Chapter (14.2)
စာသင်ခန်း (၁၄.၂)
ယန်ကျစ်ချန်၏ မူးဝေနေသော စိတ်သည်လည်း ဖြည်းညင်းစွာ ရှင်းလင်းသွားသည်။
သူ မြေပြင်မှ ဖြည်းညင်းစွာ ထလိုက်စဥ် စာသင်ခန်းအတွင်း တိုးဝင်လာသော သွေးအလောင်းများ အပြင်ဘက်သို့ ဖြည်းညင်းစွာ ဆုတ်ခွာသွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သွေးများဖြင့် ဖုံးလွှမ်းနေသော ရွှီကျားရန် ပြန်ပေါ်လာ၏။
သူသည် အခြေအနေ မကောင်းသော်လည်း လှုပ်ရှားနိုင်သေးသည်။ ရုန်းကန်ထရင်း မျက်နှာမှ သွေးများကို သုတ်လိုက်နေချိန်၌ မျက်စိရှေ့မှ မြင်ကွင်းကြောင့် ရုတ်ခြည်း အထိတ်တလန့် ဖြစ်သွားရပြန်သည်။
“ဒါ ဒါ သူ…”
ရွှီကျားရန်ခမျာ တုန်ရီနေသော လက်များဖြင့် စုန့်ကွမ်းနန်ကို လက်ညှိုးထိုးကာ
“ဒါက စုန့်....စုန့်ကွမ်းနန်လား? သူ…”
ယန်ကျစ်ချန် အသက်ပြင်းပြင်း ရှူလိုက်သည်။
“လျှို့ဝှက်ထားပေးပါ။” သူ ရွှီကျားရန်ကို လေးနက်စွာ ကြည့်လိုက်ပြီး :"ဘယ်သူ့ကိုမှ မပြောပါနဲ့။"
“ကောင်းပြီ…”
ရွှီကျားရန်မှာ တုန်လှုပ်နေဆဲ: “သူက…”
သူ၏ပါးစပ်မှ "သေသွားပြီလား" ဟူသော စကားလုံးကို ပြန်မျိုချလိုက်ကြောင်း ယန်ကျစ်ချန် သိသည်။
တစ်ဖက်တွင်မူ သွေးအလောင်းပေါ်ရှိ အရိုးများသည် တစတစ ပြုတ်ကျလာကာ ကြမ်းပြင်ပေါ်တွင် အသားပုပ်များ ဖုံးလွှမ်းသွားသည်။
“ဒီနေ့ ဒီဟာတွေက အရင်က သူ့ဆီက အသတ်ခံရတဲ့ လူတွေ။” သူက ဆိုသည်။
“ဟုတ်တယ် ဟုတ်တယ်။” ရွှီကျားရန်က ခေါင်းတညိတ်ညိတ်ဖြင့် :"ကြောက်စရာကောင်းတယ်... တကယ် ကြောက်စရာကောင်းတယ်။ ငါ စောနက ငါ့ကိုယ်ငါ အသက်မရှင်နိုင်တော့ဘူးလို့တောင် ထင်ထားတာ။"
ခွပ်!
စူးရှသော အသံက သူတို့စကားဝိုင်းကို အနှောင့်အယှက် ဝင်ပေးလိုက်လေသည်။
ထိုအခိုက် သွေးစွန်းနေသော အလောင်း၏ ကျန်ဦးခေါင်းခွံသည်လည်း ပေါက်ကွဲသွား၏။ လက်ရှိအချိန်၌ စုန့်ကွမ်းနန်တစ်ယောက်သာ စာသင်ခန်း၏ အလယ်ဗဟိုတွင် ရပ်နေကာ ချာခနဲ လှည့်ကြည့်လာသည်။ သူ၏ အေးစက်သော အနက်ရောင် သူငယ်အိမ်များသည် ယန်ကျစ်ချန်ကို စူးစူးရဲရဲ စိုက်ကြည့်နေပေသည်။
ယန်ကျစ်ချန်ခမျာ ရုတ်ခြည်း အေးခဲသွားရသည်။
ထိုအကြည့်များက သူ့နှလုံးသားကို ကြောက်ရွံ့တုန်လှုပ်စေ၏။
'မနေ့က... စုန့်ကွမ်းနန် သူ့ကိုသတ်ဖို့ ကြိုးစားခဲ့တယ်။'
'အခု သူဘာဆက်လုပ်ရမလဲ။'
သူသည် အလိုလို နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ လွတ်မြောက်ချင်လာသည်။ သို့သော် ရုတ်တရက် အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး စုန့်ကွမ်းနန်က သူ့ရှေ့၌ ချက်ချင်း ပေါ်လာသည်။
လေထုကြီး အေးစက်သွားစဥ် ယန်ကျစ်ချန်လည်း အနည်းငယ် မူးဝေသွားကာ စုန့်ကွမ်းနန်ကို ကြောက်ကြောက်လန့်လန့်ဖြင့် မော့ကြည့်လိုက်မိသည်။
ရွှီကျားရန်ခမျာလည်း လန့်သွားသောကြောင့် ခြေလှမ်းပေါင်းများစွာ နောက်ပြန် ဆုတ်သွားခဲ့မိသည်။ သို့ပေမဲ့လည်း စုန့်ကွမ်းနန်ကတော့ သူ့ကို စိတ်မဝင်စားဘဲ ယန်ကျစ်ချန်ကို စေ့စေ့ကြည့်ပြီး တစ်ဖက်လူ၏ပခုံးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်၏။
ကြီးမားလှသော စွမ်းအားကြီးသည် သူ၏ပခုံးထဲရှိ အရိုးများကိုပင် အက်ကွဲသွားစေခဲ့သည်။ ယန်ကျစ်ချန် သွားများကို အံကြိတ်ရင်း ခြေရောလက်ပါ တုန်ယင်လာသည်။
"ငါမင်းကို မသတ်ပါဘူး။"
"မင်း ကိုယ့်ကို သတ်လိုက်တာ။"
စုန့်ကွမ်းနန်၏အသံသည် ရေခဲပမာ အေးစက်နေဆဲ။
"အဲ့ဒါက မင်းပဲ!!"
"မဟုတ်ဘူး။"
ယန်ကျစ်ချန်သည် သရဲအား ကျိုးကြောင်းဆင်ခြင်နိုင်ရန် ကြိုးစားရသောအခါတွင် ကောက်ရိုးများကို ဆုပ်ကိုင်ထားရသလိုဖြစ်ကြောင်း ခံစားလိုက်ရသည်။
"ငါ မင်းကို မသတ်နိုင်ဘူး..ငါ...."
သူသည် စုန့်ကွမ်းနန်၏ ထုံကျဉ်ပြီး ထုတ်ဖော်မပြတတ်သော မျက်နှာကို ကြည့်ကာ ခံစားချက်ကတ်ပြားကို ဖွင့်နိုင်ရန် ကြိုးစားနေမိသည်။
"မင်းကို ငါမသတ်နိုင်ဘူး။ ငါ...ငါ မင်းကို ကြိုက်နေတုန်းပဲ။"
"ငါ မင်းကို ကြိုက်တုန်းပဲလို့။"
ယန်ကျစ်ချန်မှာ တစ်ဖက်သရဲ၏ စိတ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုကို အလေးပေးဟန်ဖြင့်: "ငါ မင်းကို သဘောကျတယ်။"
ထို့နောက် စုန့်ကွမ်းနန်၏ မေးစေ့ကို အနမ်းပေးရန် သူ့ခေါင်းကို စောင်းလိုက်သည်။ နီးကပ်လာသည်နှင့်အမျှ သူ့ထံမှ အေးမြသောရနံ့တို့ သင်းပျံ့လာခဲ့သည်။
ထိုရနံ့က လေထဲသို့ ရောနှောသွားပြီး တစ်ခဏတာတွင် ယန်ကျစ်ချန်တစ်ယောက် လွန်ခဲ့သော နှစ်ပေါင်းများစွာက ခံစားချက်ကို ပြန်သတိရသွားမိ၏။
ထိုအချိန်တုန်းက ကောလိပ်ဝင်ခွင့် စာမေးပွဲများ ပြီးသွားလေပြီ။ တောက်ပသော ဇွန်လ၏ နေရောင်အောက်တွင် စုန့်ကွမ်းနန်သည် ကျောင်းတံခါးဝတွင် ရပ်ကာ သူ့အား လက်ပြနှုတ်ဆက်နေခဲ့သည်။
နေရောင်၏ နွေးထွေးမှုလား သို့မဟုတ် ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေပြီးသည့် အချိန်၏ စိတ်လွတ်လပ် ပေါ့ပါးမှုကြောင့် ဟော်မုန်းများ တစ်ဟုန်ထိုးတက်လာ၍လား မသိ။ ယန်ကျစ်ချန်သည် စုန့်ကွမ်းနန်ဆီသို့ ပြေးသွားကာ ပါးပြင်ပေါ်တွင် အနမ်းတစ်ပွင့် တံဆိပ်ခတ်လိုက်သည်။
ဖော်မပြနိုင်သော ရနံ့တစ်ခုကို ယန်ကျစ်ချန် ရှူရှိုက်လိုက်မိ၏။ ၎င်းမှာ စုန့်ကွမ်းနန်၏ ထူးခြားသော အနံ့ဖြစ်သည်။ ပထမဆုံးအကြိမ် ဖြစ်သောကြောင့် စုန့်ကွမ်းနန်က ထိတ်လန့်သွားသော အကြည့်ဖြင့် မေးလာခဲ့သည်။
"ဘာလုပ်တာလဲ။"
ယန်ကျစ်ချန်: "နောက်တာပါ။"
ယခုမူ ဤကြောက်မက်ဖွယ်ကောင်းသော စာသင်ခန်းထဲတွင် သွေးနံ့များက ပြည့်နှက်နေ၏။ စုန့်ကွမ်းနန်ကလည်း သေဆုံးသွားခဲ့ပြီ။
အရာအားလုံးသည် ကြောက်စရာကောင်းပြီး ထူးထူးဆန်းဆန်း နည်းလမ်းဖြင့် အဆုံးသတ်ဆီသို့ တဖြည်းဖြည်း ရွေ့လျားလာနေပြီပင်။ မည်သို့ပင်ဆိုစေ စုန့်ကွမ်းနန်အနေနှင့် သူ့ကို တကယ် သတ်သွားနိုင်သည်။
ယန်ကျစ်ချန် မျှော်လင့်ချက်မဲ့စွာ တွေးလိုက်သည်။
လူသားဟူသည် စိတ်ပျက်အားငယ်ရသည့် အချိန်များတွင် အပူတပြင်း အစီအမံများကို တောင်းဆိုတတ်ကြ၏။ အကယ်၍ ၎င်းသည် သူ၏ သြတ္တပ္ပစိတ်ကို နိုးကြားစေနိုင်လျှင် အဘယ်သို့ ဖြစ်လာမည်နည်း။
သို့သော်လည်း ယန်ကျစ်ချန် စိတ်ဓာတ်ကျရန် အချိန်များစွာ မရလိုက်မီတွင် သူ့ပခုံးကို ဆုပ်ကိုင်ထားသည့် လက်မှာ ရုတ်တရက် ပြေလျော့သွားခဲ့လေသည်။
သူ အံ့အားသင့်သွားရသည်။ မျက်စိရှေ့ရှိ စုန့်ကွမ်းနန်၏ အမူအရာမှာတော့ အေးစက်ပြီး ထုံကျင်နေကာ မပြောင်းမလဲပင်။
"စုန့်ကွမ်းနန်။ ပြန်သွားလိုက်ပါတော့...."
ယန်ကျစ်ချန် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး သတိကြီးစွာ ပြောကြည့်လိုက်သည်။
စာသင်ခန်းအတွင်းရှိ ထူးဆန်းပြီး အေးစက်သောလေသည် စုန့်ကွမ်းနန်၏ လေးလံသော ၀တ်ရုံစများကို တဖျတ်ဖျတ် လွင့်လူးသွားစေကာ ဖွင့်ဟချင်ခဲ့သည့် စကားလုံးများကို သူ့နှုတ်ခမ်းဝတွင် ချန်ထားခဲ့သည်။
ယန်ကျစ်ချန်၏ အမြင်အာရုံများ မှုန်ဝါးသွားကာ စုန့်ကွမ်းနန်ဟာ သူပေါ်လာသည့်အတိုင်း ရုတ်တရက် ပြန်ပျောက်ကွယ်သွားတော့သည်။
ခြေရာလက်ရာ အနည်းငယ်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခြင်းပင်။ ယခု မြေပြင်ပေါ်တွင် သွေးစွန်းအလောင်းမှ ကွာကျထားသော အသားစများသာ ကျန်တော့သည်။
'..ဟင်?'
'သူတကယ် နားထောင်သွားတာလား?'
ယန်ကျစ်ချန်သည် ထိုနေရာတွင်သာ ကြောင်ရပ်နေမိကာ မယုံနိုင်လောက်အောင် အံ့အားသင့်နေ၏။
စုန့်ကွမ်းနန်ဟာ စကားတစ်ခွန်း၊ အနမ်းတစ်ပွင့်ကြောင့် သတ်ဖြတ်ချင်စိတ်ကို စွန့်လွှတ်လိုက်ခြင်းမှာ သူတို့၏ အတိတ်ကဆက်ဆံရေးကို တကယ် ဂရုစိုက်၍လား။
ရွှီကျားရန်လည်း လုံးဝ အံသြသွားသည်။
သူ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ နောက်ဆုံး၌ ယန်ကျစ်ချန်အား အရှက်ရစေမည့် မေးခွန်းများကို ရှောင်လိုက်လေသည်။
"ငါ...ငါ ဘယ်သူ့ကိုမှ မပြောပါဘူး။" သူက ခပ်တိုးတိုးဖြင့်: "ခုနကလည်း ဘာမှမတွေ့လိုက်ဘူး။"
ယန်ကျစ်ချန်လည်း အနည်းငယ် ရှက်သွားသည်။
"...အမ် ကျေးဇူးတင်ပါတယ်။"
နှစ်ယောက်သား ခဏမျှ တိတ်ဆိတ်သွားကြသည်။
"ကျန့်ယွိဟန် ဘယ်မှာလဲ။" ရွှီကျားရန်သည် အကြောင်းအရာကို ပြောင်းရန် ကြိုးစားရင်း လှည့်ပတ်ကြည့်လိုက်သည်။
"သူဘယ်ရောက်သွားတာလဲ။"
သူ စကားပြောနေရင်း ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားသည့်နှယ် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားတော့သည်။
"ဘာလို့... ငါတို့ မနိုးလာသေးတာလဲ။"
ဟုတ်ပေသည်။
မူလသွေးအလောင်းက သေသွားပြီဖြစ်ရာ အိပ်မက်က ဘာကြောင့် မပြီးရသေးသနည်း။ ထိုအခိုက် တိုးတိုးတိတ်တိတ် ခြေသံများက စာသင်ခန်းအပြင်ဘက်မှ ထွက်ပေါ်လာသည်။ နှစ်ယောက်သား လှည့်ကြည့်လိုက်သောအခိုက် တံခါးဝတွင် ရပ်နေသူ ကျန့်ယွိဟန်ကို တွေ့လိုက်ရသည်။
သူ့နဖူးက တစ်ခုခုဖြင့် ထိမှန်ထားသကဲ့သို့ ဒဏ်ရာရထားကာ ထူထဲသောသွေးများမှာ သူ၏ပါးပြင်ပေါ်သို့ စီးကျလာနေသည်။
“အို ဘုရားရေ....” ရွှီကျားရန် သက်ပြင်းချပြီး :“မင်းအဆင်ပြေ.…”
သူ၏စကားသံ အဆုံးမသတ်သေးခင် ယန်ကျစ်ချန်သည် သူ့ရှေ့တွင် အသက်ရှင်နေသော ကျန့်ယွိဟန်ကို စိုက်ကြည့်ကာ ရုတ်တရက် လက်ကို မြှောက်လိုက်သည်။
*ခွမ်း!*
ကျောက်စိမ်းဆွဲသီးလေး အပိုင်းပိုင်း ကွဲသွားသည်။
***
Aurora Novel Translation Team