သတင်းစာနှင်းဆီ (၂)
အမျိုးမျိုးသော ထူးဆန်းသည့်တောင်းဆိုချက်များနှင့် ကြုံတွေ့ရနိုင်သည့် လေကြောင်းလိုင်းအတွက် ဟန်တာ ရုတ်တရက် စိတ်မကောင်းဖြစ်သွားမိ၏။
သူ တွန့်ဆုတ်စွာဖြင့် နှင်းဆီပန်းလေးကို သေချာထိန်းသိမ်းကာ ဝင်စတန့်နောက်မှ ခေါင်းငိုက်စိုက်ကျလျက် လိုက်ပါသွားလေ၏။
"ကျွန်တော်တို့ လေယာဥ်ဆင်းတော့မှ ခင်ဗျားအတွက် နောက်တစ်ခုထပ်ခေါက်ပေးမယ်လေ၊ အဲ့လိုမရဘူးလား။" ဟန်တာက သက်ပြင်းချလိုက်သည်။
"မင်း စိတ်ကူးကြည့်လိုက်၊ တစ်နေ့နေ့မှာ မားကပ်စ်က အမျိုးသမီးတစ်ယောက်ကို လက်ထပ်ခွင့်တောင်းချင်ပေမဲ့ သူ ဘာမှမပြင်ဆင်ထားမိဘူး။ အဲ့အချိန်မှာ သူ လမ်းဘေးကဆိုင်တစ်ဆိုင်ဆီ အပြေးသွားပြီး သူ(မ)အတွက် စိန်လက်စွပ်တစ်ကွင်းဝယ်ပေးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူ(မ)က လက်စွပ်ပျောက်သွားခဲ့လို့ မားကပ်စ်က ပုံစံတူလက်စွပ်ကို မှာပေးခဲ့မယ်။ သူ(မ)အတွက် ဘယ်လက်စွပ်က အဓိပ္ပာယ်ပိုရှိမယ်လို့ထင်လဲ။"
"... မားကပ်စ်က ခဏခဏကွာရှင်းဖူးတာကို..." ဟန်တာတစ်ယောက် ဝင်စတန်ဆိုလိုသည့် အဓိကအချက်ကို မဖမ်းဆုပ်နိုင်ခဲ့ပေ။
"ကိုယ် မင်းကိုမေးတာက အဲ့ဒီအမျိုးအမီးအတွက် ဘယ်လက်စွပ်က ပိုအရေးပါမယ်ထင်လဲလို့။" ဝင်စတန်က အနီးကပ်လျှောက်လာပြီး ဟန်တာ၏မျက်လုံးများထဲစိုက်ကြည့်ကာ မေးလာသည်။
"... ပထမတစ်ခုလို့ထင်တယ်။"
"ဘာလို့လဲ။"
"...ဘာလို့လဲဆိုတော့ ပထမဆုံးလက်စွပ်က တကယ့်လက်ထပ်လက်စွပ်အစစ်၊ ဒုတိယတစ်ခုက... အစားထိုးတာမို့?" ဟန်တာ မျက်မှောင်ကြုတ်လိုက်၏။
ဘာလို့ ဒီလိုမေးခွန်းမျိုးကို မေးနေရတာလဲ!
"ပထမဆုံးလက်စွပ်က စိတ်မြန်လက်မြန်ဝယ်လိုက်ရပေမဲ့ နှလုံးသားထဲကပါတဲ့ သန့်စင်တဲ့တုံ့ပြန်မှုတစ်ခု။ ဒါပေမဲ့ ဒုတိယတစ်ခုက အစားထိုးတစ်ခုတင်မဟုတ်ဘူး။ အဲ့ဒါက... အဲ့လိုလုပ်မှရမယ်ဆိုတဲ့ အတွေးတစ်ခုဖြစ်သွားပြီ။" ဝင်စတန်က ပြောလာ၏။
"ဟုတ်ပြီ၊ ဟုတ်ပါပြီ... ဒီတော့ ဒီပန်းနဲ့ လက်ထပ်ခွင့်တောင်းတဲ့လက်စွပ်နဲ့က ဘာဆိုင်လို့လဲ။" ဟန်တာက သူ့လက်ထဲမှ နှင်းဆီပန်းကို ယမ်းပြလိုက်ရာ ၎င်း၏ပန်းပွင့်ခေါင်းက ယိုင်နဲ့နဲ့ဖြစ်သွား၏။
"ကိုယ့်အတွက် ဒါက ပထမဆုံးလက်ထပ်ခွင့်တောင်းတဲ့လက်စွပ်နဲ့တူတယ်။ ဒါက အလိုလိုတုံ့ပြန်မှုဖြစ်ပြီး စစ်မှန်တယ်။ တခြားအရာတွေဆို မစစ်မှန်တော့သလို ခံစားရလိမ့်မယ်။" ဝင်စတန်က ပြန်လှည့်သွား၏။
ဟန်တာသည် ထိုနေရာမှာပဲ ကြောင်အမ်းစွာရပ်နေပြီး သူ့လက်ထဲက သတင်းစာနှင်းဆီပန်းလေးကို ကြည့်နေခဲ့၏။ ထို့နောက် ဆွံ့အစွာဖြင့် ဝင်စတန့်နောက်ကနေ လိုက်သွားခဲ့သည်။
"ဒါပေမဲ့ ဒါက သတင်းစာနဲ့လုပ်ထားတဲ့ ပန်းလေးတစ်ပွင့်ပဲလေ... ဒါက လက်ထပ်ခွင့်တောင်းတဲ့လက်စွပ်နဲ့ ဘာမှမှမဆိုင်တာ! မဟုတ်ရင်လည်း... Abu Dhabi ပြိုင်ပွဲပြီးရင် ခင်ဗျားအတွက် စိန်လက်စွပ်တစ်ကွင်းဝယ်ပေးမယ်၊ ဟုတ်ပြီလား!"
"ကိုယ့်ကို လက်ထပ်ခွင့်တောင်းမလို့လား။" ဝင်စတန်က နောက်လှည့်ကာ မေးလာ၏။
"... ခင်ဗျား တခြားတစ်ယောက်ယောက်ကို လက်ထပ်ခွင့်တောင်းရင် သုံးလိုက်ပေါ့။"
ဟန်တာ သူ့စိတ်ထဲမှာ ဤလူသားအား ယဥ်ပါးသွားအောင် နှစ်သိမ့်နိုင်မည့်တစ်စုံတစ်ယောက်ကို ဆုတောင်းလိုက်၏။
သို့သော် စက္ကန့်ဝက်အတွင်း သူ နောင်တရသွားလေသည်။
တစ်စုံတစ်ယောက်ကသာ ဗန်ဝင်စတန့်ကို တကယ်ကြီးယဥ်ပါးသွားစေလျှင်... သူနှင့် ခရီးသွားလို့မရတော့ဘူးဟု ဆိုလိုသည်မဟုတ်လော။
ဒါဆို... သူ့ရဲ့လက်တွဲဖော်ကို မတွေ့ခင်အထိ ဝင်စတန် အခုလိုမျိုး ဘာအနှောင့်အဖွဲ့မှမရှိတဲ့ တစ်ကိုယ်တည်းသမားဖြစ်နေဖို့ ဆုတောင်းပါတယ်လို့!
"ဒါဆို ပန်းကို ဆက်ကိုင်ထား။"
ဝင်စတန်က ပြန်လှည့်သွား၏။ သူ၏ခြေတံက ရှည်လျားနေပြီး ခြေလှမ်းကို တမင်အရှိန်တင်နေသည့်အတွက် ဟန်တာ သူ့နောက်လိုက်မီရန် ရုန်းကန်ခဲ့ရတော့သည်။
"ဟေး- ဝင်စတန်!"
ထိုအခိုက်အတန့်၌ ဟန်တာ သူ၏လုပ်ရပ်ကို နောင်တရနေခဲ့၏။ သူ လေယာဥ်ပေါ်မှာ ဘာလို့ နှင်းဆီပန်းခေါက်ခဲ့ရတာလဲ။
ထိုအခိုက်အတန့်၌ တစ်စုံတစ်ယောက်က သူ့ကို ဝင်တိုက်လာသော်လည်း သူ၏မျက်လုံးများက ဝင်စတန့်ကိုပဲကြည့်နေခဲ့ရာ အချိန်မီမရှောင်နိုင်ခဲ့ပေ။ သူ့လက်ထဲမှ နှင်းဆီပန်းလေးမှာ ဝင်တိုက်မှုကြောင့် ပြားချပ်သွားလေ၏။
ဟန်တာ အေးခဲသွားပြီး ဝင်စတန်လှည့်မကြည့်ခင် နှင်းဆီပန်းအသစ်ခေါက်နိုင်ရန် တစ်စုံတစ်ဦးက သူ့အား သတင်းစာလာပေးပါစေဟု ပြင်းပြစွာဆုတောင်းနေမိသည်။
သူ လှည့်ပတ်ကြည့်ရှုလိုက်သော် သူ လိုချင်နေသည့်သတင်းစာကို တစ်စောင်မှတောင် ရှာမတွေ့ခဲ့ပေ!
ကံတရားက ရက်စက်လွန်းပါဘိ!
ထိုအချိန်တွင် ဝင်စတန်က လှည့်ကြည့်လာ၏။ ဟန်တာ နေရာမှာတင် မိုးကြိုးပစ်ပြီး သေသွားပါစေဟု ဆုတောင်းနေခဲ့သည်။
"တောင်း...တောင်းပန်ပါတယ်။" ဟန်တာ လက်မြှောက်လိုက်ရာ နှင်းဆီပန်းလေးက ပြုတ်ကျသွား၏။
ခရီးသည်တစ်ယောက်က ခရီးဆောင်အိတ်ကို ဆွဲလာပြီး ၎င်းအား တက်ကြိတ်မိသွားလေသည်။
ဟန်တာ ထိုနေရာမှာပဲ ကြောင်အမ်းစွာရပ်နေမိပြီး ၎င်းအား ပြန်ကောက်ရမလား၊ မကောက်ရဘူးလား စဥ်းစားနေမိ၏။
ထိုစဥ် ဝင်စတန်က ဖြည်းဖြည်းချင်းပြန်လျှောက်လာပြီး ၎င်းအား ကောက်ယူလိုက်သည်။
၎င်းမှာ ပြားချပ်နေပြီး ပန်းပုံတောင်မပေါ်တော့ချေ။
"မင်းသိလား... မင်း ကိုယ့်ကို တစ်ခုခုပေးခဲတယ်လေ။"
ဝင်စတန် ထိုသို့ပြောလာသောအခါ ဟန်တာ၏နှလုံးသားလေးမှာ သမုဒ္ဒရာထဲ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။
"ဒါက မင်း ကိုယ့်ကို တစ်စုံတစ်ခုပေးဖို့တွေးမိတဲ့ ပထမဆုံးအကြိမ်ပဲ။" ဝင်စတန်က မျက်လွှာချထား၏။
ဟန်တာ့စိတ်ထဲ ဤသို့ပြန်ပြောချင်နေခဲ့သည်: အဲ့ဒါက အရမ်းအရေးကြီးနေရင်လည်း ခင်ဗျားဘာသာ ကိုင်ထားပါတော့လား! ဘာလို့ ကျွန်တော့်ကို တစ်ချိန်လုံးကိုင်ထားခိုင်းတာလဲ!
သို့သော် သူ မပြောလိုက်ပေ။
"မင်း ကိုယ့်ကိုပေးတဲ့လုပ်ငန်းစဥ်ကို ရှည်လျားသွားသလိုထင်ရစေဖို့ မင်းကို ကိုင်ထားစေချင်ခဲ့တာ။"
ဝင်စတန်က ထိုသို့ပြောကာ တစ်ဖက်လှည့်သွားပြီး ပုံမပေါ်တော့သောပန်းလေးကို အိတ်ကပ်ထဲထည့်၍ ရှေ့ဆက်လျှောက်သွားခဲ့လေသည်။
ဟန်တာ၏နှလုံးသားက တစ်စုံတစ်ခုနှင့် တိုက်မိသွားသလို ခံစားလိုက်ရ၏။ သူ မသိစိတ်အရ ဝင်စတန့်ကိုလိုက်မီဖို့ ခြေလှမ်းများကို အရှိန်တင်လိုက်မိသည်။
ဝင်စတန်က တစ်လှမ်းလုံးတိတ်ဆိတ်နေပြီး သူ၏အမူအရာကနေတစ်ဆင့် သူ၏စိတ်အခြေအနေ မည်သို့ဖြစ်နေမလဲကို ဟန်တာ သဲလွန်စမရခဲ့ပေ။
ထိုခံစားချက်က ဟန်တာ ဝင်စတန့်ကို TV ပေါ်မှာ တွေ့ခဲ့ရချိန်၊ သို့မဟုတ် စပိန် Grand Prix တုန်းက သန့်စင်ခန်းထဲမှာ နှစ်ဦးသားပထမဆုံးတွေ့ဆုံခဲ့ချိန်၌ အချင်းချင်း မတော်တဆဖြတ်ကျော်သွားခဲ့ချိန်ကို ပြန်ပြီးအမှတ်ရစေခဲ့သည်။ သူ၏အမူအရာက... ၎င်းတို့ ဘယ်တုန်းကမှ မသိခဲ့ကြသလိုမျိုး...
၎င်းတို့သည် Abu Dhabi ဆီပျံသန်းရာ၌ ဘေးချင်းကပ်ထိုင်နေခဲ့သော်လည်း ဟန်တာ ဝေးကွာသွားသလို ခံစားနေရသည်။
၎င်းတို့၏ခရီးဆောင်အိတ်ကို နေရာချချိန်မှ ထိုင်ခုံခါးပတ်များပတ်၍ လေယာဥ်ထွက်ခွာချိန်အထိ ဝင်စတန် သူ့ကို တကယ်စိတ်ဆိုးသွားကြောင်း ဟန်တာသိပေ၏။ ၎င်းတို့သည် 'လမ်းခွဲကြမယ်' ဟု ထပ်မပြောဖို့ သဘောတူထားသော်လည်း မကြာမီ ဝင်စတန်က ထိုကတိကို ဘယ်တုန်းကမှမရှိခဲ့သလို ပြုမူလာနိုင်သည်။ ဟန်တာ နားလည်လုနီးပါးဖြစ်သော်လည်း ဝင်စတန် စိတ်ဆိုးသွားသည့်အကြောင်းအရင်းကို နားမလည်သလို အနာဂတ်တွင် ဝင်စတန့်အား စိတ်ဆိုးဒေါသထွက်သလို ဟန်မဆောင်စေချင်ခဲ့ပေ။
ကလေးဆန်ပြီး ဆိုးနွဲ့သူက အမြဲတမ်း ဟန်တာဖြစ်ခဲ့သော်လည်း ဝင်စတန်က ထိုကဲ့သို့ ပြုမူလာခဲ့လျှင် သူ... သူ့ကို လုံလုံလောက်လောက် 'ချော့မြှူ'နိုင်မည်လော။
ထို့နောက် ဟန်တာ စိတ်ဓာတ်ကျလာခဲ့သည်။ သူ ဝင်စတန့်ကို ဘယ်လိုချော့ရမှာလဲ! လူများနှင့် ရင်ဆိုင်ရသောအခါ ဟန်တာက တက်ကြွပြီး တောက်ပနေပုံပေါ်သော်လည်း တကယ်တော့ ဝင်စတန်ကမှ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိပြီး လူများဆီကနေ လေးစားခံရသည်။ ဟန်တာက သေဖို့စောင့်နေရုံမှလွဲပြီး ဘာမှမလုပ်တတ်သလို ဝင်စတန်ကတော့ နောက်ဆုံးမိနစ်အထိ သေချာအစီအစဥ်ဆွဲတတ်သည်။
ဒီနေရာမှာ ဘယ်သူက ဘယ်သူ့ကို ချော့နိုင်မှာလဲ...
ရုတ်တရက် ဟန်တာ မျှော်လင့်ချက်ကင်းမဲ့လာသည်။
လေယာဥ်က နှစ်နာရီနီးပါး ပျံသန်းခဲ့ပြီဖြစ်သော်လည်း ဝင်စတန်ကမူ သူ့အား စကားတစ်ခွန်းမှ မပြောခဲ့ပေ။
ဝမ်းနည်းလိုက်တာ...
သူ သူ့ရှေ့ကထိုင်ခုံပေါ် နဖူးဖြင့်မှီထားပြီး တစ်ဖက်လှည့်ကာ ဝင်စတန်၏အင်္ကျီအား သူ၏လက်ချောင်းလေးများဖြင့် ချိတ်လိုက်၏။
ဝင်စတန်က ချက်ချင်း မျက်နှာလွှဲသွားပြီး ဟန်တာ့ကို ရှောင်လိုက်သည်။
အား.. တစ်ခါမှစိတ်မဆိုးဖူးတဲ့သူတွေ စိတ်ဆိုးသွားရင် ရင်ဆိုင်ရတာ တကယ်ခက်တာပဲ!
"ခင်ဗျား ကျွန်တော့်ကို လျစ်လျူရှုနေရင် ကျွန်တော် ဝမ်းနည်းတယ်..."
ဝင်စတန်က တိတ်ဆိတ်နေဆဲ။
"ခင်ဗျားသိလား၊ ကျွန်တော် ခင်ဗျားနဲ့မတွေ့ခင်က... မက်ဂရက်ဒီ ကျွန်တော့်ကို ဘယ်လောက်ပဲဆဲဆဲ ကျွန်တော် ဒေါသမထွက်ခဲ့ဘူး။"
ထိုလူက အာရုံစိုက်မနေပေ။ ဟန်တာက သူ့ကိုယ်သူပြောနေသလိုမျိုး ဆက်ပြောလိုက်၏။
"အဲ့ဒီတစ်ခေါက်၊ ဟိုတယ်ဧည့်ကြိုခန်းထဲမှာ မက်ဂရက်ဒီ ကျွန်တော့်ကိုကြိမ်းမောင်းနေတုန်းက ကျွန်တော် ဒေါသထွက်လွန်းလို့ စကားတောင် ပြန်မပြောနိုင်ခဲ့ဘူး... ဘာလို့ဆို ခင်ဗျားက ကျွန်တော့်ဘေးမှာရှိနေခဲ့တာမို့။ ကျွန်တော့်အကြောင်း မကောင်းပြောနေကြတာတွေကို ခင်ဗျားကို မကြားစေချင်ဘူး။"
ဟန်တာက မျက်လွှာချထားပြီး ဝင်စတန်၏အမူအရာကို မမြင်ချင်ခဲ့ပေ။
"ကျွန်တော် မက်ဂရက်ဒီနဲ့ လောင်းကြေးက... ကျွန်တော်သာ ထိပ်ဆုံးခြောက်နေရာဝင်ခဲ့ရင် ကျွန်တော့်ကိုလိုက်ရှုပ်နေတာကို ရပ်လိုက်ဖို့ပြောခဲ့တာမဟုတ်ဘူး... ကျွန်တော့်ကို တိုက်ခိုက်တဲ့အချိန် ခင်ဗျားကိုအသုံးမချဖို့ပြောခဲ့တာ။ ဒါပေမဲ့ Silverstone မှာ ကျွန်တော် ရှစ်နေရာနဲ့ပဲပန်းဝင်နိုင်ခဲ့တယ်လေ။ အဲ့ဒါကြောင့် ကျွန်တော် ငိုခဲ့တာ။"
ဟန်တာ၏အသံက အက်ရှနေ၏။
"ကျွန်တော် ခင်ဗျားကို အမှန်တိုင်းပြောပြနေတာပါ။ ခင်ဗျား ကျွန်တော့်ကို စိတ်ဆိုးနေတုန်းပဲလား။ ကျွန်တော်က ခင်ဗျားကို ဘာမှမပေးခဲ့ဖူးတာကြောင့် အဲ့ဒါကို ကျွန်တော့်ဆီကရလာတဲ့အတွက် အရေးပါတယ်လို့ ခင်ဗျား ခံစားနေရတယ်မဟုတ်လား။ အဲ့ဒါကို ခင်ဗျားအသင်းထဲက တစ်စုံတစ်ယောက်ကသာ ခင်ဗျားကို ပေးခဲ့မယ်ဆိုရင်ရော အရေးပါတယ်လို့ ခံစားရဦးမှာလား။ ကျွန်တော်က နှင်းဆီပန်းကို ခေါက်ခဲ့ပေမဲ့ ခင်ဗျားက ကျွန်တော့်ကို နှင်းဆီပန်းလောက်တောင် အရေးမကြီးဘူးလို့ တွေးနေတာပဲ။"
ဟန်တာ အလွန်အမင်းဝမ်းနည်းသွား၏။
ဆယ်စက္ကန့်ကြာပြီးနောက် အေးစက်နေသော်လည်း နူးညံ့သောလေသံအား ကြားလိုက်ရသည်။
"ဒီလောကမှာ စစ်မှန်တဲ့စကားတွေက အများကြီးမရှိဘူး။ မင်းရဲ့ငိုက်စိုက်ကျနေတဲ့ဦးခေါင်းရယ်၊ ဝမ်းနည်းနေတဲ့ပုံစံရယ်က သတင်းစာနဲ့ခေါက်ထားတဲ့ နှင်းဆီပန်းထက် အများကြီးတန်ဖိုးရှိတယ်။"
ဟန်တာ သူ့ကိုမကြည့်ဘဲ လက်သီးမြှောက်ကာ ဝင်စတန်၏ပခုံးကို ထိုးလိုက်သည်။
"ခင်ဗျား တမင်လုပ်ခဲ့တာလား။"
"အင်း။"
"ဘာလို့လဲ။"
"မင်း ကိုယ့်ကြောင့်ရုန်းကန်နေရပြီး ကိုယ့်ကြောင့်ဝမ်းနည်းနေတာကို မြင်ချင်လို့။" ဝင်စတန်၏လေသံက ခါတိုင်းလို တည်ငြိမ်နေဆဲပင်။
ဟန်တာ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွား၏။ သူ ဘာမှမပြောတော့ဘဲ သူ၏မျက်လုံးမက်စ်ကိုတပ်ကာ ဦးခေါင်းလေးစောင်း၍ အိပ်စက်ရန်ပြင်လိုက်သည်။
"ခင်ဗျားကို ဒေါသထွက်ပြီး ပေါက်ကွဲသွားတော့မယ်လို့ ထင်နေတာ။"
ဝင်စတန်၏လက်ချောင်းလေးက ဟန်တာ၏မျက်လုံးမက်စ်ကို ညင်သာစွာဆွဲလိုက်သည်။ အလင်းရောင်က စိမ့်ဝင်လာပြီး ထိုရှုထောင့်မှ မျက်လုံးမက်စ်အဟကြားကနေ ဟန်တာ ဝင်စတန်နှင့် အကြည့်ချင်းဆုံသွား၏။
၎င်းက နွေးထွေးနေပြီး ဝမ်းနည်းစရာကောင်းသောအရာများ လွှင့်စင်သွားသလိုနှယ်။
"ကျွန်တော် ခင်ဗျားကို ဘာမှပေးစရာမရှိတာကြောင့် ခင်ဗျားကို အခွင့်ထူးတစ်ခုပေးထားမယ်။"
"ဘယ်လိုအခွင့်ထူးလဲ။"
"တခြားလူတွေ ဘယ်သူမှလုပ်လို့မရတဲ့ ကျွန်တော့်ကို စိတ်ဆိုးဖို့အခွင့်ထူး။" ဟန်တာ သူ၏ပါးစပ်ထောင့်လေးကို ကုတ်ခြစ်လိုက်၏။
"ဒါဆို ကျေးဇူးတင်ပါတယ်။" ဟန်တာ၏မျက်လုံးမက်စ်ကို မထားသော ဝင်စတန်၏လက်ချောင်းများက မြင့်တက်သွား၏။ သူက ရှေ့ကိုတိုးလာသည့်အတွက် ဟန်တာ သူ၏နှုတ်ခမ်းလှုပ်ပုံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ "ကိုယ့်ရဲ့ဘုရင်လေး။"
ထို့နောက် ဝင်စတန်၏လက်ချောင်းများက ဖယ်ခွာသွားပြီး မျက်လုံးမက်စ်က ပြန်ကျလာရာ ဟန်တာ၏အမြင်ကို ဖုံးကွယ်သွားခဲ့သည်။ အရာအားလုံးက အမှောင်ကျသွားလေ၏။
သို့သော် ဟန်တာ၏နှလုံးသားက အရိုင်းဆန်စွာ ခုန်ပေါက်နေခဲ့သည်။
ဒါဆို ကျေးဇူးတင်ပါတယ်၊ ကိုယ်ရဲ့ဘုရင်လေး။
ကိုယ့်ရဲ့ဘုရင်လေး။
ဝင်စတန်၏လေသံက တမူထူးခြားနေသည်။
ရုတ်တရက်ဆိုသလို ဟန်တာ ဂနာမငြိမ်ဖြစ်လာပြီး သူ၏နေရာမှာ ဟိုလှည့်ဒီလှည့်လုပ်နေမိ၏။
သီအိုရီအရ သူ၏ဦးခေါင်းက ခေါင်းအုံးနှင့်ထိသွားသည်နှင့်တစ်ပြိုင်နက် သူ အိပ်ပျော်သွားသင့်သော်လည်း ထိုစကားတစ်ခွန်းက သူ့စိတ်ထဲမှာ မိနစ်ပေါင်းများစွာ လှည့်ပတ်ပြေးလွှားနေခဲ့သည်။
ထို့နောက် သူ အိပ်ပျော်တော့မည့်ဆဲဆဲမှာ လေယာဥ်မယ်က အစားအသောက်များ ဝန်ဆောင်မှုပေးလာခဲ့၏။ စိတ်အနှောင့်အယှက်ဖြစ်သွားသော ဟန်တာတစ်ယောက် သူ၏မျက်လုံးမက်စ်ကို ဆွဲချွတ်လိုက်သည်။ Emirates လေကြောင်းလမ်းက အစားအသောက်များသည် စားသုံးလို့သင့်တော်သော်လည်း... ဗိုက်မပြည့်စေနိုင်။
စားသောက်ပြီးနောက် ဟန်တာ ပေါင်မုန့်တချို့ထပ်စားရန် စိတ်ကူးလိုက်သည်။
သူ၏လက်ချောင်းများက သန်မာသော်လည်း ထောပတ်ဘူးလေးကို မဖွင့်နိုင်ခဲ့ချေ။
အဆုံးသတ်တွင် ထိုဘူးကို သွားနှင့်ကိုက်ဖောက်လိုက်ရ၏... ရလဒ်အနေဖြင့် ထောင့်စွန်းကိုသာ ကိုင်နိုင်ခဲ့ပြီး ထုပ်ပိုးထားသောစက္ကူကိုတော့ မဖောက်နိုင်ခဲ့ချေ။
ဟန်တာ ထိုထောပတ်ဘူးလေးအား အစားအသောက်ဘူးထဲပြန်ထည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်၏။
အဲ့ဒါက ထောပတ်ခဲသေးသေးလေးပဲလေ... သူ အဲ့ဒါကိုစားရဖို့အတွက်နဲ့ ဒီလောက်ထိ အားစိုက်ထုတ်စရာမလိုဘူးမလား....
ရုတ်တရက် အဆက်အစပ်မရှိဘဲ ရေပူစမ်းတည်းခိုတောင်၌ ဝင်စတန်ပြောခဲ့သောစကားတို့ကို သူ ပြန်တွေးမိသွား၏: ကွန်ဒုံးဝတ်ရင် ခြောက်ကယ်လိုရီ။
သူ၏မျက်နှာမှာ တဖြည်းဖြည်း နီမြန်းလာခဲ့သည်။ ထိုစဥ် ဝင်စတန်၏အသံကို ကြားလိုက်ရ၏။
"အာ..." ဝင်စတန်က မေးမော့ကာ ပါးစပ်ဟထားသည်။
ဟန်တာ လှည့်ကြည့်လိုက်သောအခါ ပေါင်မုန့်ကိုင်ထားသော ဝင်စတန်၏လက်ချောင်းများက သူ့နှုတ်ခမ်းနား တေ့ပေးထားကြောင်း တွေ့လိုက်ရလေ၏။
ဟန်တာ ပါးစပ်ဟပေးလိုက်သည်။ ပေါင်မုန့်ကို ကိုက်ပြီးနောက်မှာတော့ ၎င်းမှာ ထောပတ်သုတ်ထားပြီးသားဖြစ်ကြောင်း သူ သတိပြုမိလိုက်ပေသည်။
__
စာရေးသူမှာ ပြောစရာရှိပါတယ်:
ကြက်ဥကြော်နေရင်း:
ဝင်စတန်: မင်းက ကိုယ်ရဲ့ရှင်ဘုရင်လေး။
ဟန်တာ: ရှင်ဘုရင်တစ်ယောက်ရဲ့ အခွင့်ထူးတွေက ဘာတွေလဲ။
ဝင်စတန်: ကိုယ့်အတွက် သတင်းစာနှင်းဆီပန်းတစ်ပွင့် ခေါက်ပေးရမယ်။
ဟန်တာ: မလုပ်နိုင်ပါဘူး!
ဝင်စတန်: ကိုယ့်ပခုံးပေါ်မှာ အိပ်လို့ရတယ်။
ဟန်တာ: အဲ့ဒါကိုတော့ လုပ်နိုင်တယ်!
ဝင်စတန်: ကိုယ့်ဆီကနေ မျက်ရည်လည်ရွှဲဖြစ်တဲ့အထိ အလုပ်ခံရမယ်။
ဟန်တာ: လက်မခံနိုင်ဘူး! ငြင်းပယ်တယ်! သဘောမတူဘူး!
***
Aurora Novel Translation Team