ဒီကမ္ဘာပေါ်မှာ အီဗန်ဟန်တာတစ်ယောက်ပဲရှိတယ် (၂)
ပြတင်းပေါက်အပြင်ဘက်၌ နာမည်ကြီး Yas Marina ပြေးလမ်းက တိတ်တဆိတ်ရှိနေပြီး လူတိုင်းဆီကနေ သဘောကျတောင့်တခြင်းကိုခံရသော အိပ်ပျော်နေသည့် အလှလေးလို ကျက်သရေရှိလှသည်။ ဟန်တာ ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေသော်လည်း သူ၏အတွေးများက သူနှင့်မျက်နှာချင်းဆိုင်မှာရှိနေသော ဝင်စတန့်ဆီမှာ ကျရောက်နေပေသည်။ ဘာစကားမှမပြောဘဲနှင့်တောင် သိပ်ကိုသက်သောင့်သက်သာရှိလှသည်။
ယခု ကိုးနာရီခွဲနေပြီဖြစ်ရာ ဟန်တာ သူ့အခန်းဆီ ပြန်သွားရတော့မည်။ ဝင်စတန်က ဘေလ်တောင်းလိုက်၏။
"ဒီတစ်ခါ ကျွန်တော်ရှင်းမယ်။"
ဟန်တာက လက်မြှောက်ရန်ပြင်လိုက်ချိန် ဝင်စတန်က ဆုပ်ကိုင်လိုက်သည်။
"ကိုယ် မင်းကို တခြားပေးစေချင်တဲ့ဟာရှိတယ်။"
"ဘာလဲ။" ဟန်တာ အနည်းငယ်အံ့အားသင့်သွား၏။
ဟန်တာ့ကို ပေးစေချင်နေတဲ့ ဝင်စတန်မှာမရှိတဲ့အရာက ဘာလဲ။
"မင်း ဒီပြိုင်ပွဲမှာ ထိပ်ဆုံးငါးနေရာဝင်ရင် မားကပ်စ်အသင်းကရတဲ့ ဆုကြေးငွေနဲ့ မင်းရဲ့အိမ်ကို ပြန်ဝယ်နိုင်လောက်မယ်ထင်တယ်။" ဝင်စတန်က ပြောလာ၏။
"အမ်း။" ဟန်တာ အသံတိတ် စိတ်လှုပ်ရှားနေသည်။ ပြီးတော့ အဖော်အချွတ်အကလည်း ရှိလာလိမ့်မယ်!
"မင်းရဲ့ကားဂိုဒေါင်မှာ ကိုယ့်အတွက် နေရာတစ်ခုပေးစေချင်တယ်။"
ဝင်စတန် ထိုသို့ပြောလာသောအခါ ဟန်တာ၏မျက်လုံးထဲမှာ နွေးထွေးမှုတို့နှင့် ပြည့်နှက်သွားခဲ့သည်။ ၎င်းက သူ၏အစီအစဥ်ထဲမှာ ဟိုးအရင်ကတည်းက ထည့်ထားပြီးသားပင်။
ဤသည်က သူ ဝင်စတန့်ကို ပေးချင်နေသောအရာဖြစ်၏။ ၎င်းက ဝင်စတန်၏ပြိုင်ကားများလောက် တန်ဖိုးမရှိသော်လည်း ဝင်စတန် ဂရုစိုက်သောအရာဖြစ်နေသည်။ ယခုလို မြတ်နိုးခံရသောခံစားချက်ကို ဟန်တာ မည်ကဲ့သို့ဖော်ပြရမှန်း မသိတော့ပေ။
"ဒါပေါ့။" ဟန်တာ၏အသံက တုန်ယင်သွား၏။
"ပြီးတော့ မင်းရဲ့ဂျစ်ကားရော၊ မင်း အသစ်ဝယ်မယ်လို့ သဘောတူထားတယ်နော်။"
"ဟားဟား၊ အိမ်ဝယ်ပြီးလို့ ပိုက်ဆံပိုသေးရင် သေချာပေါက် ကားအကောင်းလေးတစ်စီးလောက် ထပ်ဝယ်လိုက်ပါ့မယ်။"
"အင်း။" ဝင်စတန်က ပျော့ပျောင်းစွာတုံ့ပြန်လိုက်သည်။ ထိုအသံက ဟန်တာ၏နှလုံးသားထဲကို ဝင်ရောက်ကာ သူ့အား စူးခနဲဖြစ်သွားစေခဲ့သည်။
ဘေလ်ရောက်လာသောအခါ ဟန်တာက သူ့ကတ်ကိုဆွဲထုတ်၌ ဝင်စတန့်ကို ပြုံးပြလိုက်၏။ "မှတ်မိသေးလား။ ခင်ဗျား စူပါမားကတ်မှာတုန်းက ကျွန်တော့်အတွက် ရှင်းပေးခဲ့တာလေ။ အခု ကျွန်တော်ပေးကလှည့်!"
ဝင်စတန်က တည်တည်ငြိမ်ငြိမ် ပြန်ပြုံးပြလာ၏။ "ကိုယ် မင်းအတွက်ပေးခဲ့တာကို မမှတ်မိတော့ပေမဲ့ စူပါမားကတ်မှာတုန်းက မင်း စင်ပေါ်ကကွတ်ကီးတွေကို နေရာရွှေ့ပြီး ကိုယ့်ကို အချိန်အကြာကြီး ခိုးကြည့်နေခဲ့တာကိုတော့ ကိုယ် မှတ်မိတယ်။"
ဟန်တာ၏အာရုံကြောများ ရုတ်တရက် တောင့်တင်းသွား၏။
ဒါဆို သူ စင်ရှေ့မှာရပ်ပြီး သူ့ကိုကြည့်နေတာကို ဝင်စတန်က သိတယ်ပေါ့?
"ခင်ဗျား ကျွန်တော့်ကိုလိုက်ကြည့်မနေရင် ကျွန်တော် ခင်ဗျားကိုစိုက်ကြည့်နေတယ်ဆိုတာကို ဘယ်လိုလုပ်ပြီးသိမှာလဲ။" ဟန်တာက မေးစေ့ကိုမော့ချီထားသည်။
"ကိုယ် တကယ်ပဲ မင်းကို အချိန်အကြာကြီး လိုက်ကြည့်နေခဲ့တာ။ မင်း ဒိန်ချဥ်ရွေးတဲ့အချိန်ကနေ အတွင်းခံရွေးတဲ့အချိန်ထိ။"
"ဘ..ဘာလို့ ကျွန်တော့်ကို စိုက်ကြည့်နေခဲ့တာလဲ။" ဟန်တာ၏နှလုံးသားလေးက နောက်တစ်ခါထပ်ပြီး တောင့်တင်းသွားပြန်သည်။
"ဘာလို့ဆို မင်းက အရူးနဲ့တူလို့။ မင်းက ဒိန်ချဥ်ဝယ်တာကို အရသာပဲကြည့်ပြီး ဒိတ်လွန်တဲ့ရက်စွဲကိုကျ မစစ်ဆေးခဲ့ဘူးလေ။" ဝင်စတန်က လက်သုတ်ပဝါဖြင့် သူ၏ပါးစပ်ကို သုတ်လိုက်သည်။ "အခု နောက်ကျနေပြီ။ ကိုယ် မင်းကို ဟိုတယ်ပြန်လိုက်ပို့ပေးမယ်။"
ဟန်တာ ထရပ်လိုက်သည်။ "ကျွန်တော့်ကို ပြန်ပို့ပေးစရာမလိုပါဘူး! ကျွန်တော်က အော်ဒရေဝီလ်ဆန်မှမဟုတ်တာ... အိုး၊ ခဏ၊ ကျွန်တော် ဒီနေ့အင်တာဗျူးမှာ သူ(မ)ကို ပွေ့ဖက်ခဲ့ရတယ်ဆိုတာကို ခင်ဗျားကို ပြောပြီးပြီလား။"
"ဘယ်လိုဖြစ်လို့လဲ။"
"သူ(မ) ကျွန်တော့်ကိုဖြတ်လျှောက်သွားတုန်း ချော်လဲတော့မလိုဖြစ်သွားတာလေ၊ အဲ့ဒါကြောင့် ကျွန်တော် သူ(မ)ကိုဖမ်းပေးလိုက်တာ။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ရဲ့တုံ့ပြန်မှုက တော်တော်လေးမြန်တယ်လို့ ကျွန်တော်ခံစားမိနေတယ်။" ဟန်တာ၏အမူအရာက သူ့ကိုယ်သူ ကျေနပ်နေသလိုနှယ်။
ဟန်တာတစ်ယောက် အင်္ကျီလက်ကို ပြင်ဆင်နေသည့် ဝင်စတန့်ကိုဖြတ်လျှောက်လိုက်ချိန်၌ ရုတ်တရက် ခလုတ်တိုက်သွား၏။ သူ၏ အေးဆေးနေသောစိတ်အခြေအနေက သူ့အား ပြင်ဆင်ဖို့အခွင့်အရေးမပေးခဲ့ရာ အရှေ့သို့ ယိုင်ထိုးသွားစေခဲ့သည်။ သူ စားပွဲထောင့်ကို လှမ်းကိုင်ရန်ကြိုးစားလိုက်သော်လည်း တစ်စုံတစ်ယောက်၏လက်က သူ၏ခါးကို ရစ်ပတ်လာသည်။ ရင်းနှီးနေသော ပွေ့ဖက်မှုခွန်အားက ဟန်တာ၏အာရုံကြောများကို အဆုံးစွန်သောသတိအနေအထားသို့ ရောက်ရှိသွားစေ၏။ လက်မောင်းများက သူ၏ခါးကို ရစ်ပတ်နေရင်း သူ တစ်ဖက်လူ၏ရင်ခွင်ထဲကို ကျရောက်သွားခဲ့သည်။
ဟန်တာ ဝင်စတန့်ပေါင်ပေါ်မှာ ထိုင်လျက်ကျသွားကြောင်း သတိပြုမိလိုက်သောအခါ အံ့သြထိတ်လန့်သွား၏!
၎င်းတို့၏ ဘေးပတ်ပတ်လည်မှ လူအနည်းငယ်ကလည်း လှည့်ကြည့်လာကြသည်။
"ဒီလိုမျိုးလား။" ဝင်စတန်၏အသံက သူ့အနောက်ကနေ ထွက်ပေါ်လာခဲ့ပြီး ဟန်တာ၏ပခုံးများကို အလိုလိုတင်းမာသွားစေခဲ့သည်။ တစ်ဖက်လူ၏အပူချိန်နှင့် ကိုယ်သင်းနံတို့က မမြင်ရသော်လည်း သူ့ကိုရစ်ပတ်လွှမ်းခြုံလာသလိုပင်။
"မဟုတ်...မဟုတ်..." ဟန်တာ ရှင်းပြရန်ကြိုးစားလိုက်သော်လည်း စကားသံတို့က ထွက်မလာခဲ့ချေ။
"မင်း ဘာပြောချင်တာလဲ။" ဝင်စတန်က အနားသို့တိုးကပ်လာပြီး သူ၏ပါးပြင်က ဟန်တာ၏ကျောဖြင့်တောင် ထိကပ်လုနီးပါးပင်။
"ဒီလိုမဟုတ်ဘူး! သူ(မ)က ဒေါက်ဖိနပ်စီးထားလို့ ယိုင်သွားတာကြောင့် သူ(မ)ကို ကူညီပေးလိုက်ရုံပဲ! ကျွန်တော်က လူကြီးလူကောင်းတစ်ယောက်ဗျ! ကျွန်တော်သာ မစ္စဝီလ်ဆန်ကို အခုလိုဆက်ဆံရင် ကျွန်တော့်တို့ဘေးမှာရှိနေတဲ့ ဓာတ်ပုံဆရာက သူ့ကင်မရာနဲ့ ကျွန်တော့်ကို ထုသတ်လိမ့်မယ်!" ဟန်တာ ဝင်စတန်၏လက်တို့ကိုတွန်းဖယ်၍ ပြန်ထလိုက်၏။
"အိုး၊ ဓာတ်ပုံဆရာလည်းရှိနေတာပေါ့၊ ဟမ်? မင်းတော့ စိတ်ပျက်သွားမှာပဲ။" ဝင်စတန်က ထိုင်နေဆဲဖြစ်ပြီး ခေါင်းကိုစောင်းငဲ့၍ ဟန်တာ့ကို စူးစမ်းနေသည်။
"ကျွန်တော်... ကျွန်တော့်မှာ မစ္စဝီလ်ဆန်အပေါ် အဲ့လိုရည်ရွယ်ချက်မျိုးမရှိဘူး။"
"ဟန်တာ၊ အခု မင်းရဲ့နားတွေက နီရဲနေတာပဲ။ မင်း အော်ဒရေဝီလ်ဆန့်အပေါ်မှာ အဲ့လိုအတွေးတွေမရှိတာ သေချာရဲ့လား။" ဝင်စတန်၏အသံက ပျော့ပျောင်းနေဆဲ။
၎င်းတို့စကားပြောနေလျှင် ထိုလူက အဘယ့်ကြောင့် ယခုလိုလေသံကို အသုံးပြုပြီး အခြားသူများကို အဘယ့်ကြောင့် ထိုသို့မပြောရတာလဲဆိုသည်အား သူမသိပေ။
"ကျွန်တော် ကျိန်ပြောရဲတယ်! ကျွန်တော့်ကို အရှက်ရအောင်လုပ်နေတာက ခင်ဗျားလေ!" ထိုသို့ပြောပြီးပြီးချင်း ဟန်တာ နောင်တရသွား၏။
"အိုး၊ မင်း မစ္စဝီလ်ဆန်ကို ပွေ့ဖက်ခဲ့တဲ့ပုံစံကို ကိုယ်က လိုက်လုပ်ကြည့်ရုံပဲမဟုတ်ဘူးလား။"
"သူ(မ)ကို ကျွန်တော့်ပေါင်ပေါ်မှာ ထိုင်ခွင့်ပေးခဲ့တယ်လို့ ကျွန်တော်ပြောခဲ့လို့လား!"
ပြီးတော့ စားသောက်ဆိုင်ထဲမှာ လူတွေအများကြီးရှိနေတာကို!
ခင်ဗျားရဲ့ခြေတံက အရမ်းရှည်ပြီး ကျွန်တော့်ကို တမင်ခြေထိုးခံလိုက်တာပဲ!
ဝင်စတန်၏အပြုံးက ပိုမိုကွေးညွတ်ကာ ရှင်းလင်းလာခဲ့သည်။
"ခင်ဗျား ယုံယုံမယုံယုံ၊ ဒီပြိုင်ပွဲမှာ ခင်ဗျားကို အမှုန့်ကြိတ်ပစ်မယ်!" ဟန်တာ ဒေါသတကြီး လက်ခလယ်ထောင်ပြလိုက်သည်။
"ကိုယ် စောင့်မျှော်နေပါ့မယ်။" နောက်ဆုံးတော့ ဝင်စတန်က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
ငွေရှင်းပြီးနောက် ဝင်စတန်က ဟန်တာ့ကိုလိုက်ပို့ရန် ပြင်လိုက်သည်။
"ဟေး... ခင်ဗျား လိုက်ပို့စရာမလိုပါဘူး။ ကျွန်တော့်ဘာသာ ပြန်လိုက်လို့ရတယ်။ ခင်ဗျားက ကျွန်တော့်ကို လိုက်ပို့လိုက်၊ ကျွန်တော်က ခင်ဗျားကို ပြန်ပို့ပေးလိုက်နဲ့ ကျွန်တော်တို့တွေ တစ်ညလုံးမအိပ်ရဘဲ မိုးလင်းသွားလိမ့်မယ်။"
"မင်းရဲ့နားရွက်တွေက ခုထိနီနေတုန်းပဲ။" ဝင်စတန်က နူးညံ့စွာ ပြုံးပြလာသည်။
"တော်ပါတော့ဗျာ!" ဟန်တာ လက်မြှောက်ကာ သူ၏နားရွက်များကို ဖုံးအုပ်လိုက်သည်။
ဝင်စတန်က ဘာမှမပြောတော့ဘဲ ဓာတ်လှေကားခလုတ်ကိုသာ နှိပ်လိုက်၏။
နှစ်ဦးသား ဟန်တာ၏ဟိုတယ်အထိ လမ်းလျှောက်ခဲ့ကြသည်။ လက်နှစ်ဖက်လုံးကို ဂျင်းဘောင်းဘီအိတ်ကပ်ထဲထည့်ထားသော ဟန်တာနှင့်မတူဘဲ ဝင်စတန်က ခြေလှမ်းလိုက်တိုင်း တည်ကြည်လေးနက်ကာ ကျက်သရေရှိနေပေသည်။
သူ ဝင်စတန်နှင့် မည်ကဲ့သို့ဖြင့် ယခုလိုရင်းနှီးလာကြောင်း ဟန်တာ တွေးမိသွား၏။
ဒီနှစ် စပိန် Grand Prix ရဲ့ သန့်စင်ခန်းထဲကနေ စတင်ခဲ့တာများလား... ထို့နောက် စူပါမားကတ်၌ သူ့အတွက် ဝင်စတန်ပိုက်ဆံရှင်းပေးခဲ့ချိန်၊ ဖယ်ရာရီ၏ပရဟိတပွဲ၌ သူ၏ဘေ့စ်ဘောဦးထုပ်ကို စျေးကြီးပေး၍ဝယ်ယူခဲ့ချိန်၊ ထို့နောက် အိမ်အပြန်လမ်းမှာ သူ၏ဂျစ်ကားအဟောင်းပျက်သွားချိန်မှာ အာမခံကုမ္ပဏီမလာခင်အထိ သူ့အား အဖော်ပြုကာ စောင့်ပေးခဲ့သည်။ ဟန်တာ့အား သူ၏ဖယ်ရာရီကို အင်ဂျင်ပေါက်ကွဲသွားတဲ့အထိ ပေးမောင်းခဲ့ချိန်ကိုလည်း ချန်ထားလို့မရပေ...
၎င်းတို့က မရင်းနှီးခဲ့ကြသော်လည်း တွေးကြည့်လိုက်လျှင်... ပထမဆုံးလှုပ်ရှားခဲ့သူက အမြဲတမ်း ဝင်စတန်ဖြစ်နေခဲ့၏။
ဘာလို့လဲ။
ဟန်တာ သူ့အရှေ့မှ ဝင်စတန်၏အရပ်ရှည်ကာ တောင့်တင်းသောပုံရိပ်ကိုကြည့်နေခဲ့သည်။ ထိုပုံရိပ်က ရုတ်တရက် ရပ်တန့်သွားပြီး ဟန်တာ့ကို လှည့်ကြည့်လာ၏။
"ဘာဖြစ်လို့လဲ။"
"ဘာမှမဟုတ်ပါဘူး။" ဟန်တာ သူ၏ခြေလှမ်းကို အရှိန်တင်ကာ ဝင်စတန့်ကို ကျော်တက်၍ သူ့ကိုပြန်လှည့်ကြည့်ကာ မျက်စိမှိတ်ပြလာသည်။ "ကျွန်တော် ခင်ဗျားရဲ့အဖော်အချွတ်အကကို တွေးကြည့်နေတာ။"
"တကယ်?" ဝင်စတန်က ပြုံးလာပြီး ဟန်တာနှင့် ဘေးချင်းကပ်လျှောက်လာ၏။
"ကျွန်တော် ဒီတစ်ခေါက်ပြိုင်ပွဲမှာ သေချာပေါက် ထိပ်ဆုံးငါးနေရာထဲဝင်အောင်လုပ်မှာ။ ပြီးတော့ ခင်ဗျား... ဆိုင်ရယ်နဲ့ အိုဝင်တို့ကို အကျောမပေးလိုက်နဲ့ဦး၊ ဟုတ်ပြီလား။" ဟန်တာက ဆိုးသွမ်းသောအပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
"မင်းက တော်တော်လေး ယုံကြည်ချက်ရှိနေတာပဲ။"
ဟန်တာ လရောင်အောက်မှ ဝင်စတန့်ကိုငေးကြည့်ကာ သူ့ဘာသာသူ တွေးလိုက်မိသည်။ ကျွန်တော့်ကို ဒီလောက်ထိယုံကြည်ချက်ရှိစေတာ ခင်ဗျားမဟုတ်ဘူးလား။
ဟိုတယ်အခန်းသို့ ပြန်ရောက်လာသောအခါ ဟန်တာတစ်ယောက် မသိစိတ်အရ ပြတင်းပေါက်ဖွင့်လိုက်ပြီး ဝင်စတန်ထွက်ခွာသွားသောဦးတည်ရာကို စောင့်ကြည့်နေခဲ့သည်။ သူ၏စိတ်ထဲမှာ ဝင်စတန့်ပေါင်ပေါ် ထိုင်ခဲ့ပြီး အဖက်ခံလိုက်ရသောခံစားချက်အား ပြန်လည်တွေးမိသွား၏။
လုံခြုံမှုရှိသောခံစားချက်... သူ့ဆီမှာ သိမ်းပိုက်ခံလိုက်ရသလိုမျိုး...
ဟန်တာ သူ၏ဦးခေါင်းအား အပြင်အထန်ပွတ်သပ်လိုက်၏။ သူ ဝင်စတန့်ရှေ့မှာ အရက်မူးကာ သူ၏ညံ့ဖျင်းသော အရက်ခံနိုင်ရည်ကို ဆင်ခြေအဖြစ်အသုံးချ၍ သူလုပ်ချင်တာမှန်သမျှကို လုပ်ပစ်ချင်စိတ်တို့ တဖွားဖွားပေါ်ပေါက်လာလေ၏။
ထိုအတွေးက ဟန်တာ့ကို ထိတ်လန့်သွားစေခဲ့သည်။
အချိန်ကွာဟချက်ကို မထိန်းညှိနိုင်ရာ သူ အိပ်ရာပေါ်ကို အစောကြီးတက်သွားခဲ့သော်လည်း နာရီဝက်ကြာတာတောင် သူ အိပ်မပျော်နိုင်ခဲ့ပေ။ သူ အရက်မူးပြီး ဝင်စတန့်ကိုနမ်းခဲ့သည့်အချိန်အား ရုတ်တရက်တွေးမိသွားသည်ကို နောင်တရနေသည်။ ယခု သူ၏စိတ်ထဲမှာ မသင့်တော်သောအတွေးများနှင့် ပြည့်နှက်နေလေပြီ။
ထိုအချိန်၌ အိပ်ရာဘေးမှ သူ၏ဖုန်းက လင်းလာခဲ့သည်။ ဟန်တာ စစ်ဆေးရန် လှမ်းယူလိုက်၏။ ၎င်းမှာ ဝင်စတန့်ဆီမှ မက်ဆေ့ချ်ဖြစ်နေသည်။ [မင်း လမင်းကြီးကိုမြင်ရလား။]
ဟန်တာ ထထိုင်ကာ ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သည်။ ငွေသော်တာလရောင်က တစ်ကမ္ဘာလုံးကို အလင်းရောင်ဖြန့်ကျက်ပေးထားသလို ကောင်းကင်ယံမှာသာနေ၏။
သူ ဝင်စတန့်ကို စာပြန်လိုက်သည်။ [အင်း၊ လမင်းကြီးက အရမ်းကိုတောက်ပနေတာပဲ!]
ဝင်စတန်: [ကောင်းသောညပါ၊ ဟန်တာ။]
တစ်စုံတစ်ယောက်က သူ၏နားထဲ တီးတိုးပြောနေသကဲ့သို့ ဝင်စတန်၏ အေးစက်သော်လည်း သိမ်မွေ့သောအသံကို ကြားယောင်နေမိ၏။
သူ စာအုပ်တစ်အုပ်ကို ပေါင်ပေါ်တင်ရင်း အိပ်ရာခေါင်းရင်းမှာမှီထိုင်ပြီး အခု ဖုန်းကိုကိုင်ထားတာများလား။
ကောင်းသောညပါ၊ ဝင်စတန်။
ရက်အနည်းငယ်ကြာပြီးနောက် လေ့ကျင့်ရေးပွဲများ စတင်လေပြီ။ ဤနေရာ၌ စိမ်းစိမ်းစိုစိုအရာများ ရှားပါးသည့်အတွက် ရာသီဥတုက Suzuka ပြေးလမ်းထက် ပို၍ပူပြင်းပြီး တာယာကွဲမှုပြဿနာကို စိုးရိမ်ရစေသည်။
ပထမတော့ ဟန်တာ သူမောင်းရမည့်ကား၏စွမ်းဆောင်ရည်ကို ထိန်းထားနိုင်ပါ့မလားဟု စိတ်ပူနေမိ၏။ သို့သော် ပြေးလမ်းပေါ်မတက်ခင် ရှန်ချွမ်းက နောက်ဆုံးပြင်ဆင်မှုကို တည်ငြိမ်စွာညွှန်ကြားကာ ရှန်ရှီးက ချောကလက်တောင့်ကို တတိတိကိုက်ရင်း 'ဘိုင့်ဘိုင်' ဟု မျက်စိမှိတ်ပြခဲ့ရာ ထိုအမူအရာများက ဟန်တာ့အား စိတ်အေးသွားစေခဲ့သည်။
ကန္တရပြေးလမ်းပေါ်မှာ သူ ပထမဆုံးယှဥ်ပြိုင်ဖူးခြင်းဖြစ်သော်လည်း သူ၏မောင်းနှင်မှုက ချောမွေ့ကာ လွတ်လပ်သည်။ လေ့ကျင့်ရေးပွဲပြီးနောက် အချက်အလက်များက ရှန်ချွမ်း၏ တွန့်ချိုးနေသောမျက်ခုံးများကို ပြေလျော့စေခဲ့သည်။
ဟန်တာ ပြန်မောင်းလာသောအခါ ရှန်ချွမ်းက ကားကိုမှီကာ ဟန်တာ၏ဦးထုပ်ကို တောက်လိုက်သည်။ "စိတ်တည်ငြိမ်သွားပြီလား။"
"စိတ်မပူပါနဲ့! အရမ်းကိုတည်ငြိမ်သွားပြီ!" ဟန်တာ တောက်ပစွာပြုံးပြလိုက်သည်။ "ကျွန်တော် အင်ဂျင်အပူချိန်ကို ကျွန်တော့်ဘာသာ စစ်ဆေးကြည့်ခဲ့တယ်။ ခင်ဗျားတို့ အအေးခံတဲ့ပြဿနာကို မျှော်လင့်ထားတာထက်တောင် ပိုကောင်းအောင် ကိုင်တွယ်ခဲ့ကြတာပဲ!"
"ငါတို့တွေ ဘရိတ်အအေးခံတဲ့ပြွန်အပါအဝင် အအေးခံတဲ့အစိတ်အပိုင်းကို အများကြီးတိုးမြှင့်ထားတယ်။ ဟန်တာ၊ Yas Marina မှာ လေတိုက်ခတ်တဲ့ဦးတည်ချက်က ခန့်မှန်းလို့မရဘူး။ ပြီးတော့ အင်ဂျင်ပူလာတဲ့အရှိန်က ပုံမှန်ပြေးလမ်းတွေထက် ပိုပြီးကြမ်းတမ်းတယ်။ ဒီတစ်ခေါက် မင်းတစ်ယောက်တည်းသာမကဘူး၊ ငါတို့ အင်ဂျင်နီယာအဖွဲ့နဲ့ အသင်းတစ်ခုလုံးရဲ့ အားထုတ်မှုတွေကို သက်သေပြရမယ်။" ရှန်ချွမ်း၏မျက်လုံးများထဲမှာ အင်အားကြီးမားသော ပြတ်သားမှုတို့ရှိနေ၏။
ရှန်ရှီးကတောင် ချောကလက်ဝါးမနေတော့ဘဲ ဟန်တာ့ကို စိုက်ကြည့်နေခဲ့သည်။
ပြေးလမ်းပေါ်က ပြိုင်ကားမောင်းသမားဖြစ်စေ၊ ပြေးလမ်းအပြင်က အင်ဂျင်နီယာအဖွဲ့ဖြစ်ပါစေ ထိုကဲ့သို့ဆုံးဖြတ်ချက်မှာတော့ တစ်သားတည်းပင်။
"ကျွန်တော် ကြိုးစားပါ့မယ်။" ဟန်တာ ရှန်ချွမ်း၏မျက်လုံးများကို တိုက်ရိုက်စိုက်ကြည့်လိုက်သည်။
__
စာရေးသူမှာ ပြောစရာရှိပါတယ်:
ကြက်ဥကြော်နေရင်း:
ဝင်စတန်: တစ်နေ့နေ့မှာ ကိုယ်လက်ထပ်သွားရင် မင်းနဲ့ကလွဲပြီး တခြားဘယ်သူနဲ့ ခရီးသွားရဦးမှာလဲ။
ဟန်တာ: ပျော်သွားပြီ~
ဝင်စတန်: ဘာလို့ဆို ကိုယ်လက်ထပ်မဲ့သူက သေချာပေါက် မင်းပဲဖြစ်လာမှာလေ။
ဟန်တာ: ...
***
Aurora Novel Translation Team