no

Font
Theme

ပြိုင်ဘက်နဲ့ အသင်းဖော် (၂)

"မင်း အောင်မြင်မှုရရှိတဲ့အခါ လူအများစုက ဖယ်ရာရီကားရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးကြပြီး မင်းကို ထိပ်တန်းပြိုင်ကားမောင်းသမားအဖြစ် အဆင့်မြှင့်ပေးကြလိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့အရည်အချင်းတွေကိုတော့ လျှော့တွက်ကြလိမ့်မယ်။ ဒါပေမဲ့ မင်း မားကပ်စ်အသင်းမှာရှိနေရင် ကိစ္စတွေက လုံးဝတူတော့မှာမဟုတ်ဘူး။ မီဒီယာတွေရဲ့အမြင်မှာ မင်းရဲ့အရည်အချင်းက ကားရဲ့စွမ်းဆောင်ရည်ထက် ပိုပြီးတောက်ပနေလိမ့်မယ်။"

ဝင်စတန်က ထိုသို့ပြောလာသောအခါ ဟန်တာ၏ဒေါသများမှာ ဘယ်ကိုပျောက်သွားမှန်းတောင် မသိတော့ပေ။

"ပြီးတော့ ပိုအရေးကြီးတဲ့အရာတစ်ခုရှိသေးတယ်။"

"ဘာလဲ။"

"မင်း ကိုယ့်အသင်းဖော်ဖြစ်လာရင် မင်းကို ဂရုစိုက်ဖို့ အကြောင်းပြချက်တစ်ခုရှိလာလိမ့်မယ်။ မင်း ဘယ်မှာပဲရှိနေရှိနေ၊ ကိုယ် မင်းကိုစောင့်နေပြီး မင်းကို ကာကွယ်ပေးချင်တယ်။ ဒါပေမဲ့ မင်းက အမှီအခိုကင်းတဲ့လူတစ်ယောက်လေ။ ကိုယ်သာ ပြေးလမ်းပေါ်မှာ မင်းကိုစောင့်ရှောက်ပေးနေရင် မင်း သေချာပေါက် ဒေါသပေါက်ကွဲလာမှာပဲ။"

အကြောင်းပြချက်တချို့ကြောင့် ဟန်တာ၏နားရွက်များ နီမြန်းလာခဲ့သည်။ သူ ခေါင်းငုံ့ထားပြီး ကြမ်းပြင်ကို ဖနောင့်ဖြင့်ကန်နေခဲ့၏။

တကယ်တော့ အခုလည်း ခင်ဗျား ကျွန်တော့်ကို စောင့်ရှောက်ပေးနေတာပဲ။

"ကဲ သွားကြစို့။ မားကပ်စ်က အင်တာဗျူးဖို့ သဘောမတူဘူးဆိုတော့ ကိုယ် မစ်ဝီလ်ဆန်ကို ရှင်းပြလိုက်ပါ့မယ်။"

"ဟားဟား၊ ဟုတ်သားပဲ။ ခင်ဗျားရှင်းပြမယ်ဆိုရင် သူ(မ)က သေချာပေါက်နားလည်ပေးမှာပါ။"

ဘာလို့ဆို သူ(မ)က ခင်ဗျားကိုသဘောကျနေလို့လေ!

လေဆိပ်မှထွက်လာပြီးနောက် Yas ကျွန်းဆီသို့ ခရီးဆက်ခဲ့ကြ၏။ ဟန်တာ ဝင်စတန့်ကိုနှုတ်ဆက်၍ သူ့အသင်းရှိရာ ဟိုတယ်ဆီကို ပြန်လာခဲ့သည်။ မားကပ်စ်က သူ့ကိုမြင်မြင်ချင်း သူ့ဆီပြေးလာပြီး ပွေ့ဖက်ခဲ့၏။ "အိုးမိုင်ဂေါ့! ဗန်ဝင်စတန်က မင်းကို ဖယ်ရာရီအသင်းထဲဝင်ဖို့ လှည့်စားသွားပြီလို့ ငါထင်လိုက်တာ!"

"အဲ့လိုလုပ်လုနီးပါးပဲ! သူက ကျွန်တော့်ကို ဖယ်ရာရီကားတစ်စီးဝယ်ပေးမယ်လို့တောင် ပြောခဲ့တာ!"

"ငါလည်း မင်းကို တစ်စီးပေးနိုင်တယ်!"

"ဘယ်တော့လဲ။"

"မင်းရဲ့ အသက်နှစ်ဆယ်ပြည့်မွေးနေ့ရောက်ရင်! နောက်ဆုံးပေါ်မော်ဒယ်ဖြစ်စေရမယ်လို့ ငါ ကတိပေးတယ်!"

"ခင်ဗျားက အရမ်းကပ်စေးနည်းတာပဲ! ကျွန်တော့်ရဲ့ အသက်နှစ်ဆယ်ပြည့်မွေးနေ့ဆို... ကျွန်တော် မားကပ်စ်အသင်းမှာ နောက်တစ်နှစ်ထပ်နေရဦးမှာပေါ့!"

"မင်းရဲ့ နှစ်ကုန်ဘောနပ်စ်ကိုသုံးပြီး မင်းဘာသာမင်းလည်း ဝယ်လိုက်လို့ရတာပဲ!"

မျက်နှာချင်းဆိုင်မှ ရှန်ချွမ်းလာနေသည်ကို မြင်လိုက်ရသောအခါ ဟန်တာ အကျယ်တဝင့်ပြုံးပြကာ သူ၏ပခုံးများကို လှမ်းဖက်လိုက်သည်။ "ဒါက ကျွန်တော် မားကပ်စ်အသင်းမှာနေရတဲ့ အဓိကအကြောင်းအရင်းကြီးပဲ! ဒေါက်တာရှန်ဘယ်သွားသွား ကျွန်တော်က နောက်ကလိုက်နေမှာ!"

ရှန်ချွမ်းက ခေါင်းတယမ်းယမ်းဖြင့် ရယ်ရယ်မောမောပြောခဲ့သည်။ "ငါ့ကို ဒီထဲဆွဲမထည့်နဲ့လေ။"

ရှန်ရှီးက ခေါင်းလေးထွက်လာပြီး ပြောလာသည်။ "ဟေး၊ တခြားအသင်းက ငါတို့ကိုငှားဖို့ နှစ်စဥ်လစာကို သုံးဆနဲ့ကမ်းလှမ်းထားတာရှိတယ်မလား။ ဟန်တာ၊ နင်ရော ငါတို့နဲ့အတူသွားချင်လား။"

မားကပ်စ်က သူ၏ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်လေသည်။ "ကောင်းပါပြီ! မင်းတို့ကောင်တွေက ငါ့ကို ချောက်ထဲတွန်းပို့ချင်နေကြတာပဲ!"

"နှစ်ကုန်ကျရင် ကျွန်တော့်ကို ဘောနပ်စ်ကောင်းကောင်းပေးဖို့ ပြင်ထားတော့!" ဟန်တာက ရယ်မောရင်း သူ့အခန်းဆီသို့ လျှောက်သွားခဲ့သည်။

သူ၏အခန်းကနေ ဟန်တာ Yas Marina ကို မြင်နေရသည်။ ထိုပြေးလမ်းက တိုတောင်းသောအကွာအဝေးမှာရှိနေပြီး ဝင်စတန်၏ဟိုတယ်နှင့် မျက်နှာချင်းဆိုင်ပင်!

ဟန်တာ တွေးမိသွား၏: ငါသာ တယ်လီစကုပ်နဲ့ကြည့်ရင် ဝင်စတန့်ကို မြင်နိုင်လောက်လား။

အဲ့လူ အခု ဘာတွေလုပ်နေမလဲ။ အာ... သူက အသန့်ကြိုက်တဲ့သူဆိုတော့ အခု ရေချိုးရင်ချိုးနေမှာပေါ့။

ဟန်တာ ခဏလောက်စဥ်းစားကာ စာပို့လိုက်သည်။ [ကျွန်တော် ခင်ဗျားဆီကို လာခဲ့တယ်။ ဒါပေမဲ့ အကြာကြီးတံခါးခေါက်နေတာတောင် ဘာတုံ့ပြန်သံမှမကြားရလို့ ကျွန်တော် ပြန်သွားပြီ!]

မမျှော်လင့်စွာဖြင့် ဝင်စတန်က နှစ်စက္ကန့်အတွင်း စာပြန်ခဲ့သည်။ [လူလိမ်လေး၊ မင်း ရောက်မလာဘဲနဲ့။]

ဟန်တာ ပါးစပ်အုပ်ကာ ရယ်လိုက်မိသည်။ ထို့နောက် အမြန်စာပြန်ပို့လိုက်၏။ [အိုး၊ ခင်ဗျား ရေချိုးနေတာမဟုတ်ဘူးလား။]

ဝင်စတန်: [မင်း ဒီည လာခဲ့ချင်လား။]

ဟန်တာ စာပြန်ရန်ပြင်လိုက်သော်လည်း အော်ဒရေဝီလ်ဆန်နှင့်ချိန်းဆိုမှုကို သတိရလိုက်မိရာ ယခုလိုပို့လိုက်သည်။ [မစ်ဝီလ်ဆန်ရဲ့အင်တာဗျူးအချိန်ကို အရင်ကြည့်လိုက်ဦးမယ်။ အချိန်ရရင်တော့ ကျွန်တော် ခင်ဗျားအခန်းကို လာခဲ့မယ်လေ။]

ဝင်စတန်က ပြန်ပို့လာ၏။ [OK.]

ဟန်တာ အော်ဒရေဝီလ်ဆန့်ဆီ ဖုန်းခေါ်လိုက်သည်။ အံ့အားသင့်စရာမှာ သူ(မ)က မားကပ်စ်အသင်းနှင့် ဟိုတယ်တစ်ခုတည်းမှာတည်းခြင်းပင်။ ၎င်းတို့သည် ဟိုတယ်၏ ခေါင်မိုးထပ်က စားသောက်ဆိုင်မှာတွေ့ဆုံရန် ချိန်းဆိုလိုက်ကြ၏။ အော်ဒရေက ဟန်တာနှင့် အေးအေးဆေးဆေး သဘာဝကျသောအခြေအနေမှာ အင်တာဗျူးရန်အတွက် PR မန်နေဂျာ သို့မဟုတ် လက်ထောက်တို့ကိုမလာခိုင်းဖို့ မစ္စတာမားကပ်စ်ကို အထူးတလှယ်တောင်းဆိုခဲ့သည်။

PR မန်နေဂျာနှင့် လက်ထောက်တို့က ဟန်တာ့အခန်းဆီရောက်လာပြီး ဂျင်းဘောင်းဘီ၊ တီရှပ်ဝတ်ကာ အိပ်ရာပေါ်မှာ ဂိမ်းထိုင်ဆော့နေသော ဟန်တာ့ကို တွေ့လိုက်ရာ နှစ်ယောက်လုံး ကြေကွဲနေသောအမူအရာကို ပြသလာကြသည်။

"ဟန်တာ! မင်းက နာမည်ကြီးသတင်းထောက်နဲ့ အင်တာဗျူးကိုလက်ခံထားတာကွ၊ မင်း အနောက်တိုင်းဝတ်စုံဝတ်သင့်တယ်!"

"အင်တာဗျူးအတွက် အတတ်နိုင်ဆုံး အေးအေးဆေးဆေးပုံစံဖြစ်ချင်တယ်လို့ မစ်ဝီလ်ဆန်က ပြောခဲ့တာမဟုတ်ဘူးလား။ ပြီးတော့ ခင်ဗျားတို့တွေ မီဒီယာကို ပြောလို့မဖြစ်တဲ့အရာမှန်သမျှ ကျွန်တော့်ကို ပြောပြပြီးသွားပြီလေ။ ကျွန်တော် အားလုံးကို မှတ်မိပါတယ်!"

"ဟန်တာ... မင်း အရင်က ဒီလိုမဟုတ်ပါဘူး။ မင်း မစ်ဝီလ်ဆန်နဲ့ အင်တာဗျူးခံရဖို့ကို အရမ်းစိတ်အားထက်သန်နေခဲ့တာမဟုတ်ဘူးလား။ သူ(မ)က မင်းရဲ့ အိပ်မက်နတ်ဘုရားမလို့တောင် ပြောခဲ့သေးတယ်လေ!" PR မန်နေဂျာက ကူကယ်ရာမဲ့စွာ ပြောလာခဲ့သည်။

ဟန်တာ ကြောင်အမ်းသွား၏...

ဟုတ်သားပဲ။ အော်ဒရေဝီလ်ဆန်ဆီမှ အင်တာဗျူးရန် တိုက်ရိုက်ဖိတ်ကြားခံရသောအခါ သူ ပျော်ရွှင်ခဲ့သော်လည်း အရင်ကရှိခဲ့ဖူးသော စိတ်အားထက်သန်မှုနှင့် လုံးဝကွဲပြာသွားပေသည်။ သူ ကျေနပ်နေမိသော်လည်း သူ၏စိတ်အခြေအနေက ပကတိတည်ငြိမ်နေ၏။

"ကျွန်တော် အနောက်တိုင်းဝတ်စုံ ပါမလာဘူး။" ဟန်တာက PR မန်နေဂျာကို ပြောလိုက်သည်။

"အိုး... ဘုရားရေ..." PR မန်နေဂျာက မျက်လုံးများမှိတ်ချလိုက်သည်။

ထို့ကြောင့် နောက်ဆုံးတွင် ဟန်တာတစ်ယောက် ခေါင်မိုးထပ်စားသောက်ဆိုင်သို့ တီရှပ်အဖြူ၊ ဂျင်းဘောင်းဘီအပြာတို့ကိုဝတ်ဆင်ကာ သွားခဲ့လေသည်။

ဟိုတယ်၏လသာဆောင်က မှန်အပြည့်ကာရံထားပြီး အော်ဒရေဝီဘ်ဆန်က ၎င်းတို့နှစ်ဦး အနှောင့်အယှက်ကင်းကင်းဖြင့် စကားပြောနိုင်မည့်နေရာကို မှာယူထား၏။

သူ(မ)ကလည်း ပေါ့ပေါ့ပါးပါးဝတ်ဆင်လာပြီး သူ(မ)၏တီရှပ်ကို ခါးမှာအထုံးလေးချည်ကာ အောက်က ဂျင်းဘောင်းဘီနှင့် တွဲဖက်ဝတ်ဆင်ထားသည်။ သူ(မ)၏ ပေါ့ပေါ့ပါးပါးမိတ်ကပ်က ဟန်တာ့အား ရင်းနှီးကျွမ်းဝင်သောခံစားချက်ကို ပေးစွမ်းနေ၏။ ဟန်တာ အနောက်တိုင်းဝတ်စုံ မဝတ်ခဲ့မိတာကို ကျေးဇူးတင်နေမိသည်။ သူသာ ဝတ်ခဲ့ပါက အော်ဒရေနှင့် ယှဥ်လိုက်လျှင် ရယ်စရာကောင်းနေလိမ့်မည်။

အော်ဒရေ့ဘေးမှာ ကင်မရာကိုင်ထားသော ဓာတ်ပုံသတင်းထောက်တစ်ဦးရှိသည်။

"ဒီနေရာက အလင်းရောင်အရမ်းလှတယ်။ ရောင်ပြန်တွေတောင် မလိုဘူးလေ။" အော်ဒရေက အပြုံးလေးဖြင့် ပြောလာ၏။

ဟန်တာ ဝင်ထိုင်လိုက်ပြီး အော်ဒရေ့ကို ပြုံးပြလိုက်သည်။

"မင်း ဘာကိုများသဘောကျပြီး ပြုံးနေတာလဲ။" အော်ဒရေက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းခဲ့သည်။

"ကျွန်တော်... သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို တောက်ပတဲ့နေရာမှာပဲ အမြဲတမ်းရှိစေချင်တယ်လို့ ပြောဖူးတာကို သတိရသွားလို့ပါ။ အလင်းရောင်တောက်ပတဲ့ ဒီလို နေရာမျိုးမှာ ခင်ဗျားရဲ့အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရတော့ ကျွန်တော့်သူငယ်ချင်းဆိုလိုတာကို ရုတ်တရက် နားလည်လိုက်မိတယ်။"

အော်ဒရေက ခေါင်းလေးစောင်းငဲ့ကာ ပြုံးပြလာသည်။ "မင်းရဲ့သူငယ်ချင်း ဘယ်လိုခံစားရလဲဆိုတာကို ငါနားလည်သလိုပဲ။ ဘာလို့ဆို ဟန်တာ၊ မင်း ပြုံးလိုက်တဲ့အချိန် ဘေးနားမှာ ဘာအလင်းရောင်မှရှိမနေရင်တောင် အရာအားလုံးက တောက်ပသွားသလိုပဲ။"

ဟန်တာ၏မျက်နှာမှာ ချက်ချင်းနီမြန်းလာပြီး သူ၏နားရွက်များကတောင် နီစွေးလာခဲ့သည်။ သူ ခေါင်းငုံ့ကာ သူ၏နှာခေါင်းလေးကို ပွတ်သပ်လိုက်၏။

"ဟုတ်ပါပြီ၊ ငါ မင်းကို မစတော့ပါဘူး။ ကျေးဇူးပြုပြီး ငါ့ရဲ့မေးခွန်းတွေကို လေးလေးနက်နက်နဲ့ အရိုးသားဆုံးဖြေပေးပါ။ အခု မင်းကိုကြည့်နေမဲ့ PR မန်နေဂျာလည်းမရှိသလို လက်ထောက်လည်းမရှိတာကြောင့် မင်း နည်းနည်းလောက် ဖွင့်ထုတ်လိုက်လို့ရတယ်။"

အော်ဒရေ၏ မေးခွန်းများက F1 ၌ ဟန်တာ၏အစီအစဥ်များ၊ ပြေးလမ်းပေါ်က သူ၏ဗျူဟာများနှင့် ဆုံးဖြတ်ချက်များ၊ သူ မြင်တွေ့ချင်သော FIA ၏ပြုပြင်ပြောင်းလဲမှု ဦးတည်ချက်တို့အပေါ် အဓိကအာရုံစိုက်ထားသည်...

ဟန်တာ ဘာပဲပြောပြော အော်ဒရေက အာရုံစူးစိုက်မှုအပြည့်ဖြင့် လေးလေးနက်နက်နားထောင်ပေးခဲ့၏။ ဟန်တာ သူ၏အတွေးများကို ရှင်းလင်းစွာ မပြောနိုင်သည့်အချိန်ဆို အော်ဒရေက ဝင်ထောက်ပေးတတ်သည်။

ဟန်တာ သူ(မ)၏နားလည်မှုအတွက် ကျေးဇူးတင်မိ၏။

"ကဲ နည်းပညာပိုင်းဆိုင်ရာမေးခွန်းတွေကတော့ ဒီလောက်ပါပဲ။ အခု ပရိသတ်တွေစိတ်ဝင်စားနေတဲ့ တစ်စုံတစ်ခုကို ပြောကြရအောင်။ F1 ပရိသတ်တွေအားလုံး သိကြတဲ့အတိုင်း ဖယ်ရာရီအသင်းက ဗန်ဝင်စတန်က အမြဲတမ်း သီးသန့်နေတတ်ပြီး တစ်စုံတစ်ယောက်နဲ့ ရင်းရင်းနှီးနှီးနေတယ်ဆိုတာကို တစ်ခါမှ မကြားဖူးကြဘူး။ ဒါပေမဲ့ အခု မင်းကို ဖယ်ရာရီအသင်းကတောင် ဝင်စတန်ရဲ့သူငယ်ချင်းလို့ တရားဝင်အသိအမှတ်ပြုထားတယ်။ မင်းတို့နှစ်ယောက် ဘယ်လိုစတွေ့ခဲ့ကြတာလဲ။" အော်ဒရေက မေးလာ၏။

ထိုမေးခွန်းက ဟန်တာ့ကို ရုတ်တရက် မှင်တက်သွားစေခဲ့သည်။

ဟုတ်သားပဲ၊ သူတို့ ဘယ်လိုတွေ့ခဲ့ကြတာလဲ။

ပထမဆုံးအကြိမ်က စပိန် Grand Prix ပြီးတော့ သန့်စင်ခန်းထဲမှာ စကားပြောခဲ့တာထင်တယ်။

"ဘာဖြစ်လို့လဲ၊ ဟန်တာ?"

"ဖြစ်နိုင်တာကတော့... ကျွန်တော်က ယုံကြည်ရတဲ့သူမို့ ဝင်စတန်က ကျွန်တော့်ကို စကားလာပြောခဲ့တာထင်တယ်?"

သူ မက်ဂရက်ဒီနဲ့ ရန်ဖြစ်နေတုန်း သူ့ဘောင်းဘီဇစ်တပ်ဖို့မေ့နေလို့ ဝင်စတန်က သတိပေးခဲ့ရတယ်ဆိုတာကို ဘယ်လိုလုပ် ပြောထွက်နိုင်မှာလဲ။

အော်ဒရေက သူ(မ)၏ဖုန်းကိုကြည့်ကာ ရယ်မောခဲ့သည်။ "တကယ်တော့ ငါ ဝင်စတန့်ကို မင်းထက်အရင် အင်တာဗျူးပြီးသွားပြီ။ မေးခွန်းတွေက အကုန်အတူတူပဲ။ ဝင်စတန်က ဒီမေးခွန်းကို ဘယ်လိုဖြေခဲ့လဲ မင်းသိလား။"

"ဘယ်လိုဖြေခဲ့တာလဲ။" ဟန်တာ ရင်တုန်လာရ၏။ မည်ကဲ့သို့ ရှက်စရာကောင်းသည့်အခြေအနေဖြစ်နေပါစေ ဝင်စတန်ဆိုသည့်လူက အရှက်လုံးဝမှမရှိဘဲ အရာအရာတိုင်းကို အကုန်ဖွင့်ဟနိုင်၏။ စပိန် Grand Prix ၌ သန်းစင်ခန်းထဲက အဖြစ်အပျက်သာ ထုတ်ဖော်ခံလိုက်ရလျှင် ဟန်တာ မျက်နှာပြဝံ့တော့မှာမဟုတ်ပေ။

"ဝင်စတန်က ပြောတယ်..." အော်ဒရေ၏အပြုံးက ဟန်တာ့အား ဆိုးဝါးသည့်ရှေ့ပြေးနိမိတ်ကို ပေးစွမ်းနေသည်။ "မင်း ဘောင်းဘီဇစ်မတပ်ဘဲ သန့်စင်ခန်းထဲကထွက်တော့မှာကို သူ မကြည့်နိုင်လို့ မင်းကို သတိပေးခဲ့တာတဲ့။"

ဟန်တာ ချက်ချင်းဆိုသလို သူ၏မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်လိုက်သည်။ "သူ အဲ့လောက်ထိ ရိုးသားဖို့လိုလို့လားဗျာ!"

"ဒုတိယမေးခွန်း: မင်း တစ်ရက်ရက်မှာ ဝင်စတန်နဲ့အတူ အသင်းတစ်ခုတည်းမှာ လက်တွဲနိုင်ဖို့ကို တွေးခဲ့ဖူးလား။"

ဟန်တာ ခေါင်းပြန်မော့လာ၏။ သူ ဤအကြောင်းအရာကို လေဆိပ်တုန်းက ဝင်စတန်နှင့် ဆွေးနွေးခဲ့သေးသည်။

"ဘယ်လိုလုပ်ပြီး မတွေးဘဲနေမလဲ၊ ကျွန်တော် သေချာပေါက် တွေးဖူးတာပေါ့။ ကျွန်တော်တို့သာ တစ်သင်းတည်းဆိုရင် အတူတူလေ့ကျင့်လို့ရမယ်၊ အတူတူယှဥ်ပြိုင်လို့ရမယ်။ ကျွန်တော် သူ့ဆီကနေသင်ယူဖို့၊ သူနဲ့စကားပြောဖို့ အချိန်တွေပိုရလာနိုင်တယ်လေ။ ဒါပေမဲ့... ကျွန်တော်က ဝင်စတန့်ထက် သုံးလေးနှစ်လောက်ငယ်နေတော့ သူ့အတွက် ကျွန်တော်က ကလေးတစ်ယောက်သာသာပဲ၊ ကျွန်တော်တို့သာ တစ်သင်းထဲမှာရှိရင် သူက ကျွန်တော့်ကို သေချာပေါက် ဂရုစိုက်ပြီး ကာကွယ်ပေးလိမ့်မယ်။ အဲ့လိုဆို ကျွန်တော် ရင့်ကျက်လာနိုင်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ကျွန်တော် ပြေးလမ်းပေါ်က သူ့ရဲ့ပြိုင်ဘက်ဖြစ်နေရတာကို ပိုသဘောကျတယ်။ အဲ့ဒါကမှ ကျွန်တော် ကြီးပြင်းလာနိုင်မဲ့ တစ်ခုတည်းသောနည်းလမ်းလေ။"

ဟန်တာ သူ့ရှေ့မှာရှိနေသော ရေခွက်ကိုကိုင်ထားရင်း လေးလေးနက်နက်ပြောခဲ့သည်။

__

စာရေးသူမှာ ပြောစရာရှိပါတယ်:

ကြက်ဥကြော်နေရင်း:

ဝင်စတန်: တကယ်တော့ ကိုယ် မင်းကို ကိုယ့်အသင်းဖော်မဖြစ်စေချင်တာက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမရှိတော့မှာစိုးလို့။

ဟန်တာ: ဘာကို မထိန်းချုပ်နိုင်မှာလဲ။

ဝင်စတန်: မင်းကို နေ့တိုင်း သတိလစ်သွားတဲ့အထိ ငိုအောင်လုပ်တာကနေ။

ဟန်တာ: ... ခင်ဗျားရဲ့ဦးခေါင်းထဲမှာ မှောင်မိုက်တဲ့အတွေးတွေ ဘယ်လောက်များရှိနေတာလဲ။

ဝင်စတန်: အများကြီးပဲ။ မင်း ကြည့်ကြည့်ချင်လား။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment