ဘေးအခန်းမှာစောင့်နေတယ် (၂)
စင်မြင့်၏ရှေ့၌ ဘားခုံမြင့်အနည်းငယ်နှင့် ဆိုဖာတစ်လုံးရှိ၏။ ဟန်တာ ခုံမြင့်ကိုရွေးချယ်ကာ ထိုင်ချလိုက်ပြီး မေးထောက်ကာဖြင့် 'ကျွန်တော် အာရုံစိုက်ပြီးကြည့်နေမယ်' ဆိုသောအမူအရာကို တပ်ဆင်ထားသည်။
ဝင်စတန်က အိတ်ကပ်ထဲလက်ထည့်ကာ ငုံ့ကြည့်လာသည်။ "မင်း ဘာသီချင်းဖွင့်ချင်လဲ။"
"အဖော်အချွတ်အကကိုကြည့်ဖို့ဆိုတော့ ဆွဲဆောင်မှုရှိတဲ့တစ်ခုခုပေါ့!"
ဝင်စတန်က သူ၏ဖုန်းကိုထုတ်ယူကာ ဟန်တာ့ဆီပစ်ပေးလိုက်သည်။ စခရင်ထက်၌ ပြင်သစ်ဘာသာဟုထင်ရသော ဟန်တာမဖတ်တတ်သည့်ခေါင်းစဥ်နှင့် သီချင်းတစ်ပုဒ်ကိုပြသနေ၏။
"မင်း သောက်စရာမမှာချင်တာ သေချာလား။" ဝင်စတန်က သံတိုင်ကိုမှီ၍ အေးအေးဆေးဆေးလက်ပိုက်ကာ မေးလာခဲ့သည်။
"ဟားဟားဟား! ဒီနေရာမှာ ခင်ဗျားကဒီလိုရှိနေမှာဆိုတော့ ကျွန်တော် ဝိုင်နီတစ်ခွက်လောက် မှာလိုက်သင့်လား။ ခင်ဗျားကို ဖိထားလို့ရအောင် ကျွန်တော် အရက်မူးလိုက်သင့်တယ်!"
"မင်း အသိစိတ်ရှိနေတဲ့အချိန်မှာပဲ ကိုယ့်ကိုလေ့လာစေချင်တယ်။ မင်းကိုယ့်ကို ဖိထားချင်ရင် အသိစိတ်ရှိနေတဲ့အချိန်မှာလုပ်။" ဝင်စတန်၏မျက်လုံးများက ဟန်တာ့ကိုယ်ပေါ်ကနေ ဖယ်ခွာမသွားရာ ဟန်တာ့ကိုလည်း ပို၍လေးနက်လာစေခဲ့သည်။
ဟန်တာ၏လက်ချောင်းက စခရင်ထက်မှ play ခလုတ်ကိုနှိပ်လိုက်ပြီး ပြေးလမ်းပေါ်မှာ ပြိုင်ပွဲစတင်ဖို့အချက်ပြမှုကို စောင့်ဆိုင်းနေရသလိုမျိုး သူ၏စိတ်အာရုံများ တင်းမာနေကြောင်း ခံစားလိုက်ရ၏။ အတွေးပေါင်းမြောက်များစွာက ပွက်ပွက်ဆူလာပြီး အပြင်ထွက်ဖို့အတွက် လမ်းရှာနေကြသည်။
နှေးကွေးစွာ ထွက်ပေါ်လာသော ဂီတသံက အဆွေးသီချင်းတစ်ပုဒ်နှယ်။ အခန်းတစ်ခုလုံးက လူများကို ရစ်မူးသွားစေနိုင်သည့် စိတ်ဝိညာဥ်မျိုးကို ထုတ်လွှတ်ပေးနေပြီး လေထုက ဖြည်းဖြည်းချင်းရွေ့လျားကာ ဟန်တာ့အား ရေထဲဆွဲချကာနစ်မွန်းစေတော့မလို။
ဝင်စတန်က တိုင်လုံးကိုမှီကာ သိမ်မွေ့စွာ လှည့်ပတ်နေ၏။ သူ၏မျက်လုံးများက အေးစက်နေသော်လည်း ဟန်တာ့အတွက် ၎င်းတို့က သုညဒီကရီမှသည် အခိုက်အတန့်မရွေး ဆူပွက်လာဖို့ အဆင့်သင့်ဖြစ်နေပုံပေါ်သည်။ ဝင်စတန် လက်မောင်းပေါ်မှ သူ၏ဂျက်ကတ်ကို အနည်းငယ်ဆွဲချွတ်လိုက်ပြီး အမျိုးသမီးတစ်ယောက်ကဲ့သို့ နူးညံ့သိမ်မွေ့ခြင်းမရှိသော်လည်း ယောက်ျားတစ်ယောက်ကသာ ပိုင်ဆိုင်နိုင်သော ရင့်ကျက်မှုနှင့် ခွန်အားတို့ကို ပြသနေခဲ့သည်။
ဝင်စတန်က စိတ်ရှည်သော အမဲလိုက်မုဆိုးတစ်ယောက်ဟု ဟန်တာ ခံစားလိုက်ရ၏။ ထိုသူက သူ့၏သတိများကို ဖယ်ရှားသွားစေမည့် နည်လမ်းကိုအသုံးပြုကာ သူ စိတ်လျှော့လိုက်သည့်အခိုက်အတန့်၌ သူ့ကို သိမ်းပိုက်လိမ့်မည်။
ဟန်တာ ရုတ်တရက်ဆိုသလို တင်းမာမှုများ ထွက်ပေါ်လာခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ဝင်စတန်၏လက်ချောင်းများက သူ့ဂျက်ကတ်၏ ထိပ်ဆုံးကြယ်သီးကနေ အောက်ဆုံးအထိလျှောဆင်းလာပြီး ၎င်းအား သူ၏ပခုံးပေါ်ကနေ လက်မောင်းရင်းအထိ လျှောကျလာခွင့်ပြုလိုက်သောကြောင့်ပင်။ ဝင်စတန်၏ယခုလိုပုံစံကို ဟန်တာ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်၏။ ဝင်စတန်က အမြဲတမ်း သပ်သပ်ရပ်ရပ်ဝတ်ဆင်တတ်သူဖြစ်သော်လည်း ယခု သူ၏ပြီးပြည့်စုံသောအပြင်ပိုင်းအား ဖွင့်ဟပြတော့မည့်ပုံဖြစ်ရာ ဟန်တာ့အား အလိုဆန္ဒများကို မထိန်းချုပ်နိုင်အောင် ပြုလုပ်နေခဲ့သည်။ ဝင်စတန်၏တည်ရှိမှုက သူ့ကို အသက်ရှူကျပ်စေသည့်အလား သူ၏လည်ချောင်းက တင်းမာလာခဲ့ပြီး တံတွေးမျိုချဖို့ကိုတောင် နာကျင်လာရ၏။
ဝင်စတန်၏ခါးက စည်းချက်နှင့်အညီ လှုပ်ရှားနေပြီး ညှို့အားကောင်းသောလှုပ်ရှားမှုတစ်ခုက ဟန်တာ၏စိတ်ခံစားချက်များကို အထွတ်အထိပ်ထိဆွဲခေါ်ကာ ဖောက်ထွင်းခံရတော့မလို ခံစားရစေ၏။ ဝင်စတန်၏လက်မောင်းပေါ်မှ လျှောကျလာသော ဂျက်ကတ်မှာ ကြမ်းပြင်ထက် 'ဘုတ်'ခနဲပြုတ်ကျသွားခဲ့သည်။
ဟန်တာ အလိုလိုတုန်တက်သွားပြီး သူ၏ဂျင်းအနွေးထည်ကို မသိစိတ်ကနေ ဆုပ်ကိုင်လိုက်မိ၏။ အချွတ်ခံလိုက်ရသူက ဝင်စတန်မဟုတ်ဘဲ သူဟုတောင် ခံစားခဲ့ရသည်။ ဝင်စတန်၏အကြည့်တို့က သူ့ဆီမှာပဲကျောက်ချနေပြီး သီချင်းသံကြောင့်ပေလော မသိနိုင်သော်ငြား ယခင် စိတ်ခံစားချက်ကင်းမဲ့သောမျက်လုံးများက ရုတ်တရက် ဆွဲဆောင်မှုတို့ကိန်းဝပ်လာသလိုနှယ်။
ဟန်တာ အသံတိတ် အသက်ရှူထုတ်လိုက်မိပြီး အနီးကပ်ကြည့်ရှူပါက သူ၏လက်ချောင်းလေးများမှာ တုန်ယင်နေကြသည်ကို တွေ့ရလိမ့်မည်။
စင်မြင့်ပေါ်မှအမျိုးသားက ဟန်တာ အရင်ကမမြင်ဖူးသည့် အပြုံးမျိုးဖြင့် ပြုံးပြလာ၏။ ၎င်းက စနောက်နေချိန် ဝင်စတန်ပြုံးနေကျ ခပ်ညစ်ညစ်အပြုံးမလုပ်သလို ယဥ်ကျေးသောအပြုံးလည်းမဟုတ်ဘဲ ဝင်စတန်တစ်ဦးတည်သာပိုင်ဆိုင်သော ဆွဲဆောင်မှုရှိသည့်အပြုံးပင်။ သို့သော်လည်း ၎င်းက အလျင်အမြန်ပျောက်ကွယ်သွားခဲ့သည်။
ဝင်စတန်က သူ့ကိုယ်သူ လက်မောင်းများဖြင့်ရစ်ပတ်ပွေ့ဖက်ကာ သူ၏ပခုံးများပေါ်ကနေ သူ၏လက်ကောက်ဝတ်အထိ ပွတ်သပ်ပြလာခဲ့သည်။ သူ၏ညာလက်လက်က ဘယ်ဘက်ကအင်္ကျီလက်မောင်းကို ဖြည်းဖြည်းချင်းပင့်တင်ကာ လှပပြီး ကြွက်သားတောင့်တင်းနေသော သူ၏လက်ကို ပြသခဲ့၏။ ဟန်တာ မသိစိတ်အရ ထိုင်ခုံအစွန်းကို ဆုပ်ကိုင်ထားမိသည်။ ဝင်စတန်၏လက်တို့က သူ့ကိုယ်သူပွတ်သပ်နေတာမဟုတ်ဘဲ ဟန်တာ့ကို
လာရောက်ပွတ်သပ်နေသလိုမျိုး ခံစားနေရ၏။
ဝင်စတန်က တိုင်လုံးကိုဆုပ်ကိုင်ကာ သူ၏ခန္ဓာကိုယ်ကို ကွေးညွတ်၍ လှည့်ပတ်ပြလာရာ ဟန်တာအား မူးဝေသွားစေခဲ့သည်။ တိုင်လုံးကိုမှီထားရင်း ဝင်စတန်တစ်ယောက် သူ၏အဖြူရောင်တီရှပ်ကို ဖြည်းဖြည်းချင်း ပင့်တင်ခဲ့၏။ သူ၏အမူအရာက အလိုရမ္မက်တို့ကို မပြသသော်လည်း သူ၏တောင့်တင်းလှသောခါးက တဖြည်းဖြည်းနှင့် အမြင်အာရုံထဲပေါ်ထွက်လာရာ ဟန်တာ သူ့ကိုယ်ထဲမှတစ်စုံတစ်ခုက လွတ်မြောက်သွားပြီး အခန်းထဲကိုပြည့်နှက်သွားစေကာ အဘက်ဘက်သို့ ပျံ့နှံ့သွားပြီဟု ခံစားလိုက်ရသည်။
ဝင်စတန်က သူ၏တီရှပ်ကို ဖြည်းဖြည်းချင်းပင့်ချွတ်ကာ ဆောင်ကြောင့်ထိုင်လိုက်သည်ကို ဟန်တာ ကြည့်နေရင်း အသက်ရှူအောင့်ထားမိသည်။ ဝင်စတန်က မေးကိုမော့ချီ၍ ဦးခေါင်းလေးကို စောင်းငဲ့ပြီး သူ၏လည်ပင်းသားတို့ကို ဖော်ပြလာခိုက် သူ၏ဆံချည်မျှင်များက သူ၏မျက်လုံးများကို တစ်စွန်းတစ်ဖုံးကွယ်သွားခဲ့သည်။
ဟန်တာ၏စိတ်ထဲမှ တစ်စုံတစ်ခုမှာ ပေါက်ကွဲထွက်လာတော့မလိုပင်။
သူ ဆက်ပြီးမကြည့်နိုင်တော့ပေ... သူ အမှန်တကယ်ကို ဆက်မကြည့်နိုင်တော့ချေ။ သူသာ ဆက်ကြည့်နေလျှင် ရူးသွပ်သွားနိုင်သည်။ ဟန်တာ ဆိုဖာပေါ်မှာထိုင်ဖို့ မရွေးချယ်ခဲ့တာကို နောင်တရနေလေပြီ - ဤနေရာမှာ ထိုင်နေရသည်က တစ်စုံတစ်ခုကို ဖုံးကွယ်ထားဖို့ ခက်ခဲပေ၏။
ဝင်စတန်က ထိုင်လျက်အနေအထားကနေ ဖြည်းဖြည်းချင်းထရပ်ရင်း သူ၏ညာလက်က အနောက်မှာရှိသော တိုင်လုံးတစ်လျှောက်ကို ပွတ်ဆွဲသွားခဲ့သည်။ သူသာ အမျိုးသမီးတစ်ဦးဆိုလျှင် မည်သည့်အမျိုးသားက သူ့ကိုမကြည့်ဘဲနေနိုင်လိမ့်မည်နည်း။
ဝင်စတန်က အန္တရာယ်များလောက်အောင် ဆွဲဆောင်မှုရှိလွန်းသည်။ ထိုအခိုက်အတန့်၌ ဟန်တာ သန့်စင်ခန်းထဲသို့သာ အပြေးသွားချင်နေခဲ့၏!
စင်မြင့်ပေါ်မှအမျိုးသားက ဦးခေါင်းကိုစောင်းငဲ့ထားရင်း ဟန်တာ၏မျက်လုံးများကို စိုက်ကြည့်နေဆဲပင်။ ဟန်တာ၏အတွေးများ၊ ကျိုးကြောင်းဆီလျော်မှုများအားလုံးကို တစ်ဖက်လူက လုံးဝလမ်းလွှဲပစ်လိုက်သည်။ ဝင်စတန်၏လက်ချောင်းများက သူ၏ဂျင်းဘောင်းဘီထက်ရွှေ့သွားပြီး ဖြည်းဖြည်းချင်း ထိတွေ့နေကြသည်။ ၎င်းတို့က ရှင်းရှင်းလင်းလင်း ထွက်မလာနိုင်သော်လည်း သူ့ကိုယ်ထဲမှတစ်စုံတစ်ခုကတော့ ထွက်လာဖို့ကြိုးစားနေသလို ဟန်တာခံစားနေရ၏။
သူ၏လည်ချောင်းက ခြောက်ကပ်လာပြီး ခုံကိုဆုပ်ကိုင်ထားသော သူ၏လက်များမှာလည်း ဖြူဖျော့နေလေပြီ။ ဝင်စတန် အမြန်အဆုံးသတ်ပါစေဟု သူဆုတောင်းသင့်ကြောင်း သူ့ကိုယ်သူပြောနေခဲ့သော်လည်း သူ၏စိတ်ထဲမှာတော့ ယခုလိုအော်ဟစ်နေမိ၏ - ကျွန်တော့်ကို ဒီထပ်ပိုပြီးပေးပါ!
ဝင်စတန်၏လက်ချောင်းများက သူ၏ဂျင်းဘောင်းဘီပေါ်မှ ပထမဆုံးကြယ်သီးကို လက်လှမ်းလိုက်သည်။ ဟန်တာ သူ၏လည်ပင်းကို ဆန့်လိုက်မိ၏။ သူ၏ခံစားချက်အစစ်အမှန်တို့ကို ဖုံးကွယ်ထားဖို့က အတော်ခက်ခဲပေသည်... သူ လက်လွှတ်ချလိုက်ပြီး အပြည့်အဝခံစားလိုက်ချင်၏။
သို့သော် ထိုအခိုက်အတန့်တွင် ဟန်တာ့ပေါင်ပေါ်ရှိ ဖုန်းထဲမှသီချင်းသံက ရပ်တန့်သွားခဲ့သည်။ တိုင်လုံးကိုမှီထားသော ဝင်စတန်က ငုံ့ကိုင်းချ၍ ချွတ်လိုက်သောတီရှပ်ကို ပြန်ကောက်ဝတ်လိုက်၏။
"ဟမ်?" ဟန်တာ ခေါင်းလေးစောင်းငဲ့ကာ သူ့ကိုကြည့်လိုက်သည်။
ဝင်စတန်က သူ၏ဂျက်ကတ်ကို ပေါ့ပေါ့ပါးပါးကောက်ယူ၍ စင်ပေါ်ကနေဆင်းလာပြီး ဟန်တာ့ဆီကဖုန်းကို ပြန်ယူလိုက်၏။
"ပြီးသွားပြီလား။" ဟန်တာ၏မျက်လုံးများက ပြူးကျယ်သွား၏လေသည်။
"အင်းလေ။ ငါးမိနစ်နဲ့ စက္ကန့်သုံးဆယ်က မလုံလောက်ဘူးလား။" ဟန်တာက မေးလာ၏။
ဘာ? ငါးမိနစ်တောင်ရှိသွားပြီ? နေပါဦး၊ အခု အဲ့ဒါက အရေးမကြီးသေးဘူး!
"ဒါပေမဲ့ ခင်ဗျားရဲ့ဘောင်းဘီတွေကိုတောင် မချွတ်ရသေးဘူးလေ!"
ဝင်စတန်က ဟန်တာ၏ဦးခေါင်းလေးအား တစ်ချက်တောက်လိုက်၏။ "ကိုယ့်အင်္ကျီတွေကို မချွတ်ခဲ့ဘူးလား။ အဖော်အချွတ်အကဆိုတာနဲ့ အကုန်ချွတ်ရမယ်လို့ ဘယ်သူကပြောခဲ့လို့လဲ။"
အဲ့ဒါက အဓိပ္ပာယ်ရှိလို့လား။
"ကိုယ်သွားရတော့မယ်။ မင်းရဲ့အသင်းပါတီကို ပြန်မသွားတော့ဘူးလား။"
"ခင်ဗျားက သွားတော့မလို့လား။"
"အင်း။ ကိုယ့်အသင်းကလည်း ပွဲရှိတယ်။"
သို့သော် ဟန်တာ အခု မတ်တတ်ရပ်လို့မရပေ! သူသာ ဤခုံပေါ်ကနေ ထလိုက်လျှင် သူ၏တစ်နေရာက ဂျင်းဘောင်းဘီနှင့် ပွတ်တိုက်မိသွားပြီး ထိန်းချုပ်နိုင်စွမ်းရှိတော့မည်မဟုတ်ချေ!
"မသွားသေးဘူးလား။"
"ဟမ်...." ဟန်တာ သူ၏ထိုင်ခုံကိုလှည့်ကာ ဝင်စတန့်ကိုကျောပေးလိုက်၏။ သတိထား... ထကြွမလာနဲ့... မင်း ထလာလို့မရဘူး... ဟန်တာ မျက်နှာသေဖြင့် အခန်းထဲကနေထွက်လာခဲ့သော်လည်း ၎င်းမှာ မခံမရပ်နိုင်အောင် အောင့်တက်နေချေပြီ။
"ကျွန်တော် ဝင်တော့မယ်!" ဟန်တာ ဝင်စတန်၏ တုံ့ပြန်စကားကိုတောင်မစောင့်ဘဲ သူ့အသင်းရှိရာအခန်းထဲ အလျင်အမြန်ဝင်သွားလိုက်၏။
ဟန်တာ အထဲကိုရောက်လာသည်နှင့် ကျယ်လောင်သောသီချင်းသံ၊ အသင်းဖော်များ၏ အားပေးသံများဖြင့် ကြိုဆိုခံလိုက်ရ၏။ တင်းမာနေသော သူ၏အာရုံကြောများကို နောက်ဆုံးတော့ လွှတ်ချလိုက်နိုင်ပြီး ထိန်းချုပ်ထားခဲ့ရသော အလိုဆန္ဒတို့က တိုးထွက်လာခဲ့ကြသည်။ ဟန်တာ မျက်နှာကြီးနီမြန်းလျက် သန့်စင်ခန်းရှိရာသို့ တစ်ချိုးတည်းပြေးခဲ့ရတော့သည်။
သူ တံခါးဖွင့်လိုက်သည်နှင့် အထဲမှာ မက်ဂရက်ဒီတစ်ယောက် အကမယ်တစ်ယောက်နှင့် အငမ်းမရနမ်းရှိုက်နေကြောင်း တွေ့လိုက်ရသည်။ ပူလောင်နေသော ယခုလိုအခြေအနေမှာ ၎င်းကိုမြင်လိုက်ရခြင်းက ဟန်တာ့အား မီးစာများ ပို၍ထည့်ပေးလိုက်သလိုနှယ်။ သူ အော်လိုက်၏။ "ငါ သန့်စင်ခန်းသုံးဖို့လိုတယ်!"
မက်ဂရက်ဒီမှာ အေးခဲသွားပြီး တစ်စုံတစ်ခုပြောလိုက်ချင်သော်လည်း ဟန်တာက သူ့အနောက်ကို ညွှန်ပြလာ၏။ "ဟောခန်းမထဲက အခန်းလွတ်တွေထဲကတစ်ခုကို သွားသုံး!"
မက်ဂရက်ဒီ ဒေါသထွက်တော့မည့်အချိန်မှာ အကမယ်က သူ့ကို ဆွဲခေါ်သွားခဲ့သည်။
သွားစမ်း! မြန်မြန်ထွက်သွားစမ်း! ဟန်တာ စိတ်ထဲမှာ အော်ဟစ်နေ၏။
သို့သော် မက်ဂရက်ဒီလှုပ်ရှားတာက နှေးကွေးလွန်းရာ ဟန်တာ့ခမျာ ပေါက်ကွဲထွက်တော့မည်။ မက်ဂရက်ဒီထွက်သွားသည်နှင့် ဟန်တာ တံခါးကိုဘန်းခနဲပိတ်ကာ ၎င်းအားမှီထားပြီး သူ၏ဦးခေါင်းကို အနောက်သို့လှန်လိုက်သည်။
သူ၏စိတ်ထဲမှာ ဝင်စတန်၏ပုံရိပ်များနှင့် ပြည့်နှက်နေ၏: သူ၏မျက်လုံးများ၊ လက်ချောင်းများ၊ သူ လှည့်လိုက်သည့်အချိန် ဝဲကျလာသည့်ဆံချည်မျှင်လေးများ၊ သူ၏ပခုံးကျယ်များနှင့် ကျောပြင်ကျယ် - သူ၏အရာအားလုံးက ဟန်တာ့အား ကန့်သန်ထားသော နေရာတစ်ခုမှာ ပိတ်လှောင်ထားပြီး သူ့အား အပူတပြင်း ထုတ်လွှတ်စေချင်နေခဲ့၏။ သူ ရူးသွပ်သွားတော့မည်ဟုတောင် တွေးလိုက်မိသည်။ ဝင်စတန်က သူ့အရှေ့မှာ ရှိမနေတာတောင် သူနှင့်ပတ်သက်သမျှ အရာရာတိုင်းကို ဝင်စတန်က ထိန်းချုပ်နေဆဲဟု ခံစားနေရ၏။
နောက်ဆုံးတော့ လွတ်မြောက်မှုကို ရှာတွေ့သွားသည့်ဟန်တာမှာ ဝင်စတန် သူ့ဂျင်းဘောင်းဘီကို ဆုပ်ကိုင်လိုက်သည့်လက်ချောင်းများအား တွေးလိုက်မိရုံဖြင့် ထိန်းချုပ်မထားနိုင်တော့ပြန်ပေ။ သူ သန့်စင်ခန်းထဲမှထွက်ရန် အချိန်အတော်ကြာသွား၏။ သူ စင်မြင့်နှင့် တိုင်လုံးတို့ကိုမြင်လိုက်တိုင်း ဝင်စတန်၏ပုံရိပ်က ဝင်ရောက်လာခဲ့သည်။ သူ နှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့ရသော ဆန္ဒအဟုန်တို့က တစ်နေ့တစ်ရက်တည်းနှင့် ပေါက်ကွဲထွက်သွားသလိုပင်။
ဟန်တာ သန့်စင်ခန်းထဲမှထွက်လာသောအခါ အခန်းထဲရှိလူတိုင်း လစ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ အသိစိတ်ရှိနေသောသူများက အရက်မသောက်နိုင်သည့် ရှန်ချွမ်း၊ ရှန်ရှီးနှင့် အမျိုးသမီးလက်ထောက်တစ်ယောက်သာ။
"ဟေး၊ ဟန်တာ အဆင်ပြေရဲ့လား။" ရှန်ရှီးက ထူးထူးခြားခြား အံ့သြသလိုအမူအရာပြသလာ၏။
"ကျွန်တော် အချိန်မီပုန်းနိုင်ခဲ့လို့ အဆင်ပြေပါတယ်!" ဟန်တာက ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ကာ ပြုံးပြလိုက်၏။ "မက်ဂရက်ဒီရော?"
"သူစောစောကပဲ အကမယ်တစ်ယောက်နဲ့ ထွက်သွားပြီ။" ရှန်ရှီးက တံခါးကိုညွှန်ပြခဲ့သည်။
"ဒီလူတွေကို ဘယ်လိုကိုင်တွယ်ကြမလဲ။ ငါတို့ လူတိုင်းကို ဟိုတယ်ဆီ ဘယ်လိုပြန်ခေါ်သွားရမလဲ။" ရှန်ချွမ်းက သက်ပြင်းချလိုက်သည်။
"ကားအကြိုအပို့ဝန်ဆောင်မှုကို ဆက်သွယ်လိုက်။" ဟန်တာက ဆိုဖာပေါ်မှအိပ်နေသော မားကပ်စ်ကိုကြည့်လိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ်၊ မားကစ် အကုန်အကျခံလိမ့်မယ်။"
ဤသို့ဖြင့် ဟန်တာနှင့် ရှန်ချွမ်းတို့က အသင်းမှလူတိုင်းကို ကားထဲရောက်အောင် စီမံခဲ့ရသည်။ ၎င်းတို့က အနောက်ခန်းမှာ ဘေးချင်းကပ်ထိုင်ပြီး မားကပ်စ်က ရှန်ချွမ်းကိုမှီထား၏။ PR မန်နေဂျာက ခရီးသည်ထိုင်ခုံမှာ ထိုင်ခဲ့သည်။ ပြတင်းတံခါးအပြင်ဘက်၌ Abu Dhabi ၏အဆောက်အအုံများက တရွေ့ရွေ့ကျန်နေခဲ့သည်။
Abu Dhabi ၏ မနက်အစောပိုင်းသည် မြို့တော်၏အလိုဆန္ဒကို ထိန်းချုပ်ထားသလို အလွန်တိတ်ဆိတ်နေ၏။
"ဟေး... ရှန်ချွမ်း..."
"ဟမ်?"
"ဝင်စတန်က ကျွန်တော့်ကို... ဖြားယောင်းသွေးဆောင်နေတယ်လို့ ထင်လား။" ဟန်တာ သူပြောလိုက်သည့်စကားတို့ကို ပြန်တွေးလိုက်မိပြီး ယုံကြည်နိုင်စရာ မရှိသည့်အပြင် ရယ်စရာတောင်ကောင်းနေကြောင်း တွေ့လိုက်ရ၏။ သို့သော် ပြောပြီးသားစကားတို့ကို ပြန်ရုတ်သိမ်းလို့မရတော့ပေ။
"ဖယ်ရာရီအသင်းက ဗန်ဝင်စတန်လား။" ပထမဆုံးအကြိမ်အဖြစ် ရှန်ချွမ်းက သူ့ရှေ့မှာ အံ့သြသည့်အမူအရာကို ပြသခဲ့သည်။
"အင်း။"
ရှန်ချွမ်းက ဝင်စတန်နှင့်စကားပြောနိုင်သည့် လူအနည်းငယ်ထဲမှတစ်ဦးဖြစ်ရာ သူ၏အဖြေက မည်ကဲ့သို့ဖြစ်လာလိမ့်မည်နည်း။
"ဖြစ်နိုင်လို့လား။ ဝင်စတန်က အဆင့်အတန်းရှိတဲ့ အင်္ဂလိပ်လူမျိုး လူကြီးလူကောင်းတစ်ယောက်ဆိုတာကို လူတိုင်းသိကြတာပဲလေ။ သူ့ရဲ့နာမည်ပြောင်ကတောင် 'စင်ကြယ်တဲ့မင်းမျိုးမင်းနွယ်' မဟုတ်ဘူးလား။ မင်းရဲ့ဦးနှောက်က တစ်နေရာရာမှာများ လွတ်နေတာလား။" ရှန်ချွမ်းက အခိုက်အတန့်တစ်ခုလောက်တွေးတောကာ ထပ်ပြောလာခဲ့သည်။ "ပရိသတ်တွေက မင်းတို့နှစ်ယောက်ကို အသင်းဖော်ဖြစ်လာစေချင်နေကြတယ်။ လူတော်တော်များများက မင်း ဖယ်ရာရီကိုဝင်ပြီး ဝင်စတန်နဲ့အတူ ဘေးချင်းယှဥ်နိုင်ဖို့ကို မျှော်လင့်နေကြတာ။ မစ္စတာမားကပ်စ်ကလည်း ဒီကိစ္စကြောင့် တော်တော်လေး ခေါင်းကိုက်နေတယ်။"
