ပြိုင်ဘက်နဲ့ အသင်းဖော် (၁)
ထောပတ်၏အရသာသည် စောစောက ထောပတ်ဘူးကိုဖောက်ရန် ရုန်းကန်ခဲ့ရခြင်းမှ ရရှိခဲ့သော ဟန်တာ၏စိတ်ပျက်မှုတို့ကို ချက်ချင်းဆိုသလို ချေဖျက်ပေးသွား၏။ ထိုစဥ် ဝင်စတန်က သူကိုက်ပြီးသား ပေါင်မုန့်တစ်ဝက်ကို လက်စသတ်လိုက်သည်။
ဟန်တာ ဝင်စတန်၏နှုတ်ခမ်းများကို စိုက်ကြည့်နေစဥ် သူ၏လျှာဖျားလေးကထွက်လာကာ သူ့နှုတ်ခမ်းထောင့်များကိုသပ်လိုက်သည်အား သတိပြုမိလိုက်သည်။ သူ ရုတ်တရက် ၎င်းတို့ဆေးလိပ်အတူတူသောက်ခဲ့တုန်းက ဝင်စတန်တစ်ယောက် သူ၏လက်ကို ကိုက်ခဲ့ပုံနှင့် သူ၏လျှာကိုအသုံးပြုကာ ဆေးလိပ်ဖင်ဆီကို ဆော့ကစားခဲ့ချိန်အား ပြန်လည်အမှတ်ရသွား၏။ သူ၏နှလုံးသားထဲ လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲသွားပြီး သူ အသက်ရှူရပ်မတတ် လှုပ်ခတ်သွားသလို ခံစားလိုက်ရသည်။
မကြည့်နဲ့တော့၊ မကြည့်နဲ့တော့...
ဟန်တာ မျက်နှာလွှဲလိုက်သော်လည်း မိနစ်အနည်းငယ်ကြာပြီးနောက် သည်းမခံနိုင်တော့ဘဲ ပြန်ကြည့်မိသွား၏။ ဝင်စတန်၏ ကြည်လင်ကာ သွယ်လျသောလက်ချောင်းလေးများက အမှိုက်များနှင့် အစားအသောက်ဘူးကိုပြန်ရှင်းကာ ၎င်းတို့အား တစ်ခါမှ မဖွင့်ခဲ့ဖူးသည့်အတိုင်း ပြန်လည်သိမ်းဆည်းလိုက်သည်။
"ဘာတွေကြည့်နေတာလဲ။"
ဝင်စတန်၏လေသံက အေးစက်နေတာပဲဟု ဟန်တာ အမြဲတမ်းတွေးခဲ့မိသော်လည်း ယခု ၎င်းမှာ သူ၏အတွေးများကို အမည်မသိအက်ကြောင်းတစ်ခုထဲ အဆက်မပြတ်ဆွဲငင်သွားသလိုမျိုး နူးညံ့ကာ သိမ်မွေ့နေသည်။
"မဟုတ်ပါဘူး... ဘာမှမကြည့်ဘူး..." ဟန်တာ သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။ "လေယာဥ်ပေါ်က အစားအသောက်ဘူးတွေကိုတောင် အခုလို ပြန်ပြီးသန့်ရှင်းဖို့လိုတယ်ဆိုတော့ ခင်ဗျားရဲ့ အသန့်ကြိုက်တဲ့ရောဂါက တော်တော်လေးပြင်းထန်တဲ့ပုံပဲ။"
"ကိုယ့်မှာသာ အသန့်ကြိုက်ရောဂါရှိတယ်ဆိုရင် ကိုယ် မင်းကို ပိုးဟပ်တစ်ကောင်လိုမျိုး မောင်းထုတ်လိုက်တာ ကြာရောပေါ့။" ဟန်တာ၏ အတွေးများကို တိတိကျကျသိသော ဝင်စတန်၏အကြည့်က သူ့ပေါ်ကို ကျရောက်လာခဲ့သည်။ သူက ဟန်တာ့ရှေ့မှာ သူ၏လက်ကို ဖြည်းဖြည်းချင်းဖြန့်ပြကာ ပေါ့ပေါ့ပါးပါးပြောလာ၏။ "စောစောက ကိုယ့်ရဲ့လက်ကို ကြည့်နေတာမလား။"
"မဟုတ်တာ... မကြည့်ပါဘူး..." ဟန်တာ၏နှလုံးသားမှာ သေနတ်နှင့် အပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
"အိုး၊ တကယ်လား။ ဝမ်းနည်းစရာပဲ။"
"ဘာကို ဝမ်းနည်းတာလဲ။" ဟန်တာ သိချင်လာ၏။
ဝင်စတန်၏နှုတ်ခမ်းထောင့်များက ဟန်တာရင်းနှီးနေသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်လာခဲ့သည်။ "ကိုယ် မင်းကို ပေးထိမလို့လေ။"
"ပေးထိမယ်? ဘာကို?"
"ကိုယ့်ရဲ့လက်ကို။"
"ကျွန်တော်က... ရူးနေလို့လား!" ဟန်တာ မျက်လုံးများပြူးကျယ်သွား၏။ တည်ငြိမ်သွားခါစ သူ၏နှလုံးခုန်သံမှာ နောက်တစ်ခါထပ်ပြီး မြန်ဆန်လာခဲ့ပြန်သည်။
"ဒါမှမဟုတ် မင်းက လျက်ချင်လို့လား။" ဝင်စတန်၏အသံက မကြားရလုနီးပါးထိ ပျော့ပျောင်းနေသော်လည်း သူ၏မျက်လုံးများက စနောက်သောအကြည့်ကို လှစ်ဟပြနေသည်။
"ဟေး... ခင်ဗျားရဲ့အရှက်မဲ့မှုက အဆင့်တက်သွားပြီပဲ။" ဟန်တာ မျက်လုံးလှန်ပြကာ မျက်လုံးမက်စ်ကိုဆွဲချ၍ အိပ်စက်ရန်ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှစကာ လေယာဥ်ပေါ်က လှုပ်ရှားမှုမှန်သမျှအား သူ အာရုံစိုက်မိနေတော့၏။ အထူးသဖြင့် သူ့ဘေးမှာထိုင်နေသူ၏ လှုပ်ရှားမှုများပင်။
သူ ဝင်စတန့်ကို လူအများစုထက် ပို၍နားလည်သည်ဟု ထင်နေခဲ့သော်လည်း ယခု သူထင်ထားတာထက်တောင် ကျော်လွန်နေကြောင်း သတိပြုမိလိုက်သည်။ သူ ဝင်စတန်၏အသက်ရှူသံကို အာရုံခံနိုင်ပြီး သတင်းစာလှန်လိုက်မည့် သူ၏ဟန်ပန်နှင့် သူ၏ လက်ရှိအမူအရာ... သတင်းစာကိုင်ထားသော သူ၏လက်ချောင်းလေးများရှိနေမည့် နေရာအတိအကျကိုတောင် စိတ်ကူးနိုင်ပေ၏...
ထို့နောက် သွယ်လျသောလက်ချောင်းများက သူ၏အောက်နှုတ်ခမ်းကိုထိကာ နှုတ်ခမ်းလွှာကြားထဲ ဖြည်းဖြည်းချင်း ညင်သာစွာပွတ်သပ်သွား၍ သူ၏လျှာကိုထိလာပြီး... သူ၏ကမ္ဘာကြီးအား မွှေနှောက်သွားလေသည်။
ထိုစဥ် လေယာဥ်မယ်တစ်ယောက်က ဟန်တာ၏စားပွဲပေါ်မှ အစားအသောက်ဘူးများကိုရှင်းရန် ချဥ်းကပ်လာ၏။ သူ(မ)က သူ၏ပခုံးအား မတော်တဆထိမိသွားပြီး သူ့အား မျက်လုံးမက်စ်ကို မကြည့်စေခဲ့သည်အထိ ထိတ်လန့်သွားစေခဲ့သည်။
"တောင်းပန်ပါတယ်၊ လူကြီးမင်း။"
ဟန်တာ သူ(မ)၏မျက်ဝန်းထဲမှ တောင်းပန်သည့်အကြည့်ကို မြင်လိုက်ရသည်။ "ကိစ္စမရှိပါဘူး... အဆင်ပြေပါတယ်..."
အခု အိပ်စက်ဖို့က မဖြစ်နိုင်တော့ဘူး။
"ဘာဖြစ်တာလဲ။" ဝင်စတန်၏လက်က ဟန်တာဆီကိုချဥ်းကပ်လာပြီး သူ၏လက်ညှိုးလေးဖြင့် ဟန်တာ၏ပါးကို လာထိတော့မည်ဖြစ်၏။
ဟန်တာ ဓာတ်လိုက်သလိုမျိုး ရှောင်လိုက်သည်။ "မ-မဟုတ်ပါဘူး! အစားအသောက်ဘူးထဲက အမှိုက်တချို့ ကျွန်တော့်ပေါ်ပြုတ်ကျလာတယ်ထင်လိုက်လို့။"
"အမှိုက်? ဘာအမှိုက်လဲ။" ဝင်စတန်က ခေါင်းလေးစောင်းငဲ့၍ သူ့ကို အထက်အောက်ကြည့်လာ၏။ "မင်း အပြောင်ရှင်းလိုက်တာမဟုတ်ဘူးလား။"
"... ကျွန်တော် ပြန်အိပ်တော့မယ်။" ဟန်တာ စက်ပြင်းချကာ ထိုလူ့အား ဆက်ကြည့်မနေတာအကောင်းဆုံးပဲဟု ဆုံးဖြတ်လိုက်သည်။ သူကြည့်မိလေ ပိုတွေးနေမိလေပင်။
"ဒါဆို အိပ်တော့လေ။" ဝင်စတန်က ဟန်တာ၏မျက်လုံးမက်စ်ကို ပြန်ဆွဲချပေးလာ၏။
ဟန်တာ သူရှူထုတ်လိုက်သော အသက်ရှူသံက ဝင်စတန့်ကိုထိမှန်သွားပြီး တစ်စုံတစ်ခုအား ဖော်ထုတ်ခံရမည်စိုး၍ သူ၏အသက်ရှူသံကို ထိန်းထားမိသည်။ ဝင်စတန် လက်ပြန်ရုပ်လိုက်ချိန် သူ၏လက်ချောင်းက ဟန်တာ၏နှာခေါင်းလေးကို ပွတ်တိုက်သွားခဲ့သည်။
ဟန်တာ သူ၏မျက်နှာကို အခြားတစ်ဖက်သို့လှည့်လိုက်၏။ မိနစ်အနည်းငယ်ကြာပြီးနောက် သူ၏ဦးနှောက်ထဲမှ ရုန်းရင်းဆန်ခတ်ဖြစ်နေသော အတွေးများအားလုံး တည်ငြိမ်လာခဲ့သည်။ အိပ်စက်ခြင်းကသာ သူ့အား နားမလည်နိုင်သောအတွေးများအားလုံးကို ယာယီစွန့်လွှတ်လိုက်ဖို့ ကူညီပေးနိုင်ပေလိမ့်မည်။
လေယာဥ်က Abu Dhabi အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မနက်အစောကြီးဆိုက်ရောက်ခဲ့သည်။
ဟန်တာ အိပ်ချင်မူးတူးထရပ်ကာ အပေါ်မှ ပစ္စည်းတင်ရာအကန့်ထဲကနေ ခရီးဆောင်အိတ်ကို ဆွဲထုတ်လိုက်၏။ သူ သန်းဝေနေတုန်း အခြားခရီးသည်တစ်ယောက်၏အိတ်က သူ့ခေါင်းပေါ် ပြုတ်ကျလာတော့မလိုဖြစ်သွားရာ ဝင်စတန်က ရုတ်တရက်ထရပ်ကာ သူ၏လက်ကိုဆန့်၍ ဟန်တာ၏ဦးခေါင်းလေးအား အောက်သို့တွန်းချလိုက်သည်။
"အို့!" ဟန်တာ သူ့ကိုယ်သူ ဝင်စတန်နှင့်မျက်နှာချင်းဆိုင်ဖြစ်သွားကြောင်း တွေ့လိုက်ရ၏။
"သတိထားဦး။" ဝင်စတန်က သူ၏ခရီးဆောင်အိတ်ကို ပခုံးပေါ်လွယ်ခဲ့သည်။
ဟန်တာက သူ့အနောက်ကနေလိုက်ကာ မေးလိုက်သည်။ "ဟေး၊ ခင်ဗျားရဲ့အသင်းက ဘယ်မှာတည်းတာလဲ။"
"Yas Marina ပြေးလမ်းနားက ဟိုတယ်တစ်ခုမှာ။"
လေယာဥ်ပေါ်ကဆင်းပြီးနောက် ဝင်စတန်က ဟန်တာ့ကို စောင့်ပေးနေ၏။ "မင်း ဒီတစ်ခေါက်ပြိုင်ပွဲမှာရော ထိပ်ဆုံးငါးနေရာဝင်မယ်လို့ ယုံကြည်ချက်ရှိသေးလား။"
ဟန်တာက ပြုံးလိုက်သည်။ "ဒါပေါ့၊ ဘာလို့မရှိရမှာလဲ။"
Yas Marina ပတ်လမ်း၏ ထူးခြားချက်များက မြန်နှုန်းမြင့် ပြေးလမ်းဖြောင့်များနှင့် ဆက်တိုက်အကွေ့များစွာပါရှိပြီး မိန်းပွဲကို ညဘက်မှာကျင်းပကာ ပြိုင်ကားမောင်းသမားများ၏ စွမ်းရည်များအတွက် ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုတစ်ခုကိုတင်ဆက်ထားသည်။
ဟန်တာ သူ၏ထောင့်ချိုးကွေ့ခြင်းနှင့် ချိန်ကိုက်ခြင်းတို့မှာ F1 ကိုဝင်ခါစကထက် သိသိသာသာတိုးတက်လာကြောင်း ခံစားမိပေ၏။ ထို့ပြင် ရှန်ချွမ်းနှင့် ရှန်ရှီးတို့က သူ၏ကားကို အဆင့်မြှင့်ထားရာ အရင်က ဘယ်တုန်းကမှမဖြစ်ခဲ့ဖူးသော သူ၏ယုံကြည်မှုတို့ကို တိုးမြင့်လာစေခဲ့သည်။
"ဒါဆို ကိုယ် ဝတ်လစ်စလစ်အကကို စပြီးပြင်ထားရတော့မှာလား။" ဝင်စတန်က အပြုံးလေးဖြင့် ပြောလာ၏။
သူက မီဒီယာ သို့မဟုတ် သူ၏အသင်းဖော်များနှင့်ဆို မပြုံးမရယ်တတ်သော်လည်း ဟန်တာနှင့်ဆို သူ၏အပြုံးက မထူးဆန်းတော့ပေ။ ထိုသို့ဆိုလျှင်တောင် ဟန်တာ ၎င်းအား မသိစိတ်ကနေ ဂရုတစိုက်လေ့လာနေပြီး ဝင်စတန်၏အပြုံးကို သူ၏မှတ်ဉာဏ်ထဲမှာ ထည့်ထားချင်ခဲ့သည်။
"အတိအကျပဲပေါ့။" ဟန်တာက နှုတ်ခမ်းများကွေးညွတ်ရင်း ဝင်စတန့်ကို ကျော်တက်သွားခဲ့သည်။ "အာ... ခင်ဗျားရဲ့ပန်းတိုင်တွေကို အမြင့်ကြီးသတ်မှတ်မထားတာ ပိုကောင်းမယ်နော်။"
"ဘာလို့လဲ။" ဝင်စတန်က ဟန်တာ့နောက်ကနေ ဖြည်းဖြည်းဆေးဆေးလျှောက်လာခဲ့သည်။
"ဘာလို့ဆို ခင်ဗျားက ချန်ပီယံနေရာအတွက် Mercedes က ဆိုင်ရယ်နဲ့ Red Bull က အိုဝင်တို့နဲ့ ယှဥ်ပြိုင်ရမှာလေ။ သူတို့က ဖော်မြူလာဝမ်းမှာ ဆယ်စုနှစ်တစ်ခုလောက် လွှမ်းမိုးလာခဲ့တာ။ ဒါကို ခင်ဗျားက သူတို့ထက် သာလွန်ခဲ့တယ်ဆိုတော့ သူတို့နှစ်ယောက် အင်အားပူးပေါင်းပြီး ခင်ဗျားကို ဆေးခါးရဲ့အရသာကို မြည်းစမ်းခိုင်းလိုက်လိမ့်မယ်။ ဒီပြိုင်ပွဲမှာ ခင်ဗျား အနိုင်ရဖို့ခက်မယ်ထင်တယ်။" ဟန်တာ၏လေသံထဲမှာ ရွှင်မြှူးရိပ်တို့သန်းနေခဲ့သည်။
နောက်တစ်စက္ကန့်၌ ဟန်တာ၏ကော်လံမှာ ဆုပ်ကိုင်ခံလိုက်ရပြီး သူ့အား ဝင်စတန်၏မေးစေ့ကို ဝင်တိုက်လုနီးပါးဖြစ်သွားစေ၏။ "အဆိုးဆုံးမှ မင်းအတွက် ကပြပေးဖို့ပဲရှိတာပေါ့။"
ဝင်စတန်၏ မျက်လွှာချထားသောအကြည့်က ဟန်တာ၏နှလုံးသားပေါ် အလေးချိန်တစ်ခု သက်ရောက်သွားပုံပင်။ သူက လက်လွှတ်လိုက်ရာ ဟန်တာအား အနောက်သို့ယိုင်သွားစေခဲ့၏။ "ဟေး! ကျွန်တော့်ကို ရုတ်တရက်ကြီး မတိုက်ခိုက်နဲ့လေ!"
ဝင်စတန်က ဂရုမစိုက်ဟန်ဖြင့် ဆက်လျှောက်သွားခဲ့သည်။
ဟန်တာ အနည်းငယ်စိတ်ပျက်သွား၏။ ယခုတစ်ခေါက်၌ ဖယ်ရာရီအသင်းက မားကပ်စ်အသင်းနှင့် ဟိုတယ်မတူတော့ပေ။ ဖယ်ရာရီအသင်းဟိုတယ်က ပြေးလမ်းနားမှာဖြစ်ကြောင်း ကြားလိုက်ရသောအခါ ၎င်းမှာ ခမ်းနားမည့်ပုံပင်။ ဟန်တာ သက်ပြင်းချကာ မားကပ်စ်အသင်းက ဘယ်တော့များမှ ရက်ရောမှာလဲဟု သိချင်နေတော့သည်။
"ဟိုတယ်က စိတ်ဝင်စားစရာကောင်းတယ်လို့ထင်ရင် မင်း ကိုယ်နဲ့ လာအိပ်လို့ရတယ်နော်။"
"ခင်ဗျားနဲ့ အိပ်စရာလား။ ကျွန်တော့်ဘာသာ အခန်းငှားလိုက်မှာပေါ့! ခင်ဗျားထက်တောင် ပိုကောင်းဦးမယ်!"
"တကယ်?" ဝင်စတန်က မူလတန်းကလေးကိုကြည့်နေသလိုမျိုး ဟန်တာ့ကို ကြည့်လာ၏။
ဟန်တာ ချက်ချင်းဆိုသလို စိတ်ဓာတ်ကျသွား၏။
Grand Prix အတောအတွင်း ပြေးလမ်းနားကဟိုတယ်များမှာ သေချာပေါက် အခန်းများပြည့်နေပေလိမ့်မည်။ သူ ဘယ်လိုလုပ်ပြီး အခန်းရှာလို့ရနိုင်မှာလဲ!
"ကျွန်တော် မစ်ဝီလ်ဆန်ကို အင်တာဗျူးအတွက်လာခဲ့မယ်လို့ ကတိပေးထားတယ်။" ဟန်တာက သူ့ဖုန်းပေါ်မှ မက်ဆေ့ချ်ကိုဖတ်ရင်း ပြောလိုက်သည်။ "သူ(မ)က ခင်ဗျားနဲ့ ဟိုတယ်တစ်ခုတည်းမှာ တည်းမှာလားမသိဘူး။"
"အလွတ်တန်းလေ့ကျင့်ရေးက အစောကြီးစမှာမဟုတ်ဘူး။ မင်း ကိုယ့်ဟိုတယ်မှာ အော်ဒရေဝီလ်ဆန်နဲ့ အင်တာဗျူးစီစဥ်ပေးနိုင်မလားလို့ မားကပ်စ်ကို မေးကြည့်လိုက်လေ။"
"ဟေး၊ မစ်ဝီလ်ဆန်က ကျွန်တော်တို့နှစ်ယောက်ကို အင်တာဗျူးချင်တယ်လို့ ပြောလာမယ်လို့ ထင်မထားခဲ့မိဘူး။ သူ(မ)က ကျွန်တော်တို့နှစ်ယောက်နဲ့ပတ်သက်ပြီး ထူးခြားတဲ့အကြောင်းအရာကို ရေးချင်နေတာထင်တယ်။ ဒီအစီအစဥ်က တကယ်စိတ်ဝင်စားစရာပဲ။ ခင်ဗျားရဲ့အသင်းက ဒါနဲ့ပတ်သက်ပြီး ပြဿနာမရှိလောက်ဘူးမလား။"
"ကိုယ်သဘောတူတယ်ဆို သူတို့လည်း ပြဿနာရှိမှာမဟုတ်ဘူး။"
ဟန်တာ ဘယ်လိုတောင် မေ့သွားရတာလဲ။ ဝင်စတန်က ဖယ်ရာရီအသင်းမှာ လွှမ်းမိုးမှုရှိတာပဲ။
ဟန်တာ မားကပ်စ်ကို ဖုန်းခေါ်လိုက်ရာ မားကပ်စ်၏အသံက စိုးရိမ်ပူပန်နေပုံပင်။
"ဟန်တာ... ငါ့မေးခွန်းကို အမှန်တိုင်းဖြေပေး။"
"ဘာမေးခွန်းလဲ။"
"ဖယ်ရာရီက မင်းနဲ့စာချုပ်ချုပ်ဖို့ ကြိုးစားနေတာလား။"
Red Bull မှ အိုဝင်သည် ဟန်တာ့ကိုသိမ်းသွင်းရန် ကြိုးစားခဲ့ကတည်းက မားကပ်စ်တစ်ယောက် သတိအကြီးကြီးထားနေခဲ့သည်။
ဟန်တာ ရယ်ချင်စိတ်တို့ကို ထိန်းချုပ်ကာ အလွန်အမင်းအံ့သြသွားသောလေသံဖြင့် ပြန်ဖြေလိုက်၏။ "ဘယ်လို... ခင်ဗျား ဘယ်လိုလုပ်သိတာလဲ။"
မားကပ်စ်က ပေါက်ကွဲသွား၏။ "ဘာ!? အမှန်ပဲလား။ သူတို့က မင်းကို နှစ်စဥ်လစာ ဘယ်လောက်နဲ့ကမ်းလှမ်းတာလဲ။"
"နှစ်... နှစ်သန်း..." ဟန်တာ သူ၏ပါးစပ်ကိုပိတ်ကာ ရယ်သံမထွက်မိအောင် ဖုံးဖိထားရသည်။
"ဘာ?" မားကပ်စ်မှာ အံ့အားသင့်သွားလေ၏။ ထိုကိစ္စကို တွေးတောပြီးနောက် ယခင်ပြိုင်ပွဲများတွင် ဟန်တာ၏စွမ်းဆောင်ရည်များက အတိုင်းထက်လွန် ကောင်းမွန်ခဲ့ပြီး Suzuka ပြေးလမ်း၌ ဆိုင်ရယ်နှင့်တောင် ယှဥ်ပြိုင်နိုင်ခဲ့၏။ ဟန်တာသာ ဖယ်ရာရီကိုဝင်ရောက်သွားပါက သူ့အတွက် တိုးတက်လာနိုင်သည့်အခွင့်အရေးများစွာ ရရှိနိုင်ပေလိမ့်မည်။ "ဒီတော့... မင်းကရော? မင်း ဘယ်လိုတွေးထားလဲ။"
"ကျွန်တော်... ကျွန်တော် ခင်ဗျားနဲ့ပဲနေမယ်လို့ ဆုံးဖြတ်လိုက်တယ်! ဒီတော့ မားကပ်စ်ရေ၊ ခင်ဗျား ကျွန်တော့်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံရင် ပိုကောင်းမယ်နော်! ဟားဟားဟား! ဘယ်အသင်းကမဆို ကျွန်တော့်ကို နှစ်သန်းနဲ့ ကမ်းလှမ်းလာနိုင်တယ်!" ဟန်တာက သူ၏ပခုံးများ တုန်ယင်လာတဲ့အထိ ရယ်မောခဲ့လေသည်။
"ကောင်စုတ်လေး! မင်း နာချင်နေပြီလား။ ဒီကို ပြန်လာခဲ့စမ်း!"
"ကျွန်တော် မစ်ဝီဆန်ရဲ့ ဝင်စတန်နဲ့အင်တာဗျူးကို လက်ခံလိုက်လို့ရလား။"
"မင်းက ဖယ်ရာရီအသင်းကမှမဟုတ်တာ၊ ဘာလို့ ဝင်စတန်နဲ့ အင်တာဗျူးခံရမှာလဲ!"
မားကပ်စ်က ဟန်တာ၏စကားတို့ကို ဟာသတစ်ခုအနေနှင့်သာ မမြင်သည့်ပုံပင်။
"စိတ်ဝင်စားစရာကောင်းတယ်လေ! ပြီးတော့ ဒီလိုအင်တာဗျူးမျိုးကို ကျွန်တော် ပထမဆုံးအကြိမ်လုပ်ဖူးတာကို!"
"ဒီကို ပြန်လာခဲ့!"
"ကျွန်တော့်ကို မဖြေစေချင်တဲ့မေးခွန်းတွေ ရှိနေတာလား၊ ဒါမှမဟုတ် ကျွန်တော့်ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ မဖြေစေချင်တာလား! အဲ့လိုဆို ကျွန်တော့်ကိုစောင့်ကြည့်ဖို့ PR မန်နေဂျာကို လွှတ်လိုက်လေ! ဒါမှမဟုတ်လည်း ခင်ဗျားကိုယ်တိုင် လာကြီးကြပ်လိုက်ပေါ့!"
"မင်း... မင်းတော့..." မားကပ်စ်မှာ ဒေါသထွက်လွန်း၍ စကားထစ်လာခဲ့၏။ "ပထမဆုံး မင်း ဗန်ဝင်စတန်နဲ့ ရေပူစမ်းသွားမှာကို ငါ မင်းကိုခွင့်ပြုပေးခဲ့တယ်။ အခု သူနဲ့ အင်တာဗျူးချင်ပြန်ပြီ။ မင်းတို့တွေ အချင်းချင်း ချိန်းတွေ့ဖို့ရော ခွင့်ပြုချက်လိုသေးလား။"
ဟန်တာ၏နှလုံးသားမှာ တစ်စုံတစ်ခုနှင့် ကုတ်ခြစ်ခံလိုက်ရသလို ခံစားလိုက်ရသည် - ၎င်းမှာ စိတ်ပျက်မှုတို့ ရောယှက်နေသည့် ယားယံခြင်းခံစားချက်မျိုးပင်။
ဟန်တာ မသိစိတ်အရ ဝင်စတန့်ကို ကြည့်လိုက်မိ၏။ သူက သူ့အသင်း၏တစ်စုံတစ်ယောက်နှင့် စကားပြောနေပြီး သူ၏အမူအရာကနေ အကဲဖြတ်ရလျှင် ဖယ်ရာရီအသင်းက အော်ဒရေဝီလ်ဆန်၏ အင်တာဗျူးဖိတ်ကြားချက်ကို သိထားပြီးဖြစ်ရမည်။
မားကပ်နှင့် ဖုန်းခေါ်ဆိုမှုပြီးသွားသောအခါ ဟန်တာ ကူကယ်ရာမဲ့စွာ ပခုံးတွန့်ပြလိုက်သည်။ "ကျွန်တော့်ရဲ့ဟာသက မားကပ်စ်ကို စိတ်အနှောင့်အယှက်ဖြစ်သွားစေလောက်တယ်။ သူ သဘောမတူဘူး။"
"တကယ်တော့ ဖယ်ရာရီအသင်းရဲ့ဒါရိုက်တာ မစ္စတာမိုင်လာက မင်းကို ခေါ်ဖို့ပြောဖူးတယ်။ ဒါပေမဲ့ သူ မင်းကိုကမ်းလှမ်းဖို့ စီစဥ်ထားတဲ့နှစ်စဥ်လစာက နှစ်သန်းမဟုတ်ဘူး - သုံးသန်း။"
"ဘာကြီး?" ဟန်တာ၏မျက်လုံးများက ပြူးကျယ်သွားပြီး ဝင်စတန်၏ပခုံးကို ဆုပ်ကိုင်လိုက်မိသည်။ "ဒါဆို ဘာလို့လဲ။ ဘာလို့ ကျွန်တော် ဒီအကြောင်းကို မကြားခဲ့ရတာလဲ။"
မားကပ်စ်က ပိတ်ခဲ့တာများလား။
"မင်း ဖယ်ရာရီကိုလာမယ်ဆို ကိုယ် ပြိုင်ပွဲမှာ ကောင်းကောင်းပြိုင်လို့ရမှာမဟုတ်ဘူးလို့ မစ္စတာမိုင်လာ့ကို ပြောလိုက်တာ။" ဝင်စတန်က ပြောလာ၏။
"ဘာလို့လဲ။ ကျွန်တော်တို့ အသင်းဖော်တွေဖြစ်လာရင် ပိုမကောင်းဘူးလား။ နေ့စဥ်လေ့ကျင့်ရေးကိုတောင် အတူတူလေ့ကျင့်လို့ရနိုင်တယ်လေ!"
ဟန်တာ ဖယ်ရာရီအသင်းကို မသွားချင်သော်လည်း ဝင်စတန်က သူ့ကိုသက်ရောက်မှုရှိလာနိုင်သလို ပြောလာသောအခါ သူ ရှင်းပြလို့မရစွာဖြင့် ဝမ်းနည်းလာခဲ့သည်။
"အဲ့လိုဖြစ်လာရင် မင်း ဖယ်ရာရီရဲ့ထိန်းချုပ်မှုအောက်ကို ရောက်သွားလိမ့်မယ်။ အဲ့လိုအသင်းကြီးတစ်ခုက မင်းရဲ့လက်ရှိအသင်းလောက် မရိုးရှင်းဘူး။ မင်းရဲ့အရည်အချင်းတွေကို ဖယ်ရာရီရဲ့ ကားနဲ့ပေါင်းစပ်လိုက်ရင် အိုဝင်နဲ့ ဆိုင်ရယ်ကိုတောင် လိုက်မီနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ချန်ပီယံနေရာကိုကာကွယ်ဖို့အတွက် အသင်းက မင်းကို သူတို့နှစ်ယောက်ကိုပိတ်ဆို့ခိုင်းလိမ့်မယ်။ ကိုယ် အဲ့လိုမျိုး မဖြစ်စေချင်ဘူး။" ဝင်စတန်က ရှင်းပြခဲ့သည်။
ဟန်တာ၏ပါးစပ်မှာ အနည်းငယ်ပွင့်ဟနေပြီး ရုတ်တရက် အရာအားလုံးကို နားလည်သွားလေသည်။
***
Aurora Novel Translation Team