Chapter (13)
စာသင်ခန်း (၁၃)
မည်သူမျှမတုံ့ပြန်မီတွင် ယန်ကျစ်ချန်သည် သူ၏ မှတ်စုစာအုပ်ကို ကိုင်ကာ ရွှီကျားရန်နှင့်အတူ ပြေးထွက်သွားခဲ့သည်။ ထို့နောက် ပျက်စီးနေသော စာသင်ခန်းတံခါးကို အလောတကြီး တွန်းဖွင့်လိုက်သည်။ စင်္ကြံတစ်ဖက်သို့ လှည့်ကြည့်လိုက်သော် 'ဝမ်ရှင်းယွီ' က စင်္ကြံတစ်ဖက်၌ ရပ်နေ၏။
သူ(မ)၏ မျက်လုံးများသည် အဆိပ်တောက်များ ပြည့်လျှံနေသည့်နှယ် အေးစက်သော အလင်းတန်းများ ဖြာထွက်နေလေသည်။ သူ(မ)၏မျက်လုံးများက 'နင် ဘာလို့ အသက်ရှင်နေသေးတာလဲ။ သေတဲ့သူက ဘာလို့ နင်မဟုတ်တာလဲ' ဟု ပြောနေသယောင်။
၎င်းဟာ "ဝမ်ရှင်းယွီ" မဟုတ်၊ ကျူးယန်လည်း မဟုတ်သော တစ္ဆေတစ်ကောင်သာ။
ယန်ကျစ်ချန် လှည့်ပြီး တခြားဘက်ကို ပြေးသွား၏။
သို့သော်လည်း လေးလံပြီး ဖရိုဖရဲ ခြေလှမ်းများက စင်္ကြံ၏ တစ်ဖက်စွန်းမှ ပဲ့တင်ထပ်လာသည်။ ကောက်ကွေးနေသော အရိပ်တစ်ခုနှင့်အတူ 'ရွှီကျင့်' သည် ၎င်းတို့၏ နောက်ဆုံးထွက်ပြေးရာ လမ်းကြောင်းကို ပိတ်ဆို့ထားသည့် တိုက်ဆိုင်မှုဖြင့် ပေါ်လာပြန်သည်။
ပြီးတော့ ကျူးယန်...
ယန်ကျစ်ချန် နောက်ပြန် လှည့်ကြည့်လိုက်သည်။ အလောင်း၏ အရေပြားသည် ကွဲအက် စုတ်ပြဲသွားကာ ခန္ဓာကိုယ်တွင် တွယ်ကပ်နေရုံသာ ရှိတော့သည်။ ၎င်းသည် စာသင်ခန်းထဲမှ ထွက်လာခဲ့ပြီး 'ဝမ်ရှင်းယွီ' နှင့်အတူ သူတို့ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာ၏။
သူ၏ဘေးနားရှိ ရွှီကျားရန်လည်း အသက်ရှူကျပ်လာသည်။
သူတို့တွင် လမ်းမရှိတော့ချေ။
လမ်းမရှိတော့ချေ။
ထိုအချိန်တွင် ကျန့်ယွိဟန်သည် 'ရွှီကျင့်' အနောက်မှ ရုတ်တရက် ပြေးထွက်လာ၏။
သူ မှားပြီး ဝင်လာမိချေပြီ။ သွေးအလောင်းအပြင် လူအရေပြား ဝတ်ဆင်ထားသော လူနှစ်ယောက်နှင့် ယန်ကျစ်ချန်၊ ရွှီကျားရန်တို့ကိုပါ တွေ့လိုက်ရသောအခါ ရုတ်တရက် ထိတ်လန့် ကြောက်ရွံ့မှုများသာ ရောထွေးသွားခဲ့သည်။
စကားတစ်ခွန်းမှ မပြောတော့ဘဲ လှည့်ထွက်ပြေးသွားရာ ယန်ကျစ်ချန်၏ အကြည့်အောက်မှ လျင်မြန်စွာ ပျောက်ကွယ်သွား၏။
ရွှီကျားရန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ကျန့်ယွိဟန်..."
"သူ့ကို လျစ်လျူရှုလိုက်!" ယန်ကျစ်ချန် အရူးအမူး တွေးနေရာမှ ပြောလိုက်သည်။
တစ်ဖက်မှာ 'ကျူးယန်' နှင့် 'ဝမ်ရှင်းယွီ' ရှိနေပြီး ကျန်တစ်ဖက်မှာတော့ 'ရွှီကျင့်' ဖြစ်သည်။
"သွားမယ်! ဒီလမ်း!"
စဉ်းစားချိန်မရသဖြင့် ယန်ကျစ်ချန်လည်း တစ်ဖက်က ရွှီကျားရန်ကို ဆွဲကိုင်လိုက်ပြီး 'ရွှီကျင့်' ဆီသို့ ပြေးဝင်သွားတော့သည်။ ယန်ကျစ်ချန်က ထိုရည်ရွယ်ချက်ကို အကောင်အထည် ဖော်လိုက်ချိန်တွင် 'ကျူးယန်' က ခါးကို နှိမ့်ချပြီး အာခေါင်ခြစ်အော်ဟစ်ကာ သူတို့နှစ်ယောက်ဆီ အမြန်ပြေးချလာ၏။
'ရွှီကျင့်' သည် သူတို့နှစ်ယောက်ကို တားဖို့ ကြိုးစားသော်လည်း ယန်ကျစ်ချန်က သူ(မ)ကို မဆိုင်းမတွ တွန်းဖယ်လိုက်လေသည်။ သူ(မ) ရွှီကျားရန်ကို ဖမ်းကိုင်လိုက်သော်ငြား တစ်ဖက်က အောက်ထပ်ကို ပြေးဆင်းရင်း သူ(မ)ကို လှေကားထစ်မှ တွန်းချပစ်လိုက်သည်။
သူတို့အနောက်မှ အသံများကလည်း လျှင်မြန်စွာ နီးကပ်လာသည်။
ကျူးယန်၏ အရေပြားအောက်ရှိ သွေးအလောင်းသည် ၎င်း၏ အပျော်သဘော ပြေးလွှားမှုကို စွန့်လွှတ်ကာ မယုံနိုင်လောက်အောင် လျင်မြန်သော အရှိန်အဟုန်ဖြင့် သူတို့ထံ ပြေးလာ၏။
လှေကားထောင့်ကို ကွေ့လိုက်ရင်း ယန်ကျစ်ချန်သည် လက်တန်းကို ဖမ်းဆုပ်လိုက်ကာ ပင့်ကူတစ်ကောင်ကဲ့သို့ ပြေးလွှားလာနေသော အလောင်းကောင်ကို တစ်ချက် ကြည့်လိုက်သည်။
ထို့နောက် ၎င်းသည် ခန္ဓာကိုယ်ကို လှန်လိုက်ကာ လက်တန်းပေါ်မှ ခုန်ဆင်း၍ သူတို့ရှေ့သို့ တိကျစွာ ဆင်းသက်လာခဲ့သည်။
ယန်ကျစ်ချန်သည် တစ်စက္ကန့်မျှ မတုံ့ဆိုင်းနေဘဲ သူ၏ 'အတန်းဖော်များ' လိုက်မမှီမီ ကပ်လျက် ပဉ္စမထပ်ထဲသို့ အမြန် ပြေးဝင်သွားခဲ့သည်။
သူတို့နောက်က ခြေလှမ်းများမှာတော့ ဖရိုဖရဲဖြစ်နေဆဲ။
"အရင်တစ်ခါက ငါတို့ရောက်ပြီး ဘယ်လောက်ကြာကြာမှ မိုးလင်းတာလဲ။"
"မသိဘူး။" ရွှီကျားရန် ခေါင်းခါလိုက်သည်။ "ငါ့ဖုန်းထဲက timer က ရပ်သွားပြီ။ ငါ့ခန့်မှန်းချက်အရ ကြည့်မယ်ဆိုရင် နှစ်နာရီလောက် ဖြစ်နိုင်တယ်။"
"ဒါဆို ပြေးရအောင်။" ယန်ကျစ်ချန် သူ့သွားများကို အံကြိတ်ကာ: "ဘာပဲဖြစ်ဖြစ် ငါတို့ အဲဒီသွေးဖုတ်ကောင်လက်ထဲ ရောက်လို့မဖြစ်ဘူး။ ဒီကောင်က တခြားသွေးဖုတ်ကောင်တွေနဲ့ လုံးဝမတူဘူး!"
ကျောင်းအဆောက်အအုံတွင် လှေကားနှစ်စင်း ရှိသည်။ ထိုအကောင်အား ပြန်တိုက်ခိုက်လျှင် သူတို့၏ကံကြမ္မာက သိပ်ကောင်းမှာ မဟုတ်မှန်း ယန်ကျစ်ချန် ကောင်းကောင်း သိပေသည်။
လက်ရှိအခြေအနေတွင် သွေးဖုတ်ကောင် ချန်ယွဲ့ကွမ်းသည် ၎င်းတို့၏အရေပြားများကို ရအောင်ယူရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။
အရုဏ်မတက်မချင်း ရှင်သန်နိုင်လျှင် မိုးလင်းပါက နိုးလာနိုင်ပြီပင်။
ယန်ကျစ်ချန်၏ နားထဲတွင် လေသံများ မြည်လာပြီး သေမင်းတမန် ရှိနေသော တိတ်ဆိတ်လှသည့် သင်ကြားရေး အဆောက်အအုံထဲတွင် လေထုက ပူလောင်လာသည်။
'ဘာလို့ ကျူးယန်ရဲ့အသားအရေကို မလိုချင်တော့တာလဲ။ ပြီးတော့ အဲဒီမှတ်စုစာအုပ်ထဲက အကြောင်းအရာတွေ...'
မိတ်ဆွေဖွဲ့ခြင်း။
သေဆုံးပြီးနောက်တွင်ပင် ၎င်းက သူငယ်ချင်းဖွဲ့ခြင်းကို အစွဲအလမ်း ရှိနေဆဲ။ ယန်ကျစ်ချန်၏ အတွေးများသည် အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော်လည်း ရှေ့မှ လျင်မြန်စွာ ထွက်ပြေးရန်သာ အာရုံစိုက်နိုင်သေး၏။
ထိုအချိန်တွင် စင်္ကြံသည် အဆုံးမရှိစွာ ရှည်လျားလာပုံရသည်။ ထို့အပြင် သူတို့နောက်က အကောင်နှင့် အကွာအဝေးမှာလည်း ပိုပိုနီးကပ်လာသယောင်။
"အား!"
ရွှီကျားရန် ရုတ်တရက် အော်လိုက်သည်။
ယန်ကျစ်ချန် အလိုလို လှည့်ကြည့်လိုက်ရာ ရွှီကျားရန်တစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရ၏။ သူ့ကော်လာကို 'ကျူးယန်' က ဆွဲကိုင်ထားပြီး သူ့ဘက်သို့ အတင်းဆွဲခေါ်နေသည်။
တစ်ချိန်တည်းမှာပင် စင်္ကြံတွင် သေသေသပ်သပ် ပိတ်ထားခဲ့သော သစ်သားတံခါးများက ရုတ်တရက် တဝုန်းဝုန်း တုန်လှုပ်လာသည်။
ငြိမ်သက်နေသည့် ကျောင်းဆောင်ကြီးထဲ၌ "ကလစ်" ဟူသည့် အသံတစ်သံက စင်္ကြံတစ်လျှောက် ပဲ့တင်ထပ်သွား၏။ စာသင်ခန်း၏ အမှောင်ရိပ်များထဲမှ တစ်စုံတစ်ခု ထွက်ပေါ်လာရန် ကြိုးစားနေသည့်အတိုင်းပင်။
'သူ့ကိုကယ်ရမလား... ဒါမှမဟုတ်...'
ယန်ကျစ်ချန်၏နှလုံးသား တင်းကျပ်သွားကာ အံကြိတ်လိုက်သည်။ သူ ဤအတိုင်းတော့ ကြည့်မနေနိုင်ပါ။ ထို့ကြောင့် လှည့်၍ ရှေ့ကိုတိုးကာ ရွှီကျားရန်၏ကော်လာကို ဆုပ်ကိုင်ပြီး 'ကျူးယန်' နှင့် နပန်းလုံးရန် ကြိုးစားလိုက်သည်။
သူ့လက်ချောင်းထိပ်များက 'ကျူးယန်၏ လက်' တွင်ရှိသော သွေးစွန်းနေသည့် ခန္ဓာကိုယ်ကို ထိလိုက်သည်။
'ကျူးယန်' သည် ယန်ကျစ်ချန်၏ အကြည့်ကို တိုက်ရိုက်နီးပါး ပြန်စိုက်ကြည့်လိုက်သည်။ သူ၏ တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး ထုံထိုင်းနေသော သူငယ်အိမ်ကို ပြသတော့မည့်နှယ် ခေါင်းကို ဆတ်ခနဲ မြှောက်လိုက်ပေ၏။
ထိုအခိုက်အတန့်တွင် ဖိနှိပ်ခံရသော ခံစားချက်ကြီးကြောင့် ယန်ကျစ်ချန် အသက်ရှူရပ်လုမတတ် ဖြစ်သွားသည်။ 'ကျူးယန်' မှာ ထူးထူးဆန်းဆန်း အသံကြီးဖြင့် ညည်းတွားနေကာ ရုတ်တရက် ရွှီကျားရန်ထံမှ သူ့လက်ကိုလွှတ်ပြီး ယန်ကျစ်ချန်၏ လက်ကောက်ဝတ်ကို ပြန်ဆုပ်ကိုင်လိုက်သည်။
ယန်ကျစ်ချန်၏ သူငယ်အိမ်များလည်း အနည်းငယ် ကျုံ့ဝင်သွားသည်။ သူ့လက်ကောက်ဝတ်မှတစ်ဆင့် ကပ်ငြိနေသည့် ခံစားမှုတစ်ခုက ခေါင်းအတွင်းထဲအထိ ပျံ့နှံ့သွားသည်။
တစ်ချိန်တည်းမှာပင် သူ၏ညှပ်ရိုးပေါ်ရှိ ထင်ရှားသော အမှတ်အသားတစ်ခုဆီမှ စူးစူးရှရှ နာကျင်ကိုက်ခဲမှု တစ်ခုကလည်း ထွက်ပေါ်လာ၏။
'ကျူးယန်'ခမျာ လောင်ကျွမ်းသွားသည့်ပမာ အသံကုန် ဟစ်အော်လိုက်သည်။ ပုံမှန်အားဖြင့် ထုတ်ဖော်မပြတတ်သည့် ထိုမျက်နှာပေါ်တွင် ထိတ်လန့်တကြား အမူအရာများ ဖျတ်ခနဲ ပေါ်လာသည်။
သစ်သားတံခါးများ၏ တုန်ခါမှုတို့လည်း ရုတ်ခြည်း ရပ်တန့်သွားသည်။
သူတို့ နောက်ထပ် မလှုပ်ရှားနိုင်ခင်မှာပင် တောက်ပလွန်းသော အလင်းရောင်တစ်ခုက စင်္ကြံလမ်းထဲ ရုတ်တရက် လင်းလက်လာ၏။ အလင်းစမှာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး တစ်ခဏအတွင်း၌ပင် မြင်ရလေသမျှ အရာအားလုံးဟာ အဖြူရောင်အတိ ဖြစ်သွားတော့သည်။
ယန်ကျစ်ချန် မျက်လုံးဖွင့်လိုက်သည်။
သူတို့ ရဲစခန်း၏ အဆောင်ခန်းထဲ ပြန်ရောက်နေလေပြီ။
သူ့တစ်ကိုယ်လုံးရှိ နာကျင်ကိုက်ခဲမှုများကို လျစ်လျူရှုလိုက်ရင်း ယန်ကျစ်ချန် ခုတင်ပေါ်ကနေ ခုန်ချပြီး ရွှီကျင့်ဆီကို ပြေးထွက်သွားခဲ့သည်။
ကံမကောင်းစွာဖြင့် နောက်ကျသွားချေပြီ။
ရွှီကျင့်သည် ခုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ(မ)၏ ပါးစပ်ထောင့်မှ သွေးနီညိုများ စီးကျနေသည်။ ယန်ကျစ်ချန်သည် အဆက်မပြတ် စီးဆင်းနေသော ထိုသွေးများကို တားဆီးရန် ကြိုးစားသော်လည်း အားလုံးမှာ အချည်းနှီးပင်။
"...ရွှီကျင့်!"
ရွှီကျားရန်လည်း ပြေးလာသည်။
ရွှီကျင့်၏ မျက်လုံးများသည် လုံးဝ သတိလစ်သွားသလိုပင်။ သေလုမြောပါး ဖြစ်နေသည့်ကြားမှ "ဂီ ဂီ" ဟူသော အသံတစ်မျိုးမှာ သူ(မ)၏ လည်ချောင်းမှ ထွက်ပေါ်လာ၏။ သူ(မ)၏မျက်လုံးများက ပြူးကျယ်နေကာ ခန္ဓာကိုယ်သည်လည်း ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
"အသုံးမဝင်ဘူး။"
ထိုအခိုက်အတန့်တွင် ရုတ်တရက် တံခါးဝမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"သူ(မ) အိပ်မက်ထဲမှာ အရေခွံ အခွာခံလိုက်ရရင်းနဲ့ သေသွားတာ။"
"မင်း ဘယ်သူလဲ!" ယခုအချိန်အထိ နှုတ်ဆိတ်နေခဲ့သည့် ကျန့်ယွိဟန်က ရုတ်တရက် ခုန်ထလိုက်သည်။
"အရေပြား အခွာခံရတာကို ဘယ်လိုလုပ်သိတာလဲ!"
ထိုအသံများကြောင့် ယန်ကျစ်ချန်လည်း ချာခနဲ လှည့်ကြည့်လိုက်သည်။ ရဲစခန်း၏ အခန်းတံခါးသည် တစ်ချိန်တည်းတွင် ပွင့်သွားခဲ့ပြီး တံခါးဝ၌ လူနှစ်ဦး ရပ်နေ၏။ တစ်ဦးမှာ မနေ့က သွေးအမှတ်အသား ရေးပေးခဲ့သော လူငယ်လေးပင်။
လက်ရှိအချိန်တွင် ရွှီကျင့်တစ်ယောက် သွေးများစွာ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာသည်လည်း သေမင်းတမန်ပမာ ဖြူဖျော့သွားခဲ့သည်။
တစ်ဖက်လူ၏ မျက်နှာကတော့ အနည်းငယ် မသိသာပေ။ ပြတ်သားပြီး ထက်မြက်သောအသွင်နှင့် ကုတ်အင်္ကျီကို ဝတ်ထားသူဖြစ်ကာ အလောင်းကိုမြင်တော့ မျက်ခုံးတွန့်သွားသည်။ သူသည် စိတ်ရှုပ်နေပုံမပေါ်သော်လည်း သူ့အမူအရာက အလွန်လေးနက်နေဟန်။
ယန်ကျစ်ချန်၏ ပထမဆုံး တုံ့ပြန်မှုမှာ ထိုလူကို တစ်နေရာရာတွင် ရင်းနှီးနေပုံရခြင်း ဖြစ်သည်။ သို့သော်လည်း သူ အရင်က မည်သည့်နေရာ၌ တွေ့ဖူးခဲ့သလဲတော့ မမှတ်မိချေ။
"သူ့သွေးက အသုံးမဝင်ဘူးမလား။"
ရင်းနှီးနေပုံရသည့် လူက ပြောလာသည်။
ထိုအချိန်တွင် ပို၍ပင် စူးရှသော သွေးနံ့သည် ရုတ်တရက် အခန်းထဲသို့ ဝင်လာသည်။ ယန်ကျစ်ချန် လှည့်ကြည့်လိုက်ချိန် ရွှီကျင့်၏ အရေပြားသည် မမြင်နိုင်သောလက်ဖြင့် ဖြည်းညင်းစွာ ခွာချခံလိုက်ရပြီး အောက်ဘက်တွင်မူ စုတ်ပြတ်သတ်နေသော သွေးစွန်းခန္ဓာကိုယ်သာ ကျန်ခဲ့လေ၏။
ရွှီကျားရန်၏ မျက်ခမ်းတို့ တဆက်ဆက် တုန်လှုပ်သွားသည်။
"ဒါ သူ့တာဝန်ပဲ။" ထိုလူက လူငယ်ကို လှည့်ကြည့်လိုက်သည်။ “သရဲတစ္ဆေတွေနဲ့ ဆက်ဆံတဲ့အခါ သတိလက်လွတ်မဖြစ်သင့်ဘူး။”
“ဒါပေမဲ့…” လူငယ်က :“အဲ့ဟာက နှစ်ပေါင်းများစွာ တံဆိပ်ခတ်ခံထားရတာ။ ယုတ္တိနည်းအရပြောရရင် မဖြစ်သင့်ဘူး…”
"သူတို့ကို တရားစီရင်ဖို့ ဘုံဉာဏ်သုံးလို့ ရနိုင်ရောလား။" ထိုလူက သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ :"ဒီတစ္ဆေက ထူးဆန်းတယ်။ နှစ်ပေါင်းများစွာ ချိတ်ပိတ်နေပေမဲ့ ဒီလိုလက်တွေ့ကျတဲ့ အုပ်စုအိပ်မက်တွေကို ဖန်တီးနိုင်တုန်းပဲ။ အဲဒါကို မင်းသတိမထားမိဘူးလား။"
နောက်ဆုံးတော့ လူငယ်လည်း ပါးစပ်ပိတ်သွားခဲ့သည်။
အခန်းထဲ၌ သွေးများ စွန်းထင်းနေဆဲ။ ယန်ကျစ်ချန်သည် သူ၏ ညှပ်ရိုးပေါ်ရှိ အမှတ်အသားကို တိတ်တဆိတ် ကိုင်လျက် သူတို့၏ ပြောဆိုမှုကို နားထောင်နေလိုက်သည်။
'ဒီလူ… တော်တော်သိပုံရတယ်။'
'စုန့်ကွမ်းနန်ရဲ့ တည်ရှိမှုအကြောင်းရော သူသိမှာလား။'
ရွှီကျားရန်၏ အသက်ရှူသံများ ပြင်းထန်လာသည်။
"ခွင့်လွှတ်ပါ။ နှောက်ယှက်လို့ရမလား။ တစ်ခုလောက် မေးပါရစေ...."
သူက ခေတ္တရပ်လိုက်ပြီး :"ကျွန်တော်တို့အတန်းဖော်တွေအတွက် မျှော်လင့်ချက်ရှိသေးလား။"
"မရှိတော့ဘူး။"
ထိုလူက ခေါင်းခါပြ၏။ သူ၏လေသံမှာ ထူးထူးခြားခြားကို အေးစက်နေလေသည်။
“သူတို့သေပြီးတာနဲ့ တစ္ဆေရဲ့ ကြံရာပါတွေ ဖြစ်လာမယ်။ သူတို့အသက်မရှင်တော့ဘူး။ အဲဒါကြောင့် သူတို့ကိုယ်ခန္ဓာထဲကို ပြန်မလာနိုင်တော့ဘူး။”
ရွှီကျားရန်၏ မျက်နှာတစ်ခုလုံး နီရဲသွားသည်။
"ဒါဆို ရွှီကျင့်၊ ဝမ်ရှင်းယွီကလည်း... ဒါဆို သူတို့...သူတို့ ဒီလိုပဲဖြစ်သွားမှာလား။"
“ဒီလိုပဲ ဖြစ်သွားမှာ။”
"ဒါဆို ကျွန်တော်တို့ကရော!" ကျန့်ယွိဟန် ရုတ်တရက် အော်ဟစ်လိုက်သည်။ "ခင်ဗျားတို့ ဘာမှ မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့လည်း သေတော့မှာလား။"
ထိုလူ၏ မျက်ခုံးမှာ ပို၍ပင် စုကျုံ့လာသည်။
“ငါက ဒီပြဿနာကို ဖြေရှင်းဖို့ ရောက်လာတာ။”
"အဲဒါအရမ်းကောင်းတယ်!" ကျန့်ယွိဟန်၏ မျက်နှာမှာ ရုတ်ခြည်း တောက်ပလာသည်။ "ဒါဆို ကျွန်တော်တို့ ဒီည အိပ်မက်မက်တော့မှာ မဟုတ်ဘူးမလား။"
"မဟုတ်ဘူး။ မင်းတို့ အိပ်မက်ထဲ ထပ်ဝင်ရမှာ။"
ထိုလူသည် ယန်ကျစ်ချန်နှင့် ရွှီကျားရန်တို့ကိုလည်း တစ်ချက်ကြည့်လိုက်သည်။
ယန်ကျစ်ချန်၏ နှလုံးက ဆောင့်ခုန်သွားသည်။
ယန်ကျစ်ချန်: "ခင်ဗျားက ကျွန်တော်တို့ကို ဘာလုပ်စေချင်တာလဲ။"
"မင်းတို့မနိုးလာခင်တုန်းက ငါကြိုးစားခဲ့တယ်။ ဒီသရဲအိပ်မက်က သီးသန့်ဖြစ်တည်နေတဲ့ နယ်မြေ။ ငါမင်းတို့ကို နှိုးလို့ မရဘူး။"
ကျန့်ယွိဟန် စိုးရိမ်တကြီးဖြင့်: "ဒါဆို ကျွန်တော်တို့ဘာလုပ်ရမလဲ။ ကျွန်တော်အိပ်မက် မမက်ချင်တော့ဘူး!"
အဲဒီလူက သူ့ကို အေးစက်စွာ စိုက်ကြည့်ပြီး :“ဒါကြောင့် ငါ မင်းကို တံဆိပ်ပြားတစ်ခု ပေးမယ်... မင်း အဲဒီတံဆိပ်ပြားကို ချိုးဖျက်လိုက်ရင် ငါ အိပ်မက်ထဲကို ခဏဝင်နိုင်တယ်။”
"ဒါပေမဲ့ တစ်မိနစ်လောက်ပဲ အချိန်ရတယ် ဆိုတာတော့ သတိပြုပေး။" သူ့လေသံက ပိုလေးနက်လာသည်။ "မင်းတို့ အိပ်မက်ရဲ့ အူတိုင်ထဲက တကယ့်တစ္ဆေရဲ့ရှေ့မှာ ချိုးရမယ်။ မဟုတ်ရင် ငါ့မှာဖမ်းဖို့ အချိန်ရှိမှာ မဟုတ်ဘူး။"
“အဲဒီတစ္ဆေနဲ့ ကြံရာပါတွေက သူတို့ရဲ့ ဗီဇအတိုင်း လိုက်လာမယ်။ အိပ်မက်ထဲမှာ အသက်ရှင်နေတဲ့လူတွေကို လိုက်ရှာမယ်။ အရေပြားကို ခွာပြီး သူတို့ခန္ဓာကိုယ်ပေါ်မှာ ဝတ်ထားလိမ့်မယ်။”
ထိုလူ၏လေသံက ပြောင်းသွားသည်။
“ကြံရာပါအားလုံးက အဲ့ဝိညာဥ်အတွက် အချက်အချာကျတယ်။ အဲဒီတစ္ဆေက အလန်းဆုံး၊ အပြည့်စုံဆုံး ခန္ဓာကိုယ်ကို ရှာတွေ့ဖို့ အစွဲအလမ်းကြီးနေတာ။ အဲဒီလူရဲ့ အရေပြားကို ဝတ်ပြီး လက်တွေ့ဘဝထဲကို ပြန်ရောက်လာနိုင်တယ်။”
"ခန္ဓာကိုယ်ပိုင်ရှင် သေဆုံးတာနဲ့ ပတ်သက်တဲ့ အမှန်တရားကို ပြင်ပလူတွေ ရှာဖွေတွေ့ရှိပြီးတာနဲ့ သူက အဲဒီအရေပြားကို စွန့်လွှတ်ပြီး ဝတ်ဖို့အသစ်ကို ဆက်ပြီး ရှာဖွေသွားလိမ့်မယ်။"
"အရင်က သေဆုံးသွားတဲ့ မင်းတို့ရဲ့ အတန်းဖော်တွေလိုပဲ။ သူတို့က ဒီအကြောင်းကြောင့် စွန့်ပစ်ခံရပြီး အိပ်မက်ကနေ နိုးထမလာရတဲ့ အကြောင်းရင်းပဲ။"
သူ၏အမူအရာမှာ ပို၍လေးနက်လာသည်။
"ဒါကြောင့် မင်းတို့ရဲ့ အဖော်တွေကို ပိုအာရုံစိုက်ထားသင့်တယ်။"
"ကောင်းပြီ အဆင်ပြေတယ်။" ကျန့်ယွိဟန်က ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်ပြသော်ငြား သူပြောသမျှကို အနည်းငယ်သာ စုပ်ယူမိသွားပုံရသည်။
သူက စိတ်အားထက်သန်စွာ ဆန့်ထုတ်လိုက်ပြီး "ဒါဆို ကျွန်တော်..."
"ဒီတံဆိပ်ပြားကို ငါပေးလိုက်မယ်။" ထိုလူသည် သူ၏အိတ်ကပ်ထဲရှိ ကျောက်စိမ်းဆွဲသီးကို ယူလိုက်ပြီး ဘေးမှာရပ်နေသော ယန်ကျစ်ချန်ကို ပေးလိုက်သည်။
ထိုလူက သူ့ကို ထူးဆန်းသည့် အမူအရာဖြင့် ကြည့်ရင်း : "မင်းရဲ့ အရင်ထွက်ဆိုချက်တွေအရ ဒါကို ဆုပ်ကိုင်ထားရင် ဒီည အိပ်မက်ကို အဆုံးသတ်ဖို့ အခွင့်အလမ်းက ပိုများလာလိမ့်မယ်။"
ယန်ကျစ်ချန် အံ့အားသင့်သွားသည်။
“ကောင်းပါပြီ…” ယန်ကျစ်ချန် လက်ဆန့်ကာ ကျောက်စိမ်းဆွဲသီးကို ယူလိုက်ရင်း "နားလည်ပါတယ်။ ကျေးဇူးပါ။"
ကျောက်စိမ်းဆွဲသီးကို ထိမိလိုက်သောအခါ ထူးထူးခြားခြား အေးမြမှုကို ခံစားလိုက်ရသည်။ ထိုစဥ် ယန်ကျစ်ချန် အနည်းငယ် တုန်လှုပ်သွားပြီး သူ၏ ညှပ်ရိုးမှ စူးစူးရှရှ နာကျင်လာပြန်သည်။
ထိုလူက ထပ်မံ၍: “မှတ်ထား... အိပ်မက်ရဲ့ အူတိုင်၊ သရဲတစ္ဆေရှေ့မှာ ဒါကို ရိုက်ချိုးရမယ်။”
“…အင်း။”
ယန်ကျစ်ချန် ကျောက်စိမ်းဆွဲသီးကို ကိုင်ထားပြီး ခေါင်းညိတ်ပြလိုက်သည်။
…
အတိုချုံး ရှင်းပြပြီးနောက် ထိုအမျိုးသားသည် လူငယ်နှင့်အတူ လှည့်ထွက်သွားခဲ့၏။
တစ်စုံတစ်ယောက်က သူတို့ကို အနားယူခန်းတစ်ခုဆီသို့ ဆွဲခေါ်သွားပေးကာ ရွှီကျင့်၏အလောင်းကိုတော့ အမြန် ဆွဲထုတ်သွားကြသည်။
တံခါးပိတ်ပြီးသည်နှင့် ကျန့်ယွိဟန်တစ်ယောက် ယန်ကျစ်ချန်ဆီကို ချာခနဲ လှည့်လာပြီး
"မင်း သူ့ကို သိလား။"
“မသိဘူး။” ယန်ကျစ်ချန် ခေါင်းယမ်းလိုက်သည်။
သူ၏လက်ဖဝါးရှိ ကျောက်စိမ်းဆွဲသီးတွင် အနုစိတ် ထွင်းထုထားခြင်းမရှိသော ရိုးရိုးရှင်းရှင်း ဒီဇိုင်းသာ ရှိသည်။ သို့တိုင် ကြည့်လိုက်ရုံဖြင့် ၎င်း၏အရောင်မှာ ထူးထူးခြားခြား မှောင်နေသည်ဟု ခံစားရစေ၏။
သူ ကျောက်စိမ်းဆွဲသီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
"သတိထား။" ရွှီကျားရန်က ယန်ကျစ်ချန်၏ ပခုံးကို ပုတ်လိုက်သည်။ "အဆိုးဆုံးကတော့ ငါတို့ အတူတူ ပုန်းပြီး အခွင့်အလမ်းကို စောင့်ကြတာပေါ့။"
"ပုန်းမယ်? ဘယ်လိုပုန်းရမှာလဲ။"
ကျန့်ယွိဟန်က စိတ်ဆိုးသွားဟန်ဖြင့် ခေါင်းကုတ်လိုက်သည်။
"အနည်းဆုံးတော့ အရင်ဆုံး ရှင်သန်ရမှာပဲလေ။"
ရွှီကျားရန်က သူ့ကိုမော့ကြည့်ပြီး ပြောလိုက်၏။ ကျန့်ယွိဟန် တစ်ခုခု ထပ်ပြောချင်သော်လည်း ယန်ကျစ်ချန်နှင့် ရွှီကျားရန်တို့က အတူတူရပ်နေကြသည်မို့ သူ့စကားများကို ပြန်မျိုချလိုက်ရသည်။
"ထားလိုက်တော့။ ညရောက်မှ ထပ်ပြောရအောင်။"
နေ့သည် ဖြည်းညင်းစွာ ကုန်ဆုံးသွားကာ နောက်ဆုံးတွင် နေလုံးကြီးလည်း မြေကြီးပေါ်သို့ တဖြည်းဖြည်း ကျဆင်းသွားတော့သည်။ ယန်ကျစ်ချန် ခုတင်ပေါ်တွင် လဲလျောင်းနေပြီး အပေါ်ထပ် ခုတင်ကြမ်းပြင်၏ သစ်သားပျဉ်များကို စိုက်ကြည့်နေမိသည်။
ယခုကဲ့သို့ တင်းမာနေသော အခိုက်အတန့်မှာတောင် သူသည် အကြောင်းအရာများကို လွင့်ပျံ့မသွားစေဘဲ မနေ့ညက အိပ်မက်ထဲရှိ စုန့်ကွမ်းနန်ဆီကို အဆက်မပြတ် ရောင်ပြန်ဟပ်နေသေး၏။
စုန့်ကွမ်းနန်သည် သူတစ်ခါမှမမြင်ဖူးသော ၀တ်ရုံရှည်ကို ၀တ်ဆင်ထားသည်။ သူ၏ခါး၌ တွဲလောင်းကျနေသည့် ရှေးဟောင်းခေါင်းလောင်း ရှိကာ ၎င်း၏ အနီရောင်အမွေးများက လေမတိုက်ဘဲတောင် ဝဲလွင့်နေသည်။
သူ၏ ရင်ဘတ်က မှုန်ဝါးနေသော်လည်း အနီရောင် သွေးများဖြင့် စွန်းထင်းနေကြောင်း မြင်နေရ၏။ တစ်စုံတစ်ယောက်က သူ့ကို သတ်လိုက်သလိုပင်။
တစ်ဆက်တည်း သူ သေလုမြောပါး ဖြစ်ခဲ့ရချိန်၌ ပြောခဲ့မိသော စကားများကို ပြန်သတိရမိသွားသည်။ သူ၏မှတ်ဉာဏ်ကို ဘယ်လောက် ခက်ခက်ခဲခဲ ရှာဖွေနေပါစေ 'စုန့်ရန်' ဟုခေါ်သော မည်သူ့ကိုမျှ မမှတ်မိတော့ပေ။
'သူဘာလို့ အဲ့ဒီလိုပြောခဲ့တာလဲ။'
ထိုစကားကြားပြီးနောက် စုန့်ကွမ်းနန်ကရော အဘယ်ကြောင့် ရပ်သွားရသနည်း။
ထိုမေးခွန်းများကို အကြိတ်အနယ် စဥ်းစားနေချိန်၌ သန်းခေါင်ယံအချိန်ဟာလည်း တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။
ငိုက်မျဉ်းခြင်းနှင့်အတူ ယန်ကျစ်ချန်တစ်ယောက် သူ၏ မျက်လုံးများကို မှိတ်ချလိုက်သည်။
သူ အိပ်မက်မက်နေရပြန်သည်။
***
Aurora Novel Translation Team