"ဟားဟားဟားဟား... တကယ်ကြီးလား။ ကျွန်တော်က စလိုက်တာကို! လူတိုင်းက ဝင်စတန် ကျွန်တော့်ကိုကောင်းကောင်းဆက်ဆံပေးတာကြောင့် အားကျနေတာလေ! ခင်ဗျားက ဘာလို့ ရှီလေးနဲ့မတူရလဲ၊ ကျွန်တော်စနေတာလား၊ အတည်ပြောနေတာလားကိုတောင် မပြောနိုင်ဘူးပဲ။"
သူက အပြင်ပိုင်းမှာ ရူးရူးမူးမူးရယ်နေသော်လည်း စိတ်ထဲမှာတော့ ဗလာကျင်းနေ၏။ အမှန်တော့... သူငယ်ချင်းဆက်ဆံရေးကိုအယောင်ပြကာ ဝင်စတန်က သူ့ကို အမှန်တကယ် ဖြားယောင်းသွေးဆောင်ဖို့ သူမျှော်လင့်နေမိ၏။ ထိုကဲ့သို့မျှော်လင့်ချက်က ဟန်တာ့အား သေဒဏ်ပေးခံရသလို ခံစားရစေခဲ့သည်။
ဒီလိုအတွေးက ဘယ်အချိန်ကစပြီး ပေါ်ပေါက်လာခဲ့တာလဲ။ ဆိုင်ရယ့်ရဲ့ အံ့သြထိတ်လန့်စရာ "အရက်မူးပြီးဖွင့်ဟဝန်ခံမှု" ကြောင့်လား.... မဟုတ်သေးဘူး၊ မဟုတ်ဘူး၊ အဲ့ထက်တောင်ပိုစောတယ်... ဝင်စတန့်ဘေးမှာ အော်ဒရေ့ကို တွေ့လိုက်ရတဲ့ အဲ့ဒီမနက်... အဲ့တုန်းက သူ့ ခံစားချက်တွေ အဆင်မပြေဖြစ်ခဲ့ရတယ်... ဒါမှမဟုတ် အဲ့ထက်တောင် ပိုစောနိုင်တယ်၊ သူတို့ Sapporo ဆီသွားတဲ့ ခရီးစဥ်တုန်းကများလား။
နက်နက်နဲနဲတွေးလေ အရာအားလုံးက ကြောက်မက်ဖွယ်ကောင်းလာကြောင်း ဟန်တာ သိလိုက်ရ၏။ အိုဝင်၏သတိပေးချက်က သူ့စိတ်ထဲမှာ ပဲ့တင်ထပ်လာခဲ့သည်: တစ်နေ့နေ့မှာ ဝင်စတန်က တစ်စုံတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်ကို လက်ခံလိုက်လိမ့်မယ်။
__
စာရေးသူမှာ ပြောစရာရှိပါတယ်:
ကြက်ဥကြော်နေရင်း:
ဝင်စတန်: ကိုယ့်ရဲ့ဟန်တာလေးက စိတ်ဆိုးနေတဲ့ပုံပဲ။
ဟန်တာ: ဟုတ်မနေဘူး!
ဝင်စတန်: ဒါဆို ကိုယ့်ရဲ့စာတွေကို ဘာလို့ပြန်မဖြေတာလဲ။
ဟန်တာ: ဒါဆို အဖော်အချွတ်ကတုန်းက ခင်ဗျားရဲ့ဘောင်းဘီကို ဘာလို့မချွတ်ခဲ့တာလဲ!
ဝင်စတန်: အိုး။
ဟန်တာ: ခင်ဗျား ဘာလုပ်နေတာလဲ။ ဘာတွေလိုက်ချွတ်နေတာလဲ! ကျွန်တော့်ကို ဖိမထားနဲ့! လွှတ်ပေးလို့!
***
Aurora Novel Translation Team