အမြင်အာရုံသက်ရောက်မှု (၁)
ဟန်တာ အေးခဲသွား၏။ ရှန်ရှီးက တစ်ခါမှမစနောက်ဖူးကြောင်း ရှန်ချွမ်းပြောဖူးတာကို သူ မှတ်မိနေသေးသည်။
"ခင်ဗျား... တကယ်ပွေ့ချီစေချင်တာလား။"
"အင်း! တစ်စုံတစ်ယောက်ရဲ့ပခုံးပေါ်မှာထိုင်ရတာ ဘယ်လိုမျိုးလဲဆိုတာ ငါသိချင်တယ်။ ဒါပေမဲ့ ငါ့အစ်ကိုက အဲ့လောက်အားမရှိဘူးလေ!" ရှန်ရှီး၏လေသံက နှမြောတသဖြစ်နေဟန်။
ရှန်ချွမ်းက ကူကယ်ရာမဲ့စွာဖြင့် အကြည့်လွှဲလိုက်၏။
ဟန်တာကပြုံးလိုက်ပြီး ရှန်ရှီးအား လက်ခုပ်တီးပြလိုက်သည်။ "လုံးဝ ပြဿနာမရှိဘူး!"
ပြိုင်ကားမောင်းသမားတိုင်းက သန်မာကြသည်လေ။
ဟန်တာ ရှန်ရှီးရှေ့မှာ ထိုင်ပေးလိုက်ပြီး သူ(မ)အား အားစိုက်ထုတ်စရာမလိုပဲ မချီလိုက်၏။ ထိုမိန်းကလေးက ငှက်မွေးလေးနှယ် ပေါ့ပါးလွန်းလှသည်။ သူ(မ)က တစ်နေ့လုံး မုန့်များစားနေသော်လည်း ထိုအလေးချိန်များက မည်သည့်နေရာကို ရောက်သွားကြသနည်း။ အဲ့ဒီကယ်လိုရီတွေအားလုံး သူ(မ)ရဲ့ ထက်မြက်လှတဲ့ဦးနှောက်အတွက်ပဲ လောင်ကျွမ်းသွားကြတာလား။
ရှန်ရှီးက ပျော်ရွှင်စွာဖြင့် ဟန်တာ၏လည်ပင်းကို ကိုင်ထားပြီး သူ(မ)အစ်ကိုကိုကြည့်လိုက်သည်။ ထို့နောက် သူ(မ)လက်နှစ်ဖက်ကို ပျံသန်းနေသလိုမျိုး ဖြန့်ကားလိုက်လေသည်။
"သူ(မ) ငယ်ငယ်တုန်းက ငါ သူ(မ)ကို အဲ့လိုမျိုးသယ်ပေးခဲ့ရတာလေ။ အခု မင်းကို ကြည့်လိုက်ဦး၊ မင်းက သူ(မ)ကို အလိုလိုက်နေတာပဲ။" ရှန်ရှီးက ခေါင်းတခါခါနှင့် ပြောလာ၏။
"ဟီးဟီး၊ ရှီးလေးက ချစ်စရာကောင်းတာကိုး!"
"မဖြစ်နိုင်တာ။ ငါ နင့်ကို မိုးကြိုးနဲ့ပစ်မယ်လို့ပြောတုန်းကကျ သေလောက်အောင်ကြောက်သွားတာပါ။ ဘယ်လိုလုပ်ပြီး ချစ်စရာကောင်းသွားရတာလဲ။" ရှန်ရှီးက ဟန်တာ၏ပခုံးပေါ်ကနေ မျက်မှန်ကိုပင့်တင်ရင်း လေးလေးနက်နက်မေးလာသည်။
ဟန်တာ ထိုစကားဝိုင်းကို မည်သို့ဆက်ရမှန်းမသိတော့ရာ ရပ်တန့်သွားခဲ့သည်။
ထိုအခါ ရှန်ချွမ်းက သူ့အတွက် စကားလမ်းကြောင်းလွှဲပေးလာ၏။ "ဒါနဲ့စကားမစပ်၊ ဟန်တာ၊ မနက်ဖြန်ကျရင် Emirates Palace ဟိုတယ်မှာ ညစာပါတီတစ်ခုရှိတယ်။ မင်းမှာ သင့်တော်တဲ့ဝတ်စရာပါလား။"
"... ကျွန်တော့်ပုံစံက ပါမဲ့ပုံပေါက်လို့လား။"
ဟန်တာ ရှန်ရှီးကို ပြန်ချပေးလိုက်၏။
"စိတ်မပူပါနဲ့။ PR မန်နေဂျာက ဒီပွဲအတွက် စိတ်အားထက်သန်နေလောက်တယ်။ သူ မင်းအတွက် ပြင်ဆင်ပေးထားတာမို့ ဒီည စမ်းဝတ်ကြည့်လိုက်ဦး။"
"ဟုတ်!"
ဟန်တာ တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပေ။
သူက Anipop ဂိမ်းဖွင့်လျက်သားဖြင့် ဖုန်းကိုကိုင်ထားသော်လည်း သူ၏လက်ချောင်းများကတော့ ငြိမ်သက်နေ၏။ ယခုပြိုင်ပွဲတွင် သူက စတုတ္ထရခဲ့သည့်အပြင် ဆိုင်ရယ်၊ ဝင်စတန်တို့နှင့်လည်း ယှဥ်ပြိုင်ခဲ့သည်! ဒီလောက် သိသာတဲ့တိုးတက်မှုနဲ့ ကြီးမားတဲ့အောင်မြင်မှုကို ဝင်စတန်က ဘယ်နှယ့်ကြောင့် သူ့ကို ဖုန်းလည်းမခေါ်၊ စာလည်းမပို့ရတာလဲ။
မပျော်ရွှင်တော့သည့်ခံစားချက်က တစ်စတစ်စ ကြီးထွားလာခဲ့သည်။ သူ စတုတ္ထနေရာကို ပထမဆုံးရခဲ့ချိန်တုန်းက ဝင်စတန့်ဆီပြေးသွားခဲ့ပုံနှင့် ထိုလူက သူ့ကိုပွေ့ချီခဲ့ပုံတို့ကို ရုတ်တရက် အမှတ်ရလာ၏...
ဟန်တာ ဝင်စတန့်ဆီမှ ပွေ့ချီခံရသည့်ခံစားချက်ကို သတိရမိသည်။
"အရူး။" ဟန်တာ သူ့ဦးခေါင်းကို သူ့ဘာသာသူပုတ်လိုက်၏။
သူ၏စိတ်အခြေအနေကို ပြန်လည်ထိန်းချုပ်ပြီး ခပ်ညစ်ညစ်အပြုံးတစ်ခုဖြင့် ဝင်စတန့်ဆီ မက်ဆေ့ချ်ပို့လိုက်သည်။ [ကျွန်တော် ဒီပြိုင်ပွဲမှာ စတုတ္ထရခဲ့တယ်! ခင်ဗျားက တတိယဆိုတော့ ဒါက ကျွန်တော် ခင်ဗျားနဲ့အနီးဆုံးမှာရှိဖူးတဲ့ ပထမဆုံးအကြိမ်ပဲ!]
ဝင်စတန်ရေ၊ အိုး ဝင်စတန်၊ ခင်ဗျား ကျွန်တော်တို့ရဲ့သဘောတူညီချက်ကို မေ့မသွားလောက်သေးဘူးထင်ပါရဲ့!
အဖော်အချွတ်အကလေ! အဖော်အချွတ်အကလို့!
၎င်းအား တွေးကြည့်လိုက်ရုံနှင့်ပင် ဟန်တာ့အား အိပ်ရာထဲမှာ လူးလှိမ့်သွားစေခဲ့သည်။
ဝင်စတန်၏ပြန်စာက ချက်ချင်းဆိုသလို ရောက်လာခဲ့သည်။ [ဂုဏ်ယူပါတယ်။]
ဟန်တာ သူ့ဦးခေါင်းထက်ကနေ ရေအေးများလောင်းချခံရသလို ခံစားလိုက်ရသည်။
ဒါပဲလား။ ဂုဏ်ယူတယ်? ဘယ်သူက ဂုဏ်ပြုတာကို လိုအပ်နေလို့လဲ။
ဟန်တာ ဒေါသတကြီးစာရိုက်လိုက်သည်။ [ကျွန်တော့်အတွက် အဖော်အချွတ်အကကရော?]
ခင်ဗျား ဒီလိုနဲ့ လွတ်မယ်မထင်လိုက်နဲ့!
မိနစ်များက တစ်ချက်ချက်ကုန်ဆုံးသွားသော်လည်း ဝင်စတန်၏ပြန်စာက အခုထိရောက်မလာခဲ့ပေ။ ဟန်တာ သူ၏ဖုန်းကို အိပ်ရာပေါ်ပစ်တင်လိုက်ပြီး ခြေထောက်ချိတ်ထိုင်ကာ ၎င်းအား စိုက်ကြည့်နေရင်း အလိုမကျမှုများက တဖြည်းဖြည်းတိုးပွားလာ၏။
"ဘာဖြစ်နေတာလဲ။"
ထိုစဥ် ဝင်စတန်က အင်တာဗျူးအခန်း၏သန့်စင်ခန်းထဲမှာ သီးသန့်အိမ်သာတံခါးကိုမှီ၍ ဦးခေါင်းကို အနောက်သို့လှန်ထားပြီး တစ်စုံတစ်ခုအား ဖိနှိပ်ဖို့ကြိုးစားနေသကဲ့သို့ သူ၏လည်ချောင်းက တောင့်တင်းနေ၏။
"ဝင်စတန်! မင်း အထဲမှာရှိနေတာလား။ အင်တာဗျူးစတော့မယ်နော်!" PR လက်ထောက်က အော်ခေါ်လာခဲ့သည်။
ဝင်စတန်က အံကြိတ်ထားပြီး သူ့အိတ်ကပ်ထဲမှ ဖုန်း၏တုန်ခါမှုကို သတိပြုမိနေသည်။ ၎င်းမှာ သူ ဟန်တာ့အတွက် သီးသန့်ထားထားသော ဖုန်းသံဖြစ်၏။ မက်ဆေ့ချ်အသံပေါ်ထွက်လာတိုင်း သူ့နဖူးပေါ်မှသွေးကြောများမှာ ပို၍ဖောင်းကြွလာခဲ့သည်။ သူ တောက်ပနေသောမီးလုံးကို မော့ကြည့်နေသော်လည်း သူ၏အမြင်အာရုံက အခြားတစ်နေရာကို ရောက်နေသလိုပင်။
"ဝင်စတန်... အထဲမှာ မရှိတာများလား။" PR လက်ထောက် ထွက်သွားသည်နှင့်အမျှ သူ၏ခြေသံများက မှေးမှိန်သွားသည်။
သန့်စင်ခန်းက တစ်ဖန်တိတ်ဆိတ်သွားခဲ့ရာ ဝင်စတန်၏လည်ချောင်းထဲကနေ ညည်းတွားသံတိုးတိုးလေး ထွက်လာခဲ့၏။ သူ့ကိုယ်ထဲမှာ လွှမ်းမိုးနေသော အလိုဆန္ဒများက ယာယီလွတ်မြောက်မှုကို ရှာတွေ့သွားရာ စွမ်းအင်အသစ်တစ်ခုက ပေါက်ကွဲလာခဲ့သည်။ သူ နက်နက်ရှိုင်းရှိုင်း အသက်ရှူထုတ်လိုက်သော်လည်း သူ၏မေးရိုးများက တင်းမာနေဆဲဖြစ်သလို သူ၏မျက်ခုံးများကလည်း တွန့်ချိုးနေဆဲပင်။
ဟန်တာ၏ မြောက်မြားလှစွာသော မက်ဆေ့ချ်များကလည်း အဆက်မပြတ်ရောက်လာနေ၏။
စက္ကန့်အနည်းငယ်ကြာပြီးနောက် နောက်ဆုံးမှာတော့ အရာအားလုံး လွတ်မြောက်သွားခဲ့လေတော့သည်။
သူ အိမ်သာထဲကထွက်ကာ မှန်ရှေ့မှာ သူ့ကိုယ်သူပြန်လည်ပြင်ဆင်လိုက်ပြီး မရေမတွက်နိုင်သော မီဒီယာကိုယ်စားလှယ်များ၏ သိချင်နေသော၊ မျှော်လင့်စောင့်စားနေသော မျက်လုံးများကို ရင်ဆိုင်ရန်အသင့်ပြင်လိုက်သည်။
ဤပြိုင်ပွဲမှာ မီးမောင်းထိုးပြစရာများပေ၏။ ဝင်စတန်က ချန်ပီယံဆုကို ထပ်မံမရရှိခဲ့သော်လည်း သူ၏ အဆင့်အတန်းမြင့်မားသော အရည်အချင်းများက ဗီဒီယာများ၏ သဘောကျလေးစားမှုတို့ကို ရရှိနေဆဲပင်။ မေးခွန်းအများစုက နည်းပညာပိုင်းနှင့် ဗျူဟာပိုင်းအပြင် အိုဝင်နှင့် ဆိုင်ရယ်တို့၏ လုပ်ဆောင်ချက်များအပေါ် သူ၏မှတ်ချက်များကိုပါ အာရုံစိုက်ထားသည်။
ဝင်စတန်က ပြိုင်ပွဲနှင့်မသက်ဆိုင်သော မေးခွန်းများကို ဖြေကြားပေးမှာမဟုတ်ကြောင်း သတင်းထောက်များက သိပေ၏။ သို့သော်လည်း အင်တာဗျူးတစ်ဝက်မှာ အော်ဒရေဝီလ်ဆန်က ရုတ်တရက်လက်မြှောက်ခဲ့သည်။ "ဒီပြိုင်ပွဲမှာ မင်းနဲ့ မင်းရဲ့ရင်းနှီးတဲ့သူငယ်ချင်း အီဗန်ဟန်တာတို့ ရှစ်ကြိမ်တောင် ထိပ်တိုက်တွေ့ခဲ့ကြတယ်နော်။ ဟန်တာက မင်းကို မကျော်နိုင်ခဲ့ပေမဲ့ အကြိမ်တိုင်းမှာ သူစွန့်စားခဲ့တယ်။ အဲ့ဒီအခိုက်အတန့်တွေတုန်းက မင်း ဘယ်လိုခံစားခဲ့ရလဲ။"
ဝင်စတန်၏ ဆိုင်ရယ် သို့မဟုတ် အိုဝင်တို့နှင့် ယှဥ်ပြိုင်ခြင်းက သူ F1 လောကထဲ စဝင်လာကတည်းက ဖြစ်တည်လာခဲ့သော်လည်း ဟန်တာနှင့် ယှဥ်ပြိုင်ရသည်မှာတော့ အသစ်အဆန်းပင်။ သတင်းထောက်များက အလွန်စိတ်ဝင်စားလာကြ၏။ တစ်ချိန်တည်းမှာပင် ၎င်းတို့မှာ ဝင်စတန်၏ အေးစက်သောသဘာဝနှင့် အခြားသောပြိုင်ဘက်များအကြောင်း များများစားစားမပြောတတ်တာကို သိထားကြလေသည်။
ဝင်စတန်က နှစ်စက္ကန့်လောက် တိတ်ဆိတ်သွား၏။ သတင်းထောက်များမှာ စိတ်ပျက်သွားခဲ့ကြသော်လည်း အော်ဒရေကတော့ သူ၏တုံ့ပြန်မှုကို စောင့်နေဆဲပင်။
"နည်းပညာပိုင်းနဲ့ဆိုင်တဲ့ ရှုထောင့်ကနေပဲပြောရမယ်ဆိုရင် ဟန်တာလုပ်ဆောင်သွားတာက ပြစ်ချက်ကင်းတယ်။ အရင်ပြိုင်ပွဲကထက် သူ့နေရာက သိသိသာသာတိုးတက်မလာခဲ့ပေမဲ့ သူ့ရဲ့ ဘရိတ်ချိန်ကိုက်တဲ့ထိန်းချုပ်မှုနဲ့ လမ်းကြောင်းရွေးချယ်မှုတွေက အဆင့်သစ်တစ်ခုကို တက်လှမ်းနိုင်ခဲ့တယ်။"
ဝင်စတန်၏အမူအရာက တည်ငြိမ်နေဆဲဖြစ်သော်လည်း သတင်းထောက်များကတော့ အံ့အားသင့်သွားကြသည်။ ဗန်ဝင်စတန်က ပြိုင်ဘက်တစ်ယောက်အတွက် သူ၏လေးစားမှုကိုဖော်ပြသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင်။
"သူ မင်းနောက်ကိုလိုက်နေတော့ ဖိအားတစ်ခုခုကို ခံစားခဲ့ရလား။" အော်ဒရေက နောက်ထပ်မေးခွန်းတစ်ခုကို မေးလာခဲ့သည်။
"ဟန်တာက ကျွန်တော့်အတွက် ဘယ်တော့မှဖိအားမဖြစ်စေပါဘူး။ သူက ကျွန်တော့်ကို စိတ်လှုပ်ရှားစေတာ။"
အော်ဒရေအပါအဝင် သတင်းထောက်များမှာ နောက်ထပ်တစ်ဖန် မှင်တက်သွားခဲ့ပြန်သည်။ သူ(မ) ဝင်စတန့်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ သူ၏မျက်နှာက လေးနက်နေပြီး 'စိတ်လှုပ်ရှားစေတယ်' ဆိုသောစကားလုံးက သူနှင့် ဘာမှမသက်ဆိုင်သည့်အလား။
သတင်းစာရှင်းလင်းပွဲ အဆုံးသတ်သည်နှင့် ဝင်စတန်က သူ၏ဖုန်းကိုထုတ်ကြည့်လိုက်ရာ ဟန်တာဆီမှ မက်ဆေ့ချ်များစွာကို တွေ့လိုက်ရသည်။ [ဟေး! ဘာလို့ ပြန်မဖြေတော့တာလဲ။ ခင်ဗျား ကြောက်နေပြီလား။]
ဟန်တာ: [အဖော်အချွတ်အကက ခင်ဗျားကိုယ်တိုင် လောင်းကြေးထပ်ခဲ့တာနော်။ အခုမှ ရှက်နေတာလား။]
ဟန်တာ: [ကျွန်တော့်မက်ဆေ့ချ်တွေကို ဘာလို့ပြန်မဖြေတာလဲ။ ခင်ဗျား ဖုန်းပျောက်သွားလို့လား။]
ဟန်တာ: [... ခင်ဗျား အဖော်အချွတ်မကချင်ရင်လည်း ကျွန်တော့်ကို တစ်ဝိုင်းတိုက်လိုက်တော့။]
ဟန်တာ: [အရက်သောက်တာကို လက်မခံဘူးဆိုရင် ကျွန်တော့်ကို ခရီးတိုတစ်ခုထပ်ခေါ်သွားပေး!]
ဝင်စတန် ခေါင်းငုံ့ကာ လက်တစ်ဖက်တည်းနှင့် အလျင်အမြန်စာရိုက်နေခဲ့သည်။
သူ့ဘေးကနေလျှောက်နေသော သူ၏လက်ထောက် အန်နီမှာ ဝင်စတန် အခုလိုစာများပို့နေခြင်းကို ပထမဆုံးမြင်ဖူးခြင်းပင်။
ထိုအခိုက်အတန့်၌ ဟန်တာက အိမ်သာထဲမှာထိုင်နေပြီး Anipop ကိုဆော့နေစဥ် စာတစ်စောင်ရောက်လာခဲ့သည်။ သူ ဖွင့်ဖတ်ကြည့်လိုက်ရာ ဝင်စတန့်ဆီမှဖြစ်ကြောင်း တွေ့လိုက်ရပေသည်။
[မင်း ကိုယ့်ခန္ဓာကိုယ်ကို အဲ့လောက်တောင် မြင်ချင်နေတာလား။]
ဟန်တာ၏ပခုံးများ တုန်ယင်လာပြီး ဖုန်းကိုတောင် လွှတ်ချမိလုနီးပါးပင်။ သူ ချက်ချင်းစာပြန်လိုက်၏။ [ဘယ်သူက ခင်ဗျားရဲ့ခန္ဓာကိုယ်ကို မြင်ချင်နေလို့လဲ!]
ဟန်တာ၏တုံ့ပြန်မှုကို မျှော်လင့်ထားသည့်အတိုင်း ဝင်စတန်၏ပြန်စာက ချက်ချင်းရောက်လာသည်။ [ဒါဆို ကိုယ်မင်းအတွက် အဖော်အချွတ်ကပြရင် မင်းက မျက်လုံးမှိတ်ထားပြီး မကြည့်နဲ့။]
ဟန်တာ သူ၏ကိုယ်တွင်းအင်္ဂါများတောင် တုန်ရင်လာသည်ဟု ခံစားလိုက်ရ၏။ [ကျွန်တော် ကြည့်ရမှာပေါ့! အဲ့ဒါက ကျွန်တော့်လုပ်ပိုင်ခွင့်လေ!]
ဝင်စတန်က တုံ့ပြန်လာ၏။ [ကိုယ့်ခန္ဓာကိုယ်ကိုကြည့်တာက ဘယ်တုန်းကများ မင်းရဲ့လုပ်ပိုင်ခွင့်ဖြစ်လာတာလဲ။]
ဟန်တာ၏နားရွက်တို့မှ နီစွေးလာကြသည်။ ဝင်စတန်မမြင်နိုင်တာ ကံကောင်းတယ်ဆိုရမှာပဲ၊ မဟုတ်ရင် သူ ပိုပြီးတောင်စနောက်ခံရဦးမှာ!
ဟန်တာ အသက်ပြင်းပြင်းရှူထုတ်ကာ ဒေါသတကြီးနှာမှုတ်လိုက်သည်။ [ကျွန်တော် ပြိုင်ပွဲသုံးခုလုံးမှာ ထိပ်ဆုံးငါးနေရာဝင်ခဲ့တယ်၊ ခင်ဗျားရဲ့အဖော်အချွတ်အကကိုကြည့်ဖို့က ကျွန်တော့်လုပ်ပိုင်ခွင့်ပဲ!]
ဝင်စတန်၏ပြန်စာက အလင်း၏အလျင်အတိုင်း ရောက်လာခဲ့၏။ [ဒါဆို ကိုယ့်ကို ဘာအရောင်နဲ့မြင်ချင်တာလဲ။]
ရုတ်တရက်ဆိုသလို ဟန်တာ Noboribetsu ရေပူစမ်းတည်းခိုဆောင်၌ သူ မတော်တဆ ဝင်စတန်၏ထိုနေရာကို ကိုင်ခဲ့မိပုံအား သတိရသွား၏... သူ၏လက်ချောင်းများမှာ ဓါတ်လိုက်သလိုတုန်သွားကာ နောက်တစ်ခါထပ်ပြီး သူ၏ဖုန်းကို လွှတ်ချခါနီးပင်။
ဟန်တာ အံကြိတ်ကာ စာပြန်လိုက်သည်။ [သက်တန့်ရောင်။ ခင်ဗျားမှာရှိလား။]
ဝင်စတန်: [လူလိမ်လေး။ မင်း ကိုယ့်ကို အနက်ရောင်နဲ့သဘောကျတာ ရှင်းနေတာကို။]
ဟန်တာ ခေါင်းလေးစောင်းလိုက်သည်။ [ဘာလို့ အနက်လဲ။]
ဝင်စတန်က ပြန်ဖြေပေးလာ၏။ [အပြင်းထန်ဆုံး အမြင်အာရုံသက်ရောက်မှုရှိလို့။]
"အမြင်အာရုံသက်ရောက်မှု? ဘာသက်ရောက်မှုလဲ...." ဝင်စတန်၏ဆိုလိုရင်းကို နားလည်သွားသောအခါ ဟန်တာ သူ၏ဖုန်းကို လွှင့်ပစ်ချင်သွား၏။ သူက အလောင်းအစားမှာ နိုင်ခဲ့တာကို ဘာလို့ အလေးမသာသလိုခံစားနေရတာလဲ။ လုံးဝမပျော်တော့ဘူး! မပျော်တော့ဘူးဟေ့!
နှစ်စက္ကန့်ကြာပြီးနောက် ဟန်တာက ပြုံးစိစိဖြင့် စာပြန်လိုက်၏။ [အနက်ရောင်က အပြင်းထန်ဆုံး အမြင်အာရုံသက်ရောက်မှုရှိတာမဟုတ်ဘူး။ ဘာမှမဝတ်တာကမှရှိတာ။]
ခင်ဗျား သတ္တိရှိရင် ကျွန်တော့်အတွက် အကုန်ချွတ်ပြမယ်လို့ ပြောကြည့်လိုက်လေ!
မမျှော်လင့်စွာဖြင့် ဝင်စတန်က စာပြန်လာခဲ့သည်။ [OK ကိုယ်သိပြီ။]
"OK? သိပြီ? ဘာကိုသိတာလဲ!"
ဟန်တာ ဝင်စတန်၏စကားပြောဆိုပုံကို တကယ်မုန်းပေ၏!
ထိုအခိုက်အတန့်တွင် ဝင်စတန့်ဆီမှ နောက်ထပ်မက်ဆေ့ချ်တစ်စောင် ရောက်လာခဲ့သည်။ [မနက်ဖြန် မနက်စာအတူတူစားမလား။]
ဟန်တာ ထိုမက်ဆေ့ချ်အား အကြိမ်မရေမတွက်နိုင်အောင် ဖတ်လိုက်၏။ လွန်ခဲ့သောအခိုက်အတန့်တုန်းက သူ စိတ်ဆိုးနေခဲ့သော်လည်း ယခုအချိန်မှာတော့ စိတ်ထဲမှာ နွေးထွေးသလိုခံစားနေရသည်။
သူ စာပြန်လိုက်၏။ [အင်း။ ခင်ဗျား အင်တာဗျူးဖြေနေရတုန်းလား။]
ဝင်စတန်: [အင်တာဗျူးက လွန်ခဲ့တဲ့ဆယ်မိနစ်က ပြီးသွားပြီ။]
ဟန်တာ မျက်လုံးလှန်လိုက်၏။ အင်တာဗျူးအဆုံးသတ်သွားတာကို ဘာဖြစ်လို့ ဖုန်းမခေါ်ဘဲ ဒီလောက်အကြာကြီး စာပို့နေရတာလဲ!
နောက်တစ်နေ့မနက်တွင် ထူးထူးခြားခြားအနေဖြင့် ဟန်တာ အိပ်ပျော်မနေခဲ့ပေ။ သူ တီရှပ်တစ်ထည်ကိုဝတ်ကာ ဝင်စတန်တည်းသော ဟိုတည်စားသောက်ဆိုင်ဆီသို့ ခြေလျင်လျှောက်သွားခဲ့သည်။ Yas Marina ပြေးလမ်းကို နှုတ်ဆက်ရင်း ဤနေရာ၌ မနက်စာစားသည်က အကောင်းဆုံးရွေးချယ်မှုပင်။
ဟန်တာ စားသောက်ဆိုင်ထဲဝင်လာသောအခါ သူနှင့် ဝင်စတန်တို့ အရင်တစ်ခေါက်ကထိုင်ခဲ့သောနေရာသို့ အလိုလိုကြည့်လိုက်မိ၏။ ထိုအခါ ဝင်စတန်၏လက်က အော်ဒရေ၏ခါးတစ်ဝိုက်မှာရှိနေကြောင်း သူ မြင်လိုက်ရသည်။
ဝင်စတန်က တိုးကပ်သွားပြီး သူ(မ)၏မျက်နှာအား နီမြန်းသွားစေမည့်တစ်စုံတစ်ခုကို အော်ဒရေ့အား တီးတိုးပြောနေခိုက် ဟန်တာ ကျောက်ရုပ်တစ်ခုလို ရပ်နေမိလေသည်။
တစ်စုံတစ်ယောက်က ဟန်တာ့ဆီချဥ်းကပ်လာပြီး သဘောပေါက်နားလည်စွာ ပြောလာ၏။ "ထူးချွန်တဲ့အမျိုးသမီးတစ်ယောက်ဆီက အချိန်အကြာကြီး အလိုက်ခံရရင် ဘယ်ယောက်ျားမဆို သွေးဆောင်ခံလိုက်ရမှာပဲ၊ အဖြောင့်ဖြစ်နေသရွေ့ပေါ့။"
၎င်းမှာ အိုဝင်လောရန့်စ်ဖြစ်သည်။ ထိုလူက ဝင်စတန်နှင့် ဟိုတယ်တစ်ခုတည်းမှာ တည်းသည့်ပုံပင်။
အကြောင်းတချို့ကြောင့် ဟန်တာ အခုတွေ့ချင်နေသောသူက သူဖြစ်နေ၏။
"ဟားဟား... ဟုတ်တယ်..." ဟန်တာ အတင်းအကျပ်ပြုံးလိုက်ရသည်။
"မင်းရဲ့အပြုံးက ကြည့်ရဆိုးလိုက်တာ။" အိုဝင်က နှာမှုတ်လိုက်၏။ "တစ်နေ့နေ့မှာ ဝင်စတန်က တခြားတစ်ယောက်နဲ့ မနက်စာစားနေမယ်၊ တခြားတစ်ယောက်နဲ့ ခရီးတွေသွားမယ်၊ သူ့ရဲ့ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေကို တခြားတစ်ယောက်နဲ့ မျှဝေလိမ့်မယ်လို့ စိတ်ကူးကြည့်လိုက်။ အဲ့လိုဆို မင်း ပြုံးနေနိုင်ဦးမှာလား။"
"ဟေး! ကျွန်တော်... ကျွန်တော်က ဝင်စတန့်ကိုကြိုက်နေသလိုကြီး... မပြောနဲ့လေဗျာ!"
ဟန်တာ၏နှလုံးသားလေးမှာ ကဆုန်ပေါက်နေလေ၏။
အိုဝင်က စနောက်ပြီး လှည့်စားတတ်သည်။ ထိုလူက အခြားလူများအား မွှေရတာကိုသဘောကျတတ်သည်။
"မင်းက သူ့ကိုမကြိုက်ဘူးလား။" အိုဝင်၏အကြည့်က သူ့ဆီကိုရောက်လာ၏။ "မင်း ဝင်စတန့်ကို လိုက်ရှာနေတာ ဟုတ်တယ်မလား။ မင်းသိလား၊ မင်းရဲ့အမူအရာက ငါတို့ရဲ့ ပထမဆုံးဒိတ်မှာ ပန်းခြံဝင်ပေါက်နား ငါရဲ့အချစ်ဦး ငါ့ကိုလိုက်ရှာနေတဲ့ပုံနဲ့တူတယ်။" အိုဝင်၏လေသံထဲမှာ စနောက်လှောင်ပြောင်လိုမှုတို့ကို သယ်ဆောင်ထား၏။
"ခင်ဗျားက အရမ်းပျင်းစရာကောင်းတယ်။" ဟန်တာ မျက်မှောင်ကြုတ်လိုက်သည်။
ဒီလူ ဝင်စတန့်ရှေ့မှာ အဓိပ္ပာယ်မရှိတာတွေ မပြောလိုက်ပါစေနဲ့!
အိုဝင်က လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ ဟန်တာ့အနားသို့ တိုးကပ်လာ၏။ "တကယ်လို့ မင်း သူ့ကိုကြိုက်တယ်ဆိုရင် သူ့ကို ဘယ်လိုရအောင်လိုက်ရမလဲဆိုတာ ငါ သင်ပေးနိုင်တယ်။"
ထိုစဥ် အော်ဒရေက ဝင်စတန့်နားကနေ ဖယ်ခွာသွား၏။ သူ(မ)က ကြောင်တောင်တောင်နိုင်သောအမူအရာဖြင့် မော့ကြည့်ကာ ထွက်ပေါက်ဆီသို့ မပြေးရုံတမယ် တောင့်တင်းစွာလျှောက်လာနေသည်။ သူ(မ) ဟန်တာ့ကိုမြင်သွားသောအခါ ချက်ချင်းဆိုသလို မျက်နှာလွှဲသွားရာ ဟန်တာ့ခမျာ အံ့အားသင့်သွားခဲ့ရသည်။
ထိုအချိန်၌ ဝင်စတန်သည်လည်း ဟန်တာ့ကိုမြင်လိုက်၏။ သူက မျက်မှောင်ကြုတ်ကာ သူ့ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့သည်။ ဟန်တာ မတုံ့ပြန်နိုင်ခင် ဝင်စတန်က သူနှင့် အိုဝင်တို့ကြား၌ ဝင်ရပ်လိုက်၏။
"အိုဝင်၊ ခင်ဗျားကို Yas Marina ကနေ ပြန်သွားပြီနေတာ။" ဝင်စတန်၏လေသံထဲမှာ ဟန်တာ မကြားရတာကြာပြီဖြစ်သော အေးစက်မှုတို့ ပါဝင်နေ၏။
"ငါ ဒီနေရာကို သဘောကျနေသေးလို့လေ။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ မင်း ဟန်တာလေးနဲ့ မနက်စာစားတာကို မနှောင့်ယှက်ပါဘူး။" ထိုသို့ဆိုကာ အိုဝင်က လှည့်ထွက်သွားခဲ့သော်လည်း သူ၏ 'သူ့ကို ဘယ်လိုရအောင်လိုက်ရမလဲဆိုတာ ငါသင်ပေးနိုင်တယ်' ဆိုသော သူ၏စကားလုံးများက ဟန်တာ၏စိတ်ထဲ နတ်ဆိုမိစ္ဆာတစ်ပါးက တီးတိုးပြောနေသလို ပဲတင်ထပ်နေခဲ့သည်။
"မင်း အိုဝင်နဲ့ စကားပြောနေတုန်းပဲလား။ သူ မင်းကို လှည့်စားသွားမှာ မကြောကွဘူးလား။" ဝင်စတန်က မေးလာ၏။
"သူနဲ့ မတော်တဆတွေ့တာပါ။ ခင်ဗျား မစ္စဝီလ်ဆန်နဲ့ စကားပြောနေတာကိုတွေ့လို့ ကျွန်တော် မလာခဲ့တာ။ ခင်ဗျားတို့ ဘာအကြောင်းပြောနေကြတာလဲ။ နောက်ထပ် အင်တာဗျူးချိန်းဆိုချက်လား။" ဟန်တာက အလျင်အမြန် အကြောင်းအရာပြောင်းလိုက်၏။
"ဘာမှမဟုတ်ဘူး။ မနက်စာစားရအောင်။"
***
Aurora Novel Translation Team