မင်းသူ့ကိုရအောင် ငါကူညီပေးနိုင်တယ် (၁)
မားကပ်စ်၏စကားဆုံးသည်နှင့် ဟန်တာ တံတွေးသီးလုမတတ်ဖြစ်သွားရသည်။ "ဘာ... ဘာ... ဘာပြောလိုက်တာ? ခင်ဗျား လွတ်သွားပြီလား!"
ဟန်တာ သူ၏ခရီးဆောင်အိတ်ကို အလောတကြီးမွှေနှောက်လိုက်၏။ ပြိုင်ပွဲအတွင်းဆို အတွင်းခံများကိုမလျှော်ဘဲ ဒီတိုင်းပစ်ထားတတ်သည့်အကျင့်တစ်ခု သူ့မှာရှိသည်။ မားကပ်စ်က သူ့ရဲ့အတွင်းခံအပေကို လေလံတင်ဖို့ စီစဥ်ထားတာတော့မဖြစ်နိုင်ပါဘူးနော်! သူ့မှာ ကန့်သတ်ချက်တွေမရှိတော့ဘူးလား။
"ဟန်တာ၊ မင်း ဘာရှာနေတာလဲ။" မားကပ်စ်က ရှုပ်ထွေးစွာဖြင့် မေးလာခဲ့သည်။
"ကျွန်တော့်အတွင်းခံထဲက တစ်ခုခုပျောက်နေမလားလို့ စစ်ဆေးနေတာ!" သို့သော် ဟန်တာတစ်ယောက် သူ့မှာ ဘယ်နှထည်ရှိမှန်းကိုတောင် မမှတ်မိရှာပေ။
"တစ်ထည်မှမပျောက်ပါဘူး။ ငါ လက်ထောက်ကို အသစ်ဝယ်ခိုင်းထားတယ်။" မားကပ်စ်က မေးငေါ့ပြလာ၏။
PR လက်ထောက်က ကျပ်ကျပ်ထုပ်ထုပ် အနက်ရောင်အတွင်းခံတစ်ထည်ကို မြှောက်ပြလာခဲ့သည်။
(TN/အခုဝယ်ထားတဲ့အတွင်းခံကို brief လို့ခေါ်ပါတယ်၊ တြိဂံပုံစံအကပ်ပါ။ သူက ပေါင်တစ်ဝက်လောက်ရောက်တဲ့ အတွင်းခံဘောင်းဘီတို boxer နဲ့မတူပါဘူးနော်။)
"ဟမ်?" ဟန်တာ ၎င်းအား လက်ညှိုးထိုးပြကာ မေးလာ၏။ "အဲ့ဒါက ကျွန်တော့်အတွင်းခံ?"
"အခုကစပြီး ဒါက မင်းရဲ့ဟာပဲ။ ပုံစံက ဘယ်လောက်ဆွဲဆောင်မှုရှိလိုက်သလဲ။ အမျိုးသမီးပရိသတ်တွေတော့ ဒါကိုလေလံအောင်ဖို့ အရူအမူးဖြစ်ကုန်ကြလိမ့်မယ်!" မားကပ်စ်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလာခဲ့သည်။
သောက်ကျိုးနည်း! ဒီလူတွေက ရိုးသားမှုမရှိလိုက်တာ! အတွင်းခံကိုတောင် အတုလုပ်ထားကြတယ်!
"ကျွန်တော့်ကို ဝင်စတန် ဒါမှမဟုတ် အိုဝင်လို့ထင်နေတာလား။ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော့်ကို အရှက်မခွဲကြပါနဲ့! အဲ့လိုဆို ကျွန်တော် မသွားဘဲနေလိုက်မှာနော်!" ဟန်တာ လေလံပစ္စည်းကြေညာချိန်မှာ ခန်းမထဲကလူတိုင်း ကြောင်အမ်းသွားကြမည့်ပုံကို မြင်ယောင်ကြည့်လိုက်၏။ တက်ရောက်လာသောလူများက စီးပွားရေးလောကမှာ အထင်ကရပုဂ္ဂိုလ်များဖြစ်ရာ ဟန်တာ သူ၏သိက္ခာတရားက ကျဆင်းသွားလိမ့်မည်ဟု ခံစားနေရသည်။ ထိုအချိန်ကစပြီး သူ ဦးမော့နိုင်မှာမဟုတ်တော့ပေ။
"စိတ်ချထားလိုက်၊ ငါ့ရဲ့ပဏာမစစ်ဆေးချက်အရ မင်းရဲ့ဒီအတွင်းခံက ဒေါ်လာ ၁၀၀၀၀၀ ကျော်သွားနိုင်တယ်!"
"...ခင်ဗျား အိပ်မက်မက်နေတာလား။ ပြီးတော့ ပိုဆိုးတာက ဒါ ကျွန်တော့်အတွင်းခံမှမဟုတ်တာ!" ဟန်တာ၏အော်သံက အခန်းထဲကို ပျံ့နှံ့သွား၏။ သို့သော် မည်သူကမှ သူ၏ဒေါသကို မကြားရသလိုမျိုး ပြုမူနေကြသည်။ သူ့ဝတ်စုံကို ပြင်ဆင်ပေးနေသူမျာက ဆက်လက်ပြင်ဆင်ပေးနေပြီး သူ့ဆံပင်ကို ပုံသွင်းပေးသူများကလည်း ဆက်လက်ပုံသွင်းနေကြလေ၏။ ဟန်တာ သူ၏စိတ်ထဲမှာ ဒေါသများနှင့်လောင်ကျွမ်းနေလေပြီ။ နောက်နှစ်ကျရင် သူ အသင်းပြောင်းပစ်မယ်! သေချာပေါက်ကိုပြောင်းပစ်မှာ!
Emirates Palace ခန်းမက ကြီးကျယ်ခမ်းနားလှသည်။ ဟန်တာ မားကပ်စ်နှင့်အတူ ဝင်ရောက်သွားသည့်အခိုက်အတန့်မှာ လူတော်တော်များများက သူ့ကိုလှည့်ကြည့်လာကြရာ ဟန်တာ သူ၏လည်စီးကို အလိုလိုလက်လှမ်းနေမိခဲ့၏။
ငါ့ကို အဲ့လိုကြည့်မနေကြနဲ့လေ... ဘာလို့ အားလုံးက ငါ့ကိုကြည့်နေရတာလဲ။
ဟန်တာ အကြောက်လွန်ရောဂါကို ခံစားနေရသလိုမျိုး ခံစားလိုက်မိပြီး အချင်းချင်းစကားပြောနေကြသော ဧည့်သည်များက မျက်လုံးထောင့်ကနေ သူ့ကိုစောင့်ကြည့်နေသည်ဟု ဆက်တိုက်တွေးနေမိသည်။ မားကပ်စ်က သူ့ရဲ့အတွင်းခံကို လေလံပစ္စည်းအဖြစ် အသုံးပြုခဲ့တဲ့အကြောင်း သူတို့သိသွားလို့ သူ့ကိုလှောင်ရယ်ချင်နေကြတာလား။
ဒါက ဘာကြီးလဲ! သူတို့တွေ ဖယ်ရာရီပရဟိတပွဲမှာတုန်းကလို တီရှပ်လိုပုံမှန်ပစ္စည်းတစ်ခုခုကို လေလံတင်လို့မရဘူးလား!
"ဟေး၊ ကလေးလေး... မင်းကိုကြည့်ရတာ... တကယ်အရသာရှိမဲ့ပုံလေး။"
ဟန်တာ လှည့်ကြည့်လိုက်ရာ လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ နောက်တစ်ဖက်က ရှန်ပိန်ခွက်ကိုကိုင်ရင်း သူ့ကိုပြုံး၍ကြည့်နေသော အိုဝင့်ကိုတွေ့လိုက်ရသည်။ ဆံပင်ကို အနောက်သို့လှန်တင်ထားသည့် အခြားသော အမျိုးသားဧည့်သည်များနှင့်မတူဘဲ အိုဝင်၏ဆံပင်က ပေါ့ပေါးပါးပါး ပုံသွင်းထားပြီး အတော်လေးခေတ်ဆန်နေသည်။ သူ၏ဝတ်စုံက သူ၏ပခုံးကျယ်နှင့် ကျောပြင်ကျယ်တို့ကို ထင်ပေါ်စေ၏။ ထိုလူက ပျင်းရိသောအမူအရာနှင့် အရပ်ရှည်လျားပြီး သူ၏ မြကျောက်ရောင်မျက်ဝန်းများက ခပ်ညစ်ညစ်အပြုံးတစ်ခုကို ဖော်ဆောင်နေ၏။
"တကယ်လား။ ခင်ဗျားကတော့ အရသာရှိမဲ့ပုံမပေါ်ဘူး။" ဟန်တာက တမင်အကြည့်လွှဲကာ ခန်းမထဲကို လှည့်ပတ်ကြည့်လိုက်သည်။
"ဘာလဲ။ ဗန်ဝင်စတန့်ကို ရှာနေတာလား။" အိုဝင်က အပြုံးတစ်ခုနှင့် မေးလာခဲ့သည်။
ဟန်တာ သူ့ကိုလျစ်လျူရှုထားလိုက်၏။
အိုဝင်က စားပွဲကိုမှီကာ ပို၍သိသာလာသောအပြုံးနှင့် ခေါင်းငုံ့လိုက်သည်။ "ဟန်တာ၊ မင်း သူ့ကိုရလိုက်ပြီဆိုတာနဲ့၊ အခုလိုမျက်လုံးမျိုးတွေနဲ့ သူ့နောက်ကို လိုက်စရာမလိုတော့ဘူး။ မင်း သူ့ကို ပွေ့ဖက်လို့ရမယ်၊ နမ်းလို့ရမယ်၊ မင်းအပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်တွေကိုထိန်းဖို့ ရုန်းကန်နေရတာကိုလည်း တွေ့နိုင်လိမ့်မယ်။"
ဟန်တာ အိုဝင်၏စကားများကို အာရုံမစိုက်ဖို့ သူ့ကိုယ်သူပြောနေသော်လည်း သူ၏မျက်နှာက ချက်ချင်းပူတက်လာခဲ့သည်။ ဟန်တာ ထွက်ခွာရန်ပြင်လိုက်သော်လည်း အိုဝင်က လက်လှမ်းကာ ဟန်တာ၏ကော်လံကို ဆွဲထားလိုက်၏။
"ဟန်တာ သူ့ကိုရဖို့ ငါကူညီပေးမယ်လို့ ပြောခဲ့တယ်နော်။ မင်း အဲ့လိုမလုပ်ချင်တာ သေချာလား။"
"ခင်ဗျား... ခင်ဗျား ရူးနေပြီ!"
ဟန်တာ အိုဝင်ကိုဖယ်ချဖို့ ကြိုးစားလိုက်ရာ သူ့ဘက်ကအရင်လွှတ်ပေးလာ၏။ ဟန်တာ မော့ကြည့်လိုက်သောအခါ ဝင်စတန်က သူ့အသင်း၏ဒါရိုက်တာ မစ္စတာမိုင်လာနှင့်အတူ ခန်းမထဲဝင်ရောက်လာကြောင်း တွေ့လိုက်ရသည်။ ဝင်စတန်ဝင်လာသည်နှင့် လူတိုင်း၏အာရုံကို ဆွဲဆောင်သွားလေ၏။ သူက အနက်ရောက်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏အချိုးကျသောခန္ဓာကိုယ်နှင့် ခြေတံရှည်များက ထင်းထွက်နေပေသည်။ ဝတ်စုံ၏ကော်လံ၌ သဲနုလေးများလို အလင်းအမှုန်များဖြင့် အလှဆင်ထားပြီး သူခြေလှမ်းလိုက်တိုင်း တဖျပ်ဖျပ်တောက်ပနေ၏။ ဒီဇိုင်နာက ရိုးရှင်းသောအနက်ရောင်ဝတ်စုံအား အသက်ဝင်လာအောင် ပါးနပ်စွာဖန်တီးနိုင်ခဲ့သည်။
ပုံမှန်နှင့်မတူဘဲ ဝင်စတန်က စားပွဲထိုး၏လင်ပန်းပေါ်ကနေ ရှန်ပိန်တစ်ခွက်ကို ယူလိုက်၏။ သူ၏အကြည့်များက အဓိကစပွန်ဆာများဆီ ကျရောက်မသွားဘဲ ခန်းမထဲကို လှည့်ပတ်နေခဲ့ပြီး ဟန်တာ့ကိုတွေ့လိုက်ရချိန်မှသာ ရပ်တန့်သွားခဲ့သည်။ သူ ဟန်တာ့ကိုမြင်လိုက်သည်နှင့် သူ၏မျက်လုံးများက သိသိသာသာကို ရပ်တန့်သွားသည်။
ဟန်တာ အမြန်မျက်နှာလွှဲလိုက်၏ - အိုး မဖြစ်ဘူး! PR မန်နေဂျာရွေးချယ်ပေးထားတဲ့ အနောက်တိုင်းဝတ်စုံက ဝင်စတန်ရဲ့ဝတ်စုံနဲ့ တစ်ထပ်တည်းတူနေတယ်! သူတို့က တစ်ပုံစံတည်းဝတ်ထားကြတာပဲ! အမျိုးသားများ၏ဝတ်စုံများမှာ များသောအားဖြင့် ဆင်တူသော်လည်း ကော်လံပေါ်ရှိ ထူးခြားသောဒီဇိုင်းက လွှဲမှားစရာမရှိလောက်အောင် တစ်ထပ်တည်းကျနေ၏။
ဟန်တာ စိတ်ထဲမှာ အော်ဟစ်နေမိသည်။ သူက ဘာဖြစ်လို့ ဂန္တဝင်ဆန်ဆန်မဝတ်ခဲ့ရတာလဲ!
ဝင်စတန်က ဟန်တာဆီကို တစ်လှမ်းချင်းလျှောက်လာ၏။ ဖန်ခွက်ချင်းတိုက်သံများမှာ သူ၏နှလုံးသားထဲ ပဲ့တင်ထပ်နေခဲ့သည်။ သူ မော့ကြည့်လိုက်ရာ ဝင်စတန်နှင့် အကြည့်ချင်းဆုံသွားလေသည်။ ထိုအကြည့်က ဟန်တာ၏တစ်ကိုယ်လုံးကို အပူများမြင့်တက်လာစေပြီး သူ၏သွေးများကို ပွက်ပွက်ဆူလာစေသည်မှာ ပေါက်ကွဲဖို့အသင့်ဖြစ်နေသလိုနှယ်။
ဝင်စတန်၏လက်ချောင်းများက ဟန်တာ၏နားရွက်နားမှ ဆံချည်မျှင်လေးများကို ပွတ်တိုက်သွားကြပြီး ဟန်တာတစ်ယောက်တည်း ကြားရနိုင်သည့်လေသံဖြင့် ပြောလာခဲ့သည်။ "မင်း ဂျယ်မသုံးခဲ့တာ ကောင်းတာပဲ။"
"ကျွန်တော်လည်း ဂျယ်လိမ်းရတာမကြိုက်လို့လေ။"
"မင်း ဖယ်ရာရီပရဟိတပွဲမှာတုန်းကထက် ပိုပြီးဆွဲဆောင်မှုရှိနေတယ်။"
"ခင်ဗျားက ကိုယ့်အကြိုက်ကို ပြန်ပြီးချီးကျူးချင်နေတာလား။ ကျွန်တော်တို့နှစ်ယောက်လုံး အနောက်တိုင်းဝတ်စုံတစ်ပုံစံတည်းကို ဝတ်ထားကြတယ်လေ!"
"ဒါဆို နောက်တစ်ခါကျ ကိုယ် မင်းအတွက်ရွေးပေးမယ်။"
ဝင်စတန်က ဟန်တာ့အနားသို့ ပို၍တိုးကပ်လာရာ ဟန်တာ အလိုလိုနောက်ဆုတ်မိလိုက်၏။ အေးစက်ပြီး သီးသန့်ဆန်သော ရေမွှေးနံ့သင်းသင်းက သူ့ကိုယ်ပေါ်မှာ ရစ်ဝဲနေသော်လည်း ဟန်တာ၏အဆုတ်ထဲကို ဝင်ရောက်လာသောအခါ ၎င်းမှာ တောက်လောင်လာခဲ့သည်။
မစ္စတာမိုင်လာက ဝင်စတန့်ကိုခေါ်လာသောအခါ ဝင်စတန်က 'နောက်မှ ဆက်ပြောကြမယ်' ဟုပြောလာ၏။ သူ လှည့်ထွက်သွားချိန်၌ ဟန်တာ၏နားရွက်တို့ကို ဆွဲညှစ်သွားခဲ့သေးသည်။ သူ၏နားရွက်များ နီရဲနေတော့မည်ဖြစ်ကြောင်း ဟန်တာ သတိပြုမိလိုက်ပေသည်။
"စောစောက ဝင်စတန် မင်းကိုမြင်တော့ သူဘာလုပ်ချင်သွားလဲဆိုတာ ခန့်မှန်းကြည့်မလား။" အိုဝင်၏တီးတိုးသံက ဟန်တာ့နားထဲ ဝင်ရောက်လာခဲ့သည်။
ဒီလူက မပြီးနိုင်တော့ဘူး!
"ခင်ဗျား တခြားတစ်ယောက်ယောက်နဲ့ သွားကစားစမ်းပါဗျာ! ဟိုးဘက်မှာ ဆိုင်ရယ်ကိုတွေ့လိုက်တယ်! ဒါမှမဟုတ် ဒေါ်နယ်လ်ကိုသွားစနေချည်!" ဟန်တာ ကူကယ်ရာမဲ့စွာပြောလိုက်သည်။
အိုဝင်က ရယ်လိုက်၏။ "သူက မင်းရဲ့အဝတ်တွေကို ဆွဲချွတ်ချင်နေတာ။"
"ကျွန်တော်တို့ဝတ်ထားတာက တူနေတာကိုး။"
"မင်းရဲ့လည်စီးကို ဆုတ်ဖြဲလိုက်လိမ့်မယ်။"
"ဟမ်?"
"မင်းရဲ့ရှပ်အင်္ကျီကို ဆွဲဖွင့်ပြီးတော့ သူ့ဆန္ဒအတိုင်း အကုန်လုပ်လိမ့်မယ်။"
ဟန်တာ တစ်ချိန်က ဝင်စတန်၏နှုတ်ခမ်းကို သွေးထွက်တဲ့ထိကိုက်ခဲ့ပြီး သူ့လည်ပင်းမှာ အမှတ်အသားချန်ခဲ့မိကြောင်း ရုတ်တရက် သတိရမိသွား၏။
"သူက မင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ကိုက်ချင်နေသလို ဘာအစအနမှတောင်ချန်မထားဘဲ မင်းရဲ့တစ်ကိုယ်လုံးကို မျိုချချင်နေတာ။" အိုဝင်၏အသံက အံကြိတ်ထားသည့်ကြားကနေ ထွက်ပေါ်လာသလို ဟန်တာ့အား ချေမွနိုင်သည့် အားတစ်ခုကို သယ်ဆောင်ထား၏။
"ခင်ဗျား... ခင်ဗျားက ဒါကို သဲထိတ်ရင်ဖို့ရုပ်ရှင်များမှတ်နေတာလား!" ဟန်တာာချက်ချင်းဆိုသလို ထွက်ခွာလာခဲ့လိုက်သည်။ အိုဝင်၏ရယ်သံက သူ့အနောက်မှထွက်ပေါ်လာပြီး ဟန်တာ့အား နောက်ပြန်လှည့်ကာ ဆွဲထိုးချင်စိတ်များ တဖွားဖွားထွက်ပေါ်လာစေ၏။
မားကပ်စ်က စပွန်တာတချို့နှင့် ပျော်ရွှင်စွာစကားပြောနေပြီး ဟန်တာ့ကိုမြင်သောအခါ လက်ပြလာခဲ့သည်။ ထိုစပွန်ဆာများမှာ ဇိမ်ခံနာရီများ၊ နာမည်ကြီးကားကုမ္ပဏီများ၊ အီလက်ထရောနစ်ဆက်သွယ်ရေးများနှင့် စီးကရက်ကုမ္ပဏီများတောင် ပါဝင်ပေ၏။ ဟန်တာ အပြုံးတစ်ခုဟန်လုပ်၍ ၎င်းတို့နှင့် ပြောဆိုဆက်ဆံခဲ့ရသည်။
ဟန်တာတစ်ယောက် အချိန်က ကြာရှည်လွန်းနေသည်ဟု ခံစားနေရပြီး မသိစိတ်ကနေ ဝင်စတန့်ကို လိုက်ရှာနေမိကြောင်း သူ့ကိုယ်သူ သတိပြုမိလိုက်သည်။ ဝင်စတန်၏ပုံရိပ်က ခါတိုင်းလိုအေးစက်နေသော်လည်း သူ၏လှုပ်ရှားမှုတိုင်းက ကြော့ရှင်းကာ ဂုဏ်သိက္ခာရှိသဖြင့် ဟန်တာ သူ့အား တိတ်တိတ်လေး ကြည့်နေချင်ခဲ့မိသည်။
လေလံပွဲက စတင်တော့မည်ဖြစ်ရာ ခန်းမထဲမှာ လက်ခုပ်သံများနှင့် ပြည့်နှက်သွား၏။ ဟန်တာ အခု လုပ်ချင်နေဆုံးအရာမှာ သန့်စင်ခန်းထဲပုန်းအောင်းခြင်းပင်။ သို့သော် သူ ခြေလှမ်းနှစ်လှမ်းတောင် မလှမ်းရသေးခင် အစီအစဥ်ကျင်းပသူက သူနာမည်ကိုခေါ်လိုက်သည်အား ကြားလိုက်ရလေသည်။ "ဒီနေ့ရဲ့ ပထမဆုံးလေလံပစ္စည်းက ဒီနေရာမှာရှိတဲ့ F1 ပရိတ်သတ်တိုင်းရဲ့ အာရုံကိုဖမ်းစားသွားတဲ့ ပြိုင်ကားမောင်းသမား - အီဗန်ဟန်တာရဲ့ အတွင်းခံပဲဖြစ်ပါတယ်!"
ဟန်တာ ချက်ချင်းဆိုသလို သူ၏မျက်နှာကို ဖုံးအုပ်ထားလိုက်ပြီး သူ ပြေးလမ်းပေါ်မှာ ဘယ်တော့မှ မျက်နှာမပြနိုင်တော့ဘူးဟု ခံစားလိုက်ရ၏!
ဧည့်သည်များ၏လက်ခုပ်သံများက ပို၍တောင်စိတ်အားထက်သန်လာခဲ့ပြီး ရယ်သံများနှင့်ပါ ရောယှက်နေခဲ့သည်။
"မရှက်ပါနဲ့။" ဟန်တာ့နားထဲ အေးစက်သောလေသံတစ်ခု တိုးဝင်လာခဲ့သည်။ ၎င်းမှာ ဝင်စတန်ဖြစ်ကြောင်း ဟန်တာသိပေ၏။
"လေလံတင်ခံရတဲ့ပစ္စည်းက ခင်ဗျားရဲ့အတွင်းခံမှမဟုတ်တာ...." ဟန်တာ့ခမျာ မျက်ရည်များတောင် ထွက်ကျလုမတတ်ပင်။
"ဒါပေမဲ့ မင်းရဲ့အတွင်းခံလည်းမဟုတ်ဘူးလေ။" ဝင်စတန်က ပြောလာ၏။
"ခင်ဗျား ဘယ်လိုလုပ်သိတာလဲ။"
"မင်းက ဘောင်းဘီတိုပဲဝတ်တတ်တာ၊ အကပ်တွေမဝတ်ဘူးမလား။ အဲ့ဒီအတွင်းခံတွေက မင်းကို မလုံခြုံသလိုခံစားရစေပြီး သက်သောင့်သက်သာမဖြစ်စေဘူး။" ဝင်စတန်က တည်ငြိမ်စွာပြောပြလာသည်။
အကြောင်းတချို့ကြောင့် အလွန်ရှက်ရွံနေခဲ့သော ဟန်တာတစ်ယောက် ခေါင်းပြန်မော့လာခဲ့၏။ လူတိုင်းက သူ့ကိုကြည့်နေတာတောင် ၎င်းတို့၏အကြည့်များက ကြင်နာနေကြောင်း သူ သတိပြုမိသွားသည်။
အတွင်းခံအတွက် လေလံစျေးက $၅၀၀၀ ကနေ $၁၀၀၀၀၀ အထိ မြင့်တက်သွားပြီး ဟန်တာ့အား ကြောင်အမ်းသွားစေခဲ့သည်။ ထို့နောက် လေလံအောင်သွားသူမှာ နစ်ကီဖြစ်နေကြောင်း သိလိုက်ရ၏! ဒီလူ ဘယ်တုန်းက လေလံဝင်ဆွဲလိုက်တာလဲ။ ဟန်တာ သူ့ကိုတောင် သတိမပြုမိလောက်အောင်ထိ အရှက်တရားထဲမှာပဲ အလွန်နစ်မြုပ်နေခဲ့မိသည်။
နစ်ကီက ဟန်တာနှင့် မျက်စောင်းထိုးမှာရပ်နေပြီး သူ့ကိုပြုံးပြလာသည်။ "အလှလေးနှင့် သားရဲဘီလူး"ပါတီ၏ မှတ်ဉာဏ်များက ဟန်တာ့စိတ်ထဲသို့ ပြန်လည်ဝင်ရောက်လာပြီး ၎င်းတို့မှာ နစ်ကီ၏ လက်ရှိသူရဲကောင်းဆန်ဆန်အမူအရာနှင့်တော့ ဆန့်ကျင်ဘက်ပင်။
"ကျွန်တော်... အဲ့ဒါက ကျွန်တော့်အတွင်းခံမဟုတ်တဲ့အကြောင်း နစ်ကီကိုပြောပြလိုက်သင့်လား။"
"ဘာလဲ၊ သူ ဒေါ်လာတစ်သိန်းသုံးလိုက်ရတာကို စိတ်မကောင်းဖြစ်ပြီး အတွင်းခံအစစ် သွားပေးချင်နေတာလား။" ဝင်စတန်က မေးလာ၏။
"မဟုတ်ပါဘူး!"
"ဒါဆို သူ မိန်းကလေးလိုဝတ်ပြီး မင်းကို ဒေါ်လာတစ်သိန်းသုံးအောင်လုပ်ခဲ့တဲ့ပါတီကို ပြန်စဥ်းစားကြည့်လိုက်။"
ဟန်တာ ငိုချင်သွား၏။ ဝင်စတန်က သူ ဒေါ်လာတစ်သိန်းအကြွေးတင်နေကြောင်းကို သတိပေးလိုက်သလိုပင်!
နောက်ထပ် လေလံပစ္စည်းများက ဆိုင်ရယ်ဝတ်ဆင်ခဲ့သောမက်စ်နှင့် အိုဝင်၏သွားတိုက်တံတို့အပါအဝင် ဒေါ်နယ်၊ အိုဝင်၊ ဆိုင်ရယ်၊ အန်ဇိုနှင့် ပန်နီတို့ဆီမှ ထူးထူးဆန်းဆန်းပစ္စည်းများဖြစ်သည်။ အိုဝင်တစ်ယောက် သူ၏သွားတိုက်တံကို အိမ်သာထဲမှာ ပွတ်တိုက်ခဲ့မလားဟုတောင် ဟန်တာ သံသယဝင်မိသွားသည်။
နောက်ဆုံးလေလံပစ္စည်းမှာ ဖယ်ရာရီမှလှူဒါန်းမှုဖြစ်သော ဝင်စတန်၏ ဖောင်တိန်ဘောပင်တစ်ချောင်းပင်။ ၎င်းမှာ အနက်ရောင် Parker ဘောပင်ဖြစ်ပြီး အလှဆင်ထားတာမပါသော်လည်း ဉာဏ်ရည်ဉာဏ်သွေးရှိကာ ရိုးရှင်းသောအရှိန်အဝါတို့ကို ထုတ်လွှတ်ပေးနေ၏။ ၎င်းက ကြမ်းခင်းစျေး $၁၀၀၀၀ ကနေစတင်ခဲ့သော်လည်း တစ်မိနစ်အတွင်း $၁၅၀၀၀၀ အထိ မြင့်တက်လာခဲ့သည်။
ဟန်တာတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်နေခဲ့၏။ "အိုးမိုင်ဂေါ့... ကျွန်တော် အဲ့ဒါကို လေလံဝင်ဆွဲမလို့စီစဥ်ထားတာ!" မားကပ်စ်လေလံတင်ခဲ့သော အတွင်းခံအတုနှင့်မတူဘဲ ဤဘောပင်ကို ဝင်စတန်က တကယ်အသုံးပြုခဲ့ကြောင်း ဟန်တာသိပေ၏။
"ဘာလို့ ဒါကိုဝယ်ချင်တာလဲ။" ဝင်စတန်က မေးလာ၏။
"အမှတ်တရအနေနဲ့ သိမ်းထားချင်လို့လေ!" ဟန်တာက စဥ်းစားမနေဘဲ ပြန်ဖြေခဲ့သည်။
"ဘာလို့ အမှတ်တရအနေနဲ့ သိမ်းထားချင်တာလဲ။"
"ဘာလို့လဲဆိုတော့... ဘာလို့လဲဆိုတော့ ကျွန်တော် ခင်ဗျားရဲ့လက်ရေးကို သဘောကျလို့။" ဟန်တာ ဝင်စတန်ရေးပေးခဲ့သော မှတ်စုတိုလေးများကို သိမ်းထားဆဲဖြစ်ကြောင်းကိုတော့ မပြောပြခဲ့ပေ။
"မင်းအတွက် ကိုယ့်ကို တစ်ခုခုရေးပေးစေချင်ရင် ကိုယ်ရေးပေးမှာပါ။ အဲ့ဒီဘောပင်ကို ဝယ်စရာမလိုပါဘူး။"
ဝင်စတန်၏ သိမ်မွေ့နူးညံ့သောစကားကြောင့် ဟန်တာ၏နှလုံးသားမှာ အရိုင်းဆန်စွာ ခုန်ပေါက်လာခဲ့သည်။ "ဘာမဆိုရေးပေးမှာလား။" ဟန်တာက ညစ်ကျယ်ကျယ်အပြုံးလေးဖြင့် မျက်စပစ်လိုက်သည်။
"အင်း၊ အဲ့လိုဆို မင်းရဲ့အကန့်အသတ်တွေကို ကိုယ်မြင်ခွင့်ရတာပေါ့။" ဝင်စတန်၏နှုတ်ခမ်းပေါ်မှ အပြုံးရေးရေးလေးက ဟန်တာ့အား ကလေးတစ်ယောက်အဖြစ်သတ်မှတ်ထားကြောင်း ညွှန်ပြနေလေ၏။
ထိုအချိန်အတွင် နစ်ကီက ၎င်းတို့နှစ်ယောက်ရှိရာ လျှောက်လာခဲ့သည်။ "မင်းတို့နှစ်ယောက် ဆင်တူဝတ်လာကြတာပဲ။" နစ်ကီက မျက်ခုံးပင့်ကာမေးလာ၏။ "ဒါပေမဲ့ မင်းရဲ့အတွင်းခံက ငါ့အပိုင်ဖြစ်သွားပြီနော်။"
ဟန်တာ ရှက်ရွံသလို ခံစားလာရပြန်သည်။ "ခင်ဗျား... အဲ့ဒါက ကျွန်တော့်ဟာမဟုတ်ဘူး။"
နစ်ကီက ဟန်တာ၏ကော်လံကို ခပ်ဖွဖွဆွဲကာ သူ၏ဦးခေါင်းလေးကိုစောင်းငဲ့၍ လေးလေးနက်နက်ပြောလာသည်။ "မင်းရဲ့ဟာမဟုတ်ဘူးဆိုတာကို ငါသေချာပေါက်သိတာပေါ့။ မင်းက အရမ်းရှေးရိုးဆန်တာဆိုတော့ ဘောင်းဘီတိုဝတ်ရတာကို ပိုပြီးသဘောကျလောက်တယ်။"
ထိုအခါ ဟန်တာတစ်ယောက် သူ့ဘေးမှာရပ်နေသော ဝင်စတန့်ကိုကြည့်လိုက်ပြီး ထိုအတွင်းခံက သူ့ဟာမဟုတ်ကြောင်း ၎င်းတို့နှစ်ယောက်လုံးက မည်သို့သိသလဲဟု စဥ်းစားနေလေ၏။
ဝင်စတန်က လက်ဆန့်ထုတ်ကာ နစ်ကီ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ နစ်ကီ့မှာ ရွေးချယ်စရာမရှိတော့ဘဲ ဟန်တာ၏ကော်လံအား လွှတ်ပေးလိုက်ရ၏။
"မင်းသာ အဲ့အတွင်းခံကို တကယ်ဝတ်ခဲ့မယ်ဆိုရင် အဲ့ဒါကိုရဖို့အတွက် ငါ ဒေါဝါလီတောင်ခံရလိမ့်မယ်။" နစ်ကီက ဟန်တာ့ကို မျက်စိမှိတ်ပြလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။
***
Aurora Novel Translation Team