ဒီကမ္ဘာပေါ်မှာ အီဗန်ဟန်တာတစ်ယောက်ပဲရှိတယ် (၁)
အော်ဒရေက ယာယီအံ့အားသင့်သွားပြီးနောက် ပြုံးပြကာ မေးလာခဲ့သည်။ "မင်းတို့နှစ်ယောက် ဒီကိစ္စကို အရင်ကဆွေးနွေးဖူးတဲ့ပုံပဲ။ မဟုတ်ရင် မင်းတို့ရဲ့အဖြေတွေက ဘယ်လိုလုပ်ပြီး ဒီလောက်ထိကိုက်ညီနေရတာလဲ။"
"အိုး၊ သူက ဘယ်လိုပြောခဲ့လို့လဲ။"
"မင်းကသာ သူ့အသင်းဖော်ဖြစ်လာရင် အသင်းရဲ့ ပြိုင်ပွဲဗျူဟာတွေက မင်းတို့ကို အချင်းချင်းတိုက်ရိုက်ယှဥ်ပြိုင်မှုတွေကနေ တားဆီးနိုင်တယ်။ ပြီးတော့ မင်းရဲ့နေ့စဥ်ဘဝမှာ သူက မင်းကိုဂရုစိုက်ပေးရတာနဲ့ အကျင့်ဖြစ်နေတော့ ပြေးလမ်းပေါ်မှာလည်း အဲ့အကျင့်ကိုသယ်လာခဲ့ရင် သူ ပြိုင်ပွဲကို အာရုံစိုက်နိုင်တော့မှာ မဟုတ်ဘူးတဲ့။" အော်ဒရေက ရပ်တန့်လိုက်၏။ "ဗန်ဝင်စတန်က အဲ့လို လူသားဆန်တဲ့တစ်ခုခုကိုပြောလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့မိဘူး။"
ဟန်တာက ကြောင်အမ်းစွာ ရယ်မောလိုက်သည်။
"ဒါဆို ဗန်ဝင်စတန်က ဘယ်လိုလူမျိုးလို့ ထင်လဲ။" အော်ဒရေက သူ၏တုံ့ပြန်မှုကို စောင့်ပေးနေ၏။
"ဝင်စတန်?" ဟန်တာ သူ၏နားကိုကုတ်ကာ စဥ်းစားနေသကဲ့သို့ သူ၏ဦးခေါင်းကိုငုံ့ထားသည်။
"ဟန်တာ၊ အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် ဝင်စတန်က မင်းအပေါ်ထားတဲ့ သူ့ရဲ့ထင်မြင်ချက်ကို ပြတ်ပြတ်သားသားပြောပြခဲ့တယ်။" အော်ဒရေက မေးထောက်ကာ ပြုံးပြလာ၏။
"ဝင်စတန်... ကျွန်တော့်အတွက် သူ့မှာ ပုံစံအများကြီးရှိတယ်။ သူ့ကို တခြားဘယ်လိုဖော်ပြရမလဲဆိုတာ ကျွန်တော်မသိဘူး။"
"ပုံစံတွေအများကြီး? ငါတို့ မီဒီယာတွေအမြင်မှာတော့ သူက အမြဲတမ်းတစ်သမတ်တည်းရှိသလိုပဲ။"
ဟန်တာ ပြုံးလိုက်၏။ "ဖော်မြူလာဝမ်းနဲ့ပတ်သက်ပြီး ပြေးလမ်းပေါ်မှာ ဒါမှမဟုတ် နည်းပညာဆိုင်ရာ အခက်အခဲတွေ၊ ဗျူဟာပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အချိန် သူက စေ့စပ်တယ်၊ စေ့စပ်လွန်းလို့ လူသားမဆန်လုနီးပါးပဲ။ ဒါပေမဲ့ သူငယ်ချင်းတွေနဲ့ဆို ဥပမာ ကျွန်တော်နဲ့ပေါ့၊ အဲ့လိုဆို သူက အရမ်းစိတ်ရှည်ပေးတယ်။ တစ်ခါတလေ ကျွန်တော် ခံစားမိတယ်..."
"ဘယ်လိုခံစားရတာလဲ။" အော်ဒရေက သိချင်သွား၏။
"ကျွန်တော် ခံစားရတာက..." ဟန်တာက နက်နက်နဲနဲတွေးရင်း မျက်တောင်ခတ်လိုက်သည်။ "ကျွန်တော် ဘယ်လောက်ပဲဆိုးဆိုး သူက ဘယ်တော့မှ စိတ်မဆိုးတတ်သလိုပဲ။ တစ်ခါတလေဆို သူ့ရဲ့အကန့်အသတ်က ဘယ်လောက်ထိရှိတာလဲလို့ ကျွန်တော် စဥ်းစားမိတယ်။"
အော်ဒရေက ဟန်တာ့ကို တွေးတွေးဆကြည့်ကာ သူ(မ)၏မျက်လုံးများထဲ၌ အားကျမှုတို့ပါဝင်နေ၏။
၎င်းတို့ အကြည့်ချင်းဆုံသွားသည့် အခိုက်အတန့်မှာ ဟန်တာ ၎င်းအား သတိပြုမိလိုက်သည်။
ငါပြောတာ အရမ်းများသွားတဲ့ပုံပဲ။
"မင်းတို့နှစ်ယောက် Suzuka ပြေးလမ်းပြီးတော့ အတူတူခရီးသွားခဲ့ကြတယ်နော်။ Sapporo ကနေ တိုကျိုကိုပျံသန်းတဲ့ လေယာဥ်ပေါ်မှာ မင်းရဲ့ခရီးစဥ်က ဘယ်လိုနေလဲဆိုတာကို မေးဖို့အတွက် အခွင့်အရေးမရလိုက်ဘူး။"
"အရမ်းကောင်းတယ်! ဝင်စတန်က သယ်ယူပို့ဆောင်ရေးကနေ ဟိုတယ်အထိ အစစအရာရာ သူပဲစီစဥ်သွားတာ! သူနဲ့ခရီးသွားရတာက သိပ်ကိုလွယ်ကူတယ်။ ကျွန်တော့်ဦးနှောက်ကိုတောင် သုံးစရာမလိုလိုက်ဘူး!"
"မင်း မပျင်းဘူးလား။ သူက အတော်လေးနက်ပြီး တိတ်ဆိတ်တဲ့သူဆိုတော့လေ။"
"လုံးဝပဲ။ ခင်ဗျားသိလား၊ Noboribetsu ကိုသွားတဲ့လမ်းမှာ သူက ကျွန်တော့်ကို Shiroi Koibito စက်ရုံကိုတောင် ခေါ်သွားပေးခဲ့တယ်!"
အော်ဒရေ အံ့အားသင့်သွား၏။ ထို့နောက် ခေါင်းလေးစောင်းငဲ့ကာ ရယ်မောခဲ့သည်။ "ချောကလက်စက်ရုံပဲ၊ ဟုတ်တယ်မလား... အဲ့ဒီနေရာက အဖေတစ်ယောက်က သားကိုခေါ်သွားပေးတဲ့နေရာ၊ ဒါမှမဟုတ် စုံတွဲတွေ အတူတူသွားကြတဲ့နေရာလို့ မခံစားရဘူးလား။"
ဟန်တာ နှစ်စက္ကန့်လောက် ရပ်တန့်သွားပြီးနောက် ထရယ်တော့လေ၏။ "အတိအကျပဲ! အဲ့အချိန်တုန်းက ကျွန်တော်လည်း ဒီလိုပဲတွေးခဲ့မိတာ! ဟားဟားဟား!"
သို့သော် ထိုအခိုက်အတန့်တွင် ဝင်စတန်က သူ့ရှေ့တိုးလာပြီး ခေါင်းလေးစောင်းကာ ပျော့ပျောင်းနူးညံ့ချိုသာသော ရေခဲ့မုန့်ကို ဖိကပ်စားလာရင်း ၎င်းတို့၏လျှာများ ထိမိသွားပုံက ဟန့်တာ့စိတ်ထဲ ပြန်လည်ဝင်ရောက်လာပြီး ဟန်တာ၏နှလုံးသားအား အထိန်းအကွပ်မဲ့စွာ ခုန်ပေါက်သွားစေခဲ့သည်။
"ဟုတ်ပါပြီ။ ငါ မေးခွန်းတွေအားလုံး မေးခဲ့ပြီးပြီဆိုတော့ အခု ဝင်စတန့်ရဲ့အဖြေကို ဖော်ထုတ်ရမဲ့အလှည့်ပဲ။" အော်ဒရေက သူ(မ)မှတ်စုစာအုပ်ကို ဖွင့်လိုက်၏။
ဟန်တာ စိတ်လှုပ်ရှားစွာဖြင့် သူ၏ရင်ဘတ်ကို လက်ဖြင့်ဖိထားသည်။ "အာ... ကျွန်တော် ရုတ်တရက်ကြီး စိုးရိမ်လာသလိုပဲ!"
"ဟားဟားဟား မင်းသာစိုးရိမ်နေရင် ဗန်ဝင်စတန့်ကို ဘယ်သူက စကားပြောရဲဦးမှာလဲ။" အော်ဒရေက ရယ်မောလိုက်၏။ "မင်းအပေါ် သူ့ရဲ့ထင်မြင်ချက်နဲ့ပတ်သက်ပြီး ဝင်စတန့်ရဲ့အဖြေက အရမ်းရိုးရှင်းတယ်။"
"ဘယ်လိုလဲတဲ့။ ကျေးဇူးပြုပြီး ကျွန်တော့်ကို စိတ်လှုပ်ရှားအောင်မလုပ်ပါနဲ့တော့ဗျာ။"
"သူက ဒီလိုပြောခဲ့တယ် 'ဒီကမ္ဘာပေါ်မှာ အီဗန်ဟန်တာတစ်ယောက်ပဲရှိတယ်'" အော်ဒရေက ရယ်မောရင်းပြောလာ၏။
"နောက်ဆက်တွဲစကားက ဘယ်လိုမှ ကောင်းတဲ့အရာမဖြစ်နိုင်ဘူး။" ဟန်တာ သူ၏ပါးစပ်ကို တွန့်ချိုးလိုက်မိ၏။
"ဟားဟား! 'ကျွန်တော် သူ့ပေါ်မှာ မျက်စိဒေါက်ထောက်ကြည့်နေရတယ်။ မဟုတ်ရင် စိတ်ထားရိုးရှင်းတဲ့အီဗန်ဟန်တာက သေချာပေါက် အရူးလုပ်ခံရနိုင်တယ်။' တဲ့။"
ဟန်တာ သူ၏မျက်လုံးများကို ဖုံးအုပ်ကာ သက်ပြင်းချလိုက်သည်။ "ဒီလိုပြောမယ်ဆိုတာ ကျွန်တော်သိနေတယ်။"
"ဟုတ်ပါပြီ၊ ဒါက ဒီနေ့အင်တာဗျူးရဲ့ အဆုံးသတ်ပဲ။"
"ကျွန်တော့်ပုံတွေကို ကြည့်လို့ရမလား။" ဟန်တာက ဓါတ်ပုံဆရာကို ကြည့်လိုက်၏။
အော်ဒရေက ဟန်တာ၏နဖူးကို တောက်လိုက်သည်။ "အဆုံးသတ်ထိ မျှော်လင့်ချက်ထားတာက ပိုကောင်းတယ်။ စိတ်မပူပါနဲ့၊ မင်းအတွက် အကောင်းဆုံးရိုက်ချက်တွေကိုပဲ ရွေးပေးမှာပါ။"
"ဒါဆိုလည်း ကောင်းပါပြီဗျာ။"
ဟန်တာ သူ၏ရေခွက်ကိုလှမ်းကာ ရေသောက်လိုက်၏။ မတ်တတ်ထရပ်ကာ သူ့ဆီလျှောက်လာသော အော်ဒရေက ရုတ်တရက် ယိုင်သွားပြီး တစ်ဖက်သို့လဲကျသွား၏။ ဟန်တာက အလျင်အမြန်ဖမ်းလိုက်ရာ သူ၏ရင်ခွင်ထဲကျရောက်လာခဲ့သည်။
"မစ္စဝီလ်ဆန် အဆင်ပြေရဲ့လား။"
"ကျေးဇူးတင်ပါတယ်၊ မင်း တုံ့ပြန်လိုက်တာက အရမ်းမြန်တာပဲ။" အော်ဒရေက ခပ်မတ်မတ်ပြန်ရပ်ကာ ဟန်တာ့ကို ကျေးဇူးတင်လိုက်သည်။
"ကျေးဇူးတင်ဖို့မလိုပါဘူး။"
"ဒါပေမဲ့... လူတွေက မင်းကို ငယ်သေးတယ်လို့ထင်နေကြပေမဲ့ မင်းမှာလည်း ရင့်ကျက်ပြီး ယောက်ျားဆန်တဲ့ပုံစံရှိတာပဲ။"
"ကျွန်တော် အဲ့လိုချီးကျူးခံရတာကို တကယ်သဘောကျတယ်။" ဟန်တာက ပြုံးပြလိုက်သည်။
"ဒီတစ်ခေါက်ပြိုင်ပွဲမှာ ကံကောင်းပါစေ။"
"ကျေးဇူးတင်ပါတယ်။"
သူသာ ထိပ်တန်းငါးနေရာထဲဝင်တာနဲ့ ဗန်ဝင်စတန်က သူ့အတွက် အဖော်အချွတ်ကပြရတော့မယ်! ဟားဟားဟား!
ဟန်တာ ထိုအကြောင်းကိုတွေးကြည့်လေ သူ၏ဆုံးဖြတ်ချက် ခိုင်မာလာလေပင်။
အင်တာဗျူးအဆုံးသတ်ပြီးနောက် ဟန်တာ ဓာတ်လှေကားထဲဝင်ကာ ဝင်စတန့်ဆီ စာပို့လိုက်သည်။ [ခင်ဗျား အရမ်းလွန်တာပဲ! ကျွန်တော့်ကို အလွယ်တကူအရူးလုပ်ခံရနိုင်တယ်လို့ ပြောခဲ့တာကတော့ မဟုတ်သေးပါဘူး!]
ဝင်စတန်၏ပြန်စာက အလျင်အမြန်ရောက်ရှိလာ၏။ [အင်တာဗျူးပြီးသွားပြီလား။ ကိုယ်နဲ့ ညစာလာစားချင်လား။]
ဟန်တာ သူ၏နှာခေါင်းလေးကို ကုတ်ခြစ်လိုက်ပြီး အာဟာရဗေဒပညာရှင်ကို ယနေ့ အသင်းနှင့်မစားတော့ပါဟု အကြောင်းကြားလိုက်၏။
"အသင်းနဲ့မစားဘူး? လေ့ကျင့်ရေးပွဲက ဘယ်လောက်မှမလိုတော့ဘူး၊ မင်း ကြုံရာအစားအသောက်တွေကို စားလို့မရဘူးကွ!"
"ဝင်စတန်က ညစာစားဖို့ ဖိတ်လို့ပါ။ ကျွန်တော်ထင်တာတော့ သူ ကျွန်တော့်ကိုတော့ ဝမ်းလျှောစေမဲ့အစားအသောက်တွေ မစားခိုင်းလောက်ပါဘူး၊ ဟုတ်တယ်မလား။"
"ဝင်စတန်? ဘာတွေဖြစ်နေတာလဲ။ ဟုတ်ပြီ၊ ဟုတ်ပြီ၊ သွားပြီး စကားများများပြောခဲ့! ပြီးတော့ ဖယ်ရာရီအသင်းရဲ့ အာဟာရဗေဒနည်းလမ်းတွေကိုလည်း တီးခေါက်ခဲ့ဦး!" အာဟာရဗေဒပညာရှင်၏ စိတ်သဘောထားက ၁၈၀ ဒီဂရီထိ ပြောင်းလဲသွားခဲ့သည်။
ဟန်တာက သဘောတူညီစွာဖြင့် ရယ်လိုက်သည်။
ဝင်စတန်က သူနေသည့်ဟိုတယ်က စားသောက်ဆိုင်မှာ စားပွဲတစ်နေရာမှာထား၏။ Grand Prix အတောအတွင်း စားသောက်ဆိုင်က လူကျနေပြီး ဤဟိုတယ်၌တည်းသူများက ထုံးစံအတိုင်း အထက်တန်းစားများပင်။
ဟန်တာ စားသောက်ဆိုင်သို့ ရှစ်နာရီထိုးခါနီးမှာ ရောက်သွား၏။ ဝင်စတန်က ပြတင်းပေါက်နားက ထောင့်ကျသည့်နေရာမှာထိုင်နေပြီး မေးထောက်ကာ အပြင်ဘက်မြင်ကွင်းကို ငေးကြည့်နေသည်။ ဝန်ထမ်း၏လမ်းပြမှုဖြင့် ဟန်တာ သူ့ဆီကိုလျှောက်သွားလိုက်သည်။
ဝင်စတန်၏ ဘေးတစောင်းပုံရိပ်က ဟန်တာ့အား လရောင်ကိုတွေးမိသွားစေ၏။ ထိုနှစ်ခုက လုံးဝသက်ဆိုင်မှုမရှိသော အရာများဖြစ်သော်လည်း ယခုအခိုက်အတန့်မှာ သူက မြင့်မြတ်ကာ သိမ်မွေ့နေသောကြောင့် ဟန်တာ့အား အစစ်အမှန်မဟုတ်ဟု ခံစားရစေခဲ့သည်။
"ဟေး!" ဟန်တာ အတောက်ပဆုံး ပြုံးပြလိုက်သည်။
ဝင်စတန်က မေးပင့်ပြလိုက်၏။ "ထိုင်လေ။ ကိုယ် မင်းအတွက် ခံတွင်းရှင်းဖို့ရယ်၊ အဓိကဟင်းလျာရယ်ကို မှာပေးထားတယ်။ မင်း ပြိုင်ပွဲမတိုင်ခင် ကယ်လိုရီများများစားရမယ်၊ အသားစိမ်းတွေနဲ့ အေးတဲ့အစားအသောက်တွေကိုရှောင်၊ ဓာတ်မတည့်မှုတွေဖြစ်လာနိုင်တဲ့ ကာဗွန်ပါတဲ့ သောက်စရာတွေကိုလည်း ရှောင်ရမယ်။"
ဟန်တာ ခေါင်းယမ်းလိုက်၏။ "ဘဝရဲ့ ပျော်ရွှင်စရာတွေအများကြီး ပျောက်ကွယ်သွားပြီပေါ့။"
"တကယ်?" ဝင်စတန်က လက်မြှောက်ကာ အချိန်ကိုတစ်ချက်ကြည့်လိုက်ပြီး မင်းမျိုးမင်းနွယ်ဆန်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ "မင်း အော်ဒရေနဲ့အင်တာဗျူးတာ အနည်းဆုံး နှစ်နာရီကြာလောက်တယ်။"
"ဟားဟား၊ ဟုတ်တယ်။ သူ(မ)မှာ F1 နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အမြင်တွေ အများကြီးရှိတာပဲ။ သူ(မ)နဲ့စကားပြောခဲ့ရတာ ကျွန်တော် အများကြီးသင်ယူခဲ့ရသလိုပဲ။ ခင်ဗျားရော? သူ(မ)က ခင်ဗျားကို အများကြီးသဘောကျတာဆိုတော့ ခင်ဗျားနဲ့ အချိန်အကြာကြီး စကားပြောခဲ့မှာပေါ့၊ ဟုတ်တယ်မလား။" ဟန်တာက သူ့အား ဇဝေဇဝါဖြစ်စရာအကြည့်မျိုးဖြင့် တမင်ကြည့်လိုက်သည်။
"နာရီဝက်။"
"ဟမ်?"
"ကိုယ် သူ(မ)ကို အင်တာဗျူးဖို့ နာရီဝက်အချိန်ပေးခဲ့တယ်။"
"အဲ့လောက်တောင်တိုတာလား။" ဟန်တာ၏မျက်လုံးများ ပြူးကျယ်သွား၏။
တကယ့်ကို ထိပ်တန်းပြိုင်ကားမောင်းသမားပဲ! သူက နာမည်ကြီးသတင်းထောက်ကိုတောက် လေးလေးနက်နက်မထားဘူးဟ!
"မဟုတ်ရင် မင်းနဲ့ မင်းရဲ့နတ်ဘုရားမတို့ စကားပြောဖို့အတွက် ဘယ်လိုလုပ်ပြီးအချိန်လောက်တော့မှာလဲ။" ဝင်စတန်၏အပြုံးက ခပ်ရေးရေးလေးမျှသာ။ သို့သော် ဟန်တာ ထိုအပြုံးကိုသဘောကျကြောင်း သူ့ကိုယ်သူသိလိုက်ရသည်။
"ဟီးဟီး၊ နောက်ဆုံးတော့ ကျွန်တော့်ရဲ့ ဘဝအိပ်မက်နှစ်ခုထဲက တစ်ခုကို ဖြည်းဆည်းလိုက်နိုင်ပြီ။"
"အိပ်မက်နှစ်ခု? တစ်ခုက အော်ဒရေဝီလ်ဆန်လို နာမည်ကြီးတစ်ယောက်နဲ့ အင်တာဗျူးတာ။ နောက်တစ်ခုက?"
"ခန့်မှန်းကြည့်။"
"မင်းရဲ့ခေါင်းထဲမှာ ဒါပဲရှိတယ်။" ဝင်စတန်က ပြုံးလိုက်၏။
"ဘန်နီပါတီလေ!"
"အိပ်မက်ဆက်မက်နေလိုက်။" ဝင်စတန်က ခေါင်းငုံ့ကာ ရေတစ်ငုံသောက်လိုက်သည်။
"ဘာကြီး?" ဟန်တာ ရှင်းရှင်းလင်းလင်းမကြားခဲ့ရပေ။
"မင်း ကလေးအရွယ်ကတည်းက လူရှုပ်မဂ္ဂဇင်းတွေကို စုဆောင်းခဲ့တာမဟုတ်ဘူးလား။"
"အိုး... ခင်ဗျား ဘယ်လိုသိတာလဲ။ ကျွန်တော်ပြောပြခဲ့တာလား။" ဟန်တာ ခေါင်းတကုတ်ကုတ်ဖြင့် စဥ်းစားလိုက်၏။
"အဲ့ဒါတွေက မင်းရဲ့မွေ့ရာအောက်မှာ ရှိနေတုန်းပဲ။"
"ကျွန်တော် ခင်ဗျားကို ဘယ်အချိန်ကပြောလိုက်တာလဲ။"
"မင်း ဘန်နီပါတီမှာ ဘာလုပ်မှာလဲ။ ကွန်ဒုံးအမျိုးမျိုး သုံးကြည့်မလို့လား။"
အကြောင်းတချို့ကြောင့် ဝင်စတန်၏လေသံက အေးစက်သွားသည်ဟု ဟန်တာ ခံစားနေရ၏။
"မဟုတ်ပါဘူး... ကျွန်တော်... ကျွန်တော်က ကျွန်တော်သဘောကျတဲ့ တစ်စုံတစ်ယောက်နဲ့ အတူတူရှိချင်လို့..." ဟန်တာ၏အသံက တိမ်ဝင်သွားခဲ့သည်။
"အော်ဒရေဝီလ်ဆန်လို တစ်စုံတစ်ယောက်လား။"
"..." ဟန်တာ ပါးစပ်အဟောင်းသားဖြစ်သွား၏။
အရင်က သူ၏စံပြချစ်သူကို အော်ဒရေဝီလ်ဆန့်လို အမျိုးသမီးတစ်ယောက်ဖြစ်ရမည်ဟု အလွယ်တကူပြောနိုင်ခဲ့သော်လည်း ယခု ဝင်စတန်၏မျက်လုံးထဲကို စိုက်ကြည့်ရင်း ထိုကဲ့သို့မပြောနိုင်တော့ကြောင်း သူ သတိပြုမိသွား၏။
"ဘာဖြစ်လို့လဲ။" ဝင်စတန်က မေးလာ၏။
"ကျွန်တော် ဘယ်လိုလူမျိုးကို ချစ်မိသွားမလဲဆိုတာ မသေချာဘူး။ တစ်ခါတစ်လေကျ... ကိုယ်ချစ်မိသွားတဲ့သူက ကိုယ် အမြဲတမ်းမျှော်လင့်နေခဲ့ရတဲ့သူမျိုး ဖြစ်ချင်မှဖြစ်လိမ့်မယ်။ ကျွန်တော့်အမေလိုပေါ့၊ သူ(မ)က ကျွန်တော့်အဖေလိုလူမျိုးကိုလက်ထပ်ဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့တာ။ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုနဲ့ ဘဝကိုပျော်ရွှင်ဖို့လည်း သိတဲ့သူမျိုးလေ။ ဒါပေမဲ့ အဆုံးသတ်ကျတော့ သူ(မ)က သာမန်ကျောင်းဆရာတစ်ယောက်ကိုပဲ ရွေးချယ်သွားခဲ့တာ။"
ထိုအချိန်တွင် စားပွဲထိုးက ခံတွင်းရှင်းဖို့အစားအသောက်များ ယူလာခဲ့၏။ ၎င်းမှာ ကညွတ်ခရင်မ်စွပ်ပြုတ်ဖြစ်သည်။ သဲကန္တာရများ ဝန်းရံနေသောနိုင်ငံ၌ ယခုလိုအစားအသောက်က ရှားပါးပြီး စျေးကြီးလွန်းပေသည်။
"စားလေ။"
"ဝင်စတန်..."
"ဘာဖြစ်လို့လဲ။"
"တကယ်လို့... ကျွန်တော်ပြောချင်တာက၊ တကယ်လို့လေ... တစ်ချိန်ချိန်မှာ ခင်ဗျား လက်ထပ်သွားခဲ့ရင် ကျွန်တော်တို့ ခရီးအတူတူသွားလို့ရဦးမှာလား။"
သူသာ လက်တွဲဖော်ရှိသွားခဲ့လျှင် သူ့ဇနီး၊ သူ့ကလေးများနှင့် ခရီးသွားဖို့ကိုသာ တွေးနေပေလိမ့်မည်။ သို့သော် အကြောင်းပြချက်တချို့ကြောင့် ဟန်တာ ရုတ်တရက်စိုးထိတ်လာမိ၏။
ဝင်စတန်က သူ့အတွက် အစစအရာရာ မစီစဥ်ပေးတော့မှာကို စိုးရိမ်မိပြီး အနာဂတ်မှာ အရေးကြီးကိစ္စများ မရှိလျှင်တောင် ၎င်းတို့နှစ်ယောက် ထမင်းတစ်နပ်အတူစားရဖို့ အချိန်မရှိတော့မှာကို စိုးရိမ်မိသလို ၎င်းတို့ မတူညီသောဦးတည်ရာများဆီ လျှောက်လှမ်းသွားကြရမည်ကိုလည်း သူ စိုးရိမ်နေမိသည်။
ဝင်စတန်က ဟန်တာ့ကို စိုက်ကြည့်လာသည်။ သူ၏အကြည့်က ယိမ်းယိုင်ခြင်းမရှိဘဲ ခိုင်မာလွန်းသည့်အတွက် ဟန်တာ ရှင်းပြလို့မရစွာဖြင့် အပြစ်ရှိသလို ခံစားလာရ၏။
"တစ်နေ့နေ့မှာ ကိုယ် လက်ထပ်သွားရင်၊ ကိုယ်က မင်းနဲ့လွဲပြီး တခြားဘယ်သူနဲ့ ခရီးသွားရဦးမှာလဲ။"
ဟန်တာ ပြုံးလိုက်၏။
"ခင်ဗျား အော်ဒရေဝီလ်ဆန်ကိုပြောခဲ့တဲ့ 'ဒီကမ္ဘာပေါ်မှာ ဟန်တာတစ်ယောက်ပဲရှိတယ်' ဆိုတဲ့စကားကို ဒီအဓိပ္ပာယ်လို့ ယူဆလိုက်လို့ရလား။"
"ကိုယ်ဆိုလိုချင်တာ အဲ့အဓိပ္ပာယ်ပဲ။"
ဝင်စတန်က ကြက်ဥပေါင်းကို ဟန်တာ့ဘက် လှမ်းပေးလာ၏။ ဟန်တာ ကြက်ဥပေါင်းကိုကြည့်ရင်း ရုတ်တရက် နွေးထွေးသွားရသည်။ အာဟာရဗေဒပညာရှင်တောင် သူ ကြက်ဥပေါင်းကြိုက်မှန်း မသိသော်လည်း ဝင်စတန်ကတော့ သိနေခဲ့သည်။
"ဒီကမ္ဘာပေါ်မှာ ဗန်ဝင်စတန်တစ်ယောက်ပဲရှိတယ်။" ဟန်တာ ကြက်ဥပေါင်းကို တစ်ဇွန်းကော်ကာ ပါးစပ်ထဲထည့်လိုက်၏။
ထိုစဥ် ခက်ရင်းနှင့် ဓားကိုင်ထားသော ဝင်စတန်၏လက်တို့က ခဏလောက်ရပ်တန့်သွားပုံပင်။
***
Aurora Novel Translation Team