no

Font
Theme

Chapter (18.1)

ချွန်းယွမ့်လူနေအိမ်ရာ (၂.၁)

ရုတ်တရက်ဆိုသလို အအေးဓာတ်တစ်ခုက ယန်ကျစ်ချန်၏ ဦးနှောက်ကို ထိသွားခဲ့ရာ သူ အလိုလို ခြေတစ်လှမ်းဆုတ်သွားမိသည်။ ပူပြင်းလှသော နွေရာသီ၏ အပူဒဏ်အောက်၌ပင် ဘာကြောင့်ရယ်မသိ သူ့တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရလေ၏။

အဘွားကြီး၏ အနက်ရောင် မျက်လုံးများက အဝေးကို လှမ်းကြည့်နေသည်။

သူ(မ)၏ နောက်ကွယ်ရှိ စစ်တုရင်ဆိုင်သည် မှောင်မိုက်နေပြီး နံရံလေးဘက်ကို အရိပ်များဖုံးလွှမ်းနေသည်။ ညစ်ပတ်သော စစ်တုရင်ခုံစက် နှစ်လုံး သို့မဟုတ် သုံးလုံးကို အနီရောင် ပလပ်စတစ် ထိုင်ခုံများက ဝန်းရံထားသည်။

ကျားစေ့များ၏ တရှပ်ရှပ်အသံသည် သူ့ခေါင်းကို လေဖြင့် လာမှုတ်နေသလို ပြတ်သားကြည်လင်လှသည်။ ယန်ကျစ်ချန် မကြည့်ဝံ့တော့ဘဲ အရှိန်အဟုန်ဖြင့် အဝင်ပေါက်နားရှိ စစ်တုရင်ဆိုင်ကို ဖြတ်ကာ လူနေအိမ်ရာထဲသို့ ဦးတည်ဝင်သွားခဲ့သည်။

သူ နောက်ထပ် ဝင်သွားလေလေ ထူးဆန်းသလို ခံစားလာရလေပင်။

ဖုန်မှုန့်အလွှာတစ်ခုသည် ဘိလပ်မြေကြမ်းပြင်ကို ဖုံးလွှမ်းထား၏။ ရောင်စုံကြမ်းခင်း ကြွေပြားများက ကွဲအက်နေသောကြောင့် သူ နင်းမိသွားသောအခါ အက်ကွဲသံများပင် ထွက်လာသည်။

ဤအချိန်က လူအများ အလုပ်သွားချိန်ဖြစ်မှန်း သိသာသော်လည်း လူနေအိမ်ရာဝန်းထဲတွင် လူမပြောနှင့် ဝိညာဉ်တစ်ကောင်မျှပင် မတွေ့ခဲ့ရပေ။ ချွန်းယွမ့်လူနေအိမ်ရာ တစ်ခုလုံးသည် နေ့ချင်းညချင်း ပျောက်ကွယ်သွားသည့်နှယ် သက်ရှိများ၏ ခြေရာများသာ ကျန်ရစ်ခဲ့သည်။

'ထူးဆန်းတယ် တကယ်ထူးဆန်းတယ်။'

စုန့်ကွမ်းနန်သည် ဤနှစ်များတစ်လျှောက်လုံး ဤနေရာတွင် တစ်ယောက်တည်း နေထိုင်ခဲ့လေသလား။

အဆောက်အအုံ ၃ သည် ဝင်ပေါက်နှင့် မဝေးလှချေ။ ယန်ကျစ်ချန် လိမ္မော်ရောင် နံရံကို ဖြတ်သွားစဉ် ပထမထပ်ရှိ အခန်းတစ်ခုအတွင်းမှ ရုပ်ပုံလွှာကို ရုတ်တရက် တွေ့လိုက်ရသည်။

အိမ်ကို ပြန်လည် ပြင်ဆင်ထားပုံရသည်။ သံချေးတက်နေသော လုံခြုံရေးဘားများပေါ်တွင် ချိတ်ဆွဲထားသည့် "လူငယ်ဖွံ့ဖြိုးရေးသင်တန်း" ဟူသော ဆိုင်းဘုတ်ကို တွေ့ရ၏။

ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်ရာ ကျယ်ဝန်းလှသော ဧည့်ခန်း၏ နောက်ကွယ်တွင် စားပွဲနှင့် ကုလားထိုင်တန်းများ ခင်းကျင်းထားပြီး ကလေးတစ်စု မတ်မတ်ထိုင်နေကြသည်။

သူတို့သည် ပုံစံအမျိုးမျိုးရှိသော အဝတ်အစားများကို ၀တ်ဆင်ထားကြကာ အားလုံး၏ မျက်လုံးများသည် မှုန်ဝါးနေသော ကျောက်သင်ပုန်းပေါ်သို့သာ စိုက်ကြည့်နေကြလေသည်။

ယန်ကျစ်ချန်သည် အဝေးမှသာ မြင်ရခြင်းဖြစ်သောကြောင့် ကျောက်သင်ပုန်းပေါ်တွင် ရေးထားသော ဂီတဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မဖော်ပြတတ်ပေ။ ကျောင်းသားများ ပြည့်နေသည့် စာသင်ခန်းမှလွဲ၍ သစ်သားစင်မြင့်မှာ လွတ်နေသည်။

'ဆရာမ သွားပြီလား။'

ယန်ကျစ်ချန် သိပ်ပြီး မစဉ်းစားနေတော့ဘဲ ဆက်လျှောက်လာခဲ့၏။

"အားမန် အားချန်မှာ စပျစ်ပင်တစ်ပင်ရှိတယ်။ အားနမ့် အားနမ့် သူ့ရဲ့ နုနယ်တဲ့ အစိမ်းရောင် အရွက်တွေက ဖူးပွင့်နေပြီ။"

သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် ကလေးများ၏ သံပြိုင်အော်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အတွင်းရှိကလေးများသည် ပါးစပ်ကိုဖွင့်ကာ : "ခရုလေးက သူ့ရဲ့ လေးလံတဲ့အခွံကို သယ်ဆောင်ရင်း တစ်ဆင့်ပြီးတစ်ဆင့် တက်သွားတယ်။ အားရှီလေးနှစ်ကောင်က သစ်ပင်ပေါ်မှာ ရယ်မောလို့ သီချင်းဆိုနေကြတယ်။"

'ဒါ...'

'သူတို့ဘာလုပ်နေတာလဲ။'

ယန်ကျစ်ချန် ဘေးပတ်ပတ်လည်ကို ကွက်ကွက်ကွင်းကွင်း ထပ်ကြည့်လိုက်သည်။ ထိုအခိုက်၌ 'လူငယ်ဖွံ့ဖြိုရေးသင်တန်း' ၏ ခပ်ကောက်ကောက် ဆိုင်းဘုတ်ဟောင်းဘေးရှိ သစ်သားဘောင်တစ်ခုကို သတိပြုမိလိုက်သည်။

ဘောင်ပတ်လည်တွင် ထူထပ်သော စပျစ်နွယ်ပင်များ တွယ်တက်ထားကာ ၎င်းတို့၏ စိမ်းလန်းသော အရွက်များသည် ကောင်းကင်ဆီသို့ ပြင်းပြင်းထန်ထန် ကြီးထွားလာနေသည်။

"စပျစ်သီးတွေ မမှည့်သေးဘူး။ အခု ဒီမှာ ဘာလုပ်နေတာလဲ..."

ကလေးများက ဆက်ပြီး သီချင်းဆိုလေ၏။

အကြောင်းပြချက် မည်မည်ရရ မရှိပါဘဲ ယန်ကျစ်ချန်မှာ တုန်လှုပ်ချောက်ချားလာသလို ခံစားလိုက်ရသည်။ ကလေးများ၏ အသံများသည် ရှင်းရှင်းလင်းလင်း ပီသသော်လည်း စက်ပိုင်းဆိုင်ရာ အနတ္တအရိပ်အမြွက်ကိုလည်း သယ်ဆောင်လာကြသည်။ ၎င်းတို့က ထိန်းချုပ်ခံထားရသော စက်ရုပ်များကဲ့သို့ ထူးဆန်းသော အသံများကို ထုတ်လွှတ်နေကြ၏။

"အားဟွမ် အားဟွမ် မရယ်ပါနဲ့။ ငါတက်လာရင် မှည့်လိမ့်မယ်။"

အပြုံးများသည် သူတို့၏မျက်နှာများကို ထူးဆန်းစွာ ကျက်သရေရှိလာစေသည်။

"ငါတက်လာရင် မှည့်လိမ့်မယ်!"

ထိုသီချင်းသံများ ရုတ်တရက် ထွက်ပေါ်လာသောအခိုက် ယန်ကျစ်ချန်၏ စိတ်အစဥ်တို့ ခဏတာမျှ လွတ်ထွက်သွားခဲ့သည်။ စပျစ်နွယ်များ၏ အစိမ်းနုရောင် အကိုင်းအခက်များကို ကြည့်ရင်း ထင်ယောင်ထင်မှား ပုံရိပ်တချို့အား တွေ့လိုက်ရလေ၏။

ယခုအချိန်တွင် ထိုမမှည့်သေးသော စပျစ်သီးများသည် ကြောက်စရာကောင်းသော အပြုံးမျက်နှာများဖြင့် ဖုံးလွှမ်းနေသယောင်ပင် ခံစားလာရစေသည်။

"အားမန် အားချန် တံခါးရှေ့မှာ စပျစ်ပင်တစ်ပင်ရှိတယ်။ အားနမ့် အားနမ့် သူ့ရဲ့ နုနယ်တဲ့ အစိမ်းရောင် အရွက်တွေက ဖူးပွင့်နေပြီ။ ခရုလေးက သူ့ရဲ့လေးလံတဲ့အခွံကို သယ်ဆောင်ပြီး တစ်ဆင့်ပြီးတစ်ဆင့် တက်သွားတယ်။"

"အားရှီလေးနှစ်ကောင်က သစ်ပင်ပေါ်ကနေ ရယ်မောနေတယ်။"

စာသင်ခန်းအတွင်းရှိ ကလေးများသည် ရုတ်တရက် ခေါင်းခါယမ်းကာ အပြုံးများလည်း ကျယ်ပြန့်လာသည်။ သူတို့သည် ဝမ်းသာအားရဖြင့် နှုတ်ခမ်းများကိုပင် အပေါ်သို့ ကွေးပြနေကြသေးသည်။

"စပျစ်သီးတွေ မမှည့်သေးဘူး။ အခု ဒီမှာ ဘာလုပ်နေတာလဲ။"

ကလေးဆန်သော ကြောက်စရာကောင်းလှသည့် အသံများက သူ၏ဦးနှောက်ထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ယန်ကျစ်ချန် နားထောင်လိုက်သည်နှင့် စပျစ်သီးများပေါ်ရှိ ကြောက်မက်ဖွယ် မျက်နှာများမှာ ပို၍ပင် ရှင်းလင်းလာလေ၏။

'ဒီသီချင်း... ဒီသီချင်းက နားထောင်လို့ မဖြစ်ဘူး!'

ထိုအချက်ကို သဘောပေါက်လိုက်သည်နှင့် ယန်ကျစ်ချန်တစ်ယောက် သူ့နားကြပ်များကို အိတ်ကပ်ထဲမှ အလျင်အမြန် ဆွဲထုတ်လိုက်တော့သည်။ တုန်တုန်ယင်ယင် လက်ဖြင့် ဂီတသံကို အသံတိုးတိုးမှ အကျယ်ကြီး ဖွင့်ချပစ်ခဲ့သည်။

ဖုန်းထဲက သီချင်းသံမှာ ဆူညံလှသော ကလေးများ၏ သီဆိုမှုကို ချက်ချင်း တိမ်မြုပ်သွားစေသည်။ ယန်ကျစ်ချန် သူ့နားကို ဖုံးကွယ်ထားလိုက်၏။ သို့သော်လည်း ရုတ်တရက် တစ်နေရာရာက အေးစက်စက်နှင့် စူးစူးဝါးဝါး အကြည့်တစ်ခု သူ၏ကိုယ်ပေါ် ရောက်လာသလို ခံစားလိုက်ရလေသည်။

သူ ချာခနဲ ခေါင်းလှည့်လိုက်သောအခါ ထိုကလေးများ၏ မျက်လုံးနှစ်ဆယ်ကျော်က သူ့ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေချေပြီ။ ၎င်းမှာ ယုတ္တိမတန်သော လုပ်ရပ်တစ်ခုပင်။ သူတို့၏အပေါ်ပိုင်း ခန္ဓာကိုယ်များသည် မလှုပ်ရှားသည်မှာ သေချာသော်လည်း ၎င်းတို့၏လည်ပင်းများမှာတော့ ဒီဂရီများစွာ လိမ်သွားကာ စပျစ်သီးကဲ့သို့ အနက်ရောင် သူအိမ်ငယ်တို့ဖြင့် ပြတင်းပေါက် အပြင်ဘက်ရှိ ယန်ကျစ်ချန်အပေါ်တွင် ကျောက်ချထားကြ၏။

"အားဟွမ် အားဟွမ် မရယ်ပါနဲ့။" သူတို့၏ နှုတ်ခမ်းများ လှုပ်သွားသည်။

ယန်ကျစ်ချန်သည် သူတို့၏အသံကို မကြားနိုင်တော့သော်လည်း သူတို့ ဆက်ပြီး ဆိုနေကြောင်းတော့ သဘောပေါက်၏။

“ငါ တက်လာရင် မှည့်လိမ့်မယ်။”

မိုးခြိမ်းသံများအလား စူးရှသော ဂီတသံများက သူ၏ဦးနှောက်ထဲသို့ ဆက်လက် ထိုးဖောက်ဝင်ရောက်လာသည်။

"ငါတက်လာရင် မှည့်လိမ့်မယ်။"

"ငါတက်လာရင် မှည့်လိမ့်မယ်!"

"မှည့်လိမ့်မယ်။"

စူးစူးဝါးဝါး အော်ဟစ်သံကဲ့သို့သော နောက်ဆုံးစကားလုံး သုံးလုံးသည် သူ့နားကြပ်ထဲရှိ အသံကို တကယ်ပင် တိမ်မြုပ်သွားစေခဲ့၏။ ယန်ကျစ်ချန်၏ခေါင်းတစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားကာ နက်မှောင်သော စပျစ်သီးပင်များက သူ၏ခေါင်းထဲသို့ ဖောက်ဝင်လာကုန်သည်။

'စပျစ်သီးတွေ မမှည့်သေးဘူး...'

'ရင့်မှည့်ဖို့ ဝေးသေးတယ်။'

'စပျစ်သီးမှည့်တွေ...'

'စပျစ်သီး…'

'သူအခု...စပျစ်နွယ်ပင်ပေါ်မှာ ရှိနေတာလား။'

သူ၏ဦးခေါင်းသည် စပျစ်သီး ဖြစ်လိမ့်မည်။ သူ၏လက်နှင့်ခြေများသည် စိမ်းပြာရောင်စပျစ်သီးပင် ဖြစ်ရမည်။ သူ၏ဦးခေါင်းသည် စပျစ်သီးပေါ်တွင် အိပ်ပျော်နေသင့်သည်။

'မဟုတ်ဘူး။ သူက စပျစ်သီးမဟုတ်ဘူး။'

'စပျစ်သီးတွေ မမှည့်ဘူး။'

'သူက စပျစ်သီးမှည့် ဖြစ်လာရမယ်။'

ကလေးများ၏ ကြည်လင်ပြတ်သားသော သီဆိုသံများကြားတွင် ယန်ကျစ်ချန်သည် ပိုင်နိုင်သွားသကဲ့သို့ ဖြည်းညင်းစွာ လက်ဆွဲဆန့်ကာ သူ၏လည်ပင်းကို ဆုပ်ကိုင်လိုက်လေသည်။

ထိုအချိန်တွင် သူ့နားကြပ်မှ သီချင်းသံသည် ရုတ်တရက် ကျယ်လောင်လာ၏။ ကြမ်းတမ်းသော တေးဂီတသည် သူ၏ မက်မောဖွယ်ရာ အတွေးများကို ရုတ်ခြည်း ကြေကွဲသွားစေပြီး သူ၏ အသိစိတ်အာရုံများဆီသို့ ပြန်လည် ရောက်ရှိလာစေခဲ့သည်။

'သူက စပျစ်သီးမဟုတ်ဘူး။'

သူသည် စပျစ်သီး မဟုတ်ချေ။ လူတစ်ယောက်မှာ ဘယ်လိုလုပ် စပျစ်သီး ဖြစ်နိုင်ပါမည်နည်း။

'ဒါက သရဲတစ္ဆေပဲ။'

ရှင်သန်ချင်သော ဗီဇက မီးတောက်ကဲ့သို့ ဝုန်းခနဲ ထတောက်လာစဥ် ယန်ကျစ်ချန် လှည့်ထွက်ပြေးသွားတော့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment