no

Font
Theme

Chapter (7)

စာသင်ခန်း (၇)

ယန်ကျစ်ချန်သည် အစောပိုင်းက အဖြစ်အပျက်၏ အတွေ့အကြုံကြောင့် ချက်ချင်းပင် တိတ်ဆိတ်သွားမိသည်။ သူ့အနားရှိ ဝမ်ရှင်းယွီလည်း တိတ်တိတ်ဆိတ်ဆိတ်ပင်။ သူ(မ)၏ မျက်လုံးများသည် အမှောင်ထဲတွင် အေးစက်သော အလင်းရောင်များပမာ တောက်ပနေ၏။

ယန်ကျစ်ချန် ထိုအခိုက်တွင် ဝမ်ရှင်းယွီ၏ပေါင်မှာ ဘယ်အချိန်က ပြန်ကောင်းသွားသည်မသိ အဆင်ပြေနေသည်အား သတိပြုမိလိုက်သည်။ သူ(မ)၏ ရှည်လျားသော ဆံပင်များမှာ ပခုံးပေါ်၌ အင်မတန် ရှုပ်ထွေးစွာ ဖြာကျနေပြီး သူ(မ)ခမျာ သရဲကြောင့် အလွန်အမင်း လန့်သွားခဲ့ရပုံပင်။

"မင်း ဝမ်ရှင်းယွီကို ခုနက ကယ်လိုက်တာ ငါမြင်တယ်။" ရွှီကျားရန်က တံခါးအပြင်ဘက်ကနေ ဆက်ပြောနေသည်။

"စိတ်မပူပါနဲ့။ မင်းငါ့ကို ယုံလို့ရတယ်။"

သူ၏အမူအရာက ရှင်းရှင်းလင်းလင်းရှိပြီး ယုတ္တိရှိကာ တံခါးအပြင်ဘက်တွင် သူ့ကို စမ်းသပ်အသုံးပြုခဲ့ဖူးသည့် အသံနှင့် မတူပေ။ ယန်ကျစ်ချန်လည်း ခဏလောက် တုံ့ဆိုင်းသွားပြီးမှ တံခါးကို တွန်းဖွင့်လိုက်လေ၏။ ရွှီကျားရန်တစ်ယောက် အပြင်မှာ တစ်ယောက်တည်း မတ်တပ်ရပ်နေခဲ့သည်။

"အရင်က ငါတို့ပုန်းခဲ့တဲ့ စာသင်ခန်းကို တွေ့ခဲ့တယ်။"

ယန်ကျစ်ချန်: "မင်းမြင်ပြီးပြီလား။"

"...အင်း" ရွှီကျားရန်က အခန်းထဲကို လှမ်းဝင်လာသည်။

ရွှီကျားရန်: "ကျူးယန် သေသွားတာ ဖြစ်နိုင်တယ်။"

ထိုသတင်းကြောင့် လေထုက လေးလံလာပြန်သည်။

ယန်ကျစ်ချန် အသံတိုးတိုးလေးဖြင့် :"ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ပျောက်သွားပြီ။ ဘယ်ရောက်သွားမှန်း မသိဘူး။"

"ဟုတ်တယ် ငါကြောက်...." ရွှီကျားရန် သက်ပြင်းချလိုက်ပြီး :"ထားလိုက်တော့ ဒီမှာ ငါတို့နားမလည်နိုင်တဲ့ အရာတွေရှိတယ်။"

"ငါ ထွက်မသွားခင်က စာသင်ခန်းထဲမှာ ဒိုင်ယာရီတစ်အုပ် တွေ့ခဲ့တယ်။"

ယန်ကျစ်ချန် ပြောရင်း သူ့အိတ်ကပ်ထဲမှ ဒိုင်ယာရီကို ထုတ်ပြီး ရွှီကျားရန်ကို ပေးလိုက်သည်။ ရွှီကျားရန်မှာ ခဏလောက် ထိတ်လန့်သွားပြီးမှ အားတင်းကာ ပြုံးပြလာသည်။

"စာသင်ခန်းထဲမှာ တစ်ခုခု ရှိလာမယ်လို့ မမျှော်လင့်ထားဘူး။ ငါတို့ သေချာရှာဖို့ လိုနေပြီထင်တယ်။"

"ဒါဆို ဒီကျောက်ကျောက်က အဲဒီသရဲကို သေစေခဲ့တဲ့တရားခံလား။"

ဒိုင်ယာရီကို လှန်ကြည့်လိုက်ပြီးနောက် မေးခွန်းတစ်ခု ပေါ်လာ၏။

ယန်ကျစ်ချန်: “လက်ရှိအခြေအနေကနေ သုံးသပ်ကြည့်ရင်တော့ ဒီလိုပဲ။ ဒါပေမဲ့ ဇာတ်ဆောင်နာမည်ကိုတော့ မသိသေးဘူး။”

သူ ရွှီကျားရန်ကို တစ်ချက် လှမ်းကြည့်သည်။

"မင်း စာသင်ခန်းကို ပြန်သွားကြည့်ချင်လို့ ငါ့ကို လာရှာတာလား။"

"ဟုတ်တယ်။ အခု ပိုလိုအပ်နေတာက သဲလွန်စပဲ။"

ရွှီကျားရန်က စိုးရိမ်စွာ ပြောလာသည်။ :“ဒါပေမဲ့ အဲဒီဟာက…”

သူက ခေတ္တရပ်လိုက်ပြီး :"ကျူးယန်က သူ့လက်ထဲမှာ သေသွားတာ ဖြစ်နိုင်တယ်။ သူဘယ်လိုသေတယ်ဆိုတာ ငါတို့ အခုထိ မသိရသေးဘူး။"

ယန်ကျစ်ချန်လည်း မျက်မှောင်ကြုတ်လိုက်ကာ: "ဒါနဲ့ ငါတို့နှစ်ယောက်ကိုရော ဘာလို့လွှတ်ပေးလိုက်တာလဲ။ အဲဒီတုန်းက သူ လုံးလုံး ထွက်မသွားသေးဘူး။ အပြင်မှာ ရှိနေတာ။ သူက အခွင့်အရေးကို စောင့်နေတာ။”

သူ ထိုကဲ့သို့ ပြောလိုက်ပြီးသည်နှင့် အအေးဓာတ်က ကျောရိုးတစ်ခုလုံးပေါ် ပြေးဆင်းသွားတော့သည်။

ရွှီကျားရန်မှာ ခါးသက်သော အပြုံးဖြင့်: “ဟုတ်တယ်။ အဲဒါက စာသင်ခန်းနဲ့ တော်တော်ဝေးသွားပြီလား မသိဘူး။ ငါတို့ အဲဒီကို ပြေးသွားတော့မှ သူနဲ့ တွေ့နေရင်.…”

နှစ်ယောက်သား ငြိမ်ကျသွားသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့သည် သာမန်ကောလိပ်ကျောင်းသားများသာ ဖြစ်သော်လည်း ထိုစာသင်ခန်းကြောင့် ဤထူးထူးဆန်းဆန်း အိမ်မက်ထဲသို့ တွန်းပို့ခံခဲ့ရသည်။

ယခုဆို သူတို့အားလုံး အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရချေပြီ။

အကယ်၍ သူတို့ မသွားပါက ဤထူးဆန်းသော အရာကြောင့် တစ်နေ့နေ့တွင် အသတ်ခံနိုင်သလို ဤနေရာတွင် ထာဝစဉ် ပုန်းအောင်းနေရန် တွန်းအားပေး ခံရပေလိမ့်မည်။

သူတို့သွားလျှင်လည်း သူတို့သည် ကျူးယန်ကဲ့သို့ သေဆုံးသွားသော်ငြား အလောင်းတစ်လောင်းပင်မရှိ၊ သွေးအိုင်တစ်ခုသာ ကျန်ခဲ့ပေမည်။

အကြောင်းပြချက်နှင့် စိတ်ခံစားချက်များက အတူတူပင်။ ယန်ကျစ်ချန်သည် စာအုပ်ကို ဆုပ်ကိုင်ထားရင်း နှလုံးခုန်သံများ တဒုန်းဒုန်း မြည်နေသည်။

သူ စုန့်ကွမ်းနန်ကို ဆက်သွယ်ထားပြီးသား ဖြစ်သည်။ စုန့်ကွမ်းနန်ဘက်က သူ့ကို စကားပြောချင်နေသေးလျှင် ဤအန္တရာယ်ကို နဖူးမှချွေး မြေကျသည်အထိ အံကြိတ်လုပ်နေစရာ မလိုချေ။

သို့သော် စုန့်ကွမ်းနန်၏ ခြင်းတောင်းထဲမှာသာ သူ၏ ကံကြမ္မာများ အားလုံးကို ထည့်ထားလိုက်လျှင်....

ယန်ကျစ်ချန် သူ့သွားများကို အံကြိတ်ထားလိုက်သည်။

“သွားကြည့်ရအောင်။ အထဲဝင်ဖို့ အလျင်စလို မလုပ်နဲ့။ ပတ်ဝန်းကျင်ကိုပဲ စုံစမ်းကြည့်ကြမယ်။”

“ကောင်းပြီ။” ရွှီကျားရန်သည်လည်း ဤညှိနှိုင်းမှုကို လက်ခံခဲ့သည်။ “ဒါဆို သွားဖို့ ပြင်ကြစို့။”

ဤကိစ္စကို စကားလုံးအနည်းငယ်ဖြင့် ဖြေရှင်း၍မရချေ။ သို့သော် ယခုအချိန်အထိ နှုတ်ဆိတ်နေခဲ့သော ဝမ်ရှင်းယွီက ရုတ်တရက် ပြောလာသည်။

"ငါမသွားဘူး။"

ရွှီကျားရန် အံ့သြစွာ လှည့်ကြည့်လိုက်သည်။

ဝမ်ရှင်းယွီ: "ငါ မသွားဘူး။ နင်တို့နှစ်ယောက် သွားကြ။"

သူ(မ)၏မျက်နှာကို အမှောင်ထဲတွင် ဖုံးကွယ်ထားကာ မျက်လုံးများကသာ သူတို့နှစ်ဦးကို စိုက်ကြည့်နေ၏။

"အန္တရာယ်များလွန်းတယ်။ မသွားချင်ဘူး။"

"ကောင်းပြီ။ မင်းသွားစရာ မလိုဘူး။" သူ(မ)၏ ဆုံးဖြတ်ချက်သည် ခိုင်မာလွန်းလှသဖြင့် ရွှီကျားရန်က တစ်ဖက်ရှိ ယန်ကျစ်ချန်ကိုသာ လှည့်ကြည့်လိုက်သည်။

"ဒါဆို ငါတို့ပဲ သွားကြမလား။"

"အင်း" ယန်ကျစ်ချန် ခေါင်းညိတ်လိုက်သည်။

သိုလှောင်ခန်းတံခါးကို တွန်းဖွင့်လိုက်ပြီးနောက် ယန်ကျစ်ချန် သတိကပ်ထားရင်း အပြင်သို့ ချောင်းကြည့်လိုက်သည်။ သိုလှောင်ခန်းတံခါး အနီးတွင် များပြားလှသော သွေးစွန်းခြေရာများမှလွဲ၍ မှောင်မိုက်သော စင်္ကြံကြီးမှာ လူသူကင်းမဲ့နေခဲ့၏။

ယန်ကျစ်ချန် သူ့နောက်ရှိ ရွှီကျားရန်ကို လှမ်းခေါ်လိုက်ပြီး နှစ်ယောက်သား သိုလှောင်ခန်းမှ ထွက်ကာ အပေါ်ထပ်သို့ ခြေဖျားထောက်၍ တက်လိုက်ကြသည်။

ရွှီကျားရန်: "ငါ ကျန့်ယွိဟန်နဲ့ ရွှီကျင့်ကို မတွေ့ခဲ့ဘူး။ ငါဝင်လာတုန်းက ဝမ်ရှင်းယွီ အရူးအမူးပြေးလာတာကို တွေ့လိုက်တယ်။ ပြီးတော့ မင်းက တံခါးကို ဖွင့်လိုက်တာပဲ။"

"သွေးစွန်းနေတဲ့ဟာကြီး ဘယ်မှာလဲ။" ယန်ကျစ်ချန် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး --:"ဝမ်ရှင်းယွီရဲ့အော်သံကို ငါ ကြားလိုက်တယ်။ တစ်ခုခုတော့ မြင်လိုက်မှာပဲ။ ဒါပေမဲ့ သွေးစွန်းနေတဲ့ ဟာကြီးရော?"

“ငါ…ငါ မတွေ့လိုက်ဘူး။” ရွှီကျားရန် မျက်မှောင်ကြုတ်လိုက်သည်။

"ဟုတ်တယ်။ မင်းပြောမှပဲ ထူးဆန်းနေတာကို တွေးမိတယ်။ သူ(မ) တော်တော် လန့်သွားတာကို... သူ(မ)ဘာမြင်လိုက်တာလဲ။ ဧကန္တ သူ(မ)က သူ့ကိုယ်သူ ပြန်ကြောက်နေတာလား။"

“မသေချာသေးဘူး။” ယန်ကျစ်ချန် ခေါင်းခါလိုက်ပြီး --:“ဒါပေမဲ့ အခု…”

သူ စကားပြောနေစဉ် ရုတ်တရက် အရှေ့က ကြမ်းပြင်ပေါ်၌ အရိပ်တစ်ခု ပေါ်လာသည်။ အနည်းငယ် လှမ်းနေသဖြင့် ယန်ကျစ်ချန်အနေနှင့် မှုန်ဝါးသော အသွင်သဏ္ဌာန်က ယောကျ်ားလေးခန္ဓာကိုယ် ဖြစ်ပုံရသည်ကိုသာ မြင်နိုင်သည်။

ဘယ်သူလဲ?

ကျန့်ယွိဟန်လား?

ယန်ကျစ်ချန် သွားနေရာမှ ရုတ်ခြည်း ရပ်သွားခဲ့သည်။

ရွှီကျားရန်လည်း ရပ်လိုက်သည်။ သူတို့နှစ်ဦးသည် စင်္ကြံလမ်းရှိ မှတ်တိုင်တစ်ခု၏ အနောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားကြ၏။

'ရှပ်....ရှပ်...'

ခြေလှမ်းသေးသေးသာ လှမ်းနေပုံရသော ခြေသံများက အဝေးမှ ချဉ်းကပ်လာသည်။ ယန်ကျစ်ချန်၏ နှလုံးမှာလည်း တဒုန်းဒုန်း ခုန်ပေါက်လျက်။

ထိုအရာလားဟု မေးရအောင်လည်း မတူသလိုပင်။

တစ်ဖက်ရှိ ရွှီကျားရန်၏ အသက်ရှူသံသည်လည်း မြန်လာခဲ့သည်။

'ရှပ် ရှပ် ရှပ် ရှပ် '

ခြေလှမ်းများက ပိုမြန်လာသည်။ ယန်ကျစ်ချန် တစ်ဖက်သို့ အသာလှည့်ရင်း စာသင်ခန်းတံခါးကို ညင်သာစွာ တွန်းကြည့်လိုက်သောအခါ တံခါးမှာ သော့ခတ်ထားသည်အား တွေ့လိုက်ရ၏။

'ကျန်တာတွေ အဆင်မပြေရင် မနေ့ကလိုပဲ အတင်းဝင်ရမယ်။'

တစ်ယောက်တည်း တွေးကာ ခေါင်းကို အနည်းငယ် လှည့်လိုက်သည်။

ယခုအခါ ထိုအရိပ်က ပိုရှင်းသွားလေပြီ။ ထိုအရိပ်သည် သူထင်ထားသည့်အတိုင်း အင်းဆက်ပိုးမွှားများ၏ လက်တံ တုတ်ချောင်းများ မဟုတ်နေချေ။ ယန်ကျစ်ချန် အရိပ်ကို အမြန်ပင် မော့ကြည့်လိုက်သည်။

"အဲဒါ မဟုတ်ဘူး။"

"ဒါ...ဒါ..."

သူ့နှလုံးသားက အသက်ရှူကျပ်သလို တင်းကျပ်လာသည်။ သူ့ရှေ့ရှိ မြင်ကွင်းသည် ဖော်မပြနိုင်သော အဓိပ္ပာယ်မဲ့ ကြောက်လန့်မှုများနှင့် ပြည့်နှက်သွားစေ၏။

ဤသည်က ကျူးယန်ပင်။

ထိုရင်းနှီးသော မျက်နှာသည် အိပ်မက်ထဲကကဲ့သို့ ဖြူဖျော့နေသေးသည်။

ကျူးယန်၏ ခြေလှမ်းများမှာ လျင်မြန်သော်လည်း အလွန်လည်း ထူးဆန်းလှသည်။ သူ၏ ခြေထောက်များသည် ခန္ဓာကိုယ်နှင့် လုံးဝ မရင်းနှီးသလို တွန့်လိမ်ကာ လျှောက်လှမ်းပုံက ထူးဆန်းနေသည်။ အံ့သြထိတ်လန့်နေမိသည့် ထိုအခိုက်အတန့်တွင် နှစ်ယောက်သား ကျူးယန်၏အကြည့်ထဲ ဖမ်းမိသွားလေ၏။

ရွှီကျားရန်၏ သူငယ်အိမ်တို့ ကျဉ်းမြောင်းသွားသည်။

သူက တုန်ယင်စွာဖြင့်: "ကျူးယန်... ကျူးယန်? ဒါက ကျူးယန်ရော ဟုတ်သေးရဲ့လား။"

ကျူးယန်၏ ကွဲလွဲနေသော ခြေလှမ်းများသည် နှေးကွေးသွားပြီး အတန်ငယ် ပုံမှန် ပြန်ဖြစ်သွားပုံပေါ်သည်။

သူ၏ပါးစပ်ထောင့်မှာ အပေါ်ကို တွန့်တက်သွားသည့်အခိုက် အမှောင်ထဲရှိ စင်္ကြံတွင် တင်းမာသော အပြုံးတစ်ခု ပေါ်ထွက်လာ၏။ ကျူးယန် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရေးမကြီးတော့ချေ။

ထိုအခိုက်အတန့်၌ ယန်ကျစ်ချန်သည် ရွှီကျားရန်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး အသံတိုးတိုးဖြင့် အော်လိုက်လေ၏။

"ပြေး!"

...

ကျန့်ယွိဟန် စင်္ကြံပေါ်၌ အလန့်တကြား ပြေးနေခဲ့သည်။ သူ၏ သူငယ်အိမ်များသည် ကျဉ်းမြောင်းနေပြီး မျက်နှာမှာလည်း ဖြူဖျော့နေကာ ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုက သူ့ကို လိုက်ဖမ်းနေသကဲ့သို့ အစွမ်းရှိသမျှ အားကုန်သုံး၍ ရှေ့သို့ပြေးနေ၏။

စင်္ကြံအဆုံးတွင် သန့်စင်ခန်းရှိသည်။ ယောက်ျားလေး သန့်စင်ခန်းလား မိန်းကလေး သန့်စင်ခန်းလား ဂရုမစိုက်နေတော့ဘဲ အထဲကို ပြေးဝင်ကာ တံခါးကို တိတ်တဆိတ် ပိတ်ချလိုက်သည်။

တံခါးပိတ်ပြီးနောက် ကျန့်ယွိဟန် အသက်ပြင်းပြင်းရှူလိုက်၏။ ယခု သူ၏ သူငယ်အိမ်တို့မှာ သွေးရောင်လွှမ်းနေသည့်အလား နီရဲနေချေပြီ။ တံခါးအပြင်ဘက်ရှိ မည်သည့်အသံကိုမဆို စူးစူးစိုက်စိုက် နားထောင်ရင်း သူ၏အာရုံကြောတို့ တောင့်တင်းလာသည်။

ခြေသံများမှာ ရှိသလိုလို မရှိသလိုလိုပင်။ သန့်စင်ခန်းထဲ၌ အလွန် တိတ်ဆိတ်နေသဖြင့် သူ၏အသက်ရှူသံသာ ထပ်ခါထပ်ခါ ပဲ့တင်ထပ်နေခဲ့သည်။ ကျန့်ယွိဟန်ခမျာ လုံးလုံး မောပန်းနွမ်းနယ်သွားလေရာ ညစ်ပတ်သော ကြမ်းပြင်ပေါ်ကိုပင် ဂရုမစိုက်နိုင်ဘဲ လဲကျသွား၏။

"ငါ...ငါမသေသေးဘူး။"

တစ်ယောက်တည်း ညည်းညူရင်း ဆံပင်များကို တင်းနေအောင် ဆုပ်ထားမိသည်။

"ငါ... တကယ်မသေဘူး။"

ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးရင်း အကြီးအကျယ် တုန်လှုပ်နေဆဲ။

စာသင်ခန်းမှ ထွက်သွားစဥ်အခါက ဝမ်ရှင်းယွီနှင့်အတူ လမ်းလျှောက်လာခဲ့ကြသည်။ နှစ်ယောက်ကြား၌ နားမလည်နိုင်အောင် မပြေလည်ကြသည့် အရာများရှိခဲ့၏။ ဝမ်ရှင်းယွီသည် ကလပ်ကို စတင်ဖွဲ့စည်းပြီးကတည်းက သူ့အား အကြိမ်ကြိမ် ပြောင်ပြောင်တင်းတင်း လှောင်ပြောင်ခဲ့သည်။

ရွှီကျားရန်ကြောင့်သာ မဟုတ်လျှင် သူ(မ)နှင့် ကလပ်တစ်ခုတည်းသို့ ဘယ်တော့မှ ဝင်မည်မဟုတ်ချေ။ သို့သော်လည်း ဤညကတော့ မတူပေ။

ကျူးယန်သည် အဝါရောင်စာရွက်ကို ဆုတ်ဖြဲပစ်ခဲ့သောကြောင့် ဤကံဆိုးမှုကို သူတို့အားလုံးအတူတူ ခံစားခဲ့ရသည်။ အိပ်မက်ထဲ ပြန်ဝင်လာသောအခိုက်တွင် ကျူးယန်အပေါ် ခံစားရသော စိတ်အနှောင့်အယှက်များကလည်း တိုးလာ၏။ သူသည် လမ်းလျှောက်လာရင်း။

“ကျူးယန်က တကယ့်ဒုက္ခပေးသူပဲ။ ငါပြောရမယ်ဆိုရင် သူ ငါတို့အတွက် အပြစ်ကို ကိုယ်စားခံပြီး သေသွားသင့်တယ်။ မဟုတ်ရင် ငါတို့အပေါ် သူ အပြစ်ကြီး လုပ်မိသွားပြီပဲ။”

"သူက စာရွက်ကို ဆုတ်ဖြဲတဲ့သူ! သူသေသွားတာတောင် ငါတို့က ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ ကံဆိုးချက်။ စိတ်ပျက်စရာ ကောင်းလိုက်တာ။"

"နင် မပြီးသေးဘူးလား။"

ထိုအခါ ဝမ်ရှင်းယွီက သူ့ကို အနှောင့်အယှက် ဝင်ပေးတော့သည်။

"ဒါတွေ ဘာလို့ ပြောနေသေးတာလဲ။ ဆူညံနေတာပဲ!"

သူ(မ)၏အမူအရာမှာ အလွန် စိတ်လှုပ်ရှားနေပုံပေါ်၏။ သို့ပေမဲ့ အမှောင်ထဲမှာမို့ ကျန့်ယွိဟန်တစ်ယောက် သတိမထားမိခဲ့။

"ဘာဖြစ်လဲ။ သူ့ကြောင့်သာ မဟုတ်ရင် ငါတို့တွေ ဒီလိုအခြေအနေမှာ ရှိနေမှာလား။" ကျန့်ယွိဟန်၏ အသံမှာတော့ ဒေါသသံ အနည်းငယ် စွက်လာသည်။

"တောင်းပန်ပါတယ် သူတော်စင်မရယ်။ မင်း သူ့ကို ကယ်နိုင်မယ် ထင်ရင် သူ့ကို သွားကယ်လိုက်! ငါ့လမ်းမှာ ဝင်မစွက်ဖက်နဲ့!"

ထို့နောက် လှေကားထစ်နားက စင်္ကြံအောက်ကို ဆက်လျှောက်လာခဲ့သည်။

"နင်က 'စွက်ဖက်တယ်' လို့ ဆိုလိုချင်တာလား။ အခု ဆူညံလွန်းနေတာ နင်လေ! နင် အဲ့ဟာကို ဆွဲဆောင်ဖို့ ကြိုးစားနေတာလား! နင် ရူးနေလား။"

ထိုအခိုက် ဝမ်ရှင်းယွီ၏အသံမှာ အစောကထက် ပိုကျယ်သွားခဲ့သည်။

"မင်းလည်း မဟုတ်လို့လား!"

ထိုသို့သော လုပ်ရပ်သည် မိမိကိုယ်ကို သတ်သေခြင်းနှင့် တူညီကြောင်း အပြည့်အ၀ သိထားသော်လည်း ကျန့်ယွိဟန်တစ်ယောက် သူ၏ စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်သေးပေ။ သူက ရုတ်တရက်ရပ်လိုက်ပြီး အံကြိတ်ကာ

"မင်း အသံထွက်လာပြန်..."

သူ့စကားက နောက်ကျသွားချေပြီ။ အကြောင်းမှာ ဝမ်ရှင်းယွီ၏ သူငယ်အိမ်များ ကျဉ်းမြောင်းလာသောကြောင့်ပင်။ သူတို့ သတိထားခဲ့ကြသော်လည်း ငြင်းခုံသံများက ကျယ်လောင်လွန်းသဖြင့် သူတို့၏ပတ်ဝန်းကျင်ရှိ ခြေသံများကို သတိမထားမိခဲ့ကြပေ။

ယခု သူတို့ကို ကြောက်လန့်စေသော သွေးများရွှဲနစ်နေသည့် ရုပ်သွင်သည် လှေကားထစ်၏ အလယ်တည့်တည့်တွင် ရပ်နေချေပြီ။

အမှောင်ထဲမှာပင် ၎င်း၏ခန္ဓာကိုယ်မှာ အနီရောင်သွေးများဖြင့် ဖုံးလွှမ်းနေကြောင်း သိသာ၏။ အနံ့အသက်ဆိုးတစ်ခုက သူတို့နှာခေါင်းများထဲ တိုးဝင်လာခိုက် ကျန့်ယွိဟန်၏မျက်နှာမှာ သေမင်းတမန်ပမာ ဖြူဖျော့သွားခဲ့သည်။

"အား!"

ကျန့်ယွိဟန် လျင်မြန်စွာ တုံ့ပြန်ကာ လှည့်ပြေးတော့သည်။ ဝမ်ရှင်းယွီလည်း ချက်ချင်းလမ်းလွှဲလိုက်ပြီး သူတို့နှစ်ဦးလုံး အသက်အန္တရာယ်အတွက် ခြေသုတ်တင် ပြေးကြလေ၏။ သို့သော်လည်း သွေးစွန်းနေသော ထိုအရာသည် မနေ့ကထက် ပိုမြန်နေသည်။ သူတို့ကိုယ်တိုင် ပြေးနေသော လေတိုက်သံများအပြင် ချဉ်းကပ်လာနေသည့် ကြောက်စရာကောင်းလှသော စေးကပ်ကပ် ခြေသံများကိုလည်း ကြားနေရသည်။

'မဟုတ်ဘူး!'

ကျန့်ယွိဟန်၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

'မဟုတ်ဘူး မသေချင်ဘူး။ မသေချင်ဘူး!'

သူသည် မျက်လုံးထောင့်မှနေ၍ သူနှင့်အတူပြေးနေသော ဝမ်းရှင်းယွီကို ကြည့်လိုက်မိသည်။ ဤအတိုင်းသာ ဆက်ပြေးနေလျှင် နှစ်ယောက်စလုံး သေကြလိမ့်မည်။

'ဟုတ်တယ်၊ သူတို့နှစ်ယောက်လုံး သေမှာ။'

ကျန့်ယွိဟန်၏ စိတ်ထဲတွင် ကြောက်စရာကောင်းသော အတွေးတစ်ခု ပေါ်လာသည်။ စေးကပ်ကပ် ခြေသံများ နီးကပ်လာသောအခါ သူ၏အတွေးသည် လေထဲတွင်ပင် မီးတောက်ကဲ့သို့ လောင်ကျွမ်းသွားသည်။

လက်ထဲက ခွန်အားဖြင့် ဝမ်ရှင်းယွီကို တွန်းထုတ်ပစ်လိုက်၏။ ဝမ်ရှင်းယွီမှာ လုံးဝ သတိမမူမိ။ သူ(မ)မှာ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ နောက်ပြန် လဲကျသွားပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

ခြေသံများလည်း ရပ်တန့်သွား၏။

ကျန့်ယွိဟန် အသက်ရှုကျပ်သွားပြီး အရှိန်မြှင့်ကာ စင်္ကြံအဆုံးရှိ အခြားလှေခါးထစ်ဆီသို့သာ ပြေးသွားခဲ့သည်။ ထိုအခိုက်တွင် သူ လှည့်မကြည့်ဘဲ မနေနိုင်စွာ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ထင်ထားသည့်အတိုင်း ဝမ်ရှင်းယွီတစ်ယောက် လုံးဝ မလွတ်မြောက်ခဲ့ပေ။

သူ(မ)သည် သွေးစွန်းနေသော အရာ၏လက်ထဲတွင် ဆုပ်ကိုင်ခံထားရပြီး သပ်သပ်ရပ်ရပ် ချည်နှောင်ထားသော ဆံကေသာတို့မှာလည်း လုံးလုံး ရှုပ်ထွေးနေ၏။ သူ(မ)၏ အဖြူရောင်နဖူးထိပ်တွင် သွေးနီတောက်နေသော အကွက်များဖြင့် စွန်းထင်းလျက်ရှိသည်။

သူ(မ)၏နဖူးမှ သွေးများသည် ကြမ်းပြင်ပေါ်တွင် စီးဆင်းနေသော စမ်းချောင်းတစ်ခုကဲ့သို့ ကျဆင်းလာ၏။ အနှီမြင်ကွင်းသည် အလွန်ကြောက်စရာကောင်းပြီး သွေးသံတရဲဲရဲဖြင့်။

ထို့နောက်တွင် ကျန့်ယွိဟန် လှည့်ပြီး ပြေးထွက်သွားတော့၏။ နောက်ဆုံး အခိုက်အတန့်တွင် သူ မြင်လိုက်ရသည့်အရာမှာ ဖြူညိုညို မှိန်ဖျော့ဖျော့ မျက်လုံးတစ်စုံသာ။

သူ အမြင်မှားလေသလား မသေချာသော်ငြား သူ(မ)နဖူးပေါ်က အရေပြားအကွက်များကိုတောင် မြင်လိုက်ရသလိုပင်။

သို့သော်လည်း သူ မကြည့်ရဲတော့ချေ။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment