Chapter (6)
စာသင်ခန်း (၆)
ယန်ကျစ်ချန် လှည့်ကြည့်လိုက်ပြန်သည်။
စားပွဲခုံများနှင့် ကုလားထိုင်များသည် စာသင်ခန်း တစ်ခန်းလုံးတွင် အလွန်သပ်ရပ်စွာ တန်းစီထားသည်။ အအေးဓာတ်က တစ်ခန်းလုံးအပေါ် လွှမ်းခြုံထားကာ ကြွေပြားများ၏ ရောင်ပြန်ဟပ်မှုတွင်ပင် အလောင်းတစ်လောင်းမျှ မတွေ့ရချေ။
ကျူးယန်၏ခန္ဓာကိုယ် ဘယ်မှာရှိနိုင်မည်နည်း။
ယန်ကျစ်ချန် စဉ်းစားနေသော်လည်း အဖြေမရှာနိုင်ခင်မှာပင် စေးကပ်နေသော ခြေသံများ၏ လျင်မြန်စွာ ချဉ်းကပ်လာနေသံကို ကြားလိုက်ရသည်။
လာနေပြီ။
စာသင်ခန်းထဲတွင် မနေချင်တော့သဖြင့် ယန်ကျစ်ချန် အမြန်ထွက်သွားခဲ့သည်။ ပြေးလွှားရင်း သိုလှောင်ခန်းကို တွေ့သည်နှင့် ဖုန်မှုန့်ညှော်နံ့များကို လျစ်လျူရှုပစ်ကာ တံခါးကိုဖွင့်ပြီး အထဲကို ချော်လဲလုမတတ် ပြေးဝင်လိုက်၏။ ပြီးသည်နှင့် အထဲမှ လော့ချထားလိုက်သည်။
တံခါးပိတ်လိုက်သည်နှင့် ယန်ကျစ်ချန်၏ အမြင်အာရုံသည်လည်း အမှောင်ထုထဲသို့ ထိုးကျသွားလေသည်။
သူ၏အိတ်ကပ်ထဲ၌ ဒိုင်ယာရီကို ထည့်ထားသေးသော်လည်း လက်ရှိအခြေအနေက သူ့ကို ဖတ်ခွင့်မပေးတော့ပေ။ သူသည် တံခါးနားကပ်ရင်း အလွန်အမင်း သတိထားကာ အပြင်မှ အသံများကို ငြိမ်သက်စွာ နားထောင်နေရုံသာ တတ်နိုင်သည်။
ရွှံ့စေးများ ထူထပ်နေသကဲ့သို့ ခြေသံများမှာ နီးကပ်လာနေချေပြီ။ အနှီခြေလှမ်းများသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကထက် များစွာ မြန်နေပုံရ၏။ ယန်ကျစ်ချန်သည် တံခါးနှင့် မျက်နှာကို ဖိလိုက်ကာ ပတ်ပတ်လည်မှ ခြေသံများကို ကြားလိုက်သည်နှင့် သိုလှောင်ခန်းဆီသို့ တိုက်ရိုက် လှည့်သွားခဲ့သည်။
စေးကပ်သော အသံသည် စင်္ကြံတစ်လျှောက်ကို လျှာဖြင့် လျက်နေသည့်အတိုင်းပင်။
လာနေပြီလား။
ယန်ကျစ်ချန်၏ နှလုံးသားသည် သူ၏လည်ချောင်းထဲသို့ ခုန်ဝင်လုမတတ် တဒုန်းဒုန်း ခုန်နေချေပြီ။ ဖြတ်သွားရုံသာ ဖြစ်ပါစေဟု မျှော်လင့်ပါ၏။ ကျေးဇူးပြုပြီး သူ ရှိနေသည်ကို မတွေ့လိုက်ပါနှင့်ဟု ထပ်ခါတလဲလဲ ဆုတောင်းနေမိသည်။
သို့သော် သူ့ဆန္ဒနှင့် ဆန့်ကျင်ဘက်ပင် အနှီခြေလှမ်းများက သိုလှောင်ခန်း တံခါးဝတွင် ရပ်သွားခဲ့သည်။ တံခါးပေါက်ကြားမှပင် ထိုပြင်းထန်သော သွေးနံ့ကို ရှင်းရှင်းလင်းလင်း ရနေရာ ယန်ကျစ်ချန် အသက်ရှူကျပ်သွားရ၏။
အချိန် ဘယ်လောက် ကုန်သွားသလဲမသိ။ ယန်ကျစ်ချန်၏ အာရုံကြောများ ကန့်သတ်ချက်သို့ ဆန့်တန်းသွားသည်နှင့် တံခါးအပြင်ဘက်မှ အသံတစ်သံ ရုတ်ခြည်း ထွက်ပေါ်လာလေသည်။
"…"
တစ်ခုခုပြောနေပုံပင်။
မဟုတ်မှ....?
လူလား?
ယန်ကျစ်ချန်ကိုယ်တိုင်လည်း မသေချာချေ။ အသံက မသဲကွဲကာ ပြတ်ပြတ်သားသား စကားမပြောနိုင်သည့် အတိုင်း။
စက္ကန့်အနည်းငယ် အကြာ၌ ရှုပ်ယှက်ခတ်နေသော အသံတို့ ရပ်တန့်သွားသည်။
“ရှိလား…”
ပုရွက်ဆိတ်များ တွားသွားနေသလိုမျိုး အသံဗလံကဲ့သို့ သို့မဟုတ် ပွက်ပွက်ဆူနေသော ဆူညံသံလိုပင်။ ယန်ကျစ်ချန်သည် မလှုပ်ဝံ့ဘဲ တံခါးအတွင်းမှနေ၍ ကြားနေရသော ထိုအသံကိုသာ နားစွင့်နေမိ၏။
“မင်း…”
အသံက ပိုကြည်လင်လာသည်။
ထိုကျယ်လောင်သော အသံသည် ကျောက်စရစ်ခဲများ ကြွေကျလာသံနှင့်ပင် တူပြီး ယန်ကျစ်ချန်၏ အာရုံကြောများလည်း တဖြည်းဖြည်း တင်းမာလာခဲ့သည်။
'ဒါ သရဲအသံလား။'
ယန်ကျစ်ချန်သည် သူ၏လက်ထဲရှိ ဒိုင်ယာရီစာအုပ်ကို တင်းနေအောင် ဆုပ်ကိုင်ထားမိသည်။ ထို့အပြင် အသက်ရှူကျပ်သွားမတတ် အံကြိတ်ကာ အသက်အောင့်ထားမိပြန်၏။
“…%*!@)…မင်း.…မရှိဘူး…လား…”
'ဘာလဲ။'
'ဘာပြောတာလဲ။'
ခဏလောက်ကြာသည့်အခါ ယန်ကျစ်ချန်အား အံ့ဩသွားစေသော စကားသံများ ထွက်ပေါ်လာခဲ့ပေသည်။
“ရွှီ…ရန်…ကျန့်…”
သည်တစ်ခါတော့ အသံက ပိုရှင်းသွားပြီ။
"မင်းတို့.... အဲဒီမှာ.... ရှိလား။"
မဟုတ်။ ယခုတော့ သူ မမှားတော့ပေ။ ထိုအရာ၏ သူ့ဘာသာသူ ထပ်ခါထပ်ခါ ပြောနေခြင်းအား နောက်ဆုံးတော့ ယန်ကျစ်ချန် သေချာ ကြားလိုက်ရသည်။ ၎င်းက 'သူရှိလား' ဟု မေးနေခြင်းပင်။ သူတင်မက သူတို့ငါးယောက်အနက် တစ်ယောက်ယောက် ရှိသလားလည်း သိချင်နေသည်။
'သူတို့နာမည်တွေကို ဘယ်လိုသိတာလဲ။'
ယန်ကျစ်ချန် တွေးကြည့်ရင်း စိတ်မသက်မသာ ဖြစ်လာသည်။ ၎င်းက သူတို့စကားဝိုင်းအား ခိုးနားထောင်ပြီး တစ်ယောက်စီ၏ အမည်များကို သိနေသလား မပြောတတ်။
အဲ့ဒီလိုလား။
ယန်ကျစ်ချန်တစ်ယောက် သူ၏ အတွေးများမှာ အဆုံးသတ်သို့ ရောက်သွားတော့မည်ဟု ခံစားမိသော်လည်း 'ဘာလို့လဲ' ဆိုသည်ကိုတော့ မရှင်းပြနိုင်ချေ။
"မင်းတို့...မင်းတို့... ရှိလား...?"
တံခါးအပြင်ဘက်က အရာ: "မင်းတို့...? ရှိလား။"
"အဲ့မှာ...မင်းတို့ရှိလား။"
သေမင်းတမန်အလား ထိုအသံသည် အပြင်ဘက်၌ အဆက်မပြတ် ပဲ့တင်ထပ်နေပြီး ယန်ကျစ်ချန်၏နှလုံးသည်လည်း ဒရမ်တစ်ခုလို ခုန်ပေါက်နေသည်။ သူ မဖြေဝံ့ပါ။
"အဲဒီမှာ ရှိလား မရှိဘူးလား။"
အချိန်အနည်းငယ် ကြာသွားပြီးနောက် သူကြားနေရသော အသံလည်း ရုတ်တရက် ရပ်တန့်သွားသည်။
နှစ်စက္ကန့်အကြာတွင် ၎င်း၏ ကျယ်လောင်သော ရေရွတ်သံက ထွက်ပေါ်လာပြန်၏။
"ငါ... မင်းကို.... မြင်ရတယ်။"
ယန်ကျစ်ချန် ထိတ်လန့်သွားသောကြောင့် သူ၏ခန္ဓာကိုယ်မှာ ကြောက်ရွံ့မှုနှင့်အတူ တောင့်တင်းသွားလေသည်။
သူ့ကို ဘယ်တုန်းက တွေ့သွားတာလဲ။ သူ့ကို ဘယ်လိုလုပ် မြင်နိုင်တာလဲ။
သို့သော် တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်အတွင်း၌ပင် သူ၏စိတ်အစဥ်တို့ တလျှပ်လျှပ် တုန်လှုပ်သွားခဲ့သည်။
မနေ့က သူ့ကိုတွေ့သော်လည်း ၎င်းက ဘာမှမလုပ်ခဲ့သလို သူတို့ထွက်သွားစဥ်ကလည်း နောက်မှ လိုက်မလာခဲ့ပေ။ ယခု သူ့ကို တကယ်တွေ့ခဲ့လျှင် မနေ့ကအတိုင်း တံခါးကို အဘယ်ကြောင့် မဖြိုဖျက်ရသနည်း။
ဖြစ်နိုင်ခြေများကို အလျင်အမြန် ချိန်ဆပြီးနောက် ထောင့်တစ်နေရာတွင်သာ ကျုံ့နေပြီး လုံးဝ တိတ်ဆိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။
ထိုအခိုက်တွင် တံခါးနားရှိ အသံများလည်း ရပ်တန့်သွားခဲ့သည်။ သူ၏ စိုးရွံ့နေသော စောင့်ဆိုင်းမှုသည် အဆုံးမသတ်နိုင်လောက်အောင် ရှည်လျားနေသကဲ့သို့ ခံစားနေရ၏။ ယန်ကျစ်ချန်၏ ဦးနှောက်ထဲရှိ ကြိုးတစ်ချောင်း လျှပ်တစ်ပြက် ဖြတ်သွားသည်နှင့်အမျှ စေးကပ်သော ခြေသံများ ထပ်မံထွက်ပေါ်လာတော့သည်။
'ဖက်! ဖက်!'
ထိုခြေလှမ်းများ အဝေးသို့ တဖြည်းဖြည်း ထွက်ခွာသွားမှသာ ယန်ကျစ်ချန်လည်း သက်ပြင်းချကာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက်သား လဲကျသွားခဲ့သည်။
သူ ထိုအလောင်းအစားကို အနိုင်ရသွားခဲ့ခြင်းပင်။
ယခုသိုလှောင်ခန်းကို ကြွေပြားမကပ်ထားသောကြောင့် ဘိလပ်မြေကြမ်းခင်းသည် မာကျောပြီး ထိုင်ရတာ အဆင်မပြေလှပေ။ လက်ရှိတွင် ယန်ကျစ်ချန်၏ နောက်ကျောဘက်မှာ အေးစက်သော ချွေးများဖြင့် စိုရွှဲနေချေပြီ။ အသက်ပြင်းပြင်းရှူရင်း သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားလိုက်သည်။
လက်ရှိအဖြစ်အပျက်က ထူးဆန်းလွန်းလှသည်။
သို့သော်ငြား သူ့၌ မည်သည့်သဲလွန်စမျှ မရှိချေ။ သူသည် အိပ်မက်အကြောင်း၊ အိပ်မက်ထဲရှိ တစ္ဆေသရဲ သို့မဟုတ် အထက်တန်း ဒုတိယနှစ် တန်းခွဲ ၄ တွင် ဖြစ်ပျက်ခဲ့သမျှကို မသိ။ သူ၏ ထင်မြင်ယူဆချက်မှာ ဒိုင်ယာရီထဲတွင်တော့ တစ်ခုခုရှိနေလောက်ပါ၏ ဟူ၍ပင်။
သို့သော် ယန်ကျစ်ချန် ချက်ချင်း မကြည့်ရဲသေး။ ဖုန်းထဲမှဖလပ်မီးကို မဖွင့်ခင် မိနစ်နှစ်ဆယ်လောက် ပုန်းနေလိုက်သည်။
တစ်အောင့်အကြာတွင်မှ အဖြူရောင်အလင်းသည် ထူထဲသော ဒိုင်ယာရီပေါ် လင်းထိန်သွားခဲ့သည်။ လက်ရာမြောက်သော အပြာရောင် စာအုပ်အဖုံးသည် အခြေအနေကောင်းပုံ မပေါ်တော့ချေ။ စာအုပ်အဖုံးပေါ်၌ ခြစ်ရာများစွာဖြင့် ဖုံးအုပ်ထားပြီး စာအုပ်ထောင့်များသည်လည်း ပြင်းထန်စွာ စုတ်ဖြဲခံထားရသည်။
ယန်ကျစ်ချန် ပထမစာမျက်နှာကို ဖွင့်လိုက်သောအခါ ဒိုင်ယာရီပိုင်ရှင်၏ အမည်ကို တွေ့လိုက်ရသည်။
'ကျောက်ကျောက်'
ဤနာမည်မှာ သူ့အတွက် ရှင်းရှင်းလင်းလင်း မှတ်ဉာဏ်မျိုး မရှိသဖြင့် နောက်ပိုင်းရှိ စာမျက်နှာများကိုသာ ဆက်လက် လှန်ကြည့်လိုက်သည်။ ကျောက်ကျောက်ဟူသော ထိုကျောင်းသား၏ ဒိုင်ယာရီ ရေးသွင်းချက်များက အလွန်တိုတောင်းပြီး ဖရိုဖရဲ ဖြစ်နေသော်လည်း စာမျက်နှာတစ်ခုစီတိုင်းတွင် တစ်ခုခုကိုတော့ သစ္စာရှိရှိ ရေးထားပြီး တစ်နေ့တာ အဖြစ်အပျက်များကိုပါ မှတ်တမ်းတင်ထားခဲ့၏။
ယန်ကျစ်ချန်လည်း ကျောက်ကျောက်သည် အထက်တန်း ဒုတိယနှစ်၏ တန်းခွဲ ၄ မှ ကျောင်းသားတစ်ဦး ဖြစ်ကြောင်း အကြမ်းဖျင်းနားလည်လာခဲ့သည်။ သူသည် သာမန်ကျောင်းသား မဟုတ်ပေ။ မိသားစုသည် အနေအထား ကောင်းမွန်ပြီး တခြားကျောင်းသားများ ကြုံတွေ့ရနိုင်ပုံမပေါ်သည့် ပြဿနာများကိုလည်း သူ့အနေနှင့် မကြာခဏ ကြုံခဲ့ဖူးသည်။
ဥပမာအားဖြင့် ယွမ်ထောင်သောင်းတန်သော ဘောပင် သို့မဟုတ် ဆဲလ်ဖုန်းအသစ် တစ်လုံးဝယ်နိုင်ခြင်း ၊ အတန်းထဲမှ အတန်းဖော်များ၏ မသင့်လျော်သော တိုးတက်မှုများ၊ သူနှင့် စကားပြောရန် အရှက်မဲ့စွာ ကြိုးပမ်းခဲ့သော အတန်းဖော်များ၏ စိတ်အနှောင့်အယှက် ဖြစ်စရာများ စသည်တို့ဖြစ်သည်။
အရှေ့၌ ရေးသားထားသော အကြောင်းအရာက သိပ်အရေးမကြီးပေ။ ယန်ကျစ်ချန် ထိုစာသားများကို ဖြတ်ကျော်ကြည့်နေစဥ် နောက်ဆုံးတွင် ထူးခြားမှုတစ်ခုကို ဖမ်းဆုပ်မိလိုက်သည်။
ဧပြီလ ၁ ရက်
'April Fool's Day မှာ အဲဒီကောင်က ပိုက်ဆံချေးချင်တယ်လို့ ပြောပြီး ငါတို့ဆီ ရောက်လာတယ်။ သူရူးနေတယ်ထင်ပြီး ငါလည်း ပြတ်ပြတ်သားသား ငြင်းလိုက်တယ်။ ဒါပေမဲ့ သူက နောက်ပြောင်ပြီး ငါတို့နဲ့ သူငယ်ချင်းဖြစ်ချင်တာပါလို့ ပြောလာတယ်'
ဧပြီလ ၂ ရက်
'ကန်တင်းမှာ မနက်စာစားနေတာ အကောင်းပဲ။ အဲဒီကောင်က ဝမ်ထုန်ရဲ့ဟင်းရည်တွေကို ဖိတ်အောင် လုပ်ပစ်လိုက်တာ ငါ့ကိုယ်ပေါ်ပါ စင်သွားတယ်။ ငါ သူ့ကို ကြိမ်းမောင်းပေမဲ့ သူ တမင်လုပ်တာ မဟုတ်ဘူးဆိုပြီး အခိုင်အမာ ပြောနေတယ်။'
ဧပြီလ ၃ ရက်
'သူက လူတိုင်းအတွက် မနက်စာ ယူလာပေးတယ်။
ဒီကောင် ဘယ်က ပိုက်ဆံရလဲတော့ မသိဘူး။ သူယူလာတဲ့ မနက်စာက လုံးဝကို သေချင်စိတ်ပေါက်တယ်။ ငါ့တစ်သက် ဒီလောက်ဆိုးဝါးတဲ့ မနက်စာမျိုး တစ်ခါမှ မစားဖူးဘူး။'
ဧပြီလ ၄ ရက်
'သူက ငါတို့ကို အိမ်စာတွေ ထပ်ဖို့ တွန်းအားပေးတယ်။ ပြီးတော့ အိမ်စာမှားထပ်မိလို့ အတန်းတက်ချိန်ရောက်တော့ ငါ့မှာ ဆရာမဆီက အဆူခံရတယ်။ သူက အရူးပဲ! သူရောက်လာတိုင်း ဒုက္ခပဲပေးတတ်တယ်။ ဘယ်သူက သူနဲ့ သူငယ်ချင်း ဖြစ်ချင်မှာလဲ။'
ဧပြီလ ၅ ရက်
'သူရူးနေတာလား။ သူက ငါတို့ရဲ့ စားပွဲတွေကို သန့်ရှင်းစေချင်လို့ ဆိုပြီး ငါ့မှတ်စုစာအုပ်ကို ရေစိမ်ပစ်တယ်။'
ဧပြီလ ၆ ရက်
'မနက်က ကျောင်းမလာဘူး။ သူ့အဖေ ဆုံးသွားတာတဲ့။ နေ့ခင်းဘက်ရောက်လာတော့ ငါတို့ကို လာနှုတ်ဆက်ပြန်တယ်။
ငါသူ့ကိုတကယ်မုန်းတယ်။ သူ့အဖေ ဆုံးသွားတာ ကောင်းပါတယ်၊ အခု ငါတို့ကို မနက်စာစားပါဆိုပြီး ဘယ်သူမှ မပေးတော့ဘူး။ ဘာပဲဖြစ်ဖြစ် မစားချင်ဘူးလေ။ စားလို့မှမကောင်းတာ။'
ဧပြီလ ၅ ရက်
'သူ စာမေးပွဲမှာ လှည့်စားတယ်လို့ ငါ ဆရာမကို တိုင်ပြောလိုက်တယ်။ ဆရာမက သူ့အဖြေလွှာစာရွက်ကို ဖျက်လိုက်တယ်။
ကျောင်းကနေ အိမ်အပြန်လမ်းမှာ နောက်ကြည့်မှန်ထဲကနေ သူ ကားနောက်က ပြေးလာနေတာကို တွေ့လိုက်တယ်။ သူက ငါ့နာမည်ကို ခေါ်နေတာ။ ဘာလို့ဒီလိုလုပ်ရတာလဲဆိုတော့ ငါနဲ့သူငယ်ချင်း ဖြစ်ချင်ရုံပါတဲ့... ပျင်းတယ်။ အရမ်းစိတ်ညစ်စရာ ကောင်းတယ်။'
……
ဧပြီလ ၂၇ ရက်
သူ့အဖေသေတာက ငါတို့နဲ့ဘာဆိုင်လဲ။ သူ့အဖေ သေခါနီးမှာ သူငယ်ချင်းရှာခိုင်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ သူက ငါ့ကို ဘာလို့ ရှာတာလဲ။ ငါက ချမ်းသာလို့လား။ ကျန့်ရှီးကျွင့်နဲ့ တခြားသူတွေကလည်း အဲ့ကောင်ကို သင်ခန်းစာပေးမယ်လို့ ပြောခဲ့တယ်။ တစ်တန်းလုံးက သူ့ကိုမုန်းတယ်။ ငါတို့ရှေ့မှာ သူ့မျက်နှာကို ဘယ်တော့မှ ထပ်မပြရဲတော့တာ သေချာအောင် လုပ်ရမယ်။'
စာကိုဖတ်ရင်း ယန်ကျစ်ချန်ခမျာ ဒိုင်ယာရီထဲက 'ကောင်လေး' ဟာ အမှန်ပင် ထူးဆန်းနေသည်ဟု ပိုပိုပြီး ခံစားလာရတော့သည်။
ကျောက်ကျောက်သည် တဖြည်းဖြည်း ဒေါသထွက်ကာ ကြောက်ရွံ့ထိတ်လန့်လာသည်။ တစ်ဖက်လူ၏ လွှမ်းမိုးမှုအောက်တွင်ပင် သူကိုယ်တိုင်လည်း ထူးဆန်းနေပုံရ၏။
'သူ့မျက်နှာကို ဘယ်တော့မှ ထပ်မပြရဲတော့အောင်' ဟူသော စကားလုံးမှာ ယန်ကျစ်ချန်ကိုပင် အလိုလို စိတ်မသက်မသာ ဖြစ်လာစေလေသည်။
'ပြီးတော့ရော? ဘာဖြစ်သွားတာလဲ။'
ယန်ကျစ်ချန် နောက်စာမျက်နှာကို ထပ်လှန်လိုက်သည်။ ဒိုင်ယာရီထဲရှိ ယခင်တိုတိုတုတ်တုတ် စကားလုံးများနှင့် နှိုင်းယှဉ်ပါက ဤစာမျက်နှာတွင် ပိုမိုရှုပ်ထွေးသော လက်ရေးလက်သားများ ပါရှိနေ၏။
ဧပြီလ ၂၈ ရက်
'ဒီကမ္ဘာမှာ မင်းရှိနေဖို့ မထိုက်တန်ဘူး။ မင်းမျက်နှာကို ငါတို့ပတ်ဝန်းကျင်မှာ လာမပြနဲ့။'
ငါမထိုက်တန်ဘူး။
ငါမထိုက်တန်ဘူး။
ငါမထိုက်တန်ဘူး။
ငါဘယ်တော့မှ မလာတော့ဘူး။
တောင်းပန်ပါတယ်။
ငါ မှားသွားပါတယ်။
ငါထပ်မလာရဲတော့ပါဘူး။
ဖော်ပြပါ စာကြောင်းများကို သတ်ပုံဖြတ်ခြင်းမရှိဘဲ အနီရောင်ဘောလုံးကို ဘောပင်ဖြင့် လိပ်ရေးသားထားသလို ဖြစ်နေသောကြောင့် ကျောက်ကျောက်၏ ယခင်လက်ရေးနှင့် မတူဘဲ ရှုပ်ထွေးနေသည်။ စာရေးသူ၏ အကြောက်တရားများနှင့် ပြည့်နှက်နေသော ခံစားချက်ကြောင့် မျဉ်းကြောင်းအချို့က ထပ်နေပုံရ၏။ ယန်ကျစ်ချန်၏ လက်ချောင်းတို့လည်း တုန်လှုပ်သွားပြီး ခဏလောက် တုံ့ဆိုင်းသွားကာ နောက်စာမျက်နှာကို လှည့်ကြည့်လိုက်သည်။
မေလ ၁၈
'ငါဘာမှမသိဘူး။'
ဤသည်မှာ ဒိုင်ယာရီတစ်ခုလုံး၏ နောက်ဆုံးစာကြောင်းပင်။ ယန်ကျစ်ချန်သည် နောက်စာမျက်နှာ အနည်းငယ်ကို လှမ်းကြည့်သော်လည်း လုံးဝ ဗလာဖြစ်နေပြီး ဘာမှမရှိပေ။
'အလယ်က အဲဒီဗလာစာရွက်တွေက ဘာတွေလဲ။ ကျောက်ကျောက်က ဒိုင်ယာရီရေးတာကို ရပ်လိုက်ပြီလား။ ဒါမှမဟုတ် ကျောက်ကျောက် သူ့ဒိုင်ယာရီမှာ မရေးရဲတော့အောင် ဆိုးရွားတဲ့ အရာတစ်ခု ဖြစ်ခဲ့တာလား။'
ယန်ကျစ်ချန်၏ စိတ်ထဲတွင် သံသယများစွာ ပြည့်လာတော့သည်။ သူသည် ထိုလူ၏အမည်ကို မသိရသေးပေ။ ဖတ်ရသမျှဟာ ကြမ်းတမ်းသော ရက်စွဲတစ်ခုသာ ဖြစ်ပြီး ထိုအချိန်က ဒိုင်ယာရီတွင် ဖော်ပြထားသော ကျောက်ကျောက် သို့မဟုတ် ကျန့်ရှီးကျွင့်သည် ထိုလူကို တစ်ခုခုလုပ်ခဲ့ကြောင်း သိလိုက်ရ၏။
ဒိုင်ယာရီကို ဆက်လက် စစ်ဆေးချင်သော်လည်း တံခါးအပြင်ဘက် မနီးမဝေးမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။
"အား!!"
ထိုအသံသည် ဝမ်ရှင်းယွီထံမှ ထွက်လာပုံရသည်။ ယန်ကျစ်ချန် ဒိုင်ယာရီကို ချက်ချင်း ပိတ်လိုက်ပြီး ခဏမျှ တွန့်ဆုတ်သွားခဲ့သော်ငြား တံခါးကို သော့ပြန်ဖွင့်ကာ အက်ကွဲကြောင်းကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။
စင်္ကြံအဆုံးတွင် ဝမ်ရှင်းယွီက တဒုန်းဒုန်းဖြင့် ပြေးလာသည်။
သူ(မ)ပြေးနေသော ကိုယ်ဟန်အနေအထားမှာ မတည်မငြိမ် ဖြစ်နေ၏။ ခြေချင်းဝတ်က လိမ်ထားသလို ထော့နဲ့ထော့နဲ့ ဖြစ်နေသော်လည်း သူ(မ)အရှိန်က နှေးမသွား။ သူ(မ)အနောက်မှာ ဘာမှမရှိသလို သူ(မ)၏ကိုယ်ပိုင်အရိပ်ကသာ တွန့်လိမ်နေသည်။ ယခုဆို ကြွေပြားကြမ်းပြင်မှာ မီးခိုးရောင် အနက်ရောင်အဖြစ်သို့ မှုန်ဝါးသွားချေပြီ။
ယန်ကျစ်ချန် တံခါးကို ချက်ချင်း ဖွင့်ပြီး ဝမ်ရှင်းယွီအား လက်ဝှေ့ယမ်းပြလိုက်သည်။ ယန်ကျစ်ချန်ကို မြင်လိုက်သောအခါတွင် သူ(မ)၏မျက်လုံးများသည် လွန်စွာရွှင်လန်းမှုအား ပြသကာ အရှိန်မြှင့်ရင်း သိုလှောင်ခန်းထဲသို့ အပြေးအလွှား ရောက်လာ၏။
ယန်ကျစ်ချန် ချက်ချင်း တံခါးပိတ်ပြီး လော့ချလိုက်သည်။
"မင်း ဘာတွေ့လာလို့လဲ။"
"ဟင့်အင်း ဘာမှမဟုတ်ဘူး..."
ဝမ်ရှင်းယွီ ခေါင်းယမ်းလိုက်သည်။ သူ(မ)၏ အသံမှာ အနည်းငယ် အက်ရှနေ၏။
"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ ငါ ခုနက အဲ့ဟာကို မြင်လိုက်တယ်ထင်တယ်။ ငါ အရမ်းကြောက်နေတာ။ ဒီမှာ တစ်ယောက်ယောက် တကယ်ရှိမယ်လို့တောင် မထင်ထားဘူး။"
"အဆင်ပြေပါတယ်။"
ယန်ကျစ်ချန် မီးကိုပိတ်လိုက်ပြီး 'ရှူး' ဟူသည့် အမူအရာ လုပ်ပြလိုက်သည်။
အဝေးကလာနေသော စေးကပ်ကပ် ခြေသံတချို့ ရှိနေပုံရသော်ငြားလည်း အနှီခြေသံများက သူတို့အနားကို မရောက်လာခဲ့။ ထိုအစား သူတို့နှင့် ဝေးသည်ထက် ဝေးသွားခဲ့သည်။
အကျပ်အတည်း ပြီးသွားပြီ။
ယန်ကျစ်ချန် သက်ပြင်းတစ်ချက် ချလိုက်သည်။
"သူ သွားပြီ။ မင်း ဒီမှာနေမှာလား။"
"...အင်း... အင်းအင်း။"
အမှောင်ထဲတွင် ဝမ်ရှင်းယွီတစ်ယောက် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ ယန်ကျစ်ချန်လည်း ဖတ်ခဲ့သော ဒိုင်ယာရီကို သူ့အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်၏။ ဖုန်ထူသော သိုလှောင်ခန်းတွင် ညှော်နံ့ရသော်လည်း အကြောင်းတစ်ခုခုကြောင့် ငြိမ့်ညောင်းသော ရနံ့ကိုလည်း စွဲစွဲမြဲမြဲ ခံစားနေရသည်။
ထိုရနံ့ကို မမှတ်မိတော့သောကြောင့် သူ့စိတ်ထဲမှသာ အမြန်ထုတ်ပစ်လိုက်သည်။
"ငါ သွားတော့မယ်။"
သူ့အသက်ကို အန္တရာယ်ဖြစ်စေလျှင်ပင် သင်ကြားရေး အဆောက်အအုံထဲရှိ အခြားသဲလွန်စများကို ရှာဖွေရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။ သူသည် အေးအေးဆေးဆေး ထိုင်ပြီး သေရမည့်အချိန်အား စောင့်မနေချင်ပေ။
"...သွားတော့မှာလား။" ဝမ်ရှင်းယွီက အံ့အားသင့်သွားပုံရသည်။
"ခဏစောင့်...."
သို့ပေမယ့် သူ(မ) စကားမဆုံးခင်မှာပင် ရွှီကျားရန်၏အသံက တံခါးအပြင်ဘက်မှ ထွက်လာသည်။ ထို့ကြောင့် တံခါးအတွင်းမှ စကားဝိုင်းသည်လည်း ရုတ်တရက် ရပ်သွားရ၏။
"ယန်ကျစ်ချန်! ငါမင်းကိုတွေ့တယ်။"
အပြင်မှ ရွှီကျားရန် :"ငါတို့ သဲလွန်စ အတူတူသွားရှာကြမလား။"
***
Aurora Novel Translation Team