ဘေးအခန်းမှာစောင့်နေတယ် (၁)
"နောက်တစ်ခါ မင်းဘက်က ကွာရှင်းချင်ပေမဲ့ မင်းရဲ့ပါတနာက သဘောမတူဘူးဆိုရင် ငါ ဒီဗီဒီယိုကို ငှားပေးလိုက်မယ်!"
"သွားသေလိုက်! အိုဝင်လောရန့်စ်!"
ဟန်တာ ရန်ဖြစ်ရင်း ထွက်ခွာသွားကြသော ကျောပြင်နှစ်ခုကိုကြည့်ကာ စိတ်တည်ငြိမ်အောင် မပြုလုပ်နိုင်ခဲ့ပေ။
"ဟန်တာ၊ သွားကြမယ်လေ။" ဝင်စတန်၏အသံက သူ့အနောက်မှ ထွက်ပေါ်လာပြီး သူ၏လည်ပင်းနားကနေ သူ၏နားရွက်နား တိုးကပ်ကာပြောနေသည်ဟု ဟန်တာစိတ်ကူးမိလောက်သည်အထိ နီးကပ်နေ၏။
ဟုတ်သားပဲ... စောစောက ဝင်စတန် သူ့အတွက် အဖော်အချွတ်ကပြမယ်လို့ ပြောခဲ့တာ။ သို့သော် ယခုအချိန်မှာတော့ အကြောင်းတချို့ကြောင့် ဟန်တာ နောက်လှည့်ကာ သူ့ကိုမကြည့်ရဲခဲ့ပေ။ ထိုအချိန်၌ သူ၏ဖုန်းက မြည်လာခဲ့၏။ စခရင်ထက်၌ မားကပ်စ်၏နာမည်ကိုပြသနေပြီး ပထမဆုံးအကြိမ်အနေနင့် မားကပ်စ်၏ဖုန်းခေါ်ဆိုမှုက အချိန်ကိုက်ဖြစ်သည်ဟု ဟန်တာ ခံစားလိုက်ရသည်။
"ဟန်တာ! မင်း ဘယ်ရောက်သွားတာလဲ။ စပွန်ဆာဘယ်လောက်များများက မင်းကိုတွေ့ချင်နေကြလဲဆိုတာ မင်းသိရဲ့လား။ မင်းက ငါတို့အသင်းရဲ့ ace ကွ၊ အခု ငါတို့ရဲ့ ace ကို ဘယ်မှာမှရှာလို့မတွေ့ဘူး!"
"ကျွန်တော်... ကျွန်တော် လေကောင်းလေသန့်ထွက်ရှူတာပါ။ အခုချက်ချင်းပြန်လာခဲ့မယ်!"
ဟန်တာ သက်ပြင်းချကာ ဝင်စတန့်ဘက်သို့လှည့်၍ ပြုံးပြလိုက်၏။ "မားကပ်စ် ဒေါပွနေပြီ! ကျွန်တော်ပြန်သွားရတော့မယ်! နောက်မှစကားပြောကြတာပေါ့!"
သူ အလျင်အမြန်ထွက်ခွာသွားဖို့ ပြင်လိုက်သော်လည်း ဝင်စတန်က ခြေတံရှည်များနှင့်လိုက်လာပြီး သူ၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။
"ဝင်စတန်?" ဟန်တာ အနောက်ကို ပြန်လှည့်ကြည့်လိုက်၏။
"ဆိုင်ရယ် ကိုယ်နဲ့ပတ်သက်ပြီး အဲ့လိုခံစားနေရတာက တကယ်မဟုတ်ဘူး။"
"ကျွန်တော်... ကျွန်တော်သိပါတယ်! အိုဝင်နဲ့ဆိုင်ရယ်တို့ရဲ့ အမူအရာတွေက အဲ့လောက်တောင်သိသာနေတာကို..."
"မင်း စပွန်ဆာတွေနဲ့ သွားမတွေ့ချင်ရင် ကိုယ်တို့ထွက်သွားပြီး မင်းသဘောကျတာတစ်ခုခုကို သွားလုပ်လို့ရတယ်။" ဝင်စတန်၏မျက်လုံးများက တည်ငြိမ်နေသော်လည်း စူးစမ်းလိုသော အရိပ်အမြွက်တချို့ပါနေ၏။
"ခင်ဗျားပြောနေတာက မသိရင် ခင်ဗျားက ကျွန်တော်နဲ့ထွက်ပြေးချင်နေတဲ့ပုံနဲ့..." ဟန်တာက ဝေ့လည်ကြောင်ပတ်လုပ်ကာ ရယ်မောလိုက်၏။ သူ ဘာကိုရှောင်ချင်နေမှန်း သေချာမသိတော့ပေ။
"အဲ့လိုမရဘူးလား။" ဝင်စတန်က ပြန်မေးလာသည်။ သူ၏လေသံက ဟန်တာ၏အတွေးများကို သံသရာလည်နေစေပြီး သူ စမှတ်ကိုပြန်သွားဖို့ရာ ပြန်လမ်းကိုရှာမတွေ့နိုင်ခဲ့ပေ။
"ဒီနေ့တော့ မရဘူး။" ဟန်တာက သူ၏နာရီကို စစ်ဆေးလိုက်၏။ "ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ တစ်နာရီလောက်ပဲ သည်းခံဖို့လိုတော့တာပါ။ အဲ့ချိန်ဆို ပွဲလည်းပြီးလောက်ပါပြီ။"
ဝင်စတန်က ဟန်တာ့ကို ဆက်လက်ကြည့်နေခဲ့သော်လည်း သူ့လက်ကိုတော့ လွှတ်ပေးခဲ့၏။ ဝင်စတန် ခြေတစ်လှမ်းဆုတ်လိုက်သည်ကို ဟန်တာ ကြည့်နေပြီးနောက် လှည့်ထွက်လာရင်း လက်ဝှေ့ယမ်းပြလိုက်သည်။ "ကျွန်တော်တို့ မနက်ဖြန်တွေ့လို့ရတာပဲ! ဟားဟားဟား!"
သူ တစ်ဖက်လှည့်လိုက်သည်နှင့် သူ၏နှလုံးသားက သူ့ရင်ဘတ်ထဲကနေ ခုန်ထွက်သွားတော့မလို ခံစားလိုက်ရပြီး သူ၏လက်ဖဝါးမှာလည်း ချွေးများစိုရွှဲနေခဲ့သည်။ သူ သူ၏လက်မောင်းပေါ်မှ ဝင်စတန်၏ဆုပ်ကိုင်မှုကို ခံစားမိနေဆဲပင်။ သူ ဝင်စတန့်ကို ငြင်းဆိုခဲ့၏။ ၎င်းတို့ တွေ့ဆုံချိန်မှစ၍ သူ့ကို ငြင်းဆိုခဲ့သည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင်။
ဟန်တာ ပါတီကိုပြန်သွားကာ သူ၏စိတ်က တခြားနေရာမှာရောက်နေရင်း စပွန်ဆာများနှင့် စက်ရုပ်ဆန်ဆန် လက်ဆွဲနှုတ်ဆက်ခဲ့ရသည်။ ဝင်စတန်ကမူ ပါတီပွဲပြီးဆုံးချိန်ထိ ပြန်ရောက်မလာခဲ့ပေ။
ဟိုတယ်ပြန်သည့်လမ်းမှာ မားကပ်စ်က ဒီတစ်ခေါက်ပြိုင်ပွဲ၌ ဟန်တာ၏ ထူးချွန်သောစွမ်းဆောင်ရည်နှင့် စပွန်ဆာငွေများကို တိုးမြှင့်နိုင်ခဲ့သည့်အတွက် နောက်တစ်ရက်တွင် အောင်ပွဲပါတီကျင်းပပေးဖို့ ဆုံးဖြတ်ခဲ့၏။
"ငါတို့တွေ အဖော်အချွတ်ရှိုးကိုလည်း ငှားမယ်ကွ!" မားကပ်စ်က ဟန်တာ၏ပခုံးကို ပုတ်လိုက်သည်။ "ဒီည ကောင်းကောင်းအနားယူလိုက်။ မနက်ဖြန်ကျရင် အရူးအမူးကဲကြမယ်!"
