no

Font
Theme

ဟန်တာ VS ဝင်စတန် (၂)

အင်ဂျင်သံများက လေထုထဲမှာ ပြည့်နှက်နေပြီး အငွေ့တထောင်းထောင်းထနေစေသည်။ ဟန်တာ၏ စိတ်လှုပ်ရှားမှုတို့က သိုဝှက်ထားသောခွန်အားတစ်ခုကို သယ်ဆောင်လာသော တည်ငြိမ်မှုအဖြစ် ပြောင်းလဲသွား၏။ ဝင်စတန် ရှေ့သို့ပြေးထွက်သွားသည့်အခိုက်အတန့်မှာ ဟန်တာ သူ၏စိတ်ထဲ၌ စကြာဝဠာကြီးတစ်ခုလုံး ပေါက်ကွဲသွားသကဲ့သို့ ရှိသမျှထိန်းချုပ်မှုအားလုံးကို လွှတ်ချလိုက်သည်။

နေရာကိုထိန်းသိမ်းထားရန်အတွက် ပထမဆုံးအကွေ့က အရေးကြီးပေ၏။ ဟန်တာ သူ့အနောက်မှ ဒက်ကိုဗီ၏တိုက်ခိုက်မှုကို အသာလေးကိုင်တွယ်လိုက်ပြီး ဝင်စတန့်နောက်မှာပဲ အနီးကပ်ရှိနေသည်။ ၎င်းတို့က ကြယ်နှစ်စင်းလိုနှယ်။ သူ ပထမအကွေ့ကို ချောမွေ့စွာဆောင်ရွက်သွားပြီး သူ့အနောက်မှ လိုက်နေသူများအား ဖြတ်ချထားနိုင်ခဲ့သည်။

"ကောင်းတယ်... ကောင်းတယ်..." မားကပ်စ်က ဟန်တာ့ကိုပဲ စိုက်ကြည့်နေခဲ့သည်။ ဤသည်မှာ ပထမဆုံးအကွေ့သာရှိသေးသော်လည်း ဤကလေးက ရင့်ကျက်လာပြီဖြစ်ကြောင်း သူ ခံစားလို့ရနေ၏။ F1 ကိုပါဝင်ပြီးနောက် ဟန်တာ သဲလွန်စမရှိဘဲ စိတ်လှုပ်ရှားနေခဲ့သော ပထမဆုံး ပြိုင်ပွဲသုံးခုနှင့် ယှဥ်လိုက်လျှင် ယခုတွင် ဝါရင့်ကစားသမားများကိုတောင် ယှဥ်နိုင်နေလေပြီ။

ပထမတစ်ပတ်ပြီးနောက် ဝင်စတန်က ဆိုင်ရယ်နှင့် စတင်တိုက်ခိုက်ခဲ့သည်။ ဟန်တာသည်လည်း ပန်နီ၏ချဥ်းကပ်မှုကို ရင်ဆိုင်ခဲ့ရသည်။

ထိပ်တန်းငါးနေရာ၏ ယှဥ်ပြိုင်မှုမှာ စစချင်းကတည်းက ပြင်းထန်ပေ၏။ ဝင်စတန်သည် မြန်နှုန်းနိမ့်ထောင့်ချိုးတစ်ခုမှာ ကျော်တက်လုနီးပါးဖြစ်ခဲ့သော်လည်း ဆိုင်ရယ်က သူ၏ထွက်ပေါက်ကို ပိတ်ဆို့ကာ တိုက်မိလုနီးပါးအခြေအနေကို ဖန်တီးလိုက်သည့်အတွက် ပရိသတ်များအား ထိုင်ခုံနေရာကတောင် ထစေခဲ့သည်။

ပြေးလမ်းအဖြောင့်၌ ကျော်တက်ချင်နေသည့် ပန်နီ၏ရည်ရွယ်ချက်ကို ဟန်တာ အာရုံခံမိသည်။ သူ ထောင့်ချိုးကိုဝင်ရန် အရှိန်တင်လိုက်ပြီး ပန်နီ ချဥ်းကပ်ဖို့အတွက် အခွင့်အရေးမရအောင် ပိတ်ဆို့လိုက်သည်။ ထောင့်ချိုးကိုဝင်ရောက်ခါနီးမှ ဘရိတ်ကိုသုံးကာ ချောမွေ့စွာထိန်းကျောင်းလိုက်၏။ ထို့နောက် တစ်ဖန်အရှိန်ပြန်တင်ပြီး ဝင်စတန့်ကိုလိုက်ခဲ့လေသည်။

သူ အသက်ရှူအောင့်ထားမိပုံပင်။ သူ ဝင်စတန်နှင့် ထိမိလုနီးပါး အနီးကပ်လိုက်နေသည့်အတွက် ပရိသတ်များကြားမှာ တင်းမာမှုတို့ မြင့်တက်လျက်ရှိသည်။ ကျဥ်းမြောင်းသော ထောင့်ချိုးတစ်ခုမှာ ဟန်တာ သူ့ကား၏စွမ်းဆောင်ရည်ကို အကန့်အသတ်ရောက်အောင်တွန်းပို့ကာ ဝင်စတန်၏အရှိန်နှင့် လိုက်မီခဲ့၏! ပရိသတ်များမှာ ထခုန်လိုက်ကြပြီး မားကပ်စ်ကလည်း တီးတိုးညည်းညူလိုက်သည်။ "အိုးမိုင်ဂေါ့..."

ကားနှစ်စီးက ထိုသို့ဘေးချင်းယှဥ်ကာအရှိန်တူနေလျှင် ပိုရဲရင့်ပြီး အရည်အချင်းပိုကောင်းသည့် ပြိုင်ကားမောင်းသမားက အနိုင်ရပေမည်။ ဝင်စတန်၏ မောင်းနှင်သည့်ပုံစံက တည်ငြိမ်သော်လည်း အရေးကြီးသောအခိုက်အတန့်များမှာဆို ထက်မြက်လာခဲ့သည်။ ထိုစဥ် ဟန်တာ၏ပုံစံက သူ၏ပြိုင်ဘက်ကို ဝါးမျိုသွားတော့မည့် ဒီရေလှိုင်းလုံးတစ်ခုနှင့်တူ၏။

ထောင့်ချိုးတစ်ခုမှာ ဟန်တာ ဝင်စတန်နှင့် တိုက်မိလုနီးပါးဖြစ်သွားပြီး ကြည့်ရှုနေသူများအား ရင်တဒိတ်ဒိတ်ခုန်သွားစေခဲ့သည်။ ကားနှစ်စီးက ထောင့်ချိုးကနေ တစ်ပြိုင်နက်နီးပါး ထွက်လာခဲ့သော်လည်း ဝင်စတန်က ပြီးပြည့်စုံစွာ ချိန်ကိုက်လိုက်နိုင်ပြီး ဟန်တာ့ကိုကျော်တက်ကာ သူ၏ဦးဆောင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။

"နှမြောစရာပဲ..." မားကပ်စ်က သက်ပြင်းချလိုက်သော်လည်း သူ့မျက်နှာပေါ်က သဘောကျမှုတို့ကိုတော့ မဖုံးကွယ်နိုင်ခဲ့ပေ။ ဟန်တာက ဝင်စတန့်ကို ကျော်မတက်နိုင်ခဲ့သော်လည်း အိုဝင်နှင့် ဆိုင်ရယ်မှလွဲ၍ ဝင်စတန့်အား ယခုလို 'ဖိအားပေး' နိုင်သည့် ပြိုင်ကားမောင်းသမားများမရှိတော့သည်မှာ အချိန်အတော်ကြာခဲ့လေပြီ။

ဟန်တာ မျက်လုံးများ မှေးကျဥ်းလိုက်၏။ သူ့အတွက် ပြီးခဲ့တဲ့ချဥ်းကပ်မှုက ရလဒ်ကိုမမှုဘဲ စမ်းသပ်လိုက်ရုံသာဖြစ်သည်။ သူ ဝင်စတန့်ကို တကယ်ကျော်တက်နိုင်ဖို့ကိုလည်း မျှော်လင့်မထားခဲ့ပေ။ သို့သော် စောစောက ဖြစ်ပျက်ခဲ့ပုံအရ သူ ဝင်စတန်နှင့် မည်သည့်နေရာမှာကွာခြားကြောင်း မြင်တွေ့နိုင်ခဲ့၏ - ထောင့်ချိုးဝင်ခြင်းမဟုတ်သလို ဘရိတ်နှင့်လည်း မသက်ဆိုင်ဘဲ ထောင့်ချိုးကထွက်သည့်အချိန်ပင်။ သူ ပြိုင်ဘက်ကို ကျော်တက်နိုင်တော့မည်ဟု ထင်ရသော်လည်း အနီးကပ်လေ့လာလိုက်ပါက ဝင်စတန်သည် သူ့ထက်အရင် ထောင့်ချိုးကနေထွက်ဖို့ကို စီမံထားပြီးသားပင်!

အလျင်မလိုနဲ့ ဟန်တာ၊ အလောမကြီးနဲ့။

ဟန်တာ ဝင်စတန့်ကို ကျော်တက်လိုက်သည့်အခိုက်အတန့်အား ကြိမ်ပေါင်းများစွာ စိတ်ကူးယဥ်ခဲ့ဖူး၏။ သူ မရေမတွက်နိုင်သော မြင်ကွင်းများကိုလည်း စဥ်းစားခဲ့ဖူး၏။ သို့သော် တွန့်ဆုတ်မှုမရှိသော်လည်း တစ်စက္ကန့်လေးက မည်မျှဝေးကွာသွားစေနိုင်ကြောင်း သူခံစားမိလောက်သည့် စောစောကချဥ်းကပ်မှုလောက် မည်သည့်စိတ်ကူးယဥ်မြင်ကွင်းကမှ လက်တွေ့ကျမနေခဲ့ပေ။

သို့သော် ဝင်စတန် ပြေးလမ်းအဖြောင့်ပေါ် အရှိန်တင်လိုက်စဥ် သူ၏နှုတ်ခမ်းထောင့်မှာဖြစ်တည်သွားသော တိုတောင်းသောအပြုံးလေးတစ်ခုကို မည်သူကမှ မမြင်လိုက်ရချေ။

ဆိုင်ရယ်နှင့် အိုဝင်တို့ကြားက ပြင်းထန်သောတိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေပြီး Hairpin ထောင့်ချိုးမှာ ဆိုင်ရယ်က ဝင်အိုကိုကျော်တက်နိုင်ခဲ့သော်လည်း နောက်ထပ် မြန်နှုန်းနိမ့်အကွေ့မှာ အိုဝင်က သူ၏နေရာကို ပြန်ယူနိုင်ခဲ့သည်။ ထိုထိန်းချုပ်မှုများက ကြည့်ရှုနေသူများ၏ စိတ်ခံစားချက်များကို အပြင်းအထန်မွှေနှောက်ခဲ့ပေသည်။

ထို့နောက် ဟန်တာ ဝင်စတန့်ကိုကျော်တက်ရန် ဒုတိယအကြိမ်ကြိုစားမှုကို မြင်လိုက်ရသောအခါ ပရိသတ်များ၏အာရုံကြောများမှာ တင်းမာလာခဲ့ရသည်။

အကွေ့ကိုမရောက်ခင် ဟန်တာ ဝင်စတန်နှင့် ဘေးချင်းယှဥ်လုနီးပါး မောင်းနှင်ခဲ့၏။ ဝင်စတန့်နောက်ကနေမလိုက်ရတော့ဘဲ ယခု သူ့ဘေးမှာရှိနေသောကြောင့် ဟန်တာ့အတွက် ဤခံစားချက်က အလွန်ကြည်နူးစရာပင်။

ထိုမြင်ကွင်းအား ကြည့်ရှုနေသူများမှာလည်း ဟန်တာ့အတွက် ချွေးအေးများပျံလာခဲ့သည်။ နည်းပညာအရပြောရလျှင် ဟန်တာ့မှာ racing line ကိုအသုံးပြုဖို့ အခွင့်အရေးရှိသော်လည်း ဝင်စတန်နှင့်တိုက်မိပါက တာဝန်အလုံးစုံသည် သူ့အပေါ်ကို ကျရောက်လာမည်ဖြစ်၏။

(TN/racing line ဆိုတာ ထောင့်ချိုးကွေ့တဲ့နေရာမှာ ဖြစ်နိုင်ချေရှိတဲ့အမြန်ဆုံးလမ်းပါ။ ရှေ့ကားနဲ့ နောက်ကားကြားမှာ အကွာအဝေးတစ်ခုခြားနေမယ်ဆိုရင် ရှေ့ကားက နောက်ကားကို ကျော်တက်မသွားအောင်လို့ လမ်းပိတ်ထားလို့ရပါတယ်။ ဒါပေမဲ့ ကားနှစ်စီးလုံးအပြိုင်အနေအထားဆိုရင်တော့ ရှေ့ကားက နောက်ကားကို အန္တရာယ်ကင်းကင်းကျော်တက်နိုင်ဖို့အတွက် ခွင့်ပြုပေးရပါတယ်။]

ဟန်တာ၏ ကျောက်တက်မှုက အစွန်းမရောက်ပေ။ ကားနှစ်စီးမှ ဆွဲယူလိုက်သည့်ခြေရာနှစ်ခုသည် အလိုလိုနားလည်နေမှုကို သယ်ဆောင်လာကာ ပရိသတ်များအား ဝင်စတန်၏ခံစစ်ကို မျှော်လင့်တကြီးဖြစ်စေပြီး ဟန်တာ့ကိုလည်း ထိုပိတ်ဆို့မှုကနေ ချိုးဖောက်သွားစေနိုင်ဖို့ ဆုတောင်းနေစေခဲ့၏။

ဟန်တာ၏အာရုံကြောများက အလွန်အမင်းတင်းမာကာ အာရုံစိုက်မှုအပြည့်ပင်။ သူ၏အသက်ရှူသံက အလွန်ပါးလျနေပြီး အခိုက်အတန့်မရွေး ပြတ်တောက်သွားတော့မည့် အပ်ချည်စလေးလို။ ၎င်းတို့ ဘရိတ်အုပ်ရမည့်နေရာကို ဝင်ရောက်လာသည့်အတွက် ဝင်စတန်နှင့် ကားတစ်ဝက်စာလောက် နေရာခွာမှရမည်ကို ဟန်တာ ကောင်းကောင်းကြီးနားလည်ပေသည်။ သို့သော် ဝင်စတန်က ကားတစ်ဝက်စာအကွာအဝေးကိုအသုံးချကာ လမ်းကြောင်းယူသွားလျှင် ဟန်တာ သူ့ကိုကျော်တက်ဖို့ အခွင့်အရေးဆုံးရှုံးသွားတော့မည်။

နှစ်ဦးယှဥ်နေခြင်းက စက္ကန့်ဝက်အချိန်လေးအတွင်း ကျိုးပျက်သွားခဲ့သည်။ ဝင်စတန်က ဟန်တာ့အား ပိုးချည်နှင့်ရစ်ပတ်ထားခဲ့သော ပိုးကောင်လေးလို ထိန်းချုပ်ထားကာ ကျော်တက်ဖို့အခွင့်အရေးမပေးခဲ့ပေ။

"Fuck..." ဟန်တာ တီးတိုးဆဲရေးလိုက်၏။

ဝင်စတန်က ဟန်တာ့ရှေ့မှာပဲ ဆက်လက်ရှိနေခဲ့သည်။ ၎င်းက ဟန်တာ့အား ရုတ်တရက် ထူးထူးဆန်းဆန်းခံစားချက်ဝင်စေခဲ့၏... သူ တစ်ဖက်လူဆီကနေ ကစားခံလိုက်ရသမျိုးပဲ။ ကျော်တက်ဖို့ချဥ်းကပ်မှုတိုင်းက အနမ်းတစ်ခုနှင့်တူ၏ - ဟန်တာ ထိန်းချုပ်ရန်ကြိုးစားလိုက်ချိန်တိုင်း ဝင်စတန့်ဆီမှာပဲ ဖိနှိပ်ခံခဲ့ရသည်။

သောက်ကျိုးနည်း! သူ ထိုအကြောင်းကိုတွေးလေ ပို၍အားမရဖြစ်လာလေပင်!

ဆိုင်ရယ်နှင့် အိုဝင်တို့က တစ်ထောက်နားခဲ့ကြရာ ဟန်တာ့အား သူ၏တာယာများကို လဲဖို့အချိန်ကျလာပြီဟု အချက်ပြနေ၏။

မားကပ်စ်ခမျာ စိတ်လှုပ်ရှားနေခဲ့သည်။ "မြန်မြန်၊ မြန်မြန်၊ မြန်မြန်! ဟန်တာ တာယာလဲတော့မယ်!"

ဤသည်မှာ မားကပ်အသင်း၏စက်ဆရာများ မှော်အစွမ်းပြရမည့်အခိုက်အတန့်ပင်။ ဟန်တာ တစ်ထောက်နားရန်ဝင်လာသည့်အချိန်ကနေ ပြေးလမ်းပေါ်ပြန်တက်သွားချိန်ထိ စုစုပေါင်း ၂.၁ စက္ကန့်သာ အချိန်ယူခဲ့သည်။ ၎င်းက သူတို့၏အမြန်ဆုံးမှတ်တမ်းပင်!

ပြေးလမ်းပေါ် ပြန်တက်လာပြီးနောက် ဟန်တာ ဒုံးကျည်တစ်စင်းလို အရှိန်တင်ခဲ့ပြီး သူ၏ပတ်လမ်းအချိန်များက ပို၍မြန်ဆန်လာခဲ့သည်။ ဝင်စတန်က တစ်ထောက်နားနေရာ ဟန်တာ့အနောက်မှာ ယာယီကျန်နေခဲ့၏။ ကွာဟချက်ကို ချဲ့ထွင်ဖို့ ဟန်တာ ယခုအခွင့်အရေးကို အမိအရဖမ်းဆုပ်ရမည်ဖြစ်ရာ သူ့အရှေ့မှာရှိနေသော ဆိုင်ရယ့်အနောက်သို့ အမြန်လိုက်တော့သည်။

ဆိုင်ရယ် ထိုကောင်စုတ်လေးကို သင်ခန်းစာပေးချင်နေတာကြာပြီရာ နှာမှုတ်လိုက်သည်။

ဟန်တာ၏စိတ်ထဲမှာတော့ လက်ရှိနေရာကို ထိန်းသိမ်းထားလျှင် အကျိုးအမြတ်များစွာရှိမည်ဖြစ်ကြောင်း သိပေ၏။ သူသာ ဆိုင်ရယ့်လိုဝါရင့်တစ်ယောက်ကို ယှဥ်ပြိုင်ရန် စွန့်စားလိုက်ပါက လမ်းကြောင်းချော်ထွက်သွားတာနှင့် အဆုံးသတ်နိုင်ပေသည်။ သို့သော်... သူ့ကိုယ်သူ လက်ရှိနေရာကိုထိန်းသိမ်းထားတာလောက်နှင့် မကျေနပ်နိုင်ပေ။

ထို့ပြင်... ရှန်ချွမ်းနှင့် ရှီးလေးတို့က ၎င်းတို့၏ကားစွမ်းဆောင်ရည်ကို Mercedes အသင်း၏ ကားစွမ်းဆောင်မှုနှင့် ယှဥ်ပြိုင်နိုင်မလားကို သေချာပေါက်သိချင်နေကြပေမည်!

(TN/တစ်ခါတစ်လေ ရှန်ရှီးကို ဟန်တာက ရှီးလေးလို့ ခေါ်ပါတယ်တဲ့။)

ဟန်တာ မြန်နှုန်းနိမ့်အကွေ့မှာ ဆိုင်ရယ်နှင့်ထိပ်တိုက်တွေ့ရန် မြင်းကောင်ရေအားကို တိုးမြှင့်လိုက်သည်။ နှစ်ဦးသားက အေးစက်သော အလင်းတန်းတဖျပ်ဖျပ်နှင့် အချင်းချင်းယှဥ်နေကြသည့် ထက်မြက်သောဓားသွားနှစ်ခုပမာ။ ဆိုင်ရယ် အံ့အားသင့်သွားသော်လည်း ဟန်တာ ကျော်မတက်နိုင်စေရန် သူ racing line ကို တင်းကျပ်စေလိုက်သည်။

ဟန်တာ အံကြိတ်ကာ သူ့နောက်ဆက်လိုက်ရန် ပြင်လိုက်သော်လည်း သူ့အနောက်မှကပ်ပါလာသော ဝင်စတန်က ထောင့်ချိုးတစ်ခုမှာ လျင်မြန်လွန်းသောလှုပ်ရှားမှုလေးတစ်ခုတည်းနှင့် သူ့အားကျော်တက်သွားပြီး သူမြင်နေရသော ဆိုင်ရယ်၏မြင်ကွင်းအား ပိတ်ဆို့လိုက်လေ၏!

ပထမဆုံးအကြိမ်အဖြစ် ဟန်တာ အော်ပြီးဆဲရေးပစ်လိုက်ချင်ခဲ့သည်။ အဲ့လူ တမင်လုပ်တာ! သူ သေချာပေါက် တမင်လုပ်ခဲ့တာလို့!

သူ ဝင်စတန်၏ ကွေးညွတ်နေမည့်နှုတ်ခမ်း၊ လှောင်ပြောင်ရိပ်စွက်နေသော သူ၏မျက်လုံးတို့ကိုတောင် မြင်ယောင်လာခဲ့သည်။

ဤသို့ဖြင့် ပြိုင်ပွဲက ဟန်တာက ဝင်စတန့်ကိုလိုက်၊ ဝင်စတန်က ဆိုင်ရယ်ကိုလိုက်၊ ဆိုင်ရယ်က အိုဝင်ကိုလိုက်ဖြင့် ပြောင်းလဲသွားခဲ့၏။

အန္တရာယ်များသော ကျော်တက်မှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီး မှတ်ချက်ပေးသူများကတောင် ဤ Grand Prix က ဒီနှစ်ပြိုင်ပွဲများထဲမှာ အရည်အချင်းအရှိဆုံးဟု မှတ်ချက်ပေးခဲ့ကြသည်။

ထောင့်ချိုးအထွက်၌ ကျရှုံးသွားသော လေးကြိမ်အပါအဝင် ဟန်တာ ဝင်စတန့်ကို ရှစ်ကြိမ်တိုင်တိုင် ကျောက်တက်ရန်ချဥ်းကပ်ခဲ့သည်။

ထိပ်ဆုံးသုံးနေရာက ရာသီဥတုအတိုင်းပင် စက္ကန့်တိုင်း မတူညီသောရလဒ်များဖြင့် အလျင်အမြန်ပြောင်းလဲနေခဲ့၏။

နောက်ဆုံးခြောက်ပတ်အတွင်း ဆိုင်ရယ်က အိုဝင်ကိုကျော်တက်ရန် လက်လျှော့ကာ ဝင်စတန့်ကို ခံစစ်ပြင်ရန် ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးပတ်လမ်း၌ အိုဝင်သည် အဆုံးသတ်မျဥ်းကို ပထမဆုံးဖြတ်ကျော်သွားပြီး ဆိုင်ရယ်နှင့် ဝင်စတန်တို့က တစ်ပြိုက်နက်တည်းနီးပါးပန်းဝင်ကာ ဟန်တာကလည်း အနီးကပ်လိုက်ပါသွားခဲ့သည်။ ပရိသတ်များက ပြင်းထန်စွာ အော်ဟစ်ခဲ့ကြပြီး ပြေးလမ်းတစ်ခုလုံးကို ဟိန်းလို့နေ၏။

နောက်ဆုံးရလဒ်များကို ကြေညာခဲ့သည် - အိုဝင်က ယခုပြိုင်ပွဲ၏ ချန်ပီယံဖြစ်ပြီး ဆိုင်ရယ်က ဝင်စတန့်အား ၀.၀၄ စက္ကန့်တည်းဖြင့် အနိုင်ယူခဲ့ရာ ဝင်စတန်က တတိယဖြစ်သွား၏။ ဟန်တာက စတုတ္ထနေရာကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

မားကပ်စ်အသင်းက လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြသည်။

မားကပ်စ်က သူ့ဘေးမှာရှိနေခဲ့သော ရှန်ချွမ်းကို လှည့်ကြည့်လိုက်ရာ ထိုလူမှာ နေရာ၌မရှိတော့ပေ။ သူက ရှန်ရှီးနှင့် အခြားသောစက်ပြင်များနှင့်အတူ ပြိုင်ပွဲမှရလာသော အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနေလေ၏။

"အဲ့ဒီကောင်စုတ်ကတော့... အခုချိန်က လူတိုင်းနဲ့ အောင်ပွဲခံနေရမဲ့ဟာကို!"

...

ဟန်တာ သူ့ရှေ့မှာရှိနေသော အနီရောင်ဖယ်ရာရီကိုကြည့်လိုက်ပြီး ရုတ်တရက် သူ၏မျက်လုံးများထဲမှ အပူများလှိုက်တက်လာခဲ့၏။ ဝင်စတန်သည် ယခင်ပြိုင်ပွဲနှစ်ခု၌ အနိုင်ရခဲ့ပြီး ယခုတစ်ခေါက် အိုဝင်နှင့် ဆိုင်ရယ်တို့ကို ရှုံးနိမ့်ခဲ့သည်။ ဝင်စတန် စိတ်မကောင်းဖြစ်နေမလားဟု သူ သိချင်နေမိသည်။

သို့သော် ဟန်တာပျော်ရွှင်နေသည်။ နောက်ဆုံး၌ သူ ဝင်စတန်နှင့်အတူ ယှဥ်ပြိုင်ခွင့်ရခဲ့၏။

ပထမဆုံးအကြိမ်အဖြစ် ထိုလူ၏ခွန်အားကို ခံစားမိလိုက်၏။ အခိုက်အတန့်တိုင်းကို ထိန်းချုပ်နိုင်ခြင်း၊ အကွာအဝေးတိုင်းကို တိုင်းတာနိုင်ခြင်းနှင့် အချိန်ကို ဖြတ်ချလိုက်နိုင်သည့် ဆုံးဖြတ်ချက်ပြတ်သားမှုများ... ဟန်တာ လိုချင်သမျှအရည်အချင်းများကို ဝင်စတန်က ပိုင်ဆိုင်ထားသည်။

ဝင်စတန်က ဟန်တာ့ကို ရှေ့သို့လမ်းပြနေသော မမြင်နိုင်သည့်အားတစ်ခုပင်။ သူ သူ့ကိုလေးစားသလို အသိအမှတ်ပြုပြီး သူ့လိုဖြစ်လာစေရန် တောင့်တနေမိသည်။ ဝင်စတန်၏ရှုံးနိမ့်မှုကတောင် သူ့ကိုယ်ထဲမှာ မီးတောက်တစ်ခုလို လောင်ကျွမ်းနေခဲ့သည်။

ဟန်တာ လက်ဆန့်ထုတ်ကာ ဝင်စတန်၏ကျောပြင်ကို ဖမ်းဆုပ်လိုက်ချင်၏။ ထိုအခိုက်အတန့်မှာပင် ဝင်စတန်က သူ့ကို လှည့်ကြည့်လာခဲ့သည်။

ဦးထုပ်နှင့် မီးခံမက်စ်များကြောင့် ဝင်စတန်၏မျက်နှာကို မမြင်နိုင်သော်လည်း ၎င်းတို့၏မျက်လုံးများ တွေ့ဆုံသွားခိုက်မှာ ဟန်တာ သူ၏စိတ်ဝိညာဥ်အား ချက်ချင်းဆွဲထုတ်ခံရသလို ခံစားလိုက်ရသည်။

၎င်းမှာ ဝင်စတန်က ပြုံးပြနေသည့်ပုံပင်။

ဟန်တာ အချိန်အကြာကြီး မတ်တတ်ရပ်နေခဲ့ပြီး စိတ်တည်ငြိမ်အောင် မလုပ်နိုင်ခဲ့သည်မှာ ဝင်စတန် အဝေးသို့ထွက်သွားတဲ့အချိန်ထိပင်။

...

ဆိုင်ရယ်က ဆုလက်ခံပြီးနောက် ပြိုင်ပွဲအပြီးအင်တာဗျူးအတွက် ပြင်ဆင်နေချိန် တစ်စုံတစ်ယောက်က သူ့ကို အနောက်ကနေ ရုတ်ခြည်းပွေ့ဖက်လာသည်။

"ဟေး၊ ကျေးဇူးပဲ။"

ဆိုင်ရယ် ရပ်တန့်သွား၏။ ထို့နောက် နှာမှုတ်ကာ ဆိုလိုက်သည်။ "အိုဝင်လောရန့်စ်က ကျေးဇူးတင်စကားပြောတာ ကြုံတောင့်ကြုံခဲပဲ။ မင်းရဲ့ကျေးဇူးတင်စကားက စစ်မှန်ပြီး ဘာရည်ရွယ်ချက်မှမပါစေဖို့ မျှော်လင့်ပါတယ်။"

"ကျေးဇူးတင်ပါတယ်။" အိုဝင်က ထပ်ပြောလာ၏။ "မင်းသာ ဝင်စတန်ကို ထိန်းပေးမထားရင် ငါဒီတစ်ခေါက်ပွဲမှာ ချန်ပီယံမရနိုင်တာကို သိပါတယ်။"

"အဲ့ဒါအတွက်ဆိုရင်တော့ ကျေးဇူးတင်စရာမလိုဘူး။ မဟုတ်လည်း ငါ သူ့ကို ထိန်းထားရမှာပဲ။ ငါတို့နှစ်ယောက်က အဆင်ပြေနေတာမဟုတ်ပေမဲ့ ဗန်ဝင်စတန့်ထက် မင်းကိုအနိုင်ရစေချင်တယ်။" ဆိုင်ရယ်က အနည်းငယ်ခေါင်းငုံ့လျက် သူ၏လေသံထဲမှာ ခါတိုင်းလို မောက်မာမှုတို့မပါဘဲ တည်ငြိမ်အေးဆေးနေပေ၏။

"ဘာလို့ဆို မင်းနဲ့ငါနဲ့က ခေတ်တစ်ခုတည်းကို ကိုယ်စားပြုတာကြောင့်ပေါ့။" အိုဝင်က ပြုံးလိုက်၏။

"ငါတို့ခေတ်ကို လွယ်လွယ်နဲ့ ဖြုတ်ချလို့မရစေရဘူး။"

ဆိုင်ရယ်က နောက်လှည့်ကာ အိုဝင်နှင့် လက်သီးချင်းတိုက်လိုက်၏။

"နောက်ပြိုင်ပွဲမှာ ငါတို့ ပြန်တွေ့ကြမယ်။"

"သေချာတာပေါ့။"

...

ဟန်တာ အသင်းဆီပြန်ရောက်လာပြီးနောက် သူ၏ဦးထုပ်ကိုချွတ်ကာ တက်ဘလက်ကိုင်ထားသော ရှန်ချွမ်းကို ပွေ့ချီရန် ပြေးသွားလိုက်၏။ "ဒေါက်တာရှန်! ခင်ဗျားက အရမ်းမိုက်တာပဲ! ကျွန်တော် ခင်ဗျားရဲ့ကားကို ချစ်သွားပြီ!"

ရှန်ချွမ်းက ကူကယ်ရာမဲ့စွာဖြင့် ဟန်တာ၏ပခုံးကို ပုတ်လိုက်ရသည်။ "ဟန်တာ! ဟန်တာ! ငါ့ကို အောက်ချပေးပါကွာ!"

ဟန်တာက ရှန်ချွမ်းအား ပြန်ချပေးလိုက်သည်။ "ကျွန်တော် ဝင်စတန်တို့ ဆိုင်ရယ်တို့လိုမျိုး ထိပ်တန်းကစားသမားတွေနဲ့ ပထမဆုံးအကြိမ်ယှဥ်ပြိုင်ဖူးတာပဲ! ကျွန်တော်တို့အသင်းရဲ့ကားက သိပ်ကိုမိုက်တာပဲ!"

"ဒါဆို မင်း 'ကျွန်တော် ခင်ဗျားရဲ့ကားကို ချစ်သွားပြီ' လို့ မပြောရဘူး။ ဘာလို့ဆို မင်းမောင်းတဲ့ကားမှာ ကိုယ်ထည်စက်ပြင်ဆရာတွေ၊ ပစ္စည်းကိရိယာစက်ပြင်ဆရာတွေ၊ ဆိုင်းထိန်းတွေနဲ့ တခြားစက်ပြင်တွေလည်း အများကြီးပါဝင်တယ်..."

"ကျွန်တော်သိပြီ! နားလည်ပါပြီ! အဲ့ဒါ 'ကျွန်တော်တို့ရဲ့ကား' ဖြစ်သင့်တယ်။" ဟန်တာက ရယ်မောလိုက်၏။

"နောက်နှစ် Grand Prix မှာ မင်းကို အသင်းကြီးတွေနဲ့ အစစ်အမှန်ယှဥ်လို့ရမဲ့ကားမျိုးကို သေချာပေါက်ဒီဇိုင်းထုတ်ပေးမယ်!" ရှန်ချွမ်းက ပြုံးပြလိုက်သည်။

သို့သော် ဟန်တာ၏အကြည့်က ရှန်ချွမ်း၏ပခုံးပေါ်ကနေကျော်ကာ ရှန်ရှီး၏မျက်လုံးများနှင့် ဆုံမိသွားသည်။ သူ(မ)က တစ်စုံတစ်ခုကို မျှော်လင့်နေသလိုမျိုး ဟန်တာ့အား စိုက်ကြည့်နေ၏။

ဟန်တာ အနည်းငယ်ထိတ်လန့်သွားသည်။ ရှန်ရှီးက သူ့အား မိုးကြိုးစက်ဖြင့်ပစ်ချလိုက်မည်ဟု ပြောခဲ့ဖူးတာကို သူမှတ်မိနေသေးသည်။

"ဟမ်... ရှီးလေး၊ ဘာဖြစ်လို့လဲ။"

"ငါလည်း နင့်ရဲ့စက်ပြင်ဆရာတွေထဲကတစ်ယောက်လေ။ ငါ့အစ်ကိုကို ပွေ့ချီသလိုမျိုး ငါ့ကိုကျတော့မချီဘူး။" ရှန်ရှီးက လေးနက်သောလေသံဖြင့် ပြောလာခဲ့လေသည်။

__

စာရေးသူမှာ ပြောစရာရှိပါတယ်:

ကြက်ဥကြော်နေရင်း:

ဟန်တာ: (စိတ်လှုပ်ရှားစွာနဲ့ ပတ်ပြေးနေ) ကျွန်တော် ထိပ်တန်းလေးနေရာထဲ ဝင်ခဲ့ပြီ!

ဝင်စတန်: အင်း။

ဟန်တာ: အဖော်အချွတ်အက! ဝတ်လစ်စလစ်အက!

ဝင်စတန်: ကောင်းပြီ။

ဟန်တာ: ကနေရင်းနဲ့ ဘာလို့ ကျွန်တော့်အဝတ်တွေကို လာချွတ်နေရတာလဲ!

ဝင်စတန်: အဖော်အချွတ်အကမို့လို့လေ!

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment