မတောင့်တစေရဘူး (၂)
ဝင်စတန် စာရင်းပေးထားသောအခန်းမှာ ဂျပန်စတိုင် နှစ်ယောက်အိပ်အခန်းဖြစ်သည်။
အခန်းထဲတွင်ခင်းကျင်းထားသော မွေ့ရာမှာ တစ်ချက်ကြည့်လိုက်ရုံနှင့် ဆွဲဆောင်မှုရှိနေ၏။
"မွေ့ရာပေါ်မှာ ဘာလို့ နှင်းဆီပန်းတစ်ပွင့်ရှိနေရတာလဲ။" ဟန်တာက ခေါင်းလေးစောင်းငဲ့ကာ မေးလာခဲ့သည်။
"ကိုယ် အခန်းငှားတော့ လူနှစ်ယောက်နေမှာလို့ ပြောလိုက်လို့ဖြစ်မယ်။ ကိုယ်တို့ကို စုံတွဲတွေ ဒါမှမဟုတ် ချစ်သူတွေလို့ အထင်လွဲသွားတဲ့ပုံပဲ။"
ဝင်စတန်က နှင်းဆီပန်းကို ကောက်ယူလိုက်၏။ "မင်း နှင်းဆီပန်း မကြိုက်ဘူးလား။"
"... ကျွန်တော်က ယောက်ျားလေးလေ။ ကျွန်တော် ဘာပန်းမှမကြိုက်ဘူး!"
"ဒါဆို လွှင့်ပစ်လိုက်တာပေါ့။ နှင်းဆီပန်းတစ်ပွင့်ရှိနေတာက ထူးဆန်းတယ်။"
ဝင်စတန်က ပြတင်းပေါက်ဘက်ကို လျှောက်သွားရန်ပြင်လိုက်ချိန် ဟန်တာက သူ့ကို အမြန်ဆွဲလိုက်၏။
"ထားလိုက်ပါတော့! ဒီမှာရှိပြီးသားဆိုမှတော့ သူများလက်ဆောင်ပေးထားတာကို လွှင့်ပစ်လိုက်ရင် အားနာစရာကောင်းတယ်။"
ဟန်တာက နှင်းဆီပန်းကိုယူကာ ခေါင်းအုံပေါ် ပြန်တင်ထားလိုက်၏။
တစ်ချို့အရာများက မွေးရာပါနုနယ်ကာ လှပနေသည့်အတွက် ၎င်းတို့အား ကာကွယ်ပေးနိုင်လောက်သည်။
"ဟန်တာ၊ မင်းက တကယ်ကို သိမ်မွေ့ပြီး နှလုံးသားနူးညံ့တယ်။" ဝင်စတန်က ပြောလာ၏။
"ခင်ဗျားကရော? ကျွန်တော့်ကြောင့်သာမဟုတ်ရင် ခင်ဗျား လွှင့်ပစ်လိုက်မှာလား။"
"တစ်စုံတစ်ခုက ကိုယ်နဲ့မလိုက်ဖက်ရင် ဒါမှမဟုတ် ကိုယ်မလိုချင်တဲ့အရာဆိုရင် စိတ်ရှုပ်ခံနေမှာမဟုတ်ဘူး။"
ဟန်တာ ခေါင်းငုံ့ကာ ဝင်စတန်၏ ဆုံးဖြတ်ချက်ပြတ်သားပြီး ကြမ်းကြုတ်သောဘက်အခြမ်းအား မသဲမကွဲအာရုံခံစားမိလိုက်၏။
"ကျွန်တော် ရေသွားချိုးတော့မယ်!"
"သွားလေ။" ဝင်စတန်က ဖုန်းထုတ်ကာ အင်တာနက်သုံးနေလိုက်သည်။
ဟန်တာ ရေပူအောက်မှာ အလျင်အမြန်သန့်စင်ကာ ဝတ်ရုံအသစ်လဲ၍ အခန်းထဲပြန်ဝင်လာခဲ့သည်။
သူက ဆံပင်သုတ်ရင်း ဝင်စတန့်ဆီလျှောက်သွားလိုက်ရာ ထိုလူက ရေနံနှင့်ပတ်သက်သောသတင်းများနှင့် ငွေကြေးဆိုင်ရာစာချုပ်များကို စစ်ဆေးနေကြောင်း တွေ့လိုက်ရ၏။
"ဝိုး၊ ကျွန်တော် အဲ့ဒါတွေကို ဘာတစ်ခုမှမသိဘူး။"
ဝင်စတန်က ဟန်တာ၏ပခုံးပေါ်ကို လက်တင်လိုက်သည်။ "မင်းရဲ့ပိုင်ဆိုင်မှုတွေတိုးပွားလာအောင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သိထားဖို့လိုအပ်တယ်။ မဟုတ်ရင် မင်း ထိပ်တန်းပြိုင်ကားမောင်းသမားဖြစ်လာပြီး နှစ်စဥ်ဝင်ငွေ သန်းချီရနေရင်တောင် မြန်မြန်ကုန်သွားလိမ့်မယ်။"
"ခင်ဗျားရဲ့ငွေတွေအားလုံးကို စတော့မှာ ရင်းနှီးမြှုပ်နှံထားတာလား။" ဟန်တာက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"အင်း။"
ဟန်တာက လက်ရှိမှာနေထိုင်သည့်လူမျိုးဖြစ်သော်လည်း ဝင်စတန်ကတော့ ရေရှည်ကြည့်တတ်သော လူစားမျိုးပင်။
"ဒါဆို ခင်ဗျား ဖော်မြူလာဝမ်းကနေ ထွက်သွားတဲ့တစ်ရက်ရက်ကျရင် စီးပွားရေးနယ်ပယ်ထဲဝင်ဖို့ စီစဥ်ထားတာလား။" ဟန်တာက စပ်စုလိုက်သည်။
"မသေချာသေးဘူး။ ဒါပေမဲ့ ကိုယ် ဘာပဲလုပ်လုပ် အားလပ်ချိန်အများကြီးရှိဖို့လိုတယ်။"
"ဘဝကို ပျော်မွေ့ဖို့လား။" ဟန်တာက ခေါင်းလေးစောင်းငဲ့ကာ မေးလိုက်သည်။
ဝင်စတန်က ပြုံးပြလာ၏။ "ဘဝကို ပျော်မွေ့ဖို့တင်မဟုတ်ဘဲ အစိုးမရတဲ့နှလုံးသားတစ်ခုကိုလည်း စောင့်ကြည့်ဖို့။"
"အစိုးမရတဲ့နှလုံးသား? ခင်ဗျားရဲ့နှလုံးသားက တစ်ခုခုဖြစ်နေတာလား။"
ဝင်စတန်၏အပြုံးက တောက်ပလာ၏။ သူက ဟန်တာ၏မေးခွန်းကိုမဖြေဘဲ ထိုအစား ရေချိုးရန်သွားခဲ့လေသည်။
ဟန်တာက သူ့နောက်ကိုလိုက်သွား၏။ "အဲ့လိုဆိုရင်လေ၊ ကျွန်တော့်ရဲ့လစာတွေကို ခင်ဗျားကိုပေးမယ်၊ ခင်ဗျား ကျွန်တော့်အတွက် စီမံပေးလို့မရဘူးလား။"
"ကိုယ် မင်းရဲ့ပိုက်ဆံတွေနဲ့ ထွက်ပြေးသွားမှာမကြောက်ဘူးလား။"
"ဟင့်အင်း၊ ခင်ဗျားက အဲ့လိုလုပ်မှာမဟုတ်ဘူး။"
"ကိုယ် စီးပွားရေးလုပ်တာ မအောင်မြင်ဘဲ ဒေဝါလီခံလိုက်ရရင်ရော?" ဝင်စတန်၏အသံက တံခါး၏တစ်ဖက်ခြမ်းမှ ထွက်ပေါ်လာခဲ့သည်။
"ခင်ဗျား... ခင်ဗျား ကျွန်တော့်အဖေလို အရက်သမားဖြစ်မလာဘဲ ရူးရူးမိုက်မိုက်အရာတွေ မလုပ်သရွေ့... ကျွန်တော်တို့တွေ ပြန်စလို့ရတာပဲ။ အကြွေးတွေပြန်ဆပ်ဖို့ ကျွန်တော်တို့ အတူတူပိုက်ဆံရှာလို့ရတယ်လေ!"
"အရူးလေး။"
ဟန်တာ ရေပန်းဖွင့်သံ ကြားလိုက်ရသည်။ ဝင်စတန်၏ 'အရူးလေး'ဆိုသောစကားက သူ၏နှလုံးသားအား ထိုးစွလိုက်သလိုပင်။
သူ ဝင်စတန်၏ 'အရူးလေး' ဆိုသောစကားက ဘာကိုဆိုလိုမှန်း မတွေးဘဲမနေနိုင်ခဲ့ပေ။
ဟန်တာက ငွေကြေးစီမံမှုကို နားမလည်သည့်အတွက် အရူးတစ်ယောက်ဟုဆိုလိုသည်လော သို့မဟုတ် ငွေရေးကြေးရေးကိစ္စများကို အခြားတစ်ယောက်ဆီသို့ အလွယ်တကူ ယုံကြည်အပ်နှံနေသည့်အတွက် ရူးနေသည်ဟု ဆိုလိုသည်လော။
မိနစ်အနည်းငယ်ကြာပြီးနောက် ဝင်စတန်ထွက်လာခဲ့သည်။ ဟန်တာက တံခါးနားမှာရပ်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသောကြောင့် ဝင်စတန်က မေးလာသည်။ "ဘာလုပ်နေတာလဲ။"
"ခင်ဗျား ကျွန်တော့်ကို ဘာလို့အရူးလို့ခေါ်လိုက်တာလဲ။" ဟန်တာက မေးလိုက်၏။
ဝင်စတန်က မျက်နှာလွှဲသွားပြီး သူ၏ပခုံးများက အနည်းငယ်တုန်ခါနေပေသည်။ သူ ယခုလိုရယ်နေသည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။
"ဘာကရယ်စရာကောင်းနေလို့လဲ။ ကျွန်တော့်ကို အရူးလို့ခေါ်လိုက်တာကို ကျွန်တော်က စိတ်မဆိုးဘူးလို့ထင်နေတာလား။"
ဝင်စတန်က ငုံ့ကိုင်း၍ နှင်းဆီပန်းကိုကောက်ယူလိုက်ပြီး ဟန်တာ၏မျက်နှာကို ညင်သာစွာထိတွေ့လိုက်သည်။ "မင်းရဲ့ပိုက်ဆံတွေကို ပေးစရာမလိုပါဘူး။ အဲ့ဒါနဲ့ မင်းကြိုက်တာလုပ်လို့ရတယ်။ မင်း ကလေးဘဝတုန်းကနေခဲ့တဲ့အိမ်ကို ပြန်ဝယ်လိုက်။ အရေးကြီးဆုံးက ကားအသစ်တစ်စီးဝယ်ဖို့ပဲ။ မင်းရဲ့ဂျစ်ကားဟောင်းကြီးက မတော်တဆဖြစ်ဖို့လွယ်တယ်။"
(Reminder: အရင်ဘဝက အဲ့ဂျစ်ကားဟောင်းကြီးနဲ့ မတော်တဆဖြစ်ခဲ့လို့ပါ။)
"အဲ့ဒါက ကျွန်တော့်မိသားစုခရီးထွက်ရင် စီးနေကျကားဗျ။ အဲ့ဒါကို မစွန့်လွှတ်လိုက်ချင်ဘူး။"
"အဲ့အိမ်ရဲ့ကားဂိုဒေါင်က ကြီးတယ်မဟုတ်လား။ ကိုယ်မှတ်မိတာတော့ သုံးစီးလောက်ဆန့်မယ်ထင်တယ်။ တစ်နေရာကို မင်းရဲ့ ဂျစ်ကားအဟောင်းအတွက်ထားပြီး လွတ်နေတဲ့နေရာတွေအတွက် ကားအသစ်တွေဝယ်လိုက်လေ။"
"ပြီးတော့ ခင်ဗျားအတွက် တစ်နေရာထားပေးထားမယ်။" ဟန်တာက အပြုံးလေးဖြင့် ပြောလိုက်သည်။
၎င်းတို့ပြောနေကြပုံမှာ သူ ထိုအိမ်ကို ပြန်ဝယ်ပြီးသည့်အတိုင်းပင်။
ဝင်စတန်၏လက်ချောင်းများက ရပ်တန့်သွားပြီး နှင်းဆီပန်းကို ဟန်တာ၏နားမှာ ပန်ပေးလိုက်သည်။ "ဘာတွေပဲဖြစ်လာဖြစ်လာ၊ မင်း ကောင်းကောင်းရှင်သန်နေသရွေ့ ဒီဘဝမှာ ဘယ်အရာကိုမှ မတောင့်မတဘဲနေရစေဖို့ ကိုယ်အာမခံတယ်။"
ဟန်တာ၏နှလုံးသားလေးမှာ စည်းချက်လွဲသွား၏။
သူ နားမှာညှပ်ထားသောပန်းကို ပြန်ယူလိုက်သည်နှင့် ဝင်စတန်က စောင်ကိုမကာ ထိုင်ချလိုက်သည်။
"ဟေး! ခင်ဗျား အဲ့လိုအရာမျိုးတွေကို မပြောနဲ့လေ! အဲ့ဒါက ကျွန်တော့်ကို စိတ်အားထက်သန်မှုနည်ပါးသွားစေတယ်! ပြီးတော့... အဲ့ဒါက လက်ထပ်ခွင့်တောင်းနေသလိုပဲ!
ဟန်တာလည်း စောင်ကိုမ၍ သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။
"ဒူဘိုင်းကျရင် မင်းကို စိန်လက်စွပ်ဝယ်ပေးမယ်လို့ ကိုယ်မပြောခဲ့ဘူးလား။"
ဝင်စတန်က စောင်အောက်မှာလဲလျောင်းကာ မျက်လုံးများမှိတ်လိုက်၏။
"ကျွန်တော်မလိုချင်ဘူးလို့ ပြောခဲ့တယ်လေ!" ဟန်တာ သူ့စောင်အောက်ကနေ ခြေထောက်ထုတ်၍ ဝင်စတန်၏စောင်အောက်ထဲဝင်ကာ သူ့ကိုကန်လိုက်သည်။
ထင်တဲ့အတိုင်း သူတောင်မကန်ရသေးခင် ဝင်စတန်က သူ၏ခြေထောက်ကို လှမ်းဖမ်းလိုက်လေသည်။
"လွှတ်ပေး။"
"ကိုယ့်ဘာသာကိုယ်ရအောင်ရုန်း။"
ဟန်တာက အံကြိတ်ကာ ထထိုင်လိုက်သည်။ ထို့နောက် ဝင်စတန်၏စောင်ကိုမကာ သူ၏ခြေထောက်ကိုလွတ်အောင်ရုန်းကန်လိုက်သည်။
လွတ်မြောက်သွားပြီးနောက် ဝင်စတန်၏ရေချိုးဝတ်ရုံက လိပ်တက်နေပြီး သူ၏ဆွဲဆောင်မှုရှိသော ခြေတံရှည်များကို မြင်တွေ့နေရကြောင်း ဟန်တာ သတိပြုမိလိုက်၏။
၎င်းမှာ ဟန်တာ့အား အားကျစေခဲ့သည်။ သူ စိတ်အလိုမကျစွာဖြင့် ဝင်စတန်၏စောင်ကို ပြန်ခြုံပေးလိုက်ပြီး သူ၏စောင်ထဲ ပြန်ဝင်သွားလိုက်၏။
"လျှောက်ဆော့မနေနဲ့၊ အိပ်ကြစို့။" ဝင်စတန်က မျက်လုံးများမှိတ်လိုက်သည်။
"ကျွန်တော် ခင်ဗျားကို လျစ်လျူရှုလိုက်ပြီ။ အိပ်ပြီ!" ဟန်တာ သူ၏စောင်ဆွဲကာ သူ့ကိုကျောပေး၍ မျက်လုံးများမှိတ်လိုက်၏။
ကမ္ဘာလောကကြီးက တိတ်ဆိတ်သွားပြီး သူ့စိတ်နှင့်ခန္ဓာက ပြေလျော့သွားခဲ့သည်။ ထို့နောက် ဟန်တာ အိပ်မက်တိုင်းပြည်ဆီ အလည်ရောက်သွားလေ၏။
တိုကျိုကိုပြန်မည့် ညနေခင်းလေယာဥ်ခရီးစဥ်ကြောင့် သူ နေ့လယ်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်ခဲ့သည်။
နောက်တစ်နေ့မနက်ပိုင်းတွင် ဟန်တာ ကျေးငှက်သံများကြောင့် နိုးလာခဲ့၏။
သူ၏မျက်ခွံများက လှုပ်ရှားသွားပြီး သူ မျက်လုံးများဖွင့်ကြည့်လိုက်ရာ သူ့ရှေ့တည့်တည့်မှာ ဝင်စတန်၏မျက်နှာကို တွေ့လိုက်ရလေသည်!
ဟန်တာ နေရာရွှေ့ရန်ပြင်လိုက်ချိန် သူ အိပ်စက်နေသည့်အနေအထားက အတော်လေးထူးဆန်းကြောင်း သတိပြုမိသွား၏။
သူ၏ခြေထောက်တစ်ဖက်က ဝင်စတန်၏ခါးကိုခွထားသည်။ ဒါတင်ပဲလားဆို၊ မကသေး။ ဝင်စတန်၏လက်မောင်းအား ခေါင်းအုံးလုပ်ကာ အိပ်နေခဲ့လေ၏!
သူ ထထိုင်ရန်ပြင်လိုက်တော့မှ ဝင်စတန်၏ အခြားလက်တစ်ဖက်က သူ၏ခြေထောက်ပေါ်တင်ထားကြောင်း တွေ့လိုက်ရပြန်သည်။
အိုး မိုင်ဂေါ့!
ဟန်တာ သူ၏ခြေထောက်ကို အမြန်ပြန်ဆွဲကာ ဝင်စတန့်ကို စောင်ပြန်ခြုံပေးလိုက်၏။
သူက ဝင်စတန့်ရဲ့စောင်ကို ခိုးခဲ့တာပဲ။ ဝင်စတန် နေမကောင်းမဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်!
မဟုတ်ရင် Abu Dhabi ပြိုင်ပွဲမှာ သက်ရောက်မှုရှိသွားပြီး သူ တစ်သက်လုံး အပြစ်ရှိသလိုခံစားနေရမှာ!
ဝင်စတန်က နိုးဦးမည့်ပုံမပေါ်သောကြောင့် ဟန်တာ သက်ပြင်းချကာ ရေချိုးခန်းဆီသွားခဲ့သည်။
သူ ပြန်ထွက်လာသောအချိန်ထိ ဝင်စတန်က အိပ်နေဆဲပင်။
သြစတေးလျမှာတုန်းက ဝင်စတန်သည် သုတ်ဆေးအနံ့ကို မခံနိုင်သဖြင့် သူနှင့်လာအိပ်ခဲ့သည်။ သို့သော် ၎င်းတို့ အရက်သောက်သည်ဖြစ်စေ၊ တစ်ညလုံး စကားပြောခဲ့သည်ဖြစ်စေ ဟန်တာ ဝင်စတန့်ထက်အရင်နိုးလာသည်မှာ ယခုက ပထမဆုံးအကြိမ်ပင်။
ဟန်တာ မွေ့ရာပေါ်မှာ တင်ပျဥ်ခွေထိုင်ကာ မေးထောက်၍ ဝင်စတန့်ကိုကြည့်နေခဲ့သည်။ ထိုလူက တကယ်ကိုချောမောကြောင်း သူ့ဘာသာသူ နောက်တစ်ခေါက် အတည်ပြုလိုက်မိ၏။
သူ၏နှဖူးမှသည် နှာတံအထိ မင်းမျိုးမင်းနွယ်များ၏ အသွင်အပြင်နှင့်တူပြီး သူ၏မျက်လုံးတစ်ဝိုက်မှ နုနယ်သောအစိတ်အပိုင်းကို ဟန်တာ တစ်ခါမှအာရုံမစိုက်ခဲ့မိပေ။ အဘယ့်ကြောင့်ဆိုသော် သူက ယောက်ျားလေးဖြစ်နေသည်လေ။ သို့သော် ယခု အနီးကပ်ကြည့်ရှုလိုက်ရာ ဝင်စတန်၏မျက်လုံးများက အမှန်တကယ်လှပကြောင်း သတိပြုမိလိုက်သည်။ ယခုအခိုက်အတန့်မှာ ပြေလျော့နေပြီး နူးညံ့သော
သူ၏နှုတ်ခမ်းများက ထိတွေ့လှည့်ပါဟု ဖိတ်ခေါ်နေသည့်အလား။
ထိုစဥ် ဟန်တာ၏အစာအိမ်က အချက်ပေးလာ၏။
ဝင်စတန်၏မျက်ခွံများက လှုပ်ရှားလာခဲ့ပြီး ဖြည်းဖြည်းချင်း ထထိုင်လာခဲ့သည်။
"ဘယ်အချိန်ရှိပြီလဲ။" ဝင်စတန်၏အသံက အနည်းငယ်အက်ရှနေရာ ဟန်တာ၏နားရွက်များကို ယားယံလာစေခဲ့၏။
"ဆယ့်တစ်နာရီထိုးပြီ။"
ဝင်စတန်က ဟန်တာခေါင်းအုံးလုပ်အိပ်ခဲ့သောလက်ကို လှုပ်ရှားလိုက်သည်။ "မင်း အရင်နိုးနေတာလား။ ဆေးကြောပြီးပြီလား။ ကိုယ်တို့ အခု နေ့လယ်စာစားလို့ရပြီ။"
"ကျွန်တော် ဆေးကြောပြီးသွားပြီ!" ဟန်တာက ခဏလောက်စဥ်းစားပြီး ထပ်ဖြည့်ပြောလိုက်သည်။ "ကျွန်တော် မနေ့ညက ခင်ဗျားရဲ့စောင်ကို ခိုးခဲ့မိတယ်။ ခင်ဗျား ပြန်ယူလိုက်လို့ရတာကို။"
"အဆင်ပြေပါတယ်။ ကလေးတွေက တခြားသူဆီကနေ တစ်ခုခုခိုးယူရတာကို သဘောကျတတ်ကြတာပဲလေ။" ဝင်စတန်က ဟန်တာ့ကိုစိုက်ကြည့်နေပြီး သူ၏အကြည့်က အချိန်အတော်ကြာတဲ့အထိ တစ်နေရာတည်းမှာပဲ ကပ်ညှိနေခဲ့သည်။
"ဘာဖြစ်လို့လဲ။" ဟန်တာ ဝင်စတန့်၏မျက်နှာရှေ့မှာ လက်ဝှေ့ယမ်းပြခဲ့သည်။
ဝင်စတန်က ခေါင်းငုံ့ကာ ပြုံးလိုက်၏။ "ကိုယ် မနေ့က မင်းရဲ့ပခုံးတွေကို ချီးကျူးခဲ့တော့ အခု အိပ်ရာနိုးနိုးချင်း ကိုယ့်ကို ကြွားနေတာပေါ့?"
ဟန်တာ ခဏလောက်ရပ်တန့်သွားပြီးမှ နားလည်သွား၏။ သူ သူ၏ကော်လံကို ပြန်ပြင်လိုက်သည်။ "ကျွန်တော့်အင်္ကျီလျှောကျနေတယ်လို့ပဲ ပြောလိုက်လို့မရဘူးလား။"
"နှမြောစရာကောင်းတယ်။ ကိုယ်တို့ ပြန်ရောက်ရင် မင်းကို Yukata နဲ့ ထပ်မတွေ့နိုင်တော့ဘူး။" ဝင်စတန်က ထရပ်ကာ မျက်နှာသစ်ဖို့သွားခဲ့သည်။
ဟန်တာ ညည်းတွားကာ သူ၏ပစ္စည်းများကို စတင်ထုတ်ပိုး၍ ဒီကိုလာတဲ့လမ်းမှာဝတ်ခဲ့သော တီရှပ်နှင့် ဂျင်းဘောင်းဘီတို့ကို ပြန်ဝတ်လိုက်၏။
နေ့လယ်စာစားပြီးနောက် Noborobetsu မှထွက်ကာ Sapporo လေဆိပ်သို့ ထွက်ခွာခဲ့ကြသည်။
အပြန်လမ်းမှာ ဝင်စတန်က မောင်းနှင်ခဲ့၏။ ကားက မနှေးလွန်း၊ မမြန်လွန်းဘဲသွားနေပြီး ဟန်တာ မျက်လုံးများမှေးကျဥ်း၍ သူ့မျက်နှာကို လာရောက်တိုက်ခတ်သည့်လေများအား ခံစားနေခဲ့သည်။
"ဟေး... ကျွန်တော်တို့ နောက်တစ်ခါထပ်ပြီး ခရီးအတူတူသွားရအောင်။"
"သေချာတာပေါ့။" ဝင်စတန်က ပြန်ပြောလာ၏။
"Abu Dhabi က ဒူဘိုင်းနဲ့ တော်တော်လေးနီးတယ်။ ပြိုင်ပွဲပြီးရင် ကျွန်တော်တို့ Burj al-Arab ဟိုတယ်မှာ တည်းရအောင်။"
"Buri al-Arab က အသစ်အဆန်းမဟုတ်တော့ဘူး။"
Abu Dhabi ၌ လာရောက်ယှဥ်ပြိုင်ခြင်းမှာ ဝင်စတန့်အတွက် ပထမဆုံးအကြိမ်မဟုတ်တော့ဘဲ ဒူဘိုင်းက သူ့အတွက် စိတ်လှုပ်ရှားစရာများ သို့မဟုတ် လျှို့ဝှက်ဆန်းပြားအရာများ မရှိတော့ပေ။
"ကျွန်တော် အဲ့မှာ တစ်ခါမှမတည်းဖူးဘူး။" ဟန်တာက ပြောလာ၏။ "အဲ့မှာရှိတဲ့ရေပန်းဥယျာဥ်က တော်တော်လှတယ်လို့ ကြားဖူးတယ်။ ခင်ဗျား ရောက်ဖူးလား။"
"ကိုယ် အဲ့လိုအရာမျိုးတွေကို သဘောမကျပေမဲ့ မင်းသွားချင်ရင် အတူတူသွားကြမယ်လေ။"
ဤသည်မှာ သားအဖများကြားက စကားဝိုင်းတစ်ခုလို ဟန်တာ ခံစားလိုက်ရသည်။
"ဒါဆို ခင်ဗျားက ဘာကိုစိတ်ဝင်စားတာလဲ။"
"မြင်းစီးတာ၊ နှင်းလျှောစီးတာ၊ ဂေါ့ဖ်ရိုက်တာနဲ့၊ ရွက်လွှင့်တာ။"
"အရမ်းအဆင့်မြင့်တယ်။" ဟန်တာ တီးတိုးညည်းလိုက်သည်။
"မင်း ကိုယ်နဲ့အတူမသွားချင်ဘူးလား။" ဝင်စတန်က သူ့ဘက်လှည့်ကာ မေးလာ၏။
"အဲ့ဒါတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်မသိဘူးလေ။"
"ကိုယ်သင်ပေးမယ်။"
"အဲ့ဒါဆို အဆင်ပြေသွားပြီ။" ဟန်တာက ပြုံးလိုက်၏။
"ဒီရာသီကုန်ရင် အတူတူသွားကြမယ်။"
"ဟုတ်ပြီ!"
၎င်းတို့ Sapporo လေဆိပ်ကိုရောက်သောအခါ လေယာဥ်ပေါ်တက်ရန် တန်းစီခဲ့ကြသည်။
ဟန်တာ တန်းစီနေတုန်း တစ်စုံတစ်ဦးက သူ့ကို အော်ခေါ်လာ၏။
"ဟန်တာ! မင်းကို ဒီမှာတွေ့ရမယ်လို့မထင်ထားမိဘူး!"
ဟန်တာ လှည့်ကြည့်လိုက်ရာ အော်ဒရေဝီလ်ဆန်ကို တွေ့လိုက်ရသည်။ သူ(မ)က လည်ပင်းမှာ SLR ကင်မရာကိုဆွဲထားပြီး ကျောမှာ ကျောပိုးအိတ်တစ်လုံးဖြင့် ပေါ့ပေါ့ပါးပါးဂျက်ကတ်တစ်ထည်ကို ဝတ်ဆင်ထား၏။ သူ(မ)ဝတ်ဆင်ထားသော ဂျင်းဘောင်းဘီက သူ(မ)၏ခြေတံရှည်များကို ပေါ်လွင်နေစေပေသည်။
ဟန်တာ ပြုံးပြလိုက်၏။ "Sapporo ကို အလည်အပတ်လာတာလား၊ အင်တာဗျူးကြောင့်ရှိနေတာလား။"
"ဟားဟား... ငါ မင်းကိုပြောပြရင် မရယ်ရဘူးနော်။" အော်ဒရေက ဟန်တာ့ဆီလျှောက်လာပြီး တီးတိုးပြောလာ၏။ "ဝင်စတန်က Sapporo ကို အလည်အပတ်သွားတယ်လို့ ဖယ်ရာရီဘက်က တစ်စုံတစ်ယောက်ပြောနေတာကို ကြားခဲ့ရတာမို့ သူနဲ့တွေ့မလားလို့ ဒီကိုလိုက်လာတာ။" အော်ဒရေက မျက်စိမှိတ်ပြလာ၏။
သူ(မ)က စနောက်သည့်လေသံဖြင့် ပြောနေသော်လည်း ဟန်တာ့အပေါ် အော်ဒရေ၏ စစ်မှန်သောသဘောကျမှုတို့ကို ဟန်တာ အာရုံခံမိပေသည်။
"ခင်ဗျား သူနဲ့မတော်တဆတွေ့ခဲ့ရင် ဘာလုပ်မှာလဲ။" ဟန်တာက ရွှတ်နောက်နောက်မေးလိုက်သည်။
__
စာရေးသူမှာ ပြောစရာရှိပါတယ်:
ကြက်ဥကြော်နေရင်း:
ဟန်တာ: ဝိုး! ခင်ဗျား ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလုပ်ထားတာပဲ! ကလပ်တွေ၊ ဘားတွေမှာရော ရင်းနှီးမြှုပ်နှံထားတာလား။
ဝင်စတန်: အင်း။
ဟန်တာ: အဲ့ဒါက ခင်ဗျားရဲ့ပုံစံမဟုတ်ဘူးမလား။
ဝင်စတန်: မင်းရဲ့အကြိုက်နဲ့ ကိုက်ညီသရွေ့ပေါ့။
ဟန်တာ: ဝိုး! ပြီးတော့ ဟိုတယ်တွေရော!
ဝင်စတန်: တစ်ကမ္ဘာလုံးမှာ ဘယ်နေရာပဲရောက်ရောက် ကိုယ် မင်းနဲ့ သက်သောင့်သက်သာအိပ်လို့ရတယ်လေ။
ဟန်တာ: ပြီးတော့ လေကြောင်းလမ်းကိုတောင်ပဲ?
ဝင်စတန်: မင်း ဘယ်ကိုထွက်ပြေးချင်နေလဲဆိုတာ ကိုယ်သိရတာပေါ့။
ဟန်တာ: ...
***
Aurora Novel Translation Team