"အိုး..." ဟန်တာ ကားပြတင်းမှန်ကိုသာ ငေးကြည့်နေခဲ့ပြီး အိုဝင်၏စကားတို့ကသာ သူ့စိတ်ထဲမှာ တဝဲလည်လည်ဖြစ်နေ၏ - ဝင်စတန်က တစ်ယောက်၊ နှစ်ယောက်၊ သုံးလေးယောက်ကို ငြင်းလိုက်နိုင်ပေမဲ့ နောက်ဆုံးကျရင် သူလက်ခံလိုက်မဲ့သူ ပေါ်လာမှာပဲ။
ဟန်တာသည် သူ့ဘေးနားမှာ ဝင်စတန်အပါအဝင် မည်သူကမှ ထာဝရရှိနေမှာမဟုတ်ကြောင်း လက်ခံထားပေ၏။ သို့သော်လည်း သူ ဆန္ဒရှိနေသည်... ထိုလူ့ကို အမှန်တကယ်ရချင်မိနေသည်။ သူ၏အတွေးများကို သတိပြုမိသွားရာ ဟန်တာ အသက်ပြင်းပြင်းရှူလိုက်သည်။
သူက မင်းရဲ့သူငယ်ချင်းနော်! မင်းကို အမြဲတမ်းဂရုစိုက်ပေးတဲ့ သူ! ဟန်တာ၊ မင်း ရူးနေပြီလား။
သူ၏မျက်လုံးများ နာကျင်လာရ၏။
တစ်ချိန်ချိန်မှာ ဝင်စတန်က သူမဟုတ်သည့် အခြားသူတစ်ယောက်နှင့် ရေပူစမ်းအတူစိမ်၊ မနက်စာအတူစားကာ ခရီးအတူသွားလိမ့်မည်။ သူလည်း ၎င်းတို့နှင့်အတူ လိုက်ပါသွားခဲ့လျှင်တောင် တတိယဘီးဖြစ်နေပြီး အမြဲတမ်းကြောင်တောင်တောင်ဖြစ်နေပေမည်။
"ဟန်တာ? ငါတို့ရောက်ပြီလေ။ ဘာတွေတွေးနေတာလဲ။"
"ဘ-ဘာမှမတွေးပါဘူး..."
အခန်းထဲပြန်ရောက်သောအခါ ဟန်တာ ရေမြန်မြန်ချိုး၍ အိပ်ရာပေါ်ခုန်တက်လိုက်သော်လည်း အိပ်မပျော်နိုင်ခဲ့ချေ။ သူ လူးကာလှိမ့်ကာဖြင့် သူ့ကိုယ်သူ သတိလစ်သွားအောင်လုပ်နိုင်ဖို့တောင် ဆုတောင်းနေခဲ့မိ၏။ သူ မနက်သုံးနာရီအထိ အိပ်မပျော်ခဲ့ပေ။ ထို့နောက် ငိုက်မြည်းလာရင်း ဟန်တာ အိပ်မက်ထဲ၌ ဖယ်ရာရီကားကွင်းထဲမှာ ဝင်စတန်၏ဖယ်ရာရီကို အင်ဂျင်ကွဲသွားစေခဲ့သည့်ချိန်သို့ ပြန်ရောက်သွားခဲ့သည်။
"ခင်ဗျား ကျွန်တော့်အားနည်းချက်တွေကို သိရဲ့သားနဲ့... ကျွန်တော့်ကိုသင်ပေးဖို့ ခင်ဗျားရဲ့ဖယ်ရာရီကိုတောင် စတေးခဲ့တယ်။ ဘာလို့လဲ။"
ဟန်တာ ခရီးသည်ထိုင်ခုံမှာထိုင်နေသော ဝင်စတန့်ကိုကြည့်လိုက်သည်။ သူ၏အကြည့်က ညည့်နက်ထက်တောင် ပို၍နက်မှောင်နေပြီး ဦးတည်ချက်ပေါင်းစုံကို အတိုင်းအဆမရှိဖြန့်ကျက်ထားသော တွင်းနက်ကြီးတစ်ခုလို။ ဟန်တာ ထိုအကြည့်ဖြင့် ချုပ်နှောင်ခံရတော့မလို ခံစားလိုက်ရသည်။
"နံပါတ်တစ်၊ မင်းက အနာဂတ်မှာ ကိုယ့်နဲ့ယှဥ်ပြိုင်နိုင်တဲ့ တစ်ဦးတည်းသောပြိုင်ဘက်ဖြစ်လာလိမ့်မယ်။"
အခုထိတောင် ကျွန်တော် ခင်ဗျားကို မကျော်နိုင်သေးဘူး။
"နံပါတ်နှစ်၊ ကိုယ် မင်းနဲ့သူငယ်ချင်းဖြစ်ချင်တယ်။"
ဒါပေမဲ့... ကျွန်တော် ခင်ဗျားနဲ့ သူငယ်ချင်းပဲ မလုပ်ချင်ဘူး...
"နံပါတ်သုံး၊ ကိုယ် မင်းကိုလုပ်ချင်တယ်။ ဘယ်တစ်ခုက အမှန်ဖြစ်မယ်လို့ထင်လဲ။"
ခင်ဗျား ကျွန်တော့်ကိုစကားပြောတဲ့ပုံက တခြားသူတွေကိုပြောတဲ့ပုံစံထက် ပိုပြီးသိမ်မွေ့နေတာကို ကျွန်တော် ဘာလို့များ အစကတည်းက သတိမပြုမိခဲ့ရတာလဲ။
ပြောပြီးသားစကားတို့နှင့် ချမှတ်ပြီးသားဆုံးဖြတ်ချက်တို့ကို ပြန်ပြင်၍မရတော့ပေ။ ဤသည်ကသာ စိတ်ကူးယဥ်အတွေးတစ်ခုဆို ဟန်တာ စိတ်လျှော့ကာ ၎င်းက သူ့ကို မည်သည့်နေရာဆီခေါ်ဆောင်သွားမလဲဟု စူးစမ်းချင်မိ၏။
"ခင်ဗျား ကျွန်တော့်ကို လုပ်ချင်နေတာ။" ဟန်တာ သူ့နှုတ်ခမ်းထောင့်မှာ အပြုံးလေးတွဲလွဲခိုရင်း တုံ့ပြန်လိုက်သည်။
နောက်တစ်စက္ကန့်၌ သူ့ဘေးမှာထိုင်နေသော ဝင်စတန်က သူ၏ကော်လံကိုဆွဲယူကာ သူ၏နှုတ်ခမ်းအား သူ့ကိုယ်ပိုင်နှုတ်ခမ်းဖြင့် ပိတ်ဆို့လာခဲ့၏။ ဝင်စတန်၏လျှာက သူ့ပါးစပ်ထဲကို အငမ်းမရတိုးဝင်လာပြီး သူ၏လျှာနှင့် လိမ်ယှက်လာသည့်အတွက် ဟန်တာ စကားပြောလို့မရခဲ့ပေ။ သူ၏အသက်ရှူသံများလည်း မြန်ဆန်လာခဲ့သည်။
သို့သော် ဟန်တာမကြောက်မိပေ။ သူ လက်ဆန့်ထုတ်ကာ ဝင်စတန့်ကိုပွေ့ဖက်လိုက်ပြီး သူ၏သဘောတူညီမှုနှင့် အားပေးမှုတို့ကို အသံတိတ်ဖော်ပြလိုက်၏။ သူ၏လျှာက ဝင်စတန်၏လျှာနှင့်တွေ့ဆုံပြီး အချင်းချင်းပွတ်သပ်ကာ အနမ်းများကို တုံ့ပြန်ခဲ့သည်။
"ခုကစပြီး ခင်ဗျားကို ဘယ်သူပဲဖွင့်ပြောလာပါစေ၊ ခင်ဗျား လက်ခံလို့မရတော့ဘူး။" ဟန်တာက ထို့လူ့ကိုကြည့်ကာ အလေးနက်ဆုံးပြောလိုက်၏။
"ကောင်းပါပြီ။"ဝင်စတန်က ပျော့ပျောင်းစွာ တုံ့ပြန်ခဲ့သည်။
ဝင်စတန်က တစ်ခုခုကို သဘောတူလိုက်ပြီဆိုလျှင် သူက စကားတည်တတ်သူဖြစ်ကြောင်း ဟန်တာသိပေ၏။
ထိုစဥ် ဖုန်းသံထွက်ပေါ်လာရာ ဟန်တာ မျက်မှောင်ကြုတ်လိုက်ပြီး ချီတုံချတုံဖြင့် လှမ်းယူလိုက်သည်။ ယခု နေမွန်းတည့်နေပြီဖြစ်၏။ သူ၏အာဟာရဗေဒပညာရှင်က နေ့လယ်စာအချိန်မှန်စားရန် နှိုးဆော်လာခြင်းပင်။ သူ ထထိုင်လိုက်ပြီး သူ၏မျက်နှာက အကြောင်းတချို့ကြောင့် စိုစွတ်နေကြောင်း သတိပြုမိသွား၏။
"အိုး ချီးပဲ..."
သူ သွားရည်တွေကျခဲ့တာလား။
ထို့နောက် ဟန်တာ ဝင်စတန့်ဆီကမက်ဆေ့ချ်ကိုလည်း မြင်လိုက်ရ၏။ [ဒီနေ့ အားလား။]
ဟန်တာက စာပြန်လိုက်သည်။ [အင်း၊ ဒါပေမဲ့ မားကပ်စ်က အောင်ပွဲပါတီလုပ်မလို့တဲ့။]
ဝင်စတန်: [ပါတီပြီးမှ စကားပြောကြတာပေါ့။ ကိုယ်တို့ ပြိုင်ပွဲပြီးရင် ဒူဘိုင်းကိုသွားဖို့ စီစဥ်ထားတယ်မဟုတ်ဘူးလား။]
ပျော်ရွှင်မှုတို့ ခဏတာဖြတ်ပြေးသွားသော်လည်း စိတ်ပျက်မှုလှိုင်းလုံးလေးက အနောက်မှ လိုက်ပါလာခဲ့သည်။ ဟန်တာ စာပြန်လိုက်သည်။ [မနက်ဖြန်မှ ပြောကြရအောင်။]
မားကပ်စ်က အင်ဂျင်နီယာများ၊ နည်းပညာရှင်များ၊ မားကတ်တင်းအဖွဲ့၊ PR ဝန်ထမ်းများအပါအဝင် တစ်သင်းလုံးအတွက် အေးအေးဆေးဆေးအနားယူနိုင်ရန် အဆင့်မြင့်ဘားတစ်ခုမှာ သီးသန့်အခန်းကို စီစဥ်ခဲ့သည်။
ရှန်ချွမ်းနှင့် ရှန်ရှီးတို့မှာ ယခုလိုမြင်ကွင်းမျိုးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။ တိုင်လုံးများကို လှည့်ပတ်နေသော အကမယ်များက ၎င်းတို့၏အဝတ်များကို ဖြည်းဖြည်းချင်း ချွတ်လာကြသည်။ ဟန်တာ ရှန်ချွမ်း၏ပခုံးကို ပုတ်လိုက်ပြီး သူ၏ နီမြန်းနေသောမျက်နှာကိုကြည့်ကာ စနောက်လိုက်၏။ "ခင်ဗျား ဒီလိုမြင်ကွင်းမျိုးကို ပထမဆုံးအကြိမ်မြင်ဖူးတာပဲဖြစ်ရမယ်။ ဒေါက်တာရှန်! အပြည့်အဝသာ ပျော်လိုက်၊ ဒါပေမဲ့ နှာခေါင်းသွေးတော့မလျှံစေနဲ့!"
မက်ဂရက်ဒီက ဟန်တာ့အား မနှစ်မြို့သောအကြည့်ဖြင့် ပစ်ပေါက်လိုက်သည်။ "ပြောနေတဲ့ပုံက မင်းကကျ ဒီလိုမျိုးကို ကြိမ်ပေါင်းများစွာမြင်ဖူးတဲ့လေသံနဲ့။ အရမ်းကြီးထကြွမလာအောင် ဂရုစိုက်ဦး!"
ရယ်သံများ ထွက်ပေါ်လာခဲ့သည်။ ထိုစဥ် ရှန်ရှီးက စင်မြင့်ရှိရာဆီသို့သွားကာ အကမယ်များ ဖျော်ဖြေတာကိုကြည့်နေရင်း သူ(မ)၏မျက်လုံးများက အံ့အားသင့်မှုဖြင့် ပြူးကျယ်လာခဲ့လေ၏။ အကမယ်တစ်ယောက်က လှည့်ပတ်၍ကပြလာသည်။ ထို့နောက် သူ(မ)ကိုယ်သူ(မ) အောက်သို့နှိမ့်ချကာ လက်တစ်ဖက်ကို ကြမ်းပြင်ပေါ်ထောက်၍ နောက်တစ်ဖန် တိုင်လုံးကိုလှည့်ပြခဲ့သည်။ ရှန်ရှီးတစ်ယောက် 'ဝိုး!'
ခနဲအော်ကာဖြင့် ဒေါ်လာတစ်ရာတန်ကို ထိုအကမယ်၏ဝတ်စုံထဲ လှမ်းထည့်ပေးလိုက်လေတော့၏။
"OMG! ရှီးလေးက တကယ့်မျက်နှာများတဲ့သူပဲ! အရွယ်ရောက်တာ မြန်လွန်းတယ်!" ဟန်တာက အံ့သြတကြီးထအော်လိုက်သည်။
အကမယ်များက အဝတ်များပိုချွတ်လာကြသဖြင့် လေထုက ပို၍တက်ကြွလာခဲ့သည်။ ပြင်းထန်သော ပြိုင်ပွဲကြီးပြီးနောက် လူတိုင်းက အနားယူချင်ခဲ့ကြသည်။ ဟန်တာတစ်ယောက် လက်ထဲမှာ ပိုက်ဆံများကိုင်ထားရင်း စင်အနောက်မှာ အကမယ်များခြံရံလျက် ထိုင်နေ၏။ တချို့က သူ၏ပခုံးပေါ် လက်များတင်ထားကြသလို တချို့က သူ၏နောက်ကျောကိုမှီထားကြသည်။ မားကပ်စ်က သူ့ဖုန်းကိုထုတ်ကာ ဓာတ်ပုံရိုက်လိုက်ပြီး ဟန်တာ့ကိုပို့ပေးလာ၏။ ဟန်တာ ထိုပုံကို 'ငါ့ရဲ့သူဌေးက အမြဲတမ်း ဒီလိုမျိုးရက်ရောနေဖို့ မျှော်လင့်တယ်။' ဆိုသော စာသားနှင့်အတူ Twitter ပေါ်မှာ ပို့စ်တင်လိုက်၏။
မားကပ်စ်က ညည်းတွားလာခဲ့သည်။ "ကောင်စုတ်လေး၊ ဘယ်တုန်းကများ ငါ မင်းအပေါ်ကို ကပ်စေးနည်းခဲ့လို့လဲ။"
ဟန်တာက ရယ်ပြလိုက်သည်။ "ဟီးဟီး။"
ရေများအသောက်လွန်ကာ ဟန်တာ သန့်စင်ခန်းသွားခဲ့ရသည်။ သူ ကိစ္စရှင်းနေတုန်း ဝင်စတန့်ဆီမှ မက်ဆေ့ချ်တစ်စောင်ရရှိခဲ့၏။ [ကိုယ် ဘေးအခန်းမှာ မင်းကိုစောင့်နေတယ်။]
ဟန်တာ တံတွေးသီးလုနီးပါးဖြစ်ကာ ဝင်စတန်၏နံပါတ်အား ခေါ်ဆိုလိုက်၏။ ဖုန်းက တစ်ကြိမ်သာမြည်လိုက်ပြီး တစ်ဖက်မှ ဖြေဆိုလာခဲ့သည်။
"ခင်ဗျား ဘယ်ရောက်နေတာလို့ ပြောလိုက်တာ?"
"ကိုယ် မင်းတို့အသင်းက ငှားထားတဲ့အခန်းရဲ့ ဘေးကအခန်းမှာ။"
အပြင်ဘက်မှာ ဆူညံနေသော်လည်း ဝင်စတန်၏အသံက မယုံကြည်နိုင်လောက်အောင် ကြည်လင်နေသည်။
"ခင်ဗျား... ခင်ဗျားရဲ့အသင်းကလည်း ဒီမှာ ပါတီပွဲလုပ်နေတာလား။"
"ကိုယ်တစ်ယောက်တည်း။ မင်းကို သုံးမိနစ်အချိန်ပေးမယ်။ သုံးမိနစ်အတွင်းမလာနိုင်ရင် မင်း ဒါကိုကြည့်လို့ရမှာမဟုတ်တော့ဘူး။"
"ဘာကိုကြည့်ရမှာ?"
ခေါ်ဆိုမှုက တုံ့ပြန်မှုမရှိတော့ဘဲ အဆုံးသတ်သွား၏။
"ဟေး... ဟယ်လို? ဝင်စတန်?"
ဖြစ်ပျက်နေသည်တို့ကို သဘောပေါက်သွားသောအခါ ဟန်တာ သူ၏ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်ကာ တံခါးကနေ အမြန်ထွက်လာခဲ့သည်။ သီးသန့်ခန်းထဲမှာ လူများပြည့်နှက်နေပြီး တစ်စုံတစ်ယောက်က သူ့ကိုစကားပြောရန် တားဆီးလာ၏။ ဟန်တာ သူ၏နာရီကို စိုးရိမ်ပူပန်စွာဖြင့် တစ်ချက်ကြည့်လိုက်မိသည် - မိနစ်ဝက်ကုန်သွားပြီ။
"တစ်စိတ်လောက်၊ ကျွန်တော် ဖြတ်သွားပါရစေ၊ အရေးကြီးလို့ပါ!"
"ဟန်တာ၊ ဘယ်သွားမလို့လဲ။" နောက်ဆုံးမှာ လူအုပ်ကြီးထဲကနေ ထွက်လာနိုင်ခဲ့သောဟန်တာ့အား အနောက်မှမားကပ်စ်က ကော်လံကနေဆွဲလိုက်သည်။
"ကျွန်တော် ခဏလောက် အပြင်သွားမလို့၊ ချက်ချင်း ပြန်လာခဲ့မယ်!"
"မင်း ထပ်ပြီးခိုးထွက်သွားမလို့မလား။ ဒီနေ့ မင်းက အဓိကဇာတ်လိုက်နော်!"
"ကျွန်တော် ခိုးပြန်မသွားပါဘူး! ချက်ချင်းပြန်လာမှာ!" ဟန်တာ သူ၏ကော်လံကို အမြန်ပြန်ဆွဲကာ စိတ်လှုပ်ရှားနေသော ဦးနှောက်မရှိတော့သည့် သူ၏အသင်းဖော်များကို တွန်းတိုက်၍ ထွက်လာခဲ့သည်။
တစ်မိနစ်ကုန်သွားလေပြီ။ ဟန်တာ၏ကျောပြင်မှာလည်း ချွေးများစိုရွှဲနေ၏။ သူ တံခါးပေါက်ကနေထွက်ကာ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်သည်။ ဝင်စတန်က ဘေးအခန်းလို့ ပြောခဲ့ပေမဲ့ ဘယ်လား၊ ညာလား။ ဟန်တာ ဘယ်ဘက်ကအခန်းကိုသွားကာ တံခါးကိုတွန်းဖွင့်လိုက်သော်လည်း ပွင့်မလာခဲ့ချေ။
ဒီအခန်းမဟုတ်ဘူး!
ဟန်တာ ပြန်လည့်၍ ညာဘက်ကိုအမြန်ပြေးခဲ့စဥ် ဘီယာလှည်းတွန်းလာသော စားပွဲထိုးနှင့် မတော်တဆဝင်တိုက်မိသွားသည်။
"ဆောရီး! ဆောရီး!" ဟန်တာ အမြန်တောင်းပန်လိုက်သော်လည်း စားပွဲထိုးကိုကူညီရန် မရပ်တန့်ခဲ့ဘဲ ညာဘက်ကအခန်းဆီသို့သာ ပြေးသွားခဲ့သည်။
သူ တံခါးကိုတွန်းဖွင့်လိုက်၏။ သီးသန့်အခန်းက အလင်းရောင်များတောက်ပကာ တိတ်ဆိတ်နေပြီး အခြားသောကမ္ဘာတစ်ခုအလား။ စင်မြင့်၏ ထောင့်စွန်းမှာထိုင်နေသော ဝင်စတန့်ကိုမြင်လိုက်တော့မှ ဟန်တာ သက်ပြင်းချလိုက်မိ၏။ သူက ဂျင်းဘောင်းဘီနှင့် တီရှပ်အဖြူကို အပေါ်ကနေ ဂျက်ကတ်တစ်ထည်ထပ်ကာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။ သူ၏ခြေတံရှည်များက တွဲလောင်းချထားရာ ဟန်တာ့အား ၎င်းတို့ကို ဆွဲကားပစ်စေချင်ခဲ့သည်။
ဝင်စတန်၏နှုတ်ခမ်းထက်မှာ အပြုံးရေးရေးလေးရှိနေပြီး သူ၏မျက်နှာကို စောင်းငဲ့ထားရာ မျက်ခုံးနှင့် ပါးပြင်တို့မှာ အလင်းနှင့်အမှောင်ရိပ်တို့ အချိုးကျဖြစ်ပေါ်နေ၏။
"သုံးမိနစ်အတိအကျပဲ။" ပြုံးယောင်သန်းနေသော သူ၏မျက်လုံးများက ဟန်တာ့အတွက် မခုခံနိုင်ဆုံးသော ဆွဲဆောင်မှုပင်။
ဟန်တာ လျှောက်သွားလိုက်ပြီး ဝင်စတန့်ရှေ့မှာရပ်လိုက်၏။ "ခင်ဗျား ကျွန်တော့်အတွက် ဒီနေရာမှာ တကယ်ပဲ အဖော်အချွတ်ကပြတော့မှာလား။"
"အင်း။"
ဝင်စတန်က ဟန်တာ့နားတိုးကပ်လာရာ သူ့အား တံတွေးမျိုချကာ နောက်သို့ခြေတစ်လှမ်းဆုတ်သွားစေခဲ့သည်။
စိတ်အေးအေးထား ဟန်တာ။ စိတ်အေးအေးထား။ မင်း စိတ်လှုပ်ရှားနေရင် ရှုံးတာပဲ။
ဝင်စတန်က ထရပ်လိုက်ရာ ဟန်တာ၏မျက်လုံးများက သူ၏ခြေတံရှည်များကနေ သူ၏ခါး၊ ထိုမှတစ်ဆင့် သူ၏ရင်ဘတ်ဆီသို့ ခရီးဆန့်ခဲ့၏။ အရာအားလုံးက သူ့မျက်စိရှေ့တည့်တည့်မှာ ရှိနေကြသည်။
"မင်းက တစ်ဦးတည်းသော ကြည့်ရှုသူပဲ။ အရှေ့တန်းမှာထိုင်ချင်လား၊ ဒါမှမဟုတ် အနောက်မှာထိုင်မလား။"
"ဟား! သေချာပေါက် အရှေ့တန်းပေါ့!"
***
Aurora Novel Translation Team