no

Font
Theme

သတင်းစာနှင်းဆီ (၁)

"သူ့ကို ညစာစားဖို့ဖိတ်ပြီး ဂျပန်စတိုင်ကြမ်းပြင်ပေါ်မှာ ဘန်းခနဲဖိထားလိုက်မယ်။ အဲ့ဒါက စိတ်လှုပ်ရှားစရာမကောင်းဘူးလား။"

"ဟားဟား... တကယ်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။" ဟန်တာက သူ၏နှာခေါင်းကို ပွတ်သပ်လိုက်သည်။ "ခင်ဗျား ဖိထားချင်တဲ့သူက ခင်ဗျားရဲ့အနောက်မှာလေ။"

"ဘာ?" အော်ဒရေက နောက်လှည့်ကြည့်လိုက်ရာ ဝင်စတန်က ထိုနေရာမှာ ခရီးဆောင်အိတ်တစ်လုံးကိုင်လျက် ရပ်နေကြောင်း တွေ့လိုက်ရ၏။

"ဟေး! ဘာလို့ ငါ့ကို စောစောကမပြောတာလဲ!" အော်ဒရေက ဒေါသထွက်ချင်ယောင်ဆောင်ပြီး ဟန်တာ၏ပခုံးကို ခပ်ဖွဖွထိုးလာ၏။

"ဟားဟားဟား! ခင်ဗျားရဲ့မင်းသားလေးက ခင်ဗျားရဲ့ခံစားချက်အစစ်အမှန်ကို သိသွားအောင်ပါ!" ဟန်တာက ဂရုမစိုက်သောအပြုံးမျိုးကို ဖော်ပြလိုက်သည်။

စိတ်ထဲမှာတော့ သူ ဝင်စတန့်ကို အားကျနေမိ၏။

ထို့နောက်... သူ၏ရင်ဘတ်ထဲမှ နာကျင်မှုတစ်ခုက အကြောင်းအရင်းမရှိဘဲ ပေါ်ထွက်လာသည်။

"မစ္စဝီလ်ဆန်။" ဝင်စတန်က ပုံမှန်အတိုင်း ယဥ်ကျေးသောအမူအရာဖြင့် ခေါင်းညိတ်နှုတ်ဆက်ခဲ့သည်။

ဟန်တာက ဝင်စတန်၏ပခုံးကိုဖက်ကာ တီးတိုးပြောလာ၏။ "ခင်ဗျား သတ္တိရှိရင်၊ နှာဘူးထဖို့ ကြိုးစားကြည့်လိုက်!"

"သေချာလား။" ဝင်စတန်က အမူအရာကင်းမဲ့သောမျက်နှာနှင့် လေသံတိုးတိုးလေးမေးလာခဲ့သည်။

"နေနေ၊ မလုပ်ပါနဲ့တော့။" ဆိုးဝါးသောကံကြမ္မာက သူ့ပေါ်ကိုပဲ ပြုတ်ကျလာလိမ့်မည်ဖြစ်ကြောင်း ဟန်တာခံစားမိနေ၏။

"မင်းတို့နှစ်ယောက်... ခရီးအတူထွက်လာကြတာလား။"

"ဟုတ်တယ်၊ ကျွန်တော်တို့ ရေပူစမ်းစိမ်ဖို့ Noboribetsu ကို သွားခဲ့ကြတာလေ!"ဟန်တာက အပြုံးလေးဖြင့် ပြန်ပြောခဲ့သည်။

"မင်းရဲ့အသားအရေက ကြည့်ကောင်းနေတာ မထူးဆန်းတော့ပါဘူး။ ငါ ကောက်ချက်ချလိုက်ပြီ။"

"ဘာကို?"

"နောက်တစ်ခါ ဝင်စတန်နဲ့ ကြိုတင်ချိန်းဆိုမှုမရှိဘဲ အင်တာဗျူးချင်ရင် ဖယ်ရာရီအသင်းကိုမဟုတ်ဘဲ မင်းကိုမေးရမယ်။"

"ဟားဟားဟား! အမှန်ပဲ။ နောက်တစ်ခါ ခင်ဗျား ကျွန်တော့်ကိုအင်တာဗျူးရင် ကောင်းတာလေးတွေ ထည့်ရေးပေးရမယ်နော်! မဟုတ်ရင်တော့ ခင်ဗျားကို အတွင်းသတင်းပေးမှာမဟုတ်ဘူး!" ဟန်တာက မျက်စိမှိတ်ပြခဲ့၏။

၎င်းတို့သည် လေယာဥ်ပေါ်တက်ရန် တန်းစီခဲ့ကြသည်။ လေယာဥ်ပေါ်တက်ပြီးနောက် အော်ဒရေ၏နေရာက ၎င်းတို့နှင့် တစ်တန်းတည်းဖြစ်ပြီး အလယ်မှာ လျှောက်လမ်းသာခြားနေကြောင်း တွေ့လိုက်ရသည်။

ဟန်တာက လူကြီးလူကောင်းတစ်ယောက်လို အော်ဒရေ၏ခရီးဆောင်အိတ်ကို ကူတင်ပေးလိုက်၏။

"ဝင်စတန်နဲ့ခရီးသွားရတာ ဘယ်လိုခံစားရလဲ။ ငါတို့သတင်းထောက်တွေ အမျှော်လင့်ဆုံးနဲ့ အကြောက်ဆုံးက သူ့ကိုအင်တာဗျူးဖို့ပဲ။"

"ဘာလို့လဲ။" ဟန်တာက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဘာလို့ဆို ခမ်းနားတဲ့လုပ်ဆောင်မှုတွေပြီးရင် သူက သတင်းထောက်တွေအားလုံးကို ဆွံ့အသွားအောင်လုပ်လွန်းလို့။"

"ဟားဟားဟား!" ဟန်တာက ရယ်လိုက်ပြီး သူ့အနောက်မှဝင်စတန့်ကို တစ်ချက်ကြည့်လိုက်သည်။

ထိုလူက ဤနေရာထိရောက်လာသည့်တိုင် သတင်းစာဖတ်နေဆဲဖြစ်ပြီး သူ၏မျက်နှာက အသံတိတ်ရုပ်ထုလို အမူအရာမဲ့လျက်။ ဤလူသားနှင့် ရေပူစမ်းတည်းခိုဆောင်မှာ ပြီတိတိအပြုံးမျိုးဖြင့် ပရောပရည်လုပ်တတ်သောလူသားအား မည်သို့မှ ဆက်စပ်လို့မရနိုင်ပေ။

"သူ စကားလေးနည်းနည်းလောက်ပိုပြောဖို့ကို ငါတို့မှာ ဆုတောင်းနေရတာ။"

အော်ဒရေက ဝင်စတန့်ကို ခိုးကြည့်လိုက်သည်။

အော်ဒရေ၏ခံစားချက်များကို ဝင်စတန် အာရုံခံစားမိသော်လည်း သူသည် လိုအပ်သောအချိန် နှုတ်ဆက်သည်မှလွဲ၍ သူ(မ)ကို စကားပြောချင်သည့်လက္ခဏာတို့ကို မပြသခဲ့ပေ။

ဟန်တာက အော်ဒရေ့နားတိုးကာ တီးတိုးပြောလိုက်သည်။ "သူသာ ခင်ဗျားနဲ့ တကယ်စကားပြောခဲ့ရင် ခင်ဗျားကို စနောက်နေပြီး ရှက်သွားစေဖို့ပဲ နည်းလမ်းရှာနေလိမ့်မယ်။ မပြောတာပဲ ပိုကောင်းပါတယ်။"

"စနောက်ပြီး ရှက်သွားစေတာ?" အော်ဒရေက ဝင်စတန့်ကို တစ်ချက်ကြည့်လိုက်သည်။ "ငါတော့အဲ့လိုမထင်ပါဘူး။"

ဟန်တာက ပခုံးတွန့်ပြခဲ့၏။

ထိုအခိုက်အတန့်တွင် လေယာဥ်မယ်တစ်ယောက်က လျှောက်လမ်းထက် သောက်စရာတွန်းလှည်းကို တွန်းလာခဲ့သည်။

ဟန်တာ ရုတ်တရက် သူ၏ကုပ်ပိုးမှာ အထိအတွေ့တစ်ခုကို ခံစားလိုက်ရပြီး တွန်းလှည်းဖြတ်သွားတော့မည့်အချိန်မှာ အဆွဲခံလိုက်ရသည်။

"အိုး၊ ဟုတ်သားပဲ။ ငါ အစတုန်းက မင်းနဲ့အင်တာဗျူးဖို့ မင်းရဲ့အသင်းကို ဆက်သွယ်ခဲ့ပေမဲ့ မစ္စတာမားကပ်စ်က မင်း ခရီးသွားနေတယ်လို့ပြောခဲ့တယ်။ မင်းက ဝင်စတန်နဲ့ရှိနေတာကိုး။ ငါတို့ တိုကျိုကိုပြန်ရောက်ရင် မင်းကိုအင်တာဗျူးလို့ရမလား။"

ဟန်တာ ဖြေတော့မည့်အချိန်မှာ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့်ဝင်စတန်က ကြားဖြတ်ပြောလာ၏။ "ကျွန်တော်တို့က တိုကျိုကိုရောက်ရင် Abu Dhabi ကို တိုက်ရိုက်ဆက်သွားကြမှာ။"

"ဟုတ်တယ်ဗျ၊ နှမြောစရာပဲ။" ဟန်တာ ခေါင်းတကုတ်ကုတ်ဖြင့် ပြန်ဖြေလိုက်၏။

အကြောင်းတချို့ကြောင့် ၎င်းတို့ အော်ဒရေနှင့်တွေ့ပြီးကတည်းက ဝင်စတန်တစ်ယောက် ထူးထူးဆန်းဆန်းပြုမူနေကြောင်း ဟန်တာ ခံစားမိနေသည်။

ယခုဝင်စတန်က အခြားသူများသိထားသော ဝင်စတန်ဖြစ်သော်လည်း...

"ဒါဆို Abu Dhabi ကိုရောက်ရင် မင်းကို ပထမဆုံးအင်တာဗျူးမဲ့သူက ငါဖြစ်လို့ရမလား။" အော်ဒရေ၏မျက်လုံးများက ရိုးသားနေ၏။

"အိုး၊ ဒါပေါ့ဗျာ။ အသင်းမှာ ဘာအစီအစဥ်မှမရှိရင် အဲ့လိုပဲ ဖြစ်စေရပါမယ်။"

"ဒါဆို သဘောတူလိုက်ပြီနော်။"

"ဟုတ်ကဲ့ပါ။"

လေယာဥ်ပေါ်မှ ခရီးသည်တော်တော်များများ အိပ်နေကြသောကြောင့် ဟန်တာ အော်ဒရေနှင့်စကားဆက်ပြောရန် အဆင်မပြေတော့သလို ခံစားမိလိုက်သည်။ ထို့ကြောင့် သူလည်း မျက်လုံးများမှိတ်ကာ စိတ်ကိုဖြေလျော့လိုက်၏။

သူ့စိတ်ကူးသက်သက်လားတော့မသိပေ၊ ဝင်စတန်က သူ၏သတင်းစာကို ထိုတစ်မျက်နှာတည်းပဲစိုက်ကြည့်နေပြီး အခြားတစ်ရွက်မလှန်ကြောင်း သူ ခံစားမိပေ၏။

ထိုစဥ် ဘေးတစ်ဖက်မှအော်ဒရေက လေယာဥ်မယ်ဆီကနေ ရေသန့်ဘူးတစ်ဘူးယူကာ ၎င်းအား ဖွင့်ရန်ရုန်းကန်နေခဲ့သည်။

"အ့၊ ဒီရေဘူးက အရမ်းကျပ်နေတာပဲ။"

"ကျွန်တော် ဖွင့်ပေးမယ်။" ဟန်တာက ရေဘူးကိုယူလိုက်ပြီး လှည့်ဖွင့်ပေးလိုက်သည်။

ထိုအခါမှ သူ့ဘေးမှဝင်စတန်သည် သတင်းစာကို နောက်တစ်ရွက်လှန်လိုက်ပြီး တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်၏။

ဟန်တာ ခေါင်းလေးစောင်းငဲ့ကာ ဝင်စတန်ဖတ်နေသောအရာကို စပ်စုခဲ့သည်။

"ဖျော်ဖြေရေးသတင်း? ခင်ဗျားက ဒီလိုသတင်းတွေ ဖတ်တယ်ပေါ့?"

မည်သည့်အဆိုတော်က ဖျော်ဖြေရေးပွဲကျင်းပသည်၊ မည်သည့်နာမည်ကြီးက ကွာရှင်းလိုက်သည်၊ မည်သည့်ရုပ်ရှင်ကတော့ဖြင့် အော်စကာဆုကို သိမ်းပိုက်နိုင်တော့မည်... ထိုအရာများက ဝင်စတန်စိတ်ဝင်စားတတ်သော တစ်စုံတစ်ခုနှင့်မတူပေ။

ဝင်စတန့်ဆီမှ တုံ့ပြန်မှုမရခဲ့ချေ။ ထိုအစား သူက သတင်းစာကိုခေါက်ကာ သူ့ရှေ့မှာရှိသော ထိုင်ခုံနေရာထဲ ထိုးထည့်လိုက်၏။

ဟန်တာတစ်ယောက် ခေါင်းကုတ်ရင်း ပဟေဠိဖြစ်နေခဲ့သည်။ ဝင်စတန် စိတ်အခြေအနေမကောင်းဘူးလား။

ဝင်စတန်က လက်ပိုက်ပြီး မျက်လုံးများမှိတ်လိုက်၏။

ဟန်တာ ထူးထူးဆန်းဆန်းခံစားနေရပြီး သတင်းစာကို ပြန်ထုတ်ကာ အကြောင်းအရာများကို သေချာစစ်ဆေးကြည့်ခဲ့သည်။

ပထမစာမျက်နှာက US စီးပွားရေး ဦးမော့လာကြောင်းဖြစ်ပြီး ဒုတိယစာမျက်နှာတွင် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများကို အသေးစိတ်ရှင်းပြထား၏။ တတိယစာမျက်နှာက ဟန်တာနားမလည်နိုင်သော စီးပွားရေးသတင်းများကို ဖော်ပြထားပြီး စတုတ္ထစာမျက်နှာမှာ... စိတ်ဝင်စားစရာမကောင်းသော အနုပညာရှင်များနှင့်ပတ်သက်သည့် ဖျော်ဖြေရေးသတင်းများသာ။

ဒါဆို ဝင်စတန်က ဒါကိုဖတ်လိုက်တာကြောင့် စိတ်အခြေအနေမကောင်းဖြစ်သွားတာလား။

ထိုအခိုက်အတန့်တွင် ဟန်တာ့မှာ စိတ်ကူးယဥ်ဆန်သောအတွေးတစ်ခု ပေါ်လာခဲ့၏: အော်ဒရေရောက်လာကတည်းက ဟန်တာ သူ(မ)နဲ့ပဲစကားပြောနေပြီး သူ့ကို လျစ်လျူရှုထားတာကြောင့်များလား။

သူ တွေးလေတွေးလေ၊ ဖြစ်နိုင်သည်ဟု ထင်ရလေပင်။

ဝင်စတန်ကသာ အခြားသူများကို ဥပေက္ခပြုနိုင်ပြီး အခြားမည်သူကမှ ဝင်စတန့်ကို လျစ်လျူမရှုနိုင်ကြောင်း ဟန်တာယုံကြည်သဖြင့် ထိုစိတ်ကူးယဥ်အတွေးက သူ့အား စိတ်ကျေနပ်မှုတို့ကို ပေးစွမ်းနေခဲ့သည်။

ဟန်တာ သူ့ရှေ့က စားပွဲလေးကိုဆွဲချလိုက်ပြီး သတင်းစာကိုဖြဲကာ စက္ကူခေါက်လိုက်၏။ တစ်ဖက်မှာထိုင်နေသော အော်ဒရေကတောင် သူဘာလုပ်နေသလဲဟူ၍ သိချင်နေခဲ့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ဟန်တာ ဝင်စတန့်အား သူ၏လက်ချောင်းလေးဖြင့် တို့လိုက်သည်။

"ရပ်တော့။" ဝင်စတန်က ပြတင်းပေါက်ဘက်သို့ မျက်နှာလွှဲထား၏။

ဟန်တာက သူ့ကို ထပ်ပြီးတို့လိုက်ပြန်သည်။

ဝင်စတန်က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာပြီးနောက် ဟန်တာတစ်ယောက် သတင်းစာဖြင့်ခေါက်ထားသော နှင်းဆီပန်းလေးကိုကိုင်ထားကြောင်း တွေ့လိုက်ရသည်။

"ခင်ဗျားအတွက်၊ ကျွန်တော့်ကို လျစ်လျူမရှုပါနဲ့တော့။"

အခိုက်အတန့်တစ်ခုလောက်ထိ ဝင်စတန် မှင်တက်နေပြီး ထို့နောက် မျက်နှာလွှဲသွားခဲ့သည်။

ဟန်တာက သူ့နောက်ကို လိုက်ကြည့်ကာ ဝင်စတန်၏အမူအရာကို စစ်ဆေးရန်ကြိုးစားလိုက်၏။

"ခင်ဗျား ပြုံးနေတာမလား။"

ဝင်စတန်က ပြန်မဖြေပေ။

သို့သော် ၎င်းတို့ကိုကြည့်နေသော အော်ဒရေမှာမူ အံ့သြဘနန်းဖြစ်နေခဲ့သည်။ ဝင်စတန်နှင့် အလွန်ပေါ့ပါးစွာ ဆက်ဆံနိုင်သူမျိုးကို သူ(မ) အရင်က တစ်ယောက်မှမမြင်ခဲ့ဖူးပေ။

ဝင်စတန်က ဟန်တာ၏ဦးခေါင်းကို အဝေးသို့တွန်းလိုက်သည်။

"ရပ်တော့။"

၎င်းမှာ တူညီသောစကားလုံးများဖြစ်သော်လည်း သူ၏လေသံထဲမှ ဖျော့တော့သောအပြုံးကို အော်ဒရေတောင် ကြားလိုက်ရပေ၏။

"ဒါဆို ကျွန်တော့်ကို စကားပြောလေ။" ဟန်တာ နှင်းဆီပန်းလေးကို ဝင်စတန့်ရှေ့က ပစ္စည်းထားရာနေရာမှာ ထည့်ပေးလိုက်သည်။

"မင်းက ဘာအကြောင်းပြောချင်တာလဲ။" နောက်ဆုံးတော့ ဝင်စတန်က ဟန်တာ့ကိုကြည့်လာ၏။ သူ၏မျက်နှာက အမူအရာမဲ့နေသော်လည်း သူ၏စိတ်အခြေအနေမှာ တိုးတက်လာပြီဖြစ်ကြောင်း ဟန်တာ သေချာသိနေသည်။

"...လေယာဥ်ပေါ်ကအစားအသောက်တွေက ဆိုးဝါးလွန်းတယ်။" ဟန်တာက ပြောလိုက်သည်။

"မင်း တိုင်ကြားစာနဲ့ အကြံပြုချက်ရေးလို့ရတယ်။" ဝင်စတန်က မျက်လုံများမှိတ်ကာ ဆက်လက်အနားယူနေခဲ့၏။

"ကျွန်တော် လေထီးကိုဆွဲထုတ်ပြီး တစ်ချက်လောက် ကြည့်ကြည့်လို့ရမယ်လို့ ခင်ဗျားထင်လား။"

"မင်း လေယာဥ်ပေါ်ကနေ ကန်ချခံရချင်လို့လား။"

"မဟုတ်ပါဘူး။ ကျွန်တော် အရင်က လေထီးခုန်တာ တစ်ခါမှမလုပ်ဖူးလို့။"

"Abu Dhabi Grand Prix ပြီးရင် ဒူဘိုင်းမှာလေထီးသွားခုန်ချည်။" ဝင်စတန်၏အသံက အတက်အကျမရှိပေ။

"ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်မသိဘူးလေ။ လေထီးကို နောက်ကျမှဖွင့်မိလို့ ကျွန်တော် ပြုတ်ကျပြီးသေသွားရင်ရော? ဒါမှမဟုတ် လေထဲမှာပဲ သတိလစ်သွားရင်ရော?" ဟန်တာ၏ဦးခေါင်းက သူ့အရှေ့ကထိုင်ခုံကို မှီထားပြီး သူ့ဘေးမှလူ သူ့ကိုစကားပြန်ပြောဖို့အရေး ရောက်တတ်ရာရာပြောနေကဲ့သို့ပင်။

"ကိုယ် မင်းကိုသင်ပေးမယ်။"

"ခင်ဗျားက ဘာဖြစ်လို့ အရာအားလုံးကို လုပ်နိုင်နေတာလဲ။"

"ဒါပေမဲ့ မင်းကို ပါးစပ်ပိတ်ပြီးအိပ်သွားအောင်တော့ ကိုယ်မလုပ်နိုင်ဘူး။"

"..."

ကောင်းပြီလေ၊ ဒါဆိုလည်း အိပ်တာပေါ့။

ဟန်တာ သူ၏ခုံကို မှီလိုက်ပြီး သူ့အား ပြုံးပြနေသော အော်ဒရေကို တစ်ချက်ကြည့်လိုက်သည်။

ဝင်စတန်၏ ရေခဲတမျှနှလုံးသားက သူ့ကို ကုသပေးနေသလိုမျိုး ဟန်တာခံစားလိုက်ရသည်။ သူ မျက်လုံးများမှိတ်ကာ မကြာခင်ပဲ အိပ်ပျော်သွားလေ၏။

သူ၏ဦးခေါင်းက အော်ဒရေရှိရာဘက်သို့ စောင်းနေခဲ့သည်။

ထိုစဥ် လေယာဥ်က အနည်းငယ်လှုပ်သွားသောအခါ သူ၏ဦးခေါင်းမှာ အောက်ထိပြုတ်ကျသွားခဲ့လေတော့သည်။

ထိုအခါ တစ်ချိန်လုံး မျက်လုံးမှိတ်ကာအိပ်နေခဲ့သော ဝင်စတန်က လက်ဆန့်ကာ ဟန်တာ၏ဦးခေါင်းကို သူ၏ပခုံးပေါ်မှာ နေရာချပေးလိုက်၏။

ဟန်တာ ရင်းနှီးနေသောကိုယ်သင်းနံ့ကို ရှူရှိုက်မိလိုက်ပြီး မသိစိတ်အရ ဝင်စတန်ဘက်သို့ပိုတိုးကာ ပွတ်သီးပွတ်သပ်လုပ်နေမိခဲ့သည်။

ဝင်စတန်၏လက်ချောင်းများက သူ၏ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးနေရာ ဟန်တာ လှုပ်ရှားမှုတို့ရပ်တန့်သွားပြီး အေးအေးချမ်းချမ်း ဆက်လက်အိပ်ပျော်သွားခဲ့၏။ ဝင်စတန်ကလည်း ပြတင်းဘက်သို့ခေါင်းလှည့်ကာ ပြန်အိပ်လိုက်သည်။

၎င်းတို့ကိုကြည့်နေသော အော်ဒရေတစ်ယောက် အံ့သြမှင်တက်နေခဲ့သည်။

ဝင်စတန်က ဟန်တာ့အပေါ် ထူးထူးခြားခြားဆက်ဆံတတ်ကြောင်း သူ(မ)သိထား၏။ ပြိုင်ကားမောင်းသမားများကြား ဝင်စတန့်အား ပြိုင်ပွဲနှင့်မပတ်သက်သည့်အရာများကို ဖွင့်ဟစေနိုင်သူမှာ ဟန်တာတစ်ယောက်တည်းသာ။ သို့သော် ဝင်စတန်၏ လက်ရှိအပြုအမူများက အော်ဒရေစိတ်ကူးထားတာထက် လုံးဝကျော်လွန်နေပေ၏။

ဆင်းသက်သည့်ကြော်ငြာချက် မကြားရခင်အထိ ဟန်တာ တစ်ချိန်လုံးအိပ်နေခဲ့သည်။

လေယာဥ်ဆိုက်သောအခါ ခရီးသည်များက တစ်ယောက်ချင်း ဆင်းခဲ့ကြသည်။

ဟန်တာ အော်ဒရေ၏ခရီးဆောင်အိတ်ကို ကူထုတ်ပေးလိုက်ရာ သူ(မ)က ပြုံးပြလာ၏။ "ဟန်တာ၊ မင်းက လူကြီးလူကောင်းဆန်တာပဲ။"

"ဟားဟား၊ ကျွန်တော်သာ ခင်ဗျားအပေါ်ကို လူကြီးလူကောင်းမဆန်ရင် မားကပ်စ်က ကျွန်တော့်ကို သတ်လိမ့်မယ်။"

"မင်း Abu Dhabi ကိုရောက်ရင် ငါ့ကိုဖုန်းဆက်လိုက်နော်။"

"ဒါပေါ့ဗျာ။"

ဟန်တာ အော်ဒရေ့နောက်ကနေ လိုက်ထွက်ရန်ပြင်လိုက်ချိန် သူ၏အင်္ကျီနောက်ကနေ အဆွဲခံလိုက်ရသည်။

သူ လှည့်ကြည့်လိုက်ရာ ဝင်စတန်က လက်တစ်ဖက်မှာ ခရီးဆောင်အိတ်ကိုင်ထားပြီး နောက်တစ်ဖက်မှာ သတင်းစာနှင်းဆီပန်းလေးကိုင်ထားကြောင်း တွေ့လိုက်ရ၏။

"ဘာလဲ။"

"ဒါကို သေချာကိုင်ခဲ့။" ဝင်စတန်က နှင်းဆီပန်းကို ဟန်တာ့လက်ထဲ ထည့်ပေးလာ၏။

"အာ..."

"ဒါကို Abu Dhabi ရောက်တဲ့အထိ သေချာကိုင်ခဲ့။ မင်း ပျောက်သွားမယ်ဆိုရင် ကိုယ် မင်းကို ဘယ်တော့မှစကားထပ်မပြောတော့ဘူး။"

"ခင်ဗျား တကယ်ကြီးပြောနေတာလား။"

"ဘယ်လိုထင်လဲ။"

"..."

ဝင်စတန့်ကို ချော့မြှူရတာမလွယ်ကူကြောင်း ဟန်တာ သတိပြုမိခဲ့လေသည်။

၎င်းတို့ လေယာဥ်ပြောင်းစီးရန် လမ်းလျှောက်သွားစဥ် ဟန်တာ အမှိုက်ပုံးတစ်ခုကို တွေ့လိုက်ရ၏။ သူ ထိုနှင်းဆီပန်းကို လွှင့်ပစ်ရန်ကြံလိုက်စဥ် ဝင်စတန်က ဦးခေါင်းအနောက်မှာ မျက်လုံးပါသလိုမျိုး သူ့အား အေးစက်စွာလှည့်ကြည့်လာခဲ့သည်။ "မင်း ဘာလုပ်နေတာလဲ။"

"...ကျွန်တော်... ကျွန်တော် လက်လေ့ကျင့်ခန်းလုပ်နေတာ... ဟားဟားဟား!"

ဟန်တာက ပခုံးနှစ်ဖက်ကိုလှည့်ကာ ခြောက်ကပ်စွာရယ်လိုက်သည်။

"မင်း အဲ့ဒီနှင်းဆီပန်းကို လွှင့်ပစ်လိုက်ရင် ကိုယ် သတင်းစာတစ်ထောင်လောက်ဝယ်ပြီး လေယာဥ်ပေါ်မှာ မင်းကိုခေါက်ခိုင်းထားမှာ။"

"မဖြစ်နိုင်တာ!" ဟန်တာက မစဥ်းစားဘဲ ပြန်ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး? ကိုယ်က ဒီလေကြောင်းလမ်းရဲ့ VIP ဆိုတာ မင်းမသိဘူးလား။"

ဆိုလိုသည်မှာ ဟန်တာ့အတွက် သတင်းစာတစ်ထောင်ပြင်ဆင်ပေးရန် တောင်းဆိုဖို့မှာ လွယ်ကူသည်ဟူ၍။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment