မတောင့်တစေရဘူး (၁)
ဟန်တာ ဂရုတစိုက်နှင့် တစ်ဖက်လှည့်လာပြီး ဝင်စတန်၏မျက်နှာကို ကြည့်လိုက်သည်။ ထိုအခါမှ စောင်တစ်ထည်လုံးသည် သူ့ကိုယ်ပေါ်မှာပဲရှိနေပြီး ဝင်စတန်၏နောက်ကျောမှာ လွတ်နေကြောင်း သတိပြုမိလိုက်၏။
ခင်ဗျားက ကျွန်တော့်ကိုကျ အအေးမမိအောင်ဂရုစိုက်ဖို့ပြောတယ်! ခင်ဗျားကမှ ဒီလိုနဲ့ အအေးမိတော့မယ်။
ဟန်တာ စောင်ကိုမ၍ ဝင်စတန့်ကို ခြုံပေးလိုက်သည်။
"မင်း နိုးပြီလား။" ဝင်စတန်က မျက်လုံးများဖွင့်ကာ သူ့ကိုကြည့်လာ၏။
"အင်း!" ဟန်တာ ပြတင်းပေါက်အပြင်ဘက်ကို လှည့်ကြည့်လိုက်သည်။ "ဘယ်အချိန်ရှိသွားပြီလဲမသိဘူး။"
လမင်းကြီးက သာနေပြီး ကောင်းကင်ယံမှာ လရောင်ဖြာနေ၏။ လရောင်က ရေကန်ပေါ်ကျရောက်နေပြီး ၎င်း၏မျက်နှာပြင်ကနေ လှိုင်းကြက်ခွပ်လေးများလို တောက်ပကာ လှပနေတော့သည်။
"ည ၁၀ နာရီထိုးပြီ။"
"ဟမ်? အဲ့လောင်တောင်ရှိသွားပြီ။ ကျွန်တော် ဘာမှတောင်မလုပ်လိုက်ရဘူး။" ဟန်တာက အံ့အားသင့်သွား၏။
ဝင်စတန်က တစ်ဖက်လှည့်လာပြီး လက်တစ်ဖက်ဖြင့် မေးထောက်ထားသည်။ "ဒါဆို မင်းလုပ်ချင်တာ ဘာရှိလဲ။"
"... ဒီမှာ အရမ်းတိတ်ဆိတ်လွန်းတယ်။"
"အင်း၊ မင်း အော်ညည်းမယ်ဆိုရင်တော့ သိသာလောက်တယ်။"
"... စလာပြန်ပြီ။" ဟန်တာက သူ့ကို လှမ်းကန်လိုက်၏။
သို့သော် ဝင်စတန်က သူ၏ခြေချင်းဝတ်ကို ဖမ်းဆုပ်လိုက်လေသည်။ ၎င်းက အလွန်လျင်မြန်လွန်းရာ ဟန်တာ အချိန်မီမတုံ့ပြန်နိုင်ခဲ့ပေ။
သူ ခြေထောက်ကိုပြန်ဆွဲလိုက်သော်လည်း ဝင်စတန်က သူ့ကို အနီးကပ်ဆွဲယူလိုက်၏။
"ဟေး မဆော့နဲ့တော့! ကျွန်တော် ကြွက်တက်သွားလိမ့်မယ်။"
"မင်း လေ့ကျင့်ခန်းမလုပ်ဘူးလား။" ဝင်စတန်က အတက်အကျမရှိသောလေသံဖြင့် ပြောလာသော်လည်း ဟန်တာ၏ခြေချင်းဝတ်ကိုတော့ လွှတ်မပေးခဲ့ပေ။
"ဘာမှ! အဲ့ဒီလေ့ကျင့်ခန်းက ပြိုင်ပွဲအတွင်း ကြွက်သားတွေတင်းမာတာကို တားဆီးဖို့ပဲ! ပုံမှန်ဆို ဘယ်သူကများ သူတို့ခြေထောက်တွေကို အဲ့လောက်အမြင့်ကြီး မြှောက်ကြလို့လဲ!"
"ဒါက မြင့်လို့လား။" ဝင်စတန်က ဟန်တာ၏ခြေချင်းဝတ်ကို ခပ်မြင့်မြင့်မြှောက်ကိုင်လိုက်၏။
သူ၏ ကျယ်ဝန်းသော Yukata က အောက်သို့လျှောကျသွားပြီး အထဲကမြင်ကွင်းကို ရှင်းရှင်းလင်းလင်း ဖြစ်သွားစေသည်။
"လွှတ်လို့!" ဟန်တာ လက်နှစ်ဖက်ထောက်ကာ ရုန်းလိုက်၏။
သို့သော် ဝင်စတန်က သူ့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရာ တစ်လက်မလေးတောင် လှုပ်လို့မရခဲ့ပေ။
"ဒီလိုဆိုရင်ရော?" ဝင်စတန်က ဟန်တာ၏ဒူးကို တမင်ကွေးစေလိုက်ပြီး ၎င်းအား အခြားဦးတည်ဘက်သို့ ဆွဲကားလိုက်၏။
"ကျွန်တော် ခင်ဗျားကို ကန်လိုက်မှာနော်!"
ဝင်စတန်က လွှတ်မပေးသေးချေ။
ခွန်အားပြိုင်ပွဲ၌ အပြတ်အသတ်ရှုံးနိမ့်နေရာ ဟန်တာ သူ၏ဒူးဖြင့် ဝင်စတန်၏ပခုံးကို ခပ်ကြမ်းကြမ်းတိုက်လိုက်သည်။
"ခင်ဗျားက ပျော်နေတယ်ပေါ့လေ၊ ဟုတ်လား!
မျှော်လင့်ထားသည့်အတိုင်း ဝင်စတန်က ဆုပ်ကိုင်ထားမှုကို လွှတ်ပေးလိုက်သည်။ ထို့နောက် အနည်းရှောင်လိုက်ရာ ဟန်တာ၏ခြေဖဝါး သူ၏ပခုံးကို ရှပ်ထိသွား၏။ သို့သော် မမျှော်လင့်စွာဖြင့် ဝင်စတန်က ဟန်တာ၏ခြေသလုံးကိုဖမ်းဆုပ်ကာ သူ၏ပခုံးပေါ်တင်လိုက်ပြီး သူ့ဆီကို ဖြည်းဖြည့်ချင်း ချဥ်းကပ်လာခဲ့သည်။
"ခြေထောက်နှစ်ဖက်လုံးကို ပခုံးပေါ်တင်ထားရင် တစ်မိနစ်ကို ၂၆ ကယ်လိုရီ လောင်ကျွမ်းလိမ့်မယ်။ စမ်းကြည့်ချင်လား။"
ဒီလူက သူ့ကို စဖို့ပြင်နေပြန်ပြီ။
ဟန်တာ သူ၏လွတ်နေသောခြေထောက်ဖြင့် သူ့ကို ဒေါသတကြီးကန်လိုက်သော်လည်း အံ့အားသင့်စွာဖြင့် နောက်တစ်ကြိမ် အဖမ်းခံလိုက်ရပြန်သည်။
သူက အရမ်းမြန်တာပဲ! ဒီဝင်စတန်က မကောင်းဆိုးဝါးများလား။
"မင်း ကိုယ့်ပခုံးကို ထိခိုက်သွားမှာစိုးလို့ အားပြင်းပြင်းနဲ့ မကန်ရဲဘူးပဲ။"
ဝင်စတန်၏အပြုံးက ပေါ့ပါးနေသော်လည်း ဟန်တာ ဒီလူက ဘဝင်ခိုက်နေသည်ဟု ခံစားလိုက်ရလေသည်။
"လွှတ်ပေး! မဟုတ်ရင် ခင်ဗျားကို တကယ်လုပ်တော့မှာ!" ဟန်တာက လက်သီးတစ်ချက်ပစ်သွင်းလိုက်၏။
ဝင်စတန်က ဟန်တာ၏ခြေသလုံးကို လွှတ်ပေးကာ သူ၏လက်သီးအား အမြန်ဖမ်းဆုပ်ခဲ့သည်။ ဟန်တာခမျာ ခြေထောက်လေး အောက်ချတုန်းပဲရှိသေး၏၊ ဝင်စတန်ဆီကနေ ရုတ်တရက်အဆွဲခံလိုက်ရပြီး သူ့ကိုယ်ပေါ်ကို ကျသွားလေသည်။
ဝင်စတန်က ဟန်တာ၏ခါးကိုကိုင်ကာ သူ့ကိုမလိုက်ပြီး ဟန်တာ၏ခန္ဓာကိုယ်အား သူ့ကိုယ်ပေါ်ပွေ့တင်လိုက်သည်။
"ထိုင်တဲ့အနေအထားနဲ့ဆို တစ်မိနစ်ကို ကယ်လိုရီ ၆၀။ မင်းကတော့ ၁၅၀ ကျော်မှာသေချာတယ်။"
ဝင်စတန်၏အသံက ဟန်တာ့နားရွက်ဘေးကနေ ထွက်ပေါ်လာပြီး သူ၏ အသက်ရှူသံခပ်နွေးနွေးကို ခံစားမိနေသည်။ သူ မကြည့်လျှင်တောင် တစ်ဖက်လူကပြုံးနေမည်ဖြစ်ကြောင်း ဟန်တာသိပေ၏။
"ခင်ဗျား သေချင်နေပြီလား!" ဟန်တာ ဝင်စတန်၏ပခုံးကို တွန်းလိုက်ပြီး ချက်ချင်းထရပ်လိုက်သည်။
သို့သော် မထင်မှတ်စွာဖြင့် ဝင်စတန်က သူ၏ခါးကို လှမ်းဆွဲလာရာ သူ၏ခန္ဓာကိုယ်အောက်ပိုင်းက ဝင်စတန်၏နှာခေါင်းထိပ်နှင့် တိုက်မိသွားခဲ့သည်။
ထိုအစိတ်အပိုင်းက ဝင်စတန်၏နှာခေါင်းနှင့် ထိတွေ့မိသွားချိန်၌ ဟန်တာ ကြမ်းပြင်ထဲကို မျက်နှာကြီးဖြင့် တူးဝင်သွားလိုက်ချင်နေတော့သည်။
"မဟုတ်ဘူး... ဒါ ကျွန်တော့်အမှားမဟုတ်ဘူးနော်... ခင်ဗျားက ကျွန်တော့်ကို လာဆွဲတာ..."
ခင်ဗျားနဲ့ တန်တယ်! နှာဘူးကောင်ကြီး!
သို့သော် ဝင်စတန်က စိတ်ဆိုးမှာမဟုတ်ကြောင်း ဟန်တာ အလိုလိုခံစားမိနေ၏။
ဝင်စတန်က မျက်နှာလွှဲကာ ပြုံးလိုက်သည်။
"ထပ်ပြုံးရဲပြုံးကြည့်၊ ခင်ဗျားကို တကယ်ထိုးတော့မှာ!"
"တိုက်ခိုက်တဲ့နေရာမှာ ကိုယ့်ကို မနိုင်ဘဲနဲ့။" ဝင်စတန်က တည်ငြိမ်စွာထရပ်ကာ အခန်းတံခါးကို ဖွင့်လိုက်သည်။
ထိုအချိန်တွင် ကီမိုနိုဝတ်ထားသော အမျိုးသမီးတစ်ဦးက စားပွဲရှင်းရန် ဝင်ရောက်လာခဲ့၏။
"အခု အိပ်ခန်းကို ပြန်သွားချင်ပြီလား။" ဝင်စတန်က မေးလာသည်။
ထိုလူသည် စောစောတုန်းက ရှက်စရာအရာများကို ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ရာ၌ တော်လွန်းပေ၏။
"မသွားဘူး!"
ဟန်တာ အနည်းငယ် ဒေါသထွက်သွားသည်။
"ဒါဆို ကယ်လိုရီတွေ လောင်ကျွမ်းချင်လား။" ဝင်စတန်က အပြုံးလေးဖြင့် မေးလာ၏။
သောက်ကျိုးနည်းပြီဟေ့၊ အခု 'ကယ်လိုရီလောင်ကျွမ်း' ဆိုတဲ့အသံကြားတိုင်း သူ မတွေးသင့်တာတွေကို တွေးနေမိပြီ!
ဟန်တာ၏ တွေဝေကာ တိတ်ဆိတ်နေသောအမူအရာကို မြင်လိုက်ရသောအခါ ဝင်စတန်က သူ၏ပခုံးကို ပုတ်လိုက်၏။ "စားပွဲတင်တင်းနစ်သွားဆော့ရအောင်။ ဘယ်လိုဆော့ရမလဲဆိုတာ သိလား။"
"မသိဘူး! ခင်ဗျားသင်ပေး!"
ဟန်တာက ဝင်စတန့်နောက်မှ လိုက်လာခဲ့သည်။
စားပွဲတင်တင်းနစ်အခန်းကိုရောက်ရန် စင်္ကြံလမ်းအရှည်ကြီးကို လျှောက်ခဲ့ရပြီး ၎င်းမှာ ဧည့်သည်များ၏အိပ်ခန်းအဆောင်များနှင့် တော်တော်လေးဝေးပေ၏။
ဟန်တာ လမ်းလျှောက်ရင်း အဆောက်အအုံအပြင်ဘက်မှ ရှုမျှော်ခင်းများကို ခံစားနေခဲ့သည်။
သူနှင့် ဝင်စတန်၏အရိပ်တို့က စင်္ကြံလမ်း၏နံရံများပေါ်မှာ ထင်ဟပ်နေ၏။
ဟန်တာ တမင်လက်ဆန့်ကာ ဝင်စတန့်ကိုတွန်းသလိုမျိုး ဟန်ဆောင်လိုက်ရာ နံရံပေါ်ရှိ ၎င်းတို့၏အရိပ်များက အတူတကွရောယှက်သွားခဲ့သည်။
"ကလေးလိုပဲ။"
ဝင်စတန်က ရုတ်တရက်ရပ်လိုက်သည့်အတွက် ဟန်တာ၏လက်တို့က သူ၏ကျောပေါ်သို့ အမှန်တကယ်ကျရောက်သွားခဲ့သည်။
"ခင်ဗျား ဒီနေ့မှသိတာမဟုတ်ဘူးမလား။" ဟန်တာက ဂရုမစိုက်ဟန် ပြုံးလိုက်သည်။
သူ၏လက်ဖဝါးကနေ ဝင်စတန့်ခန္ဓာကိုယ်၏ အနွေးဓါတ်ကို ခံစားမိနေ၏။
ဝင်စတန်က ဆက်လျှောက်သွားသောအခါ ကျန်နေခဲ့သော ဟန်တာ၏လက်တို့မှာ ရုတ်တရက် အေးစက်လာပြီး အထီးကျန်ခြင်းခံစားချက်က သူ့ကိုယ်ထဲတိုက်စားလာခဲ့သည်။
၎င်းတို့ စားပွဲတင်တင်းနစ်အခန်းသို့ ရောက်လာသောအခါ မီးရောင်များက တောက်ပလျက်ရှိပြီး နေရာမှာ စောစောက ထမင်းစားခန်းထက် ပို၍ကျယ်ဝန်းသည်။
အခန်းထဲမှာ ပင်ပေါင်စားပွဲ လေးလုံးရှိသော်လည်း ဤရေပူစမ်းတည်းခိုဆောင်၌ ၎င်းတို့မှလွဲ၍ အခြားမည်သူမှမရှိပေ။
ဝင်စတန်က သူ့ဘေးကိုရောက်လာပြီး သူ့ကို ဘက်တံအား မည်သို့ကိုင်ရမည်နှင့် ဘောလုံးရိုက်ရမည့်နေရာတို့အား ရှင်းပြခဲ့သည်။
သူ၏လက်က ဟန်တာ၏ပခုံးကနေ သူ၏ခါးဆီသို့ ဖြည်းဖြည်းချင်းရွှေ့သွားပြီး သူ့အနောက်ကနေဖိကာ ဘောလုံးရိုက်သည့်အချိန် သူ၏ခါးကို မည်သို့လှည့်လိုက်ရမည်ဖြစ်ကြောင်း ပြပေးနေ၏။
အမေရိကန်သမိုင်းကြောင်းနှင့် ပတ်သက်လာလျှင် ဟန်တာက လုံးဝအရည်အချင်းမရှိသော်လည်း ဘောလုံးအားကစားနှင့် ပတ်သက်လာလျှင်တော့ ဟန်တာ၏ အားကစားစွမ်းရည်များအား တော်တော်လေးဖွံ့ဖြိုးတိုးတက်သည်ဟု ယူဆနိုင်ပေသည်။
သူ ဝင်စတန်နှင့်အတူ အကြိမ်အနည်းငယ်လောက် စရိုက်ကြည့်လိုက်သည်။ သူ၏ဘောလုံးများက ပိုက်ကို ရှင်းရှင်းလင်းလင်း မကျော်သွားသလို တချို့ကို လုံးဝလွတ်သွားခဲ့၏။
သို့သော် ဝင်စတန်က စိတ်ရှည်ပြီး ဟန်တာ ကွင်းအနှံ့ ဘောလုံးများလိုက်ကောက်နေသည်ကို ကြည့်နေခဲ့သည်။
ဟန်တာ တဖြည်းဖြည်းနှင့် စိတ်ပျက်လာ၏။
"ဟေး၊ ခင်ဗျား ဘောလုံးကို ကျွန်တော်မမီတဲ့နေရာတွေဆီပဲ တမင်ရိုက်နေတာလား။"
"စားပွဲတင်တင်းနစ်က အဲ့လိုပဲမဟုတ်ဘူးလား။ တကယ်လို့ မင်းမီတဲ့နေရာကိုပဲ ဘောလုံးပေးမယ်ဆို ကိုယ်က ဘယ်လိုလုပ်ပြီးနိုင်တော့မှာလဲ။" ဝင်စတန်က ထိုသို့မေးရင်း စားပွဲကိုမှီထားသည်။
"...ဒါပေမဲ့ အဲ့လိုဆို ကျွန်တော် ဘောလုံးပဲဆက်ကောက်နေရတော့မှာပေါ့လို့!"
"ဘောလုံးကောက်တာက လေ့ကျင့်ခန်းကောင်းတစ်ခုပဲ။" ဝင်စတန်က ပြောလာသည်။
"ခင်ဗျားက ကျွန်တော်ပင်ပန်းတာကို ကြည့်ချင်နေတာပဲ!" ဟန်တာက သူ၏အင်္ကျီလက်တို့ကို ပင့်တင်လိုက်၏။
စောင့်နေလိုက်ပါ၊ မကြာခင် ခင်ဗျားကို ဘောလုံးပြေးကောက်ခိုင်းပြမယ်!
"ကိုယ် မင်းပင်ပန်းတာကို မမြင်ချင်ပါဘူး။ ကိုယ်က မင်းရဲ့ခါးလေးကုန်းပြီး မင်းရဲ့တင်ကို ပင့်ထားတာပဲမြင်ချင်တာ။" ဝင်စတန်က ပြောလာ၏။
"ဟမ်?" နှစ်စက္ကန့်လောက် စဥ်းစားပြီးနောက် ဟန်တာ၏မျက်လုံးများက ဒေါသမီးများ တောက်လောင်လာခဲ့သည်။ "ခင်ဗျားဘာသာ ခါးကုန်းပြီး ခင်ဗျားရဲ့တင်ကို မြှောက်ထားလိုက်!"
လက်စသတ်တော့ ဝင်စတန်က သူ့ကို 'ဆပ်ပြာခဲကုန်းကောက်' တဲ့အနေအထားနဲ့မြင်ရဖို့ တမင်လုပ်နေတာပေါ့!
ဝင်စတန်က ရယ်မောကာ ဟန်တာ့ဘက်သို့ ဘောလုံးပစ်ပေးလိုက်သည်။
၎င်းတို့ ပြန်အဆင်ပြေပြီးနောက်ပိုင်း ဤလူ၏အရှက်မရှိမှုက အဆင့်သစ်တစ်ခုကို ရောက်ရှိသွားပြီဟု ဟန်တာ ခံစားမိလိုက်သည်။
သူ သက်ပြင်းချလိုက်မိ၏...
ဝင်စတန်က သူ၏ဘက်တံကိုမြှောက်ပြကာ ပြန်စဖို့အချက်ပြနေ၏။
ဟန်တာ၏ရိုက်ချက်များက ဖြည်းဖြည်းချင်း တိုးတက်လာပြီး ပွဲအနည်းငယ်အတွင်း ဝင်စတန် သူ့ကို အလွယ်တကူအနိုင်ယူလို့မရတော့ပေ။
"ရေး!
နောက်ဆုံးတွင် ဟန်တာတစ်ယောက် ဝင်စတန်ပြန်မရိုက်နိုင်လောက်သည့် အနိုင်ရိုက်ချက်ကို ရိုက်နိုင်ခဲ့ပေ၏။
ယခု ဘောလုံးကောက်ရန် ဝင်စတန့်၏အလှည့်ရောက်ပြီဟု သူတွေးလိုက်သော်လည်း ထိုလူက မေးငေါ့ကာ ဟန်တာ့အား သွားကောက်ဖို့ညွှန်ပြနေခဲ့သည်။
"ဘာလို့ ကျွန်တော်ပဲ ကောက်ရမှာလဲ! ဒီတစ်ခေါက် ခင်ဗျား ပြန်မပေးနိုင်ခဲ့တာရှင်းနေတာကို!"
"ဘောလုံးက မင်းဘက်ကိုကျသွားတာလေ။"
"ကျွန်တော် သွားမကောက်ဘူး!" ဟန်တာက ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားလေ၏။
"ထားလိုက်တော့။"
ဝင်စတန်က နောက်ထပ်ဘောလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
ထိုအခါ ဟန်တာ၏မကျေနပ်ချက်တို့က ပို၍ကြီးထွားလာခဲ့၏။
ဝင်စတန်ရိုက်လိုက်သော ဘောလုံးအား ဟန်တာက ပြန်မရိုက်လိုက်ရာ ဘောလုံးက သူ့ဘေးနားမှာ ကျသွားခဲ့သည်။
ဝင်စတန်က ဟန်တာ့ကိုကြည့်ကာ သက်ပြင်းချလိုက်ပြီး ဖြည်းဖြည်းချင်းလျှောက်လာခဲ့၏။
ဟန်တာ၏နှလုံးသားမှာ ခုန်ပေါက်သွားလေသည်: အိုးးးးး! ဝင်စတန်ရဲ့ ဆပ်ပြာခဲကောက်တဲ့ပုံစံကို မြင်ရတော့မှာပဲ!
သို့သော် စိတ်ပျက်စွာဖြင့်... ဝင်စတန်က ဒူးတစ်ဖက်ထောက်ချလိုက်၏။ ဘောလုံးကောက်ယူသည့် ဝင်စတန်၏ပုံစံမှာ အမှန်တကယ်ကျက်သရေရှိလှပြီး သူ၏အရူးလိုမျိုး ကုန်းကုန်းကွကွကောက်ပုံမျိုးနှင့် လုံးဝကွဲပြားနေလေသည်...
ဘောလုံးကို အဲ့လိုကောက်လို့ရတယ်ဆိုတာ သူ ဘာလို့များမတွေးမိပါလိမ့်။
သို့သော် ဝင်စတန်က သူ့ကို အထက်အောက် စုန်ချည်ဆန်ချည်ကြည့်လာပြီး သူ၏နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ခင်ဗျား ဘာတွေပြုံးနေတာလဲ။" ဟန်တာက မျက်မှောင်ကြုတ်လိုက်၏။
"မင်းရဲ့ဟန်တာလေးက ချစ်စရာကောင်းတယ်။"
ဟန်တာ အေးခဲသွားသည်။ ဝင်စတန် သူ့ဘောင်းဘီအောက်နေ မြင်သွားတာလား။
သူ ခေါင်းငုံ့ကြည့်လိုက်သည်နှင့် ထပ်ပြီးအရူးလုပ်ခံလိုက်ရမှန်း သတိပြုမိသွားခဲ့သည်။ ဝင်စတန်၏အရပ်ဖြင့် သူ၏ဘောင်းဘီအဝကနေ ဖြတ်မြင်စရာအကြောင်းမရှိချေ။
"ညဥ့်နက်နေပြီ၊ ကိုယ်တို့ နားကြရအောင်။" ဝင်စတန်က နံရံပေါ်ကနာရီကိုညွှန်ပြရင်း ပြောလာသည်။
"အင်း၊ နားတာပေါ့။ ကျွန်တော် ရေချိုးပြီး အိပ်တော့မယ်!"
ဟန်တာ ဘက်တံကို ဝင်စတန့်ဆီပြန်ပေးကာ လက်များကို အကြောဆန့်လိုက်သည်။ သူ လက်ပြန်ချလိုက်သောအခါ စောစောက ကစားနေတုန်း ပြေလျော့နေသည့်ခါးပတ်ကြောင့် သူ၏ကော်လံက တော်တော်လေးဟသွား၏။
ဟန်တာ သန်းဝေရင်း တံခါးကနေထွက်ရန်ပြင်လိုက်ချိန် ဝင်စတန်က သူ၏ကော်လံကို ညင်သာစွာဆွဲလိုက်၏။
"အအေးမမိအောင် ဂရုစိုက်။"
ဝင်စတန်က သူ၏ကော်လံကို ပြန်စေ့ပေးခဲ့သည်။
"ကျေးဇူး။"
"ဒါပေမဲ့ မင်းရဲ့ပခုံးတွေက တော်တော်လေးကြည့်ကောင်းတယ်။"
"ဟမ်? ဘာကို?" ဟန်တာ အံ့အားသင့်သွား၏။ ဤသည်မှာ ကြည့်ကောင်းတယ်ကဲ့သို့ တစ်စုံတစ်ခုကို ဝင်စတန် ပထမဆုံးအကြိမ်ချီးကျူးခြင်းပင်။
"ကိုယ့်ကို တစ်ကိုက်လောက် ကိုက်ခဲချင်တဲ့စိတ်တွေ ဖြစ်လာစေတယ်။" ဝင်စတန်က ထိုသို့ပြောကာ ဟန်တာ့ကိုကျော်တက်သွားခဲ့သည်။
"..." ဟန်တာ သူ၏နောက်ကျောကိုကြည့်ကာ သက်ပြင်းအရှည်ကြီးချလိုက်လေသည်။
ခင်ဗျား အဲ့လောက်တော်နေရင် ခင်ဗျားက နှာဘူးတစ်ယောက်ပါလို့ တစ်လောကလုံးကို ပြောလိုက်လေ!
***
Aurora Novel Translation Team