Chapter (8)
စာသင်ခန်း (၈)
"ပြေး!"
ယန်ကျစ်ချန် အော်ပြောပြီးသည်နှင့် နှစ်ယောက်သား လျှပ်စီးကြောင်းအလား အရှိန်ဖြင့် လှည့်ကာ ထွက်ပြေးလာခဲ့ကြသည်။
သူတို့၏ တဟုန်ထိုး ခြေလှမ်းများသည် လေးလံပြီး အပြောင်းအလဲမြန်သော အသံတစ်ခုနှင့် ရောယှက်နေခဲ့သည်။ အနောက်ဘက်မှ ခြေသံတို့မှာ အမြဲတစေ ရှောင်လွှဲ၍မရသော နတ်ဆိုးတစ်ကောင်အလား။
အဲဒါ ကျူးယန်လား။
ယန်ကျစ်ချန်၏ နဖူးပေါ်မှလည်း ချွေးတလုံးလုံး စီးကျလာသည်။
သူ မျက်လုံးထောင့်ကနေ လှည့်ကြည့်လိုက်ချိန် ကြွေပြားတွင် ထင်ဟပ်နေသော ကျူးယန်၏ မှုန်ဝါးနေသော ရုပ်ပုံလွှာကို တစ်ချက် လှမ်းမြင်လိုက်ရသည်။ ထိုသူ၏ အရိုးအဆစ်များသည် ထူးထူးဆန်းဆန်း ကွေးကောက်နေပြီး မျက်နှာမှာ စိမ်းပြာရောင်၊ မျက်လုံးများက အနက်ရောင်အတိဖြင့် ယန်ကျစ်ချန်ကို စူးစိုက်ကြည့်နေသည်။
အဲဒါက လူသားရောဟုတ်ရဲ့လား။
ယန်ကျစ်ချန် တစ်ကိုယ်လုံး အေးစက်လာသည်။ တစ်ဖက်လူ၏ ကြက်သီးထဖွယ် အကြည့်ကို ခေါင်းလှည့်ရှောင်လိုက်ပြီး ရှေ့သွားမည့်လမ်းကိုသာ အာရုံစိုက်လိုက်၏။
မနီးမဝေးမှာ လမ်းဆုံလမ်းခွ တစ်ခုရှိသည်။ ထောင့်တစ်ဝိုက် အရောက်တွင် လှေကားထစ်ကို သူတို့မြင်ရပေလိမ့်မည်။ ထို့နောက် သူတို့ အခြားထပ်သို့ ပြေးသွားလို့ရချေပြီ။ ယန်ကျစ်ချန် အရူးအမူး တွက်ချက်နေ၏။ ပြီးလျှင် ထိုနေ့ကဲ့သို့ပင် သူသည် အန္တရာယ်ကို ရှောင်ရန် စာသင်ခန်းထဲတွင် ခဏတာ ပုန်းနေလိုက်မည်။
ထိုအကွက်ကို သူတွေးလိုက်သည့်အခိုက် လမ်းဆုံလမ်းခွသည် ပို၍နီးကပ်လာခဲ့သည်။ ယန်ကျစ်ချန် ထိုနေရာကို စူးစူးစိုက်စိုက် အာရုံစိုက်နေချိန်၌ ထူးဆန်းသော အသွင်အပြင်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ယန်ကျစ်ချန်မှာ သူ၏ အမြင်အာရုံများ မှုန်ဝါးသွားလေသလားဟုပင် ထင်သွားမိ၏။ လမ်းဆုံလမ်းခွ အလယ်တွင် ပုံသဏ္ဌာန်တစ်ခု ရုတ်တရက်ပေါ်လာသည်။
'ဘာတွေဖြစ်နေတာလဲ။'
'သွေးအလောင်း နောက်တစ်လောင်းလား။'
အရင်က အနီးကပ်မကြည့်ဝံ့ခဲ့သော်လည်း မူလသွေးအလောင်းဟာ တုတ်ပိုးကောင်လို အရပ်ရှည်ပြီး သွယ်လျကြောင်းတော့ မှတ်မိနေဆဲ။ သို့သော် ဤသွေးအလောင်းကတော့ ထူးထူးခြားခြား ပါးလွှာပြီး ရှုံ့သွားပုံရသည်။
သွေးအလောင်း အသစ်တစ်ကောင်ပင်။
၎င်းက ယန်ကျစ်ချန်၏ နှလုံးသားကို တစ်ခဏအတွင်း အေးခဲသွားစေခဲ့သည်။ သူနှင့် ရွှီကျားရန်တို့ ရုတ်ခြည်း ရပ်လိုက်ရပြီး ဘယ်လမ်းသွားရမည်ကိုပင် မသိတော့ပေ။
လမ်းမအလယ်မှာ သွေးအလောင်းက ပိတ်ရပ်နေ၏။
အမှောင်ထဲတွင် ထူးထူးခြားခြား ကြည်လင်နေသည့် မျက်လုံးတစ်စုံမှလွဲ၍ ၎င်း၏တစ်ကိုယ်လုံးမှာ အနီရင့်ရင့်ပင်။ ထူထဲပြီး စေးကပ်နေသော သွေးများက သူ့ခန္ဓာကိုယ်မှ မြေပြင်ပေါ်သို့ စီးကျလာကာ ၎င်း၏ အနံ့အသက်ကလည်း လေထဲ ပြည့်လျှံနေသဖြင့် အာရုံကြောများကို ရှုပ်ထွေးစေလေသည်။
“အဲ…အဲဒါ.…” ရွှီကျားရန်၏ အသံမှာ အလွန်အမင်း တုန်ရီလျက်။
ယန်ကျစ်ချန် တစ်ဖက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။
မနီးမဝေးတွင် 'ကျူးယန်' သည် သူတို့အနား ချဉ်းကပ်လာသည်နှင့်အမျှ ဖြည်းညင်းစွာ ပုံပျက်လာ၏။
သူ၏မျက်လုံးများသည် ပြင်းထန်သော သေမင်းတမန်ကဲ့သို့ ရောင်ဝါများ ဖြာထွက်နေ၏။ ယန်ကျစ်ချန် ပြန်လှည့်ကြည့်လိုက်သောအခါ ပိန်ပိန်ပါးပါး သွေးအလောင်းသည်လည်း တဖြည်းဖြည်း နီးကပ်လာတာကို တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်သည် သေစေနိုင်လောက်သော အခြေအနေထဲသို့ အတင်းအကျပ် တွန်းပို့ခံလိုက်ရပြီပင်။
သူတို့ကြားရှိ အကွာအဝေးမှာ မထင်ထားသော အရှိန်ဖြင့် ကျုံ့လာချေပြီ။ သူတို့တွင် တွန့်ဆုတ်နေရန် အချိန်မရှိပေ။
လည်ပင်းကို ညှစ်သတ်သည်ဖြစ်စေ အရေခွံချွတ်သည်ဖြစ်စေ အားလုံးအတူတူပင်။
ဒီတော့…
'ကျူးယန်' ၏ ကြောက်စရာကောင်းသော အသက်မဲ့မျက်လုံးများကို ပြန်စဥ်းစားလိုက်မိသည်။
"သွား!" သူ တစ်ဖက်က ရွှီကျားရန်ကို ဆွဲထုတ်လိုက်ကာ။
"ဟိုဘက်!"
ရွှီကျားရန်လည်း တုံ့ဆိုင်းမနေတော့ချေ။ သူ ယန်ကျစ်ချန်နောက်သို့ လိုက်သွားပြီး နှစ်ယောက်သား သွေးစွန်းနေသော အလောင်းကောင်ငယ်လေးဆီသို့ ပြေးဝင်သွားကြသည်။
၎င်းဘာသာ အလောင်းကောင်၏ ကြောက်မက်ဖွယ် အသွင်အပြင်ဖြစ်နေပါစေ ဤရွေ့လျားနေသော အလောင်းကောင်လေးသည် တုန်လှုပ်ချောက်ချားဖွယ် 'ကျူးယန်' ထက် ပိုမိုလွယ်ကူသော လွတ်မြောက်ရာ လမ်းကြောင်းဖြစ်နေတာတော့ ထင်ရှား၏။
ယန်ကျစ်ချန်၏ စိတ်ကူးယဉ်မှု ဖြစ်ကောင်းဖြစ်ဟန်ပင်။ အနှီအလောင်းကောင်က အနည်းငယ် ရပ်တန့်သွားသည်။ ၎င်း ရပ်နေခြင်းကို အခွင့်ကောင်းယူ၍ နှစ်ယောက်သား အလောင်းကောင်ကို အလျင်အမြန် ရှောင်ထွက်ခဲ့၏။
သို့သော် ရွှီကျားရန်တစ်ယောက်ကတော့ သိပ်ကံမကောင်းခဲ့ချေ။ အလောင်းလက်က ရုတ်တရက် ထွက်လာပြီး သူ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပေသည်။
စေးကပ်နေသော အသားများက သူ့လက်ကောက်ဝတ်ပေါ်သို့ စီးကျသိမ်းပိုက်လာပြီး ကျန်လက်တစ်ဖက်ကိုတော့ ဖြန့်ကာ ချွန်ထက်သော ဓားကဲ့သို့ လက်သည်းများကို ဖော်ထုတ်လိုက်၏။ ၎င်းတို့က ရွှီကျားရန်၏ နဖူးတည့်တည့်ကို ချိန်ရွယ်ထားခြင်းပင်။
"ယန်ကျစ်ချန်!"
ရွှီကျားရန် ကြောက်လန့်တကြားနှင့် အသံကုန် အော်ဟစ်ပစ်လိုက်သည်။ တစ်ဖက်က ကြောက်စရာကောင်းသော လက်သည်းများကို ရှောင်ရင်း တစ်ဖက်ကလည်း အလောင်းကောင်လက်ထဲရှိ သူ့လက်ကို အသည်းအသန် ပြန်ဆွဲထုတ်နေရ၏။
ယန်ကျစ်ချန် ပြေးနေရာမှ ရုတ်ခြည်း ရပ်သွားခဲ့သည်။ သူ တုံ့ဆိုင်းသွားသည်က တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်မျှလေးသာ။ ထို့နောက် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး အလောင်းဘက်ကို လှည့်ကန်ပစ်လိုက်၏။
အလောင်းကောင်ထံမှ စူးစူးဝါးဝါး အော်သံကြီး ထွက်ပေါ်လာသည်။
အသံကိုတော့ ယန်ကျစ်ချန် သိသိသာသာ ရင်းနှီးနေသလိုပင်။ သို့ပေမဲ့ သူ သိပ်ပြီးဂရုမစိုက်နိုင်ခဲ့။ တစ်ဆက်တည်း ဒူးခေါင်းအနောက်ဘက်ကိုပါ အားပြင်းပြင်းဖြင့် ထပ်ကန်ထည့်လိုက်သည်။
လက်ကောက်ဝတ်ပေါ်ရှိ သွေးအလောင်း၏ ဆုပ်ကိုင်ထားမှု ပြေလျော့သွားသည်နှင့် ရွှီကျားရန်လည်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူသည် သွေးအလောင်း၏ လက်ဖမိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး လက်ချောင်းထိပ်များကို အနည်းငယ် ဖွင့်ခိုင်းလိုက်သည်။
'အဲ့လောက်တောင် လွယ်တယ်လား။'
ယန်ကျစ်ချန်၏ နှလုံးခုန်သံတို့ မြန်ဆန်သွားသည်။
"သွား! မြန်မြန်သွား!"
ရွှီကျားရန်မှာတော့ သွေးအလောင်း၏ ချုပ်ကိုင်မှုမှ လွတ်မြောက်ပြီးသည်နှင့် ချက်ချင်းပင် ယန်ကျစ်ချန်ကို ရှေ့သို့ ဆွဲထုတ်သွားတော့သည်။
...
ယန်ကျစ်ချန် မျိုမချခဲ့ရသည့် သံသယများကတော့ ပို၍ပင် ကြီးမားလာသည်။ သူတို့သည် လှေကားမှ အပြေးအလွှား ပြေးဆင်းကာ အနီးဆုံး သန့်စင်ခန်းထဲတွင် ဝင်ပုန်းနေလိုက်ကြ၏။
'ကျူးယန်' ၏ခြေရာများနှင့် သွေးအလောင်းများ ပျောက်ကွယ်သွားခဲ့သည်။ ကြည့်ရသည်မှာ မလိုက်လာကြပုံပင်။ သို့သော်လည်း သန့်စင်ခန်းထဲတွင် အချိန်အတော်ကြာ ပုန်းနေပြီးနောက်တွင်မှ နှစ်ယောက်သား သက်ပြင်းချနိုင်ခဲ့သည်။
ရွှီကျားရန်သည် ရေပိုက်ခေါင်း တစ်ခုစီကို လိုက်ဖွင့်ကြည့်သော်လည်း ရေတစ်စက်မှ ထွက်မလာပေ။
“ထင်ထားသလိုပဲ ရေမရှိဘူး။”
သူ မျက်မှောင်ကြုတ်ကာ စေးကပ်နေသော ကြွက်သားတစ်သျှူးများနှင့် သူ့လက်ကောက်ဝတ်များမှ သွေးများကို သူ၏အဝတ်များပေါ်သို့သာ သုတ်ရတော့၏။
ယန်ကျစ်ချန်မှာတော့ မတိုင်ခင်က ဖြစ်ပျက်ခဲ့သည့် အရာများကို တွေးတောနေဆဲ။
ယန်ကျစ်ချန် အသံတိုးတိုးဖြင့်: "ငါတို့ ဘာလို့ ဒီလောက်လွယ်လွယ်နဲ့ ထွက်ပြေးလာနိုင်တာလဲ။ ငါ နှစ်ချက်ပဲ ကန်ခဲ့တာ။"
ရွှီကျားရန်က ခဏရပ်လိုက်ရင်း: “ဟုတ်သားပဲ။”
ယန်ကျစ်ချန် မောဟိုက်စွာ နှုတ်ခမ်းသပ်ကာ: "ငါအမြဲတမ်း ခံစားနေရတာ။ ဒါက သရဲတစ္ဆေလုပ်သင့်တဲ့ အရာမဟုတ်ဘူး။ ကျူးယန် သေသွားတဲ့ပုံစံက ထူးဆန်းတယ်။ ဒါပေမဲ့ ငါတို့ကျ ဘာလို့ ဒီလောက်လွယ်လွယ်နဲ့ လွတ်မြောက်ခဲ့တာလဲ။"
“ဟုတ်တယ်။” ရွှီကျားရန် မျက်မှောင်ကြုတ်လိုက်သည်။
“ပြီးတော့ ငါ ခံစားရတယ်…”
ရွှီကျားရန်က သူ၏နဖူးကို ထိကြည့်ရင်း
"အဲ့ဒါက ငါ့ကို တစ်ခုခု လုပ်ချင်နေသလိုပဲ။"
ထို့နောက် နှစ်ယောက်သား ငြိမ်ကျသွားသည်။
ကျူးယန်၌ ဆိုးရွားသော အန္တရာယ်တစ်ခု ကျရောက်ခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုထူးဆန်းသော သွေးအလောင်းအသစ်သည် ကျောင်းအဆောက်အအုံပေါ်တွင် ကြောက်မက်ဖွယ်အရိပ်တစ်ခုအလား ထပ်မံ ဖုံးလွှမ်းထား၏။
'အလောင်းကောင်အသစ်က ဘယ်ကလာတာလဲ။ ဧကန္တ... တခြားတစ်ယောက်ယောက် သေသွားပြီလား။'
ယန်ကျစ်ချန် တွေးတောပြီး မော့ကြည့်လိုက်သောအခါ အပေါ်က အစွန်းအထင်းများဖြင့် မှန်ကို တွေ့လိုက်ရသည်။ ရေချိုးခန်းသည်လည်း အပြင်ကအတိုင်း အညီအမျှ မှောင်နေသောကြောင့် မှန်သည် အတွင်းရှိ အရာဝတ္ထုများ၏ အကွက်များကိုသာ ရောင်ပြန်ဟပ်နိုင်၏။
ဤပတ်ဝန်းကျင်ကြောင့် ယန်ကျစ်ချန်တစ်ယောက် မှန်များဆီသို့ ကြောက်လန့်တကြား လှမ်းကြည့်မိရာ ထိတ်လန့်လာသလို ခံစားလိုက်ရသည်။ သူ အဝေးကို လှမ်းကြည့်ဖို့ ကြိုးစားလိုက်သော်လည်း ထိုခဏမှာပင် မှန်က ရုတ်တရက် လုံးဝ မည်းသွားချေပြီ။
အလင်းမှိန်မှိန်ကြောင့် မည်းနေခြင်းမဟုတ်။ ၎င်းသည် ထူးဆန်းပြီး တွင်းနက်နှင့်တူသော အရောင်ကြောင့် မည်းနေခြင်း ဖြစ်သည်။
ထိုအချိန်တွင် ယန်ကျစ်ချန်၏ အတွင်းနှလုံးသားထဲမှ ကြီးမားသော အကြောက်တရားတစ်ခု ထွက်ပေါ်လာသည်။
၎င်းမှာ 'ကျူးယန်' ထက် ပိုကြောက်စရာကောင်းသော ခံစားချက်၊ သွေးအလောင်းများထက် ပိုကြောက်စရာကောင်းသော ခံစားချက်တစ်ခုပင်။ အလွန်ဆိုးရွားသော အရာတစ်ခုသည် အိမ်သာအတွင်း ဖြစ်ပျက်နေသမျှကို မှန်ထဲမှ အေးစက်စွာ ကြည့်နေသလိုပင်။
ယန်ကျစ်ချန်သည် တစ်ခဏမျှ အသက်ရှူရန်ပင် မေ့သွားကာ မှန်ကို စိုက်ကြည့်ရင်း သူ၏စိတ်တစ်ခုလုံးကို ကြောက်ရွံ့များကသာ မင်းမူထား၏။
ရုတ်တရက် သူ၏အမြင်အာရုံတို့ မှုန်ဝါးသွားသည်။
အမြင်အာရုံ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသောအခါ မှန်သည်လည်း ၎င်း၏ မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားလေပြီ။
ညစ်ပတ်နေသော မှန်တစ်ချပ်နှင့် မည်းမှောင်နေသော အခန်း။
ထိုအခိုက် ရွှီကျားရန်လည်း တစ်ဖက်ရှိ ယန်ကျစ်ချန်၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိထားမိသွား၏။
"ယန်ကျစ်ချန် ဘာဖြစ်နေတာလဲ။"
"ဘာမှမဟုတ်ပါဘူး။ အမြင်မှားသွားတာနေမယ်။"
ယန်ကျစ်ချန် ပခုံးများကို ပွတ်သပ်လိုက်၏။ ထိုမည်းမှောင်နေသော တွင်းနက်ကို မြင်လိုက်ရချိန်က တိုတောင်းလွန်းလှသည်။ ၎င်းကို သူတကယ်ပဲ မြင်မိသလား သို့မဟုတ် အတွင်းစိတ် တင်းမာမှုကြောင့်ဖြစ်သည့် ထင်ယောင်ထင်မှား တစ်ခုလား ဆိုသည်အား သူကိုယ်တိုင်လည်း မသေချာချေ။
ဒါ့အပြင်... ကြောက်စရာကောင်းတဲ့ အရာတစ်ခု...
အကယ်၍ သူသည် သွေးအလောင်းကို ရင်ဆိုင်ရပါက ရုန်းကန်ချင်စိတ် ရှိပေလိမ့်မည်။ သို့သော် လက်ရှိ ထိုအရာဆိုလျှင်တော့ ခုခံရန် အနည်းငယ်မျှပင် မစဉ်းစားနိုင်လောက်ပေ။ ထို့ကြောင့် လှည့်စားမှုတစ်ခုသာ ဖြစ်ပါစေဟု မျှော်လင့်မိသည်။
ယန်ကျစ်ချန်၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ရွှီကျားရန် ခဏလောက် တုံ့ဆိုင်းသွားသော်ငြား နောက်ဆုံးမှာတော့ ထိုကိစ္စကို ထပ်မမေးခဲ့။
"ငါတို့ အပြင်ထွက်ကြမလား။"
သူက အကြောင်းအရာကို ပြောင်းလိုက်သည်။
"အင်း။ ငါတို့ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး။"
ယန်ကျစ်ချန် ပြတ်ပြတ်သားသား ပြောပြီး ခေါင်းညိတ်လိုက်သည်။
အသစ်ပေါ်လာသော သွေးအလောင်းမှာ အလွန်ဆိုးရွားသော လက္ခဏာဖြစ်သည်။ 'ဘယ်လိုဖြစ်လာတယ်' ဆိုသည်အား သူတို့ မသိကြသေးချေ။
ရွှီကျားရန်: "သွားကြစို့။ ဒီတစ်ခါတော့ သတိထားပြီး အသံမထွက်အောင် ကြိုးစားရမယ်။”
သန့်စင်ခန်းမှ ထွက်ကာ အပေါ်ထပ်သို့ ပြန်တက်လာကြသည်။
လှေကားထစ်တစ်ခုလုံး တိတ်ဆိတ်နေ၏။ သူတို့၏ ခြေသံများကိုတောင် မကြားရသလောက်ပင်။ ယန်ကျစ်ချန်၏ အာရုံကြောများသည် သူ၏ဘေးနားမှ ပတ်ဝန်းကျင်ကိုသာ အနီးကပ် စောင့်ကြည့်နေခဲ့သည်။
တတိယထပ်၊ စတုတ္ထထပ်…
ပဉ္စမထပ်သို့ ရောက်၍ လှေကားထစ်ရှိ ထောင့်တစ်ခုကို ကွေ့ပတ်လိုက်သောအခါ သူ၏အကြည့်များသည် ကြမ်းပြင်ပေါ်၌ ထင်သာမြင်သာ ရှိသော သွေးအိုင်ဆီသို့ ရုတ်တရက် ကျရောက်သွားသည်။
သွေးအိုင်သည် စင်္ကြံတစ်လျှောက် သိသိသာသာ ပျံ့နှံ့ထား၏။ ၎င်း၏အရောင်မှာ ကြက်သွေးရောင်ဖြစ်ပြီး ရင်းနှီးသော ညှော်နံ့များလည်း ပျံ့နေသည်။ နှစ်ယောက်သား အချင်းချင်းကြည့်ကာ တစ်ပြိုက်နက်တည်း ခေါင်းညိတ်ပြရင်း မဆိုင်းမတွ ရှေ့ကို တိုးလာခဲ့ကြသည်။
သေချာသည်ကတော့ ၎င်းဟာ မကြာသေးခင်ကမှ သေဆုံးသွားသူ၏ သွေးပင်။
'ဒါ ဘယ်သူ့သွေးလဲ။'
ယန်ကျစ်ချန်၏ အသက်ရှူသံများ မြန်ဆန်လာသည်။
ယခုအခါတွင် သူသည် သူ၏ကြောက်ရွံ့မှုကို တွန်းလှန်နိုင်ခဲ့ပြီး ပတ်ဝန်းကျင်ကို အသေအချာ စစ်ဆေးခဲ့သည်။ သို့နှင့် နောက်ဆုံးတော့ တကယ်ပင် တစ်ခုခုကို ရှာတွေ့ခဲ့၏။
သွေးအိုင်ထဲတွင် လဲလျောင်းနေသော ရော်ဘာကြိုးတစ်ချောင်းသာ။ အနှီကြိုးပေါ်တွင် ဝက်ဝံဆွဲသီးလေးတစ်ခုကို ချိတ်ဆွဲထားလေသည်။ ယန်ကျစ်ချန်မှာ ထိုရော်ဘာကြိုးကို မည်သူပိုင်ကြောင်း သေချာမှတ်မိနေသေးသည်။
သူ သိုလှောင်ခန်းထဲတွင် သူ(မ)နှင့်အတူ ပုန်းနေခဲ့သည်။
ပြီးတော့ ထိုအချိန်၌ သူ(မ)၏ဆံပင်များက ပြေနေခဲ့လေပြီ။
ယန်ကျစ်ချန်ခမျာ ထိန်းချုပ်မရသော အေးစက်မှုများ သူ၏ကိုယ်ထဲ တိုးဝင်လာသလိုပါ ခံစားလိုက်ရသည်။
အကွာအဝေးတစ်ခုကို လှမ်းကြည့်လိုက်သော် ကြွေပြားများပေါ်၌ သွေးစွန်းနေသော ခြေရာများ ပေါ်လာပြီး ဟိုးအဝေးသို့ ထွက်ခွာသွားသည်အား တွေ့လိုက်ရလေ၏။
"ဧကန္တ...အဲ့ဟာက ဝမ်ရှင်းယွီလား။"
ရွှီကျားရန်၏ တုန်တုန်ယင်ယင် အသံက သူ့နောက်ကနေ ထွက်လာသည်။ ယန်ကျစ်ချန် ပြန်ဖြေချင်သော်လည်း ပါးစပ်ကို ဖွင့်လိုက်သည့်အခိုက် မျက်လုံးကန်းလုမတတ် စူးရှသော အလင်းရောင်က ရုတ်တရက် လျှံတက်လာ၏။
သူ၏အမြင်အာရုံထဲ အရာအားလုံး လုံးဝ ဖြူစင်သွားခဲ့သည်။
မိုးလင်းသွားပြီ။
ခဏတာ အမြင်အာရုံ ဆုံးရှုံးပြီးနောက် ယန်ကျစ်ချန် မျက်လုံးများကို ဖျတ်ခနဲ ဖွင့်လိုက်သည်။
အိပ်မက်ကနေ နိုးထလာပြီ။
ဤအချက်ကို သဘောပေါက်ပေါက်ချင်း ချက်ချင်းထထိုင်လိုက်ပြီး ကြမ်းပြင်ပေါ်ကနေ သူ့ကိုယ်သူ ရုန်းထစေကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သန်းခေါင်ယံအချိန်၌ သူတို့သည် ဟိုတယ်အခန်းရှိ နေရာအနှံ့အပြား၌ အလျင်အမြန် အိပ်ပျော်သွားခဲ့ကြသည်။
သူ၏အကြည့်များက ကုတင်ပေါ်တွင် လဲလျောင်းနေသော ဝမ်ရှင်းယွီဆီ ချက်ချင်း ရောက်သွား၏။
သူ(မ)ခန္ဓာကိုယ် လှုပ်ရမ်းသွားသည်ကို သူ ကြည့်နေမိသည်။
ရွှီကျားရန်လည်း နိုးလာသည်။
"ဝမ်ရှင်းယွီ!"
ရွှီကျားရန် စိုးရိမ်တကြီး အော်ဟစ်ပြီး အတင်းလှုပ်နှိုးလိုက်သည်။ ဝမ်ရှင်းယွီ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး အသံတိုးတိုးလေးသာ ထွက်လာ၏။ ၎င်းမှာ ဆွံ့အသူတစ်ယောက်၏ အသည်းအသန် အော်ဟစ်သံကဲ့သို့ သူ(မ)၏ လည်ချောင်းမှ ထွက်လာသော အူသံတစ်သံပင်။ ထိုစဥ် သူ(မ)နဖူးပေါ်၌ ရှရာတစ်ခု ပေါ်လာပြီး သွေးများ စီးကျလာသည်။
စာရွက်များလည်း ချက်ချင်းပင် အနီရောင် စွန်းထင်းသွားသည်။ ကျန့်ယွိဟန် ထိတ်လန့်စွာ အော်လိုက်ကာ အနီးနားတွင် ရပ်နေသော ရွှီကျင့်လည်း ကြောက်အားလန့်အားဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
သွေးများက ဆက်လက် ထွက်နေဆဲ။
အက်ရှရာသည်လည်း တဖြည်းဖြည်း ပိုကျယ်လာ၏။ သူတို့အားလုံး ကြောင်ကြည့်နေမိစဥ်မှာပင် ဝမ်ရှင်းယွီ၏ ခန္ဓာကိုယ်မှ ပါးလွှာသော အရေပြားအလွှာသည် တဖြည်းဖြည်းချင်း ကွာကျလာခဲ့လေသည်။
ယန်ကျစ်ချန်၏ မျက်နှာတစ်ခုလုံး ဖျော့တော့သွားသည်။
***
Aurora Novel Translation Team