဇူးပြုပြီး လေလံပွဲမရှိပါစေနဲ့... အဲ့ဒါက ပျင်းစရာကြီး..."

"ဒီညပွဲမှာ လေလံပွဲပါပါတယ်။ ရလာတဲ့အကျိုးအမြတ်တွေကို သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မဲ့ လောင်စာဆီသုတေသနဘက်ကို လှူဒါန်းသွားမှာ။"

ဟန်တာ သက်ပြင်းအရှည်ကြီးချလိုက်၏။ "ခင်ဗျား ကျွန်တော့်ပစ္စည်းတွေထဲက ဘာကိုလေလံတင်ဖို့စီစဥ်ထားတာလဲ။"

"အတွင်းခံ။"

__

စာရေးသူမှာ ပြောစရာရှိပါတယ်:

ကြက်ဥကြော်နေရင်း:

ဟန်တာ: ဟီးဟီး၊ ဘယ်လိုအတွင်းခံပုံစံမျိုးက ပြင်းထန်တဲ့အမြင်အာရုံသက်ရောက်မှုမျိုးကို ဖန်တီးပေးနိုင်လဲ။

ဝင်စတန်: ဘာမှမဝတ်တာ။

ဟန်တာ: ... ကျွန်တော် ဒီကိစ္စကို ခင်ဗျားနဲ့ လေးလေးနက်နက်ဆွေးနွေးဖို့ မျှော်လင့်မထားဘူး...

ဝင်စတန်: ကိုယ် မင်းကို လေးလေးနက်နက် အဖြေပေးလိုက်တာပါ။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment