no

Font
Theme

ဟန်တာ VS ဝင်စတန် (၁)

အလွတ်တန်းလေ့ကျင့်ရေး သုံးကျော့ပြီးနောက် ဟန်တာ သန့်စင်ခန်းထဲကနေ သီချင်းလေးညည်းရင်း ထွက်လာရာ အိုဝင်နှင့် မတော်တဆဆုံခဲ့၏။ သူ ထိုလူ၏နာမည်ဆိုးဂုဏ်သတင်းကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးသည်။

F1 ကို မဝင်ခင်က ဟန်တာတစ်ယောက် အိုဝင်အပါအဝင် ထိပ်တန်းသမားများကို လေးစားအားကျခဲ့ရသည်။ သို့သော် ယခု သူ့ကိုမြင်လျှင် မျက်လုံးကိုသာလှန်မိပေ၏။

သူ အိုဝင့်ကို ဖြတ်ကျော်သွားရန် ရည်ရွယ်လိုက်သော်လည်း တစ်ဖက်လူက သူ့ကို တားဆီးခဲ့သည်။

"ဟန်တာလေး၊ နှုတ်မဆက်ဘဲ ဖြတ်လျှောက်သွားတာက အရမ်းရိုင်းတယ်နော်။" အိုဝင်က လှောင်ပြောင်သံစွက်ကာ ပြောလာခဲ့သည်။

"ကျွန်တော်က ခင်ဗျားနဲ့မရင်းနှီးဘူး။" ဟန်တာ အိုဝင့်ကို အေးစက်စွာဖြင့် မျက်စောင်းထိုးလိုက်၏။ သူ၏အကြည့်ကို ပြန်ဆုတ်လိုက်ချိန်မှာ ဆိုင်ရယ်ချဥ်းကပ်လာကြောင်း တွေ့လိုက်ရသည်။

အိုဝင့်ကိုမြင်လိုက်ရသည့်အတွက် ဆိုင်ရယ်၏မျက်နှာက ချဥ်စူးသွား၏။ F1 လောကမှာ ဆိုင်ရယ်က ဆံပင်ရွှေအိုရောင်နှင့် မျက်လုံးအပြာများရှိကာ သူ့ကိုကြည့်လိုက်လျှင် Jude Law သို့မဟုတ် Leonardo DuCaprio ကဲ့သို့ ခံ့ညားသောသရုပ်ဆောင်များကို အမှတ်ရစေမှာပင်။ သူငယ်ရွယ်စဥ်က သူ၏ဇက်ဇက်ကြဲစရိုက်နှင့် ဒေါသကြီးမှုတို့ကြောင့် မီဒီယာ၏ပစ်မှတ်ဖြစ်ခဲ့သော်လည်း ၎င်းတို့မှားယွင်းနေကြောင်း သူ၏အရည်အချင်းများနှင့် အမြဲတမ်းသက်သေပြတတ်သည်။

အိုဝင်က ဆိုင်ရယ်ကိုလည်းသွားရှုပ်ဖူးကြောင်း ဒေါ်နယ်လ်ပြောပြ၍ ဟန်တာသိထားပြီးသားပင်။ ယခု ၎င်းတို့နှစ်ယောက်လုံးနှင့် သန့်စင်ခန်းထဲမှာ အမှတ်မထင်တွေ့ဆုံရသောအခါ ထပြီးရန်သတ်ကြပါစေဟု ဟန်တာ ကြိတ်ပြီးဆုတောင်းနေမိ၏။ ဆိုင်ရယ်၏ဒေါသက အိုဝင်၏ဦးခေါင်းကို သေချာပေါက် ထုချေပစ်လိုက်နိုင်သည်လေ!

ဟန်တာ သန့်စင်ခန်းအပြင်ဘက်ကနေ ခိုးနားထောင်ရန်ပြင်လိုက်သော်လည်း အိုဝင်က စနောက်လိုက်၏။ "ဟန်တာလေး၊ ဒီမှာပဲဆက်နေပြီး ပျော်စရာလေးတွေမှာ လာပေါင်းလိုက်လေ။"

"ပျော်စရာ? ဘာပျော်စရာလဲ။" ဆိုင်ရယ်က မနှစ်မြို့စွာဖြင့် မျက်စောင်းထိုးလိုက်သည်။

"သုံးအချို့ပေါ့!"

"ရူး-ရူးနေလား!" ဟန်တာ လက်ခလယ်ထောင်ပြကာ အမြန်ပြေးထွက်လာခဲ့လိုက်တော့သည်။

ဆိုင်ရယ်က စုတ်သပ်လိုက်ပြီး ဟန်တာ့အား မေးငေါ့ပြလိုက်သည်။ "မင်း အဲ့ကောင်စုတ်လေးနဲ့ ဘယ်တုန်းကရင်းနှီးလာတာလဲ။"

"ဘာလဲ။ သဝန်တိုနေတာလား။ အချစ်ကလေးကလည်း အဲ့လိုဖြစ်စရာမလိုပါဘူး။ မင်းက အမြဲတမ်း ငါ့ရဲ့အချစ်ဆုံးဖြစ်နေမှာပါ။" အိုဝင်က ဆိုင်ရယ်ကိုပွေ့ဖက်တော့မလိုမျိုး လက်မောင်းများဖြန့်ကားလိုက်၏။

"တကယ်? ငါကတော့ မင်းရဲ့အချစ်ကို ပိုပြီးဖြန့်ကျက်စေချင်တယ်။ ဒါမှ တစ်ကမ္ဘာလုံး ဒုက္ခပင်လယ်ကို မျှဝေနိုင်ကြမှာ။" ဆိုင်ရယ်က နှာမှုတ်လိုက်၏။

"ပြောကြည့်၊ ပြေးလမ်းပေါ်မှာမဟုတ်ဘဲ မင်း ဝင်စတန့်ကို တခြားနည်းလမ်းနဲ့ သင်ခန်းစာပေးဖို့ စဥ်းစားဖူးလား။"

"မင်းစိတ်ထဲမှာ ဘာတွေတွေးနေတာလဲ။" ဆိုင်ရယ်က အေးစက်စွာမေးလာသည်။

"ဝင်စတန့်ကို အဲ့ကောင်စုတ်လေးရှေ့မှာ ဖြားယောင်းလိုက်။"

"ဟမ်?" ဆိုင်ရယ်က မျက်မှောင်ကြုတ်လိုက်၏။ "မင်း ဒီမနက် ဆေးသောက်ဖို့မေ့လာတာလား။"

"ဒါမှမဟုတ်ရင်လည်း ဝင်စတန့်ရှေ့မှာ အဲ့ကောင်စုတ်လေးကို ဖြားယောင်းလိုက်မလား။"

ဆိုင်ရယ် သက်ပြင်းချကာ အိုဝင်၏ပခုံးကို ပုတ်လိုက်သည်။ "မင်းက ဗန်ဝင်စတန့်ကိုနှိပ်စက်တာမဟုတ်ဘဲ ငါ့ကိုနှိပ်စက်နေတာလို့ ငါထင်လာပြီ။"

ထိုသို့ဖြင့် ဆိုင်ရယ်က ထွက်ခွာသွားခဲ့လေသည်။

အိုဝင်က သူ၏မေးစေ့ကိုပွတ်သပ်ကာ တီးတိုးညည်းတွားလိုက်၏။ "နှမြောစရာပဲ!"

အလွတ်တန်းလေ့ကျင့်ရေးပြီးနောက် ခြေစစ်ပွဲများ စတင်လေပြီ။ အသင်းထဲ၌ တင်းမာမှုများ တရိပ်ရိပ်မြင့်တက်လာနေ၏။ ပထမဆုံးအကြိမ်အဖြစ် Yas Marina ပတ်လမ်းအပြင်မှ ကြည့်ရှုသူထိုင်ခုံနေရာများမှာ လုံးဝပြည့်နှက်နေသည်။ အွန်လိုင်းစစ်တမ်းများက ဤပြိုင်ပွဲ၏ စိတ်ဝင်စားစရာကောင်းသော အဓိကအချက်နှစ်ချက်ကို မီးမောင်းထိုးပြခဲ့သည်။

ပထမအချက်: ဝင်စတန်က အိုဝင်နှင့် ဆိုင်ရယ်တို့၏ဖိအားအောက်မှာ သူ၏ချန်ပီယံနေရာကို ထိန်းထားနိုင်မည်လော။

ဒုတိယအချက်: ဖြည်းဖြည်းမှန်မှန်ဖြင့် အဆင့်များမြင့်တက်လာသော ဟန်တာက ဆိုင်ရယ်လို ဆရာ့ဆရာကြီးများနှင့် ဆက်လက်ယှဥ်ပြိုင်နိုင်မည်လော။

ခြေစစ်ပွဲ စတင်တော့မည်ဖြစ်ရာ ဟန်တာ စတီယာရင်ကို တင်းကျပ်စွာဆုပ်ကိုင်ပြီး အသက်ရှူထုတ်လိုက်၏။ Yas Marina ပြေးလမ်းပေါ် စတင်ရမည့်အမှတ်က အရေးကြီးသည်။ ဟန်တာ နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး သူ၏အာရုံကြောများက တင်းမာနေပေ၏။

Q1 ၌ ဝင်စတန်သည် ထိပ်ဆုံးနေရာကို ခြေကုပ်ယူကာ အိုဝင်နှင့် ဆိုင်ရယ်တို့ကို သူ့နောက်မှာပဲ ဆက်လက်ထိန်းထားနိုင်ခဲ့သည်။ ဟန်တာက ကောင်းမွန်လာသော သူ၏ကားစွမ်းဆောင်ရည်ဖြင့် အစွမ်းကုန်ထုတ်ကာ ပန်နီနှင့် ဒက်ကိုဗီတို့ကို ကျော်တက်၍ ထိပ်ဆုံးလေးနေရာသို့ ရောက်ရှိခဲ့၏။

မားကပ်စ်က လက်သီးများဆုပ်ထားပြီး တဆတ်ဆတ်ခေါင်းညိတ်နေခဲ့သည်။ "သူ့ရဲ့ကားမောင်းစွမ်းရည်က ပိုပြီးရင့်ကျက်လာတယ်။"

"ခင်ဗျားသိလား၊ သူ ကျွန်တော်တို့ကားကို မောင်းတဲ့အချိန်တိုင်း သူက မျှော်လင့်ထားတာထက် ကျော်လွန်သွားလိမ့်မယ်ဆိုတဲ့ စိတ်အားထက်သန်တဲ့မျှော်လင့်ချက်တွေရှိနေတယ်။ ပြီးတော့ အဲ့ဒီမျှော်လင့်ချက်က တဖြည်းဖြည်းအားကောင်းလာပြီးတော့ လောဘအဖြစ် ပြောင်းလဲသွားလုနီးပါးပဲ။" ရှန်ချွမ်းက ပြောလာ၏။

"ငါတို့က အကောင်းဆုံးအသင်းပဲ။ ဘယ်လိုလောဘကြီးတဲ့အိပ်မက်မဆို အစစ်အမှန်ဖြစ်လာနိုင်တယ်။" မားကပ်စ်က ရှန်ချွမ်းကိုကြည့်ကာ ပြုံးလိုက်သည်။

Q2 စသော် ဝင်စတန်၏အရှိန်က ကျဆင်းလာပြီး ဆိုင်ရယ့်အား သူ့ကိုကျော်တက်ခွင့်ပေးလိုက်ရကာ အိုဝင့်ကိုတော့ သူ့အနောက်မှာပဲ ဆက်ထိန်းထားနိုင်ခဲ့သည်။ ငါးနေရာအောက်မှ နေရာများမှာ အဆက်မပြတ်ပြောင်းလဲနေစဥ် ဟန်တာကတော့ သူ၏လေးနေရာမြောက်မှာ ရှိနေဆဲပင်။

ပရိသတ်များ၏ စိတ်လှုပ်ရှားစွာအားပေးသံများက လေထုကို အရှိန်မြှင့်ပေးနေ၏။

ဟန်တာ ချွေးများစိုရွှဲနေပြီး စိတ်ထဲမှာ ဂနာမငြိမ်သလို ခံစားနေရသော်လည်း အရေးကြီးသောအခိုက်အတန့်အတွက် ပေါက်ကွဲနိုင်ရန် သူ့မှာရှိသမျှအရာအားလုံးကို ပေးဆပ်ကာ စောင့်ဆိုင်းနေရသည်။

Q2 ပြီးဆုံးသွားသောအခါ အိုဝင်က ဝင်စတန့်ကို ကျော်တက်သွားပြီး သူ့ကို တတိယနေရာသို့ပို့လိုက်စဥ် ဟန်တာက စတုတ္ထနေရာမှာ ရှိနေဆဲဖြစ်၏။

Q3 မှာ စိန်ခေါ်မှုအသစ်များ စတင်လာသည့်အတွက် တင်းမာမှုက ဆက်လက်မြင့်တက်နေလျက်။ ပန်နီက ဟန်တာ၏နေရာကို ခြိမ်းခြောက်လာခဲ့ပြီး Q3 ၏ နောက်ဆုံးအပတ်မှာ ပန်နီနှင့် ဝေးကွာမှုကိုတိုးချဲ့ရန် ဟန်တာ ခက်ခက်ခဲခဲကြိုးစားခဲ့ရသည်။

ပြိုင်ပွဲတစ်ခုလုံး ဖိအားများနှင့် ပြည့်နှက်နေပြီး ဆိုင်ရယ်က ထိပ်ဆုံးနေရာကို အိုဝင်ဆီမှာ ရှုံးနိမ့်သွားခဲ့စဥ် ဝင်စတန်က ခြေစစ်ပွဲအပြီးထိ တတိယနေရာကို ကာကွယ်ဖို့ကြိုးစားခဲ့သည်။

တကယ့်မိန်းပွဲကို ညဘက်မှာ ကျင်းပမည်။

ဟန်တာ အသင်း၏ဗျူဟာကို လေးလေးနက်နက်နားထောင်ကာ ဤပြေးလမ်းပေါ်မှ ပြိုင်ဘက်များလုပ်ဆောင်မှုများကိုတောင် အာရုံစိုက်ခဲ့သည်။

အစည်းအဝေးပြီးနောက် မားကပ်စ်က သူ၏အတွေးများကို မျှဝေလာ၏။ "လအနည်းငယ်အတွင်း ဟန်တာက တကယ်ကို အရွယ်ရောက်လာတာပဲ။ သူက အရင်တုန်းကဆို တကယ့်ပြဿနာကောင်လေး။"

ရှန်ချွမ်းက ပြုံးလိုက်၏။ "တစ်ချက်ကြည့်လိုက်မယ်ဆို ဟန်တာက ကလေးဆန်တယ်လို့ထင်ရပေမဲ့ တကယ်တော့ သူက အရမ်းလေးနက်တယ်။ ပြီးတော့ တစ်ခုခုကို သူ ဆုံးဖြတ်ပြီးသွားပြီဆိုရင် သူ့ကို ဘယ်အရာကမှ တားလို့မရတော့ဘူး။"

မားကပ်စ်က သူ၏မျက်လုံးများကို လက်ဖြင့်ဖိလိုက်၏။ "အင်း... ဘယ်အရာကမှ သူ့ကိုတားလို့မရတော့ဘူးး။"

မိန်းပွဲစဖို့ တစ်နာရီကျော်လိုသေးရာ ဟန်တာ ထိုင်စရာနေရာတစ်ခုကို ရှာတွေ့ခဲ့သည်။ သူ မော့ကြည့်လိုက်သည်နှင့် ဝင်နေပြီဖြစ်သော နေမင်းကြီးကို မြင်တွေ့နိုင်ပေ၏။ သူ တစ်စုံတစ်ခုကို အာရုံခံမိသလို နေရောင်စူးစူးအောက်မှာ မျက်လုံးများမှေးကျဥ်း၍ ခေါင်းမော့လိုက်သည်။

"မင်း ဆေးလိပ်သောက်ဖို့ နေရာလိုက်မရှာတာကိုတွေ့ရတာ ရှားရှားပါးပါးပဲ။"

ထိုအသံကို ကြားလိုက်ရသောအခါ ဆုတောင်းသေးသေးလေးက လက်တွေ့ဖြစ်လာသကဲ့သို့ ဟန်တာ၏နှုတ်ခမ်းများက ကွေးညွတ်သွား၏။ သို့သော်လည်း သူ နောက်လှည့်မကြည့်ဘဲ မလှုပ်မယှက်နေနေခဲ့သည်။ "ကျွန်တော် သွားမလို့ပါပဲ၊ ဒါပေမဲ့ ဆေးလိပ်တွေက ဟိုတယ်မှာကျန်ခဲ့တယ်။"

အရိပ်တစ်ခုက ဟန်တာ၏ဦးခေါင်းထက် ကျရောက်လာခဲ့သည်။ သူ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်ကာ ဦးခေါင်းကို အနောက်သို့လှန်လိုက်ရာ တစ်စုံတစ်ယောက်၏ခြေထောက်အား မှီလိုက်သလိုဖြစ်သွား၏။ ထိုအခါ ဝင်စတန်၏ကိုယ်သင်းရနံ့က သူ့ဆီကို ပျံ့လွှင့်လာခဲ့သည်။

ရုတ်တရက်ဆိုသလို ဟန်တာ ထို့လူ့ကို အမြဲတမ်းမှီနေချင်နေခဲ့လေသည်။

သူ့အနောက်မှလူက သူ၏အလူမီနီယံဆေးလိပ်ဘူးကို အေးအေးလူလူဖွင့်ကာ တစ်လိပ်ကိုမီးညှိ၍ သူ့နှုတ်ခမ်းများကြား နေရာချလိုက်၏။ သူက ညင်သာစွာရှိုက်လိုက်ရာ ဆေးလိပ်၏ထိပ်ဖျားလေးကို မီးစများနီရဲသွားစေခဲ့သည်။ မီးခိုးငွေ့များကို နှုတ်ခမ်းလွှာကြားကနေ မှုတ်ထုတ်လိုက်ရင်း သူ၏လည်စေ့က အနည်းငယ်လှုပ်ရှားသွားကာ သူ၏မျက်လုံးများက အိပ်မက်ယောင်နေသူပမာ။

ဟန်တာ ဝင်စတန်၏ထိုပုံစံကို အလွန်သဘောကျပေ၏။ သူထုတ်လွှတ်လိုက်သော ခေတ်ဆန်ဆန်ရမ္မက်သွေးကြွမှုက ထူးထူးခြားခြား ယောက်ျားဆန်လွန်းလှသည်။ ဟန်တာအလိုရှိသည့်အရာတိုင်းကို ဝင်စတန်က ပိုင်ဆိုင်ထား၏။

စကားတစ်ခွန်းမှမပြောဘဲ ဟန်တာက ဝင်စတန်၏ခြေထောက်ကို ဆက်လက်မှီထားပြီး သူ့ကိုမော့ကြည့်လိုက်သည်။

ဝင်စတန်က ငုံ့ကိုင်းကာ ဖြည်းညင်းစွာချဥ်းကပ်လာသော်လည်း သူ၏ခြေထောက်များကိုတော့ မလှုပ်ရှားခဲ့ဘဲ ဟန်တာ့အား ဆက်လက်အနားယူခွင့်ပေးထား၏။

ဝင်စတန်၏နှာတံ၊ တွဲလောင်းကျနေသော သူ၏ဆံချည်မျှင်၊ ဟန်တာ၏နှလုံးသားကို ခုန်ပေါက်လာစေသည့် သိမ်မွေ့သော လှုပ်ရှားမှုများ... သို့သော် ဝင်စတန်၏ဘယ်ဘက်လက်က ဟန်တာ၏အမြင်တို့ကို ပိတ်ဆို့လိုက်လေသည်။

"မင်းရဲ့ဦးခေါင်းကို ဒီလိုမော့ထားတော့ မျက်လုံးတွေကို နေရောင်စူးလိမ့်မယ်။ နေဝင်ချိန်ဆိုပေမဲ့ ဒီနေရာကနေရောင်က တော်တော်လေးပြင်းတယ်။"

ဝင်စတန်၏လက်ဖဝါးမှ အနွေးဓာတ်ကို ခံစားမိလိုက်သောအခါ ဟန်တာ ရှင်းပြလို့မရစွာဖြင့် စိတ်ကျေနပ်သွားသလို ခံစားလိုက်ရသည်။ သူ ပို၍တောင် နီးကပ်သွားချင်မိ၏။

ထိုစဥ် သူ၏နှုတ်ခမ်းကို တစ်စုံတစ်ခုက ထိတွေ့လာခဲ့သည်။ ၎င်းမှာ ဆေးလိပ်တစ်လိပ်ပင်။

ဟန်တာ ထိုဆေးလိပ်ကို သူ၏လျှာဖြင့် အလိုလိုထိန်းထားလိုက်မိ၏။ ၎င်းက ဝင်စတန့်ပါးစပ်ထဲမှာ ရှိနေခဲ့ကြောင်း သတိပြုမိခြင်းက ဟန်တာ့ကို ပို၍အစိုးမရဖြစ်စေခဲ့သည်။ သူ ဆေးလိပ်ကို ဝင့်စတန့်လက်ထဲကနေ ဆွဲယူလိုက်ပြီး ဖင်ဆီကိုခပ်ဖွဖွကိုက်ကာ သူ၏သွားကြားထဲကနေ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်၏။ ဝင်စတန်က ဆေးလိပ်ကိုပြန်ယူရန်ပြင်လိုက်ရာ ဟန်တာက တစ်ဖက်သို့လွှဲလိုက်သည်။ "အခု ကျွန်တော့်ဟာဖြစ်သွားပြီ။"

ဝင်စတန်က ရယ်ရုံသာရယ်နေခဲ့သည်။

"ဟေး၊ ကျွန်တော် ပြောဦးမယ်... နောက်ဆုံးတော့ တရားဝင်ပြိုင်ပွဲအစစ်မှာ ကျွန်တော် ခင်ဗျားနောက်မှာနေခွင့်ရခဲ့ပြီ။" ဟန်တာက ကြွားလိုက်သည်။

"မင်းက အမြဲတမ်း ကိုယ့်အနောက်မှာပဲ၊ တစ်ခါမှ ရှေ့မှာမရှိခဲ့ဖူးဘူး။" ဝင်စတန်က ဟန်တာ့ဘေးမှာ ဝင်ထိုင်လိုက်၏။

မှီစရာပျောက်သွား၍ ဟန်တာ စိတ်အနှောင့်အယှက်ဖြစ်သွားသော်လည်း ဝင်စတန်၏ 'တစ်ခါမှ ရှေ့မှာမရှိဖူးဘူး' ဆိုသည့်မှတ်ချက်က ပို၍တောင် စိတ်အနှောင့်အယှက်ပေးခဲ့သည်။ ဟန်တာ ဝင်စတန့်ကို ဒေါသတကြီးကန်လိုက်ပြီး မျက်လုံးများမှေးကျဥ်း၍ ဆေးလိပ်ဆက်သောက်နေလိုက်၏။ "ကျွန်တော် ဒီနေရာကို အဆုံးထိထိန်းထားနိုင်ရင် ခင်ဗျား ကျွန်တော့်အတွက် ကပြရတော့မယ်! အခု ခင်ဗျား အတွင်းခံဘာအရောင်ဝတ်ထားတာလဲ။" ဟန်တာက မျက်စိမှိတ်ပြကာ ပြီတီတီအပြုံးတစ်ခုဖြင့် သူ၏မျက်နှာက တောက်ပလျက်ပင်။

"အနက်ရောင်။" ဝင်စတန်က ပွင့်ပွင့်လင်းလင်း ပြောလာ၏။

ဟန်တာ ချက်ချင်းဆိုသလို စိတ်ပျက်သွားလေ၏။ "ကျွန်တော့်ကိုပြောကြည့်... ခင်ဗျားကို နည်းနည်းလေးလောက်ပဲဖြစ်ဖြစ် အရှက်ရသွားအောင် လုပ်နိုင်တဲ့အရာမရှိဘူးလား။"

"မင်း တကယ်သိချင်တာလား။" ဝင်စတန်က လှည့်မေးလာ၏။

"ဒါပေါ့!"

"အဖော်အချွတ်အကပြီးသွားရင် ပြောပြမယ်။"

၎င်းမှာ ဟန်တာ ကောင်းကောင်းကြီးရင်းနှီးနေသော ဝင်စတန့်နှုတ်ခမ်းပေါ်မှ အပြုံးတစ်ခုပင်။

ဝင်စတန်က ထရပ်လိုက်သည်နှင့် ဟန်တာ၏ပါးစပ်ထဲမှဆေးလိပ်ကို လက်လှမ်းလာသည်။

ဟန်တာက သွားနှင့်ကိုက်ထားသောလည်း ဝင်စတန်က အခြားလက်တစ်ဖက်ဖြင့် ဟန်တာ၏ပါးနှစ်ဖက်ကိုညှစ်ကာ သူ့ကို လွှတ်ပေးစေလိုက်၏။

"ဟမ့်!" ဟန်တာ မကျေမနပ်ဖြစ်ကာ တစ်ဖက်သို့လှည့်သွား၏။

ဝင်စတန်၏လက်ချောင်းများက ဆေးလိပ်ကိုယူကာ သူ၏နှုတ်ခမ်းဆီ ဖြည်းဖြည်းချင်းတိုးကပ်သွားခဲ့သည်။ သူ၏လျှာက စောစောက ဝင်စတန်လျက်ထားသောနေရာကိုထိကာ ခပ်ဖွဖွဖိလိုက်၏။

ဟန်တာ့အတွက် ဤပြိုင်ပွဲက အရေးကြီးသည်။ စတုတ္ထနေရာကိုထိန်းထားခြင်းက သူ့အား ဦးဆောင်သူစာရင်းရှစ်နေရာထဲ နေရာတစ်နေရာရဖို့ အာမခံပေးနိုင်ပေ၏။

တရားဝင်ပြိုင်ပွဲကို နေကျသွားပြီးနောက်မှာ စတင်ခဲ့သည်။ ညနေခင်းလေပြည်က တစ်နေကုန် ခြောက်သွေ့ပူလောင်သော ရာသီဥတုနှင့်မတူညီစွာပင် ဖြည်းဖြည်းချင်း အေးစက်လာခဲ့သည်။ ပြိုင်ပွဲဝင်များအားလုံး နေရာယူထားကြ၏။ ဟန်တာ သူ့အရှေ့မှာရှိနေသော ဝင်စတန့်ကို မျက်လုံးများမှေးကျဥ်း၍ ကြည့်လိုက်သည်။

ဒါက ကျွန်တော် ခင်ဗျားနဲ့ အနီးဆုံးမှာ ရှိနေဖူးတာပဲ။ ကျွန်တော် ခင်ဗျားကို မြင်ကွင်းထဲကပျောက်မသွားစေရဘူးလို့ ကတိပေးတယ်!

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment